ထွက်ခွာခြင်း
Vol. 33 Ch. 455
သက်လတ်ပိုင်းလူ ပေါ်လာသည်နှင့် အောက်ဘက်ရှိ လူအုပ်ထံမှ အချို့လူများသည် ၎င်းအား ချက်ချင်းမှတ်မိသွားခဲ့ကြသည်။ သူတို့သည် အသံကျယ်ကျယ်ဖြင့် မဆွေးနွေးရဲသော်လည်း ခပ်တိုးတိုး ပြောဆိုသံများကိုမူ ကြားနေရဆဲဖြစ်သည်။
“ဒီတစ်ခေါက် ယင်ကိုးပါးလောကရဲ့ ကာကွယ်သူခေါင်းဆောင် အဆုံးသတ်ရှာမန်က ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ မြေစွမ်းအင်ကျောင်းဆောင်သခင် ဆရာမော့ပေလား”
“ဆရာမော့ပေက အဲဒီမော့စုကို ညီလေးမော့လို့ ခေါ်သွားတယ်… ပြီးတော့ အဲဒီ သွေးနဂါး… အဲဒါက… မော့စုက ဒဏ္ဍာရီတွေထဲက ဟိုလူများဖြစ်နေမလား”
စုမင်သည် မဟာအကြီးအကဲ၏ ရှေ့တွင်ရပ်နေသော သက်လတ်ပိုင်းအမျိုးသားကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်လိုက်သည်။ မဟာအကြီးအကဲ၏ တလေးတစား အပြုအမူနှင့် စကားလုံးများအပြင်၊ ထိုလူ၏ ကျင့်ကြံဆင့်မှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများကြောင့် သူ့ရှေ့ရှိလူသည် ရှာမန်မြို့တော်ကို ကာကွယ်နေသော အဆုံးသတ်ရှာမန်ဖြစ်ကြောင်း ခန့်မှန်းရန် သိပ်မခက်ခဲလိုက်ပါချေ။
ဤသည်က သူဆုံဖူးသော ဒုတိယမြောက် အဆုံးသတ်ရှာမန်ဖြစ်သည်။
ဤလူထံမှ ရသောခံစားချက်သည် ပြင်းထန်သော စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသည့် ကုန်းစီထံမှရသော ခံစားချက်နှင့် မတူပေ။ ဤလူသည် အလွန်သိမ်မွေ့နူးညံ့ပုံပေါ်ပြီး သူ၏ အရှိန်အဝါအများကို ကိုယ်တွင်းမှာပင် သိမ်းဆည်းထားသည်။ မည်သူမဆို အကြည့်တစ်ချက်ဖြင့်ပင် ထိုလူ၏ ကွဲပြားမှုကို မြင်နိုင်သော်လည်း ၎င်းထံမှ အဆုံးသတ်ရှာမန်တစ်ဦး၏ ဖိအားမျိုးတော့ ခံစားမိလိမ့်မည် မဟုတ်ပေ။
သူသာ ထိုသို့လုပ်နိုင်သည်ဆိုလျှင် သူ၏ နယ်ပယ်အပေါ် နားလည်သဘောပေါက်မှုက ကုန်းစီထက် ပိုမိုမြင့်မားကြောင်း သိသာနေလေသည်။
ထိုလူ၏ စကားလုံးများကို ကြားသောအခါ စုမင်စိတ်ထဲတွင် သံသယတို့ ချက်ချင်းပေါက်ဖွားလာခဲ့သည်။ မာန်နတ်ဘုရား၏ စွမ်းအားဖြင့် တိထျန်း၏ကိုယ်ပွားကို ဖယ်ရှားပြီး ဟင်းလင်းပြင်တံခါးဝမှတစ်ဆင့် သူထွက်ခွာလာပြီးစဥ်ကတည်းကပင် သူ့အား အတွေးတစ်ခုမှ အချိန်တိုင်းနှောင့်ယှက်နေခဲ့ခြင်း ဖြစ်သည်။ တိထျန်းနှင့် စတင်တိုက်ခိုက်ချိန်မှစ၍ ဟုန်လော့ပျောက်ကွယ်သွားပြီးချိန်အထိ အရာအားလုံးသည် ရှာမန်မျိုးနွယ်၏ မြင့်မြတ်သောတောင်ထွတ်နှင့် ထိုတောင်ထွတ်အနီးတွင် ဖြစ်ပျက်ခဲ့ခြင်းပင်။
ကောလဟာလများအရဆိုလျှင် ထိုမြင့်မြတ်သောတောင်ထွတ်မှာ ရှာမန်နတ်ဘုရားကျောင်းတော် တည်ရှိသောနေရာဖြစ်သည်။ ထိုသို့ဆိုလျှင် ရှာမန်နတ်ဘုရားကျောင်းတော်သည် တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရမည်ဖြစ်သော်လည်း ဤမြေစွမ်းအင်ကျောင်းဆောင်သခင်နှင့် မဟာအကြီးအကဲတို့၏ အမူအယာနှင့် စကားလုံးများက သူတို့၏ မြင့်မြတ်သောတောင်ထွတ်အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကို သူတို့မသိကြောင်း ဖော်ပြနေ၏။
သို့သော် ဤအချိန်က တွေးတောနေရန် အချိန်ကောင်း မဟုတ်ပေ။ စုမင်သည် ပြောသည်ကိုသာ နားထောင်လိုက်ပြီး တစ်ခွန်းမျှ ပြန်မပြောမိပေ။
“ဒီနေ့ ဖြစ်ခဲ့တာက ကျုပ်တို့ဘက်ကအမှားပါ… ညီလေးမော့ စိတ်မပူပါနဲ့။ မင်း စိတ်ကျေနပ်လောက်မယ့် အဖြေတစ်ခုကို ကျုပ်သေချာပေါက် ပေးမှာပါ… ဒီတော့ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြဖို့ မျှော်လင့်မိပါတယ်… ဘာပဲဖြစ်ဖြစ်၊ မင်းကလည်း နှစ်တွေအကြာကြီး ပျောက်သွားပြီး ကျင့်ကြံဆင့်ပါ ကျသွားခဲ့သေးတာဆိုတော့…”
“မင်း ဒီယင်ကိုးပါးလောကထဲမှာ ပေါ်လာတာက ရှာမန်နတ်ဘုရားကျောင်းတော်နဲ့ တိုက်ခိုက်ဖို့မဟုတ်ဘူးလို့တော့ ကျုပ်ထင်တယ်။ မင်းမှာလည်း အရေးကြီးကိစ္စတစ်ခုခု ရှိနေပုံပဲ…” သက်လတ်ပိုင်းလူသည် အပြုံးဖြင့်ဆက်ပြောသည်။ စုမင်၏ စွမ်းအင်အဆင့်ကျသွားခြင်းအကြောင်း ထည့်ပြောလိုက်ချိန်တွင် သူ့မျက်လုံးများမှာ ဖျတ်ခနဲတောက်ပသွားကြသည်။
သူကိုယ်တိုင်ပင် မဟာအကြီးအကဲအား တိုက်ခိုက်ခဲ့သော လက်ချောင်းကို မမြင်တွေ့ခဲ့ကြောင်း သိသာနေ၏။ မဟာအကြီးအကဲကမူ ထိုလက်ချောင်းကို မြင်တွေ့ခဲ့သော်ငြား ၎င်းက စုမင်၏ နတ်ဘုရားစွမ်းရည်လော၊ အခြားသူတစ်ဦး၏ တိုက်ခိုက်မှုလော ဟူသည်ကို ခွဲခြားနိုင်မည့်သူမဟုတ်ချေ။
“ဒါ့အပြင်၊ မင်းနဲ့အတူ စောင့်ရှောက်သူ ယင်ဝိညာဥ်ရှိနေတယ်ဆိုတော့… နဝမအလွှာအထိ သွားခဲ့ပြီးလောက်ရောပေါ့…” သက်လတ်ပိုင်းလူက ဆက်ပြောသည်။
“ဒါကို ဘယ်လိုဖြေရှင်းမှာလဲ” စုမင် တည်တည်ငြိမ်ငြိမ်ပင် မေးခွန်းထုတ်လိုက်သည်။ တစ်ဖက်လူမှ သူ့အား ဟုန်လော့ဟုထင်နေပြီး ထိခိုက်ဒဏ်ရာရကာ ကျင့်ကြံဆင့်ကျသွားသည်ဟု ထင်နေမှတော့ စုမင်ဘက်ကလည်း ထိုအရာကို ပြန်ဖြေရှင်းနေမည် မဟုတ်ပေ။ ထို့အပြင် စောင့်ရှောက်သူယင်ဝိညာဥ်အကြောင်း ပြောချိန်၌ ထိုလူ၏ စကားသံထဲမှ ခြိမ်းခြောက်မှုအရိပ်အမြွက်ကိုလည်း သူသေချာပေါက် ကြားလိုက်ပေသည်။
သူ့စကားလုံးများ နောက်ကွယ်ရှိအဓိပ္ပာယ်မှာ စုမင်အား ယင်ကိုးပါးလောကထဲတွင် ရှာမန်နတ်ဘုရားကျောင်းတော်၌လည်း စောင့်ရှောက်သူယင်ဝိညာဥ်ရှိသည်ဟု သတိပေးနေခြင်း ဖြစ်သည်။ စုမင်သာ ၎င်းတို့ကို ဆက်တိုက်ခိုက်မည်ဆိုလျှင် ဘယ်ဘက်ကမှ ရလဒ်ကောင်းမည်မဟုတ်ပေ။
သက်လတ်ပိုင်းလူသည် ခဏမျှတွေးတောလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ညီလေးမော့က ဒီရတနာလောင်းကစားပွဲမှာ ဝင်ကစားခဲ့တယ်ဆိုမှတော့ ဒီလိုဆုံးဖြတ်လိုက်မယ်ဆိုရင်ရော… ကျုပ်တို့ နောက်ကျင်းပမယ့် လေလံပွဲရဲ့ သွေးကျောက်တုံးတွေထဲကနေ မင်းကြိုက်တဲ့ သွေးကျောက်တုံးငါးရာ ရွေးလိုက်ပါ။ အဲဒီအတွက် သလင်းကျောက်တစ်တုံးမှ ပေးစရာမလိုပါဘူး။ ဒီတိုင်း ယူသွားလို့ရပါတယ်။ ပြီးတော့ ဒီနေရာမှာလည်း ခွဲဖွင့်စရာမလိုပါဘူး”
“ရှာမန်နတ်ဘုရားကျောင်းတော်က ပိုင်တဲ့ ယင်ကိုးပါးလောကရဲ့ ထိပ်တန်းလျှို့ဝှက်မြေပုံတစ်ခုလည်း ပေးလိုက်ပါ့မယ်။ အဲဒါက နှောင်းပိုင်းရှာမန်တွေပဲ ရတဲ့ အရမ်းအသေးစိတ်ကျတဲ့ မြေပုံပဲ”
“အဲဒါအပြင် ယင်ကိုးပါးလောကထဲမှာ ရှာမန်နတ်ဘုရားကျောင်းတော်က ဖွံ့ဖြိုးအာင်လုပ်ထားတဲ့ နေရာတွကို အပြင်လူတွေ ဝင်ရောက်ချင်ရင် ကန့်သတ်ချက်တွေ အများကြီးရှိပေမယ့် မင်းအတွက်တော့ စိတ်တိုင်းကျ သွားလာဝင်ထွက်နိုင်ပါတယ်။ ဒီရှာမန်မြို့တော် အပါအဝင်ပေါ့”
စကားဆုံးသည်နှင့် သက်လတ်ပိုင်းလူ၏ ညာဘက်လက်ထဲတွင် အနက်ရောင်သစ်သားပိုင်းနှစ်ခု ပေါ်လာခဲ့သည်။ သူသည် ၎င်းတို့ကို စုမင်အရှေ့သို့ တွန်းပို့လိုက်သည်။
စုမင် ထိုလူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူသည် သစ်သားပိုင်းများကို မထိပဲ အဆိပ်အလောင်းသည်သာ အရှေ့ထွက်လာကာ ထိုအရာများကို ဝတ်ရုံလက်ထဲသို့ သိမ်းဆည်းလိုက်ပြီး သူ့နေရာသူ ပြန်သွားခဲ့၏။
“သွေးကျောက်တုံးတွေအတွက် ကျေးဇူးပဲ” စုမင် ခပ်ပြတ်ပြတ်ပြောလိုက်သည်။
ကျောင်းတော်သခင်သည် ဝါးစာလိပ်များကို စုမင်၏ ရုပ်သေးမှသိမ်းဆည်းသွားကြောင်း မြင်သောအခါမှသာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်၏။ စုမင်သည် သူ၏ တိုက်ခိုက်မှုတစ်ချက်ဖြင့်ပင် သေဆုံးသွားနိုင်လောက်သည်အထိ အားနည်းသည်ဟု ခံစားနေရသော်လည်း မဟာအကြီးအကဲ၏ သွေးသံရဲရဲဖြင့် စုတ်ပြတ်သတ်နေသော ညာလက်မောင်းက သူ၏ အတွင်းစိတ်ထဲတွင် ကြောက်ရွံ့မှုတစ်ချို့ ဖြစ်ပေါ်နေစေသည်။ ဤမော့စု၏ စွမ်းအားသည် အလွှာများစွာ ကျဆင်းသွားသော်လည်း အသေသတ်တိုက်ကွက်များ ရှိနေသေးကြောင်း သိသာထင်ရှားလို့နေသည်။
ပိုအရေးကြီးသည်မှာ မော့စုနှင့်ပက်သက်သော ကောလဟာလများကြောင့်မှ သူ့ဘက်မှ အလျင်စလိုမတိုက်ခိုက်လိုခြင်း ဖြစ်သည်။ မော့စု ဤနေရာသို့လာရသော ရည်ရွယ်ချက်မှာ ဒဏ်ရာကုသရန် ဆေးပင်များ လာရှာခြင်းဖြစ်ရမည်ဟု သူ့စိတ်ထဲတွင် တစ်ထစ်ချယုံကြည်နေမိချေသည်။
သူ့အနေဖြင့်လည်း ထိုမျှအစွမ်းထက်သော တည်ရှိမှုတစ်ခုကို အပြစ်ပြုမိစရာ မလိုတော့ပေ။ သူ့ဘက်မှ စောင့်ရှောက်သူယင်ဝိညာဥ်များကို ဆင့်ခေါ်နိုင်ခဲ့လျှင်တောင် ဤမော့စုက ကျော်ကြားသွားဦးမှာဖြစ်သည်။ ထို့အပြင်၎င်းဘက်က အစွမ်းကုန်ထုတ်သုံး၍ ပြန်တိုက်ခိုက်လာလျှင် ရှာမန်နတ်ဘုရားကျောင်းတော်ဘက်မှ ပြန်လည်ပေးဆပ်ရမည့် တန်ဖိုးမှာလည်း နည်းပါးလိမ့်မည်မဟုတ်ပေ။
ရှာမန်နယ်မြေထဲမှ ဤလူပျောက်ကွယ်သွားချိန်တွင် မဟာဘိုးဘေးကြီးကိုယ်တိုင် ထုတ်ပြန်ခဲ့သော အမိန့်ကိုလည်း သူပြန်လည်အမှတ်ရမိသွား၏။ ရှာမန်နတ်ဘုရားကျောင်းတော်မှ မည်သူမဆို ဤလူနှင့် ထပ်တွေ့ခဲ့လျှင် အပြစ်မပြုမိကြရန် ဖြစ်သည်။
‘သူ လက်မြှောက်လိုက်ရုံနဲ့တင် ကုန်းစီကို ပိတ်လှောင်ပြီး လက်တစ်ချက် လှုပ်လိုက်ရုံနဲ့ ဆောင်းဦးပင်လယ် မျိုးနွယ်စုကို ပိတ်လှောင်နိုင်ခဲ့တာ… သူ့ကျင့်ကြံဆင့်က ဒီအနေအထားအထိ ကျနေတယ်ဆိုရင်တောင်မှ ဒီလိုလူမျိုးနဲ့ ရန်သူမဖြစ်တာကောင်းတယ်’ မော့ပေ၏ ဆုံးဖြတ်ချက်မှာ ပိုမိုခိုင်မာလာသည်။ သူသည် စုမင်အား ပြုံးပြနေရင်းမှပင် အနောက်တွင်ရပ်နေသော မဟာအကြီးအကဲအား မျက်စပြစ်ပြလိုက်၏။
ယခုအချိန်တွင် မဟာအကြီးအကဲ၏ မျက်နှာမှာ သွေးရောင်ပင်မရှိတော့ချေ။ စုမင် မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရချိန်မှစ၍ ဖြစ်ပျက်ခဲ့သည်များမှာ အရှက်ရစရာဟု သူမခံစားရတော့ချေ။ ဤလူနှင့်ပက်သက်သည့် ကောလဟာလများစွာကို ကြားဖူးထားသလို၊ သူ၏ အရင်းနှီးဆုံး မိတ်ဆွေများထဲမှာပင် ဤလူကို မြင်ဖူးလိုက်သူများရှိပေသည်။
အဘိုးအိုသည် စုမင်အား တလေးတစား ဦးညွှတ်လိုက်ပြီး ညာလက်အား ဝှေ့ယမ်းလိုက်ရာ ကောင်းကင်တစ်ခွင် အလင်းများတောက်ပသွားခဲ့သည်။
ထိုတလက်လက် အလင်းရောင်များထဲတွင် ရှိနေသည်မှာ ကျပ်ကျပ်သိပ်သိပ် သိမ်းဆည်းထားသော အရွယ်မျိုးစုံဖြင့် သွေးကျောက်တုံးများဖြစ်သည်။ ၎င်းတို့အားလုံးသည် ကောင်းကင်ယံတွင် ခမ်းနားကြီးကျယ်စွာ ပေါ်ထွက်လာကြသည်။ ထိုသွေးကျောက်တုံးများထံမှ တောက်ပနေသော စူးရဲသည့် အနီရောင်အလင်းတို့ကြောင့် ဧရိယာတစ်ခွင်လုံးမှာ သွေးရောင်ခြယ်ခံထားရသလိုပင်…
“ညီလေးမော့၊ ကျေးဇူးပြုပြီး ရွေးပါ” မော့ပေသည် ဖော်ဖော်ရွေရွေပင် ပြောလိုက်၏။
စုမင်လည်း အားနာယဥ်ကျေးဟန် ဆောင်မနေတော့ပေ။ သူ့ခြေထောက်အောက်ရှိ သွေးနဂါးမှာ ဖျတ်ခနဲလှုပ်ရှားသွားပြီး ကောင်းကင်ထက်သို့ စုမင်အား သယ်ဆောင်ခေါ်ယူသွားခဲ့သည်။ ထို့နောက် သူတို့သည် သွေးကျောက်တုံးကိုးထောင်နံဘေးတွင် ပြန်ပေါ်လာကြပြီး လူအုပ်၏ မျက်စိရှေ့မှာပင် သွေးကျောက်တုံးများကို စတင်ရွေးလိုက်တော့သည်။
စုမင်သည် သွေးကျောက်တုံးတစ်တုံး ရွေးချယ်ပြီးချိန်တိုင်း ချက်ချင်းလိုလို သိမ်းဆည်းလိုက်၏။ အရုဏ်တက်ချိန်လွန်၍ နံနက်ခင်းနေရောင်တို့ ထွက်ပြူလာသောအခါ စုမင်လည်း သွေးကျောက်တုံးကိုးထောင်စလုံးကို ဖြတ်လျှောက်ပြီးသွားခဲ့ချေပြီ။ ထိုတစ်လျှောက်လုံးတွင် သိုလှောင်အိတ်ထဲရှိ အနက်ရောင်လူတူသတ္တဝါလေးမှာ ကိုးခါသာ အာရုံခံမိခဲ့သည်။
လူများကို စိတ်ရှုပ်ထွေးစေရန်အတွက် စုမင်သည် အခြားသွေးကျောက်တုံး ၄၉၁ တုံးကိုလည်း သိမ်းဆည်းခဲ့သည်။ ထိုသို့လုပ်လိုက်ခြင်းဖြင့် သူ့အပြုအမူများထဲမှ သဲလွန်စရှာတွေ့နိုင်ရန် ခဲယဥ်းသွားပေလိမ့်မည်။
သွေးကျောက်တုံးငါးရာ၏ တန်ဖိုးမှာ အလွန်မြင့်မားပေသည်။ ဤအရာမှတစ်ဆင့် ရှာမန်နတ်ဘုရားကျောင်းတော်အနေဖြင့် ဤကိစ္စကို အမှန်တစ်ကယ်ပင် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်နေကြောင်း သိသာလှသည်။
စုမင်သည် သွေးကျောက်တုံးများကို သိမ်းဆည်းပြီးသည်နှင့် သွေးနဂါးပေါ်ပြန်တက်ကာ ကျောင်းဆောင်သခင်အား တစ်ချက်လှမ်းကြည့်လိုက်သည်။ သွေးနဂါးသည် တစ်ချက်မျှဟိန်းဟောက်လိုက်ပြီး မြေပြင်သို့ဦးတည်ထိုးဆင်းကာ နန်ကုန်းဟန်အရှေ့တွင် ပေါ်လာခဲ့သည်။
ထိုအချိန်တွင် နန်ကုန်းဟန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး စုမင်အား သတိလက်လွတ်ငေးကြည့်နေခဲ့၏။
“အစ်ကိုနန်ကုန်း၊ နဂါးသစ်ရွက်မြက်ကို ရောင်းရာကရတဲ့ သလင်းကျောက်တွေက ကျုပ်တို့လုပ်ထားတဲ့ သဘောတူညီချက်ကို ပယ်ဖျက်ပေးလိုက်ပြီးပြီ။ မင်း ကျုပ်ကို သလင်းကျောက် တစ်တုံးမှပေးစရာမလိုပါဘူး” စုမင်သည် နန်ကုန်းဟန်အား ခေါင်းညိတ်ပြလိုက်ပြီး လန်လန်နှင့် အားဟူဘက်သို့ လှည့်ကြည့်လိုက်သည်။
လန်လန်သည် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး နံဘေးတွင်ကြောင်အစွာ ရပ်နေသည့် အားဟူကိုဆွဲခေါ်ကာ သွေးနဂါးပေါ် တွယ်တက်လိုက်သည်။ အပေါ်ရောက်သည်နှင့် သူမသည် သွေးနဂါး၏ နှုတ်ခမ်းမွေးများကို သေချာဆုပ်ကိုင်ထားလိုက်ပြီး စုမင်အား ရိုသေလေးစားစွာ လှမ်းကြည့်လိုက်သည်။ အားဟူသည် ထိုအချိန်ကျမှပင် သတိပြန်ဝင်လာပြီး စုမင်အား စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်ချေသည်။
ကလေးနှစ်ဦးအတွက် ယနေ့ဖြစ်ရပ်သည် စုမင်နှင့် အရှေ့မြူရွက်မျိုးနွယ်စုတို့၏ တိုက်ပွဲထက် များစွာကျော်လွန်သွားခဲ့ချေပြီ။ သူတို့မျက်စိထဲတွင်တော့ စုမင်ကသာ သူတို့၏ မိုးကောင်းကင်ကြီးဖြစ်သည်။
လန်လန်နှင့် အားဟူတို့ အပေါ်ရောက်သည်နှင့် စုမင်သည သွေးနဂါးထံ အတွေးတစ်ချို့ ပို့လွှတ်လိုက်သည်။ သွေးနဂါးသည် ကျယ်လောင်စွာ ဟိန်းဟောက်လျက် ကောင်းကင်သို့ပျံတက်လိုက်၏။ သို့သော် ထွက်ခွာသွားခါနီးမှာပင် စုမင်စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရက်ပေါ်လာပြီး မျက်နှာဖုံးအောက်ရှိ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။
“အစ်ကိုပေ၊ ကျုပ်မှာ တောင်းဆိုစရာတစ်ခု ကျန်ပါသေးတယ်။ အဲဒါကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်” စုမင်မျက်လုံးများမှာ တောက်ပသွားပြီး ဖြည်းဖြည်းချင်း သေချာပြောလိုက်သည်။
“အိုး… ပြောပါ ညီလေးမော့”
“သွေးကျောက်တုံးတွေကို ခွဲဖြတ်ဖို့အတွက် ဒီအလင်းကွင်းကို သုံးတာက အရမ်းအဆင်ပြေလွန်းတော့…” စုမင်အကြည့်သည် လေထဲတွင် လွင့်မျောနေသော အလင်းကွင်းတစ်ရာထံ ရောက်ရှိသွားသည်။
“ကျုပ်တို့မှာလည်း ဒီအလင်းကွင်းတွေက များများစားစား မရှိတဲ့အပြင် လူတွေကို ပေးကမ်းတာလည်း မရှိသလောက်ပဲ။ ဒါပေမယ့်… ညီလေးမော့က တစ်ခုလိုတယ်ဆိုရင်တော့ ပေးရမှာပေါ့” မော့ပေသည် ပြုံးပြလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။ အလင်းကွင်းတစ်ခုသည် ချက်ချင်းပျံဝဲရောက်ရှိလာပြီး စုမင်အရှေ့တွင် ရပ်တန့်သွားခဲ့သည်။
ကိုယ်ပွားသည် ချက်ချင်းရှေ့တက်ကာ အလင်းကွင်းကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။ အားလုံးပြီးသည်နှင့် စုမင်သည် နေရာတစ်ခုလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ မြေပြင်ထက်ရှိ လူများနှင့် ခန်းမရှစ်ခု အပြင်တွင်ရပ်နေကြသော ဝမ်ချိုး၊ တိုင်မူ၊ ထျန်းလန်မုန်နှင့် ကောင်းကင်မြူခိုးဘိုးဘေး… ထိုလူ၏ အရှိန်အဝါက စုမင်ကို မျက်မှောင်ကြုတ်မိသွားစေ၏။
နောက်ဆုံးတွင် စုမင်အကြည့်သည် ဝတ်စုံဖြူဝတ် ကြယ်တာရာနတ်သမီးထံ ရောက်ရှိသွားခဲ့သည်။ သူမမျက်နှာပေါ်ရှိ အံ့ဩဝမ်းသာနေဟန် အရိပ်အယောင်တို့မှာ အစစ်အမှန်ပင်ဖြစ်သည်။
စုမင်သည် ခေါင်းလှည့်ကာ အကြည့်ပြန်လွှဲလိုက်သည်။ သူ့ခြေထောက်အောက်ရှိ သွေးနဂါးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ဝမ်ချိုးကို ဂရုပင်စိုက်မနေပဲ စုမင်အား သယ်ဆောင်ကာ ကောင်းကင်ထက်သို့ ထိုးတက်သွားတော့သည်။
၎င်း၏ ဟိန်းဟောက်သံတွင် ဝမ်းသာဟန်အရိပ်အယောင်တို့ အပြည့်ပင်။ ၎င်းသည် ဝမ်ချိုးနံဘေးမှ လိုက်ပါရခြင်းထက် စုမင်နှင့်တွေ့ဆုံရခြင်းကို ပိုမို သဘောကျနှစ်သက်ကြောင်း သိသာထင်ရှားလို့နေသည်။
“စီနီယာ… ကျွန်မတို့ ဘယ်ကိုသွားကြမလဲ” လန်လန်သည် သွေးနဂါး၏ နှုတ်ခမ်းမွေးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း သူမမျက်နှာကို တိုက်ခတ်နေသော လေပြင်းများကြားမှ စုမင်အား အော်မေးလိုက်သည်။
“မင်းတို့ နှစ်ယောက်လုံးရဲ့ စိတ်ဝိညာဥ်ဖမ်းစားသူ လမ်းကြောင်းကို အသက်သွင်းနိုင်ဖို့ ခေါ်သွားပေးမယ်… ဒါပေမယ့် အဲဒါမတိုင်ခင်တော့ ရှာမန်မြို့တော်အပြင်ဘက်မှာ လှိုဏ်ဂူတစ်ခု အရင်ရှာကြတာပေါ့။ ငါ ဒီကျောက်တုံးတွေကို ဖွင့်ကြည့်ချင်သေးတယ်”
တိမ်စိုင်များအား ဖြတ်သန်းခရီးနှင်ရင်း စုမင်၏ နှလုံးခုန်သံများမှာ လျင်မြန်လို့နေသည်။ ထို့နောက် သူ့ရင်ဘတ်ထဲတွင် ထည့်ထားသော သိုလှောင်အိတ်အား လှမ်းထိကြည့်လိုက်မိ၏။ ထိုအထဲတွင် မကြာသေးမီက ကိစ္စအားလုံး၏ အကြောင်းရင်းခံဖြစ်သော သွေးကျောက်တုံးရှိနေပြီး ၎င်းက စုမင်အား မျှော်လင့်ချက်အပြည့် ဖြစ်စေသည်။
သူ၏ ထက်မြက်လှသော နတ်ဘုရားစိတ်အာရုံကြောင့် လူအုပ်ထံမှ စကားအချို့ကို သေချာကြားခဲ့ရ၏။
‘ဒီသွေးကျောက်တုံးထဲမှာ ကောင်းကင်ဘုံနတ်ဘုရားပန်းပွင့်တော့ မရှိပေမယ့်… အဆိပ်ပျားတစ်ကောင် ရှိနေတယ်။ ကြည့်ရတာ… ကောင်းကင်ဘုံနတ်ဘုရားပန်းပွင့်ရဲ့ ဝတ်ရည်အချို့က အဆိပ်ပျားရဲ့ ကိုယ်ထဲမှာ ရှိနေပုံပဲ’
‘အဲဒါသာ အမှန်ဆိုရင်တော့ ငါသာ ဝတ်ရည်ကို သောက်လိုက်မယ်ဆိုရင်၊ ငါ့ကျင့်ကြံဆင့်လည်း…’
စုမင်မျက်လုံးတို့က စူးရှတောက်ပသွားသည်။
စုမင်သည် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ထားခဲ့သော်ငြား ရှာမန်မြို့တော်မှ သူထွက်ခွာလာချိန်ကတည်းကပင် အနောက်မှကပ်လိုက်လာသော အနက်ရောင်ဝတ်စုံဖြင့် လူတစ်ဦးကိုတော့ သတိမပြုမိခဲ့ပါချေ။ ထိုတစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ အလွန်တရာ ဝေဝါးနေပြီး ကိုယ်ပျောက်လုမတတ် ဖြစ်နေခြင်းဖြစ်သည်။
အနက်ရောင်ဝတ်စုံဖြင့်လူသည် မျက်မှောင်ကြုတ်လျက် လိုက်ပါလာသော်ငြား စုမင်အနီးသို့လည်း အရမ်းမကပ်ရဲပါချေ။ သူ့ပုံစံက တစ်စုံတစ်ရာကြောင့် တွန့်ဆုတ်နေသကဲ့သို့ပင်…
‘သေလိုက်ပါတော့၊ ဟုန်လော့က သေသွားတာလား မသေသေးတာလားကွာ။ သူက ဟုန်လော့လား၊ ကံကြမ္မာလား ဘယ်သူဖြစ်နိုင်မလဲ’