နတ်ဘုရားပိတ်လှောင်စည်း ရောက်ရှိလာခြင်း (ခ)
Vol. 33 Ch. 450
စုမင်၏စကားကို ကြားသောအခါ နန်ကုန်းဟန်၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ခြားသွားခဲ့၏။ အကယ်၍ ထိုသွေးကျောက်တုံးကိုဝယ်ယူရန် ရှာမန်သလင်းကျောက်များကို သုံးစွဲနေသူက သူကိုယ်တိုင်ဖြစ်နေလျှင်မူ ယခုလို ခံစားရလိမ့်မည်မဟုတ်သော်လည်း ယခုက သူ၏ ရှာမန်သလင်းကျောက်များအား အခြားလူတစ်ဦးမှ အသုံးပြုနေသည်ကို ထိုင်ကြည့်နေရခြင်း ဖြစ်သည်။ ဤခံစားချက်မှာ လုံးလုံးကွဲပြားလှသည်။
သူကိုယ်တိုင် ထိုသို့လုပ်ရန် ဆန္ဒရှိခဲ့ပြီး စုမင်အား သူ့ဘက်မှ စတင်ကမ်းလှမ်းခဲ့သော်လည်း ယခုလို မျက်မြင်ကြုံတွေ့ရချိန်တွင်တော့ သူ့နှလုံးသားမှာ နာကျင်နေရဆဲဖြစ်သည်။
သွေးကျောက်တုံးနံပါတ် (၈၃၇) အား လေလံတင်ချိန်တွင်လည်း စုမင်သည် လေလံဝင်ဆွဲခဲ့ပြီး ထို့နောက် ဆက်တိုက်ဆိုသလို အခြားကျောက်တုံးများကိုလည်း လေလံဝင်ဆွဲခဲ့၏။ သူ လေလံဝင်ဆွဲလိုက်ချိန်တိုင်း နန်ကုန်းဟန်၏ နှလုံးသားမှာ အပြင်းအထန် ခုန်ပေါက်သွားရပြီး စုမင်၏ အဆက်မပြတ် ဈေးခေါ်သံများအကြား စိုးရိမ်ပူပန်ရလွန်းသဖြင့် အာရုံကြောများပင် ထုံထိုင်းမတတ်ဖြစ်နေခဲ့ချေပြီ။
အမှန်စင်စစ် စုမင်သည် ကျောက်တုံးအား သူရကိုရမှဖြစ်မည်ဟူသည့် ပြတ်သားသောပုံစံဖြင့် လေလံဝင်ဆွဲခဲ့သည့် အကြိမ်အချို့ပင်ရှိခဲ့၏။ ယင်းအခါ သူ့အမူအယာကြောင့် လူအုပ်၏ ထိုကျောက်တုံးအပေါ် ယှဥ်ပြိုင်မှုမှာလည်း ပိုမိုပြင်းထန်သွားတော့ချေသည်။
စုမင်၏ လုပ်ရပ်များမှာ ထူးဆန်းနေသည်ကို သတိပြုမိသူများစွာရှိသော်လည်း ဤပွဲသည် အစကတည်းကပင် လောင်းကစားပွဲတစ်ခု ဖြစ်နေသဖြင့် သူတို့အနေဖြင့် ဘာမှမပြောနိုင်ကြချေ။
တစ်ဖြည်းဖြည်းဖြင့် နန်ကုန်းဟန်သည်လည်း စုမင်၏ လုပ်ရပ်များနောက်ကွယ်မှ အဓိပ္ပာယ်ကို မြင်လာခဲ့၏။ သို့သော်လည်း ထိုအရာကြောင့် သူအနည်းငယ် စိတ်သက်သာရာရသွားချိန်မှာပင် စုမင်၏ လေလံဆွဲသော အရှိန်အဟုန်ကြောင့် နန်ကုန်းဟန်၏ နှလုံးသားမှာ ပြန်လည်ချောက်ခြားသွားရပြန်သည်။
“၈၀၀,၀၀၀”
“၉၀၀,၀၀၀”
“၁,၀၀၀,၀၀၀”
“ညီ… ညီလေးမော့၊ ဒါက…” နန်ကုန်းဟန် စကားစတော့မည့် အချိန်မှာပင် စုမင်က မတ်တပ်ထရပ်ကာ အော်ဟစ်လိုက်ချေသည်။
“၁,၅၀၀,၀၀၀”
သူသည် ထိုဈေးနှုန်းကို တွေဝေခြင်းမရှိ အော်ဟစ်လိုက်ပြီး ထိုကျောက်တုံးကို သူသေချာပေါက် အရယူမည်ဟူသော အမူအယာဖြင့်ပင် လူအုပ်အား ဝေ့ကြည့်လိုက်သေး၏။ စုမင်၏ အမူအယာကို မြင်သောအခါ နန်ကုန်းဟန်တစ်ယောက် စိုးရိမ်ပူပန်နေသည့်ကြားမှပင် အနည်းငယ် စိတ်လှုပ်ရှားသွားမိ၏။ နန်ကုန်းဟန်သည်လည်း နီရဲနေသောမျက်လုံးများဖြင့် ပတ်ဝန်းကျင်လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး သူ့ပုံစံမှာ နောက်ထပ်ဈေးပေးရဲသည့် မည်သူမဆို သူနှင့် ကမ္ဘာမကြေရန်သူ ဖြစ်လာတော့မည်ဟု ပြောနေသယောင်ယောင်ပင်။
“၁,၆၀၀,၀၀၀” လူအုပ်ကြားမှ အသံခပ်တိုးတိုး ပေါ်လာ၏။ ဈေးပေးလိုက်သူမှာ ယခင်အကြိမ်က နှစ်ရောင်ခြယ်အလင်း ရရှိခဲ့သော စုမင်နံဘေးမှ သက်လတ်ပိုင်းလူဖြစ်သည်။ ထိုလူသည် အံကို တင်းတင်းကြိတ်ထားပြီး သူ့မျက်လုံးများမှာလည်း နန်ကုန်းဟန်ကဲ့သို့ နီရဲနေလေသည်။
စုမင်သည် ခဏမျှ ငြိမ်သက်သွားပြီးနောက် အံတင်းတင်းကြိတ်ကာ “၁,၈၀၀,၀၀၀” …
နန်ကုန်းဟန်၏ စိုးရိမ်ပူပန်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ အသက်ရှူသံများသည်ပင် လျင်မြန်နေခဲ့ချေပြီ။
“၁,၉၀၀,၀၀၀”
သက်လတ်ပိုင်းလူသည် သွေးကျောက်တုံးနံပါတ် (၈၉၇) အား မော့ကြည့်ကာ ဈေးခေါ်လိုက်ပြန်သည်။ သူသည် ထိုကျောက်တုံးအား ကြည့်မိလေလေ၊ ယခင် သွေးကျောက်တုံးနံပါတ် (၆၉၇) တုန်းကလို ခံစားရလေလေ ဖြစ်သည်။ ထို့အပြင် သူသည် စုမင်ကို ဆက်တိုက်စောင့်ကြည့်နေခဲ့ခြင်းဖြစ်၍ စုမင်သည် ဤကျောက်တုံးအား လေလံဆွဲချိန်တွင် ဇွဲအရှိဆုံးဖြစ်နေသဖြင့် အံကိုတင်းတင်းကြိတ်ကာ ယခုလို အလောင်းအစား ပြုလုပ်လိုက်ခြင်းဖြစ်သည်။
“၂,၀၀၀,၀၀၀” သို့သော် သက်လတ်ပိုင်းလူ ဈေးခေါ်အပြီးမှာပင် အော်ဟစ်ကြုံးဝါးသံတစ်ခု ထွက်ပေါ်လာခဲ့၏။ သို့သော် ဤတစ်ကြိမ် အော်ဟစ်လိုက်သူမှာ စုမင် မဟုတ်တော့ပဲ နန်ကုန်းဟန်တစ်ယောက် ဝမ်းခေါင်းသံဖြင့်ကို အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
နံဘေးရှိ စုမင်သည်ပင် ဆွံ့အမင်သက်သွားရ၏။
“၂,၁၀၀,၀၀၀” သက်လတ်ပိုင်းလူသည်လည်း အသက်ရှူရပ်တော့မတတ် ရူးသွပ်စွာ အော်ဟစ်လိုက်ပြန်သည်။
နန်ကုန်းဟန်၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ဆက်လိုက်ရန်ပြင်နေသဖြင့် စုမင်တစ်ယောက် အသာချောင်းဟန့်ကာ နန်ကုန်းဟန်၏ လက်မောင်းကို ဆွဲထားလိုက်ရ၏။
“ကျုပ်တို့ ဆက်မလိုက်တော့ဘူး”
“ကောင်းပြီလေ… ဟမ်”
နန်ကုန်းဟန်သည် အလိုလိုခေါင်းညိတ်ပြလိုက်မိပြီးနောက် ချက်ချင်း အံ့ဩသွားခဲ့ပြီး မကြာမီမှာပင် အသိပြန်ဝင်သွားခဲ့သည်။ သူသည် စုမင်အား ရယ်ကျဲကျဲလုပ်ပြလိုက်ပြီး စိတ်ထဲတွင်တော့ သူသည် တုံးအသောအရူးတစ်ယောက် မဟုတ်ပဲ ပတ်ဝန်းကျင်လေထုကြောင့် လွှမ်းမိုးခံလိုက်ရခြင်းသာဖြစ်သည်ဟု သူ့ကိုယ်သူ ပြန်ပြောနေရလေသည်။ စုမင်၏ လုပ်ရပ်များနောက်ကွယ်မှ အဓိပ္ပာယ်ကို သဘောပေါက်သွားသောအခါ နန်ကုန်းဟန်တစ်ယောက် ခါးသက်သက် ရယ်ပြလိုက်ရုံသာ တတ်နိုင်လေသည်။
‘သေစမ်း၊ ဒါတွေက သူ့ရှာမန်သလင်းကျောက် မဟုတ်တိုင်း… သူ့နေရာမှာ ငါဆိုလည်း လုပ်ရဲတာပေါ့…” နန်ကုန်းဟန်သည် စိတ်ထဲတွင် ငြီးငြူလိုက်မိသော်လည်း မျက်နှာထက်တွင်တော့ သဘောထားကြီးရက်ရောသော အပြုံးတစ်ခုအား အားတင်းကာ ပြုံးထားရဆဲဖြစ်သည်။
“ရှာမန်သလင်းကျောက်တွေဆိုတာ ဘာမှမဟုတ်ပါဘူး။ မင်းသာ ဒီသွေးကျောက်တုံးကို ကြိုက်တယ်ဆိုရင်၊ ငါတို့ တိုက်ခိုက်ကြတာပေါ့” နန်ကုန်းဟန်သည် ရဲရင့်သောလေသံဖြင့် ပြောဆိုလိုက်၏။
နန်ကုန်းဟန်ကိုကြည့်ရင်း စုမင် မျက်လုံးပင် လှန်မိတော့မလို ဖြစ်သွားရသည်။ တစ်ကယ်တမ်းတွင်တော့ သူသည် လေလံဈေး ၁,၈၀၀,၀၀၀ ပြီးတည်းက လက်လျှော့လိုက်ပြီးဖြစ်သည်။ အဆုံးတွင်မတော့ သူသည် ကြုံရာကျပန်း လေလံဝင်ဆွဲနေခြင်းဖြစ်ပြီး သို့မှသာ သူအမှန်တစ်ကယ် ဝယ်ချင်သောအရာကို မည်သူမှမသိနိုင်မှာဖြစ်သည်။ ထို့ကြောင့် နန်ကုန်းဟန်၏ အော်ဟစ်မှုက စုမင်ကိုပင် တုန်လှုပ်ချောက်ခြားသွားစေခဲ့လေသည်။
သွေးကျောက်တုံးနံပါတ် (၈၃၀) မှ (၉၀၀) အကြား လေလံဝင်ဆွဲချိန်တိုင်းတွင် စုမင်သည် သတိကြီးကြီးးထားလျက် နောက်ပြန်ဆုတ်ရန် သူ့အတွက်သူ နေရာလွတ်ချန်ထားခဲ့၏။ ထို့အပြင် ဤသွေးကျောက်တုံးများမှာ တစ်ပြိုင်တည်းခွဲဖွင့်ရမည်ဖြစ်ပြီး အမြဲတမ်းလိုလိုလည်း အခြားကံကောင်းသူအချို့တော့ ရှိနေတတ်မြဲဖြစ်သည်။ ဤသို့ဖြင့် စုမင်သည် လူများစွာ လဲကျစေရန် တွင်းတူးပြီးသား ဖြစ်သွားတော့သည်။
ထိုသွေးကျောက်တုံးတစ်ရာ ခွဲဖွင့်ချိန်တွင် လေထုမှာ ယခင်အချိန်များထက်မှာ ပိုမိုအရှိန်တက်နေသေး၏။ အဆုံးတွင်မတော့ ဝယ်သူအများစုသည် ငွေကြေးပမာဏများစွာသုံး၍ စုမင်လက်ထဲမှ လုယူခဲ့ကြသူများဖြစ်သည်။ အထူးသဖြင့်တော့ သလင်းကျောက် ၂,၁၀၀,၀၀၀ ဖြင့် ရောင်းထွက်သွားသော ထိုသွေးကျောက်တုံးပင်… ဤလေလံပွဲတစ်ခုလုံးတွင် ထိုကျောက်တုံးမှာ ဈေးအမြင့်ဆုံးဖြစ်သည်။
သို့သော်လည်း သွေးကျောက်တုံးများ ကွဲထွက်သွားချိန်တွင် လူအုပ်ထံမှ အော်ဟစ်သံများပင် ဆူညံနေပြီး အသံအားလုံးတွင် စိတ်ပျက်မှုအပြည့် ဖြစ်နေလေသည်။
စိတ်ပျက်လက်ပျက် ဖြူဖျော့နေသော မျက်နှာများဖြင့် ကောင်းကင်ထက်မှ ပြန်ဆင်းလာသူ လူတစ်ရာကိုကြည့်ရင်း နန်ကုန်းဟန်၏ မျက်နှာထက်တွင် လှောင်ပြောင်ဟန် အမူအယာတစ်ခု ပေါ်လာခဲ့သည်။
အထူးသဖြင့်တော့ သွေးကျောက်တုံးအား သလင်းကျောက် ၂,၁၀၀,၀၀၀ ဖြင့် ဝယ်ယူသွားသော လူအတွက်ဖြစ်သည်။ လူအုပ်၏ စိတ်လှုပ်ရှားနေသော အကြည့်များအောက်၌ ထိုကျောက်တုံးကွဲထွက်သွားသောအခါ သက်လတ်ပိုင်းလူသည် လေထဲမှာပင် ငူငူငိုင်ငိုင်ရပ်လျက် သွေးအန်ကာ အနောက်သို့ ယိုင်လဲမတတ် ဖြစ်သွားခဲ့၏။ ဤတစ်သုတ်အတွက် ခွဲဖြတ်မှုမှာ ပြီးဆုံးသွားခဲ့ချေပြီ။
အရာအားလုံးမှာ ထူးဆန်းနေ၏။ ထိုသွေးကျောက်တုံးတစ်ရာထဲတွင် တစ်တုံးသာ သာမန်မဟုတ်သော အလင်းတစ်ခု ခပ်မှိန်မှိန် တောက်ပခဲ့ပြီး နောက်ဆုံးတွင်တော့ ၎င်းသည်လည်း အခြားကျောက်တုံးများလိုပင် အထဲ၌ ဘာမျှရှိမနေခဲ့ပါချေ။
ခွဲဖြတ်မှု ပြီးဆုံးသွားပြီး သွေးကျောက်တုံး တစ်ထောင်၏ နောက်ဆုံးအသုတ်အတွက် လေလံပွဲစတင်သောအခါ လူအုပ်မှာ သိသိသာသာကိုပင် စုမင်အား သတိကြီးကြီးထားနေကြတော့၏။ သူ့ခြေလှမ်းနောက်သို့ လိုက်မည်ဆိုသော အတွေးများမှာလည်း များစွာအားပျော့သွားခဲ့ချေပြီ။
ထို့ကြောင့်ပင် စုမင်သည် သွေးကျောက်တုံးနံပါတ် (၉၀၁) အားဝယ်ယူရန် သလင်းကျောက် ၄၀၀,၀၀၀ သာ သုံးလိုက်ရချေသည်…
ကျောက်တုံးတစ်ရာအတွက် လေလံပွဲပြီးသွားချိန်တွင် စုမင်သည် သွေးကျောက်တုံးလေးခု ဝယ်ယူသွားခဲ့၏။ (၉၀၁) နှင့် (၉၄၉) တို့အပြင် မည်သူမှ ဆက်မလိုက်ချင်တော့သည့် အခြားကျောက်တုံးနှစ်ခုလည်း သူ့လက်ထဲသို့ ရောက်လာခဲ့လေသည်။
အဆုံးသတ်စုပေါင်းသောအခါ နန်ကုန်းဟန်သည် ရှာမန်သလင်းကျောက် ၂,၀၀,၀၀၀ နီးပါး ကုန်သွားခဲ့၏။ ဤသည်က သူ့နှလုံးသားကို နာကျင်နေစေသော်လည်း ယခုအချိန်တွင် ထိုကျောက်တုံးများ အလဟသဖြစ်သွားမည်ကို စိုးရိမ်ပူပန်မှုကသာ အမြင့်ဆုံး ဖြစ်နေလေသည်။ သူသည် စုမင်အား အကြိမ်ကြိမ် စောင့်ကြည့်နေခဲ့သော်လည်း သူ့မျက်နှာထက်ရှိ မျက်နှာဖုံးကြောင့် မည်သည့်အမူအယာမှ မတွေ့ရသဖြင့် ဤသည်က နန်ကုန်းဟန်အား ပိုပိုစိတ်လှုပ်ရှားလာစေလေသည်။
ကျောက်တုံးများ ခွဲဖွင့်ရန် အချိန်ကျလာသောအခါ စုမင်သည် လေထဲသို့ ပျံတက်သွားခဲ့သည်။ သူ၏ ထွက်ပေါ်လာမှုသည် အကြည့်ပေါင်းများစွာကို ဆွဲဆောင်သွားပြီး အထူးသဖြင့်တော့ အံ့ဩဖွယ်ရာတစ်ခု ပေါ်လာရန် တောင့်တနေသည့် နန်ကုန်းဟန်၏ မျှော်လင့်ချက်အပြည့်ဖြင့် အကြည့်များပင်ဖြစ်သည်။
‘သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်။ သေချာပေါက် အလုပ်ဖြစ်မှာပါ’ နန်ကုန်းဟန် ကျိတ်မှိတ်ရေရွတ်လိုက်၏။ ယခုအချိန်တွင် သူ့အတွက် ကမ္ဘာပေါ်၌ စုမင်တစ်ဦးတည်းသာ ကျန်ရစ်တော့သယောင်ပင်…
အလင်းကွင်းများ နံဘေးတွင် စုမင်ရပ်လိုက်သည်နှင့် မြေပြင်ရှိ လူအုပ်ကြီးသာမက၊ ခန်းမရှစ်ခုအတွင်းမှ လူများနှင့် ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲတို့သည်ပင် သူ့အား စိုက်ကြည့်နေကြလေသည်။
စုမင်သည် တည်တည်ငြိမ်ငြိမ်ပင် ညာလက်ကိုမြှောက်ကာ အလင်းကွင်းအား ညွှန်ပြလိုက်သည်။ အလင်းကွင်းသည် ချက်ချင်းဆိုသလို ကြီးမားကျယ်ပြန့်လာပြီး သွေးကျောက်တုံးနံပါတ် (၉၀၁) အား ဖုံးအုပ်သွား၏။ လေထဲတွင် တဝီဝီမြည်သံများ ပဲ့တင်ထပ်နေပြီး အခြားကျောက်တုံး ခွဲရမည့်သူများသည်ပင် စုမင်ကို အရင်ကြည့်နေကြလေသည်။
စုမင်သည် မျက်လုံးမှိတ်ကာ နတ်ဘုရားစိတ်အာရုံဖြင့် သိုလှောင်အိတ်ထဲရှိ အနက်ရောင်လူတူသတ္တဝါငယ်လေးအပေါ် အာရုံစိုက်ထားလိုက်သည်။ အနက်ရောင်လူတူသတ္တဝါလေးသည် တစ်ဖြည်းဖြည်း တုန်ယင်လာပြီး ၎င်း၏နံဖူးပေါ်၌ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။ ထိုပုံရိပ်ထဲတွင် ရှိနေသည်မှာ ရွက်လွှာလေးခုပါ နဂါးသစ်ရွက်မြက်ဖြစ်သည်။
ကျောက်တုံးထဲတွင် နဂါးသစ်ရွက်မြက်ရှိနေသည်ကို စုမင်ကြိုသိထားပြီးဖြစ်သည်။ ၎င်း၏ အရွက်နှစ်ခုမှာ ကျောက်ဖြစ်ကာ ခြောက်သွေ့နေပြီဖြစ်သော်လည်း အခြားနှစ်ရွက်မှာမူ အသက်ရှိနေသေး၏။ ၎င်းတို့တွင် အသက်ဓာတ် လုံလုံလောက်လောက်မရှိပဲ အတော်လေး ညှိုးနွမ်းနေသော်ငြား အသက်ရှင်နေဆဲဖြစ်သည်။ ၎င်းက စုမင်တွင်ရှိသော ရွက်လွှာခုနစ်ခုပါ နဂါးသစ်ရွက်မြက်နှင့်တော့ မယှဥ်နိုင်ပေ။ တစ်ကယ်တမ်း ဤကျောက်တုံးထဲတွင် ရှိနေသည်က ရှာမန်ကိုးပါးမျှော်စင်မှ ဝတ်စုံဖြူနှင့်လူ ထုတ်ယူခဲ့သော နဂါးသစ်ရွက်မြက်နှင့် အတော်လေး ပိုတူပေသည်။
လူပေါင်းများစွာ၏ အကြည့်အောက်တွင် စုမင်၏ မျက်လုံးများမှာ ပြန်ပွင့်လာပြီး သူ၏ ကျွမ်းကျင်သော ထိန်းချုပ်မှုများကြောင့် အလင်းကွင်း၏အရှိန်မှာ တစ်ဖြည်းဖြည်း ပိုမိုမြန်ဆန်လာခဲ့သည်။ ထို့နောက် ပေါက်ကွဲသံတစ်ချက်နှင့်အတူ သွေးကျောက်တုံးသည် အလယ်တည့်တည့်မှ ကွဲထွက်သွားပြီး ချက်ချင်းဆိုသလို နှစ်ရောင်ခြယ်အလင်းတစ်ခု ပေါ်လာခဲ့၏။
၎င်းက အကုန်မဟုတ်သေးပေ။ စုမင်သည် သွေးကျောက်တုံးအား တစ်ဖက်သို့လှည့်ကာ ခုတ်ချလိုက်သည်နှင့် နှစ်ရောင်ခြယ်အလင်းအပြင် ရွှေရောင်အလင်းတစ်ခု ထပ်တိုးလာခဲ့၏။
အနီ၊ အပြာနှင့် ရွှေရောင်အလင်းတို့သည် အချင်းချင်း ရောယှက်လျက် လူအုပ်၏မျက်စိရှေ့မှာပင် တစ်ဖြည်းဖြည်း တောက်ပလာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲသည်ပင် အေးအေးဆေးဆေး မနေနိုင်တော့ပေ။ သူ့အမူအယာမှာ ထိတ်လန့်မှုအဖြစ် သိသိသာသာ ပြောင်းလဲသွားခဲ့ချေပြီ။
အခြားသူများမှာ ပိုဆိုးနေသေး၏။ ခဏမျှ ငြိမ်ကျသွားပြီးနောက် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အသံလှိုင်းများက ကောင်းကင်သို့ပါ ပျံ့လွင့်လာခဲ့သည်။
အားလုံးထဲတွင် နန်ကုန်းဟန်မှာ စိတ်အလှုပ်ရှားဆုံး ဖြစ်သည်။ သူသည် မတ်တပ်ထရပ်ကာ ကောင်းကင်သို့ မော့ကြည့်၍ပင် အားပါးတရ ရယ်မောလိုက်သေး၏။ သူ၏ စိတ်လှုပ်ရှားနေသော အမူအယာသည် ပိုက်ဆံအားလုံး ပုံအောလိုက်ပြီးနောက် အနိုင်၊အရှုံး ဆုံးဖြတ်မည့် အခိုက်အတန့်တွင် အောင်မြင်မှုအလင်းရောင်ကို မြင်လိုက်ရသော လောင်းကစားသမားတစ်ဦးနှယ် ဖုံးဖိမရနိုင် ဖြစ်နေချေသည်။
“သုံးရောင်ခြယ် အလင်း…”
“အဲဒီ မော့စုက ဘယ်ကလာတာများလဲ။ ဘယ်လို… ဘယ်လိုလုပ်ပြီး သူက ဒီလောက်တောင် ကံကောင်းနေရတာလဲ။ သူက စောစောက တစ္ဆေဝိညာဥ်ပန်းပွင့် ရှာတွေ့ခဲ့တဲ့သူ မဟုတ်လား။ အဲဒါကို အခုထပ်ပြီး သူ့ရဲ့ ဒုတိယမြောက်ကျောက်တုံးမှာ သုံးရောင်ခြယ်အလင်း ထပ်ရသွားပြန်ပြီ”
“ကောင်လေး မော့၊ အဲဒီကျောက်တုံးကို ငါ့ဆီရောင်းလိုက်ပါလား။ ငါမင်းကို ၁,၅၀၀,၀၀၀ ပေးမယ်” တိုင်မူသည် ချက်ချင်း အလျင်စလို ပြောဆိုလိုက်သည်။
စုမင်သည် နောက်လှည့်ကာ တိုင်မူအား လက်သီးဆုပ်အရိုအသေပေးလိုက်ပြီးနောက် ညာလက်ဖြင့် အလင်းကွင်းအား ထပ်မံညွှန်ပြလိုက်သည်။ တစ်ချက်တည်းနှင့် သွေးကျောက်တုံးမှာ ကြီးကြီးမားမား ပဲ့ထွက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အလင်းကွင်းမှာ အလျင်အမြန် လှည့်ပတ်လာပြီး လေထဲသို့ ပျံ့လွင့်လာသော ဖုန်မှုန့်များနှင့်အတူ ထိုနေရာသို့ စိုက်ကြည့်နေသော မဟာအကြီးအကဲ၏ မျက်နှာထားမှာလည်း ပိုမိုတင်းမာလာတော့သည်။ သူသည် သွေးကျောက်တုံးကို ကြည့်နေခြင်းမဟုတ်ပဲ စုမင်အား စိုက်ကြည့်နေခြင်းဖြစ်သည်။
လောကတွင် ထိုမျှကံကောင်းသူ ရှိလိမ့်မည်ဟု သူမယုံပေ။
“လူကြီးမင်း၊ အဲဒီကျောက်တုံးကို ကျုပ်တို့ မျိုးနွယ်စုဆီ ရောင်းလိုက်ပါလား။ ကျုပ်တို့ ၁,၈၀၀,၀၀၀ ပေးပါ့မယ်” အလင်းကွင်း လည်ပတ်နေစဥ်မှာပင် အခြားသူတစ်ဦး၏ ဈေးခေါ်သံက အလျင်အမြန် ထွက်ပေါ်လာသည်။
စုမင်သည် ထိုလူကို အရေးမစိုက်ပဲ အလင်းကွင်းကိုသာ ဆက်လက်ထိန်းချုပ်လိုက်၏။ အချိန်တစ်ချို့ကြာပြီးနောက် သူ့မျက်လုံးများမှာ တောက်ပသွားပြီး ပျက်စီးနေပြီဖြစ်သော သွေးကျောက်တုံးအား ညာလက်ဖြင့် အလျင်အမြန် တစ်ချက်တောက်လိုက်ချေသည်။ ကျောက်တုံးမှာ ဝုန်းခနဲ ကွဲထွက်သွားပြီး စုမင်လက်ထဲတွင် ကျောက်တုံးအကြည်လေးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ကျောက်တုံးထဲတွင် ရှိနေသော နဂါးသစ်ရွက်မြက်အား အကုန်လုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
“နဂါးသစ်ရွက်မြက်… အဲဒါ ရွက်လွှာလေးခုပါ နဂါးသစ်ရွက်မြက်ပဲ”
“ရွက်လွှာနှစ်ခုက အသက်ရှင်နေသေးတယ်။ အဲဒီဆေးပင်က တစ္ဆေဝိညာဥ်ပန်းပွင့်လောက်တော့ အဖိုးမတန်ပေမယ့် သူလည်း ရှားပါးတဲ့ ပစ္စည်းတစ်ခုပဲ။ ငါကြားဖူးတာတော့ အဲဒါက လောကမှာရှိတဲ့ ဘယ်လိုအဆိပ်မျိုးကိုမဆို ကုသနိုင်တယ်တဲ့။ အဲဒါက ဒီဆေးပင်ရဲ့ ထူးခြားတဲ့ အာနိသင်ပဲ”
“ကျုပ်တို့ စုံစည်းရာလှိုင်း မျိုးနွယ်စုက နဂါးသစ်ရွက်မြက်အတွက် ရှာမန်သလင်းကျောက် ၂,၇၀၀,၀၀၀ ပေးပါ့မယ်”
“မင်းက နဂါးသစ်ရွက်မြက်ကို သလင်းကျောက် ၂,၇၀၀,၀၀၀ လောက်နဲ့ ဝယ်ချင်တယ်ပေါ့။ ကျုပ်တို့ ရှာမန်ကိုးပါးမျှော်စင်က ၃,၂၀၀,၀၀၀ ပေးမယ်”
နန်ကုန်းဟန်၏ နှလုံးသားမှာ ရင်ဘတ်မှ ပေါက်ထွက်မတတ် ဖြစ်နေချေပြီ။ ယင်ကိုးပါးလောကထဲသို့ ရောက်လာချိန်မှစ၍ ယခုလောက် သူတစ်ခါမှ စိတ်မလှုပ်ရှားဖူးပါချေ။ ထိုဈေးကမ်းလှမ်းနေသော အသံများကို နားထောင်ရင်း သူ၏ အသက်ရှူသံများမှာလည်း ပို၍ပို၍ လျင်မြန်လာရတော့၏။
စုမင်၏ အမူအယာ တည်ငြိမ်နေဆဲဖြစ်သည်။ သူ့တွင်ရှိသော ဆေးပင်မှာ သူ့လက်ထဲရှိ ဤဆေးပင်ထက် များစွာ အရည်အသွေး ပိုကောင်းပေသည်။ သူသည် နန်ကုန်းဟန်အား တစ်ချက်ငုံ့ကြည့်လိုက်ပြီး လက်ထဲရှိ ကျောက်တုံးအကြည်လေးကို နန်ကုန်းဟန်ထံ ပစ်ပေးလိုက်သည်။
“ဒီကျောက်တုံးကို ဘယ်လိုလုပ်မလဲဆိုတာတော့ အစ်ကိုနန်ကုန်းပဲ ဆုံးဖြတ်လိုက်ပါ”
နန်ကုန်းဟန်သည် ဟက်ဟက်ပက်ပက် ရယ်မောရင်း လေထဲသို့ တစ်ချက်ခုန်ကာ ကျောက်တုံးအကြည်လေးအား ဖမ်းယူလိုက်သည်။ သူ့လက်ထဲသို့ ကျောက်တုံးရောက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လူများကို အားပါးတရ ပြုံးပြလိုက်တော့၏။ အခြားတစ်နေရာရှိ ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲမှာမူ မျက်မှောင်ကြုတ်သွားခဲ့လေသည်။