← Chapters

သခင်လေးလင်း

Vol. 53 Ch. 727

သခင်လေးလင်း

Vol. 53 Ch. 727

“ပြေးဖို့ ကြံနေတာလား”

ကျန်းရီ၏ မျက်လုံးများသည် တဖြည်းဖြည်း သွေးနီရောင် ပြောင်းလာ၏။ ထို့နောက် သူ၏ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်ဖွယ် သတ်ဖြတ်စိတ်တစ်ခု ထွက်လာလေသည်။ သူ မသုံးသည်မှာ ကြာခဲ့ပြီဖြစ်သော သတ်ဖြတ်စိတ်သည် နောက်ဆုံးတွင် ထွက်ပေါ်လာပေပြီ။ ၎င်းသည် ရုတ်ခြည်းပင် မိုင်ပေါင်းရာချီ အဝန်းအဝိုင်းကို လွှမ်းခြုံသွားသည်။ သူ့ခန္ဓာကိုယ်မှနေ၍ သွေးစိမ်းရှင်ရှင် စီးထွက်လာ၏။ ယင်းနောက် သူ ပါးစပ်ဟကာ ကျယ်လောင်စွာ အောက်လိုက်သည်။

“သေကြ... အားလုံး သေရမယ်”

ကျန်းရီ၏ သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသည့်အခိုက်တွင် ပတ်ဝန်းကျင်မှ လူအများစု၏ မျက်လုံးထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ၊ မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူတို့အားလုံးသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် သို့မဟုတ် ဗာဂျရာအဆင့်တွင်ရှိသော ထိပ်သီးများဖြစ်သည်။ သို့သော် သတ်ဖြတ်လိုစိတ်က အလွန်အားကြီးသဖြင့် သူတို့သည် သူတို့ကိုယ်သူတို့ လုံးဝ မခုခံနိုင်ကြချေ။

ဝှစ်...

ကျန်းရီ၏ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ကို စုတ်ဖြဲသွားသည်။ သူသည် လေထဲတွင် လွင့်မျောနေသော ရှေးဟောင်းနတ်ဘုရားလက်စွပ်တစ်ကွင်းကို ဆုပ်ကိုင်လိုက်၏။ ထိုလက်စွပ်မှာ ကွေ့ရင်၏လက်စွပ်ဖြစ်ပြီး ကျန်းရီ၏ ကောင်းကင်ကျောက်တုံး သန်းရှစ်ဆယ်သည် အထဲတွင် ရှိပေသည်။ ထို့ပြင် ယင်းလက်စွပ်အတွင်း၌ အခြား ရတနာများလည်း ရှိနေနိုင်၏။ ကွေ့ရင်သည် လေနက်တပ်မဟာ၏ ခေါင်းဆောင် မဟုတ်ပါလား။

ကျန်းရီသည် လက်စွပ်ကို သိမ်းဆည်းပြီးနောက်တွင် အဝေးသို့ ရောက်သွားသည့် သိုင်းသမားများနောက်သို့ ဆက်မလိုက်တော့ပေ။ ထိုအစား သူသည် အောက်ဘက်ရှိ တွင်းနက်ကြီးဆီသို့ ပျံသွားလိုက်၏။ ထိုတွင်းနေရာသည် အစောက ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး သူ့ကို ဖိနှိပ်နိုင်တော့မလို ဖြစ်သွားခဲ့သည့် နေရာ ဖြစ်သည်။ ယခုတွင် သူ့ကိုယ်တွင်းရှိ အရိုးအားလုံးနီးပါး ကျိုးနေ၏။ ထို့ပြင် သူသည် ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကြောင့် အပြင်းအထန် ဒဏ်ရာရထားသည်။ သို့သော် ယင်းဒယ်စောက်အိုးကဲ့သို့ အဖိုးတန်ရတနာတစ်ခုကို ရရှိနိုင်မည့် အခွင့်အရေးကို သူ လက်လွတ်ခံမည် မဟုတ်ပေ။

တွင်းနက်ထဲသို့ ကီလိုမီတာသုံးဆယ် ဆင်းသွားပြီးနောက်တွင် အောက်ခြေသို့ ရောက်သွားသည်။ ‌အောက်ခြေတွင် အစိမ်းရင့်ရောင် ဒယ်စောက်အိုးလေးတစ်လုံး ရှိနေသည်။ ကွေ့ရင် သေသွားပြီးနောက်တွင် ဤကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးသည် မူလပုံစံသို့ ပြန်ပြောင်းလဲသွားခြင်းပင်။ ဒယ်စောက်အိုး မျက်နှာပြင်ပေါ်တွင် သင်္ကေတများကို မမြင်ရတော့ပေ။ ထို့ပြင် ဒယ်စောက်အိုးသည် ခြေတစ်ဘက်ပါ ပြတ်နေသည်။ ၎င်းမှာ တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခံထားရသော ပြီးပြည့်စုံသည့် သာမန်ရတနာတစ်ခုနှင့် တူနေသည်။

အတုအယောင် နတ်ဘုရား အသုံးအဆောင်...

ကျန်းရီသည် တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ဖုံးလွှမ်းနေသော်လည်း မျက်လုံးများမှာမူ တောက်ပနေပေသေးသည်။ အတုအယောင် နတ်ဘုရား အသုံးအဆောင်သည် ဤလောကထဲတွင် စွမ်းအားအကြီးဆုံး ရတနာဖြစ်သည်။ သူ့ကိုယ်ပေါ်ရှိ မီးတိမ်သံချပ်ကာသည် သူ့အသက်ကို အကြိမ်ပေါင်းများစွာ ကယ်ခဲ့ပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသာ တိုက်ခိုက် အတုအယောင် နတ်ဘုရား အသုံးအဆောင်ကို ရခဲ့ပါက သူ၏တိုက်ခိုက်စွမ်းရည်သည် အဆင့်သစ်တစ်ခုသို့ ရောက်သွားပေလိမ့်မည်။

ကျန်းရီက လက်တစ်ဘက်တည်းဖြင့် ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူသည် ဒယ်စောက်အိုးမှ ထွက်ပေါ်လာသည့် ဖော်ပြ၍မရနိုင်သော အရှိန်အဝါတန်းတစ်ခုကို ခံစားလိုက်ရ၏။ ဒယ်စောက်အိုးကို ကိုင်ထားရသည်မှာ ရေခဲတမျှအေးစက်သော ကျောက်စိမ်းတုံးတစ်တုံးကို ကိုင်ထားရသကဲ့သို့ပင်။ ထိုခံစားချက်သည် အလွန် ထူးခြား၏။

“ငါ ဒါကို အရင်သိမ်းထားပြီး ပြန်ရောက်မှ မွမ်းမံရမှာပဲ”

ကျန်းရီသည် အားဖြည့်ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး အထက်သို့ ပျံတက်ကာ လေနက်တပ်မဟာ၏ ဌာနချုပ်ထံသို့ ဦးတည်သွားလိုက်၏။

“အရှင်... သနားပါဦး”

“အရှင်... ကျုပ်ကို မသတ်ပါနဲ့။ ကျုပ် အရှင့်နောက်ကို လိုက်ချင်ပါတယ်။ အခုကစပြီး အရှင်က ကျုပ်ရဲ့ဆရာ ဖြစ်လာမှာပါ”

“မလုပ်ပါနဲ့ အရှင်... ကျုပ်ကို မသတ်ပါနဲ့။ ကျုပ် မသေချင်သေးပါဘူး”

အဆင့်မြင့် ဗာဂျရာအဆင့် ထိပ်သီးများသည် ကျန်းရီ သူတို့အနားသို့ ချဉ်းကပ်မလာခင် အသံကုန်အော်လိုက်ကြသည်။ ကျန်းရီ၏မျက်လုံးများက သွေးချင်းချင်းနီနေပြီး သူ၏ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်သည် အားလုံးကို ကြောက်ရွံ့တုန်လှုပ်နေစေလေသည်။ ထိုအကြောက်တရားသည် သူတို့နှလုံးသား၏ အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်ပေါ်လာသော အကြောက်တရားဖြစ်သည်။ သူတို့အားလုံးသည် ကျန်းရီ၏ ငယ်ရွယ်၍ ခံ့ညားသော မျက်နှာကို ကြည့်ကာ ကျန်းရီက ငရဲမှလာသော နတ်ဆိုးတစ်ကောင်ဖြစ်သည်ဟု ခံစားနေရလေသည်။

ကျန်းရီ၏ မျက်နှာထားသည် အေးစက်နေ၏။ သူ စကားတစ်ခွန်းမှ မပြောပေ။ သူသည် မည်သည့် လက်အောက်ငယ်သားမှ မလိုပေ။ ထိုအဆင့်သာရှိသော သူများဆိုလျှင် ပို၍ပင် မလိုချေ။ ထိုတောင်ပေါ်ဓားပြများသည် စိတ်ကောင်းမရှိဘဲ တွေ့သမျှလူကို သတ်နိုင်သူများဖြစ်သည်။ သူတို့သည် အားနည်းသူများကို အနိုင်ကျင့်၍ အားကြီးသူများကို ကြောက်ရွံ့ပေသည်။ သူ ထိုသူများအားလုံးကို သတ်လိုက်လျှင်ပင် အပြစ်ရှိစိတ် တစ်စိုးတစ်စိမျှ ခံစားရမည်မဟုတ်ချေ။

ဤလေနက်တောင်တွင် ကျန်းရီသည် သေခြင်းတရားနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရ၏။ ယခုတွင် သူ့တစ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေပြီဖြစ်ပြီး သူ့ရင်ထဲတွင် မီးတောက်လောင်နေပြီဖြစ်သည်။ ထို့ကြောင့် သူ ညှာတာသနားနေမည် မဟုတ်ပေ။ သူ လက်မလှုပ်ဘဲ ပျံသန်းသွား၏။ သူ ထုတ်လွှတ်လိုက်သော လွန်စွာမြင့်မားသည့် အပူချိန်က တောင်ပေါ်ဓားပြ ထောင်ချီကို မီးလောင်ပြာကျသွားစေသည်။ မရေမတွက်နိုင်သော တောင်ပေါ်ဓားပြများက စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ ထိုအခိုက်တွင် လေနက်တောင်သည် ငရဲအဖြစ် ပြောင်းလဲသွားလေ၏။

တစ်ထောင်၊ နှစ်ထောင်၊ ငါးထောင်... ရှစ်ထောင်။

သတ်ဖြတ်လိုစိတ်မှ မလွတ်မြောက်ခဲ့သော သိုင်းသမားရှစ်ထောင်စလုံးမှာ အရှင်လတ်လတ် မီးရှိုးခံလိုက်ရသည်။ ကောင်းကင်ထဲတွင် မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားလက်စွပ်များ၊ သံချပ်ကာများနှင့် လက်နက်များ ပြည့်နှက်သွားသည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ထိုနေရာကို ထပ်မံ လေ့လာလိုက်သည်။ သူသည် ထိုနေရာတွင် ကောင်းကင်ဧကရာဇ်များ ပုန်းအောင်းမနေတော့ကြောင်း အတည်ပြုပြီးနောက် လေကိုဖြတ်၍ ပျံသန်းသွားပြီး ရှေးဟောင်းနတ်ဘုရားလက်စွပ်များအားလုံးကို သိမ်းဆည်းလိုက်လေသည်။ ထိုသို့လုပ်ပြီးနောက် သူ မြေပြင်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ ထို့နောက် သူ၏လက်များ လှုပ်ရှားသွားပြီး သူ့ပတ်ပတ်လည်တွင် မိုးကြိုးမီးတောက်များ ပြန့်ကျဲသွားသည်။

မီးဝိညာဉ်ပုလဲက မိုးကြိုးမီးတောက်အားလုံးကို စုပ်ယူပြီးသွားနောက် ကျန်းရီသည် ဧကရာဇ်နန်းတော်ကို ထုတ်လိုက်၏။ ယင်းနန်း‌တော်မှာ အဖြူရောင်အလင်းတစ်ခုဖြင့် ထွက်ပေါ်လာသည်။ ရန်တုံနှင့် အခြားသူများသည်လည်း လေထဲတွင် ထွက်ပေါ်လာ၏။ ဖုန်းလန်၊ ကျန်းရှောင်နူနှင့် အခြားသူအားလုံး အပြင်သို့ ရောက်လာသည်။

“သခင်လေး” “သခင်လေး” “အဖွဲ့မှူးကျန်း”

ဖုန်းလန်၊ ကျန်းရှောင်နူ၊ ရန်တုံနှင့် ကျန်သူများသည် ကျန်းရီ၏ကိုယ်ပေါ်မှ သွေးများကို မြင်သောအခါ တုန်လှုပ်သွားကြသည်။ ထို့နောက် ရန်တုံသည် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ သူက အနီးတွင် မည်သည့် ထိပ်သီးများမှ ပုန်းအောင်းမနေကြောင်း အတည်ပြုပြီးသောအခါ လက်ဝှေ့ယမ်း၍ အမိန့်‌ပေးလိုက်သည်။

“လူခွဲနေပြီး သတိကပ်ထားကြပါ”

ကျန်းရီက အားနည်းစွာ လက်ဝှေ့ယမ်းပြလိုက်ပြီး အားလုံးကို စိတ်အေးအေးထားရန် အချက်ပြလိုက်သည်။ ထို့နောက် ကျန်းရီသည် အားတင်း၍ပြုံးကာ ပြောလိုက်၏။

“လေနက်တပ်မဟာကို ငါ ဖျက်ဆီးပစ်လိုက်ပါပြီ။ အသက်ရှင်ကျန်တဲ့သူတွေအားလုံး ထွက်ပြေးသွားပြီ။ ဒီနေရာက လုံခြုံလောက်ပါပြီ။ မင်းတို့အားလုံး ခဏလောက် သတိကပ်ထားပြီး ငါ ပြန်ကောင်းလာတဲ့အချိန်ကို စောင့်ပါ။ ဒါပြီးရင် ငါတို့ ကောင်းကင်မိုးကြိုးကျွန်းကို ပြန်ကြမယ်”

“လေနက်တပ်မဟာက ဖျက်ဆီးခံလိုက်ရပြီလား”

ရန်တုံ၊ နျိုဝမ်နှင့် ကျန်သူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏မျက်လုံးများထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ရှိနေလေသည်။ သူတို့သည် ကွေ့ရင်နှင့် တိုက်ခိုက်ခဲ့၏။ ထိုတိုက်ပွဲတွင် ကွေ့ရင်၏ တပ်သားလေးဆယ်ကျော် သေဆုံးခဲ့သည်။ လေနက်တပ်မဟာက မည်မျှစွမ်းအားကြီးကြောင်း သူတို့သိပေသည်။ သူတို့အားလုံး အတူတိုက်ခိုက်လျှင်ပင် သေသွားနိုင်ခြေရှိသေးသည်။ သို့သော် ကျန်းရီသည် အမှန်ပင် ရန်သူအားလုံးကို တစ်ကိုယ်တော် သတ်ပစ်နိုင်ခဲ့သည်လော။

ပတ်ဝန်းကျင်တွင် မည်သည့်အလောင်းမှ ရှိမနေပေ။ အဆောက်အဦများစွာသာ ဖျက်ဆီးခံထားရသည်။ ပျက်စီးနေသော လက်နက်များနှင့် သံချပ်ကာများလည်း ရှိနေသည်။ အကယ်၍ အခြားတစ်ယောက်ကသာ ကျန်းရီပြောသောစကားကို သူတို့အား ပြောလျှင် ရန်တုံ၊ နျိုဝမ်နှင့် ကျန်သူများသည် ထိုသူကို အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့ကြမည်ဖြစ်သည်။ သို့သော် သူတို့အားလုံးသည် ကျန်းရီကို ယုံကြည်လေးစား၏။

ကျန်းရီက သူတို့ကို အာရုံမစိုက်တော့ဘဲ အားဖြည့်ဆေးလုံးနှစ်လုံးကို မျိုချကာ မျက်လုံးများ မှိတ်လိုက်လေသည်။ ဖုန်းလန်သည် အမှောင်ထု တာအိုပုံသဏ္ဌာန်ကို ထုတ်လိုက်ပြီး မိုင်ပေါင်းဒါဇင်အတွင်းရှိ လူအားလုံးကို အမှောင်ထုဖြင့် လွှမ်းခြုံလိုက်၏။ ယင်းက သူတို့အားလုံးကို အတန်ငယ်ပို၍ လုံခြုံသွားစေပေသည်။

***

“အဲ့ မျိုးမစစ် တစ်ကိုယ်တော်ဝံပုလွေက ဘာလို့ အရမ်းသန်မာနေရတာလဲ”

ကျန်းရီတို့နှင့် မိုင်ရာချီအကွာရှိ တောင်တစ်လုံးမှ အပေါက်အသေးတစ်ပေါက်ထဲတွင် အဖြူရောင်သံချပ်ကာ ဝတ်ဆင်ထားသည့် ကောင်းကင်ဧကရာဇ်ထိပ်သီးတစ်ယောက် ပုန်းအောင်းနေ၏။ ယင်းကို ကျန်းရီတို့လူစုက သတိမထားမိကြသေးပေ။ ကောင်းကင်ဧကရာဇ်သည် လက်ထဲတွင် ဖန်လုံးတစ်လုံးကို ကိုင်ထား၏။ သို့သော် ထိုအခိုက်တွင် ဖန်လုံးအတွင်းရှိ မြင်ကွင်းကို အမှောင်ထုက လျင်မြန်စွာ ဖုံးလွှမ်းသွားလေသည်။ နောက်ဆုံးမြင်ကွင်းသည် မထင်ရှားသော်လည်း ဖုန်းလန်က လက်မြှောက်ကာ အမှောင်ထု တာအိုပုံသဏ္ဌာန် ထုတ်လွှတ်လိုက်သည်ကို သူ မြင်လိုက်ရသည်။

အကယ်၍ ကျန်းရီတို့အုပ်စုသာ ထိုကောင်းကင်ဧကရာဇ်က မည်သူဖြစ်ကြောင်း တွေ့လိုက်လျှင် သေချာ‌‌ပေါက် တုန်လှုပ်သွားမည်ဖြစ်သည်။ ထိုကောင်းကင်ဧကရာဇ်မှာ ကောင်းကင်မိုးကြိုးမြို့မှ ခေါင်းဆောင်လုတိဖြစ်သည်။ လုဖင်း မှန်ခဲ့သည်။ လုတိသည် နောက်ကွယ်မှနေ၍ အရာအားလုံးကို ကြိုးကိုင်နေသူဖြစ်သည်။

လုတိသည် လုမျိုးနွယ်၏ တပည့်တစ်ယောက်ဖြစ်သဖြင့် လုမျိုးနွယ်၏အကြီးအကဲတစ်ယောက်ဖြစ်သော သူ၏ဦးလေးက သူ့ကို ကျောထောက်နောက်ခံပြုပေးသည်။ အကယ်၍ သူသာ လုမျိုးနွယ်၏ သတင်းကွန်ရက်ကို အသုံးပြုကာ ချမ်ဝမ်ကွမ်းနှင့် ကျန်သူများ၏ တည်နေရာကို ခြေရာခံလိုလျှင် ထိုသို့လုပ်ရန် အလွန်လွယ်ကူပေသည်။ ဤတစ်ကြိမ်တွင် သူသည် ကျန်းရီနှင့် အခြားသူများကို အငှားဓားဖြင့် သတ်လိုခဲ့၏။ ထိုသို့ သတ်လိုက်လျှင် လုဖင်း၏ ကြီးပွားရေးလမ်း ပျက်စီးသွားမည်ဖြစ်သည်။ ထို့ပြင် သူသည် ထိုအခွင့်အရေးကိုသုံးကာ သူ၏ မကျေနပ်ချက်ကိုလည်း ရှင်းပစ်နိုင်သည်။

သို့သော် ကျန်းရီသည် ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ကျန်းရီသည် ကွေ့ရင်နှင့် ကျန်သူများကို သတ်ဖြတ်ကာ ကျားဖြူကျွန်းရှိ အကြီးဆုံး တောင်ပေါ်ဓားပြအဖွဲ့ ဆယ်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် လေနက်တပ်မဟာကို ဖျက်ဆီးပစ်ခဲ့သည်။ အကယ်၍ ကျန်းရီသာ ဒဏ်ရာအပြင်းအထန် မရထားပါက ထိုနေရာမှနေ၍ မည်သူမှ အသက်ရှင်လျက် ထွက်မသွားနိုင်မည်မဟုတ်ပေ။

“တစ်ကိုယ်တော်ဝံပုလွေ... မျိုးမစစ်ကောင် မင်းသတိသာ ထားနေတော့”

လုတိ၏ အေးစက်သောမျက်လုံးများ ဂနာမငြိမ်ဖြစ်လာ၏။ ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်သည်။ သူသည် လုဖင်းနှင့် ပေါ်ပေါ်ထင်ထင် အချင်းမပွားဝဲ့ပေ။ သို့သော် အမှောင်ထဲမှနေ၍ ကျန်းရီတို့အပေါ် ပရိယာယ်ဆင်ရခြင်းသည် အလွန်လွယ်ကူလိမ့်မည်ဟု သူခံစားရသည်။ ကျန်းရီတို့ မြို့ပြင်သို့ ခြေတစ်လှမ်းမှ မထွက်လျှင်သာ ကြံစည်ရန် ခက်မည်ဖြစ်သည်။

“မြို့က မထွက်ဘူးလား.. ဟားဟား”

လုတိ၏ နှုတ်ခမ်းစွန်းများတွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာ၏။ လုဖင်းသည် မိုးကြိုးကျောက်တုံးများကို သေချာပေါက် ဆက်၍ ရောင်းချနေဦးမည်ဖြစ်သည်။ အရှေ့ဘက် တော်ဝင်နယ်မြေမှ ကုန်သည်များက ကောင်းကင်မိုးကြိုးမြို့အတွင်းသို့ ရောင်းဝယ်ရန် ဝင်နိုင်မည် မဟုတ်သဖြင့် ကျန်းရီနှင့် ကျန်သူများသည် ရောင်းဝယ်ရန် မြို့မှ သေချာပေါက် ထွက်ရမည်ဖြစ်သည်။ ကျန်းရီတို့သာ မြို့မှ ထွက်လာလျှင် ဟာကွက်များ ရှိလာမည်ဖြစ်ပြီး လုမျိုးနွယ်၏ တပ်ဖွဲ့က သူတို့ကို သတ်ပစ်နိုင်ပေမည်။

ကျန်းရီတို့သာ မြို့မှ ထွက်လာလျှင် သူသည် သူတို့ကို စောင့်ကြည့်ရန် လူများ စေလွှတ်နိုင်သည်။ သူသည် ကျန်းရီနှင့် သူငယ်ချင်းများကိုသတ်ရန် အကြံတစ်ခုကို ဖြည်းဖြည်းချင်း စဉ်းစားနိုင်သည်။

“ဟုတ်ပြီ... သခင်လေးလင်း”

လုတိသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။ ထို့နောက် သူ စိတ်လှုပ်တရှား အော်လိုက်၏။ ယင်းနောက် သူ၏မျက်လုံးများထဲတွင် မီးတောက်တစ်ခု တောက်ပလာလေသည်။ သူ အေးစက်စွာ ရေရွတ်လိုက်သည်။

“သခင်လေးလင်းက တစ်လောကလုံးက အလှလေးတွေကို စုဆောင်းရတာကို ကြိုက်တယ်။ အဲ့ကောင်မလေးက သူ့ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်တဲ့ပုံပဲ။ သူက သေချာပေါက် ထူးခြားတဲ့မျိုးနွယ်တစ်ခုကပဲ။ သူက အရမ်းလှပြီး စက္ကူဖြူလေးလို သန့်စင်တယ်။ သူက အားလုံးထက် သာလွန်တဲ့ နတ်မိမယ်တစ်ပါးလိုပဲ။ တကယ်လို့ ငါသာ သခင်လေးလင်းကို ကောင်းကင်မိုးကြိုးမြို့တစ်ခွင်ကို လှည့်ပတ်ပြပြီး အဲ့အလှလေးကို သူ သတိပြုမိသွားအောင် လုပ်လိုက်ရင်... ဘာဖြစ်လာမလဲ။ ဟီးဟီး...”

ဝှစ်...

လုတိသည် ထိုအကြံကို တွေးမိလေလေ၊ ပို၍စိတ်လှုပ်ရှားလာလေလေပင်။ သူသည် ကျန်းရီတို့ကို အရေးမစိုက်တော့ဘဲ သက်တန့်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

***

All Chapters