← Chapters

ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး

Vol. 53 Ch. 726

ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး

Vol. 53 Ch. 726

ဝှစ်...ဝှစ်...

မရေမတွက်နိုင်သော ကောင်းကင်ဧကရာဇ်များသည် ထိုနေရာမှ ထွက်ပြေးနေကြ၏။ သူတို့ထဲမှ လူဒါဇင်ကျော်သည် နတ်ဘုရားဒိုင်းများ ကွဲအက်ပျက်စီးသွားသဖြင့် သေသွားကြသည်။ လိုဏ်ခေါင်းများအတွင်း၌ များစွာသော ရှေးဟောင်းနတ်ဘုရားလက်စွပ်များ ဝဲပျံနေကြ၏။ သို့သော် ကျန်းရီသည် ၎င်းတို့ကို လုံးဝ လျစ်လျူရှုထား၏။ သူ၏ကောင်းကင်စိတ်အာရုံက ကွေ့ရင်ပေါ်သို့သာ ကျရောက်နေသည်။ ထိုလူက သူ့ထံမှ ကောင်းကင်ကျောက်တုံး သန်းရှစ်ရာကို ခြိမ်းခြောက်ယူခဲ့သည်။ သူသည် လေနက်တောင်ကုန်းတပ်မဟာ၏ ခေါင်းဆောင်ဖြစ်သဖြင့် ရတနာများ များစွာ ပိုင်ဆိုင်ပြီး ကြွယ်ဝနိုင်ပေသည်။

ကွေ့ရင် ငြီးတွားလိုက်၏။ သူ့ကိုယ်တွင်းမှ အပူသည် အချိန်နှင့်အမျှ ပို၍အားကောင်းလာသည်။ သူသည် ဆီပူအိုးထဲသို့ ပစ်ထည့်ခံလိုက်ရသလို ခံစားနေရ၏။ သူ၏ခန္ဓာကိုယ်သည် အလွန်သန်မာသော်လည်း ယခု သူ အလွန်နာကျင်နေရပေသည်။ ထိုကြောက်မက်ဖွယ်အပူချိန်က သူ့ခန္ဓာကိုယ်ကိုသူ ဆွဲစုတ်ပစ်လိုစိတ် ဖြစ်လာစေလေသည်။

“ငါ ဘာလုပ်ရမလဲ၊ ငါ ဘာလုပ်ရမလဲ”

ကွေ့ရင် အကြံကုန်နေပေပြီ။ ကျန်းရီသည် သူသေမှ ရပ်မည်ဖြစ်သည်။ အခြား သာမန် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်များကို အလွယ်တကူ ချုပ်နှောင်နိုင်သည့် သူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် ကျန်းရီအပေါ် အနည်းငယ်ပင် အသုံးမဝင်ပေ။ သူ၏ ကျန်လက်အောက်ငယ်သားများ အားလုံးသည်လည်း ထွက်ပြေးသွားပြီဖြစ်ပြီး မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။ ဤအခြေအနေတွင် သစ္စာတရားသည် ချီးကုန်းစက္ကူမျှပင် အဖိုးမတန်တော့ပေ။

“စွန့်စားရမှာပဲ”

ကွေ့ရင်၏မျက်လုံးများ အကြိမ်အနည်းငယ် တောက်ပသွားသည်။ သူသည် အံကြိတ်ကာ သူ၏ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းမှနေ၍ ကိုးရိုးကားရားနိုင်သော ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ ၎င်းမှာ လေးထောင့်ပုံစံ ဒယ်စောက်အိုးနှင့် ဆင်တူသည့် ရတနာတစ်ခုဖြစ်သည်။ ဒယ်စောက်အိုးသည် ရိုးရှင်းကာ ရှိန်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။

လေးထောင့်ပုံဒယ်စောက်အိုးပေါ်တွင် ဆန်းကြယ်သော သင်္ကေတပုံစံများ များစွာရှိပေသည်။ ကွေ့ရင်သည် ဒယ်စောက်အိုးအတွင်းသို့ အတွင်းအား ထည့်သွင်းလိုက်၏။ ထိုအခါ သင်္ကေတများ စတင်လည်ပတ်လာပြီး ဒယ်စောက်အိုးသည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ သောင်းချီသော သင်္ကေတများသည် ဖားလောင်းလေးများကဲ့သို့ လေးထောင့်ပုံဒယ်စောက်အိုး ပတ်ပတ်လည်တွင် ကူးခတ်နေကြသည်။ သို့သော် ထောင့်လေးထောင့် ရှိသင့်သော လေးထောင့်ပုံဒယ်စောက်အိုး၏ တစ်ထောင့်သည် ပျက်စီးနေသဖြင့် အလွန်ကိုးရိုးကားရားဖြစ်နေပေသည်။

ထိုဒယ်စောက်အိုးသည် ကွေ့ရင်၏ စွမ်းအားအကြီးဆုံး ရတနာဖြစ်သည်။ သူသည် ၎င်းကို ရှေးဟောင်းအပျက်အစီးတစ်ခုမှ ရခဲ့ခြင်းပင်။ သူက ထိုဒယ်စောက်အိုးကို သုံးခဲ၏။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အလွန်စွမ်းအားကြီးသော ရတနာဖြစ်၍ပင်။ ဒယ်စောက်အိုးသည် ထောင့်တစ်‌ထောင့် ပျက်စီးနေသော်လည်း သာမန် အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုနှင့် ယှဉ်နိုင်ဆဲဖြစ်၏။

ဒယ်စောက်အိုးသည် နတ်ဘုရား အသုံးအဆောင် မဟုတ်ဘဲ နတ်ဘုရား အသုံးအဆောင်အတုသာဖြစ်သည်။ ၎င်းသည် ပြီးပြည့်စုံစွာ မွမ်းမံခံထားရသည့် ရတနာတစ်ခုဖြစ်ပြီး ဝိညာဉ်ဆက်နွယ်မှုတစ်ခု ရရှိခဲ့သည်။ သို့သော် ယင်းကို အစအဆုံး မွမ်းမံသူမှာ သူမဟုတ်ပေ။ သူက ၎င်းကို ရပြီးနောက်မှ ဖြည်းဖြည်းချင်း ထပ်မံ မွမ်းမံခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် ၎င်းသည် ဝိညာဉ်ဆက်နွယ်မှုကို ပြည့်ပြည့်ဝဝ ရရှိခဲ့ပြီး လွန်စွာ စွမ်းအားကြီးလာခဲ့ခြင်းပင်။

အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုကို အသုံးပြုသူက အတွင်းရှိ ဝိညာဉ်နှင့် ချိတ်ဆက်နိုင်သည့် ပြီးပြည့်စုံသော အဆင့်ထိရောက်အောင် မွမ်းမံရန် အလွန်ခက်ခဲပေသည်။ အသုံးပြုသူသည် အတုအယောင် နတ်ဘုရား အသုံးအဆောင်က သူ့အား ဆရာအဖြစ် လက်ခံလာအောင် အတုအယောင် နတ်ဘုရား အသုံးအဆောင်အတွင်းရှိ ဝိညာဉ်ကို ရရှိရန် လိုအပ်လေသည်။ ထို့ကြောင့် သာမန် အတုအယောင် နတ်ဘုရား အသုံးအဆောင်များသည် ပြီးပြည့်စုံသော အခြေအနေတွင် ရှိခဲသည်။

ဥပမာအားဖြင့် အကယ်၍ ကျန်းရီသာ မီးတိမ်ချိပ်ဝတ်အတွင်းရှိ ဝိညာဉ်နှင့် ချိတ်ဆက်နိုင်ခဲ့လျှင် သင်္ကေတများကို လှည့်ပတ်နိုင်မည်ဖြစ်သည်။ ထိုအခါ ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်သော အဆင့်မြင့် ကောင်းကင်ဧကရာဇ်များမှ မဟုတ်လျှင် သာမန် ကောင်းကင်ဧကရာဇ်များသည် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တော့မည် မဟုတ်ပေ။

ကွေ့ရင်သည် ထိုကဲ့သို့သော ရတနာတစ်ခုကို အလွယ်တကူ အသုံးမပြုဝံ့ချေ။ အကယ်၍ ထိပ်သီးများကသာ ထိုရတနာကို မျက်စိကျသွားလျှင် သူသည် ရတနာကို ဆုံးရှုံးရရုံသာမက အသက်ကိုလည်း ဆုံးရှုံးရပေလိမ့်မည်။

သို့သော် ယခုအခြေအနေသည် ကွဲပြားပေသည်။ ယခု သူ သေတော့မည်ဖြစ်သည်။ သူ့တွင် ရွေးချယ်စရာ မရှိတော့ဖြင့် ဆိုးရွားစွာ ထိခိုက်နေသော ထိုကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကို ထုတ်လိုက်ရခြင်းပင်။ သူသည် ထိုဒယ်စောက်အိုး၏ အကူအညီဖြင့် ကျန်းရီကို ဖိနှိပ်ရန် ကြိုးစားရပေမည်။

ကွေ့ရင်သည် ဒယ်စောက်အိုးကို ချက်ချင်း မသုံးလိုက်ပေ။ ထိုအစား သူသည် အစွမ်းကုန်သုံး၍ ပျံတက်လိုက်၏။ သူ၏အမြန်နှုန်းသည် များစွာလျှော့ချခံထားရသော်လည်း အတော်လေး မြန်နေပေသေးသည်။ သူသည် စတင် ထွက်ပြေးခဲ့ကတည်းက အထက်သို့ ပျံတက်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူသည် မြေကြီး အပြင်သို့ ဖောက်ထွက်နိုင်ရန် မျက်တောင် အနည်းငယ်ခတ်စာသာ ဆိုတော့ပေသည်။

ဝုန်း...

မကြာခင်တွင် မြေပြင် ကွဲအက်သွားပြီး ကျန်းရီက မြေကြီးထဲမှ ထွက်ပေါ်လာ၏။ သူ ကောင်းကင်စိတ်အာရုံကို ထုတ်လိုက်သည်။ လေနက်တပ်မဟာ၏ ဌာနချုပ်သည် ထိုနေရာ အဝန်းအဝိုင်းတွင် ရှိကြောင်း သူ သိလိုက်ရ၏။ ဌာနချုပ်အတွင်း၌ လေနက်တပ်မဟာ၏ အဆင့်နိမ့် တပ်သားများ သောင်းချီရှိနေပေသည်။

“ကွေ့ရင်...”

သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး ပျံတက်သွား၏။ ထို့နောက် သူ မီးနဂါးဓားကို အထက်သို့ ပင့်ခုတ်လိုက်သည်။ မရေမတွက်နိုင်သော မိုးကြိုးမီးတောက်များ ထွက်သွားသည်။ ယင်းတို့သည် ပတ်ဝန်းကျင်အပူချိန်ကို ရုတ်ခြည်းအတွင်း ကြောက်မက်ဖွယ်ဒီဂရီအထိ တိုးသွားစေသည်။

“ပြေးကြ...”

ဌာနချုပ်အတွင်းရှိ အဆင့်နိမ့် သိုင်းသမားများသည် ကျန်းရီနှင့် မိုင် နှစ်ဆယ်၊ သုံးဆယ် ဝေးကွာသော်လည်း ထိုကဲ့သို့ မြင့်မားသော အပူချိန်ကို မခံနိုင်ကြပေ။ သူတို့အားလုံးသည် မီးတိမ်သံချပ်ကာကို ဝတ်ဆင်ထားသော ကျန်းရီကို ငေးကြည့်ကာ ကြောက်ရွံ့တကြီး ထွက်ပြေးကြသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် အပြာရောင် အကာအကွယ်ဒိုင်း တောက်ပနေသည်။ အားလုံးသည် နတ်ဆိုးနတ်ဘုရားတစ်ပါးကို တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့နေကြသည်။

“မျိုးမစစ် တစ်ကိုယ်‌တော်ဝံပုလွေ... သေစမ်း။ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး... သူ့ကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် ဖိချေပစ်လိုက်”

အထက်ကောင်းကင်မှနေ၍ ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာသည်။ ကွေ့ရင်သည် အနက်ရောင် စစ်သံချပ်ကာကို ဝတ်ဆင်ထား၏။ သူ့အရှိန်အဝါကလည်း အထွတ်အထိပ်သို့ ရောက်နေသည်။ သူ့လက်ထဲမှ လေးထောင့်ပုံဒယ်စောက်အိုးသည် အောက်သို့ ကျဆင်းသွားပြီး လေထဲတွင် တဖြည်းဖြည်း ကြီးလာသည်။ ၎င်းသည် အချင်းမီတာ(၃၀၀)ရှိသည့် အရွယ်အစားအထိ ကြီးမားလာပြီး အရာအားလုံးကို ဖိနှိပ်နိုင်သော အရှိန်အဝါတစ်ခုကို သယ်ဆောင်လာကာ ဧရာမတောင်ကြီးတစ်ခုကဲ့သို့ ကျဆင်းလာလေသည်။

လေးထောင့်ပုံဒယ်စောက်အိုးကို လွန်စွာစွမ်းအားကြီးသည့် ရှေးကျသော ဓမ္မတာအိုတစ်ခုက လွှမ်းခြုံထား၏။ အစိမ်းရင့်ရောင် သင်္ကေတများလည်း ကူးခတ်နေကြသည်။ ထို့နောက် ဒယ်စောက်အိုးမှနေ၍ အစိမ်းရင့်ရောင် အရှိန်အဝါတန်းများ စီးဆင်းထွက်ပေါ်လာသည်။ ထိုအရှိန်အဝါတန်းများသည် ဒယ်စောက်အိုး ပတ်ပတ်လည်တွင် လှည့်လည်စီးဆင်းကာ မာကျူရီအဖြစ် ပြောင်းလဲသွားပြီး နက်ရှိုင်သော ခံစားချက်တစ်ခုကို ပေးနေလေသည်။ လေးထောင့်ပုံဒယ်စောက်အိုး ကျဆင်းလာသောအခါ ထွက်ပြေးနေသူများသည် မလွတ်မြောက်နိုင်တော့ချေ။ သူတို့က လေးထောင့်ပုံဒယ်စောက်အိုးကို ကြည့်လိုက်၏။ ထို့နောက်တွင် သူတို့သည် လေးထောင့်ပုံဒယ်စောက်အိုးမှ ထုတ်လွှတ်လိုက်သော ကျယ်ပြောသောအရှိန်အဝါ၏ ဖိနှိပ်မှုကို ခံရကာ မြေပြင်တွင် ပြားပြားဝပ်သွားကြသည်။ အားလုံး၏ စိတ်ထဲတွင် ရပ်တန့်၍ မရနိုင်သော အရှိန်အဝါတစ်ခုကို သယ်ဆောင်လာသည့် လေးထောင့်ပုံဒယ်စောက်အိုး ကျဆင်းလာသော မြင်ကွင်း ထွက်ပေါ်လာလေသည်။

အတုအယောင် နတ်ဘုရား အသုံးအဆောင်...

ကျန်းရီသည် မျက်လုံးပြူးကာ တုန်လှုပ်သွားသည်။ သူသည် အစောကမှ ထိုဒယ်စောက်အိုးကို သတိပြုမိခဲ့ခြင်းဖြစ်သည်။ သို့သော် သူ ၎င်းကို များစွာ အရေးမစိုက်ခဲ့ပေ။ ယင်းသည် သာမန်ရတနာတစ်ခုဟုသာ သူထင်ခဲ့သည်။ သို့ရာတွင် ယခု သူ တုန်လှုပ်မိနေပေပြီ။

ထိုလေးထောင့်ဒယ်စောက်အိုးပေါ်မှ အရှိန်အဝါသည် ရှီးမျိုးနွယ် ကိုးကွယ်သော အဝိုင်းပုံဒယ်စောက်အိုး၏ အရှိန်အဝါနှင့် ဆင်တူ၏။ ထိုအရှိန်အဝါသည် အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခု၏ အရှိန်အဝါဖြစ်သည်။ ထိုတဒင်္ဂလေးအတွင်း၌ ကျန်းရီ၏ စိတ်သည် အကြိမ်ရာချီ လှည့်ပတ်သွားပြီး ဒယ်စောက်အိုးကို ယှဉ်နိုင်မည့် နည်းလမ်းတစ်ခုကို တွေးတောလိုက်လေသည်။

ထွက်ပြေးမည်လော၊ ၎င်းကို ယှဉ်တိုက်မည်လော။

အကယ်၍ ကျန်းရီသာ ထွက်ပြေးလိုလျှင် ကောင်းကင်ရှောင်တိမ်းခြင်းအတတ်ကို ထုတ်သုံးလိုက်၍ရသည်။ သို့သော် သူသည် ကွေ့ရင်ကို သတ်နိုင်တော့မည် မဟုတ်ဘဲ သူ မည်သူမည်ဝါဖြစ်ကြောင်းလည်း ပေါ်သွားမည်ဖြစ်သည်။ ထိုအခါ သူသည် မျိုးနွယ်(၁၃)ခု၏ ပစ်မှတ်ထားခြင်းကို ခံလာရနိုင်ပြီး အဆုံးမရှိ လိုက်လံဖမ်းဆီးခြင်းကို ခံရနိုင်သည်။ သူသည် အပြစ်သားကျွန်းကိုလည်း ထိန်းသိမ်းထားနိုင်မည် မဟုတ်ချေ။

ဒယ်စောက်အိုးကို ယှဉ်တိုက်ရမည်လော။ ထိုအရာသည် ယှဉ်တိုက်၍ ရနိုင်သော အရာပင် ဟုတ်ပါလေသလော။

ကျန်းရီ မသိပေ။ သို့သော် သူ စမ်းကြည့်လိုပေသည်။

ကျန်းရီ မီးနဂါးဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး အထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် သူသည် မီးတိမ်သံချပ်ကာအတွင်းသို့ အတွင်းအား ထည့်သွင်းလိုက်၏။ ရုတ်ခြည်းပင် မီးတိမ်သံချပ်ကာသည် အားကောင်းသော အနီရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်၏။ ၎င်းအလင်းသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းအတွင်းရှိ အပြာရင့်ရောင်အလင်းနှင့် အတူလင်းလက်ကာ လွန်စွာ ထူးခြားဆန်းကြယ်သည့် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာစေလေသည်။ သူသည် ကောင်းကင်မှ ကျဆင်းလာသည့် ဧရာမ ဒယ်စောက်အိုးကို စိုက်ကြည့်လိုက်၏။ သူ၏အကြည့်သည် သံမဏိကဲ့သို့ ခိုင်မာနေ၏။ ထို့နောက် သူ အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်သည်။

“လာစမ်း... မင်းက ဒီအဖွဲ့မှူးကို သေတဲ့အထိ ဖိနှိပ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့”

ဝုန်း...ဝုန်း...ဝုန်း...

တောင်ကြီးကဲ့သို့သော လေးထောင့်ပုံဒယ်စောက်အိုးသည် အာကာပြင်ကို တုန်ခါသွားစေသည်။ ၎င်းသည် ကျန်းရီ၏ခေါင်းအထက်သို့ အလွန်လျင်မြန်စွာ ရောက်ရှိလာသည်။ ကျန်းရီသည် မီးနဂါးဓားကို လက်တစ်ဘက်တည်းဖြင့် ကိုင်ကာ အထက်သို့ထိုးမြှောက်၍ ဧရာမလေးထောင့်ပုံဒယ်စောက်အိုးကို ခုခံရန် ကြိုးစားလိုက်သည်။ ကံဆိုးစွာပင် သူသည် ကောင်းကင်ကို လှုပ်ခတ်ရန် ကြိုးစားနေသော ပိုးကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ ရုတ်ခြည်း ဖိနှိပ်ခံလိုက်ရပြီး တောင်တန်းတစ်ခုနှင့် ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

သို့ပင်လျှင် ကျန်းရီတစ်ယောက် ဓားတစ်ချောင်းတည်းဖြင့် ဧရာမဒယ်စောက်အိုးကြီးကို ခုခံလိုက်သော မြင်ကွင်းသည် သောင်းချီသောလူများ၏ စိတ်များထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားပေသည်။ ကောင်းကင်ကို လက်တစ်ဘက်ဖြင့် ကာနိုင်သော လူများ ရှိ၏။ ယနေ့တွင် လူတစ်ယောက်သည် ဒယ်စောက်အိုးကို ဓားတစ်ချောင်းဖြင့် ခုခံခဲ့သည်။ ကျန်းရီ သေသည်၊ ရှင်သည်ကို မည်သူမှ မသိပေ။ သို့သော် ထိုမြင်ကွင်းသည် သူတို့၏ မှတ်ဉာဏ်ထဲတွင် ထာဝရစွဲထင်နေမည်ကိုမူ သူတို့ သိပေသည်။

ဝုန်း...

ဧရာမဒယ်စောက်အိုးကြီး မြေပြင်ပေါ်သို့ ကျလာသောအခါ တောင်တန်းတစ်ခွင်လုံး တုန်ခါသွားသည်။ တုန်ခါမှုသည် အချင်းမိုင်ထောင်ချီအထိ ပျံ့နှံ့သွားသည်။ သစ်ပင်များ လှုပ်ယမ်းသွားပြီး တောင်ထွတ်များမှနေ၍ မြေကြီးများ၊ ကျောက်တုံးများ ကျဆင်းလာသည်။ ကျန်းရီအောက်တွင် အချင်းဝက် သုံးကီလိုမီတာ ကျယ်သော အောက်ခြေမဲ့ တွင်းကြီးတစ်ခု ဖြစ်သွားသည်။ ထိုနေရာသည် ကြီးမားသော တောင်တန်းတစ်ခုဖြစ်ခဲ့သည်။ သို့သော် ယခုတွင် ဧရာမတွင်းနက်ကြီးတစ်ခုသာ ရှိတော့သည်။ ထို့ကြောင့် ထိုနေရာသည် မီးတောင်ဝတစ်ခုကဲ့သို့ ဖြစ်နေသည်။

ကျန်းရီတို့ ပတ်ပတ်လည်တွင် ဆူညံသံများ ပဲ့တင်ထပ်နေသည်။ ကောင်းကင်ထက်ရှိ ကွေ့ရင်က စိတ်သက်သာရာရသွားဟန် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် အားဖြည့်ဆေးလုံးတစ်လုံးကို လျင်မြန်စွာသောက်လိုက်ပြီး သူ့ကိုယ်သူ ကုသရန် အတွင်းအားကို လှည့်ပတ်လိုက်သည်။ သူ၏သွေးကြောအားလုံးသည် မြင့်မားသော အပူချိန်ကြောင့် လောင်ကျွမ်းခဲ့ပြီး သူ၏အရေပြားသည်လည်း ရဲရဲနီနေသည်။ သူ၏ဆံပင်များမှာ မီးကျွမ်းသကဲ့သို့ မည်းနက်နေ၏။ သူ ဒဏ်ရာအပြင်းအထန် ရထားပေသည်။ သူ၏တုံ့ပြန်မှုသာ အချိန်အနည်းငယ် နောက်ကျသွားလျှင် သူ အရှင်လတ်လတ် မီးရှို့ခံလိုက်ရမည်ဖြစ်သည်။

ကွေ့ရင်သည် သူ၏ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးအ‌ပေါ် အလွန် ယုံကြည်မှုရှိ၏။ ကျန်းရီမဆိုထားနှင့် အားကောင်းသော ခုခံမှုကို ပိုင်ဆိုင်သည့် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးပင် သေဆုံးသည်အထိ ဖိနှိပ်ခံလိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ကျန်းရီ သေ၊ မသေကို စစ်ဆေးမနေတော့ဘဲ ရသည့်အချိန်ကို အသုံးချ၍ အရင်ဆုံး ပြန်ကုသလိုက်ခြင်းပင်။ သူ အားကုန်နေပြီ မဟုတ်ပါလား။

ဝီ...

သို့သော်...

ရုတ်ခြည်းပင် ကွေ့ရင် ရင်တုန်သွား၏။ သူသည် သေနိုင်သည့် အန္တရာယ်တစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ သူက အံ့ဩတကြီးဖြင့် အရှေ့မိုင်ပေါင်းများစွာရှိ နယ်မြေကို ကြည့်လိုက်သည်။ အာကာပြင်သည် စတင် တုန်ခါလာပြီး တစ်ကိုယ်လုံး သွေးဖုံးနေသည့် လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှနေ၍ မိုးကြိုးမီးထွက်ပေါ်လာလေသည်။ ကြောက်မက်ဖွယ် အပူချိန်နှင့် အေးစက်စက်မျက်လုံးတစ်စုံက ကွေ့ရင်၏ စိတ်ဝိညာဉ်ကို စတင် တုန်လှုပ်လာစေသည်။

“မင်းက တကယ်ပဲ မသေဘူးလား။ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဟုတ်ဘူး...”

ကွေ့ရင်က ကြောက်ရွံ့တကြီး အော်လိုက်ပြီး အစွမ်းကုန်ထုတ်၍ ထွက်ပြေးလေသည်။ သို့သော် သူသည် မြင့်မားသော အပူချိန်ကြောင့် အပြင်းအထန် ဒဏ်ရာရထားပေသည်။ သူ၏ အမြန်နှုန်းမှာ လွန်စွာနှေးလွန်းနေ၏။ ထိုအခိုက်တွင် ကျန်းရီသည် သူနှင့် အလွန်နီးကပ်လာပြီဖြစ်သည်။ သူ၏ နတ်ဘုရားဒိုင်း ရုတ်ခြည်း ကျိုးပျက်သွားပြီး သူ၏ခန္ဓာကိုယ်သည် စတင်ပေါက်ကွဲလောင်ကျွမ်းကာ ပြာကျသွားလေသည်။

“ဟားဟားဟား...”

ကျန်းရီ၏ မီးတိမ်သံချပ်ကာသည် သူ၏သွေးများဖြင့် ရဲရဲနီနေ၏။ သူ၏ အရိုးတစ်ဝက်ခန့်သည် ကျိုးသွားပြီဖြစ်သည်။ သူ့ပေါ်မှ မိုးကြိုးမီးနတ်ဘုရားဒိုင်းသည်လည်း ကွဲအက်ပျက်စီးသွားပေပြီ။ သို့သော် သူ... အသက်ရှင်နေဆဲပင်။

ဟုတ်၏။ သူသည် အလောင်းအစားတွင် အနိုင်ရခဲ့သည်။ မိုးကြိုးမီးနတ်ဘုရားဒိုင်းနှင့် မီးတိမ်သံချပ်ကာသည် သူ့ကို စိတ်မပျက်စေခဲ့ပေ။ သူ၏ ပြီးပြည့်စုံ၍ စွမ်းအားကြီးသော ခန္ဓာကိုယ်ကလည်း စိတ်မပျက်စေခဲ့။ ထို့ကြောင့် သူ လွန်စွာ ဝမ်းမြောက်နေသည်။ သူ ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ရယ်မောကာ အော်ပြောလိုက်၏။

“ပြေးကြစမ်း”

လေနက်တပ်မဟာမှ သောင်းချီသော ထိုအဆင့်နိမ့် သိုင်းသမားများသည် ကြောက်ရွံ့ကာ ထွက်ပြေးကြလေသည်။ ထို ဆံပင်နီနှင့် လူငယ်သည် လူသားမှ ဟုတ်ပါသေးသလော။ သူသည် ထိုကဲ့သို့ ဧရာမဒယ်စောက်အိုးတစ်ခု၏ ဖိနှိပ်မှုကို ခံခဲ့ရသည်ပင် မသေခဲ့သလော။

***

All Chapters