← Chapters

ပြိုင်ဘက်ကင်း

Vol. 33 Ch. 453

ပြိုင်ဘက်ကင်း

Vol. 33 Ch. 453

တစ်ကယ်ကို လေမလုံလောက်ပေ။

လေထုခွဲဖြာခြင်း ပုံစံသုံးမျိုးထဲမှ တစ်ခုဖြစ်သော ‘မူလဘူတနေမင်း’ ကို စုမင်တတ်ကျွမ်းထားသည် မှန်သော်လည်း လေမာန်စွမ်းအားရှင် နတ်ဘုရားဗိုလ်ချုပ်၏ ထိတ်လန့်ဖွယ်စွမ်းအားမျိုး ထုတ်ဖော်နိုင်လိမ့်မည်ဟုတော့ ဆိုလိုနေခြင်းမဟုတ်ပေ။ မည်သို့ပင်ဆိုစေ၊ သူ၏ ကျင့်ကြံဆင့်မှာ အလွန်နိမ့်နေသေးဆဲ ဖြစ်သည်။

ဤကဲ့သို့ လေပြင်းကို လှုံ့ဆော်ဆင့်ခေါ်နိုင်မှုမျိုးသည် သာမန်နှောင်းပိုင်းရှာမန် တစ်ယောက်နှင့် တိုက်ခိုက်ချိန်တွင် မည်သို့မှ ခြိမ်းခြောက်နိုင်စွမ်းရှိမည်မဟုတ်သော်လည်း နတ်ဘုရားစွမ်းရည် အသုံးပြုသော တိုက်ပွဲမျိုးတွင်တော့ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်စွမ်းရှိလိမ့်မှာဖြစ်သည်။

သို့သော် ယခု သူတိုက်ခိုက်နေရသည်က ယင်ဝိညာဥ်ပင် ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့သည့် အဆုံးသတ်ရှာမန် ဖြစ်လုဆဲဆဲ မဟာအကြီးအကဲဖြစ်၍ ဤလေလောက်က မလုံလောက်သေးကြောင်း သူသေချာသိပေသည်။

မူလဘူတနေမင်း၏ အဓိကသဘောတရားမှာ မိမိဘက်မှ ပို့လွှတ်သောလေပမာဏပေါ် မူတည်၍ ဆတိုးကာ ပြန်လည်ရောက်ရှိလာမှာဖြစ်သည်။ လေများများပို့လွှတ်လေလေ၊ များများပြန်ရောက်လာလေလေဖြစ်ပြီး တိုက်ကွက်၏ ခွန်အားကလည်း ပိုမိုသန်မာလာလေလေဖြစ်သည်။

စုမင်မျက်လုံးများမှာ တောက်ပသွားပြီး အရှိန်အမြင့်ဆုံးတင်၍ ကြယ်ကြွေတစ်စင်းသဖွယ် ကောင်းကင်သို့ ဦးတည်ပျံတက်သွားလိုက်သည်။

သူ့လက်ကို ဝှေ့ယမ်းရုံမျှဖြင့် လေလုံလုံလောက်လောက် မရနိုင်မှတော့ သူ့ခန္ဓာကိုယ်ဖြင့် အမြန်ဆုံးအရှိန်ကိုသုံးကာ စုဆောင်းနိုင်သမျှ အပြင်းထန်ဆုံးလေပြင်းများကို လှုံ့ဆော်ယူရပေတော့မည်။

သာမန်မျက်စိဖြင့်ပင် မမြင်နိုင်သောနှုန်းဖြင့် စုမင် ကောင်းကင်သို့ ထိုးတက်သွားသည်နှင့် သူ့ပတ်ပတ်လည်တွင် လေပြင်းများ တိုက်ခတ်လာသည်။ သူပိုမိုမြန်ဆန်လာသည်နှင့်အမျှ လေပြင်းများသည်လည်း ကောင်းကင်သို့ တဝုန်းဝုန်းရိုက်ခတ်နေကြသည်။

ဤသို့ဖြင့် ‘မူလဘူတနေမင်း’ ၏ လေညွှန်မောင်းနှင်ခြင်းအဆင့်မှာ ပြီးမြောက်သွားခဲ့သည်။

အရပ်မျက်နှာအနှံ့သို့ လေများပျံ့နှံ့သွားသည်နှင့် တိမ်ပင်လယ်သည် ဟိန်းဟောက်လိုက်ပြီး ထိုနေရာတစ်ဝိုက် ကြမ်းတမ်းစွာ ဖြန့်ကျက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လီတစ်ထောင်ဧရိယာကို ဖုံးအုပ်သွားလေသည်။

တိမ်ပင်လယ်သည် ကြီးမားသောစုပ်ဝဲကြီး တစ်ခုအသွင် ပြောင်းလဲသွား တဝုန်းဝုန်းပေါက်ကွဲသံများနှင့်အတူ လည်ပတ်နေသည်။ ဤအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ စုမင်သည် ကောင်းကင်အမြင့်သို့ရောက်သည်နှင့် နောက်တစ်ဖန် လက်သီးဆုပ်လိုက်ပြန်သည်။

ထို့နောက် ကောင်းကင်ယံကိုပင် တုန်ခါသွားစေသော မေ့ဖျောက်ရန်ခဲယဥ်းသည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

အရပ်မျက်နှာအနှံ့မှ တိမ်ပင်လယ်ကြီးသည် စုမင်၏ လက်သီးဆုပ်ထဲသို့ ပြန်လည်တိုးဝင်သွားသည်။ စုမင်သည် မကြာသေးမီကမှ ကောင်းကင်တွင်ရှိနေခဲ့သော တိမ်ပင်လယ်နှင့် လေပြင်းများကို လက်သီးဆုပ်ထဲတွင် ဆုပ်ကိုင်ထားခဲ့သလိုပင်…

လီတစ်ထောင်ဧရိယာအတွင်းရှိ အပြာရောင်ကောင်းကင်ယံတွင် တိမ်စိုင်နှင့် လေပြင်း တစ်စွန်းတစ်စပင် မကျန်ရစ်ခဲ့ပေ။ ဤသည်က ‘မူလဘူတနေမင်း’၏ ဒုတိယအဆင့်အတွက် အရေးကြီးသောအပိုင်းဖြစ်သည့်… လေ ငှားရမ်းခြင်း ဖြစ်သည်။

စုမင်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတို့ တောက်ပလာသည်။ ထို့နောက် လေပြင်းနှင့်တိမ်တို့ပါဝင်သော ညာလက်သီးဖြင့် အောက်ဘက်ရှိ မဟာအကြီးအကဲထံ ထိုးနှက်လိုက်သည်။

ထိုလက်သီးချက်တွင် ခွန်အားများများစားစား ပါဝင်ပုံမပေါ်သော်လည်း စုမင်၏ လက်သီးထဲမှ ကြောက်မက်ဖွယ် လေပြင်းများ ထွက်ပေါ်လာသည်။

ထိုလေများထံမှ တစ္ဆေသရဲတို့၏ မြည်တမ်းသံနှင့် ဝံပုလွေအူသံကဲ့သို့ စူးစူးရှရှ အော်မြည်ညည်းညူသံတစ်ခု ထွက်ပေါ်လာပြီး ကြားလိုက်ရသူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေ၏။ ထိုအရာက တိတ်ဆိတ်နေသော အရုဏ်ဦးတွင် ရုတ်တရက်ထွက်ပေါ်လာသော ကြောက်မက်ဖွယ် မိုးခြိမ်းသံသဖွယ်၊ ငြိမ်သက်နေသော ပင်လယ်ပြင်တွင် ရုတ်ခြည်းပေါ်လာသော မုန်တိုင်းတစ်ခုအလားပင်…

စုမင်၏ လက်သီးချက်နှင့်အတူ ပေထောင်ပေါင်းများစွာ ရှည်လျားသော လေနဂါးတစ်ကောင် ဖွဲ့စည်းဖြစ်တည်လာသည်။ အလွန်ရက်စက်ကြမ်းကြုတ်ပုံပေါ်သော လေနဂါး၏ ခန္ဓာကိုယ်မှာ အနည်းငယ် ထွင်းဖောက်မြင်နေရ၏။ လေပြင်းတို့၏ စူးစူးရှရှ အော်မြည်သံမှာ ၎င်း၏ ဟိန်းဟောက်သံပင် ဖြစ်သည်။

“မူလဘူတ နေမင်း” စုမင် တီးတိုးရေရွတ်လိုက်သည်။

လေနဂါးသည် အဘိုးအိုအနီးသို့ ချက်ချင်းရောက်ရှိသွားသည်။ ယခုအချိန်တွင် အဘိုးအို၏ မျက်နှာထားမှာ အလွန်တရာလေးနက်နေပြီး သူ့ဆံပင်များမှာလည်း လေပြင်းတို့ကြောင့် တဖျတ်ဖျတ် လှုပ်ခတ်နေ၏။ ထိုအခိုက်အတန့်မှာပင် သူ့လည်ပင်း၌ အနာဖုကြီးတစ်ခုပေါ်လာပြီး အကျိတ်တစ်ခုသဖွယ် အလျင်အမြန်ဖောယောင်လာသည်။ သူ့အနီးသို့ လေနဂါးရောက်လာသည်နှင့် ထိုအကျိတ်မှာ ချက်ချင်းအက်ကွဲသွားပြီး အတွင်းမှ ခေါင်းတစ်လုံးပေါ်လာခဲ့သည်။

ယခုအချိန်တွင် အဘိုးအို၏ပုံစံမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ့ကိုယ်ပေါ်တွင် ဦးခေါင်းနှစ်လုံး ရှိနေပြီး အသစ်ပေါက်လာသော ဦးခေါင်းမှာ ရက်စက်ကြမ်းကြုတ်ပုံပေါ်သော ဆယ်ကျော်သက်လူငယ်တစ်ဦး ဖြစ်သည်။ အဘိုးအိုသည် ညာလက်ဖြင့် လေထုထဲမှ ဆွဲယူလိုက်ရာ သူ့လက်ထဲတွင် ကြီးမားသော ခရုခွံကြီးနှစ်ခု ပေါ်လာခဲ့သည်။

သူသည် လက်တစ်ဖက်တွင် ခရုခွံတစ်ခုကိုင်၍ ပါးစပ်တွင်တေ့ကာ မှုတ်လိုက်ရာ လေထဲတွင် ကြောက်မက်ဖွယ် ညည်းညူမြည်တမ်းသံများ ပေါ်လာခဲ့သည်။ ထိုအသံများနှင့်အတူ အဘိုးအို၏ ခန္ဓာကိုယ်မှာ တွန့်လိမ်ပုံပျက်လာပြီး လေထဲတွင် ကျယ်လောင်စူးရှသော ဟိန်းဟောက်သံများ ပေါ်ထွက်လာသည်။ ထို့နောက် တွန့်လိမ်ပုံပျက်နေသော နေရာမှာ အက်ကွဲသွားပြီး အက်ကြောင်းအတါင်းမှ အဆုံးမရှိသော အငြိုးအတေးဝိညာဥ်များ တိုးထွက်လာသည်။ အဝေးမှကြည့်လျှင် ၎င်းတို့ပုံစံသည် အငြိုးအတေးဝိညာဥ်အပြည့်ဖြင့် အနက်ရောင်အလင်းတန်းရှည်ကြီး တစ်ခုသဖွယ် ဖြစ်နေပြီး ထိုအလင်းတန်းမှာ စုမင်၏ လေနဂါးထံ တိုးဝင်သွားလေသည်။

အရပ်မျက်နှာအနှံ့သို့ တဝုန်းဝုန်းပေါက်ကွဲသံများ ပျံ့လွင့်သွားသည်။ လေနဂါးမှာ ပျက်စီးသွားသလို အဘိုးအို၏ အငြိုးအတေး ဝိညာဥ်အလင်းတန်းမှာလည်း တစ်ဝက်ကျော်ကျော် ပျက်စီးသွားခဲ့သည်။ ၎င်း၏ အပိုင်းငယ်လေးသာ ကျန်ရစ်ခဲ့ပြီး ထိုအရာက စုမင်ထံ ဆက်လက်တိုးဝင်လာခဲ့လေသည်။

လေနဂါးသာ ပျက်စီးသွားပုံပေါ်သော်ငြား ၎င်းကို ဖျက်စီးပြီးချိန်တွင် အဘိုးအို၏ မျက်နှာမှာလည်း  အနည်းငယ် ပိုမိုဖြူဖျော့သွားခဲ့၏။ သို့သော် သူသည် အလျင်အမြန်ပင် ပြန်လည်ကောင်းမွန်သွားသဖြင့် သူ့ထံတွင် တစ်ခုခုလွဲမှားနေကြောင်း မည်သူမျှ သတိမပြုမိလိုက်ချေ။

သို့သော် အဘိုးအို၏ စိတ်ထဲတွင်မူ အလွန်တရာ ထိတ်လန့်နေခဲ့ပြီဖြစ်သည်။ စုမင်နှင့် သူ့ကြားရှိ အလွန်ကွာဟနေသော ကျင့်ကြံဆင့်အတွင်းမှာပင် ထိုလေနဂါးသည် သူ၏ချီလှည့်ပတ်မှုကို ခဏတာရပ်တန့်သွားစေခဲ့ပြီး လမ်းကြောင်းပြောင်းပြန်လည်ပတ်ကာ ပြန့်ကျဲသွားစေမည့် အရိပ်အယောင်များ ပြသွားစေခဲ့၏။ ဤတစ်ခုတည်းကပင် ထိုတိုက်ကွက်သည် အလွန်အစွမ်းထက်လှပြီး သာမန်တိုက်ကွက်မျိုး မဟုတ်ကြောင်း ဖော်ပြရန် လုံလောက်နေပြီဖြစ်သည်။

စုမင်သည် သွေးအန်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရသည်။ ဟန်တောင်တန်းခေါင်းလောင်းသည် ဝုန်းခနဲပေါ်ထွက်လာပြီး လေထဲတွင် ခေါင်းလောင်းသံများ မြည်ဟည်းသွားသည်။ စုမင်သည် လက်နှစ်ဖက်ဖြင့် လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်ပြီး ခေါင်းလောင်းအား လက်ညှိုးဖြင့် အလျင်အမြန် ညွှန်ပြလိုက်သည်။ ဟန်တောင်တန်းခေါင်းလောင်းထံမှ အလင်းများတောက်ပလာပြီး ကောင်းကင်တွင် ခေါင်းကိုးလုံးနဂါးပုံရိပ်ကြီးတစ်ခု အလျင်အမြန် ဖြစ်ပေါ်လာသည်။ ဆဌမမြောက် ဦးခေါင်း၏ မျက်လုံးများမှာ တောက်ပသွားပြီး အဘိုးအို၏ အငြိုးအတေးဝိညာဥ်များဖြင့် ပြုလုပ်ထားသော ရှည်လျားသည့်မြစ်ကြီးဘက်သို့ လှည့်၍ စုပ်ယူလိုက်သည်။

စုမင်ထံ ဦးတည်နေသော အငြိုးအတေးဝိညာဥ်များသည် ချက်ချင်းဆုသလို လမ်းကြောင်းပြောင်းသွားပြီး ဝိညာဥ်များစွာမှာ ဟန်တောင်တန်းခေါင်းလောင်း၏ ဆဌမမြောက်ဦးခေါင်းထံတွင် ဝါးမြိုခံလိုက်ကြရသည်။

“အစကတော့ တစ်ခြားတစ်ယောက်ကို လေးစားမှုပြတဲ့အနေနဲ့ မင်းအသက်ကို ချမ်းသာပေးမလို့ပဲ။ ဒါပေမယ့် မင်းက ဒီလောက်တောင် ကျေးဇူးကန်းနေမှတော့၊ ငရဲကိုပဲ ပို့ပေးရတော့မှာပေါ့” အဘိုးအို၏ မျက်နှာထားမှာ သုန်မှုန်နေသည်။

ထိုအချိန်တွင် အဝေးရှိ ဝမ်ချိုး၏ လက်မောင်းပေါ်မှ နဂါးအမှတ်အသားမှာ တောက်ပသွားသည်ကိုတော့ မည်သူတစ်ဦးတစ်ယောက်မှ သတိမပြုမိလိုက်ပါချေ။

မဟာအကြီးအကဲ၏ ပါးစပ်မှ ထိုစကားလုံးများ ပေါ်လာပြီးသည်နှင့် သူ့လည်ပင်းပေါ်တွင် အကျိတ်ငါးခု ထပ်ပေါ်လာပြန်သည်။ ထိုအကျိတ်များသည် တစ်ပြိုင်တည်းလိုလို ပေါက်ကွဲသွားပြီး အတွင်းမှ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ခေါင်းငါးလုံး တွားထွက်လာခဲ့သည်။

မဟာအကြီးအကဲ၏ ယခုပုံစံမှာ မကောင်းဆိုးဝါးတစ်ကောင်သဖွယ် ဖြစ်နေသော်လည်း ကောင်းကင်ကိုပင် ကိုင်လှုပ်နေသော အရှိန်အဝါတစ်ခုက သူ့ကိုယ်ပေါ်တွင် အလျင်အမြန် ဖွဲ့စည်းဖြစ်တည်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ့ကိုယ်ပေါ်၌ ယောကျ်ား၊ မိန်းမ၊ လူအို၊ လူရွယ် ပုံစံအမျိုးမျိုးဖြင့် ခေါင်းခုနစ်လုံးရှိနေပြီ ဖြစ်သည်။ ၎င်းတို့၏ မျက်နှာများသည် ဆိုးယုတ်ကောက်ကျစ်မှုအပြည့် ဖြစ်နေပြီး စုမင်ဘက်သို့လှည့်၍ စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ အဘိုးအို၏ ပုံစံမှာ အစောပိုင်းက သူဆင့်ခေါ်ခဲ့သော ခေါင်းရှစ်လုံး မကောင်းဆိုးဝါးဝိညာဥ်နှင့် တူညီလို့လာခဲ့ချေပြီ။

“နတ်ဆရာတို့၏ အဆုံးသတ်တိုက်ကွက်၊ ကောင်းကင်ဘုံ ပိတ်လှောင်စည်း အမှတ်အသား”

အဘိုးအို၏ ကိုယ်ပေါ်တွင် အဖုအထစ်များစွာ ပေါ်လာပြီး ပုံပျက်သွားကာ အဘိုးအို၏ပုံသဏ္ဍာန်မှာ အလွန်တရာကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ ထို့နောက် အဘိုးအိုသည် ညာလက်ကိုမြှောက်ကာ ယင်ဝိညာဥ်ထံ ညွှန်ပြလိုက်၏။

ထိုလက်ညှိုးထံမှ နတ်ဘုရားစွမ်းအင်လှိုင်းတစ်ခုတစ်လေပင် ထွက်ပေါ်လာသည်ကို မတွေ့ခဲ့ရပေ။ စောင့်ကြည့်နေသူများသည် အဘိုးအို၏ ကိုယ်ပေါ်ရှိ ဦးခေါင်းခြောက်လုံးထံမှ တစ်ပြိုင်တည်း ဟိန်းဟောက်သံများကိုသာ ကြားလိုက်ရပြီး ထိုအသံများထဲတွင် တစ်စုံတစ်ရာအား ရွတ်ဆိုနေသံမျိုး ပါဝင်နေသကဲ့သို့ပင်။

“နတ်ဆရာ မျိုးနွယ်စု အဆုံးမဲ့ပိတ်လှောင်စည်း”

ယင်ဝိညာဥ်၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ့ကိုယ်ပေါ်ရှိ နေရာတစ်ချို့ကို လက်ချောင်းဖြင့် အလျင်အမြန် ဖိကပ်လိုက်သည်။ တစ်ချက်ဖိလိုက်တိုင်း သူ့ကိုယ်ပေါ်တွင် အရစ်များစွာ ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင်လည်း ပုံရိပ်ယောင်အရစ်ကွင်းများပေါ်လာခဲ့သည်။ သူ့ပုံစံမှာ တစ်စုံတစ်ရာအား တိုက်ခိုက်နေရသလိုပင်… ထို့နောက် ယင်ဝိညာဥ်သည် ခြေလှမ်းကျဲကြီးဖြင့် အဘိုးအိုထံ ဦးတည်လိုက်၏။

“ပိတ်လှောင်စမ်း”

အဘိုးအို၏ နှုတ်ခမ်းမှာ အေးစက်စက်လှောင်ပြုံးတစ်ခု အဖြစ် ကွေးညွှတ်သွားသည်။ အဘိုးအို၏ ခပ်တိုးတိုး ကြုံးဝါးသံနှင့်အတူ သူ့ကိုယ်ပေါ်ရှိ ဦးခေါင်းသုံးလုံးမှာ ကျုံ့ဝင်ခြောက်ကပ်သွားသည်။ အဘိုးအို၏ ခန္ဓာကိုယ်ပေါ်ရှိ ဦးခေါင်းသုံးလုံးမှာ အရိပ်အယောင်ပင်မကျန်အောင် ပျောက်ကွယ်သွားသည်နှင့် ယင်ဝိညာဥ်၏ ခန္ဓာကိုယ်ပတ်လည်တွင် အလင်းလွှာတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။ ထိုအလင်းလွှာသည် ဖျတ်ခနဲတောက်ပသွားပြီး ကြီးမားသော ပိတ်လှောင်စည်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ပိတ်လှောင်ခံလိုက်ရသော ယင်ဝိညာဥ်၏ မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။

ထို့နောက် အဘိုးအိုသည် ချက်ချင်းဆိုသလို စုမင်၏ ကိုယ်ပွားထံ ညွှန်ပြလိုက်၏။ ကိုယ်ပွားသည် လေထုထဲသို့ အလျင်အမြန် တိုးဝင်ပျောက်ကွယ်လိုက်သော်လည်း ချက်ချင်းပင် လေဟာနယ်ထဲမှ ပြန်လည်တွန်းထုတ်ခံလိုက်ရသည်။ သူ့မျက်နှာပေါ်တွင်လည်း နာကျင်နေဟန်များ ပေါ်လာပြီး ခန္ဓာကိုယ်ပတ်လည်တွင် အလင်းလွှာတစ်ခုပေါ်လာကာ ပိတ်လှောင်စည်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

အဆိပ်အလောင်းသည်လည်း ဤကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။ အဘိုးအိုမှ ညွှန်ပြလိုက်သည်နှင့် ပိတ်လှောင်စည်းတစ်ခု ဖျတ်ခနဲပေါ်လာပြီး လေထဲမှာပင် ပိတ်လှောင်ခံလိုက်ရ၏။

ဤသည်က မည်သို့မှ ခုခံရုန်းကန်နိုင်စွမ်း မရှိစေသော အလွန်သန်မာသည့် ပိတ်လှောင်အစီအရင်တစ်ခု ဖြစ်သည်။ အခြားလူများကို ပိတ်လှောင်ပြီးသည်နှင့် အဘိုးအို၏ ကိုယ်ပေါ်ရှိ ဦးခေါင်းခြောက်လုံးမှာလည်း အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားခဲ့ချေပြီ။ သူသည် စုမင်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး စုမင်ထံ လျှောက်သွားလိုက်သည်။

“မင်းရဲ့ အကာအကွယ် ယင်ဝိညာဥ်ရော၊ ရုပ်သေးနှစ်ကောင်ရော မရှိတော့ဘူး။ မင်း တစ်ယောက်တည်းပဲ ကျန်တော့တယ်။ အခု… ငါမင်းကို နာကျင်ခံစားမှုအပြည့်နဲ့ ဖြည်းဖြည်းချင်း သတ်ပေးမယ်”

သူ့ထံလျှောက်လာနေသော မဟာအကြီးအကဲအား ကြည့်နေသည့် စုမင်အကြည့်များမှာ တည်ငြိမ်နေဆဲဖြစ်သည်။ သူ ဤတိုက်ပွဲတွင် လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့၏။ ယင်ဝိညာဥ်သည်ပင် ထိုအဆုံးသတ်ရှာမန် ဖြစ်လုဆဲဆဲ အဘိုးအို၏ ထူးဆန်းသော နတ်ဘုရားစွမ်းရည်ထံတွင် ပိတ်လှောင်ခံလိုက်ရသည်။

စုမင် သက်ပြင်းဖွဖွ ချလိုက်မိသည်။

“မင်းသာ သန်မာမယ်ဆိုရင်၊ အားနည်းသူတွေကို အမဲလိုက်နိုင်လိမ့်မယ်…”

“မင်းသာ သန်မာမယ်ဆိုရင်၊ အရာရာကို မင်းသဘောအတိုင်း အစားထိုးနိုင်လိမ့်မယ်…”

“မင်းသာ သန်မာမယ်ဆိုရင်၊ တစ်ခြားသူတွေရဲ့ ပိုင်ဆိုင်မှုကိုလည်း စိတ်ရှိတိုင်း လုယက်နိုင်လိမ့်မယ်…”

“မင်းသာ သန်မာမယ်ဆိုရင်၊ တစ်ခြားတစ်ယောက်ရဲ့ သေခြင်း၊ ရှင်ခြင်းကိုလည်း ဆုံးဖြတ်နိုင်လိမ့်မယ်…”

“ဒီလိုဆိုမှတော့၊ ကျုပ်ဖော်ပြတဲ့ စွမ်းအားကသာ ခင်ဗျားထက် သန်မာခဲ့မယ်ဆိုရင်၊ ခင်ဗျားကို ကျုပ်ရဲ့ သားကောင်အဖြစ် ပြောင်းပြီး စိတ်ဝိညာဥ်ကို အစားထိုးလို့ ခင်ဗျားရဲ့ သေခြင်း၊ ရှင်ခြင်းကိုတောင် ဆုံးဖြတ်လို့ ရနိုင်လိမ့်မှာပေါ့…” စုမင် အဘိုးအိုအား လှမ်းကြည့်လိုက်သည်။

“အမှန်ပဲ။ မင်းမှာသာ အဆုံးသတ်ရှာမန်တစ်ယောက်ရဲ့ စွမ်းအားမျိုးရှိမယ်ဆိုရင်၊ သွေးကျောက်တုံးကို ယူသွားဖို့ ကိစ္စကိုထားလိုက်ဦး၊ ဒီထက် အများကြီး ပိုဆိုးတာတွေကိုတောင် မင်းစိတ်ရှိတိုင်း လုပ်လို့ရတယ်”

အဘိုးအိုသည် စုမင်အား သဘောမကျဟန် ပြန်ဖြေရင်း တစ်ဖြည်းဖြည်းလျှောက်လာသည်မှာ စုမင်နှင့် ပေတစ်ထောင်ခန့်ပင် မဝေးတော့ပါချေ။ သူသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး လက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် ပုံရိပ်ယောင်လက်ကြီးတစ်ဖက် ပေါ်လာကာ စုမင်အား လှမ်း၍ ဖမ်းဆုပ်လိုက်သည်။

“ဒီကစားပွဲက ပြီးသွားပြီ”

“တစ်ကယ်ကို ပြီးသွားခဲ့ပြီပဲ… ကျီလုံရှန်း…” စုမင်အကြည့်သည် သူ၏ ဘယ်လက်ပေါ်ရှိ အမှတ်အသားထံ ရောက်ရှိသွားသည်။ ထိုအမှတ်အသားသည် ယင်ဝိညာဥ်တို့၏ အမှတ်အသားနှင့် မတူပေ။ ၎င်းသည် အလွန်တရာ မှုန်ဝါးနေသော်လည်း စုမင်ကမူ ၎င်းထံမှ အရှိန်အဝါကို ခံစားမိနေဆဲဖြစ်သည်။

စုမင်၏ ပါးစပ်မှ ‘ကျီလုံရှန်း’ ဟူသော စကားလုံး ထွက်ပေါ်လာချိန်တွင် သူ့အား ဖမ်းဆုပ်ရန်လာသော မဟာအကြီးအကဲ၏ ပုံရိပ်ယောင်လက်ကြီးမှာ ပေသုံးဆယ်ပင် မဝေးတော့ပါချေ။ သို့သော် ထိုအခိုက်အတန့်မှာပင် စုမင်အရှေ့ရှိ လေဟာနယ်မှာ တွန့်လိမ်ပုံပျက်သွားပြီး လက်ချောင်းတစ်ချောင်း တိုးထွက်လာခဲ့သည်။ ထိုလက်ချောင်းသည် ရုတ်တရက် ထွက်ပေါ်လာပြီး မဟာအကြီးအကဲ၏ လက်ဖဝါးကို တို့ထိလိုက်သည်။

ထိုသို့ တို့ထိလိုက်သည်နှင့် မဟာအကြီးအကဲထံမှ စူးရှနာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ညာလက်မောင်းတစ်ခုလုံးသည် သွေးသံရဲရဲ စုတ်ပြတ်သွားပြီး အနောက်သို့ လွင့်စင်သွားကာ မျက်နှာထက်၌ မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုတို့ အထင်းသား ပေါ်လာခဲ့သည်။

တစ်ချိန်တည်းလိုလိုပင် အဝေးတွင်ရပ်နေသော ဝမ်ချိုးထံမှ ကျယ်လောင်သော နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ထိုနဂါးဟိန်းသံကြောင့် ဝမ်ချိုးကိုယ်တိုင်ပင် အံ့အားသင့်သွားရပြီး မကြာမီမှာပင် သူမလက်မောင်းပေါ်ရှိ နဂါးအမှတ်အသားမှာ ကောင်းကင်ထက်သို့ အနီရောင်အလင်းတန်းတစ်ခုအဖြစ် ထိုးတက်သွားပြီး ဧရာမသွေးနဂါးကြီး တစ်ကောင်အဖြစ် အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။ သွေးနဂါးသည် ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို ထပ်မံဟိန်းဟောက်လိုက်ပြီး ဖျတ်ခနဲ လှုပ်ရှားကာ… စုမင်၏ ခြေထောက်အောက်တွင် ပြန်ပေါ်လာခဲ့သည်။

စုမင်သည် သွေးနဂါး၏ ကိုယ်ပေါ်တွင် ရပ်လျက်သား ဖြစ်သွားလေသည်။ သူ၏ အနက်ရောင်ဆံပင်ရှည်များမှာ လေနှင့်အတူ တဖျတ်ဖျတ် လွင့်မျောနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော အနက်ရောင်ဝတ်စုံတို့ဖြင့် သူ့ပုံစံမှာ မည်သူမျှ ဘက်မပြိုင်နိုင်သော ပြိုင်ဘက်ကင်းတစ်ယောက်နှယ်ပင်…

All Chapters