← Chapters

နတ်ဘုရားပိတ်လှောင်စည်း ရောက်ရှိလာခြင်း(ဂ)

Vol. 33 Ch. 450

နတ်ဘုရားပိတ်လှောင်စည်း ရောက်ရှိလာခြင်း(ဂ)

Vol. 33 Ch. 450

မဟာအကြီးအကဲသည် ထိုနဂါးသစ်ရွက်မြက်အား နန်ကုန်းဟန် မည်သို့ဖြေရှင်းမည်ကို ဂရုစိုက်မနေတော့ချေ။ စုမင်သည် ညာလက်ကိုမြှောက်၍ လေထုကို ကုပ်ဆွဲလိုက်သည်နှင့် ဒုတိယမြောက်ကျောက်တုံးမှာ သူ့ဆီပျံသန်းလာ၏။ ကျောက်တုံးအား အလင်းကွင်းထဲသို့ ထည့်ပြီးသည်နှင့် စုမင်သည် အလင်းကွင်းအား ချက်ချင်းထိန်းချုပ်လိုက်ရာ လေထဲတွင် တဝှီးဝှီးမြည်သံများ ထွက်ပေါ်လာခဲ့သည်။ သူသည် ဤကျောက်တုံးအား ကြုံရာကောက်ဝယ်ခဲ့ခြင်းသာဖြစ်၍ အထဲတွင် တစ်ခုခုရှိမရှိ လုံးဝမသိပါချေ။

အလင်းကွင်းသည် အလျင်အမြန်ပင် လည်ပတ်နေပြီး သွေးကျောက်တုံးမှာ တစ်ဖြည်းဖြည်း သေးငယ်လာကာ နောက်ဆုံး၌ လုံးဝကွဲကြေသွားခဲ့၏။ အတွင်းတွင်ကား ဗလာနတ္ထိ…

စောင့်ကြည့်နေသူများသည် စုမင်၏ ရှုံးနိမ့်မှုကို မြင်သောအခါ အနည်းငယ် စိတ်သက်သာရာရသွားကြသည်။ စုမင်သာ အခြားပစ္စည်းတစ်ခု ထပ်တွေ့သွားဦးမည်ဆိုလျှင်တော့ ဤသည်က ကံကောင်းမှုသက်သက်ဟု မည်သူမှ ယုံကြည်တော့မည်မဟုတ်ပေ။

စုမင်၏ အမူအယာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး ရှုံးနိမ့်မှုအတွက်လည်း မည်သို့မှသိပ်မခံစားလိုက်ရပေ။ သူသည် တတိယကျောက်တုံးကို ဆွဲယူလိုက်ပြီး အလင်းကွင်းထဲသို့ထည့်ကာ တွေဝေမနေပဲ ချက်ချင်း ခွဲချလိုက်ချေသည်။

စုမင်သည် မူလကမူ တစ်စုံတစ်ရာရှာတွေ့ရန် ရည်ရွယ်မထားခဲ့သော်ငြား ကျောက်တုံးအား သူခွဲချလိုက်ချိန်မှာပင် ရုတ်တရက်ဆိုသလို သူခွဲလိုက်သောနေရာမှ ပုံမှန်မဟုတ်သော အလင်းတစ်ခု တောက်ပလာခဲ့၏။

ထိုအလင်းတန်း ပေါ်ထွက်လာမှုသည် အကြည့်ပေါင်းများစွာကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။

စုမင်ကိုယ်တိုင်ပင် အံ့ဩသွားရခြင်း ဖြစ်သည်။ သူ့မျက်နှာအမူအယာမှာ များစွာပြောင်းလဲသွားခြင်း မရှိသော်လည်း နှလုံးခုန်သံများမှာတော့ လျင်မြန်လာလေသည်။ ဤသည်က အထဲတွင် တစ်ခုခုရှိကြောင်း သူသေချာသိထားသော ယခင်ကျောက်တုံးများအား ခွဲရသည်နှင့်မတူပေ။ ဘာမှန်းမသိရသော ဤခံစားချက်သည် သူ့အား စိတ်လှုပ်ရှားတက်ကြွစေ၏။ ရတနာလောင်းကစားပွဲနှင့် ပက်သက်၍ အဘယ်ကြောင့် ထိုလူများ အလွန်စိတ်လှုပ်ရှားနေရသည်ကို သူယခုမှသာ နားလည်သွားခဲ့ရသည်။

စုမင်၏ နှလုံးခုန်သံများမှာ အနည်းငယ် လျင်မြန်နေသည်။ သူသည် သွေးကျောက်တုံးအား အကြည့်မလွှဲပဲ အလင်းကွင်းအား ထိန်းချုပ်ကာ ကျောက်တုံး၏ မျက်နှာပြင်ကို ခြစ်ထုတ်လိုက်သည်။ သွေးကျောက်တုံး၏ အရွယ်အစားမှာ တစ်ဖြည်းဖြည်း သေးငယ်လာပြီး တစ်ခဏကြာပြီးနောက် စုမင်မျက်လုံးတို့ တောက်ပသွားခဲ့၏။ အလင်းကွင်းထံမှ ဆူးချွန်တစ်ခု ချက်ချင်းပေါ်လာပြီး သွေးကျောက်တုံးအား ထိုးဖောက်သွားသည်။ ထိုသို့ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် သူသည် ကျောက်တုံးအား အလင်းကွင်းဖြင့် တစ်ဖန် ခုတ်ဖြတ်လိုက်ပြန်သည်။ ယခုအခါ သွေးကျောက်တုံး၏ အပိုင်းသေးသေးတစ်ခုသာ ကျန်ရစ်တော့လေသည်။

သွေးကျောက်တုံးထံမှ ထွက်ပေါ်နေသည့် ပုံမှန်မဟုတ်သော အလင်းမှာမူ တစ်ရောင်တည်းသာ ဖြစ်နေဆဲဖြစ်သော်ငြား ၎င်းက အလွန်တရာ မျက်စိဖမ်းစားထားနိုင်နေပြီ ဖြစ်သည်။

စုမင်၏ နှလုံးခုန်သံများမှာ ပိုမိုလျင်မြန်လာသည်။ ဤသည်က သူမကြုံဖူးသော ခံစားချက်မျိုးဖြစ်သည်။ ကျောက်တုံးအား မည်သို့မည်ပုံ ထပ်ခွဲရမည်ကို သူတွေဝေနေစဥ်မှာပင် နန်ကုန်းဟန်နှင့် အရောင်းအဝယ် လုပ်ပြီးသွားသူများသည် စုမင်အား လှမ်းကြည့်လိုက်ကြ၏။

“အဟမ်း… ကောင်လေးမော့၊ နဂါးသစ်ရွက်မြက်ကို ရှာမန်ကိုးပါးမျှော်စင်က ယူသွားပြီဆိုမှတော့ အခုကျောက်တုံးကို ဘာလို့ငါ့ဆီ မရောင်းလိုက်တာလဲ။ ငါ ၁,၅၀၀,၀၀၀ ပေးမယ်ကွာ”

“ကျွန်မ ၁,၇၀၀,၀၀၀ ပေးမယ်” ဝမ်ချိုးသည် တည်ငြိမ်စွာလှမ်းပြောလိုက်၏။ ယခုအချိန်တိုင်အောင်ပင် သူမသည် စုမင်ထံမှ အကြည့်မလွှဲပဲ စုမင်အား လေ့လာကြည့်နေဆဲဖြစ်သည်။

သူမ စကားဆုံးသည်နှင့် ကြယ်တာရာနတ်သမီးနှင့် ထျန်းလန်မုန်တို့၏ အသံများမှာလည်း အသီးသီး ထွက်ပေါ်လာခဲ့သည်။

ထျန်းလန်မုန်ကို မြင်သောအခါ စုမင်နှလုံးသားမှာ လှုပ်ရှားသွားသော်လည်း ဤသည်က အချင်းချင်း ခင်မင်ရင်းနှီးမှုကို ပြနေရမည့် အချိန်မဟုတ်ပေ။ ထို့အပြင် သူ မာန်စွမ်းအားရှင်တို့၏ နယ်မြေထဲမှ ထွက်ခွာလာခဲ့ရသော စုမင်အတွက် ထျန်းလန်မုန်အပေါ် သဘောထားမှာလည်း အနည်းငယ်တော့ ရှုပ်ထွေးနေလေသည်။

ထိုအမျိုးသမီးသုံးဦးလုံး ပြောဆိုနေသည်ကို မြင်သောအခါ စုမင်ခဏတာ ငြိမ်သက်သွားမိ၏။ ခဏမျှ စဥ်းစားကြည့်ပြီးနောက် သူသည် ကျောက်တုံးကို ထိုသို့ရောင်းလိုက်ရန် နှမြောနေသဖြင့် ဆက်ခွဲရန်သာ ဆုံးဖြတ်လိုက်ချေသည်။

လေထဲတွင် ပေါက်ကွဲဆူညံသံများ ပဲ့တင်ထပ်နေပြီး သွေးကျောက်တုံး လုံးလုံးအက်ကွဲသွားသည်ှင့် ထွက်ပေါ်နေသော ပုံမှန်မဟုတ်သည့် အလင်းတန်းမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ ကျောက်တုံးထဲတွင် ဘာမှရှိမနေသည်ကိုမြင်သောအခါ စုမင် ခါးသက်သက် ပြုံးလိုက်မိ၏။

နောက်ဆုံးတော့ ထိုနှလုံးရပ်မတတ် ခံစားချက်နှင့် ယခင်က နန်ကုန်းဟန်၏ ခါးသက်သက်အပြုံးတို့ကို သူနားလည်သွားခဲ့ချေပြီ။

‘ငါ ဒါကို ရှာမန်သလင်းကျောက် ၁,၀၀၀,၀၀၀ ကျော်နဲ့ ရောင်းလိုက်လို့ရသားနဲ့ အခုတော့…’ စုမင် သက်ပြင်းသာ ချလိုက်မိချေသည်။ ရတနာအလောင်းအစားလုပ်ခြင်းမှရသော ဤခံစားချက်မျိုးမှာ လူတစ်ဦး၏ လိုအင်ဆန္ဒများကို အမှန်တစ်ကယ်ပင် လှုပ်ရှားနိုင်စွမ်းရှိလေသည်။

နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်မှုသည် စုမင်အပေါ် ထူးဆန်းသည့်အကြည့်များကို များစွာလျော့နည်းသွားစေခဲ့သည်။ လူအများစု၏ အမြင်တွင်တော့ စုမင်သည် ကံကောင်းမှုများစွာ ပိုင်ဆိုင်ထားသူတစ်ဦးသာပင်…

ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲသည်ပင် စုမင်ထံမှ အကြည့်ပြန်လွှဲသွားခဲ့ချေပြီ။

စုမင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ လောင်းကစားခြင်းမှရသော စိတ်လှုပ်ရှားမှုကို ခံစားဖူးသွားသည်နှင့် သူတစ်စုံတစ်ရာရမည်မှန်း သေချာသိနေသော ခံစားချက်မျိုးကိုသာ အနှစ်သက်ဆုံးဖြစ်ကြောင်း သေချာသွားတော့၏။ ထို့နောက် ညာလက်ကိုမြှောက်ကာ သွေးကျောက်တုံးနံပါတ် (၉၄၉) အား ဆွဲယူလိုက်တော့လေသည်။

ဤသွေးကျောက်တုံးအား စိုက်ကြည့်ရင်း စုမင် တွေဝေနေမိ၏။

ဤသွေးကျောက်တုံးထဲတွင် ရှိနေသောပစ္စည်းသည် တစ္ဆေဝိညာဥ်ပန်းပွင့်ကို တွေ့ရှိခဲ့စဥ်ကထက်ပင် ပိုလှုပ်ခတ်စေနိုင်လိမ့်မည်ဟု သူအတော်လေး သေချာနေခဲ့သည်။ ထိုအထဲတွင်ရှိနေသော ဆေးပင်မှာ ခြောက်သွေ့နေပြီဖြစ်သော်လည်း ၎င်း၏ အသက်ဓာတ်များစွာ မကျန်တော့သော အမြစ်များထဲတွင် အဆိပ်ပျားတစ်ကောင် အိပ်မောကျနေလေသည်။

ထိုအဆိပ်ပျားသည် သိသိသာသာကိုပင် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့သော ရှေးဟောင်းသက်ရှိတစ်မျိုး ဖြစ်သည်။ ၎င်း အားနည်းသည်၊ သန်မာသည်ကို ခန့်မှန်းမရသော်လည်း ဝူတုနှင့် နန်ကုန်းဟန်တို့ ပြောခဲ့ဖူးသည်များအရဆိုလျှင် သွေးကျောက်တုံးများထဲမှ လူများ တူးဖော်ရရှိခဲ့ဖူးသည်မှာ ဆေးပင်များ၊ ရတနာပစ္စည်းများနှင့် အခြားအရများသာဖြစ်ပြီး… သက်ရှိများ တစ်ခါမှ မပါခဲ့ဖူးပါချေ။

၎င်းက အနက်ရောင်လူတူသတ္တဝါငယ်လေးလိုပင် ဖြစ်သည်။ အနက်ရောင် လူတူသတ္တဝါလေးကိုလည်း သက်ရှိတစ်ခုဟု ယူဆနိုင်သော်ငြား သူ့ရှေ့ရှိ သွေးကျောက်တုံးထဲမှ အဆိပ်ပျားနှင့် ယှဥ်လျင်မူ ထိုပျားမှာ အမှန်တစ်ကယ်ပင် အသက်ရှိနေခြင်း ဖြစ်သည််။

‘သက်ရှိတွေက တစ်ခြားပစ္စည်းတွေထက် ပိုရှားပါးတယ်… ဒီကျောက်တုံးကို ခွဲဖွင့်လိုက်တာနဲ့ ဒီနေရာမှာ လှုပ်ခတ်မှုကြီးကြီးမားမား ဖြစ်တော့မှာပဲ’ စုမင်သည် အောက်ဘက်ရှိ လူအုပ်၊ ခန်းမရှစ်ခုထဲမှ လူများနှင့် ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲတို့အား ဝေ့ကြည့်လိုက်ပြီးနောက် သူ့ရှေ့ရှိ ကျောက်တုံးအား သေချာပြန်ကြည့်လိုက်မိသည်။

‘ကောင်းပြီလေ၊ ငါ့ပစ္စည်းကို ဘယ်သူလုယူရဲမလဲ ကြည့်ရသေးတာပေါ့’

စုမင်မျက်လုံးထဲတွင် အကြည့်စူးစူးတစ်ခု ပေါ်လာခဲ့သည်။ အဆုံးသတ်ရှာမန် တစ်ယောက်နှင့်ပင် တိုက်ခိုက်နိုင်စွမ်းရှိသော ယင်ကိုးပါးဝိညာဥ်အိုကြီးနှင့် သဘောတူညီချက် ရယူထားနိုင်သော သူ့အဖို့ ဤသို့ ပြောရဲပေသည်။

စုမင်တစ်ယောက် အသက်ရှူခြင်းကို ထိန်းညှိလိုက်ပြီး ပစ္စည်းပေါ်လာသည်နှင့် ဖြစ်ပေါ်လာတော့မည့် ရူးသွပ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားလိုက်၏။ တစ်ခဏမျှ အဆင်သင့်ပြင်ပြီးသည်နှင့် လက်ကိုဖြည်းဖြည်းချင်းမြှောက်ကာ အလင်းကွင်းပေါ်သို့ ဖိချလိုက်တော့သည်။ ထို့နောက် အလင်းတန်းများသည် အချင်းချင်းဖြတ်သန်းရင်း ကျောက်တုံးအား စတင်ဖြတ်တောက်လိုက်တော့သည်။

စုမင်၏ ဂရုစိုက်သော အမူအယာကြောင့် အောက်ဘက်ရှိ စောင့်ကြည့်နေသူများမှာလည်း အလေးအနက် ဖြစ်လာကြသည်။ ထိုအချိန်မှာပင် စုမင်သည် မျက်လုံးများကို မှိတ်လိုက်ချေပြီ။ သူ၏ နတ်ဘုရားစိတ်အာရုံအောက်ရှိ အနက်ရောင် လူတူသတ္တဝါလေးမှာ များစွာ တုန်ခါမသွားခဲ့ပေ။ ၎င်းသည် စုမင်၏ ယူဆချက်များမှာ မှန်ကန်ကြောင်း သက်သေပြနေခဲ့၏။ အနက်ရောင် လူတူသတ္တဝါလေးသည် ဆေးပင်များအပေါ်တွင်သာ ပြင်းပြင်းထန်ထန် တုန့်ပြန်ခြင်းဖြစ်သည်။

ယခုအချိန်တွင် သွေးကျောက်တုံးထဲရှိ ဆေးပင်၏ အပိုင်းအများစုမှာ ခြောက်သွေ့နေပြီဖြစ်ပြီး ၎င်း၏ အမြစ်ထဲတွင်သာ အသက်ဓာတ်တစ်ချို့ ကျန်ရစ်တော့၏။ ထို့ကြောင့်ပင် အနက်ရောင် လူတူသတ္တဝါငယ်လေးအပေါ် ၎င်း၏ လှုံ့ဆော်နိုင်မှုမှာ များစွာအားပျော့နေခြင်း ဖြစ်သည်။

နတ်ဘုရားစိတ်အာရုံဖြင့် မြင်နေရသော အနက်ရောင် လူတူသတ္တဝါလေး၏ နံဖူးပေါ်မှ ရုပ်ပုံအတိုင်း သွေးကျောက်တုံးကို စတင်ခွဲဖြတ်ရန် ပြင်လိုက်စဥ်မှာပင် သူမြင်လိုက်ရသောအရာကြောင့် စုမင် အံ့အားသင့် မင်သက်သွားခဲ့ရ၏။ သူ့သိုလှောင်အိတ်ထဲရှိ အနက်ရောင် လူတူသတ္တဝါလေးမှာ အနည်းငယ်ကျုံ့ဝင်သွားလေသည်။

ကျုံ့ဝင်သွားသည်ဟုဆိုရခြင်းမှာ ၎င်းက အနောက်သို့ ကျုံ့ကာ ဆုတ်သွားခြင်းဖြစ်သည်။ တုန်ခါနေခြင်းတော့ မရှိပေ။ ဤသည်က သူစိတ်ကူးယဥ်နေခြင်း သက်သက်မဟုတ်ကြောင်း စုမင်သေချာသိ၏။ စုမင်စိတ်ထဲတွင် မသေချာ၊ မရေရာမှုများ ပေါ်လာခဲ့သော်လည်း တည်တည်ငြိမ်ငြိမ်ပင် အလင်းကွင်းအား ထိန်းချုပ်၍ ကျောက်တုံးကို ဆက်လက်ဖြတ်ထုတ်လိုက်သည်။ အလင်းကွင်း၏ အရှိန်မှာ ပိုမိုမြန်ဆန်လာပြီး ကျောက်တုံး၏ အပိုင်းအများစုမှာ ဖုန်မှုန့်ဖြစ်သွားသည်နှင့်အမျှ သူ့သိုလှောင်အိတ်ထဲရှိ အနက်ရောင် လူတူသတ္တဝါလေးမှာ အနောက်သို့ ပိုပိုကျုံ့ဝင်သွားကြောင်း စုမင် ထိတ်လန့်တုန်လှုပ်စွာ တွေ့လိုက်ရသည်။

၎င်းသည် အလွန်တရာ ကြောက်ရွံ့နေဟန်ဖြင့် တစ်ဖြည်းဖြည်း ကျုံ့ပြေးနေ၏။ ၎င်း၏ မျက်နှာထက်တွင်လည်း နာကျင်ကြောက်ရွံ့သော အမူအယာတစ်ခု ရှိနေလသည်။ ထိုအပြောင်းအလဲကို ကြည့်ရင်း စုမင်စိတ်ထဲတွင် တစ်ဖြည်းဖြည်း ထိတ်လန့်တုန်လှုပ်လာရ၏။

သွေးကျောက်တုံးကို ခြစ်မထုတ်ခင်က အနက်ရောင် လူတူသတ္တဝါငယ်လေးသည် ပုံမှန်ပင်ဖြစ်သော်လည်း ကျောက်တုံးထဲရှိ အရာ တစ်ဖြည်းဖြည်းပေါ်လာလေလေ ၎င်းက ပိုကျုံ့ဝင်သွားလေလေဖြစ်သည်။ အနက်ရောင် လူတူသတ္တဝါလေး၏ အမူအယာသည်ပင် တစ်ဖြည်းဖြည်း သိသိသာသာ စတင်ပြောင်းလဲလာလေသည်။

စုမင် မျက်လုံးများကို ပြန်ဖွင့်ကာ မျက်မှောင်ကြုတ်လိုက်မိသော်လည်း အလင်းကွင်းအား ထိန်းချုပ်နေခြင်းကိုတော့ မရပ်တန့်လိုက်ပေ။ သူသည် ယခင်ထက်ပိုမို၍ သတိထားကာ ထိန်းချုပ်လိုက်၏။ ဖြေးဖြေးနှင့် မှန်မှန်ပင်… သွေးကျောက်တုံး၏ အပိုင်းအများစု ပျောက်ကွယ်သွားချိန်တွင် သိုလှောင်အိတ်ထဲရှိ အနက်ရောင် လူတူသတ္တဝါလေးမှာလည်း အလွန်အမင်း ကြောက်လန့်တုန်လှုပ်နေခဲ့ချေပြီ။

စုမင်မျက်လုံးများမှာ တောက်ပသွားပြီး အလင်းကွင်းအား ထိန်းချုပ်၍ ကျောက်တုံးကို ခုတ်ပိုင်းချလိုက်သည်။ ခုတ်ချက်ကြောင့် ကျောက်တုံးထံမှ ကြီးမားသော အပိုင်းတစ်ခု ပဲ့ထွက်သွားပြန်၏။

ထိုအခိုက်အတန့်မှာပင် သွေးကျောက်တုံး၏ အထက်ကောင်းကင်ယံမှာ တွန့်လိမ်ပုံပျက်သွားပြီး ကောင်းကင်နှင့် မြေပြင်ကြား၌ မှုန်ဝါးဝါး ပုံရိပ်တစ်ခု တစ်ဖြည်းဖြည်း ပေါ်လာတော့သည်။

ထိုပုံရိပ်သည် အလွန်တရာ သာမန်ဆန်သော အစိမ်းရောင်အပင်တစ်ပင်၏ ပုံရိပ်ဖြစ်သည်။ ထိုအပင်တွင် သစ်ရွက်များစွာရှိပြီး အပင်တစ်ပင်လုံးမှာ အစိမ်းရောင်ဖြစ်သည်။ ၎င်းနှင့် ပက်သက်၍ ထူးခြားမှုကို ပြောရမည်ဆိုလျှင် အရွက်တိုင်းလိုလိုတွင်ပါနေသည့် ရွှေရောင်မျဥ်းကြောင်းတစ်ခုသာ ဖြစ်သည်။

ပုံရိပ်မှာ အလွန်ဝေဝါးနေသေးသော်လည်း ရွှေရောင်မျဥ်းများမှာမူ အလွန် ရှင်းလင်းပြတ်သားနေလေသည်။

အရိပ်တစ်ခုပေါ်လာသည်နှင့် အောက်ခြေရှိ လူအုပ်ထံမှ ဆူညံသံများ ထွက်ပေါ်လာသည်။ သို့သော် ဤတစ်ကြိမ် ပွက်လောရိုက်မှုမှာ အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး ချက်ချင်းဆိုသလို တိတ်ကျသွားခဲ့၏။

ထိုသို့ဖြစ်သွားရခြင်း၏ အကြောင်းရင်းမှာ ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲသည် ပထမဆုံးအကြိမ်အဖြစ် ခန်းမထက်မှ ကောင်းကင်ပေါ်သို့ ပျံတက်သွားခြင်းကြောင့် ဖြစ်သည်။ သူ၏ ဆံပင်များမှာ လေမတိုက်ပါပဲနှင့် လွင့်မျောနေပြီး မျက်နှာထက်တွင်လည်း ယခင်နှင့်မတူသော အလွန်တရာ လေးနက်သည့် မျက်နှာထားမျိုး ရှိနေ၏။ သူ၏ စိတ်လှုပ်ရှားနေမှုအား မထိန်းချုပ်နိုင်လိုက်သဖြင့် စောင့်ကြည့်နေသူများသည်ပင် ရေးတေးတေး ခံစားလိုက်မိချေသည်။

ကျင့်ကြံခြင်းလမ်းစဥ်ကို နှစ်ပေါင်းများစွာကို လျှောက်လှမ်းခဲ့ပြီး အဆုံးသတ်ရှာမန်ဖြစ်ရန် လမ်းဝက်သို့ ရောက်နေပြီဖြစ်သော မွန်းစတားအိုကြီး တစ်ဦးအတွက်တော့ လောကတွင် သူ့အား အလွန်အမင်း စိတ်လှုပ်ရှားစေနိုင်သည့် အရာ အနည်းငယ်သာရှိ၏။ သို့သော်လည်း ယခုအချိန်တွင်တော့ ထိုအဘိုးအိုသည် သူ့ခံစားချက်ကို သူထိန်းချုပ်နိုင်ဟန် မတူတော့ပေ။

ဤအရာအားလုံးက ကောင်းကင်ထက်တွင် ပေါ်လာခဲ့သော အရိပ်ကြီးကြောင့် ဖြစ်သည်။

“နတ်ဘုရားကြိုးမျှင်… အဲဒါ နတ်ဘုရားကြိုးမျှင် သစ်ရွက်ပဲ” နန်ကုန်းဟန်သည် တတွတ်တွတ်ရေရွတ်ရင်း သူ့အမူအယာမှာ ပြောင်းလဲသွားပြီး နောက်ဆုံးစကားလုံးများကို အယောင်ယောင်အမှားမှား အော်ဟစ်လိုက်မိ၏။ သူ့အသံ ထွက်ပေါ်လာသည်နှင့် တိုင်မူသည်လည်း ဆေးစာအုပ်တစ်အုပ်ထဲတွင် ဆွဲသားထားသော ဆေးပင်တစ်ခုအကြောင်း ချက်ချင်းမှတ်မိသွားခဲ့သည်။

“ဒါ… အဲဒါက တစ်ကယ်ပဲ နတ်ဘုရားကြိုးမျှင် သစ်ရွက်လား။ ယင်ကိုးပါးလောကရဲ့ ဒဏ္ဍာရီလာ လျှို့ဝှက်ဆန်းကြယ် ရတနာကိုးမျိုးထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားပန်းပွင့်ရဲ့ ပင်မသစ်ရွက်တဲ့လား”

ဝမ်ချိုးသည် ပုံရိပ်ယောင်ထဲရှိ မှုန်ဝါးဝါးဆေးပင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း သူမ၏ အသက်ရှူသံများမှာ လျင်မြန်လာခဲ့သည်။

ဝတ်စုံဖြူ ကြယ်တာရာနတ်သမီးသည်လည်း တုန်ရီသွားခဲ့လေသည်။ သူမသည် ပုံရိပ်ယောင်ကို တစ်လှည့် စုမင်ကိုတစ်လှည့် ကြည့်လိုက်ပြီး သူမမျက်နှာလေးမှာ ဖြူဖျော့‌သွားတော့သည်။

ထျန်းလန်မုန်သည် မျက်မှောင်ကြုတ်လိုက်မိသော်လည်း သူမ စဥ်းစားချိန်မရလိုက်ခင်မှာပင် သူမအနောက်မှ ကြမ်းရှသောအသံတစ်ခု ပေါ်လာခဲ့သည်။ အသံနှင့်အတူ ကောင်းကင်မြူခိုးဘိုးဘေးသည်လည်း ခန်းမထဲမှ ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာခဲ့ချေပြီ။

“ယင်ကိုးပါးလောကရဲ့ လျှို့ဝှက်ဆန်းကြယ်ရတနာကိုးပါးဆိုတာ ဟိုအရင်အချိန်က ဒီနေရာမှာ ရှိနေခဲ့တဲ့ ကျောက်တိုင်ကြီးရဲ့ နောက်ကျောမှာ ထွင်းထုထားခဲ့တဲ့ ရုပ်ပုံတွေဖြစ်ပြီး သူတို့အထဲက တစ်ခုက ကောင်းကင်ဘုံနတ်ဘုရားပန်းပွင့်ဆိုတဲ့ နာမည်နဲ့ပဲ။ အဲဒီပန်းပွင့်မှာ ထူးခြားတဲ့ လက္ခဏာရပ်တစ်ခုရှိတယ်။ ပန်းပွင့်လာတဲ့အခါ ပန်းပွင့်နားမှာ သူ့ရဲ့ ပင်မသစ်ရွက်ဖြစ်တဲ့ ရွှေကြိုးမျှင်သစ်ရွက်လည်း ပေါ်လာလိမ့်မယ်။ အဲဒီသစ်ရွက်ကိုတော့ နတ်ဘုရားကြိုးမျှင်သစ်ရွက်လို့ ခေါ်ကြတယ်”

“နတ်ဘုရားကြိုးမျှင် သစ်ရွက်က အသုံးမဝင်ပေမယ့်… သူ့ရဲ့ ထွက်ပေါ်လာမှုက လျှို့ဝှက်ဆန်းကြယ် ရတနာကိုးပါးဟာ ဒဏ္ဍာရီသက်သက်ပဲ မဟုတ်ဘူးလို့ ဆိုလိုနေတယ်။ သူတို့က… တစ်ကယ်ကို ရှိတာပဲ” ကောင်းကင်မြူခိုးဘိုးဘေး၏ အသံက ထျန်းလန်မုန်၏ နားထဲသို့ ဝင်ရောက်လာသည်။ ထိုအသံမှတစ်ဆင့် သူမတို့ဘိုးဘေးမှာ မည်မျှစိတ်လှုပ်ရှားနေကြောင်း သူမ သိလိုက်ရလေသည်။

“ကောင်းကင်ဘုံနတ်ဘုရား ပန်းပွင့်… ကောင်းကင်ဘုံနတ်ဘုရား ပန်းပွင့်… အဲဒီပန်းပွင့်ရဲ့ ဝတ်ရည်တွေထဲမှာ လောကဘုံစွမ်းအားတွေ ပါဝင်နေတယ်လို့ ဒဏ္ဍာရီတွေက ပြောကြတယ်။ ဝတ်ရည်တစ်ငုံ သောက်လိုက်ရုံနဲ့… ဘယ်တော့မှ မအိုမင်းနိုင်တော့ပဲ မင်းရဲ့ စွမ်းရည်တွေကလည်း ချက်ချင်း အဆပေါင်းများစွာ ခုန်တက်သွားပြီး သေမျိုးတစ်ယောက် အဖြစ်ကနေ ထာဝရရှင်သန်သူ အင်မော်တယ်တစ်ယောက်အဖြစ် မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲသွားလိမ့်မယ်တဲ့”

“အဲဒါက ငါတို့လို ကျင့်ကြံသူတွေကို အခုလက်ရှိ ကျင့်ကြံဆင့်တွေကနေ ကျော်လွန်ပြီး အဆပေါင်းများစွာ ခုန်တက်သွားစေနိုင်တဲ့ အပြင် လောကဘုံစွမ်းအားကိုလည်း ခံစားမိနိုင်စေလိမ့်မယ်”

“ဒီသွေးကျောက်တုံး၊ ဒါမှမဟုတ် နောက်ပိုင်း သွေးကျောက်တုံးတွေမှာများ… ကောင်းကင်ဘုံနတ်ဘုရားပန်းပွင့် ရှိနေမှာလား။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ရွှေကြိုးမျှင်သစ်ရွက်က ရုတ်တရက်ပေါ်လာလိမ့်မှာ မဟုတ်ဘူး”

“ညီနောင်ရောင်းရင်းတို့ ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ နန်ကုန်းဟန်က ဒီကျောက်တုံးကို ဝယ်ခဲ့တဲ့သူပဲ။ ဒီပစ္စည်းကို လုယူဖို့ကြိုးစားမယ်ဆိုရင်၊ မင်းတို့ကို သတ်ဖြတ်မိမယ့်အတွက် ငါ့ကို အပြစ်မတင်ကြနဲ့။ ရှာမန်နတ်ဘုရားကျောင်းတော် အစောင့်အကြပ်တွေ လာကြစမ်း”

ရှာမန်နတ်ဘုရားကျောင်းတော်မှ မဟာအကြီးအကဲသည် ပုံရိပ်ယောင်ကို မြင်သည်နှင့် ရှေ့သို့ အလျင်အမြန် ခုန်တက်သွားပြီး စုမင်ထံ လျှောက်သွားရင်း သူ့တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။ သူသည် စုမင်အား လုံးဝပင် ဂရုမစိုက်ခြင်းဖြစ်သည်။ သူဂရုစိုက်သည်က မျိုးနွယ်စုကြီးများမှ လူများသာဖြစ်သည်။ စုမင်၏ တည်ရှိမှုကတော့ သူ့ရှေ့ရှိ ပုရွက်ဆိတ်လေး တစ်ကောင်လိုပင် ဖြစ်သည်။

သူ့အသံ ပျံ့နှံ့သွားသည်နှင့် ချက်ချင်းဆိုသလို ရှာမန်မြို့တော်အတွင်းမှ ရာပေါင်းများစွာသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုလူများသည် အလင်းတန်းရှည်များ အသွင်ဖြင့် ရှာမန်မြို့တော် နေရာအနှံ့မှနေ၍ ဤနေရာဆီ အလျင်အမြန် ဦးတည်ပြေးလွှားလာကြလေသည်။

All Chapters