မီးတောက်နဂါး၏ မျိုးဆက်များ
Vol. 33 Ch. 458
အခြေအနေမှာ အလွန်အန္တရာယ်များလှသည်။ လန်လန်နှင့် အားဟူတို့ကို ကာကွယ်ပေးနေသော အလင်းလွှာမှာ အလွန်စူးရှတောက်ပနေပြီး ပျက်စီးသွားတော့မည့်ပုံ ပေါ်နေခဲ့သည်။ ၎င်းသည် လုံးလုံးလျားလျားပျောက်ကွယ်မသွားမီ အသက်ရှူကြိမ် အနည်းငယ်မျှသာ ခံနိုင်ရည်ရှိပေတော့မည်။
အလင်းလွှာပျောက်ကွယ်သွားသည်နှင့် ရှာမန်ငယ်ပင်မဖြစ်သေးသော ထိုအားနည်းသည့် ကလေးငယ်နှစ်ဦးမှာ တစ်ချက်ထိလိုက်ရုံဖြင့်ပင် ပျက်စီးသွားကြပေလိမ့်မည်။ အလားတူပင် ယင်ဝိညာဥ်သည်လည်း အသက်အန္တရာယ်ရှိသော အနေအထားတစ်ခုတွင် ပိတ်မိနေ၏။ နှောင်းပိုင်းရှာမန်တစ်ယောက်၏ စွမ်းအားရှိသော ယင်ဝိညာဥ်သည် ထိုထူးဆန်းသော ဧရာမမျက်လုံးကြီးကြောင့် အမှန်တစ်ကယ်ပင် ရုန်းကန်နေရခြင်းဖြစ်သည်။ ၎င်း၏ ပုံစံအရ အလွန်ပြင်းထန်သော နာကျင်မှုမျိုး ခံစားနေရပုံပေါ်ပြီး မျက်လုံးကြီး၏ အလယ်ဗဟိုရှိ အက်ကြောင်းဆီသို့ ဆွဲယူခံနေရသည်။ မျက်လုံးကြီး၏ပုံစံက ယင်ဝိညာဥ်ကို ဝါးမြိုချင်နေဟန်ပင်…
စုမင်မျက်ဝန်းများမှာ တောက်ပသွားပြီး ကလေးငယ်နှစ်ဦးထံသို့ လျှပ်စီးတန်းတစ်ခုသဖွယ် တွေဝေတုန့်ဆိုင်းခြင်းမရှိ ပြေးဝင်သွားသည်။ ကိုယ်ပွားနှင့် အဆိပ်အလောင်းတို့သည်လည်း အနောက်မှ ကပ်လိုက်လာကြ၏။ စုမင်လက်မောင်းပေါ်ရှိ နဂါးအမှတ်အသားမှာ တောက်ပသွားပြီး ခပ်တိုးတိုးဟိန်းဟောက်သံ တစ်ချက်နှင့်အတူ သွေးနဂါးပေါ်လာခဲ့သည်။ ၎င်းသည် ဦးခေါင်းကြီးကို ဝှေ့ယမ်းလျက် မျက်လုံးထံ ဆွဲငင်ခံနေရသော ယင်ဝိညာဥ်ဆီသို့ တိုးဝင်သွားသည်။
စုမင်၏ အမြန်နှုန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး လန်လန်နှင့် အားဟူအနီးသို့ သူရောက်ခါနီးမှာပင် အလင်းလွှာသည် အဖြူရောင်ပုံရိပ်တို့၏ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသွားပြီး အပိုင်းအစများအဖြစ် ပြန့်ကျဲသွားသည်။ အဖြူရောင်ပုံရိပ်များသည် ကလေးငယ်နှစ်ဦးထံ ခုန်အုပ်လိုက်ကြသည်။
စုမင်၏ မျက်နှာထားမှာ သုန်မှုန်သွားသည်။ နံဘေးရှိ ကိုယ်ပွားသည် ခပ်တိုးတိုးကြုံးဝါးလိုက်ပြီး နေရာမှချက်ချင်းပျောက်ကွယ်သွားကာ အလင်းလွှာပေါက်ကွဲသွားချိန်၌ ကလေးငယ်နှစ်ဦးအနီးတွင် ပြန်ပေါ်လာခဲ့သည်။ လန်လန်၏ မျက်နှာထက်၌ စိတ်ပျက်အားလျော့မှုတို့ ပြည့်သွားချိန်မှာပင် သူမအရှေ့ရှိ ဧရိယာမှာ တွန့်လိမ်ပုံပျက်သွားပြီး စုမင်၏ ကိုယ်ပွားက လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကိုယ်ပွားသည် ချက်ချင်းဆိုသလို လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်ပြီး သူ့အရှေ့သို့ ရိုက်ထုတ်လိုက်သည်။
ရေအပြည့်ရှိသော ပန်းအိုးတစ်လုံး ပေါက်ကွဲထွက်သွားသည့်နှယ် ကိုယ်ပွား၏ လက်ဖဝါးမှ ပြင်းထန်သောအားတစ်ရပ် ပေါက်ကွဲထွက်ပေါ်လာပြီး အနီးဝန်းကျင်ရှိ မြူများမှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ ခုန်အုပ်လာသော အဖြူရောင်အရိပ်များသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြပြီး သူတို့ကိုယ်ပေါ် သက်ရောက်လာသောအားအင်ကြောင့် နေရာမှာပင် ခဏမျှ ရပ်တန့်သွားကာ အနောက်သို့ လွင့်စင်ထွက်ကုန်ကြသည်။
ကိုယ်ပွားသည် တုန့်ဆိုင်းမနေပဲ ထိုအားကိုသုံး၍ လက်မောင်းကိုဝှေ့ယမ်းလိုက်ပြီး လန်လန်နှင့် အားဟူတို့အား သူ့နံဘေးသို့ ဆွဲခေါ်ကာ အဝေးသို့ခေါ်ဆောင်သွားလိုက်သည်။ ကျန်ရှိနေသော အဖြူရောင်အရိပ်များသည် စူးစူးဝါးဝါးအော်မြည်လျက် ပြေးဝင်သွားကြရန် ပြင်လိုက်စဥ်မှာပင် စုမင်သည် အရေးကြီးဆုံးအချိန်၌ အချိန်ကိုက် ရောက်ရှိလာနိုင်ခဲ့၏။ လန်လန်နှင့် အားဟူတို့ကို ကိုယ်ပွားမှ ခေါ်ထုတ်သွားပြီးသည်နှင့် စုမင်သည် လေပြင်းတစ်ခုသဖွယ် အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။
အဆိပ်အလောင်းသည်လည်း သူနှင့် ပါလာလေသည်။
သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စုမင်သည် အနီးသို့ရောက်သည်နှင့် အဖြူရောင်ပုံရိပ်များထဲမှ တစ်ခုထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ လက်သီးချက်မှာ အလွန်လျင်မြန်လှသဖြင့် အဖြူရောင်ပုံရိပ်အတွက် ရှောင်တိမ်းချိန်ပင်မရလိုက်ပဲ လက်သီးချက်က သူ့ကိုယ်ပေါ် ကျရောက်လာခဲ့သည်။
ထိုပုံရိပ်သည် အပိုင်းပိုင်းဆုတ်ပြဲသွားပြီးနောက် မြူခိုးများအသွင် ပြောင်းလဲကာ အနောက်သို့ ဆုတ်ခွာသွားပြီး ပြန်လည်ဖွဲ့စည်းဖြစ်တည်လာခဲ့သည်။ အဆိပ်အလောင်းဘက်တွင်လည်း အခြေအနေတို့က တစ်ထပ်တည်းပင်…
“အငြိုးအတေး ဝိညာဥ်တွေလား…”
စုမင် နှာခေါင်းရှုံ့လိုက်ပြီး ဘယ်လက်ကိုဖြန့်လိုက်ရာ သူ့အနီးတွင် နက်မှောင်သောအလင်းတို့ တောက်ပလာပြီး ဟန်တောင်တန်းခေါင်းလောင်းသည် အလျင်အမြန်ပင် ပေါ်လာခဲ့၏။ ခေါင်းလောင်းပေါ်လာသည်နှင့် စုမင်သည် လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်၍ ၎င်းထံ ညွှန်ပြလိုက်သည်။ နဂါးဟိန်းသံနှင့်အတူ ခေါင်းလောင်း၏အပြင်ဘက်တွင် ခေါင်းကိုးလုံးနဂါး၏ ပုံရိပ်ယောင်ကြီး ပေါ်လာခဲ့သည်။
နဂါးဟိန်းသံပေါ်လာသည်နှင့် အဖြူရောင်ပုံရိပ်များသညိ ရှေ့တိုးမလာရဲတော့ပဲ မြူခိုးထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလိုဟန်ဖြင့် အလျင်အမြန်ပင် ဆုတ်ပြေးသွားကြ၏။ သို့သော် စုမင်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လက်ဟန်သင်္ကေတအချို့ ဖန်တီးလိုက်ရာ ခေါင်းကိုးလုံးနဂါး၏ ဆဌမမြောက်ဦးခေါင်းသည် မျက်လုံးများပွင့်လာပြီး ပါးစပ်ကြီးကို ကျယ်လောင်စွာဟလျက် ထိုအဖြူရောင်ပုံရိပ်များကို စုပ်ယူလိုက်သည်။
အဖြူရောင်ပုံရိပ်များသည် ၎င်းတို့ကိုယ်၎င်းတို့ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဟန်ဖြင့် မြူခိုးများအသွင်ပြောင်းလဲသွားကာ ဆဌမမြောက်ဦးခေါင်း၏ ပါးစပ်ထဲသို့ စုပ်ယူဝါးမြိုခံလိုက်ကြရသည်။ ဆဌမမြောက်ဦးခေါင်းသည် အရသာရှိသော ဟင်းလျာတစ်ခွက်ကို စားလိုက်ရဟန်ဖြင့် အကြိမ်အနည်းငယ်မျှပင် ဝါးနေလိုက်သေး၏။
ထိုအချိန်အတွင်း သွေးနဂါး၏ဦးခေါင်းကြီးသည် ယင်ဝိညာဥ်၏ ခန္ဓာကိုယ်အား ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ပြီး ဧရာမမျက်လုံးကြီး၏ ထူးဆန်းသော စိတ်ဝိညာဥ်ဖမ်းစားသူစွမ်းရည်များထံမှ လွတ်မြောက်သွားစေလိုက်သည်။
ယင်ဝိညာဥ်အား တွန်းထုတ်ပြီးသည်နှင့် သွေးနဂါးသည် ခပ်တိုးတိုးဟိန်းဟောက်လိုက်ပြီး မျက်လုံးကြီးအား လက်သည်းဖြင့် ကုတ်ခြစ်လိုက်သည်။ သို့သော်လည်း ၎င်း၏ လက်သည်းမထိခင်မှာပင် မျက်လုံးကြီးအတွင်း၌ မီးခိုးရောင်မြူများပြည့်လာပြီး နေရာမှ အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားခဲ့သည်။ သွေးနဂါး၏ လက်သည်းသည် လေကိုသာ ကုတ်ခြစ်မိသွားပြီးနောက် မြေပေါ်သို့ကျကာ ဝုန်းခနဲတုန်ခါသွားစေခဲ့သည်။
ဤအရာအားလုံးသည် စုမင်တို့အဖွဲ့ စုမင်တို့အဖွဲ့ စတင်ခြုံခိုတိုက်ခံရချိန်မှစ၍ အသက်ရှူကြိမ် အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ အဖြူရောင်ပုံရိပ်များ ဝါးမြိုခံလိုက်ရပြီး ဧရာမမျက်လုံးကြီး ပျောက်ကွယ်သွားသည်နှင့် သူတို့ပတ်ဝန်းကျင်မှာ ယခင်အတိုင်း ပြန်လည်ကာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
စုမင်၏ တင်းပုတ်ရိုက်ချက်ကြောင့် ပြိုကွဲသွားခဲ့သော မြူခိုးများသည်လည်း အရပ်မျက်နှာအနှံ့မှ တလိပ်လိပ်ပြန်လည်စုစည်းလာကြသည်။
ယင်ဝိညာဥ်သည် မြေပြင်မှ ကြိုးစားကာထရပ်လိုက်ပြီး ခေါင်းဆောင်းကို ဆွဲချွတ်လိုက်သည်။ သူ့အမူအယာမှာ သုန်မှုန်နေပြီး မျက်လုံးများအတွင်း ဒေါသမီးတောက်တို့နှင့်အတူ သတိကြီးကြီးထားသော အရိပ်အယောင်များ ရှိနေခဲ့သည်။
ယင်ဝိညာဥ်သည် စုမင်အား တစ်ချက်ကြည့်လိုက်ပြီး စကားတစ်လုံးချင်းစီအား ဖြည်းဖြည်းချင်း ပြတ်ပြတ်သားသား ပြောဆိုလာသည်။ “မင်းတို့ရှာမန်တွေက ကတိမတည်ဘူး။ မင်းတို့က ချိပ်စည်းရဲ့ အစွန်းကို ဖြတ်ကျော်ခဲ့တာမို့ ချိပ်စည်းတွေ အဆက်မပြတ်ကျိုးပျက်ပြီး ဒီနေရာမှာရှိတဲ့ မြင့်မြတ်သော ယင်ကိုးပါးအရိုးစုမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေပေါ်လာတာပဲ… စောစောက မျက်လုံးက အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်တွေ မပိုင်ဆိုင်ပေမယ့် သူ့ရဲ့ စိတ်ဝိညာဥ်ကို ဖမ်းစားတဲ့ စွမ်းရည်ကတော့ သာမန်လူတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ အဲဒါက မြင့်မြတ်သော ယင်ကိုးပါးရဲ့ ဒုတိယမျက်လုံးပဲ”
“မင်းကို မြူမှုန်ထိုးခွဲတွေနဲ့ ငှားရမ်းထားတာက ငါပဲ။ အခုလေးတင် မင်းအသက်ကို ကယ်လိုက်တာကလည်း ငါပဲနော်” စုမင် တည်တည်ငြိမ်ငြိမ်ပင် ပြန်ထောက်ပြလိုက်သည်။
ယင်ဝိညာဥ်သည် ငြိမ်ကျသွားပြီး အချိန်တစ်ချို့ကြာပြီးနောက် ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။
“မြင့်မြတ်သော ယင်ကိုးပါးလို့များ မင်းပြောလိုက်တာလား” စုမင်သည် ဆူးတင်းပုတ်ကို ပြန်သိမ်းလိုက်ပြီး ဖြူဖျော့နေသော ကလေးနှစ်ဦးနှင့် ပတ်ဝန်းကျင်ကို တစ်ချက်စစ်ဆေးလိုက်ပြီးမှ ပေတစ်ထောင်ခန့်အဝေးရှိ ဧရာမအလောင်းကြီးထံ လှမ်းကြည့်လိုက်သည်။
“မင်း အခုမြင်နေရတဲ့ အသေကောင်ကြီးက မြင့်မြတ်သောယင်ကိုးပါးရဲ့ အလောင်းပဲ။ မင်းတို့ရှာမန်တွေကြားမှာ မီးတောက်နဂါးလို့ ခေါ်တဲ့ဟာပေါ့။ စောစောက ဒီနေရာနဲ့ပက်သက်ပြီး တစ်ခုခုထူးဆန်းနေတယ်မှတ်တာ… အခုကြည့်မှပဲ ဟိုအဖြူရောင်အရိပ်တွေက အတိတ်တုန်းက မြင့်မြတ်သောယင်ကိုးပါးဆီမှာ အသတ်ခံခဲ့ရတဲ့ ရန်သူတွေရဲ့ အငြိုးအတေးဝိညာဥ်တွေပဲ”
“ငါတို့ အစောပိုင်းက ကြုံခဲ့ရတဲ့ သားရဲလက်သည်းကလည်း မြင့်မြတ်သောယင်ကိုးပါးရဲ့ ပုပ်သိုးနေတဲ့ အသားစကနေ ဖြစ်တည်လာခဲ့တာပဲ။ အဲဒီနှစ်တုန်းက ဒီနေရာရဲ့ ချိပ်စည်းကို မင်းတို့ရှာမန်တွေချိုးဖျက်ခဲ့တော့ မြင့်မြတ်သောယင်ကိုးပါးရဲ့ စိတ်ဝိညာဥ်ကိုပြန့်ကျဲစေခဲ့တယ်။ မင်းတို့က သူ့အလောင်းကိုတောင် ယူသွားဖို့တွေးခဲ့ကြပေမယ့် မတတ်နိုင်ခဲ့လို့သာ မင်းတို့မျိုးဆက်တွေကို ဒီပို့ပြီး သူ့ရဲ့ စိတ်ဆန္ဒကို အာရုံခံခိုင်းလို့ စိတ်ဝိညာဥ်ဖမ်းစားသူလို့ ခေါ်တာတွေ မွေးဖွားလာခဲ့တာပဲ”
“အဲဒီနောက် မင်းတို့က ငါတို့မျိုးနွယ်စုဆီရောက်လာပြီး လက်တွဲလုပ်ဆောင်တယ်ဆိုပြီး ဒီနေရာနဲ့ တစ်ခြားနေရာတစ်ချို့မှာ ချိပ်စည်းတွေချခဲ့ကြတယ်။ အဲဒီချိပ်စည်းတွေက ခိုင်မာပုံပေါ်ပေမယ့် တစ်ကယ်တမ်းကတော့ အရမ်းကို အားနည်းပျက်စီးလွယ်လွန်းတယ်။ ပြင်ပကမ္ဘာကနေ အဆုံးသတ်ရှာမန်နဲ့ ညီတဲ့ စွမ်းအားလှိုင်းမျိုး ရောက်လာတာနဲ့ အဲဒီချိပ်စည်းတွေက ကျိုးပျက်သွားတော့တာပဲ… စွမ်းအားမြင့်တဲ့အထဲမှာ အဲဒီတစ်ခုကပဲ ချိပ်စည်းကို မကျိုးပျက်စေနိုင်တာ” ယင်ဝိညာဥ်သည် ပြောနေရင်းမှ သွေးနဂါးထံ တစ်ချက်လှမ်းကြည့်လိုက်သည်။
ဧရာမအလောင်းကြီးအား စုမင်လှမ်းကြည့်လိုက်သည်။ ၎င်း၏ ကိုယ်ထည်အများစုမှာ ပုပ်သိုးဆွးမြေ့နေပြီဖြစ်သော်လည်း ၎င်း၏ခန္ဓာကိုယ်ထံမှ ပုပ်အဲ့အဲ့ညှီစို့စို့ အနံ့မျိုးတော့ ရမနေပေ။ ခဏမျှတွေးတောပြီးနောက် စုမင်ထိုအရာကြီးထံ လျှောက်သွားလိုက်သည်။
လန်လန်နှင့် အားဟူတို့သည် သူ့အနောက်မှ ကပ်လိုက်လာ၏။ ယင်ဝိညာဥ်သည် အနီးပတ်ဝန်းကျင်အား သတိကြီးကြီးထားလျက် စစ်ဆေးလိုက်ပြီးမှ သူတို့အနောက်သို့ လိုက်ပါသွားခဲ့သည်။
သွေးနဂါးသည် ခပ်နိမ့်နိမ့်ပျံဝဲနေပြီး ပတ်ဝန်းကျင်ကို သတိကြီးကြီးထားလျက် လေ့လာစောင့်ကြည့်နေခဲ့၏။ ဤနေရာရှိလေထုသည် သူ့အား မသက်မသာ ခံစားနေရစေပြီး အထူးသဖြင့် နေရာတစ်ခုလုံးပြည့်နေသော ဧရာမအလောင်းကြီးကြောင့် လေထုမှာ မွန်းကျပ်ဖွယ် ကောင်းနေလေသည်။
သူတို့အုပ်စုသည် ရှေ့သို့ဆက်လျှောက်လာရင်း မြူခိုးများမှာ ပြန်လည်ထူထပ်လာပြီး တစ်ဖြည်းဖြည်း ပြန်လည်ပိတ်ဆိုင်းသွားခဲ့သည်။ ထို့နောက် စုမင်သည် ဧရာမအလောင်းကြီးနံဘေးသို့ ရောက်ရှိလာကာ ရပ်တန့်လိုက်သည်။
သူသည် မီးတောက်နဂါး၏ အလောင်းကြီးကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် လန်လန်နှင့် အားဟူတို့အား အေးအေးဆေးဆေးပြောလိုက်သည်။ “အလောင်းနားကို လာပြီး မီးတောက်နဂါးရဲ့ စိတ်ဆန္ဒကို အာရုံခံကြ။ အခု မင်းတို့ရဲ့ စိတ်ဝိညာဥ်ဖမ်းစားသူ လမ်းစဥ်ကို အသက်သွင်းနိုင်၊ မသွင်းနိုင်ဆိုတာကတော့ မင်းတို့ရဲ့ ထိုးထွင်းသိမြင်နိုင်မှုအပေါ်ပဲ မူတည်သွားပြီ”
ကလေးနှစ်ဦးသည် ကြောက်လန့်နေသော်လည်း ခေါင်းများကို တွေဝေတုန့်ဆိုင်းခြင်းမရှိ ညိတ်ပြလိုက်ကြသည်။ ထို့နောက် တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားလျက်သားပင် ထိုင်ချလိုက်ကာ မျက်လုံးများကိုမှိတ်လျက် သူတို့ဘိုးဘေး သင်ပြထားသောနည်းအတိုင်း သူတို့ကိုယ်ထဲရှိ သွေးများကို တိတ်တဆိတ်လှည့်ပတ်လိုက်သည်။ ထိုသွေးများမှာ သူတို့ကိုယ်ထဲရှိ အားပျော့သော စိတ်ဝိညာဥ်ဖမ်းစားသူ သွေးမျိုးဆက်ဖြစ်သည်။
ထိုကလေးနှစ်ဦး မည်မျှကြာလိမ့်မည်မှန်း စုမင်မသိချေ။ သူသည် ယင်ဝိညာဥ်အား ၎င်းတို့ကိုကာကွယ်ရန် မှာကြားပြီးသည်နှင့် သွေးနဂါးအား ပတ်ဝန်းကျင်ရှိ အန္တရာယ်များကို ဂရိုစိုက်ကာကွယ်စေလိုက်ပြီး လေထဲသို့ခုန်တက်ကာ မီးတောက်နဂါး၏ အလောင်းကိုယ်ထည်ပေါ်တွင် ပေါ်လာခဲ့သည်။
ထိုနေရာတွင် ရပ်လိုက်ချိန်တွင် သူ့ခြေထောက်အောက်ရှိ မီးတောက်နဂါး၏ မြူခိုးထုထဲမှ အနက်ရောင်အရိပ်ကြီးကို မြင်လိုက်ရသည်။ အဆုံးသတ်မှာ မည်သည့်နေရာတွင် ရှိနေမှန်းကိုတော့ သူမသိပါချေ။
တစ်ကယ်တမ်းတွင် ထိုအရိပ်ကြီးအား ကြည့်လိုက်မိချိန်၌ မီးတောက်နဂါး၏ အလောင်းကိုယ်ထည်ကြီးသည် အမည်မသိနေရာတစ်ခုဆီ ဦးတည်နေသော လမ်းကြောင်းကြီးတစ်ခုသဖွယ်ပင် သူခံစားလိုက်ရခြင်းဖြစ်သည်။
ထိုနေရာတွင် ရပ်လိုက်သောအခါမှသာ မီးတောက်နဂါး၏ အလောင်းကြီးထံမှ ခပ်ဖျော့ဖျော့ ပုပ်အဲ့အဲ့အနံ့တစ်ခုကို ရလိုက်လေသည်။
ဘဝသက်တမ်း ကုန်ဆုံးခြင်းမျိုး မဟုတ်ပါဘဲနှင့် ဤကဲ့သို့ သားရဲကြီးအတွက် မည်သည့်စွမ်းအားမျိုးက သေခြင်းတရားကို ဆောင်ကျဥ်းလာနိုင်မှန်း စုမင်တွေးကြည့်လို့ပင်မရချေ။
‘တစ်ကယ်ကိုပဲ သူက ဘဝသက်တမ်းကုန်ဆုံးပြီး ဒီနေရာမှာ သေဆုံးဖို့ ရွေးချယ်ခဲ့တာထင်တယ်…’ စုမင်သည် အဆုံးအစမရှိသော အဝေးဆီလှမ်းကြည့်လိုက်ပြီး သူမသိသေးသော အရာများနှင့် စွမ်းအားများစွာ ရှိနေသေးသည်ဟု ခံစားလိုက်ရ၏။
သူ့ကိုယ်သူ ဤအရာများနှင့် ယှဥ်ကြည့်မိသောအခါ ရင်ထဲတွင် သေးငယ်သိမ်နုတ်လွန်းသည်ဟူသော ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။
စုမင် သက်ပြင်းချလိုက်မိသည်။ ထို့နောက် လန်လန်နှင့် အားဟူနံဘေးသို့ ပြန်သွားရန်ပြင်လိုက်စဥ်မှာပင် သူ့နားနားကပ်၍ ပေါ်လာခဲ့သော အိုမင်းရှေးကျသည့်အသံကြောင့် ခြေလှမ်းတို့ ရုတ်ခြည်းရပ်တန့်သွားခဲ့ရသည်။
“မီးတောက်နဂါး မျိုးနွယ်စုဟာ ဘယ်သောအခါမှ သေဆုံးပျက်စီးလိမ့်မှာမဟုတ်ဘူး… လောကကြီး ပျက်စီးရင်တောင်မှ ငါတို့ကတော့ ကျန်ရစ်နိုင်လိမ့်မယ်။ ကောင်းကင်ဘုံ ပုပ်သိုးဆွေးမြေ့သွားရင်တောင် ငါတို့က ကျန်ရစ်လိမ့်မယ်။ ငါ့ရဲ့ ရှည်လျားလှတဲ့ သက်တမ်းတစ်လျှောက် ကမ္ဘာ (၉၇)ခုနဲ့ သန်းပေါင်းရာချီတဲ့ အသက်တွေကို ဝါးမြိုခဲ့ပြီးပြီ။ ငါ့မျက်လုံးကို ဖွင့်တဲ့အခါ ကမ္ဘာအားလုံးရဲ့ ကောင်းကင်ကို မြင်နေရတယ်။ ငါကိုယ်တိုင်ကိုက နေ့အချိန်ပဲ…”
“ငါ့မျက်လုံးတွေ မှိတ်လိုက်တဲ့အခါ ကောင်းကင်ကို အမှောင်ထုဖုံးလွှမ်းသွားစေလိမ့်မယ်။ ငါ့ဘဝမှာ ငါတို့မျိုးနွယ်ရဲ့ မျိုးဆက်သုံးခုကို ဝါးမြိုလို့… အသက်ဆက်နိုင်ခဲ့တယ်… သူတို့က… ငါ့အတွက်… လိုလိုလားလားနဲ့ကို ပေးဆပ်ခဲ့ကြတယ်…”
“ဒါက မီးတောက်နဂါး မျိုးနွယ်စုရဲ့ ကြီးထွားလာပုံပဲ… ငါ့ကလေးငယ်… မင်းလည်း…” ထိုအသံ ပဲ့တင်ထပ်လာသည်နှင့် ဟန်တောင်တန်းခေါင်းလောင်းအတွင်းရှိ ထူးဆန်းသောမြွေငယ်လေးမှာ စူးစူးရှရှ အော်ဟစ်မြည်တမ်းလိုက်သည်။ ထိုအော်မြည်သံထဲရှိ ဝမ်းနည်းပူဆွေးမှုသည် စုမင်နှလုံးသားကိုပင် နာကျင်သွားစေခဲ့၏။
ထိုအသံထဲရှိ ဝမ်းနည်းပူဆွေးမှုသည် အချိန်အတော်ကြာ အိမ်ပြန်လမ်းကို ပျောက်ဆုံးနေခဲ့ပြီးနောက် သူ့မိသားစုကို ရှာတွေ့နိုင်ခဲ့ချိန်တွင် သူ့မျိုးနွယ်တို့၏ အရှင်လတ်လတ် ဝါးမြိုခံလိုက်ရသော လေလွင့်သူတစ်ဦး၏ ဖော်ပြခြင်းငှာ မစွမ်းသာသော ဝမ်းနည်းမှုကို ဖော်ကျုးနေသည့်အလား…
မြွေငယ်လေးသည် ဟန်တောင်တန်းခေါင်းလောင်းအတွင်း လဲလျောင်းရင်း တုန်ရီငိုကြွေးနေခဲ့သည်…
စုမင်မျက်လုံးတို့မှာ အေးစက်သွားသည်။ ထို့နောက် သူသည် မီးတောက်နဂါး၏ အလောင်းကြီးပေါ်မှတစ်ဆင့် အောက်သို့ ပြန်ခုန်ဆင်းလာခဲ့တော့သည်။
*****