← Chapters

ရက်ရက်ရောရော သုံးစွဲခြင်း

Vol. 53 Ch. 728

ရက်ရက်ရောရော သုံးစွဲခြင်း

Vol. 53 Ch. 728

“ကောင်းပြီ”

နေ့ဝက်ကျော် ကုသပြီးနောက် ကျန်းရီ၏ဒဏ်ရာများသည် အတော်လေး ပြန်ကောင်းလာပြီဖြစ်သည်။ သူသည် မှောင်လာသည်ကို စောင့်နေခြင်းပင်။ သူ့ကိုယ်ပေါ်တွင် စူးရှသည့် နာကျင်မှု ရှိမနေတော့ပေ။ ထို့နောက် သူ ထရပ်လိုက်ပြီး ပြောလိုက်၏။

“အရင်ဆုံး ကောင်းကင်မိုးကြိုးမြို့ကို ပြန်ကြတာပေါ့”

ဝှစ်...

ဖုန်းလန်သည် ကျန်းရှောင်နူကို ခေါ်ကာ နောက်မှ လိုက်သွားလိုက်သည်။ ရန်တုံနှင့် အခြားသူများသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကျားဖြူကျွန်းအပြင်ဘက်သို့ ပျံထွက်သွားကြ၏။

လေနက်တပ်မဟာမှ လူအချို့ လွတ်သွားခဲ့သည်။ ထိုအဖြစ်က ကျန်ရှိနေသော တောင်ပေါ်ဓားပြအုပ်စုများကို ဤနေရာသို့ ရောက်လာစေမည်လော။ မည်သူမှ မပြောနိုင်ပေ။ ထို့ကြောင့် ကျန်းရီသည် သတိလက်လွတ် မဖြစ်ဝံ့ချေ။ ယခုတွင် သူသည် ချမ်ဝမ်ကွမ်းကို ပြန်ကယ်တင်လာနိုင်ခဲ့ပြီဖြစ်၍ သူတို့၏နယ်မြေဖြစ်သော ကောင်းကင်မိုးကြိုးမြို့သို့ ချက်ချင်း ပြန်သွားရမည်ဖြစ်သည်။

ကျန်းရီတို့အားလုံးသည် လာခဲ့သော လမ်းအတိုင်း ပြန်သွားကြ၏။ သူတို့သည် အလာခရီးတွင် တောင်ပေါ်ဓားပြအုပ်စုအားလုံးကို ရှင်းပစ်ခဲ့ပြီးဖြစ်သည်။  ထို့ကြောင့် အပြန်သည် များစွာပို၍ လုံခြုံနေလေ၏။ သို့ဖြစ်၍ သူတို့ ရှစ်နာရီကြာအောင် ပျံသန်းပြီးသည်အထိ ခရီးက အလွန်ချောမွေ့ခဲ့လေသည်။ သူတို့သည် မည်သည့်တောင်ပေါ်ဓားပြနှင့်မှ မတွေ့ခဲ့ပေ။

“အာ...”

ကျန်းရီတို့သည် ကမ်းခြေသို့ ပျံသွားကြသည်။ ကျန်းရီက ရှင်းလင်းနေသော သမုဒ္ဒရာကို ငေးကြည့်ပြီးနောက် ရန်တုံအား မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

“ရန်တုံ... ကောင်းကင်ကံကြမ္မာသင်္ဘောက ဘယ်မှာလဲ။ ငါတို့ ဘယ်လို ပြန်ကြမှာလဲ”

“အဖွဲ့မှူးကျန်း...”

ရန်တုံက ခါးသက်သက် ပြုံးလိုက်သည်။

“ကောင်းကင်ကံကြမ္မာသင်္ဘောက ဒီမှာ အချိန်ပြည့် မရှိပါဘူး။ သူရိန်နီကုန်သည်အဖွဲ့အစည်းရဲ့ ခံတပ်ကို သွားပြီး သူတို့ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘော ဖြတ်သွားတာကို စောင်ကြတာပေါ့။ အဖွဲ့မှူးကျန်း စိတ်အေးအေးထားပါ။ ခံတပ်က အတော်လေးလုံခြုံပါတယ်။ အဆင်မြင့် ကောင်းကင်ဧကရာဇ်တွေက ခံတပ်ကို စောင့်ကြပ်နေကြတာပါ။ ဘယ်သူမှ မဆင်မခြင် လုပ်ရဲမှာ မဟုတ်ပါဘူး”

“ကောင်းပြီ... လမ်းပြပါ”

ကျန်းရီ လက်ဝှေ့ယမ်းလိုက်သည်။ ရန်တုံက အားလုံးကို ဦးဆောင်ခေါ်ကာ ဧရာမတောင်ထွတ်တစ်ခုဆီသို့ ဦးတည်ပျံသန်းသွား၏။ တောင်တန်းအနားသို့ မရောက်ခင်မှာပင် သူတို့ထံသို့ ကောင်းကင်စိတ်အာရုံများစွာ ရောက်လာကြောင်း ကျန်းရီ သိရှိလိုက်သည်။

“ခေါင်းဆောင် ဟုန်‌ဖူ.. ကျွန်တော် ရန်တုံပါ”

ရန်တုံ အော်ပြောလိုက်သောအခါ ကောင်းကင်စိတ်အာရုံများ ပျောက်ကွယ်သွား၏။ သူတို့‌ရှေ့ရှိ ဧရာမတောင်တန်းကြီးသည် လင်းလက်လာကာ ရှုခင်း ရုတ်တရက် ပြောင်းလဲသွားသည်။ မကြာခင်မှာပင် ကျန်းရီသည် တောင်ခါးပမ်းတွင် ဧရာမရဲတိုက်ကြီးများကို တွေ့လိုက်လေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ရဲတိုက်တစ်ခုမှနေ၍ လူများစွာ ထွက်လာ၏။ သူတို့ကို အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးက ဦးဆောင်လာခြင်းပင်။ ရန်တုံသည် အုပ်စုမှ ခွဲထွက်ကာ ခေါင်းဆောင်နှင့် ဆွေးနွေးရန် ရှေ့သို့ သွားလိုက်လေသည်။ သူသည် ကောင်းကင်ကျောက်တုံးတစ်သောင်းကို ထုတ်ကာ ပေးလိုက်ပြီးနောက် ပြန်လာ၏။

“အဖွဲ့မှူးကျန်း... အားလုံး စီစဉ်ပြီးပါပြီ။ ဒါပေမဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောက နောက်ငါးရက်နေမှ ရောက်ပါလိမ့်မယ်။ နောက်ငါးရက်အတွင်း ကျွန်တော်တို့ ရဲတိုက်ထဲမှ နေလို့ရပါတယ်။ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး”

“ကောင်းပြီ”

ကျန်းရီသည် ရန်တုံကို ယုံကြည်သဖြင့် အားလုံးကို ဦးဆောင်ကာ ‌တောင်ခါးပမ်းတွင် ခမ်းနားစွာတည်ရှိနေသော ရဲတိုက်ဆီသို့ ဦးတည် ပျံသန်းသွားလေသည်။ ရဲတိုက်အစောင့်များသည် ရဲတိုက်အရှေ့ရှိ ကွင်းပြင်သို့ ဆင်းလာပြီး ရဲတိုက်အသေးလေးတစ်ခုကို ညွှန်ပြကြ၏။

“အဖွဲ့မှူးရန်... ခင်ဗျားတို့အားလုံး အဲ့ရဲတိုက်ထဲမှာ နေရာမှာပါ။ ခင်ဗျား စည်းမျဉ်းတွေကို သိပါတယ်”

“ဟုတ်ကဲ့ပါ.. ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်ဟုန်ဖူ”

ရန်တုံ ခေါင်းညိတ်လိုက်၏။ သူက လက်ဆန့်တန်းကာ ရဲတိုက်အသေးလေးသို့ ညွှန်ပြလိုက်ပြီး...

“အဖွဲ့မှူးကျန်း ကြွပါ”

ကျန်းရီတို့သည် ရဲတိုက်ဆီသို့ လျှောက်သွားကြ၏။ ရန်တုံက စည်းမျဉ်းများကို အကြမ်းဖျင်း ရှင်းပြသည်။

“အဖွဲ့မှူးကျန်း... အဖွဲ့မှူး ကောင်းကင်စိတ်အာရုံကို ထုတ်ပြီး တခြားရဲတိုက်တွေကို စစ်ဆေးလို့ မရဘူး။ ဒီမှာနေ,နေတဲ့ တခြားဧည့်သည်တွေကလည်း ကျွန်တော်တို့ကို စစ်ဆေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့က အပြင်က ရဲတိုက်ကြီးကလွဲပြီး တခြားရဲတိုက်တွေထဲ ဝင်လို့မရဘူး။ အလယ်က ရဲတိုက်ကြီးက ကောင်းကင်မိုးကြိုးမြို့က မြို့သခင်အိမ်တော်လိုမျိုးပဲ။ အထဲမှာ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ အများကြီးရှိတယ်။ ပြီးတော့ တရားမဝင်တဲ့ ပစ္စည်းတွေလည်း အများကြီးရှိတယ်။ တကယ်လို့ ဒီရက်တွေထဲမှာ အဖွဲ့မှူးကျန်း ပျင်းရင် အဲ့ကိုသွားပြီး ကြည့်လို့ရပါတယ်”

ကျန်းရီအတွက် ငါးရက်ဟူသောအချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားမည်ဖြစ်သည်။ ထို့ပြင် သူသည် သူ၏ဒဏ်ရာများကို ကုသရဦးပေမည်။ ထို့ကြောင့် သူ လျှောက်မသွားလိုပေ။ သူက အားလုံးကို ရဲတိုက်အတွင်းသို့ ဦးဆောင်ခေါ်သွားပြီးနောက်တွင် ရန်တုံအား အားလုံးအတွက် နေရာပြင်ဆင်ခိုင်းလိုက်ပြီး ကျန်းရှောင်နူနှင့် ဖုန်းလန်တို့နှင့်အတူ အခန်းတစ်ခုဆီသို့ သွားလိုက်လေသည်။ ဧကရာဇ်နန်းတော် လက်ခနဲဖြစ်သွားပြီး ချမ်ဝမ်ကွမ်း၊ ချင်းယွီနှင့် ရွှေရောင်မျောလွင့်နဂါးတို့ကို ထုတ်ပေးလိုက်သည်။

“ခေါင်းဆောင်”

“သခင်လေး”

ချမ်ဝမ်ကွမ်းသည် ထွက်လာသောအခါ ကျန်းရီကို စိုက်ကြည့်လိုက်၏။ ကျန်းရီ၏ မျက်နှာနှင့်လည်ပင်းတွင် သွေးများ စွန်းနေသည်ကို သူတွေ့သောအခါ အရှက်ရသည့်ပုံစံဖြင့် ပြောလိုက်၏။

“ခေါင်းဆောင်... ဒါတွေအကုန်လုံးက ကျုပ်ရဲ့ အပြစ်တွေပါ။ ကျုပ် တောင်းပန်ပါတယ်...”

“ပါးစပ်ပိတ်ထား”

ကျန်းရီသည် မျက်လုံးဖွင့်ကာ ခက်ထန်သော အသံဖြင့် ပြောလိုက်၏။

“နောက်ကျရင် မင်း တောင်းပန်ပါတယ်လို့ ဘယ်တော့မှ မပြောနဲ့။ ပြောမယ်ဆိုရင် ငါ့ကို ခေါင်းဆောင်လို့ မခေါ်နဲ့။ ကဲပါ... မိန်းမလို လုပ်မနေနဲ့တော့.. ရှက်နေရတာနဲ့ ဘာနဲ့။ သွားပြီး ကိစ္စတွေကို စီစဉ်လိုက်။ ငါ ငါ့ရဲ့ဒဏ်ရာတွေကို ကုသရဦးမယ်။ ငါ ပြန်ကောင်းလာမှ ပြောကြတာပေါ့”

ချန်ဝမ်ကွမ်း ခေါင်းပုလိုက်၏။ ယခုတွင် ကျန်းရီက ဒေါသထွက်နေသည်ဖြစ်ရာ သူ ဆက်၍ မပြောဝံ့တော့ပေ။ သူ၏မျက်လုံးများ နီရဲနေပြီး လွန်စွာ ရင်ထဲထိနေလေသည်။ သူသည် ကျန်းရီကို လက်သီးဆုပ်၍ အရိုအသေပြုကာ ရွှေရောင်မျောလွင့်နဂါးကိုခေါ်၍ အပြင်ထွက်သွား၏။ ကျန်းရီက ဖုန်းလန်၊ ချင်းယွီနှင့် ကျန်းရှောင်နူတို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ မင်းတို့အားလုံး နားကြပါ။ မင်းတို့ အပြင်သွားပြီး လျှောက်ကြည့်ချင်ရင် ဝမ်ကွမ်းကို သွားရှာလို့ ရပါတယ်။ ငါ့ရဲ့ ဒဏ်ရာတွေကို ပျောက်အောင်လုပ်ဖို့ နှစ်ရက်လိုလိမ့်မယ်”

“ရပါတယ်... သခင်လေး ကုသတာကိုပဲ အာရုံစိုက်ပါ။ ကျွန်မ သခင်လေးကို အဖော်ပြုပေးပါမယ်”

ကျန်းရှောင်နူက ခေါင်းခါလိုက်၏။ ကျန်းရီကို တိတ်တဆိတ် အဖော်ပြုပေးရခြင်းသည်ပင် သူမအတွက် ဝမ်းသာစရာ ဖြစ်နေပေပြီ။ ဖုန်းလန်နှင့် ချင်းယွီတို့ကလည်း ကျန်းရီအား သူမတို့ကို စိတ်မပူရန်ပြောကာ ဘေးတွင် ထိုင်လိုက်ကြသည်။

ကျန်းရီလည်း ဆက်ပြောမနေတော့ဘဲ ထိုင်ကာ သူ၏ဒဏ်ရာများကို ဆက်လက်ကုသလိုက်သည်။ သာမန်လူတစ်ယောက်ဆိုလျှင် ပြင်းထန်သော ဒဏ်ရာများ ပျောက်ကင်းရန် ရက်တစ်ရာ လိုပေလိမ့်မည်။ ကျန်းရီ၏ အရိုးအများစုသည် ကျိုးနေပြီဖြစ်သည်။ သူ့တွင် ထိပ်တန်းအဆင့် အားဖြည့်ဆေးလုံးနှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိလျှင်ပင် အပြည့်အဝ ပြန်ကောင်းလာနိုင်ရန် အချိန်နှစ်ရက် လိုမည်ဖြစ်သည်။

***

ရဲတိုက်သည် အမှန်ပင် လုံခြုံပေသည်။ မကြာမကြာဆိုသလို ဤနေရာသို့ ပျံလာသူ၊ ဤနေရာမှ ပျံထွက်သွားသူများ ရှိနေသည်။ သူတို့အားလုံးသည် စည်းမျဉ်းများကို လိုက်နာကြပေသည်။ ကျန်းရီ၏ လူများသည် အပြင်သို့ မထွက်လဲ ရဲတိုက်အသေးလေးထဲတွင်ပင်နေကာ ကျင့်ကြံနေကြသည်။

ဤခံတပ်သည် သူရိန်နီကုန်သည်အဖွဲ့အစည်း၏ ခံတပ်များထဲမှ တစ်ခုဖြစ်ပြီး အဆင့်မြင့် ကောင်းကင်ဧကရာဇ်များက စောင့်ကြပ်နေပေသည်။ မည်သူမှ မဆင်မခြင် မပြုဝံ့ပေ။ ဤနေရာကို တိုက်ခိုက်ဝံ့သော တောင်‌ပေါ်ဓားပြအဖွဲ့များလည်း မရှိချေ။ သူရိန်နီကုန်သည်အဖွဲ့အစည်း၏ ဂုဏ်သတင်းက နဂါးဖြူကျွန်းဆွယ်တစ်ခွင်လုံးတွင် ကျော်ကြားသည်။ ရှန်းစီမျိုးနွယ်တွင် ဆက်မနေလိုတော့သူမဟုတ်လျှင် မည်သူမှ သူရိန်နီကုန်သည်အဖွဲ့အစည်း၏ ခံတပ်ကို မတိုက်ခိုက်ဝံ့ကြပေ။

အချိန်နှစ်ရက်သည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွား၏။ ကျန်းရီ၏ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားပြီဖြစ်သည်။ သူသည် ရေချိုးကာ သန့်ရှင်းသော အဝတ်အစားများ လဲလိုက်၏။ ထို့နောက် သူက ကောင်းကင်ဧကရာဇ်ခြောက်ဆယ်ကျော်ကို ခန်းမထဲသို့ စုဝေးခိုင်းလိုက်သည်။ သူ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

“ ဒီတစ်ခေါက် ငါ အားလုံးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ဝမ်ကွမ်း... ငါတို့ပြန်ရောက်ရင် အားလုံးကို ကောင်းကင်ကျောက်တုံး တစ်သန်းစီ ချီးမြှင့်လိုက်ပါ”

ကောင်းကင်ဧကရာဇ်များ ရင်ခုန်သွားပြီး မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်လာလေသည်။ ကျန်းရီသည် အသုံးအဖြုန်းကြီးနေခြင်း မဟုတ်လော။ ကောင်းကင်ကျောက်တုံးတစ်သန်းသည် ကုသိုလ်မှတ်တစ်သောင်းနှင့် ညီမျှသည်။ ထိုပမာဏနှင့်ဆိုလျှင် သူတို့သည် မြို့ငယ်တစ်ခုတွင် အိမ်တစ်လုံးဝယ်ကာ ဘဝတစ်လျှောက်လုံး မြို့ထဲတွင် ကျင့်ကြံရင်း ကုန်ဆုံးနိုင်ပေသည်။

သို့သော်...

ရန်တုံနှင့် အခြားသူများထံတွင် ကုသိုလ်မှတ်တစ်သောင်း ရှိပြီးဖြစ်သည်။ ယခင်က သူတို့သည် အစ်မကြီးဆည်းလည်း၊ အဖွဲ့မှူးရင်နှင့် အခြားသူများနောက်သို့ လိုက်ခဲ့ကာ ကောင်းကင်ကျောက်တုံးနှင့် ကုသိုလ်အမှတ်အချို့ ရရှိခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူတို့ များစွာ မစွမ်းဆောင်ခဲ့ပေ။ ထို့ပြင် ကျန်းရီကြောင့်သာ မဟုတ်လျှင် သူတို့အားလုံးသည် လေနက်တပ်မဟာ၏ သတ်ဖြတ်မှုကို ခံလိုက်ရမည်ဖြစ်သည်။ သို့ရာတွင် ကျန်းရီက သူတို့ကို ကောင်းကင်ကျောက်တုံးတစ်သန်းစီ ပေးနေပေသည်။ ယင်းမှာ အလွန် တဲ့တိုးဆန်နေခြင်း မဟုတ်လော။ သူတို့က အယောက်ခြောက်ဆယ်ကျော် ရှိသည်ဖြစ်ရာ ကောင်းကင်ကျောက်တုံး သန်းခြောက်ဆယ်ကျော် ပေးရမည်ဖြစ်သည်။

“အမ်... ကျုပ် မှတ်သားထားပါမယ်”

ချမ်ဝမ်ကွမ်း၏ နှုတ်ခမ်းစွန်းများ တွန့်သွား၏။ ရင်ထဲတွင်လည်း စစ်ခနဲဖြစ်သွားသည်။ သို့သော် သူ ချက်ချင်း ပြန်ပြုံးလိုက်၏။ သူက အံ့အားသင့်နေသော လူများကို ကြည့်လိုက်ပြီး လေးလံစွာ ပြောလိုက်သည်။

“ မင်းတို့က အဖွဲ့မှူးကျန်းကို ကျေးဇူးမတင်ကြသေးဘူးလား”

“ကျေးဇူးတင်ပါတယ် အဖွဲ့မှူးကျန်း။ ကျုပ်တို့ အဖွဲ့မှူးအတွက် အသက်စွန့်ဖို့ ဆန္ဒရှိပါတယ်”

သူတို့အားလုံးသည် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ကြ၏။ သူတို့ ကျန်းရီကို ကြည့်သော အကြည့်ထဲတွင် လေးစားမှုများ ပိုတိုးလာလေသည်။

ကျန်းရီသည် သန်မာ၏၊ သစ္စာရှိ၏၊ ပွင့်လင်း၏။

ထိုကဲ့သို့သော ခေါင်းဆောင်တစ်ယောက်နောက်သို့ မလိုက်လျှင် သူတို့သည် မည်သူ့နောက်သို့ လိုက်ရမည်နည်း။ ဤတစ်ကြိမ် ကျန်းရီနောက်သို့ လိုက်လာသူများသည် သူ့လက်အောက်တွင် တာဝန်ထမ်းဆောင်သူများဖြစ်သည်။ ထိုအခိုက်၌ သူတို့အားလုံးက ကျန်းရီနောက်သို့ တစ်သက်လုံးလိုက်မည်ဟု ဆုံးဖြတ်လိုက်ကြလေသည်။

“ဟဲဟဲ... မင်းတို့အားလုံး အနားယူနိုင်ပါပြီ။ အရင်ဆုံး ရဲတိုက်ကြီးကိုသွားပြီး လျှောက်ပတ်ကြည့်ကြတာပေါ့”

ကျန်းရီခေါင်းညိတ်လိုက်ပြီး ဖုန်းလန်၊ ကျန်းရှောင်နူ၊ ချင်းယွီ၊ ချမ်ဝမ်ကွမ်းနှင့် ရွှေရောင်မျောလွင့်နဂါးတို့ကို ခေါ်ကာ ရဲတိုက်လေးထဲမှ ထွက်၍ အကြီးဆုံးရဲတိုက်သို့ သွားလိုက်လေသည်။ သူသည် ချမ်ဝမ်ကွမ်း၏ နှုတ်ခမ်းစွန်းများက တွန့်နေသေးကြောင်း တွေ့သောအခါ ချမ်ဝမ်ကွမ်း၏ပခုံးကို ပုတ်လိုက်ပြီး တီးတိုးပြောလိုက်၏။

“မင်းက ကောင်းကင်ကျောက်တုံး သန်းခြောက်ဆယ်အတွက် စိတ်ညစ်နေတုန်းပဲလား။ ဟီးဟီး... ဒီတစ်ခေါက် ငါတို့ အကျိုးအမြတ် အများကြီး ရလိုက်ပါတယ်ကွ။ ကွေ့ရင်ရဲ့ ရှေးဟောင်းနတ်ဘုရားလက်စွပ်တစ်ခုတည်းမှာပင် ကောင်းကင်ကျောက်တုံး သန်းသုံးရာ ရှိတယ်...”

“ပြီးတော့ တခြားရတနာတွေလည်း အများကြီး ရှိသေးတယ်။ အခုထိ ဖွင့်မကြည့်ရ‌သေးတဲ့ ရှေးဟောင်းနတ်ဘုရားလက်စွပ်တွေလည်း အများကြီး ရှိသေးတယ်။ အကုန်လုံးကို ပေါင်းလိုက်မယ်ဆိုရင် ငါတို့ ကောင်းကင်ကျောက်တုံး သန်းလေးရာ၊ ငါးရာလောက် ရလိမ့်မယ်။ ခဏနေ ရဲတိုက်ထဲရောက်ရင် ငါမင်းကို မင်းလိုချင်တာမှန်သမျှ ဝယ်ပေးပါမယ်။ အဖွဲ့အမှူးကျန်းက ဒီနေ့ ရက်ရက်ရောရော သုံး‌တော့မှာ”

“သန်းလေးရာ၊ ငါးရာလား”

ချမ်ဝမ်ကွမ်း၊ ချင်းယွီ၊ ဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါးတို့သည် လေအေးများ ရှူသွင်းလိုက်ကြ၏။ ကျန်းရှောင်နူမှာမူ နားမလည်နိုင်ဟန်ဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ ချမ်ဝမ်ကွမ်းက ချက်ချင်းပင် ရယ်လိုက်ပြီး ပြောလိုက်၏။

“ခေါင်းဆောင်... ခေါင်းဆောင်ဘာသာ ပြောတာ‌နော်။ ခဏနေရင် ကျုပ် အတုအယောင် နတ်ဘုရားစစ်သံချပ်ကာ ဝယ်မယ်။ အဲ့ဒါမှ ကျုပ်လည်း ခေါင်းဆောင်လို ခံ့ညားလာမှာ”

“ဟားဟား... ဒီနေ့ အဲ့သံချပ်ကာကိုတွေ့ရင် ငါ မင်းကို ဝယ်ပေးပါမယ်”

ကျန်းရီ ရယ်လိုက်၏။ သူ စိတ်ကောင်းဝင်နေပေသည်။ သူ ရရှိလာသည်များထဲတွင် ကောင်းကင်ကျောက်တုံးများသည် ဒုတိယသာဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် တိုက်ခိုက်အမျိုးအစား အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုကို ရရှိခဲ့လေသည်။ သူသာ ၎င်းကို မွမ်းမံပြီးသွားလျှင် သူ၏တိုက်ခိုက်အင်အားသည် သေချာပေါက် တိုးတက်လာမည်ဖြစ်သည်။ ယင်းနှင့် မိုးကြိုးမီးနတ်ဘုရားဒိုင်းနှင့်သာဆိုလျှင် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်စုက သူ့ကို ယခု လာဝန်းရံလျှင်ပင် သူ ကြောက်ရန် လိုတော့မည် မဟုတ်ပေ။

ကျန်းရီတို့ ငါးယောက်သည် ရဲတိုက်အတွင်းသို့ ဝင်သွား၏။ ကျန်းရီတစ်ယောက် အရှေ့သို့ ကြည့်လိုက်သောအခါ ဆတ်ခနဲတုန်သွားသည်။ သူ တံတွေးမျိုချလိုက်ပြီး ပြောလိုက်၏။

“ကုန်သည်အဖွဲ့အစည်းရဲ့ ဒီလို ခံတပ်အသေးလေးထဲမှာ တကယ်ကို တော်တော် စည်ကားတာပဲ။ ဒီမှာ အနည်းဆုံး ဈေးဆိုင်တစ်ထောင်လောက်တော့ ရှိလောက်တယ်.. ဟုတ်တယ်မလား”

“ဟီးဟီး...”

ချမ်ဝမ်ကွမ်းက ဒုတိယထပ်ကို ညွှန်ပြကာ ပြန်ပြောလိုက်၏။

“ဒါက ကျားဖြူကျွန်းပေါ်က အကြီးဆုံး မှောင်ခို‌ဈေးပဲ။ ဒုတိယထပ်မှာ သာလွန် သူတော်စင်အသုံးအဆောင်တွေ အများကြီးရှိတယ်။ အတုအယောင် နတ်ဘုရား အသုံးအဆောင်တွေလည်း ရှိလောက်မယ်လို့ ကျုပ်ထင်တယ်။ ဟီးဟီး... ခေါင်းဆောင်.. ခေါင်းဆောင်ဘာသာ ပြောတာနော်။ တကယ်လို့ အတုအယောင် နတ်ဘုရား အသုံးအ‌ဆောင်ကိုသာ တွေ့ရင် ကျုပ်ကို ဝယ်ပေးရမယ်”

***

All Chapters