← Chapters

တိုက်ပွဲ

Vol. 33 Ch. 452

တိုက်ပွဲ

Vol. 33 Ch. 452

“ကိုယ့်စွမ်းအားက သူများထက်သာတယ်ဆိုတိုင်း တစ်ပါးသူရဲ့ စိတ်ဆန္ဒကို ထိန်းချုပ်လို့ရတယ်ပေါ့” စုမင်အသံမှာ အလွန်အမင်း‌ အေးစက်နေသည်။ ယခုလိုပင် အမြဲတမ်းဖြစ်ပွားခဲ့ဖူးသည်ကို သူမှတ်မိနေ၏။ နက်မှောင်တောင်တွင် နေထိုင်ခဲ့စဥ်ကလည်း ထိုနည်း၎င်းပင်ဖြစ်သည်။ ပိထူသည် သူ၏ခွန်အားကြောင့် မည်သည်ကိုမှဂရုစိုက်စရာမလိုဟု ထင်ခဲ့၏။

သူ ဟန်တောင်တန်းသို့ ရောက်လာချိန်တွင်လည်း ဟယ်ဖုန်းကို လိုက်လံသတ်ဖြတ်နေခဲ့သော ဧည့်သည်မှာ အလားတူပင်ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်နက်ရှိုင်းမှုကို အားကိုးလျက် အားနည်းသူများကို ဖိနှိပ်ခဲ့ခြင်းပင်…

တိထျန်းနှင့် ရင်ဆိုင်ရပြန်သောအခါတွင်လည်း ထိုကဲ့သို့ စွမ်းအားမဲ့သော ခံစားချက်ကို စုမင်ထပ်မံ၍ ခံစားမိခဲ့ပြန်သည်။ သူနှင့် သက်ဆိုင်သမျှ အရာအားလုံးမှာ ထိန်းချုပ်ခံထားရပြီး သူ့ကံကြမ္မာကိုပင် သူမပိုင်ချေ။ ထို့အပြင် ဤအရာအားလုံးမှာလည်း သူ့ဆန္ဒကို အခြားသူများ လိုက်လျောလာရန် ဖိအားပေးနိုင်သော တိထျန်း၏ ခွန်အားကြောင့်ပင်ဖြစ်သည်။

‘ဒါက စွမ်းအားကြီးသူတွေသာ ရှင်သန်နိုင်မယ့် လောကနိယာမတဲ့လား… ဒါကသာ လောကနိယာမဆိုရင်တော့ ငါ အားနည်းသူအဖြစ်မခံနိုင်ဘူး။ ငါ သန်မာချင်တယ်။ ဒီစက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လောကနိယာမကိုချေဖျက်နိုင်တဲ့အထိ သန်မာချင်တယ်”

စုမင်အရှေ့ရှိ ယင်ဝိညာဥ်သည် တိုက်ပွဲပုဆိန်ကိုမြှောက်ကာ ကြုံးဝါးလိုက်ပြီး မဟာအကြီးအကဲထံသို့ လွှဲယမ်းကာ ခုတ်ချလိုက်သည်။ ပုဆိန်ခုတ်ချက် ကျဆင်းလာသည်နှင့် ကောင်းကင်နှင့်မြေပြင်ထံမှ တော်လဲသံများ မြည်ဟည်းသွားပြီး လေထုသည်ပင် ဆုတ်ပြဲသွားကာ အက်ကြောင်းတစ်ခုပေါ်လာခဲ့သည်။ မဟာအကြီးအကဲ၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး ညာလက်ညှိုးကိုမြှောက်၍ ကျဆင်းလာသော ပုဆိန်ခုတ်ချက်ထံ အလျင်အမြန် ညွှန်ပြလိုက်သည်။

မဟာအကြီးအကဲ၏ ညာလက်ညှိုးမှာ မည်းနက်သွားပြီး လက်ညှိုးမှ အမည်းရောင်အငွေ့များ ပန်းထွက်လာကာ အငြိုးအတေးဝိညာဥ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုဝိညာဥ်တွင် ယောကျာ်း၊ မိန်းမ၊ လူကြီး၊ လူငယ်တို့၏ မျက်နှာများပါသည့် ဦးခေါင်းရှစ်လုံးရှိသည်။ ထိုမျက်နှာများမှာ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေပြီး စူးစူးဝါးဝါးအော်မြည်လျက် ကြွေကျလာသော ကြယ်တာရာတစ်ခုသဖွယ် တိုက်ပွဲပုဆိန်ထံ တိုးဝင်သွားသည်။

“မကောင်းဆိုးဝါး ဝိညာဥ်၊ အဆုံးသတ်ရှာမန်ဖြစ်ဖို့ လမ်းဝက်ရောက်နေတဲ့ နတ်ဆရာဆိုတဲ့အတိုင်း… သူက တစ်ကယ်ကြီး မကောင်းဆိုးဝါး ဝိညာဥ်တစ်ကောင် ဖန်တီးနိုင်ခဲ့ပြီပဲ”

လူအုပ်ထဲမှ တစ်စုံတစ်ဦးသည် ထိုအရာကိုမြင်သည်နှင့် ချက်ချင်းသတိပြုမိသွားခဲ့သည်။

ခေါင်းရှစ်လုံး မကောင်းဆိုးဝါး ဝိညာဥ်၏ ခန္ဓာကိုယ်မှာ လေနှင့်ထိသည်နှင့် ပိုမိုကြီးထွားလာသည်။ ၎င်းသည် တစ်ခဏအတွင်း ပေတစ်ရာနီးပါးခန့် ကြီးမားလာပြီး ကျဆင်းလာသော ပုဆိန်နှင့် တိုက်မိသွားခဲ့သည်။ ထိခတ်မှုကြောင့် ကြောက်မက်ဖွယ်ပေါက်ကွဲသံများ ထွက်ပေါ်လာစဥ်မှာပင် စုမင်၏ အေးစက်စက်အသံက နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။

“ကိုယ့်စွမ်းအားက သူများထက်သာတယ်ဆိုတိုင်း တစ်ပါးသူရဲ့ ပိုင်ဆိုင်မှုကိုရော လုယက်လို့ရတယ်ပေါ့”

တိုက်ပွဲပုဆိန်နှင့် မကောင်းဆိုးဝါး ဝိညာဥ်တို့ တိုက်မိသွားသည်နှင့် တစ်ပြိုင်နက် စုမင်၏ကိုယ်ပွားမှာ အရှေ့သို့ အလျင်အမြန်ပြေးထွက်သွားသည်။ မဟာအကြီးအကဲအနားသို့ မရောက်ခင်မှာပင် အနက်ရောင်ပိုးတောင်မာများသည် လက်မဲကြီးတစ်ခုအသွင်ပြောင်းလျက် မဟာအကြီးအကဲကို ဖမ်းဆုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကိုယ်ပွားထံမှ ခပ်တိုးတိုးကြုံးဝါးသံတစ်ခု ထွက်ပေါ်လာသည်။

“အသွင်ကူးပြောင်းလဲခြင်း ကိုးမျိုး၊ ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဆယ်ရပ်၊ လက်ခံကူးပြောင်း”

စကားဆုံးသည်နှင့် ကိုယ်ပွားသည် ညာလက်ဖြင့် မဟာအကြီးအကဲအား ညွှန်ပြလိုက်သည်။ ကိုယ်ပွား၏ ညာလက်ညှိုးမှာ အနက်ရောင်အလင်းတစ်ဖြာ တောက်ပလာပြီး ချက်ချင်းဆိုသလို မည်းနက်သွားသည်။ တစ်ချိန်တည်းမှာပင် ထိုလက်ညှိုးမှ အနက်ရောင်အခိုးအငွေ့များ တိုးထွက်လာပြီး မဟာအကြီးအကဲ၏ အစီအရင်ဖြင့် ဆင့်ခေါ်ခဲ့သော မကောင်းဆိုးဝါးဝိညာဥ်နှင့် တစ်ထပ်တည်းတူညီသည့် မကောင်းဆိုးဝါးဝိညာဥ်အဖြစ် ပြောင်းလဲသွားသည်။

ကိုယ်ပွားထံမှ မကောင်းဆိုးဝါးဝိညာဥ် ပေါ်လာသည်နှင့် စောင့်ကြည့်နေသူအားလုံး၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး မဟာအကြီးအကဲသည်ပင် အံ့ဩထိတ်လန့်သွားတော့သည်။

“အသွင်ကူးပြောင်းလဲခြင်း ကိုးမျိုး၊ ဆင့်ကဲပြောင်းလဲ”

ကိုယ်ပွား၏ မျက်လုံးများထဲတွင် အနက်ရောင်အလင်းတို့ တောက်ပလာပြီး သူ့အရှေ့ရှိ မကောင်းဆိုးဝါးဝိညာဥ်၏ ဦးခေါင်းရှစ်လုံးပေါ်တွင် အနက်ရောင်ဦးချိုတစ်ချောင်းဆီ ပေါ်လာခဲ့သည်။ ဦးခေါင်းများသည် တစ်ပြိုင်တည်း ဟိန်းဟောက်လိုက်ပြီး အနက်ရောင်ပိုးတောင်မာများမှ ဖြစ်ပေါ်လာသည့် ဧရာမလက်ကြီးနှင့်အတူ မဟာအကြီးအကဲထံ တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် ယင်ဝိညာဥ်သည်လည်း ထိတွေ့မှုကြောင့် သူ၏ တိုက်ပွဲပုဆိန်အား အနောက်သို့တွန်းထုတ်ခံလိုက်ရခြင်းကို ဂရုမထားပဲ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှေ့သို့တိုးဝင်သွားသည်။ ထို့နောက် သူ့ခွန်အားနှင့် လက်မောင်းတို့ကိုသုံး၍ တွန်းကန်အားကို ခံယူလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ပိုမိုပြင်းထန်သော စွမ်းအားတစ်ခု ပေါက်ကွဲထါက်ပေါ်လာပြန်သည်။ ထိုခွန်အားသက်သက်ဖြင့်ပင် တွန်းကန်အားကို တောင့်ခံလိုက်ပြီး ညာလက်ဖြင့် တိုက်ပွဲပုဆိန်ကို ထပ်မံဝှေ့ယမ်းကာ ခုတ်ချလိုက်ပြန်သည်။

ထို့နောက် ချက်ချင်းဆိုသလို ယင်ဝိညာဥ်၏ပါးစပ်မှ ရှေးဟောင်းဂါထာရွတ်သံတစ်ခု ထွက်ပေါ်လာသည်။ သူ့ပါးစပ်မှ ထိုစကားလုံးများ ပေါ်လာသည်နှင့် ယင်ဝိညာဥ်၏ ကိုယ်ပေါ်တွင် သစ်ပင်များတွင်ရှိသော အရစ်သဏ္ဍာန် အကွင်းများပေါ်လာခဲ့သည်။ ယင်ဝိညာဥ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို သိပ်သည်းစွာဖုံးအုပ်ထားသော ထိုအရစ်များကြောင့် ကောင်းကင်ထက်တွင် ကြီးမားသောပုံရိပ်ယောင်ကြီးတစ်ခု ပေါ်လာခဲ့သည်။

ထိုအရာမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားသော သစ်ပင်ကြီးတစ်ပင်၏ ပုံရိပ်ယောင်ဖြစ်သည်။ ထိုအချိန်မှာပင် သစ်ပင်သည် တစ်စုံတစ်ရာကို ဖိနှိပ်ထားရန် ရည်ရွယ်နေဟန်ဖြင့် အလျင်အမြန်နိမ့်ဆင်းလာပြီး မဟာအကြီးအကဲထံသို့ တိုးဝင်သွားသည်။

မဟာအကြီးအကဲ၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး နောက်သို့ ထပ်မံဆုတ်ခွာပေးလိုက်ရပြန်သည်။ သူ့အတွက်တော့ ဤသည်က အရှက်ရစရာပင်ဖြစ်သည်။ အဆုံးသတ်ရှာမန်ဖြစ်ရန် လမ်းတစ်ဝက်သို့ ရောက်နေသော အင်အားကြီးရှာမန်တစ်ဦးဖြစ်သည့် မဟာအကြီးအကဲသို့ အနောက်သို့ နှစ်ကြိမ်ဆုတ်ပေးလိုက်ရ၏။ ယင်ဝိညာဥ်မှာ အမှန်တစ်ကယ်ပင် အားကောင်းသည်မှန်သော်လည်း ယခုလိုဆုတ်ပေးလိုက်ရခြင်းက သူ့အတွက် အရှက်ရစရာဖြစ်နေချေပြီ။ အထူးသဖြင့်တော့ သူသည် လူပေါင်းများစွာ၏ မျက်စိရှေ့တွင် နောက်ဆုတ်ပေးလိုက်ရခြင်းပင်…

“မင်းအတွက် ယင်ဝိညာဥ်ကို တိုက်ပေးခိုင်းတယ်ဆိုမှတော့၊ ငါမင်းကို သတ်ဖို့ပိုအဆင်ပြေသွားတာပေါ့”

မဟာအကြီးအကဲ၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်ပလာသည်။ ထို့နောက် လက်ဖဝါးနှစ်ဖက်ကိုဖြန့်၍ အရှေ့သို့တွန်းထုတ်လိုက်ရာ လက်ဆယ်ချောင်းလုံး အရည်ပျော်လာပြီး အနက်ရောင်မြူများအဖြစ် ပြောင်းလဲသွားသည်။

ထိုအနက်ရောင်မြူများသည် အဘိုးအိုရှေ့မှာပင် အနက်ရောင်လှိုင်းလုံးကြီးအသွင် ပြောင်းလဲသွားပြီး အရှေ့သို့ အလျင်အမြန် ပျံ့နှံ့သွားကာ သူ့ထံတိုးဝင်လာသမျှ နတ်ဘုရားစွမ်းရည်အားလုံးနှင့် ရင်ဆိုင်လိုက်သည်။

“နတ်ဆရာတို့၏ ဗလာနယ်ကိုထိတွေ့ခြင်း” အဘိုးအိုထံမှ ခပ်တိုးတိုးကြုံးဝါးသံပေါ်လာသည်နှင့် အနက်ရောင်လှိုင်းလုံးကြီးသည် အလွန်လျင်မြန်သောအရှိန်ဖြင့် ရှေ့သို့တိုးထွက်သွားပြီး အနက်ရောင်ပိုးတောင်မာတို့၏ ဧရာမလက်ကြီးဖြင့် ပထမဆုံးထိတွေ့သွားခဲ့သည်။ ထိုလက်ကြီးသည် အနက်ရောင်လှိုင်းလုံးကို ထိမိသည်နှင့် ချက်ချင်းဆိုသလို ဝုန်းခနဲပေါက်ကွဲသွားပြီး အတွင်းထဲရှိ ပိုးတောင်မာများမှာလည်း နောက်သို့ပြန်လည်လွင့်စင်ကုန်သည်။

တစ်ချိန်တည်းမှာပင် ကိုယ်ပွား၏ ‘အသွင်ပြောင်းလဲခြင်း’ ကျင့်စဥ်မှ ဖြစ်ပေါ်လာသော မကောင်းဆိုးဝါးဝိညာဥ်သည်လည်း စူးစူးဝါးဝါးအော်မြည်လျက် ထိုအနက်ရောင်လှိုင်းလုံးကို တိုက်ခိုက်လိုက်သည်။ ချက်ချင်းဆိုသလို ခေါင်းရှစ်လုံးမှာ ဖုန်မှုန့်များအဖြစ် ပေါက်ကွဲထွက်သွားပြီး ခေါင်းတစ်လုံးသာ ကျန်ရစ်ခဲ့၏။ ကိုယ်ပွား၏ မကောင်းဆိုးဝါးဝိညာဥ်သည် မဟာအကြီးအကဲ၏ ဝိညာဥ်နှင့် အလွန်တူညီနေခဲ့သဖြင့် လှိုင်းလုံးကိုဖြတ်ကျော်နိုင်သွားပြီး မဟာအကြီးအကဲထံ ဆက်လက်တိုးဝင်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်ဝိညာဥ်၏ တိုက်ပွဲပုဆိန်နှင့် လှိုင်းလုံးတို့ ထိခတ်သွားသောအခါ ကျယ်လောင်သော ပေါက်ကွဲမြည်ဟည်းသံနှင့်အတူ ကောင်းကင်ယံမှာ တုန်ခါသွားခဲ့သည်။ ယင်ဝိညာဥ်၏ ခန္ဓာကိုယ်ကြီးမှာ အနောက်သို့လွင့်စင်သွားခဲ့ပြီး သူ့မျက်လုံးထဲတွင် ရူးသွပ်မှုများ ပေါ်လာခဲ့၏။ ထို့နောက် သူ့ပါးစပ်မှ ဂါထာရွတ်သံတစ်ခု ပေါ်လာပြီး သူ့အရှေ့ရှိ တိုက်ပွဲပုဆိန်ကို ခေါင်းဖြင့် ဝင်ဆောင့်လိုက်ရာ တိုက်ပွဲပုဆိန်မှာ ချက်ချင်းပေါက်ကွဲသွားခဲ့သည်။

ပျက်ဆီးသွားသော တိုက်ပွဲပုဆိန်ထံမှ သိပ်သည်းသော စွမ်းအင်လှိုင်းတစ်ခု ပေါ်လာပြီး မဟာအကြီးအကဲ၏ အနက်ရောင်လှိုင်းလုံးကို ပြင်းပြင်းထန်ထန် ဝင်တိုက်လိုက်သည်။ လေထုထဲတွင် တဝုန်းဝုန်းပေါက်ကွဲသံများ ပျံ့နှံ့သွားပြီး ယင်ဝိညာဥ်သည် သွေးတစ်လုတ်အန်ကာ နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ပေးလိုက်ရ၏။

သို့သော်ငြား ချပ်ဝတ်ခေါင်းဆောင်းအောက်ရှိ သူ့မျက်လုံးများမှာမူ တိုက်ခိုက်လိုစိတ်တို့ဖြင့် ပိုမိုတောက်ပလာခဲ့လေသည်။

ယင်ဝိညာဥ်၏ တိုက်ပွဲပုဆိန်ပျက်ဆီးသွားသော ပေးဆပ်လိုက်ရမှုနှင့်အတူ အနက်ရောင်လှိုင်းလုံးမှာလည်း ဝေဝါးပုံပျက်သွားခဲ့သည်။ ၎င်းသည် အကြိမ်အနည်းငယ်ခန့် တောက်ပသွားပြီးနောက် ချက်ချင်းပျက်ဆီးသွားကာ အနက်ရောင်မြူများအသွင်ဖြင့် နောက်သို့ပြန်လည်ဆုတ်ခွာသွားကြသည်။

တိုက်ပွဲမှာ ပြီးဆုံးမသွားသေးပေ။ ကောင်းကင်ထက်ရှိ ဧရာမပုံရိပ်ယောင်သစ်ပင်ကြီးမှာ မဟာအကြီးအကဲကို ဖိချေပစ်ရန်ကြံရွယ်လျက် တိုးဝင်လာနေဆဲဖြစ်သည်။ မဟာအကြီးအကဲသည် လက်မောင်းကိုရှေ့သို့ ဝှေ့ယမ်းလိုက်ပြီး သစ်ပင်ကို ရိုက်ထုတ်လိုက်၏။ တဝုန်းဝုန်းပေါက်ကွဲသံများ နောက်တစ်ကြိမ် ပေါ်ထွက်လာပြီး ပုံရိပ်ယောင်သစ်ပင်ကြီးမှာ တစ်လက်မချင်း ပဲ့ကြွေပျက်စီးသွားတော့သည်။

မဟာအကြီးအကဲ၏ အနေအထားမှာလည်း ယခင်လောက်မကောင်းတော့ပဲ သူ့မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေခဲ့ချေပြီ။ ပုံရိပ်ယောင်သစ်ပင်ကို ဖျက်ဆီးပြီးသည်နှင့် မဟာအကြီးအကဲသည် လျှာကိုကိုက်၍ သွေးတစ်ငုံထွေးထုတ်လိုက်သည်။ ထိုသွေးစက်များသည် သူနှင့် ဆယ်ပေခန့်ပင်မဝေးတော့သော ကိုယ်ပွား၏ နောက်ဆုံးကျန်သည့် ခေါင်းတစ်လုံးဖြင့် ဝိညာဥ်ဆိုးထံ တိုးဝင်သွားသည်။

“ကိုယ့်စွမ်းအားက သူများထက်သာတယ်ဆိုတိုင်း တစ်ပါးသူတွေကို ပုရွက်ဆိတ်တွေလို ဆက်ဆံလို့ရတယ်ပေါ့”

စုမင်၏ အသံက လေထုကို ဖြတ်သန်းထွက်ပေါ်လာပြန်သည်။ သူ့နံဘေးရှိ အဆိပ်အလောင်း၏ မျက်လုံးထဲတွင် မီးခိုးရောင်အလင်းတစ်ဖြာ တောက်ပလာပြီး အဆိပ်အလောင်းသည် ရှေ့တစ်ချက်ခုန်ကာ မဟာအကြီးအကဲထံ တိုးဝင်သွားသည်။

အဆိပ်အလောင်း၏ ခန္ဓာကိုယ်မှ ၎င်း၏ မာန်ဝိညာဥ်နယ်ပယ်စွမ်းအားများ ရုတ်တရက်ထွက်ပေါ်လာသည်။ သူ့အား အဆိပ်မြူများ ဝန်းရံနေပြီး သားရဲတစ်ကောင်သဖွယ် ဟိန်းဟောက်လျက် အရှေ့သို့တိုးဝင်သွားလေသည်။

အခြားတစ်ဖက်ရှိ ကိုယ်ပွားသည် လက်နှစ်ဖက်ဖြင့် လက်ဟန်သ‌င်္တေများ စတင်ပြုလုပ်လိုက်သည်။ ကျောက်စိမ်းဓားရှည်၏ အရွယ်အစားမှာ အဆပေါင်းများစွာ ကြီးမားလာပြီး ဧရာမဓားရှည်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ကိုယ်ပွားသည် ၎င်း၏ အခြေတည်စိတ်ဝိညာဥ်ထံမှ ချီတစ်ချို့ကို မှုတ်ထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဧရာမဓားရှည်ကြီးအနီး၌ လေပွေများစွာဖြစ်ပေါ်လာသည်။ ပေတစ်ထောင်ဧရိယာကို တောက်ပသွားစေသော အလင်းတန်းနှင့်အတူ ဓားရှည်သည် မဟာအကြီးအကဲကို ခုတ်ချလိုက်သည်။

အဆိပ်အလောင်းနှင့် ကိုယ်ပွားတို့နောက်ရှိ ယင်ဝိညာဥ်သည် ခေါင်းဆောင်းကိုချွတ်ကာ ၎င်း၏မျက်နှာကို လှစ်ဟပြလိုက်သည်။ အက်ကြောင်းများအပြည့်ဖြင့် အညိုရောင်အရေပြားကြောင့် သူ့ပုံစံမှာ သစ်ပင်တစ်ပင်နှင့် တူနေလေသည်။ ယင်ဝိညာဥ်သည် ခေါင်းဆောင်းကို လွှင့်ပစ်လိုက်ကာ ကောင်းကင်သို့မော့၍ ဟိန်းဟောက်ကြုံးဝါးလိုက်သည်။

သူ့ကိုယ်ပေါ်ရှိ အရစ်များမှာ ပိုမိုများပြားလာပြီး ခန္ဓာကိုယ်ကြီးမှာလည်း ချက်ချင်းဆိုသလို အဆပေါင်းများစွာ ပိုမိုကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယင်ဝိညာဥ်သည် ပေတစ်ထောင်အရွယ်အစားသို့ ရောက်ရှိသွားပြီး အဝေးမှကြည့်လျှင် ၎င်း၏ပုံစံက သစ်ပင်ကြီးတစ်ပင်အလားပင်…

သူ၏ ဆံပင်များမှာလည်း လျင်မြန်စွာရှည်ထွက်လာပြီး မိုးမခပင်၏ ကိုင်းခက်များသဖွယ် ဖြစ်လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ကြီး ကြီးမားလာသည်နှင့် ယင်ဝိညာဥ်သည် ရှေ့သို့ ခြေလှမ်းကျဲကြီး လှမ်းလိုက်ပြီး မဟာအကြီးအကဲထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ထိုလက်သီးချက်၏ ပုံစံသည် သစ်ကိုင်းကြီးတစ်ကိုင်း တိုးထွက်လာသလိုပင်။ ၎င်းထံမှ ရှေးကျသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး ထိုလက်မောင်းအတွင်း အသက်ဓာတ်များပင် ပေါကြွယ်ဝနေလေသည်။

စုမင်သည် အဝေးတွင်ရပ်လျက် ထိုမြင်ကွင်းကို အေးတိအေးစက်ပင် စိုက်ကြည့်နေလိုက်သည်။ မဟာအကြီးအကဲ၏ မျက်နှာထားမှာသုန်မှုန်သွားသည်။ ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲအနေဖြင့် လူတစ်ဦးအား တိုက်ခိုက်ရန် အခြားသူထံမှ အကူအညီယူရမည်ဆိုလျှင် ဤသည်က သူယနေ့ ခံစားခဲ့ရသမျှထဲတွင် အကြီမားဆုံး အရှက်ခွဲခံရခြင်း ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် ရှာမန်နတ်ဘုရားကျောင်းတော်ထံမှ အစောင့်အကြပ်များ၏ တိုက်ခိုက်မှုကိုယူရန် တွေးမထားခြင်းဖြစ်သည်။ စုမင်၏ ကိုယ်ပွား၊ အဆိပ်အလောင်းနှင့် ယင်ဝိညာဥ်တို့ နီးကပ်လာသည်နှင့် မဟာအကြီးအကဲ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ တောက်ပလာသည်။ သူသည် ညာလက်ဖြင့် လေထုထဲမှ ဆွဲယူလိုက်သည်နှင့် သူ့လက်ထဲတွင် အနက်ရောင်သစ်ရွက်တစ်ရွက် ပေါ်လာခဲ့သည်။

အဘိုးအိုသည် ထိုသစ်ရွက်ကို ပါးစပ်ထဲထည့်ကာ ဝါးလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှာ ချက်ချင်းဝေဝါးသွားပြီး ကိုယ်ပွား၏ဓားချက်မှာ လွဲသွားပြီး အဘိုးအိုသည် အဝေးတွင်ရပ်နေသော စုမင်အနောက်၌ ရုတ်တရက်ပေါ်လာခဲ့၏။

သူပေါ်လာသည်နှင့် စုမင်သည် ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ အလွန်လျင်မြန်သော အရှိန်ကြောင့် မျက်စိတစ်မှိတ်အတွင်း ပေရာပေါင်းများစွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ချက်ချင်းလိုလိုပင် ညာလက်ကို ကောင်းကင်သို့မြှောက်ကာ ဝှေ့ယမ်းလိုက်လေသည်။

ထိုသို့ဝှေ့ယမ်းလိုက်သည်နှင့် လေပြင်းတစ်ခု လှုပ်ခတ်ဖြစ်ပေါ်လာခဲ့သည်။

“ငါ့လက်မောင်းတွေကို ဝှေ့ယမ်းလိုက်တဲ့အခါ လေဖြစ်ပေါ်လာတယ်…” စုမင်သည် တိုးညှင်းစွာရေရွတ်လိုက်သည်။ သူ့ကိုယ်ထဲရှိ လေစွမ်းအင်ရင်းမြစ်သည် အလျင်အမြန်လည်ပတ်လာပြီး ကောင်းကင်ယံမှ ညည်းသံတစ်ခုထွက်ပေါ်လာသည်။ ထိုအသံမှာ လေ၏ အသံပင်ဖြစ်သည်။

စုမင်အား ဗဟိုပြုလျက် လီရာပေါင်းများစွာ ဧရိယာအတွင်း လေပြင်းများ တိုက်ခတ်လာသည်။ လေပြင်းများသည အရပ်မျက်နှာအနှံ့မှ တိုးဝင်လာပြီး လေပွေတစ်ခုအသွင် တိုက်ခတ်ပြောင်းလဲလာသည်။ ဤသည်က… မုန်တိုင်းတစ်ခု အစပျိုးလာသည့်အလားပင်။

“မုန်တိုင်းရောက်ရှိလာတဲ့အခါ၊ တိမ်ပင်လယ်ပေါ်လို့ လေဆင်းသက်လာလိမ့်မယ်” စုမင်သည် အသံတိုးတိုးဖြင့် ရေရွတ်ရင်း ညာလက်ကိုမြှောက်ကာ လက်သီးဆုပ်အသွင် ပြောင်းလဲလိုက်သည်။

ထိုအချိန်တွင် လေဝဲကြီးအတွင်းရှိ လီရာပေါင်းများစွာ ဧရိယာကောင်းကင်မှာ တိမ်ပင်လယ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ အောက်ဘက်မှ လူအုပ်ကြီး မော့ကြည့်မိချိန်တွင် တိမ်ပင်လယ်နှင့် လေပြင်းတို့ကြောင့် ကောင်းကင်ယံမှာ တိမ်တို့ဖြင့် ဖွဲ့စည်းဖြစ်ပေါ်နေသည့် ဧရာမစုပ်ဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။

စုမင် လက်သီးဆုပ်လိုက်သည်နှင့် တစ်ပြိုင်နက် စုပ်ဝဲသည် ထိတ်လန့်ဖွယ် အရှိန်နှုန်းဖြင့် သူ့ထံဦးတည်တိုးဝင်လာခဲ့သည်။

‘ဒီလေက မလုံလောက်သေးဘူး…’

စုမင်မျက်လုံးတို့ တောက်ပသွားသည်။

All Chapters