← Chapters

စိတ်လိုက်မာန်ပါ ပြုမူ

Vol. 33 Ch. 454

စိတ်လိုက်မာန်ပါ ပြုမူ

Vol. 33 Ch. 454

သွေးနဂါး၏ ဧရာမဦးခေါင်းကြီးမှ နှုတ်ခမ်းမွေးများသည် စုမင်၏ ဆံပင်ရှည်များနှင့်အတူ လေထဲတွင် လွင့်မျောနေသည်။ ၎င်း၏ သွေးနီရောင် ခန္ဓာကိုယ်ကြီးနှင့် ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းအစုံတို့ကြောင့် တစ်လောကလုံးတွင် စုမင်တစ်ဦးတည်းသာ ကျန်ရစ်တော့သည့်သဖွယ် လူအားလုံးကို တိတ်ဆိတ်ငြိမ်ကျသွားစေခဲ့သည်။

သွေးနဂါး၏ ခန္ဓာကိုယ်မှ သန်မာသောစွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ သွေးနဂါး၏ ဟိန်းဟောက်သံများနှင့် ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးထံမှ ဖိအားတို့ကြောင့် လူအားလုံးမှာ အသက်ရှူရခက်ခဲလာခဲ့သည်။

ဝမ်ချိုးတစ်ယောက် ထိတ်လန့်မင်သက်နေခဲ့၏။ ထိုအစွမ်းထက်လှသော သွေးနဂါးကို သူမဆင့်ခေါ်လိုက်မိခြင်း မဟုတ်ကြောင်း စိတ်ထဲမှ သေချာသိနေခဲ့၏။ ထိုနဂါးသည် သူ့ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် ပျံထွက်သွားခဲ့ခြင်းပင်…

မော့စု၏ ခြေထောက်အောက်တွင် ကျိုးနွံစွာပျံဝဲနေသော သွေးနဂါးနှင့် ထိုသူ၏ မျက်နှာဖုံးအောက်မှ ပြတ်သားလေးနက်သော အကြည့်များကို မြင်လိုက်ရချိန်တွင် ဝမ်ချိုးစိတ်ထဲ၌ရှိနေခဲ့သော ဝေခွဲမရခြင်းနှင့် သံသယများမှာ ချက်ချင်း လွင့်ပါးပျောက်ကွယ်သွားတော့သည်။

ထျန်းလန်မုန်သည် စုမင်အား သတိလက်လွတ် ငေးကြည့်နေခဲ့မိသည်။ သူမအား အကြောက်တရားတို့ ဖြစ်ပေါ်စေသည့် ထိုသွေးနဂါးပေါ်တွင်ရပ်နေသော သူ့အား ငေးစိုက်ကြည့်ရင်း သူမစိတ်တို့ ဗလာဖြစ်သွားခဲ့သည်။ သူမအနောက်ရှိ ကောင်းကင်မြူခိုးဘိုးဘေး၏ မျက်ဝန်းများမှာလည်း ပြူးကျယ်နေပြီး မယုံနိုင်မှု အထင်းသားပေါ်နေခဲ့သည်။

တိုင်မူသည်လည်း အလားတူပင်ဖြစ်သည်။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး စုမင်ကိုတစ်လှည့်၊ သူ့ခြေထောက်အောက်မှ သွေးနဂါးကို တစ်လှည့် ကြည့်လိုက်မိသည်။ သူသည်လည်း မဟာအကြီးအကဲတစ်ယောက် ညာလက်မောင်းစုတ်ပြတ်သတ်သွားကာ စူးစူးဝါးဝါး အော်ဟစ်လျက် အနောက်သို့ လွင့်စင်သွားခဲ့သော မြင်ကွင်းကို မြင်တွေ့လိုက်ရ၏။ သို့သော်လည်း သူ၏ကျင့်ကြံဆင့်ကြောင့် ဖြစ်ပျက်သွားသည်များကို ရှင်းရှင်းလင်းလင်းတော့ မမြင်လိုက်ရပေ။

သူ့နှလုံးသားထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ မုန်တိုင်းထန်လာခဲ့သည်။ ဤမော့စုအား ထွင်းဖောက်မမြင်နိုင်တော့သလို ရုတ်တရက်ခံစားလိုက်ရပြီး လွန်ခဲ့သော တစ်လခန့်က သူတို့နှစ်ဦး တိုက်ခိုက်ခဲ့သောနေ့ကို ပြန်အမှတ်ရသွားခဲ့သည်။ ထိုအချိန်က မော့စုအား သတ်ဖြတ်ရန် အတင်းကာရော မကြိုးစားမိခဲ့သည်မှာ ကံကောင်းသည်ဟုခံစားလိုက်ရပြီး အတန်ငယ် ဝမ်းသာသွားခဲ့သည်။

ထိုသို့သာ မဟုတ်ခဲ့လျှင်…

စုမင်အားကြည့်နေသော တိုင်မူ၏ အကြည့်ထဲတွင် လေးစားမှုနှင့် သတိထားမှု အရိပ်ယောင်တစ်ချို့ ပေါ်လာခဲ့သည်။

အောက်ဘက်ရှိ လူအုပ်ထဲတွင်ရပ်နေသော နန်ကုန်းဟန်၏ပုံစံမှာ စိတ်လွတ်သွားသကဲ့သို့ပင်။ အရာအားလုံးက ဖြစ်ပျက်ပြောင်းလဲသွားသည်မှာ အလွန်လျင်မြန်လှသဖြင့် သူ့ကိုယ်သူ မည်သို့တုန့်ပြန်ရမည်ပင် မသိတော့ပေ။ သွေးနဂါးနှင့် ၎င်း၏ကျောပေါ်တွင် ရပ်နေသော စုမင်အား စိုက်ကြည့်ရင်း နန်ကုန်းဟန်တစ်ယောက် ဤသည်က အစစ်အမှန်လား၊ အိပ်မက်လားပင် ခွဲခြားမရတော့ချေ။

အစစ်အမှန်ဟု ဆိုရအောင်ကလည်း သူမြင်နေရသည်မှာ ယုံကြည်နိုင်ရန် ခက်ခဲလှ၏။ စိတ်ကူးယဥ်အိပ်မက်ဟု ဆိုရပြန်အောင်လည်း မဟာအကြီးအကဲ၏ သွေးသံရဲရဲ စုတ်ပြတ်သတ်နေသော လက်မောင်းနှင့် ဖြူဖျော့နေသော မျက်နှာ၊ ထိတ်လန့်ကြောက်ရွံ့နေသော အမူအယာတို့မှာ အလွန်တရာ စစ်မှန်လွန်းနေသည်။

ထို့အပြင် သူ့မျက်စိရှေ့ရှိ သွေးနဂါး၏ကျောပေါ်မှ စုမင်၏ မြင်ကွင်းသည် အတိတ်အချိန်က ကောလဟာလများထဲမှ ပုံရိပ်နှင့် ထပ်တူကျသွားခဲ့သည်။ စုမင်၏ နောက်ကျောမှာ သူတစ်ချိန်က မြင်ဖူးခဲ့သည့်နောက်ကျောနှင့် ဆင်တူလာခဲ့ချေသည်။

နန်ကုန်းဟန်၏ အသက်ရှူသံများမှာ လျင်မြန်လာသည်။ စိတ်ရှုပ်ထွေးမှုကြောင့် သူ၏ အမြင်အာရုံမှာ ဝေဝါးလာပြီး စိတ်ရှုပ်ထွေးမှုအပြင် စိတ်လှုပ်ရှားမှုများပါ ပေါ်လာခဲ့၏။

ဟိုးအဝေးရှိ လူအုပ်၏အစွန်တွင် ကောင်းကင်သို့မော့ကြည့်နေသည့် မျက်လုံးများအကြား အမုန်းတရားတို့ တောက်လောင်နေသည့် မျက်ဝန်းတစ်စုံရှိနေ၏။ ထိုအကြည့်ပိုင်ရှင်သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး အတိအကျဆိုရလျှင် ရေခဲတစ်မျှ အေးစက်လှသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

‘တစ်ကယ်ကို ရှင်ပဲ… ဒါပေမယ့် ရှင်က အရင်ထက် အများကြီးပိုအားနည်းသွားပြီ…’

နန်ကုန်းရှန်သည် လက်သီးကို တင်းတင်းဆုပ်လိုက်ကာ အံကြိတ်ထားမိ၏။ ဤလူသည် အတိတ်အချိန်ကထက် များစွာအားနည်းသွားခဲ့ပြီ ဆိုသော်ငြား သူမတိုက်ခိုက်နိုင်သည့်လူ မဟုတ်သေးကြောင်းကိုတော့ နားလည်ထားဆဲဖြစ်သည်။ အထူးသဖြင့်တော့ အဆုံးသတ်ရှာမန် ဖြစ်လုဆဲဆဲ မဟာအကြီးအကဲ၏ လက်မောင်းအား အမျိုးအမည်မသိ နတ်ဘုရားစွမ်းရည်တစ်မျိုးဖြင့် ဆုတ်ဖြဲပစ်လိုက်သည့် အချိန်မှာပင်… အဆုံးသတ်ရှာမန်အဆင့် စွမ်းအားရှိသူများသာ ထိုသို့လုပ်နိုင်လိမ့်မှာဖြစ်သည်။

စုမင် ခေါင်းငုံ့လိုက်ချိန်တွင် သူ့နားထဲသို့ အိုမင်းသောအသံတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။ ထိုအသံအား အခြားသူများ မကြားရပဲ သူတစ်ဦးတည်းသာ ကြားလိုက်ရခြင်းဖြစ်သည်။

“ငါ့ကို ဝိညာဥ်လုယက် မပေးရခင် မင်းမှာ အခွင့်အရေးနှစ်ခု ကျန်သေးတယ်… မင်းအတွက် တစ်ယောက်ယောက်ကို သတ်ပေးစေချင်ရင်တော့ အသက်တစ်ချောင်းအတွက် ဝိညာဥ်လုယက်တစ်လုံး ပေးချေရမယ်…”

စုမင်သည် တည်တည်ငြိမ်ငြိမ်ပင် သူ့ခြေထောက်အောက်ရှိ သွေးနဂါးထံ တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤသားရဲအား သူရင်းနှီးနေ၏။ ဟုန်လော့၏ မှတ်ဥာဏ်များထဲတွင် သူသည် မြေစွမ်းအင်ကိုသုံးကာ ဤသွေးနဂါးကို ဖန်တီးပြီး ရှင်သန်စေခဲ့သည်။ ဟုန်လော့သည် ဤလောကမှ ထွက်သွားတော့မည့်အချိန်တွင် ၎င်းအားအတူခေါ်မသွားလိုခဲ့သဖြင့် ဝမ်ချိုးအား လက်ဆောင်တစ်ခုအနေဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ ပေါ်ထွက်လာမှုကြောင့် စုမင် လုံးလုံးအံ့ဩသွားခြင်းတော့ မဟုတ်ပေ။ တစ်ကယ်တမ်းတွင် မဟာအကြီးအကဲနှင့် တိုက်ခိုက်နေစဥ်ကတည်းကပင် ဆောင်းဦးပင်လယ်မျိုးနွယ်စုဘက်ဆီမှ သွေးနဂါး၏ ခပ်တိုးတိုး၊ ဒေါသတကြီး ဟိန်းဟောက်သံများကို သူခံစားမိနေခဲ့ခြင်း ဖြစ်သည်။

၎င်းအား ဟုန်လော့မှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဟုန်လော့မှာ စုမင်ကိုယ်ထဲတွင် ချိပ်ပိတ်ခံထားခဲ့ရသူ ဖြစ်သည်။ ဟုန်လော့မှာ သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ‘အသက်လမ်းကြောင်း’ ကျင့်စဥ်ကြောင့် သူ၏အမွေအနှစ်အားလုံးကို စုမင်ထံ ချန်ထားရစ်ခဲ့၏။ ထို့ကြောင့်ပင် သွေးနဂါးအတွက် စုမင်သည် သူ့သခင် ဟုန်လော့ မဟုတ်သော်လည်း သခင်ကဲ့သို့ ခံစားခဲ့ရခြင်းဖြစ်သည်။

စုမင် အန္တရာယ်ရှိနေသည်ကို ခံစားမိသည်နှင့် ၎င်း၏ချိပ်စည်းကို ချိုးဖျက်ကာ ပုံသဏ္ဍာန်အမှန်ကို ထုတ်ဖော်ပြလာခဲ့ခြင်းပင်…

စုမင်သည် သွေးနဂါးထံမှ အကြည့်ပြန်လွှဲလိုက်ပြီး သူနှင့် ပေတစ်ထောင်ခန့်အဝေးတွင် ရပ်နေသည့် မဟာအကြီးအကဲထံ လှမ်းကြည့်လိုက်သည်။ မဟာအကြီးအကဲ၏ သွေးဆုတ်ဖြူရော်နေသော မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေဆဲဖြစ်သည်။

စုမင်သည် မကြာသေးမီက ထိတ်လန့်ဖွယ် တိုက်ခိုက်မှုအတွင်း အဆုံးသတ်ရှာမန်တစ်ဦး၏ စွမ်းအားရှိသော ပဥ္စမအလွှာမှ အဘိုးအိုကို ဆင့်ခေါ်ခဲ့ခြင်းပင်… အဆုံးသတ်ရှာမန်များနှင့်ပင် လက်ရည်တူတိုက်ခိုက်နိုင်သည့် ထိုအစွမ်းထက်စစ်သည်တော်သည် လက်ချောင်းလေးတစ်ချက်ဖြင့် မဟာအကြီးအကဲကို နောက်ဆုတ်သွားခဲ့သည်။ သူသည် မဟာအကြီးအကဲ၏ ညာလက်မောင်းကိုပင် သွေးသံရဲရဲဖြစ်အောင် စုတ်ပြတ်သတ်သွားစေခဲ့သည်။

ထိုလက်ချောင်း၏ ပေါ်ထွက်လာမှုသည် အနီးတစ်ဝိုက်ဧရိယာကိုပင် ပုံပျက်သွားစေခဲ့၏။ ထို့ကြောင့်ပင် ဖြစ်ပျက်သွားသည်များကို စုမင်နှင့် မဟာအကြီးအကဲတို့မှအပ အခြားမည်သူမျှ သေချာမမြင်လိုက်ရခြင်းပင်။ သူတို့သည် စုမင်ပါးစပ်မှ တစ်စုံတစ်ရာ ရေရွတ်လိုက်သည်နှင့် စုမင်အား ဖမ်းဆုပ်ရန် ကြိုးစားနေသော မဟာအကြီးအကဲသည် စူးစူးဝါးဝါး အော်ဟစ်လျက် စုတ်ပြတ်သွားသော ညာဘက်လက်မောင်းနှင့်အတူ အနောက်သို့ လွင့်စင်သွားသည်ကိုသာ မြင်လိုက်ကြရခြင်း ဖြစ်သည်။

စုမင်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဟိန်းဟောက်ပေါ်ထွက်လာသော သွေးနဂါးတို့ကြောင့် လူများအား စုမင်သည် ထွင်းဖောက်မမြင်နိုင်သော တွင်းနက်ကြီးသဖွယ် ခံစားနေရစေ၏။ ထို့ကြောင့်ပင် ယခုအခါ လူတိုင်း၏ မျက်လုံးထဲ၌ စုမင်သည် ကြောက်မက်ဖွယ်စွမ်းအားအပြည့်ဖြင့် လူတစ်ဦး ဖြစ်နေခဲ့ချေပြီ။

“အခုတော့ ကျုပ်က ပိုသန်မာသွားပြီပဲ” စုမင်သည် ဖြူဖျော့နေသော မဟာအကြီးအကဲထံ လှမ်းကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

အဘိုးအို၏ အမူအယာမှာ ယခင်နှင့်လားလားမျှ မတူတော့ချေ။ သူ့နှလုံးသားမှာ တုန်လှုပ်ချောက်ခြားနေဆဲ ဖြစ်သည်။ ထိုအချိန်အခိုက်အတန့်လေးမှာပင် သူ့ခေါင်းပေါ်၌ ပြင်းထန်သော သေခြင်းတရား၏ အငွေ့အသက်တို့ကို ခံစားမိခဲ့၏။ ထိုလက်ညှိုးသည် သူ့လက်ဖဝါးပေါ်သို့ ကျရောက်ခဲ့ခြင်းကြောင့်သာ ကံကောင်းသွားခြင်းဖြစ်သည်။ သူ့နံဖူးပေါ်သို့သာ ကျရောက်ခဲ့လျှင်တော့ သူသေချာပေါက် သေဆုံးသွားလိမ့်မှာဖြစ်ပြီး သူ၏ စိတ်ဝိညာဥ်သည်ပင် သေခြင်းတရားထံမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုလက်ညှိုးမှာ… အလွန် ကြောက်ဖို့ကောင်းလွန်း၏။

“ကျုပ်ရဲ့ သွေးကျောက်တုံးကို လိုချင်သေးလား” စုမင် ဖြည်းဖြည်းချင်း မေးလိုက်သည်။

မဟာအကြီးအကဲ၏ မျက်နှာသည် ကြောက်ရွံ့မှုနှင့် ဒေါသတို့ကြောင့် အစိမ်းရောင်မှ အနီရောင်ပြောင်းသွားခဲ့သည်။ သူသည် စုမင်ကိုကြည့်ကာ အသက်ဝဝရှူလိုက်ပြီး နှလုံးသားထဲမှ ထိတ်လန့်ကြောက်ရွံ့မှုများကို ချိုးနှိမ်လိုက်သည်။ ထို့နောက် သူ၏ သွေးသံရဲရဲ လက်မောင်းကိုပင် ဂရုမစိုက်အားပဲ စုမင်အား ခပ်တိုးတိုး ပြန်မေးလိုက်၏။ “မင်းက တစ်ကယ်ပဲ ဘယ်သူများလဲ”

“မော့စု” စုမင်၏ မျက်နှာထားမှာ အနည်းငယ်ပင် ပြောင်းလဲသွားခြင်းမရှိပေ။ ထိုအခိုက်အတန့်တွင် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ တိတ်တဆိတ် စူးစမ်းနေသော အကြည့်များက စုမင်အား  ဤအဖြစ်အပျက်အတွင်း လူများ၏ ပြောင်းလဲမှုအမျိုးမျိုးကို သိမြင်လာစေ၏။

“ငါ ဒီနေ့ စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး…” မဟာအကြီးအကဲသည် ထိုစကားလုံးများကို ခက်ခက်ခဲခဲ ထုတ်ပြောလိုက်ရသည်။ ဤစကားလုံးများမှာ အတော် ကသိကအောက်နိုင်လှပြီး မည်သည့်အချိန်က သူ ထိုစကားမျိုး နောက်ဆုံးပြောခဲ့မိမှန်းပင် မမှတ်မိတော့ချေ။

“စိတ်လိုက်မာန်ပါ လား” စုမင်မျက်လုံးများက အေးစက်သွားသည်။ သူသည် ခြေထောက်အောက်ရှိ သွေးနဂါးအပေါ်မှာပင် အသာအယာ လျှောက်သွားလိုက်ပြီး ၎င်းထံ အတွေးတစ်ခု ပို့လွှတ်လိုက်သည်။ ဤသည်က သွေးနဂါးကို ပထမဆုံးထိန်းချုပ်ဖူးခြင်း ဖြစ်သဖြင့် သူ့လုပ်ရပ်များက အလွန်တော့ ချောချောမွေ့မွေ့ မရှိလှပေ။ သူ့မှတ်ဥာဏ်များထဲတွင် ဟုန်လော့သည် ဤနည်းဖြင့် အတွေးများပို့လွှတ်ကာ အမိန့်ပေးခြင်း ဖြစ်ကြောင်းကိုသာ သူမှတ်မိနေခြင်း ဖြစ်သည်။

“စိတ်လိုက်မာန်ပါ လုပ်မိတယ်လို့ ပြောလိုက်ရုံနဲ့ ကျုပ်သွေးကျောက်တုံးကို ပြောင်ပြောင်တင်းတင်း လုယူလို့ရသွားရောပေါ့” စုမင် အတွေးတို့ ပို့လွှတ်လိုက်သည်နှင့် သွေးနဂါးသည် အမြီးကြီးကို လျင်မြန်စွာ ကွေးညွတ်လိုက်ပြီး ယင်ဝိညာဥ်၊ ကိုယ်ပွားနှင့် အဆိပ်အလောင်းတို့ဆီသို့ လှမ်းရိုက်လိုက်သည်။

၎င်း၏ စွမ်းအင်ထိန်းချုပ်မှုမှာ အလွန်ကောင်းမွန်လှသည်။ ထိုသုံးဦး၏ ခန္ဓာကိုယ်များကို ပိတ်လှောင်ထားသော ချိပ်စည်းများကို အပြင်းအထန် တုန်ခါသွားစေပြီး ကျိုးပျက်သွားစေခဲ့သော်လည်း အတွင်းရှိလူများကိုတော့ လုံးလုံးမထိခိုက်စေခဲ့ပေ။

“စိတ်လိုက်မာန်ပါ လုပ်မိတယ်လို့ ပြောလိုက်ရုံနဲ့ ကျုပ်ရဲ့ သေခြင်း၊ ရှင်ခြင်းကို ခင်ဗျားစိတ်ကြိုက် ဆုံးဖြတ်နိုင်သွားရောပေါ့” ထိုမေးခွန်းနှစ်ခုကို မေးလိုက်ချိန်တွင် လေထဲ၌ တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်သွားသည်။ စကားသံနှင့် ပေါက်ကွဲသံများမှာ အတူပေါင်းစည်းသွားပြီး စုမင်အသံက မိုးခြိမ်းသံကဲ့သို့ ပြောင်းလဲသွားသည်။ ထိုအချိန်မှာပင် ယင်ဝိညာဥ်သည် ပြန်လည်လှုပ်ရှားနိုင်လာပြီး စုမင်နံဘေးသို့ လျှောက်လာခဲ့၏။ ၎င်း၏ စုမင်အားကြည့်နေသော အကြည့်ထဲတွင် ထိတ်လန့်မှုအချို့ ထင်ဟပ်နေလေသည်။

သူ့ထိတ်လန့်နေရသည့် အကြောင်းအရင်းမှာ သူတို့မျိုးနွယ်စုထဲရှိ လူအိုကြီး၏ တိုက်ခိုက်မှုကြောင့်မဟုတ်ပဲ စုမင်၏ ခြေထောက်အောက်တွင် ရောက်နေသော သွေးနဂါးကြောင့်ဖြစ်သည်။ ထိုသွေးနဂါးမှာ အလွန်သန်မာလှပြီး မိမိ၏ လက်ရှိကျင့်ကြံဆင့်ထက်ပင် သာလွန်သောခွန်အားမျိုး ရှိနေလိမ့်မည်ဟု သူခံစားနေရ၏။

ကိုယ်ပွားသည် စုမင်အနောက်သို့ ဖျတ်ခနဲပြန်ရောက်လာပြီး အဆိပ်အလောင်းသည်လည်း စုမင်နံဘေးတွင် ပြန်ပေါ်လာခဲ့သည်။

“ဒါက စိတ်လိုက်မာန်ပါ လုပ်မိတာဆိုမှတော့၊ ကျုပ်လည်း ဒီနေ့ စိတ်လိုက်မာန်ပါ လုပ်ကြည့်ရသေးတာပေါ့” စုမင်သည် ညာလက်ကိုမြှောက်ကာ မဟာအကြီးအကဲထံ ညွှန်ပြလိုက်သည်။ ထိုသို့ ညွှန်ပြလိုက်သည်နှင့် သွေးနဂါးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး စုမင်နှင့်အတူ အဘိုးအိုထံ အလျင်အမြန် တိုးဝင်သွားသည်။

မဟာအကြီးအကဲ၏ မျက်နှာထားမှာ ချက်ချင်းဆိုသလို သိသိသာသာ ပြောင်းလဲသွားသည်။ သူ့ကိုယ်သူ ရှင်းပြချင်သော်ငြား ပါးစပ်ဟချိန်ပင် မရလိုက်ပဲ အနောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သော်လည်း မည်မျှပင် လျင်မြန်ပါစေ၊ သွေးနဂါးထံမှ မလွတ်မြောက်နိုင်ခဲ့ပေ။ တစ်ခဏအတွင်းမှာပင် မဟာအကြီးအကဲထံ ကြီးမားသောစွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်လာပြီး သူ့အဝတ်များကို တဖျတ်ဖျတ်လှုပ်ခတ်သွားစေသည်။

သို့သော် ထိုအခိုက်အတန့်မှာပင် ကောင်းကင်နှင့် မြေပြင်ကြား၌ ခပ်တိုးတိုး သက်ပြင်းချသံတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် မဟာအကြီးအကဲနှင့် သွေးနဂါးကြားရှိ ပေတစ်ရာခန့် အကွာအဝေးအတွင်း၌ စူးရှသော အလင်းတန်းတစ်ခု ပေါ်လာပြီး လူတစ်ဦး ထွက်ပေါ်လာခဲ့သည်။

ထိုလူ၏ မျက်နှာနှင့် အသက်အရွယ်ကိုတော့ မမြင်ရပေ။ ထွက်ပေါ်လာသည်နှင့် ထိုလူသည် ညာလက်ကိုမြှောက်လိုက်ရာ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသော အလင်းများသည် ညာလက်ထဲတွင် စုဝေးသွားပြီး သူ့ပုံစံက နေလုံးကြီးတစ်ခုကို ဆုပ်ကိုင်ထားသည့်အလားပင်။

ထိုလူ၏ ညာလက်သည် ဖြည်းဖြည်းချင်း လှုပ်ရှားသွားပြီး တစ်ကယ်တမ်းတွင်တော့ သွေးနဂါး၏ အမြန်နှုန်းထက်ပင် ပိုမိုလျင်မြန်နေခဲ့၏။

သွေးနဂါးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အနီရောင်အလင်းတို့ တောက်ပလာသည်။ ထို့နောက် ချက်ချင်းဆိုသလို အဆိုပါလူ၏ ညာလက်နှင့် တိုက်မိသွားခဲ့သည်။ တဝုန်းဝုန်း ပေါက်ကွဲသံများသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေပြီး စုမင်အား ဟန်ချက်ပျက်သွားစေသည်။ သူ့ခြေထောက်အောက်ရှိ သွေးနဂါးမှာလည်း ရှေ့ဆက်မတိုးနိုင်တော့ပဲ ချက်ချင်းတားဆီးခံလိုက်ရ၏။

သို့သော် အလင်းတန်းအတွင်းမှ လူသည်လည်း ထိုတိုက်ကွက်အတွင်း စွမ်းအင်အားလုံး အသုံးပြုလိုက်ရပုံပေါ်၏။ သွေးနဂါးကို တားဆီးလိုက်နိုင်သော်ငြား သူကိုယ်တိုင်လည်း အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ပေးလိုက်ရချေသည်။ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အလင်းများမှာလည်း ပျက်ပြယ်သွားပြီး အသားဖြူဖြူ သက်လတ်ပိုင်းလူတစ်ဦး ပေါ်လာခဲ့သည်။ သူ၏ ပုံပန်းသွင်ပြင်နှင့် ပက်သက်၍ အထင်ရှားဆုံးမှာ ဖီးနစ်သဏ္ဍာန် မျက်ဝန်းများဖြစ်သည်။

သက်လတ်ပိုင်းလူသည် ခါးသီးစွာပြုံးလိုက်ပြီး ချိုချိုသာသာပင် “ညီလေးမော့၊ ခဏလောက် တိုက်ခိုက်တာရပ်ပြီး ကျုပ်ကို စကားတစ်ခွန်းလောက် ပြောခွင့်ပေးနိုင်မလား”

သက်လတ်ပိုင်းလူ ပေါ်လာသည်နှင့် မဟာအကြီးအကဲတစ်ယောက် စိတ်ထဲမှ သက်ပြင်းခိုးချလိုက်မိ၏။ ထို့နောက် တရိုတသေ မျက်နှာထားဖြင့် ထိုလူအား ဦးညွှတ်လိုက်သည်။

“မြေစွမ်းအင် ကျောင်းဆောင်သခင်ကို နှုတ်ဆက်ပါတယ်”

“မင်းရဲ့ နာမည်ကို ဒီနေ့မှ သိကျွမ်းခွင့်ရတာဆိုပေမယ့် မင်းရဲ့ တည်ရှိမှုက တစ်ကယ်ပဲ ငါ့ကို အထင်ကြီးလေးစားမိစေပါတယ်… မင်းက ကျုပ်တို့ရဲ့ အင်အားကြီးရှာမန်တွေကို စိန်ခေါ်ခဲ့တယ်။ ဆောင်းဦးပင်လယ်ရဲ့ ကုန်းစီကိုလည်း ပိတ်လှောင်ခဲ့ပြီး ဘယ်သူမှမင်းအကြောင်းကို သေချာမသိခဲ့ရဘူး… အဲဒီအချိန်ပြီးတာနဲ့ မင်းပျောက်သွားခဲ့တာက နှမြောစရာပဲ။ ဒီနေ့တော့ ငါကံကောင်းပြီး မင်းနဲ့တွေ့ဆုံခွင့်ရခဲ့ပြီပဲ ညီလေးမော့” သက်လတ်ပိုင်းလူသည် စုမင်ကိုကြည့်ကာ မျက်နှာထက်တွင် အပြုံးရေးရေးဖြင့် လက်သီးဆုပ်နှုတ်ဆက်လိုက်ချေသည်။

All Chapters