← Chapters

မီးတောက်နဂါး၏ အလောင်း

Vol. 33 Ch. 457

မီးတောက်နဂါး၏ အလောင်း

Vol. 33 Ch. 457

စုမင်မျက်လုံးတို့မှာ တောက်ပသွားပြီး သတိကြီးကြီး ထားလိုက်မိသည်။ ရှေ့သို့ အနည်းငယ်ခန့် ဆက်လျှောက်ပြီးချိန်တွင် အဝေးရှိ မြူခိုးထုထဲ၌ အဖြူရောင်အရိပ်တစ်ခုကို လှစ်ခနဲမြင်လိုက်ရ၏။

ထိုအဖြူရောင်အရိပ်၏ အလျင်မှာ မြန်ဆန်လှသဖြင့် ဖျတ်ခနဲပေါ်လာပြီး ချက်ချင်းဆိုသလိုပင် ပြန်လည်ပျောက်ကွယ်သွားသည်။ ၎င်းကြောင့် မြူခိုးထုသည် အနည်းငယ်လှုပ်ရှားသွားရုံမှအပ အသံတစ်ချက်ပင် မကြားလိုက်ရချေ။

စုမင် ခြေလှမ်းတို့ ရပ်တန့်သွားသည်။ သူတစ်ဦးတည်းသာ ထိုအဖြူရောင်အရိပ်ကို မြင်လိုက်ရခြင်းမဟုတ်ပဲ လန်လန်နှင့် အားဟူတို့ပါ မြင်တွေ့လိုက်ခြင်းဖြစ်သည်။ ကလေးငယ်နှစ်ဦးမှာ ချက်ချင်းဆိုသလို ပိုမိုထိတ်လန့်သွားကြသည်။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမနေရဲပဲ စုမင်အနီးသို့ ပိုမိုတိုးကပ်လိုက်ကြ၏။

“စီနီယာ… အဲ… အဲဒါ ဘာကြီးလဲဟင်” လန်လန်သည် စုမင်အား အသံတိုးတိုးဖြင့် လှမ်းမေးလိုက်သည်။

“အဲဒါ အမျိုးသမီးတစ်ယောက် ထင်တယ်…” အားဟူသည် လက်သီးကိုတင်းတင်းဆုပ်ထားပြီး ထိုအရိပ်ဖြူပေါ်လာသောနေရာသို့ သေချာစိုက်ကြည့်နေ၏။

စုမင်မျက်လုံးထဲတွင် စူးရှတောက်ပသော အကြည့်တစ်ခုပေါ်လာခဲ့သည်။ ထို့နောက် ညာလက်ဖြင့် အရှေ့သို့ အလျင်အမြန် ဝှေ့ယမ်းလိုက်ရာ ခပ်တိုးတိုးကြုံးဝါးသံနှင့်အတူ စုမင်အရှေ့တွင် ပေသုံးရာကျော်မြင့်သော ယင်ဝိညာဥ် ပေါ်လာခဲ့သည်။

ယင်ဝိညာဥ်သည် လေထုကို ညာလက်ဖြင့် ဆုပ်ယူလိုက်သည်နှင့် အနီရောင်အလင်းတစ်ချက် ပေါ်လာပြီး အနီရောင်တိုက်ပွဲပုဆိန်ကြီးတစ်လက် စုဝေးဖြစ်တည်လာခဲ့သည်။

ထိုပုဆိန်၏ပုံစံမှာ ရှာမန်န်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲနှင့် တိုက်ခိုက်စဥ်က ပျက်စီးသွားသော ပုဆိန်နှင့် တစ်ပုံစံတည်းပင်ဖြစ်သည်။

ယင်ဝိညာဥ်သည် ပုဆိန်ကို လက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး စုမင်အား လှည့်ကြည့်လာသည်။

“မင်းတာဝန်က ဒီကလေးနှစ်ယောက်ကို ကာကွယ်ဖို့ပဲ” စုမင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ယင်ဝိညာဥ်မှာ ပြန်လည်ကာ ခေါင်းညိတ်ပြလာ၏။ သူသည် လန်လန်နှင့် အားဟူထံ တစ်ချက်လှမ်းကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်စစ်ဆေးလိုက်သည်။

ထို့နောက် စုမင်တို့အုပ်စုသည် မြူခိုးများ၏ အလယ်ဗဟိုဆီသို့ ဆက်လက်ခရီးနှင်ခဲ့ကြသည်။ ထိုအလယ်ဗဟိုသည် မီးတောက်နဂါး၏ အလောင်းရှိရာနေရာဖြစ်သည်။

ထိုနေရာသို့ရောက်သည်နှင့် လန်လန်နှင့် အားဟူတို့သည် အရိုးစုအနီးသို့ ချဥ်းကပ်၍ ၎င်း၏ ကြွင်းကျန်ရစ်သော စိတ်ဆန္ဒကို အာရုံခံရပေလိမ့်မည်။ ၎င်းထံမှ အသိအမှတ်ပြုခံရသည်နှင့် သူတို့၏ စစ်ဆေးမှုမှာ အောင်မြင်ပြီဖြစ်သည်။

တစ်ကယ်တမ်းတွင် စစ်ဆေးမှုမှာ အလွန်မခက်ခဲကြောင်း နန်ကုန်းဟန်ထံမှ စုမင်နားလည်ခဲ့ရသည်။ သူတို့သည် ဤနေရာသို့လာရောက်သော ပထမဆုံးလူများမဟုတ်ပေ။ ယင်ကိုးပါးလောက ဖွင့်လှစ်ချိန်တိုင်းတွင် ‘စိတ်ဝိညာဥ်ဖမ်းစားသူ’ ဖွဲ့စည်းတည်ဆောက်ပုံရှိသူများစွာမှာ ဤနေရာသို့ လာရောက်တတ်ကြ၏။

ထိုအချိန်က မြူခိုးများထဲတွင် မည်သည့်အန္တရာယ်မှ မရှိခဲ့ဖူးပေ။ ဤစမ်းသပ်မှုအတွင်းရှိ အကြီးမားဆုံး အန္တရာယ်မှာ ခရီးလမ်းကြောင်းနှင့် သူတို့အပေါင်းအဖော်များကြားတွင်သာ ရှိ၏။ သို့သော် စုမင်တို့အဖွဲ့သည် ရှာမန်မြို့တော်အတွင်းရှိ ရတနာလောင်းကစားပွဲအတွင်း အခြားသူများဆင်နွှဲနေဆဲ အချိန်မှာပင် ဤနေရာသို့ အစောဆုံး ရောက်လာကြခြင်းဖြစ်သည်။ ဤနေရာတွင် အန္တရာယ်ကြီးကြီးမားမား ရှိမနေသင့်ပေ။

သို့သော်ငြား လွန်ခဲ့သော တစ်လခန့်က တောအုပ်အတွင်းရှိ ထူးဆန်းမှုများနှင့် ထိုနောက်ပိုင်း ကြုံတွေ့ခဲ့ရသော အန္တရာယ်များက ယင်ကိုးပါးလောကသည် ယခုအခါ အတိတ်အချိန်ကနှင့် မတူတော့ကြောင်း ဖော်ပြနေခဲ့သည်။

မူလက လုံခြုံမှုရှိခဲ့သော နေရာများတွင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော ဘေးအန္တရာယ်များ ပေါ်လာခဲ့သည်။ ဤနေရာတွင်လည်း ထိုသို့ဖြစ်မနေဟု မည်သူမှမပြောနိုင်ပေ။

နောက်ထပ်နှစ်နာရီခန့်ကြာပြီးနောက် ထိုအဖြူရောင်အရိပ်သည်ပင် စုမင်တို့အရှေ့၌ နောက်တစ်ကြိမ် ထပ်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင်လည်း ယခင်ကလိုပင် ဖျတ်ခနဲပေါ်လာပြီး ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားခဲ့၏။

စုမင်မျက်လုံးတို့ တောက်ပသွားသော်လည်း ၎င်းအနောက်သို့ လိုက်မသွားခဲ့ပေ။

လန်လန်နှင့် အားဟူတို့မှာမူ ပိုမိုကြောက်လန့်လာခဲ့ချေပြီ။ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်လိုက်မိကြပြီး လက်ဖဝါးပေါ်မှ ချွေးစေးများကိုပင် ခံစားလိုက်မိကြ၏။

ထိုအခိုက်အတန့်မှာပင် စုမင်၏ နံဖူးအလယ်မှ အစိမ်းရောင်အလင်းတစ်ချက် တောက်ပသွားသည်။ ကျောက်စိမ်းဓားရှည် ချက်ချင်းပေါ်လာပြီး လန်လန်နှင့် အားဟူတို့အနောက်သို့ တိုးဝင်သွားကာ ခုတ်ချလိုက်သည်။

ထိုအချိန်မှာပင် ကလေးနှစ်ဦး၏ အနောက်ရှိ မြူခိုးလွှာမှာ ရုတ်တရက်လှုပ်ရှားသွားပြီး မြူခိုးတို့ဖြင့်ပြုလုပ်ထားသော သားရဲလက်သည်းတစ်ခု တိုးထွက်လာကာ ကျောက်စိမ်းဓားရှည်နှင့် တိုက်ခိုက်လိုက်သည်။ ဝိုးတဝါး ပေါက်ကွဲသံနှင့်အတူ သားရဲလက်သည်းသည် ထက်ပိုင်းပိုင်းခံလိုက်ရကာ မြူခိုးများအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

ယင်ဝိညာဥ်သည် ကျယ်လောင်စွာရယ်မောကာ ပုဆိန်ကို ပစ်ထုတ်လိုက်သည်။ ပုဆိန်သည် အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြူခိုးထုထဲသို့ တိုးဝင်သွားသည်။ ထို့နောက် စူးရှနာကျင်စွာ အော်ဟစ်သံတစ်ခု ပျံ့လွင့်လာပြီး မကြာမီမှာပင် ထိုအသံသည် အဝးသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းဖြစ်၍ လန်လန်နှင့် အားဟူတို့နှစ်ယောက် တုန့်ပြန်ချိန်ပင် မရလိုက်ချေ။

မြူခိုးများအတွင်း ဆက်သွားလိုက်ပြီး ထိုအချိန်တွင် စုမင်၏ မျက်နှာထားမှာ မည်းမှောင်နေသည်။ သူသည် အဝေးသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး မြေပြင်ထက်သို့ ငုံ့ကြည့်လိုက်၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နေရာသေးသေးတစ်ခုရှိ မြူခိုးများမှာ လွင့်ပျယ်သွားပြီး အနက်ရောင်မြေပေါ်ရှိ လက်တစ်ဝါးစာခန့်ရှိသော အသားစတစ်ခု ပေါ်လာခဲ့သည်။ ၎င်းထံမှ ပုပ်အဲ့အဲ့အနံ့ဆိုးက လူတိုင်းကို မအီမသာဖြစ်သွားစေ၏။

စုမင်သည် ထိုအသားကို သေချာစိုက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထို့နောက် အိုမင်းရှေးကျသောအသံအား မြူခိုးများအတွင်းမှ နောက်တစ်ဖန်ကြားလိုက်ရပြန်သည်။ ဤတစ်ကြိမ်တွင် ထိုအသံမှာ ပိုမိုပြတ်သားလာပြီး ယခင်ထက်လည်း ပိုနီးလာသကဲ့သို့ပင်…

“မီးတောက်နဂါးရဲ့ မျိုးဆက်တွေမှာ ဘယ်ဘက်မျက်လုံးဟာ နေ့အချိန်ဖြစ်ပြီး ညာဘက်မျက်လုံးဟာ နေမင်းပဲ။ မျက်လုံးကို မှိတ်လိုက်တဲ့အခါ ကောင်းကင်မှာ အမှောင်ထုရောက်ရှိလာပြီး မျက်လုံးကိုဖွင့်တဲ့အခါ ကောင်းကင်ဟာ အလင်းဆောင်လိမ့်မယ်…”

ထိုအသံပေါ်လာသည်နှင့် ဟန်တောင်တန်းခေါင်းလောင်းထဲရှိ မြွေငယ်လေး၏ အော်မြည်သံများမှာ ပိုမိုပြင်းထန်လာသော်လည်း စုမင်မှာ ငြိမ်သက်နေမိ၏။

“သွားစို့” သူသည် မြေပြင်ထက်ရှိ အသားစကို လျစ်လျူရှုလိုက်ပြီး လန်လန်နှင့် အားဟူတို့ကို ခေါ်ဆောင်လျက် မြူခိုးထုထဲသို့ ဆက်လက်တိုးဝင်သွားလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ယင်ဝိညာဥ်သည် သူတို့အနောက်မှ လိုက်ပါလာခဲ့လေသည်။

အချိန်တို့ တစ်ဖြည်းဖြည်းကုန်ဆုံးသွားသည်။ ရှေ့သို့ဆက်တိုးရင်း သူတို့သည် ပထမတစ်ကြိမ်လိုပင် တိုက်ခိုက်မှုများနှင့် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့အနီး၌ ယင်ဝိညာဥ်ရှိနေခြင်းပင်။ ယင်ဝိညာဥ်သည် ၎င်း၏ ခွန်အားဖြင့် မြူခိုးများအတွင်း ပုန်းအောင်းနေသော သတ္တဝါများ၏ အသေသတ်တိုက်ကွက်များကို တားဆီးပေးထားခဲ့၏။

အပြင်ဘက်တွင် နေ့လား၊ ညလား စုမင် မဆုံးဖြတ်နိုင်ပေ။ သူတို့ခရီးနှင်လာခဲ့သော နာရီပေါင်းများစွာအရဆိုလျှင်တော့ အပြင်၌ ညအချိန် ဖြစ်နေလောက်ပေပြီ။

စုမင်သည် လန်လန်နှင့် အားဟူတို့အား ဦးဆောင်၍ ရှေ့ဆက်လျှောက်လာခဲ့ပြီး တစ်ဖြည်းဖြည်းဖြင့် သူ့အရှေ့ရှိ မြူထဲတွင် ဧရာမအနက်ရောင်အရိပ်ကြီး ပေါ်လာခဲ့သည်။ ထိုအရိပ်သည် ပေတစ်သောင်းခန့် မြင့်မားပုံပေါ်ပြီး မြူခိုးများအတွင်း ဖုံးကွယ်လျက် မလှုပ်မရှား၊ ငြိမ်သက်နေခဲ့၏။ ပထမဆုံးအကြည့်တစ်ချက်တွင် ၎င်းသည် အဆောက်အဦးကြီးတစ်ခုနှင့်တူပြီး ဖော်ပြခြင်းငှာမစွမ်းသာသော ခံစားချက်ကြီးတစ်ခုက ထိုနေရာတစ်ဝိုက် ပျံ့နှံ့တည်ရှိနေသည်။

ထိုခံစားချက်သည် လူတို့အား လေးလံထိုင်းမှိုင်းကာ စိတ်ဓာတ်ကျလာစေ၏။ ၎င်းအရိပ်ကြီးထံ စုမင် သေချာစိုက်ကြည့်လိုက်စဥ်မှာပင် လန်လန်၏ အထိတ်တလန့် အော်ဟစ်သံက ရုတ်တရက် ပေါ်လာခဲ့သည်။

လန်လန်၏ အော်ဟစ်သံပေါ်လာသည်နှင့် စုမင်ထိုနေရာသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။ သူ၏ နတ်ဘုရားစိတ်အာရုံကို အဝေးထိဖြန့်ကျက်နိုင်စွမ်းမရှိပဲ ပေဒါဇင်အနည်းငယ်ခန့်သာ ဖြန့်ကျက်ထားနိုင်သဖြင့် မြူခိုးများအတွင်းရှိ သားရဲများထံမှ တိုက်ခိုက်မှုများကို ထောက်လှမ်းနိုင်သော်လည်း ထိုထက်ပို၍ ဝေးဝေးသို့ လှမ်းကြည့်ချင်လျှင်တော့ သူ့ကိုယ်ပိုင်မျက်လုံးများကိုသာ အားကိုးရပေသည်။

လန်လန် အလန့်တကြားကြည့်နေရာဘက်ဆီသို့ လှမ်းကြည့်လိုက်မိသည်နှင့် သူတို့အနောက် ပေတစ်ရာကျော်ခန့်အဝေးရှိ သူတို့ယခုလေးပင် ဖြတ်သန်းလာခဲ့သော မြူထုထဲတွင် ပုန်းအောင်းနေသည့် အဖြူရောင်ဝိုးတဝါးပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုပုံရိပ်သည် ကျောက်တုံးတစ်ခုပေါ်တွင် သူတို့အားကျောပေးထိုင်နေပြီး တိတ်တဆိတ်ငိုကြွေးနေပုံပေါ်၏။

တိတ်ဆိတ်ငြိမ်သက်နေသော မြူထဲတွင် ငိုရှိုက်သံများ ပဲ့တင်ထပ်လာခဲ့သည်။

ထိုငိုရှိုက်သံများ ပေါ်လာသည်နှင့် လန်လန်နှင့် အားဟူတို့၏ မျက်လုံးများမှာ ဝေဝါးလာပြီး ၎င်းတို့ပုံစံက စိတ်ဝိညာဥ်ပျောက်ဆုံးသွားသည့်အလားပင်…

စုမင်၏ မျက်နှာထားမှာ ပိုမိုသုန်မှုန်သွားသည်။ သူလှုပ်ရှားရန် ပြင်လိုက်စဥ်မှာပင် ငိုရှိုက်သံများမှာ ပိုမိုများပြားလာပြီး စုမင်၏ ညာဘက်မှလည်း ထွက်ပေါ်လာခဲ့သည်။

လှမ်းကြည့်လိုက်သည်နှင့် သူ၏ညာဘက် ပေရာပေါင်းများစွာအဝေးတွင် ငိုကြွေးနေသော အခြားအဖြူရောင်ပုံရိပ်တစ်ခုကို ချက်ချင်းမြင်လိုက်ရသည်။ ထိုအရာသည်လည်း သူ့အား ကျောပေးထားသဖြင့် ၎င်း၏ဆံပင်ရှည်များကိုသာ မြင်နေရလေသည်။

ထိုငိုရှိုက်သံများသည် စုမင်အတွက်မူ စိတ်အနှောင့်အယှက်သာ ဖြစ်စေခဲ့သည်။ သူသည် အေးတိအေးစက်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရှေ့တစ်လှမ်းတက်ကာ ညာဘက်ရှိ ငိုကြွေးနေသော ပုံရိပ်ထံ ဦးတည်တိုးဝင်သွားသည်။ လန်လန်နှင့် အားဟူတို့အပေါ်တွင် အကာအကွယ် အလင်းလွှာတစ်ခု အလျင်အမြန်ပေါ်လာခဲ့သည်။ စုမင် အတွေးတစ်ချက် ပို့လွှတ်လိုက်သည်နှင့် ယင်ဝိညာဥ်သည် မြေပြင်ကိုဆောင့်နင်းကာ ပုဆိန်ကိုကိုင်ဆောင်လျက် သူတို့အနောက်ရှိ အဖြူရောင်ပုံရိပ်ထံ အလျင်အမြန် ချဥ်းကပ်သွားသည်။

လျှပ်တပြက်အတွင်း ကိုယ်ပွားနှင့် အဆိပ်အလောင်းတို့သည် စုမင်၏ ဘယ်ဘက်နှင့် ညာဘက်တွင် အသီးသီးပေါ်လာခဲ့သည်။ သူတို့သည် အဖြူရောင်ပုံရိပ်အနီးသို့ မျက်စိတစ်မှတ်အတွင်း ချဥ်းကပ်သွားပြီး ငိုရှိုက်သံများမှာလည်း ပိုမိုပြတ်သားလာခဲ့သည်။

သူတို့အနီးသို့ ချဥ်းကပ်သွားသည်နှင့် အဖြူရောင်ပုံရိပ်သည် အနောက်သို့လှည့်လာပြီး အသက်ရှူမှားလောက်ဖွယ် ချောမောလှပသော မျက်နှာလေးတစ်ခုကို ဖော်ပြလာခဲ့သည်။ သို့သော် ထိုအမျိုးသမီး၏ ပါးစပ်မှ စူးရှသော အော်ဟစ်သံတစ်ချက် ရုတ်တရက်ပေါ်လာပြီး အသံလှိုင်းတစ်ခုအသွင်ဖြင့် စုမင်ထံ တိုးဝင်လာသည်။

တစ်ချိန်တည်းမှာပင် ဝတ်စုံဖြူအမျိုးသမီး၏ ခန္ဓာကိုယ်မှာ ဖောင်းပွစုတ်ပြဲသွားကာ ပုပ်အဲ့အဲ့အနံ့ဆိုးတစ်ခုနှင့်အတူ သွေးစသွေးနများဖြင့် အနက်ရောင်အသားထုကြီးအဖြစ် စုမင်ထံသို့ ဦးတည်တိုးဝင်လာသည်။

ထိုအသားထုကြီး ပေါ်လာသည်နှင့် စုမင်သည် ညာလက်ဖြင့် လေထုကိုကုပ်ဆွဲလိုက်သည်။ အနီးတစ်ဝိုက်ရှိ မြူခိုးများကိုဆွဲယူလျက် သူ့လက်ဖဝါးထဲတွင် လေဝဲတစ်ခုဖြစ်တည်လာပြီး ထိုလက်ဝါးဖြင့် အသားစိုင်ကြီးထံ ရိုက်ထုတ်လိုက်သည်။

ကိုယ်ပွားထံမှ အစိမ်းရောင်အလင်းတစ်ချက်ပေါ်လာပြီး ကျောက်စိမ်းဓားရှည်သည် ဓားရှည်ကြီးတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ ထိုအသားထုကို အလျားလိုက် ခုတ်ဖြတ်လိုက်သည်။ ကိုယ်ပွားသည် တစ်ဆက်တည်းလိုလို လက်ဟန်သင်္ကေတများစွာ ပြုလုပ်လိုက်ပြီး နောက်ဆုံးသင်္ကေတပြီးသည်နှင့် အသားထုထံညွှန်ပြလိုက်၏။

အဆိပ်အလောင်း၏ လှုပ်ရှားမှုမှာမူ ပိုမိုတည့်တိုးဆန်လေသည်။ သူသည် ပါးစပ်ကိုဟ၍ အနားရှိမြူခိုးများနှင့် ကွဲပြားခြားနားပုံမပေါ်သော အဆိပ်မြူထုတစ်ခုကို မှုတ်ထုတ်လိုက်သည်။ ထိုအဆိပ်မြူများမှာ အသက်ရှိနေပုံပေါ်ပြီး မြွေငယ်လေးကိုးကောင်အဖြစ် ပြောင်းလဲသွားကာ အရှေ့သို့ ရုန့်ရင်းကြမ်းတမ်းစွာ တိုးဝင်သွားကြသည်။

တိုက်ကွက်အားလုံးသည် တစ်ခဏအတွင်းပေါ်လာပြီး အသားထုထံ ချက်ချင်းတိုးဝင်သွားသည်။ အချင်းချင်း တိုက်ခိုက်မိခါနီးမှာပင် အသားများသည် လေထဲ၌ ပြန်လည်စုဝေးသွားပြီး အမျိုးသမီးတစ်ဦး၏ မျက်နှာအဖြစ် ပြောင်းလဲသွားသည်။ ထိုမျက်နှာသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဖြစ်နေပြီး စုမင်၏ တိုက်ကွက်များ မရောက်မီမှာပင် ၎င်းဘာသာ စတင်လောင်ကျွမ်းလာခဲ့သည်။

ထို့နောက် တစ်ခဏအတွင်း အငွေ့ပျံသွားပြီး အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားခဲ့၏။

စုမင်မျက်ဝန်းတို့ ကျဥ်းမြောင်းသွားပြီး အနောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် သူ့အနီးတစ်ဝိုက်၌ မြူခိုးများကိုသာ တွေ့လိုက်ရသည်။ ယင်ဝိညာဥ်သည် လည်းကောင်း၊ လန်လန်နှင့် အားဟူတို့သည်လည်းကောင်း ရှိမနေတော့ပေ…

ပတ်ဝန်းကျင်ဧရိယာမှာတော့ တိတ်ဆိတ်ငြိမ်သက်မနေချေ။ ငိုရှိုက်သံများက သူ့အား ဝန်းရံလှည့်ပတ်နေကြသလိုပင်။ ထိုငိုရှိုက်သံများမှာ တစ်ဖြည်းဖြည်းပိုမိုများပြားလာပြီး အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် မြူခိုးထုထဲ၌ ပုန်းအောင်းနေသော ထိုအမျိုးသမီးများမှာ များပြားလာသည့်အလား အသံများဆူညံလာခဲ့သည်။

“လှည့်ကွက်ကလေးတွေ” စုမင် အေးစက်စက် ရေရွတ်လိုက်ပြီး စိတ်အနှောက်အယှက်ဖြစ်နေမှုများကို ပြန်လည်ထိန်းချုပ်လိုက်သည်။ သူ့စိတ်ကို တည်ငြိမ်အောင်လုပ်ပြီးသည်နှင့် ညာလက်ထဲတွင် ဆူးသွားတင်းပုတ်တစ်ခု ဖျတ်ခနဲပေါ်လာခဲ့သည်။

စုမင်သည် ၎င်းကိုဆုပ်ကိုင်လိုက်ပြီးသည်နှင့် လေထဲသို့ ချက်ချင်းမြှောက်လိုက်သည်။ လေထုမှာ တဝှီးဝှီးမြည်သွားပြီး ဆူးတင်းပုတ်၏ အလျားမှာ အလျင်အမြန် ရှည်ထွက်လာကာ မျက်စိတစ်မှိတ်အတွင်း ပေတစ်ရာကျော်ရှည်ကာ ပေဒါဇင်အနည်းငယ်ခန့် အကျယ်ရှိသော တင်းပုတ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ စုမင်သည် လေထဲသို့ ခုန်တက်ကာ ခပ်တိုးတိုးကြုံးဝါးလိုက်ပြီး ဆူးတင်းပုတ်ကို လွှဲယမ်းကာ မြေပြင်ထက်သို့ရိုက်ချလိုက်သည်။

စုမင်စကားဆုံးသည်နှင့် ဆူးတင်းပုတ်၏ အရွယ်အစားမှာ အဆပေါင်းများစွာ ပိုမိုကြီးထွားလာပြီး အောက်သို့ ကျဆင်းသွားသည်။ မြေပြင်နှင့်ထိခတ်မိချိန်တွင် ၎င်းမှာ ပေတစ်ထောင်နီးပါးရှည်ပြီး ဒါဇင်ပေါင်းများစွာ ထုရှိသော ဆူးတင်းပုတ်ကြီးတစ်ခု ဖြစ်နေခဲ့ချေပြီ။ ဆူးတင်းပုတ်ကို ဆုပ်ကိုင်ထားသော စုမင်၏လက်မောင်းမှ သွေးကြောများဖောင်းကြွလာပြီး သူ့ကိုယ်ထဲရှိ မာန်အရိုးများထံမှ ရွှေရောင်အလင်းတို့ တောက်ပလာသည်။

ဧရာမဆူးတင်းပုတ်ကြီးသည် ဝုန်းခနဲကျဆင်းသွားကာ မြေပြင်မှာတုန်ခါသွားပြီး မြူခိုးပင်လယ်ကြီးအား လက်နှစ်ဖက်မှ ဆွဲဖြဲလိုက်သယောင် ကွဲထွက်သွားခဲ့သည်။ ဆူးတင်းပုတ်အား ဗဟိုပြုလျက် မြူခိုးများမှာ တစ်ဖက်တစ်ချက်ဆီသို့ လွင့်ပျယ်သွားခဲ့ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စက်ဝိုင်းပုံ ပေထောင်ပေါင်းများစွာ ဧရိယာအတွင်း မည်သည့်မြူခိုးမှ ရှိမနေတော့ချေ။ အဝေးတစ်နေရာတွင် ယင်ဝိညာဥ်သည် ချုပ်နှောင်ခံထားရမှုမှ လွတ်မြောက်ရန် ရုန်းကန်လှုပ်ရှားရင်း တုန်ရီနေသည်ကို စုမင်တွေ့လိုက်ရသည်။ ၎င်းအရှေ့တွင် ပေရာပေါင်းများစွာ အရွယ်ရှိသော မျက်လုံးကြီးတစ်လုံးရှိနေ၏။ ထိုမျက်လုံးကြီးတွင် စိတ်ဝိညာဥ်ဖမ်းစားသူတစ်ဦး၏ အစွမ်းမျိုး ပိုင်ဆိုင်ထားပုံပေါ်ပြီး ၎င်း၏ အလယ်ဗဟိုက ပါးစပ်တစ်ခုအသွင် ဟနေ၏။ ထိုမျက်လုံးကြီးသည် ယင်ဝိညာဥ်၏လှုပ်ရှားမှုများကို နှေးကွေးနေစေရန် ညှို့ယူဖမ်းစားထားလေသည်။

ယင်ဝိညာဥ်၏ အနောက်တွင် ကွဲအက်လုနီးပါး အလင်းလွှာတစ်ခုရှိနေပြီး ထိုအလင်းလွှာကို စူးစူးဝါးဝါး ငိုကြွေးမြည်တမ်းနေသော အဖြူရောင်ပုံရိပ်ပေါင်းများစွာက ၎င်းတို့ခန္ဓာကိုယ်များဖြင့် အဆက်မပြတ် ဝင်ဆောင့်နေကြ၏။ အလင်းလွှာထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေသော မျက်နှာများဖြင့် ကလေးနှစ်ဦး ရှိနေလေသည်။

မြူခိုးများ တလိပ်လိပ်နောက်ဆုတ်သွားသည်နှင့် ပေထောင်ပေါင်းများစွာအဝေးတွင် ပေတစ်သောင်းခန့်ရှိသော ဧရာမအရိုးစုကြီးတစ်ခုကိုလည်း စုမင်လှမ်းမြင်လိုက်ရ၏။

ထိုအရိုးစုကြီးမှာ ဧရာမစပါးအုံးမြွေကြီးတစ်ကောင်၏ အမြီးနှင့် တူနေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းအများစုမှာ ဆွေးမြေ့ပျက်စီးသွားပြီဖြစ်ပြီး အကြေးခွံအချို့သာ ကျန်ရစ်တော့သည်။ စုမင် လှမ်းမျှော်ကြည့်လိုက်သော်လည်း အမြီးကြီးမှာ အလွန်ရှည်လျားလွန်းသဖြင့် အဆုံးကိုပင် မမြင်ရပါချေ။ အမြီးတစ်ခုတည်းပင် ထိုမျှ ထိတ်လန့်ဖွယ်ကောင်းနေသည်ဆိုလျှင် ခန္ဓာကိုယ်ကြီးတစ်ခုလုံးဆိုလျှင်တော့ စိတ်ကူးကြည့်၍ပင်မရနိုင်သော မြင်ကွင်းတစ်ခု ဖြစ်နေပေလိမ့်မည်။

“မီးတောက်နဂါး…” စုမင်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားသလို ဟန်တောင်တန်းခေါင်းလောင်းအတွင်းရှိ မြွေငယ်လေးသည်လည်း အစူးဝါးဆုံး အော်ဟစ်မြည်တမ်းလိုက်လေသည်။

All Chapters