← Chapters

အရိုးသင်္ချိုင်း

Vol. 33 Ch. 456

အရိုးသင်္ချိုင်း

Vol. 33 Ch. 456

‘အခုအချိန်မှာ ငါလုပ်ဖို့လိုတာက တိတ်ဆိတ်တဲ့ နေရာတစ်ခုရှာပြီး စိတ်ကိုရှင်းဖို့ပဲ။ အဲဒါပြီးမှ အဆိပ်ပျားဆီက ပန်းဝတ်ရည် ထုတ်ယူပြီး စွမ်းအားမြှင့်တာဖြစ်ဖြစ်၊ သွေးကျောက်တုံးတွေ ခွဲတာဖြစ်ဖြစ် လုပ်တော့မယ်’

‘ဒါပေမယ့် အဆိပ်ပျားရဲ့ ကိုယ်ထဲမှာရော ဝတ်ရည်ရှိပါ့မလား… ငါကတော့ ရှိနေနိုင်တယ်လို့ တွေးထားပေမယ့် တစ်ကယ်က ဘာပန်းဝတ်ရည်မှ မရှိတာမျိုးလည်း ဖြစ်နေနိုင်တယ်။ ရှိခဲ့မယ်ဆိုရင်တော့ အဲဒါကိုသောက်သုံးပြီးတာနဲ့ အချိန်အတိုင်းအတာတစ်ခုအထိတော့ ငါ တံခါးပိတ်ကျင့်ကြံရမှာပဲ’

‘ငါတစ်ယောက်တည်းဆိုရင်တော့ အဆင်ပြေနိုင်ပေမယ့် အခုက လန်လန်နဲ့ အားဟူပါ ပါလာသေးတာဆိုတော့…’ စုမင်သည် စိတ်လှုပ်ရှား‌သော ဆယ်ကျော်သက်နှစ်ဦးကို လှည့်ကြည့်လိုက်သည်။

‘ထားပါတော့ စိတ်ဝိညာဥ်ဖမ်းစားသူ လမ်းကြောင်းကို အသက်သွင်းဖို့က အဲဒီလောက် အန္တရာယ်မများဘူးဆိုတာ ငါလည်းသိနေပြီပဲ။ သူတို့ အချိန်တစ်ချို့လောက်ပဲ လိုတာပါ’

စုမင် ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် လက်ကိုလှုပ်ရှားလိုက်သည်နှင့် လက်ထဲတွင် မြေပုံပါသော ဝါးစာလိပ်နှစ်ခု ပေါ်လာခဲ့သည်။ မြေပုံတစ်ခုသည် နန်ကုန်းဟန်ထံမှ ရရှိထားခြင်းဖြစ်ပြီး အခြားတစ်ခုမှာ မော့ပေထံမှ ရရှိလာခြင်းဖြစ်သည်။

မြေပုံနှစ်ခုကို ယှဥ်ကြည့်လိုက်ချိန်တွင် မော့ပေထံမှ ရရှိသောမြေပုံသည် ပိုမိုပြည့်စုံကြောင်း တွေ့ရှိလိုက်ရပြီး လီတစ်သန်းဧရိယာနယ်မြေ အပြင်ဘက်၏ အကြမ်းဖျင်းပုံစံပင် ပါဝင်လေသည်။

မြေပုံပေါ်တွင် ရှာမန်မြို့တော်၏ အရှေ့မြောက်ဘက်တွင် လီတစ်သန်းဧရိယာအစွန်းနား၌ လီသန်းပေါင်းများစွာ ကျယ်ဝန်းသော နယ်မြေကြီးတစ်ခုရှိသည်။ ထိုနေရာအား ဧရာမသားရဲအရိုးစုတစ်ခုပုံ ရေးဆွဲမှတ်သားထားသည်။ ထိုအရိုးပုံသည် မြွေကြီးတစ်ကောင်နှင့်တူပြီး အကြမ်းဖျင်းသာ ဆွဲသားထားသော်ငြား မြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ် ကောင်းနေလေသည်။

‘ဒါက မီးတောက်နဂါးရဲ့ သင်္ချိုင်းပဲ…’ စုမင်မျက်လုံးများမှာ တောက်ပသွားသည်။ ထို့နောက် မြေပုံနှစ်ခုလုံးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး သွေးနဂါး၏ ကျောပေါ်တွင် ထိုင်ချကာ စတင်ကျင့်ကြံလိုက်သည်။

စိတ်ဝိညာဥ်ဖမ်းစားသူတစ်ဦး၏ လမ်းစဥ်ကို အသက်သွင်းသော လုပ်ငန်းစဥ်မှာ အမှန်တစ်ကယ်ပင် အလွန်ရိုးရှင်းပေသည်။ စိတ်ဝိညာဥ်ဖမ်းစားသူ ဖွဲ့စည်းတည်ဆောက်ပုံ ရှိသူတစ်ဦးအနေဖြင့် နဂါးသင်္ချိုင်းသို့သွားကာ မီးတောက်နဂါး၏ ပျောက်ကွယ်မသွားသေးသော စိတ်ဆန္ဒကို အာရုံခံရုံသာဖြစ်သည်။

မီးတောက်နဂါး၏ စိတ်ဆန္ဒကို အားကောင်းစွာခံစားမိလျှင် ထိုလူ၏ အနာဂါတ် ကျင့်ကြံရေးလမ်းကြောင်းအတွက် များစွာအထောက်အကူ ဖြစ်လေသည်။ ဤသည်က မာန်မျိုးနွယ်စု၏ မာန်စွမ်းအားအစပျိုးခြင်းနှင့် အတူတူပင်ဖြစ်သည်။ သို့သော်လည်း မာန်မျိုးနွယ်စုသည် ကျင့်ကြံနည်းအမွေအနှစ်များကို အချိန်ကြာမြင့်စွာ လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်ပြီး လွတ်လွတ်လပ်လပ်ပင် အမွေဆက်ခံနိုင်ပေသည်။ ထို့ကြောင့်ပင် မာန်မျိုးနွယ်စုများမှ အကြီးအကဲများသည် အခြားသူများ၏ ကျင့်ကြံခြင်းလမ်းစဥ်ကို အသက်သွင်းပေးနိုင်ခြင်းဖြစ်သည်။

သို့သော်ငြား ရှာမန်မျိုးနွယ်စု၏ စိတ်ဝိညာဥ်ဖမ်းစားသူ၊ နတ်ဆရာနှင့် ရှေ့ဖြစ်ဟောပညာရှင်များမှာမူ ယင်ကိုးပါးလောကမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းလမ်းစဥ်ကို အသက်သွင်းရန် သက်ဆိုင်ရာနေရာများမှ အပ အခြားလူများ ကူညီမပေးနိုင်ပေ။ သူတို့သည် ထိုနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ လမ်းစဥ်အသက်သွင်းရန် ကိုယ်တိုင်အတွေ့အကြုံ ယူကြရ၏။

သွေးနဂါးသည် ကောင်းကင်အားဖြတ်သန်း၍ မရပ်မနား ခရီးနှင်နေခဲ့သည်။ ၎င်းအား မြေစွမ်းအင်မှဆစ်ဆင့် ဖန်တီးထားခြင်းဖြစ်၍ သွေးနဂါးသည် ပုံရိပ်ယောင် အခြေအနေနှင့် ရုပ်ကိုယ်ထည်ရှိသော အခြေအနေကြားတွင်ရှိသည့် သတ္တဝါတစ်ကောင်ဖြစ်သည်ဟု ပြောဆိုနိုင်သည်။ ၎င်း၏ စိတ်အာရုံမှာ အလွန်ထက်မြက်လှသဖြင့် အန္တရာယ်မျိုးစုံကို ခံစားသိရှိနိုင်ပြီး လမ်းတစ်လျှောက်တွင် စုမင်ပင် သတိပေးစရာမလိုပဲ အန္တရာယ်ကိုရှောင်ရှားရန် လမ်းကြောင်းသုံးကြိမ် ပြောင်းလဲခဲ့၏။ ၎င်းသည် အန္တရာယ်ရှိသော နေရာများအား ပတ်သွားခြင်း၊ ရှောင်ကွင်းသွားခြင်းများ ပြုလုပ်ခဲ့လေသည်။

လန်လန်နှင့် အားဟူတို့၏ ကိုယ်ပေါ်တွင် နွေးထွေးသော အလင်းလွှာတစ်ခုရှိနေသည်။ ထိုအလင်းလွှာသည် ၎င်းတို့အား ပြင်းထန်သောလေပြင်းများဒဏ်မှ ကာကွယ်ပေးထား၏။ ကလေးနှစ်ဦးသည် သွေးနဂါး၏ကျောပေါ်မှ လိုက်ပါလာရင်း ရံဖန်ရံခါဆိုသလို အောက်ကိုငုံ့ကြည့်တတ်ကြသည်။ အချိန်များကုန်လွန်လာသည်နှင့်အမျှ သူတို့မျက်နှာများပေါ်ရှိ စိတ်လှုပ်ရှားဟန်များမှာ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားပြီး စိုးရိမ်ပူပန်မှုများက အစားထိုးလာခဲ့သည်။

သူတို့ ဆက်လက်ရင်ဆိုင်ရတော့မည့်အရာသည် ဤနေရာသို့လာရသော အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း သိနေခဲ့၏… မီးတောက်နဂါး၏ စိတ်ဆန္ဒထံမှ အသိအမှတ်ပြုမှုကို ခံယူ၍ စိတ်ဝိညာဥ်ဖမ်းစားသူ လမ်းစဥ်ကို အသက်သွင်းရန်ပင်။

ဤနေရာသို့ မလာရခင်က သူတို့ဘိုးဘေးသည် သူတို့အား သေချာမှာကြားခဲ့၏။ ရှာမန်တို့၏ သမိုင်းကြောင်းထဲတွင် စိတ်ဝိညာဥ်ဖမ်းစားသူ ဖွဲ့စည်းတည်ဆောက်ပုံရှိသူတိုင်း မီးတောက်နဂါး၏ စိတ်ဆန္ဒထံမှ အသိအမှတ်ပြုမှုကို ရနိုင်ခဲ့ခြင်း မဟုတ်ပေ။

မည်သို့မှန်းမသိရပါဘဲနှင့် မီးတောက်နဂါးထံမှ အသိအမှတ်ပြုမခံရပဲ ‘စိတ်ဝိညာဥ်ဖမ်းစားသူ’ လမ်းစဥ်ကို အသက်မသွင်းနိုင်ခဲ့သူ အချို့ ရှိခဲ့ဖူး၏။ ထိုသူတို့၏ ဘဝမှာ အခြားကျင့်ကြံနည်းများကို လေ့ကျင့်ခြင်း၊ သာမန်အတိုင်း ရှင်သန်ခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့ရသည်။

ထိုအဖြစ်ပျက်များမှာ အနည်းငယ်မျှသာဆိုသော်လည်း အမှန်တစ်ကယ် ဖြစ်ပျက်ခဲ့ဖူးသဖြင့် မီးတောက်နဂါး၏ သင်္ချိုင်းနှင့် နီးကပ်လာလေလေ၊ လန်လန်နှင့် အားဟူတို့၏ စိုးရိမ်ပူပန်မှုများမှာ ပိုမိုကြီးထွားလာလေလေ ဖြစ်သည်။

ရက်အနည်းငယ်ခန့်ကြာပြီးနောက်၊ ရှာမန်မြို့တော်အတွင်းရှိ ရတနာလောင်းကစားပွဲ မပြီးဆုံးသေးမီမှာပင် ရှာမန်မြို့တော်၏ အရှေ့မြောက်ဘက် လီတစ်သန်းနယ်မြေအစွန်းတွင် သွေးနီရောင်အလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ ခဏအတွင်းမှာပင် အလင်းတန်းသည် ကောင်းကင်ထက်တွင် ဝေ့ဝဲပျံသန်းနေသော ပေတစ်သောင်းခန့် ရှည်လျားသည့် သွေးနီရောင်နဂါးတစ်ကောင်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွား၏။

ထိုအခိုက်အတန့်မှာပင် သွေးနဂါး၏ ကျောပေါ်တွင်ထိုင်နေသော စုမင်မျက်ဝန်းများမှာ ဖျတ်ခနဲပွင့်လာခဲ့သည်။ အောက်ဘက်ရှိမြေပြင်သို့ လှမ်းကြည့်လိုက်သော သူ့အကြည့်များမှာ လျှပ်စီးသဖွယ် စူးရှတောက်ပနေခဲ့သည်။

နယ်မြေတစ်ခုလုံးအား မြူခိုးများဖုံးလွှမ်းနေပြီး လက်စွပ်ကွင်းသဏ္ဍာန် တောင်တန်းတစ်ခုက ထိုနယ်မြေကို ဝန်းရံထားသည်။ တောင်တန်းအတွင်းရှိ မြူခိုးများမှာ ငြိမ်သက်နေခြင်းမရှိပဲ တစ်ဖြည်းဖြည်း ရွေ့လျားနေသည်။ ကောင်းကင်ထက်မှကြည့်လျှင် ထိုနယ်မြေမှာ အပြင်ဘက်ဧရိယာထက် ပိုမိုမည်းမှောင်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထူထပ်သောတိမ်စိုင်တို့ကြောင့် ကြည့်နေရသူအဖို့ လေးလံထိုင်းမှိုင်းသော ခံစားချက်ကြီး ပေးစွမ်းနေ၏။

ထိုနယ်မြေအား စုမင် စတင်စစ်ဆေးပြီး မကြာမီမှာပင် အေးစိမ့်သောလေပြင်းတစ်ခုက အောက်ဘက်ရှိ မြူခိုးများကို ဖြတ်သန်းတိုက်ခတ်လာခဲ့သည်။ သူ့မျက်နှာပေါ်သို့ ထိုလေပြင်းရိုက်ခတ်လာသည်နှင့် စုမင်မျက်ဝန်းတို့ ကျဥ်းမြောင်းသွားခဲ့သည်။ ထိုအေးစိမ့်သောလေပြင်းများ စတင်တိုက်ခတ်လာသည်နှင့် ဤနယ်မြေအထက်ကောင်းကင်ယံရှိ တိမ်စိုင်များထံမှ မိုးစက်မိုးပေါက်များ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။

မိုးမှာ အလွန်သည်းထန်ခြင်း မရှိသော်လည်း ကျဆင်းလာသော မိုးပေါက်တို့က ရေခဲရေများသဖွယ်ပင်… ၎င်းတို့က ဤနယ်မြေရှိ အေးစိမ့်နေသောလေထုနှင့် ပေါင်းစပ်လိုက်သောအခါ အရိုးကွဲလုမတတ် အေးစိမ့်လာတော့၏။

ဤနေရာမှာ လီသောင်းပေါင်းများစွာကျယ်ဝန်းသော ထူးခြားဆန်းကြယ်သည့် နေရာတစ်ခုဖြစ်သည်။ မိုးစက်မိုးပေါက်တို့နှင့် မြူခိုးတို့၏ အသံမှအပ နေရာတစ်ခုလုံးမှာ သုသာန်တစပြင်သဖွယ် တိတ်ဆိတ်ငြိမ်သက်နေသည်။

သို့သော် ထိုတိတ်ဆိတ်ငြိမ်သက်မှုကြားမှာပင် မြူခိုးများအတွင်းမှ ရုတ်တရက်ဆိုသလို တိုးညှင်းသောအသံတစ်ခု ပျံ့လွင့်လာခဲ့သည်။

“အပူ… ဖခင်…”

ထိုအသံသည် အိုမင်းရှေးကျပုံပေါ်ပြီး အချိန်ကာလများကို ဖြတ်သန်းလာခဲ့ပင်။ ၎င်းက နားနားကပ်၍ တီးတိုးရေရွတ်လိုက်သံလေအလား… ထိုအသံသည် မြူခိုးထုကိုပင် အနည်းငယ်ပြန့်ကျဲသွားစေ၏။

ထိုအသံကိုကြားသည်နှင့် ဟန်တောင်တန်းခေါင်းလောင်းထဲရှိ တုတ်ချောင်းမြွေလေး၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်ကို စုမင်ချက်ချင်းခံစားလိုက်မိသည်။ စုမင်၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး အသံထွက်ပေါ်လာရာ ထူထဲသောမြူခိုးထုထံ အလျင်အမြန်ပင် လှမ်းကြည့်လိုက်မိ၏။

ထိုနေရာ၌ လူသူအရိပ်အယောင် မမြင်ရချေ။ ကျဆင်းလာသော မိုးရေစက်များက မြူခိုးအချို့ကို လွင့်ပျယ်သွားစေသော်လည်း အခြားနေရာများထံမှ ပိုမိုများပြားသော မြူခိုးများစိမ့်ထွက်လာပြီး ၎င်းတို့နေရာသို့ အစားဝင်ကာ မြူခိုးထုမှာ ပုံစံမပျက်ပင် ရှိနေလေသည်။

အချိန်အတော်ကြာ လေ့လာပြီးနောက် စုမင်အကြည့်ပြန်လွှဲလိုက်ပြီး လန်လန်နှင့် အားဟူဘက်သို့ လှည့်ကြည့်လိုက်သည်။ ကလေးငယ်နှစ်ဦးမှာ ထိုအသံကို ကြားပုံမပေါ်ပဲ သွေးနဂါးသည်ပင် လေထဲ၌ ဆက်လက်ပျံသန်းနေခဲ့သည်။ ၎င်း၏ မျက်လုံးကြီးများသည် မြူခိုးထုအပေါ် စူးစိုက်ကြည့်နေသည်မှအပ အခြားထူးခြားသော တုန့်ပြန်မှုမျိုး ရှိမနေပေ။ ပုံစံအရ သူ တစ်ဦးတည်းသာ ထိုအသံကို ကြားလိုက်ရခြင်း ဖြစ်ဟန်တူသည်။

စုမင် မျက်လုံးတို့ တောက်ပသွားသည်။ မြူခိုးများကို အချိန်တစ်ခုကြာ ဆက်လက်စောင့်ကြည့်ပြီးနောက် ထိုနယ်မြေထဲသို့ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သော်လည်း ပင်လယ်ထဲသို့ နစ်မြုပ်သွားသော ကျောက်တုံးတစ်တုံးသဖွယ် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် သွေးနဂါးပေါ်မှ စုမင်ဆင်းသက်လိုက်သည်။ သူဆင်းသက်ပြီးသည်နှင့် သွေးနဂါးသည် စုမင်လက်မောင်းပေါ်၌ အနီရောင်အမှတ်တစ်ခုအသွင် ပြောင်းလဲသွားသည်။

စုမင်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီး လန်လန်နှင့် အားဟူတို့အား သူနှင့်အတူ မြေပြင်ထက်ဆီ ခေါ်ဆောင်သွားလိုက်သည်။ စုမင် လေထဲမှ ပျံသန်းရန် မရွေးချယ်ဖြစ်ခဲ့ပေ။ ဤနေရာက ရှာမန်မျိုးနွယ်စု၏ ကျော်ကြားသော စိတ်ဝိညာဥ်ဖမ်းစားသူများ မွေးဖွားရာနေရာဖြစ်သည်။ သူ၏ လုပ်ရပ်များနှင့် ပက်သက်၍ အလွန်အမင်း ဂရုစိုက်ရန် လိုအပ်ပေသည်။

မြေပြင်ထက်သို့ ဆင်းသက်ပြီးသည်နှင့် လန်လန်နှင့် အားဟူတို့၏ မျက်နှာမှာ အနည်းငယ်ဖြူဖျော့သွားသည်။ ၎င်းတို့ပုံစံမှာ အနည်းငယ် ကြောက်လန့်နေပုံပေါ်ပြီး စုမင်အနောက်မှ နီးနီးကပ်ကပ်ပင် ကပ်လိုက်လာကြ၏။ စုမင်ဦးဆောင်သော သူတို့သုံးဦးသည် တိတ်ဆိတ်ငြိမ်သက်နေသော နယ်မြေအတွင်း တိတ်တဆိတ်ပင် ဆက်လက်ခရီးနှင်ခဲ့ကြသည်။ အချင်းချင်း စကားတစ်ခွန်းပင် မပြောဖြစ်ခဲ့ကြပေ။

သူတို့သည် အေးစိမ့်သော လေပြင်းများကို အံတုရင်း တောင်တန်းအတွင်းရှိ ကျောက်တုံး၊ ကျောက်ခဲများပေါ် နင်းလျှောက်လာခဲ့ကြသည်။ လေပြင်းများသည် အေးခဲလုမတတ် မိုးရေစက်များကို သယ်ဆောင်လာပြီး သူတို့ကိုယ်ပေါ်သို့ ထိုမိုးရေစက်များ ကျဆင်းစိုရွှဲသွားသောအခါ အေးစိမ့်သောလေများက အရိုးထဲသို့ စိမ့်ဝင်သွားသယောင်ပင်…

ထူးဆန်းသည်က ထိုနေရာတွင် မြေပြင်မှ ထွက်ပေါ်နေသော အပူလှိုင်းတစ်ခု ရှိနေခြင်းဖြစ်သည်။ မြေပြင်ပေါ် ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မြေပြင်မှ အနွေးဓာတ်သည် သူတို့ဖိနပ်များကို ဖြတ်သန်းလျက် ခြေဖဝါးမှတစ်ဆင့် ကိုယ်ထဲသို့ တိုးဝင်လာခဲ့၏။

လူတိုင်း၏ကိုယ်ထဲတွင် အပူလှိုင်းနှင့် အအေးဓာတ်တို့ အချင်းချင်း တိုက်ခိုက်မိသွားသည်။ စုမင်အနောက်မှ လိုက်ပါလာသော လန်လန်နှင့် အားဟူတို့၏ မျက်နှာများမှာ ဖြူဖျော့သွားကြသည်။ မကြာမီမှာပင် သုံးဦးလုံး တောင်ထိပ်သို့ရောက်လာကြသည်။ ထိုနေရာတွင် တိုက်ခတ်နေသော အေးစိမ့်စိမ့်လေပြင်းများက ပိုမိုပြင်းထန်လေသည်။

သူတို့အောက်ဘက်တွင်တော့ မြူခိုးများဖုံးလွှမ်းနေသော နယ်မြေကြီးတစ်ခုရှိသည်။ လီသောင်းပါင်းများစွာ ကျယ်ဝန်းသော ထိုနယ်မြေမှာ မီးတောက်နဂါး၏ သင်္ချိုင်းပင်ဖြစ်သည်။

“မင်းတို့ အသင့်ဖြစ်ပြီလား” စုမင်သည် မြူများရစ်သိုင်းနေသော တောင်စွန်းတွင်ရပ်ကာ မေးလိုက်သည်။ သို့သော်လည်း သူသည် နောက်လှည့်မကြည့်ပဲ ရစ်သိုင်းနေသော မြူခိုးများကိုသာ သေချာစိုက်ကြည့်နေလေသည်။

“ကျွန်တော်… အဆင်သင့်ဖြစ်ပါပြီ၊ စီနီယာ” အားဟူတစ်ယောက် အံတင်းတင်းကြိတ်ကာ ပြန်ဖြေလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေသော်လည်း မျက်နှာထားမှာမူ စိတ်ပိုင်းဖြတ်ထားဟန် အပြည့်ရှိနေသည်။

“ကျွန်မလည်း အဆင်သင့်ဖြစ်ပါပြီ…” လန်လန်သည် နှုတ်ခမ်းကိုကိုက်ကာ ခေါင်းညိတ်ပြလိုက်၏။

စုမင်သည် စကားတစ်ခွန်းမျှ ထပ်မဆိုပဲ မြူခိုးထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ လန်လန်နှင့် အားဟူတို့နှစ်ဦးလည်း သူ့အနောက်မှ အလျင်အမြန်ပင် လိုက်ပါသွားလိုက်သည်။ အစပိုင်းတွင်တော့ တစ်ဦးနောက်ကျောကို တစ်ဦးမြင်ရသေးသော်လည်း ရှေ့ဆက်တိုးလာလေလေ မြူခိုးထုမှာ ပိုထူထပ်လာလေလေဖြစ်ပြီး သူတို့သုံးဦးသည် ဧရာမပါးစပ်ပေါက်ကြီးတစ်ခုအတွင်း တိုးဝင်လာကြမိသလိုပင်…

မြူခိုးထုထဲသို့ ခြေချလိုက်မိသည်နှင့် စုမင်တစ်ယောက် နေရာမှာပင် ခဏတာ ကြောင်အရပ်တန့်သွားမိခဲ့သည်။

အိုမင်းရှေးကျသော အသံမှာ သူ့နားထဲသို့ နောက်တစ်ကြိမ် တိုးဝင်လာခဲ့ပြန်လေပြီ။ ထိုအသံသည် ပထမတစ်ခေါက်လိုပင် နားနားကပ်၍ တီးတိုးပြောလိုက်သံလေအလား… ထိုအသံသည် လေထဲတွင် ပဲ့တင်ထပ်နေပြီး သူ့ပတ်လည်မှ မြူခိုးများကိုပင် ပင်လယ်မျက်နှာပြင်ထက်မှ လှိုင်းများသဖွယ် လှုပ်ခတ်သွားစေသည်။

“အအေး… မိခင်…”

ထိုစကားလုံးများကို စုမင်ကြားလိုက်သည်နှင့် ဟန်တောင်တန်းခေါင်းလောင်းအတွင်းရှိ ထူးဆန်းသောမြွေလေး၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ခေါင်းထောင်ကာ အော်မြည်လိုက်သည်။ ထိုအော်မြည်သံသည် အလွန်တရာ စိတ်မချမ်းမြေ့ဖွယ်ကောင်းနေပြီး ပူဆွေးမြည်တမ်းသံကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုမြွေလေးသည် တစ်စုံတစ်ရာအား အာရုံခံမိသွားသည့်အလားပင်…

ထိုမြည်တမ်းသံသည် မိခင်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည့် မွေးကင်းစကလေးငယ်တစ်ဦး ညအချိန်ရောက်လာချိန်တွင် အနီးအပါး၌ ချစ်ခင်ရင်းနှီးသူကို ရှာမတွေ့သဖြင့် ဝမ်းနည်းပက်လက် ငိုကြွေးနေသည့်အလား…

သို့သော် ထိုမြည်တမ်းသံသည် ဟန်တောင်တန်းခေါင်းလောင်းထဲတွင်သာ ပဲ့တင်ထပ်နေခဲ့ပြီး အပြင်ကိုတော့ ပျံ့လွင့်မလာခဲ့ပါချေ။

စုမင်စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။ ဟိုးယခင်အချိန်က ဆောင်းဦးပင်လယ်မျိုးနွယ်စုနှင့် သူပထမဆုံးတွေ့ခဲ့ချိန်တွင် မြွေငယ်လေး၏ အရှိန်အဝါအား အဆုံးသတ်စိတ်ဝိညာဥ်ဖမ်းစားသူဖြစ်သော ကုန်းစီမှ အာရုံခံမိခဲ့ပြီး မီးတောက်နဂါးဟူသော အမည်နာမကို ပြောဆိုလိုက်ချိန်ကတည်းက ထိုမြွေငယ်လေး၏ ဇစ်မြစ်နှင့် ပက်သက်ပြီး စုမင်ခန့်မှန်းနေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူယခုအချိန်ထိ သေချာမသိခဲ့ပါချေ။

ယခု မြွေငယ်လေး၏ တုန်ရီနေသော ကိုယ်နှင့် ငိုကြွေးမြည်တမ်းသံကို ကြားလိုက်ရချိန်တွင်တော့ စုမင်စိတ်ထဲရှိ မသေချာ၊ မရေရာမှုများက ရှင်းလင်းသွားခဲ့ချေပြီ။ ထူးဆန်းသောမြွေငယ်လေးသည် မီးတောက်နဂါး မဟုတ်ခဲ့လျှင်တောင် ၎င်းနှင့် တစ်စုံတစ်ရာတော့ ဆက်စပ်မှုရှိလိမ့်မည်ဟု သူသေချာသွားခဲ့ပြီဖြစ်သည်။

လန်လန်နှင့် အားဟူတို့မှာမူ မည်သည့်အသံကိုမျှ မကြားရသေးပေ။ သူတို့သည် မြူခိုးထုထဲတွင် စုမင်၏ နောက်ကျောကိုသာ မြင်နေရ၏။ အရာအားလုံးအား မြူခိုးများမှ ပိတ်ဖုံးထားသဖြင့် မည်သည့်အရာမှလည်း မမြင်ရပါချေ။

မြူခိုးထုအတွင်းသို့ ပိုမိုတိုးဝင်လာလေလေ သူတို့နှလုံးသားထဲရှိ စိုးရိမ်ကြောက်လန့်မှုများမှာ ပိုမိုကြီးထွားလာလေလေဖြစ်သည်။

“ယင်နဲ့ ယန်… ကောင်းကင်ဟာ အဖဖြစ်ပြီး မြေပြင်လွှာဟာ မိခင်ဖြစ်တယ်… ယင်နဲ့ ယန်…” ရှေ့ဆက်တိုးလာရင်း စုမင်တစ်ဦးတည်းသာ ကြားနိုင်သော ထိုအသံမှာ လေထဲတွင် နောက်ထပ်တစ်ဖန် ပဲ့တင်ထပ်လာပြန်၏။

ဤတစ်ကြိမ်တွင် ဟန်တောင်တန်းခေါင်းလောင်းအတွင်းရှိ မြွေငယ်လေး၏ အော်မြည်သံများမှာလည်း ပိုမို၍ ဝမ်းနည်းကြေကွဲဖွယ် ကောင်းနေခဲ့သည်။

စုမင်တို့သုံးဦး မြူခိုးထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီးနောက် တစ်နာရီခန့်ကြာပြီးချိန်တွင် မြူခိုးထုအပြင်ဘက်ရှိ လေဟာနယ်မှာ တွန့်လိမ့်ပုံပျက်သွားပြီး အနက်ရောင်ဝတ်စုံဖြင့် လူတစ်ဦး ပေါ်လာခဲ့သည်။ ထိုသူသည် ခဏမျှ တွေဝေနေသေးသော်လည်း မကြာမီမှာပင် သူ့မျက်လုံးများမှာ တောက်ပသွားပြီး မြူခိုးထုအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

All Chapters