ယင်ဝိညာဥ် ပေါ်ထွက်လာခြင်း
Vol. 33 Ch. 451
ရာပေါင်းများစွာသော အလင်းတန်းများသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားများသဖွယ် တဟုန်ထိုးတိုးဝင်လာကြ၏။ အရပ်မျက်နှာအနှံ့မှ လာနေသော ၎င်းတို့၏ သန်မာသောအရှိန်အဝါများသည် လေထုကိုပင် ဆုတ်ဖြဲပစ်တော့မည့်အလား…
ထိုလူများသည် နှစ်ပေါင်းများစွ ပျိုးထောင်ထားခဲ့ရသော ရှာမန်နတ်ဘုရားကျောင်းတော်၏ ကျောရိုးကြီးများထဲမှ တစ်ခုဖြစ်သည်။ သူတို့သည် ယင်ကိုးပါးလောကထဲတွင်သာ အချိန်ပြည့် တပ်စွဲထားကြပြီး အလွယ်တကူ ထွက်ပေါ်မလာတတ်သူများလည်း ဖြစ်သည်။ ထိုသူတို့သည် မျိုးနွယ်စုပေါင်းစုံမှ လာခဲ့ကြသော်လည်း ယခုအချိန်တွင်တော့ သူတို့ကိုယ်ပိုင်မိသားစုများ၏ ဂုဏ်သိက္ခာနှင့် ခံစားချက်များကို ထည့်သွင်းစဥ်းစားခြင်းမပြုတော့ပဲ သူတို့ခေါင်းထဲတွင် ရှာမန်နတ်ဘုရားကျောင်းတော် တစ်ခုတည်းသာ ရှိတော့လေသည်။
သူတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် သွေးလွှမ်းသော အတားအဆီးများ၊ အေးစက်ခါးသီးသော ကြမ်းတမ်းသည့်ဘဝများနှင့် သေခြင်းရှင်ခြင်း အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ကြရ၏။ အမှန်စင်စစ် သူတို့တွင် ကိုယ်ပိုင်နာမည်များပင် မရှိတော့ပဲ ရှေးလူများထံမှ လက်ဆင့်ကမ်းခဲ့သော တိုက်ပွဲဘွဲ့အမည်များသာ ကျန်ရှိတော့လေသည်။
အများစုမှာ နှောင်းပိုင်းရှာမန် မဖြစ်သေးသော်လည်း သူတို့အထဲရှိ အားအနည်းဆုံးသည်ပင် အလယ်အလတ်ရှာမန် ဖြစ်သည်။
တိုးဝင်လာနေသော ထိုလူများထံမှ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါများကြောင့် လေထဲမှာပင် ကြီးမားသော စုပ်ဝဲကြီးတစ်ခု တစ်ဖြည်းဖြည်း ဖြစ်တည်လာခဲ့သည်။
ရှာမန်နတ်ဘုရားကျောင်းတော်၏ အစောင့်အကြပ်များသည် အလွယ်တကူ ထွက်ပေါ်မလာတတ်သော်လည်း ယခု၎င်းတို့ပေါ်လာပြီဖြစ်၍ စုမင်၏သွေးကျောက်တုံးအား ယူရန် ရှာမန်နတ်ဘုရားကျောင်းတော်အား မည်သည့်အရာကမှ တားဆီးနိုင်စွမ်း ရှိတော့မည်မဟုတ်ကြောင်း ဖော်ပြနေ၏။
တိုင်မူ၏ မျက်နှာထားမှာ ချက်ချင်းမည်းမှောင်သွားသည်။ သူသည် တိုးဝင်လာနေသော အလင်းတန်းများ၏ သတ်ဖြတ်ခြင်းအရှိန်အဝါများမှ ဖြစ်ပေါ်လာသော စုပ်ဝဲကြီးကို တစ်လှည့်၊ စုမင်၏ သွေးကျောက်တုံးကိုတစ်လှည့် ကြည့်လိုက်ပြီး လက်လျှော့ကြောင်းပြသည့်အနေဖြင့် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်သော်လည်း သူ့မျိုးနွယ်ဝင်များရှိရာ ခန်းမထဲကိုတော့ ပြန်ဝင်မသွားခဲ့ပေ။
သူ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ အခြားမျိုးနွယ်စုများ မည်သို့ရွေးချယ်မည်ကို သူတွေ့ချင်၏။
တစ္ဆေဝိညာဥ်ပန်းပွင့်ပေါ်လာစဥ်က စုမင်အား ဈေးကမ်းလှမ်းခဲ့ဖူးသော ရှာမန်နယ်မြေ၏ မျိုးနွယ်စုကြီးများထဲမှ တစ်ခုဖြစ်သည့် ကောင်းကင်ကမ္ဘာမျိုးနွယ်စုကြီးမှ သက်လတ်ပိုင်းလူသည်လည်း နောက်တစ်ကြိမ် ထပ်ထွက်လာသော်ငြား မဟာအကြီးအကဲ၏ စကားကိုကြားသည်နှင့် ချက်ချင်းရပ်တန့်သွားခဲ့သည်။ သူ့မျက်နှာထားမှာလည်း တိုင်မူလိုပင် မည်းမှောင်သွားသော်ငြား ယင်ကိုးပါးလောကထဲတွင်တော့ မျိုးနွယ်စုကြီးများအတွက်ပင် ရှာမန်နတ်ဘုရားကျောင်းတော်ကို ဆန့်ကျင်နိုင်ရန် ခဲယဥ်းလေသည်။
ဤနေရာတွင် အမြဲတမ်းအခြေချထားသော ရှာမန်နတ်ဘုရားကျောင်းတော်၏ လူအရေအတွက်မှာ မျိုးနွယ်စုကြီးများထက် များစွာသာလွန်နေသည်။
ဝမ်ချိုးသည် စုမင်အား လှမ်းကြည့်လိုက်ပြီး မျက်နှာထက်တွင် ရှုပ်ထွေးသောခံစားချက် အရိပ်အယောင်များ ပေါ်လာသော်လည်း တစ်ခုခုထုတ်ပြောရန် တွန့်ဆုတ်နေမိလေသည်။
ကြယ်တာရာနတ်သမီးသည် သူမနှုတ်ခမ်းကိုသူမ ကိုက်လိုက်မိ၏။ ယင်ကိုးပါးလောကထဲရှိ အချို့လျှို့ဝှက်ချက်များအကြောင်း သူမသိပေသည်။ ထို့အပြင် သူမတို့ဂိုဏ်းမှ လူများသာ ဤသွေးကျောက်တုံးအကြောင်း သိသွားမည်ဆိုလျှင် ကျိန်းသေပေါက် လက်လျှော့လိမ့်မည်မဟုတ်ကြောင်းလည်း သူမသေချာသိနေ၏။ ထိုကျောက်တုံးထဲတွင် အမှန်ပင် နတ်ဘုရားပိတ်လှောင်ပန်းပွင့် ရှိနေနိုင်သဖြင့် သူတို့အား သူမတားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရုံသာ တတ်နိုင်လေသည်။
“ရှင် အဲဒီသွေးကျောက်တုံးကို ယူလို့ရတယ်။ ဒါပေမယ့် ရှာမန်နတ်ဘုရားကျောင်းတော်အနေနဲ့ အဲဒီလူကို မထိခိုက်စေဖို့တော့ ကျွန်မတောင်းဆိုပါရစေ”
ကြယ်တာရာနတ်သမီး၏ အသံထွက်ပေါ်လာသည်နှင့် စုမင်ထံလျှောက်သွားနေသော မဟာအကြီးအကဲ၏ ခြေလှမ်းများမှာ ချက်ချင်းရပ်တန့်သွားပြီး ထိုအမျိုးသမီးကို မျက်နှာသေဖြင့် ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲတွင် မှိန်ဖျော့ဖျော့အလင်းတစ်ချက် ဖြတ်သန်းသွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။
သူသည် ထိုအမျိုးသမီးကို ဂရုမစိုက်သော်လည်း သူမ၏ အဆင့်အတန်းနှင့် နောက်ခံဖြစ်သော အင်မော်တယ်မျိုးနွယ်စု၏ ပုန်းလျှိုးနဂါးဂိုဏ်းကိုတော့ အမှန်တစ်ကယ် သတိထားရပေသည်။ မည်သို့ပင်ဆိုစေ ရှာမန်နတ်ဘုရားကျောင်းတော်နှင့် ပုန်းလျှိုးနဂါးဂိုဏ်းတို့၏ ဆက်ဆံရေးမှာ ယခုအချိန်တွင် အတော်လေးကောင်းမွန်နေသေးသည် မဟုတ်ပါလား…
ထိုအမျိုးသမီးသာ ရှာမန်နတ်ဘုရားကျောင်းတော်အား ထိုကျောက်တုံးကိုမယူရန် တောင်းဆိုခဲ့မည်ဆိုလျှင်တော့ အဘိုးအိုအတွက် ထိုစကားကို လျစ်လျူရှုလိုက်လို့ရပေသည်။ သို့သော် သူမသည် သူ့ရှေ့ရှိ ပုရွက်ဆိတ်လေးတစ်ကောင်သဖွယ် ဂျူနီယာလေးကိုသာ မထိခိုက်ရန် တောင်းဆိုခဲ့၏။ ယခုလို ကိစ္စသေးသေးလေးကိုတော့ သူငြင်းပယ်စရာ အကြောင်းမရှိချေ။
ထျန်းလန်မုန်တစ်ယောက် သူမခေါင်းကိုငုံ့သွားခဲ့၏။ ယခုအချိန်ထိအောင်ပင် သူမထံမှ စကားတစ်ခွန်းမျှ ထွက်မလာသေးသဖြင့် သူမဘာတွေးနေလဲဆိုသည်ကို မည်သူမှမသိကြပေ။
အောက်ဘက်ရှိ လူအုပ်ကြီးမှာ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေခဲ့သည်။ သူတို့သည် ကောင်းကင်ထက်ရှိလူများကိုသာ မမှိတ်မသုန် စူးစိုက်ကြည့်နေကြပြီး အထူးသဖြင့် စုမင်ကိုဖြစ်သည်။ လူပေါင်းများစွာမှာ စုမင်အား အာရုံစိုက်နေကြလေသည်။
အချို့အကြည့်များမှာ စိတ်မကောင်းဖြစ်မှုများ အပြည့်ဖြစ်နေပြီး အချို့မှာတော့ စုမင်၏ ကံဆိုးမှုအတွက် ကျေနပ်ဝမ်းသာနေကြလေသည်။ ထို့အပြင် စုမင်အား သနားနေကြသူအချို့လည်း ရှိ၏။
ဖြစ်ပျက်ပြောင်းလဲသွားသမျှ အရာအားလုံးသည် စုမင်၏ ကံတရားကို အဆုံးအဖြတ်ပေးသွားခဲ့ချေပြီ။ သူ့တွင် ထိုလူများကို ပြန်လည်ခုခံနိုင်မည့် စွမ်းအားရှိပုံမပေါ်သဖြင့် အခြားလူများ၏ ထိန်းချုပ်မှုကိုသာ ခံရတော့မှာဖြစ်သည်။ အဆုံးတွင်မတော့ ဤနေရာတွင် စွမ်းအားကသာ အရာအားလုံးကို ဆုံးဖြတ်ခြင်းဖြစ်၏။
အားနည်းသော အလယ်အလတ်ရှာမန်လေး တစ်ယောက်အနေဖြင့် ရှာမန်နတ်ဘုရားကျောင်းတော်အား ဆန့်ကျင်တိုက်ခိုက်နိုင်ရန် မျှော်လင့်ချက်မရှိပေ။ စုမင်အနေဖြင့် နှောင်းပိုင်းရှာမန်တစ်ယောက်ကို တိုက်ခိုက်နိုင်ခဲ့သည်ဆိုလျှင်တောင် အဆုံးသတ်ရှာမန်ဖြစ်ရန် လမ်းတစ်ဝက်သို့ရောက်နေပြီဖြစ်သော လူအိုကြီးရှေ့တွင်တော့ သူသည် ပုရွက်ဆိတ်လေး တစ်ကောင်မျှသာဖြစ်သည်။
နန်ကုန်းဟန်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ ကျောက်တုံးလေးတစ်တုံးကို ခွဲဖြတ်သည်က ထိုမျှပြင်းထန်သွားလိမ့်မည်ဟု သူမထင်ထားခဲ့မိချေ။ ရှာမန်နတ်ဘုရားကျောင်းတော်မှ ထိုအဘိုးအိုတစ်ဦးတည်းသာဆိုလျှင်တော့ သူကြောက်နေမှာမဟုတ်ပေ။ တစ်ကယ်တမ်းတွင် အဘိုးအိုအား တိုက်ခိုက်ရန်ပင် စုမင်ကို သူကူညီပေးဦးမှာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ့ဖခင်တစ်ဦးလုံး ရှိနေဆဲဖြစ်သည်။ ထိုအဘိုးအိုအနေဖြင့် သူ့အား များစွာမထိခိုက်စေနိုင်ကြောင်း နန်ကုန်းဟန်သေချာသိ၏။ အများဆုံးမှ သင်ခန်းစာပေးရုံလောက်သာ ဖြစ်ပေလိမ့်မည်။
သို့သော် သူ့မျက်စိရှေ့မှာပင် ဆိုးရွားသွားသော အခြေအနေများမှာ ထိတ်လန့်ဖွယ်ပင်ဖြစ်သည်။ ဤသည်က မဟာအကြီးအကဲတစ်ဦးတည်း မဟုတ်တော့ပေ။ ရှာမန်နတ်ဘုရားကျောင်းတော်၏ အစောင့်အကြပ်များသည်ပင် လှုပ်ရှားလာခဲ့ချေပြီ။ နတ်ဘုရားကြိုးမျှင်သစ်ရွက် ပေါ်ထွက်လာမှုက ဤပြဿနာကို များစွာပြင်းထန်သွားစေ၏။ ဤသွေးကျောက်တုံးကို လိုချင်နေသူမှာ မဟာအကြီးအကဲ မဟုတ်တော့ပဲ ရှာမန်နတ်ဘုရားကျောင်းတော် ဖြစ်နေခဲ့လေပြီ။
သူ ဘယ်ဘက်ကို ရွေးချယ်ရမည်လဲ…
နန်ကုန်းဟန်၏ မျက်နှာမှာ ပိုမိုဖြူဖျော့လာသည်။ အခြားတစ်ဖက်သည် သူငယ်စဥ်ကတည်းက ကြီးပြင်းလာခဲ့သော သူနှင့် ရင်းနှီးဆက်နွှယ်နေသည့် ရှာမန်နတ်ဘုရားကျောင်းတော်ဖြစ်ပြီး အခြားတစ်ဖက်ကမူ သူနှင့်သိတာမကြာသေးသော မိတ်ဆွေသူငယ်ချင်းတစ်ဦး ဖြစ်သည်။
ဤသူငယ်ချင်းသည် သူ့အသက်ကို ကယ်တင်ခဲ့၏… ဤသူငယ်ချင်းသည် သိတာမကြာသေးသော်လည်း တစ်ဦးနှင့်တစ်ဦး ကောင်းကောင်းနားလည်သည်ဟု ခံစားခဲ့ရသည်။ သူ့တောင်းဆိုမှုကြောင့်ပင် ဤသူငယ်ချင်းကို ထိုသွေးကျောက်တုံးကို ဝယ်ယူရန် သဘောတူခဲ့ခြင်းဖြစ်သည်…
စုမင်၏ အမူအယာမှာ တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် အဘိုးအိုနှုတ်မှ စကားများကိုကြားသည်နှင့် နတ်ဘုရားကြိုးမျှင်သစ်ရွက်ပါသော သွေးကျောက်တုံးကို ဆက်မခွဲတော့ပဲ သိုလှောင်အိတ်ထဲသို့ ချက်ချင်းသိမ်းဆည်းကာ ဖြစ်ပျက်နေသော အခြေအနေများကို အေးအေးဆေးဆေးပင် စောင့်ကြည့်နေလေသည်။
မြင့်မားသော ကျင့်ကြံဆင့်အားကိုးဖြင့် အဘိုးအို၏ မောက်မာသောစကားလုံးများနှင့် အထက်စီးဆန်သော လုပ်ရပ်များကို စုမင် ဘေးမှရပ်ကြည့်နေမိသည်။ သူ့ပတ်ပတ်လည်သို့ ဝိုင်းထားသော ရှာမန်နတ်ဘုရားကျောင်းတော်၏ အစောင့်အကြပ်များကိုလည်း သူမြင်ခဲ့ရသည်။ နောက်ဆုတ်သွားသော တိုင်မူ၏လုပ်ရပ်နှင့် ဝမ်ချိုး၏ တွေဝေတုန့်ဆိုင်းနေမှုတို့မှာလည်း သူ့မျက်လုံးထဲမှ လွတ်မသွားခဲ့ပါချေ။
ထို့အတူ ခေါင်းငုံ့ထားသော ထျန်းလန်မုန်ကိုလည်း သူမြင်မိ၏။ သူမနောက်မှ ကောင်းကင်မြူခိုးဘိုးဘေး ထွက်ပေါ်လာသောအခါတွင်လည်း ၎င်း၏ ရင်းနှီးနေသောအရှိန်အဝါက စုမင်အား မျက်မှောင်ကြုတ်သွားစေခဲ့သည်။
ဤနေရာတွင် သူ့ဘက်မှ ပြောပေးခဲ့သူဟူ၍ ဝတ်စုံဖြူ ကြယ်တာရာနတ်သမီးတစ်ဦးတည်းသာ ရှိသည်ကိုလည်း သူသေချာမြင်ခဲ့ရ၏။ သူမ၏ စကားလုံးများမှတစ်ဆင့် စိုးရိမ်ပူပန်စိတ်ကို စုမင်ခံစားမိလိုက်သော်လည်း ထိုအရာက သူမစိတ်ထဲတွင် သူသည် ‘ကံကြမ္မာ’ဆိုသူ ဖြစ်နေခြင်းကြောင့်လား၊ အခြားအရာတစ်ခုကြောင့်လား ဆိုသည်ကိုတော့ သူမသိပေ။
သို့သော် မည်သို့ပင်ဖြစ်စေ သူမယနေ့လုပ်ပေးခဲ့သည်ကို သူမှတ်ထားမှာဖြစ်သည်။
‘လောကမှာ အရာအားလုံးက အကြောင်းရှိလို့ ဖြစ်လာခဲ့တာပဲ။ ပြင်းထန်တဲ့ အပြောင်းအလဲတွေနဲ့ လောကဓံရဲ့ ရိုက်ခတ်မှုတွေသာမရှိရင် ငါတို့ဟာ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကို ခံထားရတဲ့ လူတွေရဲ့ တစ်ကယ့်သဘာဝအစစ်အမှန်ကို တွေ့မြင်နိုင်ဖို့ ခဲယဥ်းလိမ့်မယ်… အခုမှပဲ အကြီးအကဲ ဘာကိုဆိုလိုချင်တာလဲဆိုတာ ငါသေချာနားလည်သွားတော့တယ်’ စုမင်မျက်နှာမှာ တည်ငြိမ်နေပြီး နှုတ်ခမ်းထောင့်စွန်း၌ အပြုံးရေးရေးပင် ရှိနေခဲ့၏။
သူ့ထံလျှောက်လာနေသော ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲ၊ အောက်ဘက်ရှိလူအုပ်ကြီးထံမှ အကြည့်အမျိုးမျိုးနှင့် စိတ်ထဲတွင် လွန်ဆွဲနေသော နန်ကုန်းဟန်တို့အားကြည့်ရင်း စုမင်အပြုံးမှာ ပိုမိုတောက်ပလာခဲ့သည်။
ယခုအချိန်တွင် သူသည် အာရုံအစိုက်ခံရဆုံး ဖြစ်နေသော်လည်း ဤအာရုံစိုက်မှုမျိုးက သူ့စိတ်ထဲတွင် လိုချင်သောအရာမဟုတ်ပေ။ စုမင် စိတ်နှလုံးထဲတွင် တစ်စုံတစ်ရာကို သဘောပေါက်နားလည်သွားသလို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် အထီးကျန်မှု အရိပ်အမြွက်ကိုလည်း ခံစားလိုက်ရလေသည်။
သောင်းပေါင်းများစွာသော လူတို့၏ရှေ့တွင် မားမားမတ်မတ်ရပ်နေရသူက သူတစ်ဦးတည်းသာ…
“ဒါက အချိန်တွေ ဘယ်လောက်ပဲကုန်သွားသွား ပြောင်းလဲမသွားတဲ့ သန်မာသူသာ ရှင်သန်နိုင်လိမ့်မယ်ဆိုတဲ့ နိယာမပါလား…” စုမင် သက်ပြင်းဖွဖွ ချလိုက်မိသည်။ သူတစ်ချက်လှုပ်ရှားလိုက်သည်နှင့် စုမင်နံဘေးတွင် ပုံရိပ်ယောင်အရိပ်တစ်ခု တောက်ပသွားပြီး သူ၏ အခြေတည်စိတ်ဝိညာဥ်ကိုယ်ပွား ပေါ်လာခဲ့သည်။
ကိုယ်ပွားပေါ်လာသည်နှင့် စုမင်၏ အရှိန်အဝါမှာ ချက်ချင်းခုန်တက်သွားပြီး အထွတ်အထိပ် အလယ်အလတ်ရှာမန် တစ်ယောက်သဖွယ် ခံစားချက်မျိုး ပေါ်လာစေခဲ့သည်။
ကိုယ်ပွားပေါ်လာသည်နှင့် အောက်ဘက်ရှိ လူအုပ်ထံမှ ဆွေးနွေးသံအချို့ ခပ်တိုးတိုးပေါ်လာခဲ့သော်လည်း စုမင်ထံ လျှောက်လာနေသော မဟာအကြီးအကဲမှာမူ မျက်နှာသေသာဖြစ်ပြီး ကိုယ်ပွားကို ဂရုပင်မစိုက်ပါချေ။ သူ့အတွက်တော့ စုမင်မှာ ပုရွက်ဆိတ်တစ်ကောင်သာသာမျှသာ ဖြစ်နေသေးဆဲပင်…
“အခြေတည် စိတ်ဝိညာဥ်” ကြယ်တာရာနတ်သမီးမှာ မျက်လုံးအပြူးသားဖြင့် အံ့ဩမင်သက်နေခဲ့၏။
ဖြစ်စဥ်တစ်ခုလုံးကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့သော ကောင်းကင်မြူခိုးဘိုးဘေး၏ မျက်ဝန်းများမှာလည်း ကျဥ်းမြောင်းသွားခဲ့သည်။
ကိုယ်ပွားကို ခေါ်ထုတ်ပြီးသည်နှင့် စုမင်သည် ဘယ်လက်ဖြင့် အနောက်ဖက်သို့ ဝှေ့ယမ်းလိုက်သည်။ အနက်ရောင်မြူခိုးလွှာတစ်ခု ချက်ချင်းပျံ့နှံ့လာပြီး ထိုနေရာတစ်ဝိုက် ပြည့်နှက်သွားကာ စုမင်နံဘေးတွင် အဆိပ်အလောင်းကောင် ပေါ်လာခဲ့သည်။
အဆိပ်တို့ဖုံးလွှမ်းနေသော ခန္ဓာကိုယ်နှင့် မွဲခြောက်ခြောက် မျက်လုံးများဖြင့် အဆိပ်အလောင်းကောင် ပါဝင်လာမှုကြောင့် အခြားသူများအမြင်တွင် စုမင်သည် အထွတ်အထိပ်သို့ရောက်နေသော အလတ်အလတ်ရှာမန် တစ်ယောက်ထက် ကျော်လွန်သွားခဲ့ချေပြီ။ ကိုယ်ပွား၊ အဆိပ်အလောင်းနှင့် စုမင်တို့သည် တစ်ယောက်တည်းအဖြစ် စုပေါင်းထားကြသလိုပင် ဖြစ်သည်။
မဟာအကြီးအကဲမှာ မျက်လုံးများ အနည်းငယ်တောက်ပသွားသည်မှအပ ယခင်အတိုင်း တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်။ ယခုအချိန်၌ သူနှင့် စုမင်ကြားရှိ အကွာအဝေးမှာ ပေတစ်ထောင်ပင် မဝေးတော့ချေ။ အဘိုးအို၏ ခြေလှမ်းများမှာ နှေးကွေးသော်လည်း ခြေတစ်ချက်ချလိုက်တိုင်း လေဟာနယ်မှာ တုန်ခါသွားပြီး ခပ်တိုးတိုးပေါက်ကွဲသံများ ပေါ်လာခဲ့သည်။
“ယင်ကိုးပါး စစ်သည်တော်ဝိညာဥ်”
စုမင်သည် တည်တည်ငြိမ်ငြိမ်ပင် ညာလက်ဖြင့် အရှေ့သို့ ဝှေ့ယမ်းလိုက်ရာ ယင်ဝိညာဥ်အမှတ်အသားမှာ အလွန်စူးရှတောက်ပလာပြီး သွေးဆာသော ကျယ်လောင်သည့် ရယ်မောသံနှင့်အတူ စုမင်လက်ခုံပေါ်ရှိ အမှတ်အသားမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ကျယ်ပြောလှသော ကောင်းကင်ယံတွင် အနီရောင် လျှပ်စီးကြောင်းတစ်ခု ရုတ်တရက်ပေါ်လာပြီး ဝုန်းခနဲ ကျဆင်းလာသည်။
ထိုလျှပ်စီးကြောင်းသည် လောကအဆုံးမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထဲတွင် မိုးခြိမ်းသံတမျှကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟည်းသွားသည်။ ထို့နောက် တစ်ဆက်တည်းလိုလို ကျယ်လောင်သောပေါက်ကွဲသံ ရှစ်ချက်ဆက်တိုက်ပေါ်လာပြီး စုမင်အရှေ့ရှိ လျှပ်စီးကြောင်းထဲတွင် အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း ပုံရိပ်တစ်ခု ချက်ချင်းပေါ်လာခဲ့သည်။
ပေသုံးရာခန့်မြင့်မားသော ထိုလူ၏ပုံစံမှာ လူ့ဘီလူးကြီးတစ်ကောင်သဖွယ်ပင် ဖြစ်သည်။ တုတ်ခိုင်သော ကြွက်သားဆိုင်တို့ဖြင့် ထိုနေရာတွင်ရပ်နေသော သူ့ပုံစံက မြေပြင်ထက်မှ တိုးထွက်နေသည့် တောင်မြင့်ကြီးတစ်ခုအလားပင်…
သူ၏ အနက်ရောင် ငွေချပ်ဝတ်၊ သွေးနီရောင်ဆံပင်များနှင့် ဒဏ်ရာအမာရွတ်များအပြင် သူ့ကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်းအငွေ့အသက်များနှင့် တိုက်ပွဲအရှိန်အဝါတို့ကြောင့် စုမင်ဆင့်ခေါ်လိုက်သော ယင်ဝိညာဥ်မှာ စစ်နတ်ဘုရားတစ်ပါးအလားပင် ဖြစ်သည်။
“အပြင်ထွက်ပြီး လူမသတ်ရတာတောင် ကြာခဲ့ပြီပဲ။ ဒီနေ့တော့ ကျေနပ်တဲ့အထိ သတ်နိုင်တော့မယ်ထင်တယ် ဟားဟား” ချပ်ဝတ်အပြည့်ဖြင့် ယင်ဝိညာဥ်၏ ကျယ်လောင်သော စကားသံက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။
ယင်ဝိညာဥ်ပေါ်လာသည်နှင့် မဟာအကြီးအကဲ၏ မျက်နှာထားမှာ ပြောင်းလဲသွားခဲ့လေပြီ။ သူ့ခြေလှမ်းများမှာ ချက်ချင်းရပ်တန့်သွားသလို အခြားလူများမှာလည်း အလားတူပင် ဖြစ်သည်။
ကောင်းကင်မြူခိုးဘိုးဘေး၏ မျက်လုံးများမှာ တောက်ပသွားပြီး မျက်နှာထက်တွင် အပြုံးတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။
အောက်ဘက်ရှိ လူအုပ်ကြီးမှာမူ ယင်ဝိညာဥ်ကိုမြင်သည်နှင့် တီးတိုးဆွေးနွေးသံများ ပေါ်လာတော့သည်။
“သူဘာလို့ ဒီလောက်ရဲတင်းနေတယ်မှတ်တာ လက်စသတ်တော့ ယင်ကိုးပါးဝိညာဥ်တစ်ကောင် ငှားရမ်းထားတာကိုး”
“ငါ အဲဒီယင်ဝိညာဥ်ကို မှတ်မိတယ်။ သူက… သူက စတုတ္ထအလွှာကပဲ။ ဒါပေမယ့် သူ့ကာကွယ်မှုကိုရဖို့ တန်ဖိုးက အရမ်းမြင့်လွန်းတယ်။ တစ်ကယ်ကြီး သူ့ကို ခေါ်ထုတ်နိုင်တဲ့သူ တစ်ယောက်ယောက်ရှိတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး”
“ကြည့်ရတာတော့ သူ့မှာ နှောင်းပိုင်းရှာမန်တစ်ယောက်ရဲ့ စွမ်းအားရှိနေတဲ့ပုံပဲ။ သူနဲ့ ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ မဟာအကြီးအကဲတိုက်ရင် ဘယ်သူနိုင်မလဲဆိုတာတောင် သိချင်လာပြီ”
မဟာအကြီးအကဲ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် စုမင်မျက်လုံးထဲတွင် အေးစက်စက် အကြည့်စူးစူးတစ်ခု ပေါ်လာခဲ့သည်။ နံဘေးရှိ ကိုယ်ပွားသည် ညာလက်ကို အလျင်အမြန် မြှောက်လိုက်ရာ ကျောက်စိမ်းဓားရှည်သည် ရှေ့သို့ ချက်ချင်းတိုးဝင်သွားပြီး အနက်ရောင်ပိုးတောင်မာများမှာ ကောင်းကင်ကို ဖြန့်ကျက်ဖုံးအုပ်သွားကြသည်။
အဆိပ်အလောင်းသည် ပါးစပ်ကိုဟကာ မပြတ်မသား ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်အနှံ့တွင် အမည်းရောင်သွေးကြောများ ဖောင်းကြွလာပြီး မွေးညှင်းပေါက်များမှတစ်ဆင့် အဆိပ်မြူများ တိုးထွက်လာသည်။ လက်နှစ်ဖက်မှ လက်သည်းများပင် ရှည်ထွက်လာပြီး စူးရှသောအလင်းတစ်မျိုး တောက်ပနေလေသည်။
တစ်ချိန်တည်းမှာပင် စုမင်သည်လည်း အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဘယ်လက်ဖြင့် ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ ဤသည်က လေထုခွဲဖြာခြင်းပုံစံသုံးမျိုးထဲမှ ပထမပုံစံဖြစ်သော ‘မူလဘူတနေမင်း’ ၏ အစပျိုး တိုက်ကွက်ဖြစ်သည်။
“ကျူပ်ပိုင်တာကို လိုချင်ရင်တော့ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်။ ခင်ဗျားက ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ မဟာအကြီးအကဲဆိုရင်တောင် အဲဒါက အတူတူပဲ”
“ကာကွယ်သူ ယင်ဝိညာဥ်၊ ကျုပ်အတွက် ဒီလူကိုတိုက်ခိုက်ပေးပါ”
စုမင်ထံမှ စကားသံပေါ်လာသည်နှင့် သူ့ရှေ့ရှိ ယင်ဝိညာဥ်သည် သူ့တစ်ရပ်ခန့်ရှိသော တိုက်ပွဲပုဆိန်ကြီးအား ကိုင်ဆောင်ထားသည့် ညာလက်ကိုမြှောက်ကာ ကောင်းကင်သို့မော့၍ ကျယ်လောင်စွာ ကြုံးဝါးလိုက်ချေသည်။