အိပ်မက် လှိုင်းဂယက် ဝတ်စုံ
Vol. 53 Ch. 729
ရဲတိုက်သည် ကြီးမားပြီး အတွင်း၌ အနည်းဆုံး ဈေးဆိုင်(၁၀၀၀)ကျော်ရှိပေသည်။ မခမ်းနားသော ဈေးဆိုင်အသေးလေးများလည်း အများအပြား ရှိ၏။ ထိုဆိုင်လေးများမှာ မြေပေါ်တွင် ပစ္စည်းအချို့ခင်းကျင်းထားပြီး ဆိုင်ရှင်တစ်ယောက်သာရှိသော ဆိုင်လေးများဖြစ်သည်။
ရဲတိုက်သည် နှစ်ထပ်ဖြစ်၏။ သို့သော် ကျန်းရီသည် ဒုတိယအထပ်သို့ တက်မသွားဘဲ မြေပေါ်တွင် ထိုင်နေသော လူများကို လက်ညှိုးညွှန်၍ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
“ဒါက ပြောနေကြတဲ့ မှောင်ခိုဈေးကွက်လုပ်ငန်းဆိုတာလား”
“ဟုတ်ပါတယ်...ဒါပါပဲ”
ချမ်ဝမ်ကွမ်းက ခေါင်းငုံ့၍ ပြန်ပြောလိုက်၏။
“ကောင်းကင်ကျောက်တုံး(၁၀၀၀)ပေးတဲ့သူတွေက ဈေးဆိုင်အသေးလေး သုံးရက်ဖွင့်ခွင့်ရတယ်။ အဲ့ဆိုင်လေးမှာ ကိုယ်ရောင်ချင်တဲ့ ရတနာတွေ ဒါမှမဟုတ် ရှားပါးပစ္စည်းတွေကို ခင်းကျင်းပြသလို့ရတယ်။ ဒုတိယထပ်က ဆိုင်တွေက ပိုပြီးဈေးကြီးတယ်။ ဒုတိယထပ်မှာ ဈေးဆိုင်အသေးလေးတစ်ဆိုင် ဖွင့်ချင်ရင် ကောင်းကင်ကျောက်တုံး(၁၀,၀၀၀)ပေးရတယ်။ ပြီးတော့ ကျုပ်တို့လည်း ဒုတိယထပ်မှာ ဈေးဝယ်ချင်ရင် ကောင်းကင်ကျောက်တုံး(၁၀၀၀)ပေးရမယ်”
“တကယ့်ကို မှောင်ခိုပဲ...”
ကျန်းရီတစ်ယောက် ရင်ထဲမှ ကျိန်ဆဲလိုက်သည်။ ထိုကဲ့သို့သော လုပ်ငန်းအပေါ် မှီခိုရုံဖြင့်ပင် သူရိန်နီကုန်သည်အဖွဲ့အစည်းသည် တစ်ရက်လျှင် ကောင်းကင်ကျောက်တုံး တစ်သိန်းကျော် ရနိုင်ပေသည်။ သူ လှည့်ပတ်ကြည့်လိုက်ပြီး လူများစွာသည် ရတနာများ ဝယ်ရန် ဤနေရာသို့ ရောက်လာကြသည်ကို သတိပြုမိသွားသည်။ ပထမထပ်တွင် အနည်းဆုံး လူတစ်ထောင်ကျော်ရှိပေလိမ့်မည်။ ရဲတိုက်က ကြီးမား၍သာ တော်သေးသည်။ ထို့ကြောင့် လူပြည့်ကျပ်နေသည်ဟု မထင်ရခြင်းပင်။
“သွားပြီး လှည့်ပတ်ကြည့်ကြစို့။ မင်းတို့ ကြိုက်တာတွေ့ရင် ငါ့ကို လာရှာလိုက်”
ကျန်းရီက လက် ဝှေ့ယမ်းလိုက်၏။ အားလုံး စိတ်အားထက်သန်သွားကြသည်။ ဤနေရာတွင် ဆန်းကြယ်၍ ထူးခြားသော ပစ္စည်းများ များစွာ ရှိပေသည်။ ဖုန်းလန်နှင့် ချင်းယွီတို့၏ မျက်လုံးများသည်လည်း တလက်လက်တောက်ပလာသည်။ မိန်းမများသည် ဈေးဝယ်ရသည်ကို ကြိုက်နှစ်သက်သည် မဟုတ်ပါလော။ ကျန်းရှောင်နူသည်ပင် စိတ်ဝင်စားသော မျက်လုံးများဖြင့် လှည့်ပတ်ကြည့်နေပေသည်။
“သခင်လေး... ကျွန်မတို့ ဟိုကို တစ်ချက်သွားကြည့်လိုက်ဦးမယ်။ တကယ်လို့ သခင်လေးပျင်းရင် တခြားနေရာတွေကို သွားကြည့်နေပေါ့။ ခဏနေမှ ကျွန်မတို့ သခင်လေးကို လာရှာပါမယ်”
ချင်းယွီတစ်ယောက် အထည်ဆိုင်တစ်ဆိုင်ကို တွေ့သောအခါ မျက်လုံးများ တောက်ပသွား၏။ ဖုန်းလန်ကလည်း ချက်ချင်းရပ်လိုက်ပြီး ကျန်းရီကို ပြောလိုက်သည်။ ကျန်းရီ လှည့်ပတ်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ချမ်ဝမ်ကွမ်းကို မေးလိုက်သည်။
“ဝမ်ကွမ်း... ဒီနေရာက လုံခြုံလား”
ချမ်ဝမ်ကွမ်းက ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်၏။
“လုံခြုံပါတယ်။ ရဲတိုက်ထဲမှာ အကြမ်းဖက်တာကို တားမြစ်ထားတယ်။ ဘယ်သူပဲဖြစ်ဖြစ်.. လုမျိုးနွယ်က မျိုးနွယ်ဝင်တွေတောင် ဒီနေရာမှာ မဆင်မခြင် မပြုမူရဲပါဘူး။ ဒီနေရာမှာ မဆင်မခြင်လုပ်ဝံ့တဲ့ ဘယ်သူမဆို ရဲတိုက်ထဲက ထိပ်သီးတွေ သတ်တာကို ချက်ချင်း ခံလိုက်ရမှာပဲ။ ဒီနေရာက သူရိန်နီကုန်သည်အဖွဲ့အစည်းပိုင်တဲ့ မှောင်ခိုဈေးတွေထဲက အရေးကြီးဆုံးဈေးတစ်ခုပဲ”
“အဲ့ဒါဆို ကောင်းပြီ”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ဖုန်းလန်နှင့် အခြားမိန်းကလေးနှစ်ယောက်ကို ပြုံးပြကာ ပြောလိုက်၏။
“မင်းတို့ မိန်းကလေးတွေ အထည်နည်းနည်း သွားဝယ်ကြပါ။ ဖုန်းအာ... ရှောင်နူအတွက်လည်း အထည်နည်းနည်းလောက် ရွေးပေးလိုက်ပါ။ ကောင်းကင်ကျောက်တုံးတွေ သုံးရမှာကို မစိုးရိမ်ပါနဲ့”
ဖုန်းလန်တို့ ပြောသောဆိုင်သည် အမျိုးသမီးအဝတ်အစားများကို အဓိက ပြုလုပ်ရောင်းချသော အမျိုးသမီးဆိုင်တစ်ဆိုင်ဖြစ်သဖြင့် ကျန်းရီအနေဖြင့် အထဲသို့ဝင်ရန် မသင့်တော်ပေ။ သူသည် ရွှေရောင်မျောလွင့်နဂါးအား မိန်းမပျိုသုံးယောက်ကို အပြင်တွင် စောင့်ခိုင်းထားလိုက်ပြီး ချမ်ဝမ်ကွမ်းနှင့်အတူ ဘေးမှ ဆိုင်များသို့ သွားလိုက်လေသည်။
“အာ...”
ကျန်းရီသည် ဈေးဆိုင်တစ်ဒါဇင်ကျော်ကို ဖြတ်လာပြီးနောက် အဘိုးအိုတစ်ယောက်၏ ဒူးများအရှေ့တွင် ခင်းကျင်းထားသော အနက်ရောင် သတ္တုတုတ်တစ်ချာင်းကို မြင်သောအခါ ရပ်လိုက်လေသည်။ ရှေးကျသော အရှိန်အဝါရှိသည့် သတ္တုတုတ်ပေါ်တွင် ဆန်းကြယ်သော ပုံသဏ္ဌာန်များ ရှိပေသည်။ ယင်းတို့မှာ အလွန်ထူးကဲ၏။
“ကောင်းကင်ကျောက်တုံး တစ်သိန်းလား”
ကျန်းရီသည် သတ္တုတုတ်အရှေ့ရှိ ဈေးနှုန်းကို မြင်သောအခါ မျက်ခုံးပင့်လိုက်၏။ ထိုတုတ်သည် သာလွန် သူတော်စင် အသုံးအဆောင်တစ်ခုနှင့် တူပေသည်။ သို့သော် ၎င်းကို ကောင်းကင်ကျောက်တုံး တစ်သိန်းနှင့်သာ ရောင်းနေခြင်းလော။
“သခင်လေး... သခင်လေးက ဒီ နဂါးနိုင်တုတ်ကို သဘောကျလို့လား”
အဘိုးအိုက ကျန်းရီ ရပ်လိုက်သည်ကို တွေ့သောအခါ မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်လေသည်။ သူ သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး ပြောလိုက်၏။
“ဒီ နဂါးနိုင်တုတ်က ကျုပ်ရဲ့ မျိုးနွယ်ရဲ့ အမွေပစ္စည်းတစ်ခုပါ။ ကျုပ်ရဲ့မျိုးနွယ်က နိမ့်ပါးလာတာ ဝမ်းနည်းစရာပဲ။ မျိုးနွယ်ဝင်တွေက ဆက်ပြီး မရှင်သန်နိုင်ကြတော့ဘူး။ အဲ့ဒါကြောင့် ကျုပ်လည်း ရွေးစရာမရှိတော့ဘဲ ဒီတုတ်ကို ထုတ်ရောင်းရတော့တာပဲ။ ဒီက သခင်လေးကို ကြည့်ရတာ ချမ်းသာတဲ့မျိုးနွယ်တစ်ခုက လာခဲ့တဲ့ပုံပဲ။ ဒီတုတ်ကို ကောင်းကောင်း ဂရုစိုက်ပေးပါ”
“အာ...”
ကျန်းရီသည် ကောင်းကင်ကျောက်တုံးတစ်သိန်းက သူ့အတွက် မပြောပလောက်သဖြင့် ထိုတုတ်ကို လိုချင်နေသည်။ ထို့ပြင် ယင်းအဘိုးအိုကလည်း အတော်လေး သနားစရာ ကောင်းပေသည်။ သူ ခေတ္တမျှ တွေးတောလိုက်၏။ ထို့နောက်တွင် သူ့လက်ထဲမှ ရှေးဟောင်းနတ်ဘုရားလက်စွပ် လင်းလက်လာသည်။ သူသည် ကောင်းကင်ကျောက်တုံးများကို ထုတ်တော့မည်ဖြစ်သည်။ သို့သော် သူ့စိတ်ထဲတွင် ဝမ်ချမ်ကွမ်း ပို့လွှတ်လိုက်သော အသံက ပဲ့တင်ထပ်သွားသည်။
“ခေါင်းဆောင်... အဲ့ဒါကို မဝယ်ပါနဲ့။ အဲ့ဒါက အတုဖြစ်လောက်တယ်”
အတုလော...
ကျန်းရီတစ်ယောက် မျက်တောင်ခတ်လိုက်ပြီး နားမလည်နိုင်သော မျက်နှာထားဖြင့် မေးလိုက်သည်။
“ဒီပစ္စည်းက ရှေးကျနေတဲ့ပုံပါပဲ... သေချာပေါက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လုပ်ထားတဲ့ပစ္စည်းဖြစ်မှာပါ။ အပေါ်က ပုံသဏ္ဌာန်တွေကလည်း အရမ်း ဆန်းကြယ်တယ်... အရှိန်အဝါ တချို့ပါတဲ့ ပုံပါပဲ။ အဲ့ဒါက ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ”
“ဟဲဟဲ...”
ချမ်ဝမ်ကွမ်းက ခေါင်းခါလိုက်ပြီး ထပ်မံ အသံပို့လွှတ်လိုက်၏။
“ခေါင်းဆောင်... ခေါင်းဆောင်က အကျင့်မကောင်းတဲ့ ကုန်သည်တွေကို လျှော့တွက်နေတာကိုး။ သူတို့ရဲ့ အတုလုပ်တဲ့ အရည်အချင်းတွေက အရမ်းအဆင့်မြင့်တယ်။ တကယ်လို့ ခေါင်းဆောင် မယုံဘူးဆိုရင် အဲ့တုတ်ကို သေချာကြည့်ကြည့်လို့ ရမလားလို့ အဲ့အဘိုးကြီးကို မေးကြည့်လိုက်ပါလား။ ခေါင်းဆောင်သာ အဲ့တုတ်ထဲကို အတွင်းအား ထည့်လိုက်ရင် အဲ့ရတနာက သာလွန် သူတော်စင် အသုံးအဆောင်ရဲ့ စွမ်းအား ရှိလား၊ မရှိဘူးလားဆိုတာကို ကြည့်လိုက်ရတာပဲ.. မဟုတ်ဘူးလား”
“ငါသိပြီ”
ကျန်းရီက အဘိုးအိုကို ကြည့်လိုက်ပြီး လေသံဖျော့ဖျော့ဖြင့် မေးလိုက်၏။
“ကျွန်တော် အဘိုးရဲ့ ရတနာကို သေချာကြည့်ကြည့်လို့ရမလားဗျ”
အဘိုးအို၏မျက်နှာထားသည် ချက်ချင်းပြောင်းလဲသွား၏။ သူက ပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြီး ပြန်ပြောလေသည်။
“မရပါဘူး။ အခုလိုပဲ ကြည့်လို့ရပါမယ်။ အဲ့ဒါကို သခင်လေးရဲ့ ကောင်းကင်စိတ်အာရုံနဲ့ လေ့လာကြည့်လိုက်ရပါတယ်။ ဒါပေမဲ့ အဲ့ဒါကို ကိုင်ကြည့်လို့တော့ မရပါဘူး။ တကယ်လို့ သခင်လေးမှာသာ ဒီအဘိုးကြီးရဲ့ ရတနာကို ယူသွားနိုင်တဲ့ စွမ်းရည်တချို့ရှိရင် ဒီအဘိုးကြီးက အများကြီး ဆုံးရှုံးသွားပါလိမ့်မယ်”
“ဟဲဟဲ...”
ကျန်းရီက ခပ်သဲ့သဲ့ ရယ်လိုက်ပြီး မျက်လုံးများကိုပိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ ထိုသတ္တုတုတ်ပေါ်တွင် ကောင်းကင်စိတ်အာရုံများကို အတွင်းသို့ အဝင်မခံသော အကန့်အသတ်တစ်ခု ရှိပေသည်။ သို့သော် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင် သူ၏အာရုံများအားလုံးသည် တိုးတက်လာမည်ဖြစ်၍ ထိုသတ္တုတုတ် ထုတ်လွှတ်နေသော ပျံ့ကျဲနေသည့် အရှိန်အဝါများကို အာရုံခံနိုင်ပေလိမ့်မည်။ သူ၏ နှုတ်ခမ်းစွန်းနှစ်ဘက်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။ ထို့နောက် သူ မျက်လုံးဖွင့်ကာ ချမ်ဝမ်ကွမ်းကိုခေါ်၍ အဝေးသို့ ထွက်သွားလိုက်တော့သည်။
အဘိုးအိုသည် ကျန်းရီ လှည့်ထွက်သွားသည်ကို တွေ့လိုက်သောအခါ စိတ်လှုပ်ရှားသွားပြီး လျင်မြန်စွာ လှမ်းခေါ်လိုက်၏။
“အာ... သခင်လေး ဘာလို့ ထွက်သွားရတာလဲ။ အဲ့ဒါက ဈေးကြီးတယ်လို့ ထင်လို့လား။ ရှစ်သောင်းဆိုရင်ရော ဘယ်လိုလဲ။ အဲ့ဒါမှ မကြိုက်သေးရင် ငါးသောင်းဆိုလည်း အဆင်ပြေပါတယ်...”
ကျန်းရီသည် အဘိုးအိုလှမ်းခေါ်သည်ကို လုံးဝ လျစ်လျူရှုလိုက်၏။ သို့သော် သူသည် အဘိုးအို၏ အတုလုပ် အရည်အချင်းကို အတော်လေး အထင်ကြီးနေပေသည်။ သူသာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်းကိုသုံး၍ အသေအချာ မကြည့်ခဲ့လျှင် ထွက်ပေါ်နေသော အရှိန်အဝါသည် သတ္တုတုတ်မှ ထွက်လာခြင်း မဟုတ်ကြောင်း သိခဲ့မည် မဟုတ်ပေ။ ထိုအရှိန်အဝါသည် အတွင်းရှိ ကျောက်တုံးလေးတစ်တုံးမှ ထွက်လာခြင်းဖြစ်သည်။ အကယ်၍ သူသာ ထိုအရာကို အာရုံမခံမိခဲ့လျှင် အလိမ်ခံလိုက်ရပေလိမ့်မည်။
ကျန်းရီသည် ပထမထပ်တွင် လှည့်ပတ်ကြည့်ပြီးသောအခါ ပစ္စည်းအတုများစွာကို တွေ့ခဲ့ရ၏။ ဤနေရာတွင် အတုအယောင် နတ်ဘုရား အသုံးအဆောင်များပင် ရှိပေသည်။
ဖုန်းလန်တို့ မိန်းမပျိုတစ်စုသည် အထည်ဆိုင်အတွင်းမှ ထွက်လာပြီဖြစ်သည်။ ဖုန်းလန်က အဝေးမှနေ၍ အသံပို့လွှတ်လိုက်၏။
“သခင်လေး.. ဒီက အထည်တွေက နည်းနည်း ကလက်တက်တက်နိုင်တယ်။ ညီမလေးရှောင်နူနဲ့ မသင့်တော်ဘူး။ ကျွန်မတို့ ဒုတိယထပ်ကိုသွားပြီး ကြည့်ရင် မကောင်းဘူးလား”
“ကောင်းတယ်... သွားကြစို့”
ကျန်းရီ ခေါင်းညိတ်ကာ အားလုံးကို ဦးဆောင်၍ ဒုတိယထပ်သို့ သွားလေသည်။ ထိုနေရာတွင် အနီရောင်စစ်သံချပ်ကာ ဝတ်ဆင်ထားသော ကုန်သည်အဖွဲ့အစည်းမှ အစောင့်တစ်ယောက် ရှိ၏။ ကျန်းရီတို့သည် တစ်ယောက်အတွက် ကောင်းကင်ကျောက်တုံး(၁၀၀၀)စီ ပေးလိုက်ပြီး ဒုတိယထပ်သို့ တက်သွားကြသည်။
ဒုတိယထပ်သည်လည်း ပထမထပ်လိုပင် ကျယ်ဝန်းပေသည်။ သို့သော် လူအနည်းငယ်သာ ရှိသည်။ ဒုတိယထပ်မှ လူအများစုမှာ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားများနှင့် ထည်ဝါစွာ ဝတ်ဆင်ထားသော သခင်လေးများ၊ သခင်မလေးများ ဖြစ်ကြသည်။ ကျန်းရီ ဝေ့ဝဲကြည့်လိုက်၏။ သူ့မျက်လုံးများ ချက်ချင်း တောက်ပလာလေသည်။ သူသည် ဘယ်ဘက်မှ ဈေးဆိုင်တစ်ဆိုင်ကို ညွှန်ပြ၍ ပြောလိုက်၏။
“အဲ့မှာ အထည်တွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ ကြည့်ရတာတော့ မဆိုးတဲ့ပုံပဲ”
အားလုံး ထိုနေရာသို့ ကြည့်လိုက်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ ထိုနေရာတွင် လှပသော အထည်မျိုးစုံရောင်းသည့် ဆိုင်ကြီးတစ်ဆိုင် ရှိပေသည်။
“အဲ့တစ်ထည် မဆိုးဘူး။ အဲ့ဒါက ညီမလေးရှောင်နူနဲ့ သင့်တော်တယ်”
ဖုန်းလန်သည် သူတို့ ဆိုင်ထဲ ဝင်မသွားခင်မှာပင် ဝတ်စုံတစ်ထည်ကို ညွှန်ပြ၍ ပြောလိုက်၏။ ကျန်းရီက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ထိုဝတ်စုံသည် အဖြူရောင်ဝတ်စုံဖြစ်ပြီး အဖြူရောင်အလင်းမှိန်မှိန် တောက်ပနေသည့် ငှက်မွေးဖြူများဖြင့် ရက်လုပ်ထားခြင်းဖြစ်သည်။ ၎င်းသည် အလွန် ဖြူစင်ကာ ခမ်းနား လှပပေသည်။ ဝတ်စုံပေါ်တွင် မြှုပ်ထားသော ထူးဆန်းသည့် ပုလဲလုံး ဒါဇင်အနည်းငယ်လည်း ရှိ၏။ ထိုပုလဲများသည် အဝါရောင်ဖျော့ဖျော့ လင်းလက်နေပြီး ဝတ်စုံတစ်ခုလုံးကို ပို၍ပင် တင့်တယ်နေစေလေသည်။
ကျန်းရီ နောက်လှည့် ကြည့်လိုက်၍ ကျန်းရှောင်နူ၏ မျက်လုံးများ တောက်ပနေသည်ကို တွေ့လိုက်လေသည်။ သူမသည် ထိုဝတ်စုံကို အလွန်ကြိုက်ကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် ကျန်းရီသည် လက်ဝှေ့ယမ်းကာ ဆိုင်အတွင်းရှိ အသက်လတ်ပိုင်း အမျိုးသမီးကို ပြောလိုက်သည်။
“ဆိုင်ရှင်... ဒီဝတ်စုံရဲ့တန်ဖိုးက ကောင်းကင်ကျောက်တုံး ဘယ်နှစ်တုံးလဲ”
“ဟဲဟဲ...”
အပြာနုရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်း အမျိုးသမီးထံတွင် ရိုးရှင်း၍ တင့်တယ်သော အရှိန်အဝါတစ်ခု ရှိပေသည်။ သူမသည် ခပ်အေးအေး လျှောက်လာပြီး ပြုံးကာ ပြန်ပြောလိုက်၏။
“ကျွန်မရဲ့ ဧည့်သည်တော်တွေက အမြင်ကောင်းတာပဲ။ ကျွန်မတို့ ဆိုင်က ဒီဝတ်စုံက အိပ်မက် လှိုင်းဂယက် ဝတ်စုံလို့ ခေါ်တယ်။ ဒီဝတ်စုံက ကျွန်မတို့ဆိုင်ကို ကိုယ်စားပြုတဲ့ ဝတ်စုံပဲ။ ဈေးက သိပ်မများပါဘူး။ ကောင်းကင်ကျောက်တုံး သန်းသုံးဆယ်ထဲပါ”
“သန်းသုံးဆယ်”
ဖုန်းလန်တို့ ပင့်သက်ရှိုက်လိုက်ကြ၏။ ချမ်ဝမ်ကွမ်း၏ ပါးစပ်သည်လည်း အဆက်မပြတ် တွန့်သွားလေသည်။ ရှောင်နူ၏ တောက်ပနေသော မျက်လုံးလေးများ ချက်ချင်း အရောင်မှိန်သွားသည်။ ကျန်းရီပင် မျက်မှောင်ကြုတ်သွားသည်။ ထိုဝတ်စုံသည် သန်းသုံးဆယ် ကျသည်လော။ ဤဆိုင်သည် နေ့ခင်းကြောင်တောင် ဓားပြတိုက်နေခြင်း မဟုတ်ပါလော။ ဖုန်းလန်တို့ မိန်းမပျိုများသည် ပထမထပ်တွင် အထည်တစ်ရာကျော် ဝယ်ခဲ့သည်။ သို့ပင်လျှင် ကောင်းကင်ကျောက်တုံး သောင်းကျော်သာ ကုန်ကျခဲ့သည်။
ရှောင်နူသည် ထိုဝတ်စုံရှည်ဆီမှ အကြည့်ခွာလိုက်ပြီး ခေါင်းခါကာ ပြောလိုက်၏။
“သခင်လေး... ကျွန်မတို့ အဲ့ဒါကို မဝယ်တော့ဘူး။ ကျွန်မ အဲ့ဝတ်စုံကို မကြိုက်ဘူး”
***