ဒီအဖွဲ့မှူးက ခင်ဗျားကို သေစေချင်တာ
Vol. 53 Ch. 725
ဤတစ်ကြိမ်တွင် ကျန်းရီသည် လေနက်တောင်တန်းဒေသသို့ လာခဲ့စဉ်က အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ယင်းမှာ သူ၏ ကောင်းကင်ရှောင်တိမ်းခြင်း ကိုသုံးရန်ဖြစ်သည်။ သို့သော် ၎င်းသည် သူ၏ နောက်ဆုံးဝှက်ဖဲဖြစ်သဖြင့် အရေးကြီးသည့်အခိုက်တွင် ရွေးစရာမရှိသည့် အခြေအနေမဟုတ်လျှင် သူ ၎င်းကို ထုတ်သုံးမည်မဟုတ်ပေ။
ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားအတတ်ကို အသုံးပြုနိုင်သူမှာ တစ်ယောက်သာ ရှိသည်။ အခြားမည်သူမှ ထိုအတတ်ကို အသုံးမပြုနိုင်။
အပြစ်သားကျွန်းတွင် ဧကရာဇ်ကိုးပါး မျိုးနွယ်စုမှ မျိုးနွယ်ဝင်မည်မျှ ပုန်းအောင်းနေကြောင်း သို့မဟုတ် ဧကရာဇ်ကိုးပါး မျိုးနွယ်စုနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ထိပ်သီးမည်မျှ ရှိကြောင်း သူမသိခဲ့ပေ။ အပြစ်သားကျွန်းရှိ မျိုးနွယ်(၁၃)ခုမှ မျိုးနွယ်ဝင်များသည် သူ မည်သူဖြစ်ကြောင်း သိသွားသည်နှင့် သူ၏ရတနာများကို လုယူရန် ကြိုးစားမည်လောဟု သူတွေးလိုက်သည်။
‘ ဂရုစိုက်တတ်သူ တစ်ယောက်သည် လှေတစ်စင်းကို နှစ်ပေါင်း တစ်သောင်းအထိ မနစ်စေဘဲ ရွက်လွှင့်နိုင်သည်။ ’ သူ ကောင်းကင်ရှောင်တိမ်းခြင်း ကို ထုတ်သုံးလိုက်သည့်အခိုက်တွင် ထိပ်သီးတစ်ယောက်သာ သူ့ကို စူးစမ်းခဲ့ပါက သူ မည်သူဖြစ်ကြောင်း ချက်ချင်း ပေါ်သွားမည်ဖြစ်သည်။ သူသည် သူ့ကို အမဲလိုက်နိုင်သည့် ထိပ်သီးများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားဖို့များပေသည်။
ထို့ကြောင့် သူသည် နောက်ဆုံးအခိုက်အတန့်အထိ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးမည် မဟုတ်ပေ။ လက်ရှိတွင် သူသည် သူ၏ခုခံမှုကို တာအိုပုံသဏ္ဌာန်များနှင့် လမ်းကြောင်းမြေပုံကို ပေါင်းစပ်၍ ဤကဲ့သို့ ကြောက်မက်ဖွယ်အဆင့်အထိ တိုးမြှင့်ထားရလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးချေ။
အမှန်တွင် ယင်းမှာ သူ၏ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း သက်သေပြသကဲ့သို့ဖြစ်သည်။ အကယ်၍ သူသာ အစောကတည်းက သူ၏ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးရန် တွေးထားခဲ့လျှင် သူသည် သူ့ကိုယ်သူ ဤကဲ့သို့ မျှော်လင့်ချက်မဲ့သည့် အခြေအနေအတွင်း အရောက်ခံမည် မဟုတ်ပေ။ သို့ဆိုလျှင် သူသည် သူ၏ ကွယ်ဝှက်နေသည့် အလားအလာအားလုံးကို ထုတ်လွှတ်နိုင်မည် မဟုတ်ဘဲ ထိုကဲ့သို့ စွမ်းအားကြီးသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ဖန်တီးနိုင်ခဲ့မည် မဟုတ်ချေ။
ယခုတွင် သူသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ပိုင်ဆိုင်ထားပြီဖြစ်၍ သူ၏ရန်သူများက သူ့ကို သတ်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ယခင်က သူ့ကို သတ်ခဲ့သူများအပေါ် ယဉ်ကျေးနေရန် မလိုတော့ပေ။ ကွေ့ရင်သည် သူ့ထံမှ ကောင်းကင်ကျောက်တုံး သန်းရှစ်ရာကို ပရိယာယ်ဆင်၍ ယူခဲ့သဖြင့် သူသည် ကွေ့ရင်ကို အတိုးရော အရင်းပါ ပြန်စပ်ခိုင်းရမည်ဖြစ်သည်။
ဝုန်း...
သူသည် လက်နှစ်ဘက်စလုံးဖြင့် ချိပ်စည်းတစ်ခု ပြုလုပ်လိုက်ပြီး တာအိုပုံသဏ္ဌာန်များ၊ လေအသင်္ချေနှင့် လေချည်နှောင်ခြင်းတို့ကို ထုတ်လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှ မိုးကြိုးမီးနတ်ဘုရားဒိုင်း ပေါက်ကွဲထွက်သွားပြီး မိုးကြိုးမီးတောက်များအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအနှံ့သို့ ပျံထွက်သွားလေသည်။ ကျန်းရီ၏ခန္ဓာကိုယ်သည် လက်ခနဲ ဖြစ်သွားပြီး မိုးကြိုးမီးတောက်အားလုံးကို စက္ကန့်ဝက်အတွင်း ပြန်သိမ်းယူလိုက်သည်။
“မိုးကြိုးမီးနတ်ဘုရားဒိုင်း”
သူသည် ရာချီသော မိုးကြိုးမီးတောက်များကို ထပ်မံ ထုတ်လွှတ်လိုက်ပြီး သူ၏လက်များသည် ပြင်းထန်စွာ လှုပ်ယမ်းကာ တာအိုပုံသဏ္ဌာန်နှစ်ခုကို ပြုလုပ်လိုက်သည်။ မိုးကြိုးမီးနတ်ဘုရားဒိုင်းသည် ထပ်မံ၍ ကျုံ့သွားပြီး လမ်းကြောင်းမြေပုံပေါ်မှ မျဉ်းကြောင်းများအတိုင်း လိုက်ကာ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ မိုးကြိုးမီးတောက်များသည် လျင်မြန်စွာ စွဲယူခံလိုက်ရပြီး အပြာရင့်ရောင် ရှိသည့် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ဖန်တီးလိုက်သည်။ ထိုစဉ် ကျန်းရီသည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားသည်။
သူ၏ မူလဒိုင်းကာထဲရှိ မိုးကြိုးမီးသည် တစ်ဝက်တိတိ လျှော့ချခံလိုက်ရပြီဖြစ်သည်။ အကယ်၍ ထိပ်သီးများစွာသာ သူ့ကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့ပါက သူ့အတွက် အန္တရာယ်များသွားပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် တစ်ခုခု ဖြစ်လာလျှင် လုံခြုံမှုရှိစေရန် ဒိုင်းအသစ်တစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
***
“ခေါင်းဆောင် အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ကီလိုမီတာ(၃၀)အကွာရှိ မြေအောက်လိုဏ်ခေါင်းတစ်ခုထဲတွင် ကွေ့ရင် ဘေးတွင် ရပ်နေကြသော လူဒါဇင်ကျော်၏ မျက်နှာထားများသည် အမျိုးမျိုး ပြောင်းလဲနေသည်။ ကနဦးတွင် သူတို့သည် အရေအတွက် (၁၅၀)ရှိခဲ့သည်။ ကျန်းရီသည် အစတွင် လူများစွာကို သတ်ပစ်ခဲ့၏။ ထို့နောက်တွင် ရန်တုံနှင့် အခြားသူများသည် သူတို့ဘက်မှ လူအယောက်(၄၀)ကျော်ကို သတ်ပစ်ခဲ့သည်။ ယခုတွင် လူအယောက် သုံး၊ လေးဆယ် သေဆုံးသွားပြီဖြစ်ပြီး သူတို့ဘက်တွင် လူအရေအတွက် ခြောက်ဆယ်ဝန်းကျင်သာ ကျန်တော့လေသည်။
ကောင်းကင်ဧကရဇ်ခြောက်ဆယ်ကျော် ပါသော အုပ်စုတစ်စုသည် ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်သည်။ သို့သော် ကျန်းရီသည် အချိန်တစ်ခဏအတွင်းမှာပင် သူတို့ထဲမှ အယောက် သုံး၊ လေးဆယ်ကို သတ်ပစ်နိုင်စွမ်းရှိသည်။ သူ သတ်သည်ကို ခံခဲ့ရသော သူတို့ထဲမှ တစ်ယောက်သည် တတိယခေါင်းဆောင်ဖြစ်သော ထိပ်သီးတစ်ယောက်ဖြစ်သည်။ ယင်းသည် သူတို့ကို ဘာပြောသနည်း။ ယင်းသည် ကျန်းရီက သူတို့အားလုံးကို ရှင်းပစ်နိုင်သည့် အင်အားပိုင်ဆိုင်နိုင်ခြေ အလွန်များကြောင်း ပြသပေသည်။
လေနက်တပ်မဟာကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တည်ထောင်ထားခဲ့ပြီး ခေါင်းဆောင် ကွေ့ရင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် လူများစွာ၏ နှလုံးသားထဲသို့ အကြောက်တရား ဝင်ရောက်သွားစေနိုင်သည်။ သို့သော် နှမြောစရာကောင်းသည်မှာ ကျန်းရီကဲ့သို့သော ကောင်စုတ်လေးတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ ကွေ့ရင်၏ စွမ်းအားအကြီးဆုံး စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် လုံးဝ အသုံးမဝင်ခဲ့ခြင်းဖြစ်သည်။ ယင်းက အားလုံးကို တုန်လှုပ်သွားစေပြီး သူတို့၏နှလုံးသားများထဲတွင် အနည်းငယ် ကြောက်ရွံ့သွားစေသည်။ တောင်ပေါ်ဓားပြများသည် အားနည်းသူများကို အမြဲ အနိုင်ကျင့်ပြီး အားကြီးသူများကိုမူ ကြောက်ရွံ့ကြသည်။ သူတို့သည် သူတို့ ရင်မဆိုင်နိုင်သော ထိပ်သီးတစ်ယောက်နှင့် တွေ့ကြုံရလျှင် ချက်ချင်း အမြီးကုပ်ကာ ပြေးမည်ဖြစ်သည်။
“မင်းတို့က ဘာတွေ တုန်လှုပ်နေတာလဲ”
ကွေ့ရင်၏ မျက်လုံးများ အဆက်မပြတ် လင်းလက်သွားသည်။ သူသည် အံကြိတ်လိုက်ပြီး သူ့လက်ထဲတွင် အနက်ရောင်ဗုံလေးတစ်ခု ထွက်ပေါ်လာသည်။ သူသည် ခက်ထန်သောအသံဖြင့် အော်ပြောလိုက်၏။
“ငါတို့က နောက်ဆုံးတစ်ခေါက်အနေနဲ့ ရှိသမျှအရာအားလုံးကို လောင်းကြေးထပ်ထားတာပဲ။ တကယ်လို့ ငါတို့ အဲ့ကောင်စုတ်လေးကို မသတ်နိုင်ဘူးဆိုရင် ငါတို့ ပြန်ဆုတ်ကြမယ်။ အဲ့မတိုင်ခင် ပြန်ဆုတ်ဝံ့တဲ့ ဘယ်သူမဆို၊ ငါ့တပ်သားတွေရဲ့ စိတ်ဓာတ်ကို ကျစေတဲ့ ဘယ်သူမဆို ငါ အဲဒီလူတွေကို အညှာအတာမရှိ သတ်ပစ်မယ်”
ကွေ့ရင်၏ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်လိုစိတ်သည် တလိပ်လိပ် ထွက်ပေါ်လာသည်။ သူ့ခေါင်းထဲတွင် သူ့ကိုပြန်ဆုတ်ရန် ပြောနေသော အသံခပ်တိုးတိုးတစ်သံ ရှိနေသော်လည်း သူသည် ယခုကဲ့သို့ ပြန်ဆုတ်မသွားလိုပေ။ သွေး၊ ချွေးများ များစွာ ပေးစပ်ပြီးမှ လေနက်တပ်မဟာသည် နောက်ဆုံးတွင် ကြီးမားသော အာဏာနှင့် စွမ်းအားကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူတို့၏ ကောင်းကင်ဧကရာဇ်တစ်ဝက်ကျော်သည် အချိန်တစ်ခဏလေးအတွင်းမှာ သေဆုံးခဲ့ပြီဖြစ်သည်။ သူသည် အဘယ်သို့ ကောင်းကင်ကျောက်တုံး သန်း(၈၀)မျှဖြင့် ပြန်နိုင်ပါမည်နည်း။
“လူခွဲလိုက်... ငါတို့ သူ့အနားကို ယပ်တောင်ပုံစံနဲ့ ချဉ်းကပ်မယ်။ ငါတို့ အဲ့ကောင်လေးအနားကို ရောက်သွားတာနဲ့ ငါတို့ရဲ့ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို ချက်ချင်း ထုတ်လွှတ်ရမယ်။ တကယ်လို့ အစွမ်းကုန်မသုံးဘဲ နေဝံ့တဲ့သူတွေရှိရင် ငါ အဲ့လူတွေကို သေချာပေါက် သတ်ပစ်မယ်”
ကွေ့ရင်က ထပ်အော် အမိန့်ပေးလိုက်ပြီး အားလုံးသည် ရုတ်ခြည်းပင် ယပ်တောင်ပုံစံ နေရာယူလိုက်ပြီး ကျန်းရီထံသို့ ပျံသန်းသွားကြလေသည်။ သို့သော် သူတို့သည် ကီလိုမီတာ ဆယ်ချီ ပျံသန်းပြီးနောက်တွင် အပူချိန်တိုးလာသည်ကို ခံစားလိုက်ရသည်။ အပူချိန်သည် ပို၍ ပို၍ ပူလာနေသည်။ ကျန်းရီသည် အမှန်ပင် သူတို့ထံသို့ ဦးတည်လာနေပေသည်။
“သတ်ကြ...”
ကွေ့ရင်သည် ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီး သူ၏ လက်ကြီးနှစ်ဘက်သည် ဗုံများကို အဆက်မပြတ် တီးလေတော့သည်။ ယခုအထိ သူသည် ကျန်းရီက သူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်ဟု မယုံနိုင်ဖြစ်နေသေးသည်။ သူ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုသည် စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြစ်သည်။ သူ၏ အခြားတိုက်ခိုက်မှုများသည် အကောင်းဆုံးမှ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်အဆင့်သာဖြစ်သည်။ သူ ထိုတိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်လျှင်ပင် ၎င်းတို့မှာ အသုံးဝင်မည် မဟုတ်ပေ။
“သေစမ်း...”
အခြားခေါင်းဆောင်၏ လက်ထဲမှ တင်းပုတ်သည် အဖြူရောင် နတ်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ထိုသူသည် ၎င်းတင်းပုတ်ကို ကျန်းရီထံသို့ ရိုက်ချလိုက်သည်။ တင်းပုတ် သူ့လက်ထဲမှ ထွက်သွားသောအခိုက်တွင် စတင် ကြီးထွားလာသည်။ နောက်ဆုံးတွင် ၎င်းသည် အချင်း မီတာနှစ်ဆယ်ကျော် ရှိသော ဧရာမတင်းပုတ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောက်ပသော အဖြူရောင်အလင်းဖြင့် လင်းလက်လာသည်။ ၎င်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရွံ့များနှင့် ကျောက်တုံးများသည် အမှုန့်ဖြစ်သွားပြီး ပြင်းထန်သော လေထုတွန့်ခေါက်မှုသည် လှိုင်းများအဖြစ် ပြောင်းလဲသွားကာ အဝေးသို့ ပျံ့နှံ့သွားသည်။ ကီလိုမီတာ ရာချီသော လေထုသည် အဆက်မပြတ် စတင် တုန်ခါသွား၏။ ယင်းအဖြစ်သည် အလွန် ကြောက်မက်ဖွယ် ကောင်းပေသည်။
ထိုခေါင်းဆောင်သည် လေနက်တပ်မဟာ၏ ထိပ်သီး ခေါင်းဆောင်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် သာလွန်သူတော်စင်အသုံးအဆောင်ဖြစ်ကြောင်း ထင်ရှားသည့် သူ၏ တင်းပုတ်ဖြင့် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုတစ်ခုကို တစ်ခါမှ မထုတ်လွှတ်ခဲ့ဖူးပေ။ ယခုတွင် သူသည် ချောင်ပိတ်ခံနေရပြီဖြစ်၍ သူသည် သူ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို ထုတ်ပြရုံသာ ရှိတော့သည်။
အခြား ထိပ်သီးဒါဇင်ကျော်သည်လည်း တိုက်ခိုက်လိုက်သည်။ အချို့သည် အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး အခြားသူများသည် ထူးကဲသော စွမ်းရည်အမျိုးအစားအချို့ကို ထုတ်လွှတ်လိုက်ကြသည်။ ယခုတွင် သူတို့သည် သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ခြင်းဖြစ်သဖြင့် ထိုပူးပေါင်းတိုက်ခိုက်မှု၏ အရှိန်အဝါသည် သူတို့၏ ယခင်က တိုက်ခိုက်မှုများထက် ပို၍စွမ်းအားကြီးပေသည်။
“အချိန်မီလေးပဲ”
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းမှု အခြေအနေသို့ ရောက်နေပြီဖြစ်၍ ဆက်၍ နေရာမရွှေ့ပြောင်းဝံ့ပေ။ သူသည် သူ၏ခန္ဓာကိုယ်ကို ဘယ်ညာ၊ အထက်အောက် ယိမ်း၍ တိုက်ခိုက်မှုများကို လျင်မြန်စွာ ရှောင်လိုက်၏။ သူသည် ထိုနည်းဖြင့် ထိပ်သီးများ၏ တိုက်ခိုက်မှုများစွာကို ရှောင်နိုင်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် သတိလက်လွတ်မဖြစ်ဝံ့ပေ။ သူသည် ကွေ့ရင်ကို ရှင်းပစ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သူ၏ အစွမ်းကုန်ကို ထုတ်သုံးရမည်ဖြစ်သည်။
ဟူး...ဟူး...
တင်းပုတ်၏ အရှိန်သည် အလွန်လျင်မြန်ပြီး သူ မရှောင်နိုင်ခင်တွင် ၎င်းသည် သူ့မျက်နှာရှေ့သို့ ရောက်လာပြီဖြစ်သည်။ ကျန်းရီသည် အံကြိတ်ကာ တိုက်ခိုက်မှုကို ခုခံရန် သူ့ခန္ဓာကိုယ်ကို ဘေးသို့ မီတာများစွာ ရွှေ့ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။
တင်းပုတ်သည် ဧရာမတောင်တစ်ခုကဲ့သို့ သူ့ထံသို့ ပျံဝင်သွားသည်။ လေးလံသော သက်ရောက်မှုသည် သူ့ကို လွင့်ပျံသွားစေ၏။ တင်းပုတ်သည် သူ့ကို ရိုက်ပြီးနောက်တွင်ပင် လေခွင်းသံများ ဆက်လက်ထွက်ပေါ်လာစေလေသည်။ ကျန်းရီသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ့နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထိုတင်းပုတ်သည် အမှန်ပင် စွမ်းအားများစွာ ပိုင်ဆိုင်သော်လည်း ထိုတိုက်ခိုက်မှုသည် သူ့မိုးကြိုးမီး၏ သုံးပုံတစ်ပုံသာ ကုန်ဆုံးသွားစေသည်။ ထိုတင်းပုတ်သည် သူ့ကို သေသည်အထိ မရိုက်နိုင်လျှင် အလယ်လတ်အဆင့် ကောင်းကင်ဧကရာဇ်များ၏ တိုက်ခိုက်မှုများမှလွဲ၍ သူ၏မိုးကြိုးမီးသည် အခြားတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရာတွင် မိုးကြိုးမီးကုန်ဆုံးမှုမှာ လျစ်လျူရှုနိုင်သည်အထိ နည်းပါးပေလိမ့်မည်။
ဝုန်း...ဝုန်း...ဝုန်း...
မရေမတွက်နိုင်သော တိုက်ခိုက်မှုများ သူ့အပေါ်သို့ ကျဆင်းလာ၏။ သို့သော် ကျန်းရီသည် ၎င်းတို့ကို ရှောင်လိုက်၏။ ထို့ပြင် မိုးကြိုးမီးနတ်ဘုရားဒိုင်းကိုထိမှန်ကာ ဘေးသို့ရောက်သွားသော တိုက်ခိုက်မှုများလည်း ရှိပေသည်။ ကျန်းရီသည် အနိုင်ယူ၍မရနိုင်သော မဟာစစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ တိုက်ခိုက်မှုများသည် သူ့အပေါ် မည်သို့ ကျလာသည်ဖြစ်စေ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှ အပြာရောင်ဒိုင်းကို မဖျက်စီးနိုင်ပေ။
“သေစမ်း...”
ထိပ်သီးများစွာ၏ စွမ်းအားကြီးတိုက်ခိုက်မှုများ သူ့ထံသို့ ရွှီးခနဲ ဝင်ရောက်လာပြီးနောက်တွင် မိုးကြိုးမီးနတ်ဘုရားဒိုင်းကြောင့် ဘေးသို့ ချော်သွားကြသည်။ ကျန်းရီ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဖြူရောင်အလင်း တောက်ပလာပြီး သူသည် ဝေးနိုင်သမျှ ဝေးဝေးသို့ရောက်ရန် နေ့ရာရွှေ့ပြောင်းလိုက်သည်။
ဤတစ်ခေါက် သူ၏ နေရာရွှေ့ပြောင်းမှုသည် သူ့ကို ကီလိုမီတာ(၃၀)အထိ ရောက်သွားစေသည်။ သူသည် ချက်ချင်းပင် သူနှင့်သူ့ရန်သူများကြားမှ အကွာအဝေးကို နီးကပ်သွားစေလေသည်။ ကြောက်မက်ဖွယ်အပူလှိုင်းတစ်ခုသည် သူတို့ကို ဖြတ်သန်းသွားပြီး ကျန်းရီ၏လက်ထဲရှိ မီးဝိညာဉ်ပုလဲ တောက်ပလာသည်။ မီးနဂါးဓား ထွက်ပေါ်လာပြီး ရုတ်ခြည်းအတွင်း မရေမတွက်နိုင်သော ခုတ်ချက်များ ပျံထွက်သွားသည်။
“အာ.. ပြန်ဆုတ်ကြ”
သူ့ပတ်ပတ်လည်မှ သိုင်းသမားများသည် တုန်လှုပ်တကြီး အော်လိုက်ကြပြီး သူတို့ကို လွှမ်းခြုံထားသော သေခြင်းအရှိန်အဝါက ကွေ့ရင်၏ အမိမ့်ကို လုံးဝ မေ့လျော့သွားစေသည်။ သူတို့အားလုံးသည် နောက်သို့ ပျံသွားပြီး ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူတို့အပေါ်သို့ အပူလှိုင်း ကျရောက်နေပြီဖြစ်ပြီး သူတို့၏အမြန်နှုန်းသည် လျင်မြန်စွာ လျော့ကျသွားသည်။ သူတို့သည် သူတို့ကို လွှမ်းခြုံထားသော ချစ်ချစ်တောက် အပူကို ခံစားလိုက်ရ၏။ အပူသည် သူတို့ကို မသက်မသာ ဖြစ်လာစေသည်။ သူတို့သည် အပူမှ လွတ်မြောက်နိုင်ရန် သူတို့၏ ချပ်ဝတ်များနှင့် သူတို့၏အရေခွံကိုပင် စုတ်ဖြဲပစ်လိုနေကြသည်။
“ပြန်ဆုတ်... ပြန်ဆုတ်...”
နောက်ဆုံးတွင် ကွေ့ရင်လည်း ကြောက်ရွံ့လာသည်။ လူခြောက်ဆယ်ကျော် ပူးပေါင်းတိုက်ခိုက်မှုတွင် ကျန်းရီသည် သေချာပေါက် အနည်းဆုံး တိုက်ခိုက်မှုသုံးဆယ် ထိမှန်သွားမည်ဖြစ်သည်။ သို့သော် သူ၏ ဒိုင်းသည် အကောင်းအတိုင်း ရှိနေဆဲပင်။ ကွေ့ရင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် ပင်လယ်အတွင်းသို့ စီးဝင်သွားသော ရွံ့ကဲ့သို့ ကျန်းရီနှင့် ရင်ဆိုင်ရာတွင် လုံးဝ အသုံးမဝင်ဖြစ်နေသည်။ အကယ်၍ သူသာ ယခု ထွက်မသွားလျှင် သူသည် ဤနေရာတွင် သေချာပေါက် သေသွားတော့မည်ဖြစ်သည်။
“ခင်ဗျားက လွတ်နိုင်ပါဦးမလား”
ကျန်းရီသည် အခြားလူများ၏ သေခြင်းနှင့်ရှင်ခြင်းကို ဂရုမစိုက်ပေ။ သူ၏ ကောင်းကင်စိတ်အာရုံသည် ကွေ့ရင်ပေါ်သို့သာ မြဲမြံစွာ ကျရောက်နေပြီး သူသည် သူ၏မီးနဂါးဓားဖြင့် တစ်ချက်ပြီးတစ်ချက် ခုတ်နေလေသည်။ အပူလှိုင်းသည် အရာအားလုံးကို ဖြတ်ကျော်၍ ကွေ့ရင်ထံသို့ ဝင်ရောက်သွားပြီး သူ့ကို အပြည့်အဝ လွှမ်းခြုံလိုက်သည်။ သူ့တစ်ကိုယ်လုံးသည် မီးတောက်လောင်နေသကဲ့သို့ သူ ခံစားနေရသည်။ သူ၏အမြန်နှုန်းသည်လည်း ခရုတစ်ကောင် သွားသကဲ့သို့ နှေးသွားသည်။
ငါးမိုင်၊ လေးမိုင်... သုံးမိုင်...
အစတွင် ကွေ့ရင်၏ အမြန်နှုန်းသည် ကျန်းရီ၏ အမြန်နှုန်းထက် များစွာ မြန်ခဲ့သည်။ သို့သော် သူသည် အပူလှိုင်း၏ လွှမ်းခြုံမှုကို ခံရပြီးနောက်တွင် သူ့အမြန်နှုန်းသည် ယခင်ကနှင့် မယှဉ်နိုင်တော့ပေ။ ထို့ပြင် ကျန်းရီက သူ့နောက်သို့လိုက်ရန် စိတ်အားထက်သန်နေသဖြင့် သူသည် ပို၍ပင် နှေးကွေးလာသည်။ အပူချိန် ပို၍ ပို၍ မြင့်လာသည်ကို သူခံစားလိုက်ရပြီး သူနှင့်ကျန်းရီကြားမှ အကွာအဝေးသည် လျင်မြန်စွာ နီးကပ်လာကြောင်း သူသိလေသည်။
သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှ နတ်ဘုရားဒိုင်းသည် အချိန်အတော်ကြာ တောင့်ခံနိုင်ပေသေးသည်။ သို့သော် ဤသို့သာ ဆက်ဖြစ်နေပါက သူသည် သေချာပေါက် သေသွားမည်ဖြစ်သည်။ သူ၏မျက်လုံးများ အူလည်လည်ဖြစ်လာပြီး သူသည် အသံကုန် အော်လိုက်သည်။
“တစ်ကိုယ်တော်ဝံပုလွေ.. ငါ မင်းရဲ့ ကောင်းကင်ကျောက်တုံးတွေကို ပြန်ပေးမယ်။ ပြီးရင် ဒီကိစ္စကို အဆုံးသတ်စေလိုက်မယ်။ ဘယ်လိုလဲ...”
ကျန်းရီသည် ခက်ထန်သော နဂါးပြာတစ်ကောင်ကဲ့သို့ သူ့ဆီ အနောက်မှနေ၍ ချဉ်းကပ်သွား၏။ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော မိုးကြိုးမီးနတ်ဘုရားဒိုင်းနှင့် သူ၏ ရေခဲတမျှအေးစက်သော အကြည့်တို့ကြောင့် သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။ သူ့နှုတ်ခမ်းစွန်းများတွင် အေးစက်သော အပြုံးတစ်ချက် ထွက်ပေါ်လာပြီး သူ့နှုတ်ခမ်းများမှနေ၍ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ခင်ဗျား သောက်ပါးစပ်ကို ပိတ်ထားလိုက်။ ဒီ အဖွဲ့မှူးက ခင်ဗျားကို သေစေချင်တာ”
***