← Chapters

ငါ ဂုဏ်ရှိတယ်လို့ မခံစားရဘူး

Vol. 53 Ch. 730

ငါ ဂုဏ်ရှိတယ်လို့ မခံစားရဘူး

Vol. 53 Ch. 730

ကျန်းရီ ခပ်ဖွဖွ ပြုံးလိုက်ပြီး ကျန်းရှောင်နူ၏ မျက်နှာလေးကို ပွတ်သပ်လိုက်၏။ ထို့နောက် သူ အသက်လတ်ပိုင်း အမျိုးသမီးကို မေးလိုက်သည်။

“ဆိုင်ရှင်... ဈေးလေး နည်းနည်းလောက် လျှော့ပေးလို့မရဘူးလား”

“မလျှော့ပေးနိုင်တော့ဘူး”

အသက်လတ်ပိုင်း အမျိုးသမီးက အတန်ငယ် ပြုံး၍ ခေါင်းခါလိုက်သည်။

“သခင်လေး... ဒါက သာမန်ဝတ်စုံမဟုတ်ဘူးနော်.. သာလွန် သူတော်စင် အသုံးအဆောင်တစ်ခုပဲ။ အဲ့ဒါက စိတ်ဝိညာဉ်ကာကွယ် ပစ္စည်းတစ်ခု... တကယ်လို့ သခင်မလေးကသာ ဒီကာကွယ်ပစ္စည်းကို မွမ်းမံလိုက်ရင် အဆင့်နိမ့် ကောင်းကင်ဧကရာဇ်တွေရဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုတွေကတောင် သခင်မလေးကို သတ်နိုင်တော့မှာ မဟုတ်ဘူး။ သခင်လေး သူ့ကို စမ်းဝတ်ခိုင်းကြည့်ပါလား။ ပြီးတော့ ဒီ အိပ်မက် လှိုင်းဂယက် ဝတ်စုံက အရမ်းရှားတယ်... သုံးထားတဲ့ ပစ္စည်းတွေကလည်း တကယ့်ကို ထူးခြားတဲ့ ပစ္စည်းတွေပဲ။ အဲ့ဝတ်စုံကို ပိုးနတ်ဘုရားကျွန်းက နတ်ဘုရားပိုးချည်နဲ့ပဲ ရက်လုပ်ထားတာ...”

“ကောင်းပြီ”

ကျန်းရီက လက်ဝှေ့ယမ်းလိုက်ပြီး တဲ့တိုးပင် ပြောလိုက်သည်။

“ဆက်မပြောနဲ့တော့၊ သန်းသုံးဆယ်မလား... ကျွန်တော် ဝယ်မယ်”

“သခင်လေး...”

ကျန်းရှောင်နူသည် နှုတ်ခမ်းကိုက်ကာ ခေါင်းခါနေသည်။ ကောင်းကင်ကျောက်တုံး သန်းသုံးဆယ်သည် မည်မျှ တန်ကြောင်း သူမ မသိပေ။ သို့သော် ဖုန်းလန်ဝယ်ခဲ့သော ဈေးအကြီးဆုံး ဝတ်စုံသည်ပင် ကောင်းကင်ကျောက်တုံး ထောင်ဂဏန်းသာ ပေးရသည်ကို သူမ သိပေသည်။ ဤဝတ်စုံက ထိုဝတ်စုံထက် အနည်းဆုံး အဆတစ်ထောင် ပိုဈေးကြီးလေသည်။

“ဟဲဟဲ...”

ကျန်းရီက ကျန်းရှောင်နူကို နှစ်လိုဖွယ် ပြုံးပြလိုက်ပြီး ပြောလိုက်၏။

“ရှောင်နူ... မင်းကြိုက်တဲ့ ပစ္စည်းဆိုသာဆိုရင် သန်းသုံးဆယ်မပြောနဲ့ သန်းသုံးရာဆိုရင်လည်း သခင်လေးက ဝယ်ပေးမှာပဲ”

ကျန်းရှောင်နူ၏ သွယ်လျသော ခန္ဓာကိုယ်လေး တုန်ရင်သွားပြီး မျက်လုံးများ အရည်လဲ့လာလေသည်။ ဖုန်းလန်နှင့် ချင်းယွီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မနာလိုဖြစ်သွားကြသည်။ သို့သော် ကျန်းရှောင်နူသည် ကျန်းရီအတွက် မည်မျှ အရေးပါကြောင်း တွေးမိသောအခါ သူမတို့နှစ်ယောက်စလုံး လျင်မြန်စွာပင် နားလည်သွားကြသည်။

ချမ်ဝမ်ကွမ်းမှာမူ ပင့်သက်ရှိုက်နေဆဲပင်။ ဤနေရာတွင် အခြားသူဆိုပါက အသုံးအဖြုန်းကြီးသူဟု သူ ဆူပူပေလိမ့်မည်။ သို့သော် ကျန်းရီကိုမူ သူ တစ်ခွန်းမှ မပြောဝံ့ပေ။ ထိုဝတ်စုံသည် စိတ်ဝိညာဉ်အမျိုးအသား သာလွန် သူတော်စင် အသုံးအဆောင် ဖြစ်နိုင်သော်လည်း များစွာ အသုံးမဝင်ချေ။ ကျန်းရီသည် အဆင့်နိမ့် ကောင်းကင်ဧကရာဇ်တစ်စုလုံးကို ချက်ချင်း သတ်ပစ်နိုင်နေပြီဖြစ်ရာ ယင်းဝတ်စုံသည် ဘာအသုံးဝင်မည်နည်း။ ၎င်းမှာ ကြည့်၍ကောင်းသော ဝတ်စုံတစ်စုံသာဖြစ်သည်။

ရှပ်...ရှပ်...ရှပ်

ထိုအခိုက်တွင် အဝေးမှနေ၍ လူတစ်စု လျှောက်လာ၏။ သူတို့အားလုံးသည် အဖိုးတန် အဝတ်အစားများကို ဝတ်ဆင်ထားပြီး အဆင့်အတန်းမြင့်ပုံ ပေါ်လေသည်။ သူတို့ထဲမှ လှပသော မိန်းမပျိုတစ်ယောက်သည် အဝေးမှနေ၍ အိပ်မက် လှိုင်းဂယက် ဝတ်စုံကို လှမ်းတွေ့သွားပြီး စိတ်လှုပ်တရှား ပြောလိုက်လေသည်။

“အိပ်မက် လှိုင်းဂယက် ဝတ်စုံလား... အစ်ကိုဟုန် ညီမတို့ ဒီတစ်ခေါက် ကံကောင်းတာပဲ။ ဒီမှာ တကယ်ပဲ အိပ်မက် လှိုင်းဂယက် ဝတ်စုံ ရှိနေတာလား။ ညီမ အဲ့ဒါကို လိုချင်နေခဲ့တာကြပြီ။ ညီမ အဲ့ဒါကို ဝယ်ချင်တယ်”

“ဟဟ...”

လှပသော မိန်းမပျိုနောက်တွင် ရပ်နေသည့် သခင်လေးတစ်ယောက်က ပြုံး၍ ပြောလိုက်၏။

“ညီမ ကြိုက်တယ်ဆိုရင် အစ်ကိုက ဘာပဲဖြစ်ဖြစ် ဝယ်ပေးမှာပေါ့။ ဆိုင်ရှင် ကျွန်တော် အဲ့ဝတ်စုံ လိုချင်တယ်”

ကျန်းရီတို့သည် ထိုအသံကြောင့် မျက်မှောင်ကြုတ်၍ လှည့်ကြည့်လိုက်ကြသည်။ ထို့နောက်တွင် ကျန်းရီက ဆိုင်ရှင်ကို ကြည့်လိုက်၏။ အသက်လတ်ပိုင်း အမျိုးသမီးသည် အဖိုးတန် အဝတ်အစားများ ဝတ်ဆင်ထားသော သခင်လေးထံသို့ တောင်းပန်သည့်ဟန်ဖြင့် လျှောက်သွားကာ ပြောလိုက်၏။

“တောင်းပန်ပါတယ် သခင်လေးဟုန်၊ ဒီ အိပ်မက် လှိုင်းဂယက် ဝတ်စုံကို တခြားတစ်ယောက်က ဝယ်ပြီးနေပါပြီ။ ပြီးတော့ အိပ်မက် လှိုင်းဂယက် ဝတ်စုံက သုံးနှစ်မှ တစ်ထည်ပဲ ပြုလုပ်နိုင်တာ သခင်လေးလည်း သိလောက်မှာပါ။ သခင်လေးဟုန် တခြားပစ္စည်းတွေကို ကြည့်လို့ရပါတယ်.. ကျွန်မ နှစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ပေးမှာပါ...”

သခင်လေးဟုန်ဘေးမှ မိန်းမပျိုသည် သူ၏လက်ကို ကိုင်၍ အပြင်းအထန် လှုပ်ယမ်းလိုက်ပြီး အလိုမကျဟန်ဖြင့် ပြောလိုက်၏။

“မရဘူး... ညီမက အဲ့ အိပ်မက် လှိုင်းဂယက် ဝတ်စုံကိုပဲ ကြိုက်တာ။ ပြီးခဲ့တဲ့ နှစ်ကတည်းက အဲ့ဝတ်စုံကို ဝယ်ဖို့ ညီမ စောင့်နေခဲ့ရတာ။ အစ်ကိုဟုန်.. ညီမ အဲ့ဝတ်စုံကိုပဲ လိုချင်တယ်”

“အင်းပါ.. အင်းပါ”

သခင်လေးဟုန်က ခါးသက်သက် ရယ်လိုက်ပြီး ကျန်းရီတို့ အုပ်စုကို ကြည့်လိုက်၏။ သူသည် ဖုန်းလန်နှင့် ကျန်းရှောင်နူတို့ကို မြင်သွားသောအခါ မျက်လုံးများ လင်းလက်သွားလေသည်။ သူ ရှေ့သို့ ခြေနှစ်လှမ်း လှမ်းလိုက်ပြီး ထည်ဝါသော ဟန်ပန်ဖြင့် ဦးညွှတ်ကာ အတန်ငယ် ပြုံး၍ ပြောလိုက်၏။

“ကျွန်တော်က ကျားဖြူမြို့က ဟုန်မူပါ။ ကျွန်တော့်အဖေက ဟုန်ထျန်းယောင်ပါ။ ဒီက မိန်းကလေး သုံးယောက်ရဲ့ နာမည်တွေကို ကျွန်တော် မေးလို့ရမလားခင်ဗျာ”

ဖုန်းလန်နှင့် ကျန်မိန်းမပျိုနှစ်ယောက်တို့၏ မျက်နှာထားများ ချက်ချင်း မည်းမှောင်သွားကြသည်။ သူမတို့ထဲက မည်သူမှ သခင်လေးဟုန်ကို အရေးမစိုက်ပေ။ သူမတို့သည် ကျန်းရီကိုသာ ကြည့်လိုက်ကြ၏။ သခင်လေးဟုန်သည် ခေတ္တမျှ စောင့်ဆိုင်းနေပြီး အပြုံးကို ပြန်ရုတ်ကာ ကျန်းရီကို ကြည့်လိုက်သည်။

“ကောင်လေး... အဲ့ဝတ်စုံကို ငါ့ကို ပေးစမ်း။ ငါမင်းကို ကောင်းကင်ကျောက်တုံး တစ်သန်းပေးမယ်။ ဘယ်လိုလဲ”

“တစ်သန်းလား”

ကျန်းရီ၏ နှုတ်ခမ်းစွန်းများတွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထိုခွေးချေးသခင်လေးသည် သူ့ကို အရေးမပါသူတစ်ယောက်ကဲ့သို့ ဆက်ဆံနေခြင်းလော။

သို့သော် ကျန်းရီသည် ပဋိပက္ခ မဖြစ်လိုသဖြင့် အေးစက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

“ဒီက သခင်လေးကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ ဒီဝတ်စုံကို ဝယ်ပြီးသွားပါပြီ။ ပြန်ရောင်းဖို့ ဆန္ဒမရှိပါဘူး”

“ငါ မင်းကို ဆယ်သန်းပေးမယ်ကွာ”

သခင်လေးဟုန်၏ မျက်နှာထားသည် ပို၍ အရုပ်ဆိုးလာ၏။ သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်လည်း တောက်ပလာသည်။ ထို့နောက် ရှေးဟောင်းနတ်ဘုရားလက်စွပ် နောက်တစ်ကွင်း ထွက်ပေါ်လာပြီး သူပြောလိုက်သည်။

“ကောင်းကင်ကျောက်တုံးတွေကို ကောက်ပြီး ချက်ချင်း ထွက်သွားလိုက်တော့”

“အမ်...”

ချမ်ဝမ်ကွမ်း၊ ရွှေရောင်မျောလွင့်နဂါးနှင့် အခြားသူများသည် မျက်နှာထား မည်းမှောင်သွား၏။ ဖုန်းလန်နှင့် ချင်းယွီတို့၏ မျက်နှာထားများလည်း အေးစက်သွားသည်။ ကျန်းရှောင်နူမှာမူ ပုံစံပြောင်းကာ စတင်တိုက်ခိုက် လိုသွားသည်။

ကျန်းရီက လက်မြှောက်၍ အားလုံးကို တားလိုက်ပြီး တောက်ပသော အပြုံးတစ်ချက် ပြုံးလိုက်လေသည်။ သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်လည်း တောက်ပလာ၏။ သူသည်လည်း လက်စွပ်တစ်ကွင်းကို ထုတ်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

“ဒီမှာ ကောင်းကင်ကျောက်တုံး သန်းငါးဆယ်။ မင်း ဒီကနေပြီး ပထမထပ်ထိ မြေပေါ်မှာ တွားသွားပြီး သွားမယ်ဆိုရင် အဲ့ဒါကို မင်းယူလို့ရတယ်။ ဘယ်လိုလဲ”

ဝှစ်...ဝှစ်...ဝှစ်

သခင်လေးဟုန်၏ အနောက်ရှိ လူဒါဇင်ကျော်သည် မျက်နှာထားများ ပြောင်းလဲသွားပြီး ကျန်းရီကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် သတ်ဖြတ်လိုစိတ်များ စီးဆင်းနေသည်။ သူတို့သည် အချိန်မရွေး တိုက်ခိုက်‌တော့မလိုပင်။ သူတို့ထဲတွင် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်သုံးပါး ပါ၏။ ကျန်သူများမှာမူ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များဖြစ်သည်။ သခင်လေးဟုန်၏ နောက်ခံမှာ မရိုးရှင်းကြောင်း ထင်ရှားပေသည်။

သခင်လေးဟုန်က ဒေါသတကြီး ရယ်လိုက်ပြီး ပြောလိုက်၏။

“ကောင်းတယ်..ကောင်းတယ်...ကောင်းတယ်၊ ကောင်လေး မင်းက သတ္တိတော့ ရှိသားပဲ။ ကျားဖြူကျွန်းပေါ်မှာ ငါ ဟုန်မူကို စော်ကားရဲ့သူ နည်းနည်းပဲ ရှိတယ်။ မင်းကတော့ အဲ့ထဲက တစ်ယောက်ပေါ့”

“ငါတော့ ဂုဏ်ရှိတယ်လို့ မခံစားရပါဘူး”

ကျန်းရီက ပြုံးကာ ခေါင်းခါလိုက်သည်။ ထို့နောက် သူ၏မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး သူ အေးစက်စွာ အော်လိုက်လေသည်။

“ထွက်သွားစမ်း”

ဝီ...

သခင်လေးဟုန်နောက်မှ လူများသည် ရုတ်ခြည်း အရှိန်အဝါများ ထုတ်လွှတ်လိုက်ကြ၏။ သခင်လေးဟုန်၏ အသုံးအဆောင် ဓားလည်း ထွက်ပေါ်လာသည်။ သူသည် တစ်ယောက်ယောက်ကို ခုတ်လိုနေပြီး အတွင်းအား ဖြာထုတ်နေလေသည်။

“ဟားဟားဟား...”

ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်ပြီး အော်ပြောလိုက်၏။

“ဘာလဲ.. မင်းက တိုက်ခိုက်ချင်လို့လား။ သူရိန်နီ ကုန်သည်အဖွဲ့အစည်းမှာ ဘယ်သူမှ မရှိတော့ဘူးလား။ ဒီနေရာမှာ လူသတ်လို့ရလို့လား။ အဲ့လိုဆိုရင် ဒီကုန်သည်အဖွဲ့အစည်းကို လိုအပ်တော့မှာ မဟုတ်ဘူး”

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းရီ၏စကား မဆုံးသေးခင်မှာပင် အနီရောင်လူရိပ် ဒါဇင်ကျော် ပျံသန်းလာ၏။ သူတို့ထဲတွင် အနည်းဆုံး အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါး ပါဝင်ပေသည်။ သူတို့အားလုံးသည် အနီရောင်စစ်သံချပ်ကာ ဝတ်ဆင်ထားသဖြင့် သူရိန်နီ ကုန်သည်အဖွဲ့အစည်းမှ ဖြစ်ကြောင်း ထင်ရှားလေသည်။ အကြီးအကဲတစ်ဦးက အဝေးမှနေ၍ အော်ပြောလိုက်၏။

“အဲ့မှာ ရပ်လိုက်။ မဟုတ်ရင် ကျုပ်တို့ ညှိုနှိုင်းမနေဘဲ သတ်ပစ်လိုက်မယ်”

သခင်လေးဟုန်တို့ အုပ်စုသည် မျက်နှာပျက်သွားကြ၏။ သူတို့၏မျက်နှာများ ဖြူဖပ်ဖြူရောက်ဖြစ်လာကာ သူတို့၏ခန္ဓာကိုယ်များသည်လည်း ဒေါသကြောင့် တဆတ်ဆတ်တုန်နေကြသည်။ အနောက်မှ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်အကြီးအကဲတစ်ဦးက ဟုန်မူ၏လက်ကို ဆွဲကာ တီးတိုးပြောလိုက်၏။

“သခင်လေး... ဒီနေရာမှာ ဘာပြဿနာမှ မရှာပါနဲ့။ မဟုတ်ရင် မျိုးနွယ်က ကျုပ်တို့ကို ကြီးလေးတဲ့အပြစ် ပေးလိမ့်မယ်”

“ကောင်းပြီ..ကောင်းပြီ”

သခင်လေးဟုန်၏လက်ထဲမှ ဓားရှည် ပျောက်သွား၏။ ထို့နောက် သူသည် ကျန်းရီကို စူးစူးဝါးဝါး ကြည့်ကာ မေးလိုက်၏။

“ကောင်လေး... မင်း ငါ့ကို မင်းရဲ့နာမည် ပြောရဲလား။ ငါတို့ရဲ့ နောက်ခံတွေက တစ်ဘက်တည်းဖြစ်နေရက်နဲ့ ငါတို့ တိုက်ခိုက်မိမှာစိုးလို့ မေးတာပါ”

“ငါက ဘယ်သူမှ မဟုတ်ဘူး”

ကျန်းရီက ပခုံးတွန့်၍ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“သခင်လေး ငါ့ကို မှတ်ထားစရာ မလိုပါဘူး”

“သွားစို့”

သခင်လေးဟုန်သည် ကျန်းရီကို စူးစူးဝါးဝါးကြည့်ကာ သူ့လူများနှင့်အတူ ဒေါသတကြီး ထွက်သွားလေသည်။ ချမ်ဝမ်ကွမ်းသည် ချက်ချင်း ရှေ့သို့ကိုင်းကာ တီးတိုးပြောလိုက်၏။

“ခေါင်းဆောင်.. ဒီတစ်ခေါက်တော့ ပြဿနာတက်တော့မယ် ထင်တယ်။ ဟုန်မျိုးနွယ်က ကျားဖြူမြို့က တတိယအကြီးဆုံးမျိုးနွယ်ပဲ။ အဲ့ကောင်က ဟုန်မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်က ဖြစ်လောက်တယ်”

ကျန်းရီ ပြုံးလိုက်ပြီး ပြန်မပြောလိုက်ပေ။ ထို့နောက် သူ နောက်လှည့်ကာ ဆိုင်ရှင်ကို ပြောလိုက်သည်။

“ဆိုင်ရှင်... အဲ့ဝတ်စုံကို ဖြုတ်လိုက်ပါ။ တခြားကိစ္စမရှိတော့ရင် ကျွန်တော် အဲ့ဝတ်စုံအတွက် တန်ကြေးပေးပါမယ်”

အသက်လတ်ပိုင်း အမျိုးသမီးသည် ဝတ်စုံကို ဖြုတ်လိုက်ပြီး ကျန်းရှောင်နူကို ပေးကာ ပြောလိုက်သည်။

“သခင်မလေး... ဒီဝတ်စုံရှည်က တစ်ခါမှ မမွမ်းမံထားရသေးပါဘူး။ အဲ့ဝတ်စုံက သခင်မလေးကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုအောင် အဲ့အပေါ် သခင်မလေးရဲ့ သွေးတစ်စက် ချလိုက်ရုံပါပဲ။ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို သုံးတတ်တဲ့သူရှိရင် စမ်းကြည့်လို့ရပါတယ်”

“သခင်လေး...”

ကျန်းရှောင်နူသည် ၎င်းကို လက်ခံရန် အတန်ငယ် ချီတုံချတုံဖြစ်နေသည်။ သို့သော် ကျန်းရီက ဝတ်ရုံရှည်ကို ကျန်းရှောင်နူလက်ထဲ အတင်းထည့်ပေးလိုက်သည်။ ထို့နောက် သူသည် ဓားသေးလေးတစ်ချောင်းကို ထုတ်ကာ သူမ၏လက်ချောင်းပေါ်တွင် ခပ်သေးသေး လှီးလိုက်၏။ ထိုဓားရာမှထွက်လာသော သွေးစက်တစ်စက်သည် ဝတ်စုံပေါ်ကျသွားပြီး ရုတ်ခြည်း ပျောက်ကွယ်သွားလေသည်။ ထို့နောက် ကျန်းရှောင်နူ တစ်ချက်တွေးလိုက်သောအခါ ဝတ်စုံသည် သူမ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ကာ အလိုအလျောက်ပျောက်ကွယ်သွား၏။ ယင်းနောက် ချက်ချင်းပင် အပြင်သို့ ပြန်ထွက်ပေါ်လာလေသည်။

ရွှီး...

ဝတ်စုံရှည်သည် အလင်းဖျော့ဖျော့ လင်းလက်လာ၏။ ကျန်းရှောင်နူ၏တစ်ကိုယ်လုံးကို တောက်ပသော အလင်းက လွှမ်းခြုံထားပြီး သူမကို အင်မော်တယ်ဘုံမှ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးကဲ့သို့ ဖြစ်နေစေလေသည်။ ဖုန်းလန်နှင့် ချင်းယွီတို့သည်ပင် အနည်းငယ် မနာလိုဖြစ်သွားကြသည်။

ဝှစ်...

ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ အနီရောင်အလင်းတစ်ချက် လက်သွားပြီး ဝိညာဉ်ဓားတစ်လက်သည် ကျန်းရှောင်နူထံသို့ ဦးတည်ပျံသန်းသွားလေသည်။ ဝိညာဉ်ဓားက ကျန်းရှောင်နူ၏ မျက်ခုံးနှစ်ခုအကြားသို့ ရောက်သောအခါ အဖြူရောင်အလင်း၏ တားဆီးမှုကို ခံလိုက်ရသည်။ ကျန်းရီ အတန်ငယ် ခေါင်းညိတ်လိုက်ပြီး သူ၏ဝိညာဉ်ဓားကို ပြန်ရုတ်သိမ်းလိုက်၏။ သူသည် စွမ်းအားကုန် မသုံးခဲ့သော်လည်း ထို အိပ်မက် လှိုင်းဂယက် ဝတ်စုံသည် အမှန်ပင် စိတ်ဝိညာဉ်ကာကွယ် အသုံးအဆောင်တစ်ခု ဖြစ်ပေသည်။

ကျန်းရီသည် ကောင်းကင်‌ကျောက်တုံးများ ပေးပြီးနောက်တွင် ပြုံးကာ လက်ဝှေ့ယမ်းလိုက်၏။

“သွားကြစို့... ဒီမှာ တခြားဘာရတနာတွေ ရှိသေးလဲ လျှောက်ပတ်ကြည့်ကြတာပေါ့”

“ခေါင်းဆောင်...”

ဖုန်းလန်နှင့် အခြားသူများသည် စိုးရိမ်နေသဖြင့် သိပ်မျက်နှာမကောင်းကြပေ။ ထို့ကြောင့် ချမ်ဝမ်ကွမ်းက ထပ်မံ တီးတိုးပြောလိုက်၏။

“ကျုပ်တို့ ရဲတိုက်ထဲမှာ လုံခြုံပါတယ်။ ပြီးတော့ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှာလည်း လုံခြုံမှာပါ။ ဒါပေမဲ့ ရဲတိုက်ကနေ ကောင်းကင်ကံကြမ္မာသင်္ဘောဆီ သွားတဲ့လမ်းမှာတော့ အဲ့ သခင်လေးဟုန်က ကျုပ်တို့ကို အချိန်မရွေးတိုက်ခိုက်နိုင်တယ်။ သူ့ စိတ်ဓာတ်အရဆို သူက ဒီကိစ္စကို အလွယ်တကူတော့ မေ့ပစ်မှာ မဟုတ်ဘူး”

***

All Chapters