← Chapters

နတ်ဘုရားပိတ်လှောင်စည်း ရောက်ရှိလာခြင်း (က)

Vol. 33 Ch. 450

နတ်ဘုရားပိတ်လှောင်စည်း ရောက်ရှိလာခြင်း (က)

Vol. 33 Ch. 450

“၃,၀၀၀,၀၀၀ ပဲ”

မဟာအကြီးအကဲသည် စုမင်အား အေးစက်စက် စိုက်ကြည့်လိုက်သည်။ အကြီးအကဲ၏ အမြင်တွင်တော့ စုမင်သည် အနည်းငယ် ဥာဏ်ကောင်းရုံမှအပ လိမ္မာပါးနပ်မှုမရှိသောလူမျိုး ဖြစ်သည်။ စုမင်သည် နှောင်းပိုင်းရှာမန်တစ်ယောက်နှင့် တိုက်ခိုက်နိုင်လျှင်တောင် မိမိ၏ စွမ်းအားကြီးမားမှုအောက်တွင် တစ်ချက်ပင် ခုခံနိုင်စွမ်းမရှိပဲ လေပြင်းထဲတွင် ဆုတ်ဖြဲခံလိုက်ရသော သစ်ရွက်လေးတစ်ရွက်သဖွယ် နင်းချေခံလိုက်ရပေလိမ့်မည်။

သူ့အမြင်တွင်တော့ ဤဈေးနှုန်းမှာ လုံလောက်နေခဲ့ချေပြီ။ ယခင်အချိန်တုန်းကပင် ရှာမန်နတ်ဘုရားကျောင်းတော်မှ ကမ်းလှမ်းခဲ့ဖူးသော အမြင့်ဆုံးဈေးနှုန်းမှာ ရှာမန်သလင်းကျောက် ၅,၀၀၀,၀၀၀ ဖြစ်သည်။ ထိုဈေးနှုန်းနှင့် နှိုင်းယှဥ်ပါက၊ ဤလူသာ သလင်းကျောက် ၃,၀၀၀,၀၀၀ ကို သဘောမတူလျှင် အကြီးအကဲဖြစ်သော သူ့အနေဖြင့်လည်း လိုက်လျောနေစရာ အကြောင်းမရှိတော့ပေ။

ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲဆိုသူအား စုမင်သေချာလှမ်းကြည့်လိုက်သည်။ သူသာ ကြိုတင်ပြင်ဆင်မှုများ အတိအကျ ပြုလုပ်မထားခဲ့လျှင် ယခုအချိန်၌ ကျောက်တုံးကို ရောင်းချလိုက်ရရုံမှအပ အခြားနည်းလမ်းရှိမည်မဟုတ်ပေ။

သို့သော် စုမင်သည် ဤနေရာတွင်ရပ်လျက် ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲအား ယခုလိုစကားများ ပြောရဲသည်ဆိုမှတော့ ဆက်ဖြစ်လာမည့် အကျိုးဆက်များကို သူသေချာပေါက် သိထားပြီးဖြစ်သောကြောင့်ပင်။

စုမင် စကားတစ်ခွန်းမျှ ထပ်မဆိုတော့ပဲ ညာလက်ကိုမြှောက်၍ ကျောက်စိမ်းဓားရှည်ဖြင့် ကျောက်တုံးအား ခုတ်ချလိုက်သည်။ ထို့နောက် အနက်ရောင်လူတူသတ္တဝါငယ်လေး၏ နံဖူးပေါ်မှ ပုံရိပ်အတိုင်း စုမင် ကျောက်တုံးကို အကြိမ်ကြိမ် ဆက်လက်တိုက်ခိုက်လိုက်သည်။

အချိန်တစ်ချို့ကြာပြီးနောက် လူပေါင်းများစွာ၏ မျက်စိအောက်မှာပင် သွေးကျောက်တုံးမှာ ဝုန်းခနဲ ပေါက်ကွဲသွားခဲ့သည်။ ကျောက်တုံးအစအနများ၊ ကျောက်ချပ်များ ပဲ့ကျသွားပြီးနောက် လူဦးခေါင်းအရွယ်အစားခန့်ရှိသော ကျောက်တုံးအကြည်လေးတစ်ခု စုမင်လက်ပေါ်တွင် ပေါ်လာခဲ့သည်။

ကျောက်တုံးမှာ ကြည်လင်နေပြီး အတွင်းတွင် အလင်းစက်များရှိနေဟန်ဖြင့် တလက်လက်တောက်ပနေ၏။ ကျောက်တုံးထဲတွင်တော့ ပိတ်လှောင်ခံထားရသော အနက်ရောင်ပန်းတစ်ပွင့် ရှိနေလေသည်။ ပွင့်ချပ်နှစ်ခုမှာ ကျောက်ဖြစ်နေပြီဖြစ်သော်လည်း အသက်ဓာတ်များ ပြည့်ဖြိုးစွာဖြင့် လန်းဆန်းရှင်သန်နေသေးသော ပွင့်ချပ်တစ်ခုရှိနေဆဲဖြစ်သည်။ အနက်ရောင်ပွင့်ချပ်ပေါ်ရှိ ကြောက်မက်ဖွယ်တစ္ဆေမျက်နှာမှာ ရက်စက်ကောက်ကျစ်စွာ ပြုံးယောင်သန်းနေသလိုပင်.

တစ္ဆေဝိညာဥ်ပန်းပွင့်၏ ထွက်ပေါ်လာမှုနှင့်အတူ ရုတ်ရုတ်သဲသဲ ပဋိပက္ခများလည်း လိုက်ပါဖြစ်ပေါ်လာသည်။ မနာလိုမှု၊ လိုချင်တပ်မက်မှုနှင့် ရူးသွပ်မှုအစရှိသော စိတ်ခံစားချက်မျိုးစုံ ရောပြွမ်းနေသည့် အကြည့်များမှာ ပန်းပွင့်အပေါ် စုရုံးရောက်ရှိလာကြ၏။ မြေပြင်ထက်ရှိ လူအုပ်ကြီးထံတွင် လူသားတို့၏ ခံစားချက်မျိုးစုံကို တွေ့မြင်နိုင်ပေသည်။

“အဲဒါ… အဲဒါ တစ်ကယ်ကို တစ္ဆေဝိညာဥ်ပန်းပွင့်ပဲ… ပြီးတော့ ပွင့်ချပ်တစ်ခုက အရမ်းလတ်ဆတ်နေသေးတယ်”

“အဲဒီပွင့်ချပ်က နှစ်ပေါင်းများစွာ ရှင်သန်ပြီး လုံးဝကြီးထွားအရွယ်ရောက်နေပြီ။ နည်းလမ်းသာမှန်နေသရွေ့ ဒီလူက သူ့ရဲ့ ပထမဆုံးတစ္ဆေကို ကျိန်းသေပေါက် ထုတ်ဖော်နိုင်လိမ့်မယ်”

“သေလိုက်ပါတော့ကွာ၊ ငါ အစတုန်းက အဲဒီကျောက်တုံးကို လေလံလိုက်ဆွဲခဲ့သေးတယ်။ ဒါပေမယ့်… ဒါပေမယ့် ငါဘာလို့များ အဆုံးထိ လေလံမဆွဲခဲ့မိတာလဲ”

လူပေါင်းများစွာ၏ ရုတ်ရုတ်သဲသဲ အသံများကြား၌ နန်ကုန်းဟန်တစ်ယောက် မျက်လုံးများပြူးကျယ်လျက် အသက်ရှူသံများပင် လျင်မြန်နေခဲ့၏။ စုမင်အား လှမ်းကြည့်နေသော သူ့အကြည့်များမှာတော့ စူးရှတောက်ပနေခဲ့လေသည်။

‘ညီလေးမော့ရဲ့ကံက တစ်ကယ့်ကို ရူးလောက်စရာပဲ။ သူက ကြုံရာသွေးကျောက်တုံးတစ်ခု ကောက်ဝယ်လိုက်ရုံနဲ့ တစ္ဆေဝိညာဥ်ပန်းပွင့်ကို ရသွားတယ်။ ပန်းတစ်ပွင့်လုံးရဲ့ ဆယ်ပုံပုံ ခြောက်ပုံကျော်လောက်က ကျောက်ဖြစ်နေပြီဆိုပေမယ့် အဲဒီပွင့်ချပ်တစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင်တော့… ဒါက ကျောက်ဖြစ်မှုကြောင့် ထိခိုက်ပျက်စီးမနေပဲ ပြီးပြည့်စုံတဲ့ ပန်းပွင့်တစ်ခု ဖြစ်နေသေးတုန်းပဲ’

‘ဒီပန်းပွင့်ရဲ့တန်ဖိုးက အနည်းဆုံး ရှာမန်သလင်းကျောက် ၇,၀၀၀,၀၀၀ လောက်တော့ ရှိလိမ့်မယ်’

စုမင်သည် သူ့လက်ဖဝါးပေါ်တွင် လွင့်မျောနေသော ကျောက်တုံးလေးကို ကြည့်လိုက်ပြီး လက်တစ်ချက်လှုပ်လိုက်သည်နှင့် ကျောက်တုံးမှာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲအား တစ်ချက်ပင် လှည့်မကြည့်ပဲ နောက်လှည့်ကာ အောက်ဘက်ရှိ လူအုပ်ထံ ပြန်ဆင်းသွားတော့သည်။

မကြာသေးခင်အချိန်က ခန်းမရှစ်ခုထဲမှ ထွက်လာခဲ့သူများသည်လည်း စုမင်အား လိုက်ကြည့်ရုံသာကြည့်နေပြီး မတားဆီးခဲ့ပေ။ အဆုံးတွင်မတော့ ရှာမန်နတ်ဘုရားကျောင်းတော်မှ ပေးသောဈေးသည် အလွန်နိမ့်နေပြီး စုမင်နေရာ၌ သူတို့သာဆိုလျှင်လည်း ထိုဈေးနှုန်းကို လက်ခံမိမည်မဟုတ်ပေ။

မဟာအကြီးအကဲသည် စုမင်၏နောက်ကျောအား အေးစက်စက်သာ စိုက်ကြည့်နေ၏။ သူ့မျက်နှာထားမှာ တင်းမာနေသော်လည်း စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။ သူ့စိတ်ထဲတွင်တွေးနေသည်မှာ တစ္ဆေဝိညာဥ်ပန်းပွင့်သည် ပစ္စည်းကောင်းတစ်ခုမှန်သော်လည်း လူအများရှေ့တွင် လုယက်ရလောက်အောင်အထိ ထိုက်တန်သော အရာတစ်ခုတော့မဟုတ်ပေ။ စုမင်သာ ယင်ကိုးပါးလောကထဲတွင် ရှိနေသရွေ့ ဘာမဆိုဖြစ်ပျက်သွားနိုင်ပေသည်။ သူ့အနေဖြင့် အလျင်လိုနေရန် မလိုအပ်ပေ။

စုမင်နံဘေးရှိ နှစ်ရောင်ခြယ်အလင်းကို ရရှိခဲ့သော သက်လတ်ပိုင်းလူသည် ပတ်ဝန်းကျင်ရှိ ထူးဆန်းသောလေထုအခြေအနေကြောင့် တစ်ခဏမျှ တွေဝေနေပြီးနောက် အံကိုသာ တင်းတင်းကြိတ်လျက် ကျောက်တုံးကို ဆက်ခွဲလိုက်တော့၏။ သူဆက်ခွဲလိုက်သည်နှင့် တောက်ပနေသော နှစ်ရောင်ခြယ်အလင်းကြောင့် လူတို့၏ အကြည့်များမှာ သူ့အပေါ် တစ်ဖြည်းဖြည်း ပြန်လည်ရောက်ရှိလာကြသည်။

စုမင်သည် မြေပြင်ထက်ရှိ သူ့ထိုင်ခုံရှိရာသို့ ပြန်လာခဲ့၏။ စိတ်လှုပ်ရှားနေသော လူငယ်သုံးဦးသည် သူ့အနားသို့ ချက်ချင်းရောက်ရှိလာကြပြီး ထိုနေရာတစ်ဝိုက်ရှိ ရှာမန်များသည်လည်း စုမင်အား လက်သီးဆုပ် နှုတ်ဆက်နေကြလေသည်။ သူတို့သည် မူလကမူ စုမင်အား ချဥ်းကပ်ချင်ခဲ့သော်လည်း နန်ကုန်းဟန်၏ ယခင်ရင်းနှီးဖော်ရွေသော စရိုက်နှင့် လုံးလုံးမတူတော့သော အေးစက်စက်အကြည့်များကြောင့် နောက်ပြန်ဆုတ်သွားကြခြင်း ဖြစ်သည်။

နန်ကုန်းဟန်၏ စုမင်အပေါ်သို့ ကောက်ကျစ်ခြင်းမပါသော မနာလိုအားကျဖြစ်နေသည့် သဘောထားမှာ ဖုံးဖိမရနိုင်အောင် ပေါ်လွင်နေသည်။ သူသည် စုမင်အား ကြည့်လိုက်ပြီး မိမိကိုယ်ကို ပြန်တွေးလိုက်မိကာ ခါးသက်သက် ရယ်မောလျက် လက်သီးဆုပ်နှုတ်ဆက်လိုက်မိ၏။

“ညီလေးမော့ရေ… ငါတော့ မင်းကို အထင်ကြီးသွားပြီဟေ့။ လုံးဝကို အထင်ကြီးမိသွားပြီ”

နန်ကုန်းဟန်၏ မျက်လုံးထဲတွင်တော့ စုမင်သည် အံ့ဩဖွယ်ရာများ ပြည့်နှက်နေသော လူတစ်ဦးဖြစ်သည်။ သူသည် ခြိမ်းခြောက်မှုအပြည့်ဖြင့် စိမ်းသက်သောနယ်မြေတစ်ခုတွင် အန္တရာယ်အားလုံးကို ရှောင်ရှားလျက် နန်ကုန်းဟန်အား ရှာမန်မြို့တော်ဆီရောက်အောင် ခေါ်လာပေးခဲ့၏။ သူသည် အလယ်အလတ်ရှာမန် စွမ်းအားလောက်နှင့် တိုင်မူအား တိုက်ခိုက်ခဲ့သည်။ ပိုအရေးကြီးသည်မှာ ထိုတိုက်ပွဲပြီးနောက် သူနှင့် တိုင်မူတို့၏ ဆက်ဆံရေးမှာ ဘယ်တုန်းကမှ တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ရန် မကြိုးစားခဲ့ဖူးသူများလို ဖြစ်သွားခြင်းဖြစ်သည်။ ထို့အပြင် တိုင်မူ၏စကားများအရ၊ သူသည် စုမင်အား တစ်နည်းတစ်ဖုံပင် အသိအမှတ်ပြုသွားခဲ့ဟန်တူ၏။

ယင်ကိုးပါးဝိညာဥ်တို့၏ နယ်မြေထဲတွင် ရှိနေစဥ်ကလည်း ထိုမျှ အရှက်မရှိသော ယင်ဝိညာဥ်တစ်ကောင်ကို စုမင်ငှားရမ်းလိမ့်မည်ဟု သူလုံးဝမထင်ထားမိသဖြင့် ထိတ်လန့်ခဲ့ရဖူး၏။ ထိုအချိန်က စုမင်အား သနားစရာကောင်းသူဟု သူတွေးခဲ့မိသော်လည်း အမှန်တစ်ကယ် သနားစရာကောင်းသူမှာ သူဖြစ်နေခဲ့လေသည်။

စုမင်အား လျှို့ဝှက်ဆန်းကြယ်သော မြူခိုးလွှာတစ်ခုက လွှမ်းခြုံထားသလိုပင်။ စုမင်အား ပိုပြီးထွင်းဖောက်မြင်ချင်လေလေ၊ ပိုမသိနိုင်လေလေဖြစ်သည်။

ယခုလို စုမင်သည် ကျောက်တုံးတစ်ခုအား ကောက်ဝယ်လိုက်ပြီး တစ္ဆေဝိညာဥ်ပန်းပွင့်ကို တူးထုတ်ကာ ထိုမျှပွက်လောရိုက်သွားစေသည်ကို မျက်မြင်တွေ့လိုက်ရချိန်တွင်တော့ နန်ကုန်းဟန်တစ်ယောက် ရုတ်တရက် နားလည်သွားရတော့သည်။

‘မော့စုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်မျိုး ရှိနေတာပဲ ဖြစ်ရမယ်။ အဲဒီစွမ်းအားက မမြင်ရသလို ပုံသဏ္ဍာန်လည်း မရှိတဲ့ပုံပဲ။ အဲဒီစွမ်းအားကို မြင်လည်းမမြင်နိုင်သလို၊ ထိတွေ့လို့လည်း မရနိုင်ပေမယ့် သူ့ရဲ့ တည်ရှိမှုကပဲ တစ်ခြားသူတွေ စုမင်ကို မှန်းဆလို့မရအောင် လုပ်ပေးထားဖြစ်လိမ့်မယ်… ငါသာ ဒီလိုစွမ်းအားမျိုးရှိတဲ့ လူတစ်ယောက်အနားမှာ နေမယ်ဆိုရင် ငါလည်း အဲဒီစွမ်းအားဆီကနေ တစ်စုံတစ်ရာ ရနိုင်လိမ့်မယ်’

နန်ကုန်းဟန်၏ မျက်လုံးများမှာ ပိုမိုတောက်ပလာသည်။ သူသည် စုမင်အားကြည့်ကာ ခပ်ဟဟရယ်မောလိုက်သော်လည်း ချက်ချင်းဆိုသလို အမူအယာကိုပြန်ပြောင်းကာ စုမင်အား အသံတိုးတိုးဖြင့် ကပ်ပြောလိုက်ချေသည်။

“ညီလေးမော့… ငါတို့တွေ ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ မဟာအကြီးအကဲကို သတိထားရလိမ့်မယ်။ အဲဒီလူရဲ့ စွမ်းအားက တော်တော်လေး ကောင်းတဲ့အပြင် သူက ရက်လည်းရက်စက်တယ်… ငါ့အဖေကလည်း ဆက်တိုက်တံခါးပိတ် ကျင့်ကြံနေခဲ့တော့ အရင်လောက် ကြောက်ဖို့မကောင်းတော့တဲ့အတွက် ငါ အဲဒီလူကို ခြိမ်းခြောက်ဖို့ သူ့နာမည်ကို သုံးလို့ရချင်မှရလိမ့်မယ်…” စုမင်သည် သူ၏ ကြံရာပါကဲ့သို့ မျက်နှာထားဖြင့် နန်ကုန်းဟန်တစ်ယောက် မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။

ထိုအချိန်တွင် သွေးကျောက်တုံးနံပါတ် (၇၀၁) မှ (၈၀၀) အထိ လေလံပွဲမှာ စတင်နေခဲ့ချေပြီ။ စုမင်တစ်ယောက် တစ္ဆေဝိညာဥ်ပန်းပွင့်ကို ရှာတွေ့ခဲ့ခြင်းကြောင့် ဖြစ်ဟန်တူ၏။ ယခုနောက်ပိုင်း သွေးကျောက်တုံးများ၏ လေလံပြွအခြေအနေမှာ အတော်လေးပြင်းထန်နေလေသည်။

“ပြီးတော့ ညီလေးမာ့ အာရုံစိုက်ဖို့လည်းလိုလိမ့်မယ်။ ငါတို့သာ တစ်ခြားကျောက်တုံးတစ်ခုခုကို မျက်စိကျပြီး‌ လေလံဆွဲမယ်ဆိုရင် ငါတို့အနားမှာရှိတဲ့ လူတွေကလည်း အရူးအမူး လေလံလိုက်ဆွဲကြမှာပဲ…” နန်ကုန်းဟန်၏ စုမင်နှင့်အတူ တွဲလုပ်ချင်သော သဘောထားမှာ ပိုမိုသိသာလာပြီး စကားထဲတွင် စုမင်နှင့် သူ့ကိုယ်သူအစား ‘ငါတို့’ဟုပင် သုံးနှုန်းသွားခဲ့၏။

“အာ… အစ်ကိုနန်ကုန်း စိတ်ပူစရာ မလိုတော့ပါဘူး။ ကျုပ်ကြိုက်နေတဲ့ သွေးကျောက်တုံးတစ်ချို့ ရှိသေးတယ်ဆိုပေမယ့် ရှာမန်သလင်းကျောက်တွေကတော့ ကုန်သွားပြီမို့လို့ လေလံဆွဲချင်ရင်တောင် ထပ်ဆွဲလို့မရတော့ဘူးလေ” စုမင်က ခေါင်းခါယမ်းလိုက်လေသည်။

“ငါ့မှာ ရှိတယ်။ ညီလေးမော့… စိတ်မပူပါနဲ့။ မင်းက လေလံဆွဲစရာရှိတာပဲ ဆွဲပါ။ ငါတို့ ဒီတစ်ကြိမ် သေချာပေါက်ကို အကျိုးအမြတ်များများ ရမှာသေချာတယ်။ အခုတစ်ခေါက် ရတနာလောင်းကစားပွဲအတွက် ငါ ရှာမန်သလင်းကျောက်တွေ အများကြီးပြင်ထားတယ်။ အချိန်ကျလာတာနဲ့ ငါတို့ညီအစ်ကိုတွေ… ဟဲဟဲ၊ အကျိုးအမြတ်ကိုတော့ နောက်မှခွဲကြတာပေါ့” နန်ကုန်းဟန်၏ မျက်နှာမှာပြုံးရွှင်တောက်ပနေပြီး မျက်လုံးထဲ၌ လောဘအရိပ်ယောင်များ ရှိနေလေသည်။

သူ သေချာသဘောပေါက် နားလည်သွားခဲ့ချေပြီ… သူ့အနေဖြင့် စုမင်နှင့် အနီးကပ်နေ၍ အတူတူ တိုက်ခိုက်ပေးရပေမည်။ သူသာ ထိုသို့လုပ်ခဲ့လျှင် မည်မျှပင် အခြေအနေဆိုးလာပါစေ၊ လှောင်ပြောင်ခံရရန်အတွက် ရှာမန်သလင်းကျောက် သန်းပေါင်းများစွာသုံး၍ ယင်ဝိညာဥ် ငှားရမ်းခဲ့မိစဥ်ကလို၊ သို့တည်းမဟုတ် သူ့လက်ထဲမှ ချက်ချင်းပျံထွက်သွားသော ရှာမန်သလင်းကျောက် ၅၀၀,၀၀၀ နှင့် အခြားကံဆိုးမှုများ ကြုံခဲ့ရစဥ် ယခင်အချိန်များလောက်တော့ သနားစရာကောင်းတော့မည် မဟုတ်ပေ။

“အဲဒီလို လုပ်လို့ရလား…” စုမင်သည် နန်ကုန်းဟန်အား လှည့်ကြည့်လာ၏။

“ညီလေးမော့… တွေဝေနေစရာ မလိုပါဘူး။ အဲဒါ အဆင်ပြေတယ်။ ငါတို့က အစတည်းက အတူတူဖြတ်ကျော်လာခဲ့ကြတာ၊ ဒီလို ရုပ်ဝတ္ထုပစ္စည်းလောက်က ငါတို့ သူငယ်ချင်းဆက်ဆံရေးနဲ့ ယှဥ်ရင် ဘာမှမဟုတ်ဘူး။ မင်း လိုတယ်ဆိုရင်၊ ယူသာယူလိုက်။ ငါ မျက်ခုံးတောင် တစ်ချက်တွန့်မှာ မဟုတ်ဘူး” နန်ကုန်းဟန်သည် သူ့ရင်ဘတ်သူပုတ်ကာ ပြောဆိုလိုက်သည်။

“ကောင်းပြီလေ” စုမင်၌ ငြင်းဆန်ရန် အကြောင်းမရှိပေ။ စကားဆုံးသည်နှင့် သူသည် ယခုအချိန်တွင် ကျင်းပနေသော သွေးကျောက်တုံးနံပါတ် (၈၃၆) အတွက် လေလံဈေးကို ချက်ချင်းအော်လိုက်တော့သည်။

“၅၀၀,၀၀၀”

နန်ကုန်းဟန်တစ်ယောက် ဆွံ့အသွားမိ၏။ သူသည် မူလကတော့ စုမင်ဘက်မှ အားနာနေသေးလျှင် သူ့ဘက်မှ အနည်းငယ်ပိုဆွဲဆောင်ပြီး နောက်ဆုံးတွင်မှ ကိုယ်စီကိုယ်စီ လိုအပ်ချက်များအတွက် လှည့်ပတ်ပြောရင်း သဘောတူညီမှုရနိုင်လိမ့်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။ သို့သော် စုမင်သည် အားနာယဥ်ကျေးမနေပဲ ချက်ချင်းပင် လေလံပွဲထဲသို့ ခုန်ဝင်သွားခဲ့၏။

ရိုးရိုးသားသားဆိုရလျှင် နန်ကုန်းဟန်စိတ်ထဲ၌ အနည်းငယ် စိတ်ပူနေဆဲဖြစ်သည်။ အဆုံးတွင်မတော့ သူ့ရှာမန်သလင်းကျောက်များသည် သူ့လက်ထဲသို့ ကောင်းကင်မှ ပြုတ်ကျလာခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့ကိုရရန် သူများစွာအားထုတ်ခဲ့ရ၏။ စုမင်သည် လေလံဈေး ၅၀၀,၀၀၀ အား လက်လွတ်စပယ် အော်လိုက်သောအခါ သူ့နှလုံးသားမှာ နာကျင်သွားရသော်လည်း မျက်နှာထက်တွင်မူ ဘာမှမဖြစ်ဟန် ဆောင်နေရ၏။ ထို့အပြင် သဘောထားကြီးကြောင်း ပြသည့်အနေဖြင့် စုမင်အား ပြုံး၍ပင် ခေါင်းညိတ်ပြလိုက်ရသေး၏။

“ညီလေးမော့၊ အဲဒီသွေးကျောက်တုံးရဲ့ အရည်အသွေးက ဘယ်လိုလဲ” နန်ကုန်းဟန်သည် ကောင်းကင်ရှိ သွေးကျောက်တုံးအား မော့ကြည့်လိုက်သော်လည်း မည်သည့်ထူးခြားမှုကိုမှ မတွေ့ရပေ။

ဤကျောက်တုံးအတွက် ယခင်အမြင့်ဆုံး လေလံဈေးမှာ သလင်းကျောက် ၄၃၀,၀၀၀ သာဖြစ်သော်လည်း ၅၀၀,၀၀၀ ဟု စုမင် ဈေးပေးလိုက်သည်နှင့် ကန်ရေပြင်သို့ ပစ်ချခံလိုက်ရသော ကျောက်တုံးတစ်တုံးသဖွယ် များစွာလှုပ်ခတ်သွားစေပြီး သူတို့ပတ်ဝန်းကျင်ရှိ လူအုပ်၏အာရုံမှာ ထိုကျောက်တုံးပေါ်သို့ ချက်ချင်းရောက်ရှိလာတော့သည်။

ဤသည်က နန်ကုန်းဟန်ထင်ထားသလိုပင်။ တစ်ကယ်တမ်းတွင် စုမင်အား လူပေါင်းများစွာ အာရုံစိုက်နေခြင်းဖြစ်ပြီး သူသာ နောက်ကျောက်တုံးတစ်ခု ဝယ်ယူရန် လေလံဝင်ဆွဲသည်နှင့် ထိုလူများမှာ စုမင်၏ခြေလှမ်းအတိုင်း လိုက်လှုပ်ရှားရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

စုမင်အသံကို ကြားသည်နှင့် လူပေါင်းများစွာ၏ ဈေးပေးသံများ စတင်ထွက်ပေါ်လာခဲ့၏။

”၅၅၀,၀၀၀”

“၆၀၀,၀၀၀”

“၆၄၀,၀၀၀”

“၆၆၀,၀၀၀”

သွေးကျောက်တုံး၏ ဈေးနှုန်းမှာ တစ်ဖြည်းဖြည်းမြင့်လာသောအခါ စုမင်သည် နံဘေးရှိ စိုးရိမ်ပူပန်မှုကို မနည်းထိန်းချုပ်ကာ တည်ငြိမ်ဟန်ဆောင်နေရသော နန်ကုန်းဟန်အား တစ်ချက်လှည့်ကြည့်လိုက်သည်။

“အစ်ကိုနန်ကုန်းမှာ ရှာမန်သလင်းကျောက် ဘယ်လောက်ရှိလဲ”

“အာ… ၂,၀၀၀,၀၀၀ ကျော်လောက်… ထင်တယ်…”

“၇၅၀,၀၀၀” နန်ကုန်းဟန်၏ အဖြေကိုကြားသည်နှင့် စုမင်သည် ချက်ချင်းထအော်လိုက်ပြန်၏။ စုမင်အသံသည် နန်ကုန်းဟန်၏ နှလုံးသားကို နာကျင်သွားစေပြီး စိတ်ရှုပ်ထွေးသွားသော်လည်း စုမင်၏လုပ်ရပ်ကို လက်ခံဟန်ဖြင့် အပြုံးတစ်ခုကို အားတင်း၍ ပြုံးပြလိုက်ရလေသည်။

“ညီလေးမော့၊ ကျောက်တုံးရဲ့ အရည်အသွေးက ဘယ်လိုရှိလဲ” အလိုလိုပင် ထုတ်မေးလိုက်မိပြီး စုမင်၏ အဖြေအားစောင့်ရင်း နန်ကုန်းဟန်၏ နှလုံးခုန်သံများပင် လျင်မြန်နေခဲ့လေသည်။

“မသိဘူးလေ” စုမင်၏ စကားသံ၏ နန်ကုန်းဟန်၏ အမြင်အာရုံကို လုံးဝမှောင်မိုက်သွားစေသည်။

“၈၀၀,၀၀၀” စုမင် ဈေးခေါ်ပြီးသည်နှင့် အခြားတစ်ဦး၏ ဈေးခေါ်သံကချက်ချင်း ထွက်ပေါ်လာသည်။ သိသိသာသာပင် ထိုလူသည် စုမင် စိတ်ဝင်စားနေသော သွေးကျောက်တုံးအား လုယူရန် လုံးဝကြံရွယ်ထားခြင်း ဖြစ်သည်။

နန်ကုန်းဟန်၏ မျက်လုံးအစုံမှာ နီရဲနေခဲ့ချေပြီ။ သူသည် အသံထွက်ပေါ်လာရာ နေရာသို့ ဒေါသတကြီး လှမ်းကြည့်လိုက်ပြီး စုမင်အား အသံတိုးတိုးဖြင့် မေးလိုက်၏။ “ငါတို့ ဆက်လိုက်သင့်လား”

“ထားလိုက်ပါတော့၊ နောက်ကျောက်တုံးတစ်ခုကျမှ ထပ်ဆွဲကြတာပေါ့” စုမင် ခေါင်းခါပြလိုက်သည်။ အဆုံးတွင်တော့ ထိုသွေးကျောက်တုံးအား တစ်စုံတစ်ဦးမှ မြင့်မားလှသောဈေးနှုန်းဖြစ်သည့် ရှာမန်သလင်းကျောက် ၈၀၀,၀၀၀ ဖြင့် ဝယ်ယူသွားခဲ့လေသည်။

All Chapters