လေအရိပ်ဝတ်ရုံ
Vol. 53 Ch. 731
“ဟဲဟဲ...”
ကျန်းရီက အရေးမစိုက်ဟန်ဖြင့် ခေါင်းခါလိုက်သည်။
“ပမွှားလေးတစ်ကောင်ပါပဲကွာ။ သူက လုမျိုးနွယ်ကသူ မဟုတ်ရင် ငါတို့က ဘာလို့ သူ့ကို ကြောက်ရမှာလဲ။ သူ့အတွက် အလုပ်လုပ်ပေးနေတဲ့ အဲ့ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တွေကို ငါ တကယ် အထင်သေးတယ်”
ဟုန်မျိုးနွယ်သည် ကျားဖြူမြို့မှ တတိယအကြီးဆုံးမျိုးနွယ်ဖြစ်သဖြင့် အပြစ်သားကျွန်းပေါ်မှ ထိပ်တန်းမျိုးနွယ်(၁၃)ခုထဲတွင် ပါမည် မဟုတ်ပေ။ ထိုမျိုးနွယ်သည် ရှန်းစီမျိုးနွယ်၏ အုပ်ချုပ်သူမဟုတ်သဖြင့် ကြောက်စရာမကောင်းပေ။ ထိုမျိုးနွယ်ကို အပြစ်ပြုမိလျှင်လည်း ဘာမှ ဖြစ်မည် မဟုတ်ချေ။
ပို၍အရေးကြီးသည်မှာ သခင်လေးဟုန်ဆိုသူက ထိပ်သီးသိုင်းသမားအနည်းငယ်ကိုသာ စေလွှတ်နိုင်သည့် ပမွှားလေးတစ်ယောက်သာဖြစ်ခြင်းပင်။ သူ၏မျိုးနွယ်သည် သူ၏စကားများကြောင့် အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့် ထိပ်သီးသိုင်းသမားများကို စေလွှတ်လောက်မည် မဟုတ်ပေ။
သို့သော် အမှန်ပင် အဆင့်မြင့် ကောင်းကင်ဧကရာဇ်များ ရောက်လာလျှင်ပင် ကျန်းရီသည် နောက်ဆုတ်မည် မဟုတ်ချေ။ ကျန်းရှောင်နူမှာ သူ တန်ဖိုးထားသူဖြစ်သည်။ သူသည် ကျန်းရှောင်နူကို မပျော်မရွှင်ဖြစ်အောင် လုပ်သည့် မည်သူ့ကိုမဆို သတ်ပစ်မည်ဖြစ်၏။ ထို့ကြောင့် သူသည် ဤကိစ္စကို သိပ်အလေးအနက် မထားခြင်းပင်။ အဆိုးဆုံးအခြေအနေတွင် သူသည် သူ့အုပ်စုကို ခေါ်ကာ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးရုံသာ ရှိပေသည်။
ကျန်းရီသည် တစ်ခဏမျှ တွေးတောကာ ချမ်ဝမ်ကွမ်းကို ပြောလိုက်၏။
“ဝမ်ကွမ်း... ကောင်းကင်ကျောက်တုံးနည်းနည်းလောက် ထပ်သုံးပြီး ဝူရွှမ်းနဲ့ ယွင်ဖေးအကြောင်း သတင်းတချို့ စုံစမ်းခဲ့”
“ခေါင်းဆောင် စိတ်မပူပါနဲ့”
ချမ်ဝမ်ကွမ်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကျုပ် အဲ့ဒါကို စီစဉ်ပြီးပါပြီ။ သူတို့ အခုဆို နဂါးပြာမြို့ကို ရောက်နေလောက်ပါပြီ။ ကျုပ် အစီအစဉ်တွေ လုပ်ပြီးပါပြီ.. သတင်း ရောက်လာပါလိမ့်မယ်”
“ကောင်းပြီ”
ကျန်းရီက ဆက်မေးမနေတော့ဘဲ သူ့အုပ်စုကို ဦးဆောင်၍ လှည့်ပတ်ကြည့်လိုက်လေသည်။ သူသည် အပျော် လျှောက်ကြည့်နေခြင်း မဟုတ်ပေ။ သခင်လေးဟုန်က သူ့ကို ရဲတိုက်အပြင်တွင် စောင့်နေနိုင်ခြေများ၍ အချိန်ဆွဲနေခြင်းဖြစ်သည်။ ကျန်းရီသည် သူ့ကို နည်းနည်းကြာကြာ စောင့်ခိုင်းထားလိုပေသည်။
ကျန်းရီတစ်ယောက် ပျော်ပျော်ရွှင်ရွှင်ဖြင့် လှည့်လည် ကြည့်ရှုနေ၏။ သို့သော် ချမ်ဝမ်ကွမ်းနှင့် ကျန်သူများသည် သူ့လောက် စိတ်မအေးနိုင်ဘဲ စိုးရိမ်နေကြလေသည်။ တစ်ပတ်လှည့်ပတ် ကြည့်ပြီးနောက် ကျန်းရီက ဈေးဆိုင်အသေးလေးတစ်ဆိုင်ရှေ့တွင် ရပ်လိုက်၏။ ဈေးဆိုင်တွင် အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်က တင်ပျဉ်ခွေထိုင်နေသည်။ ထိုသူ၏အရှေ့တွင် အလွန်ထူးဆန်းသော ရတနာတစ်ခု ရှိလေသည်။ ယင်းမှာ လူတစ်ယောက်၏ လက်ကဲ့သို့ ထူသော ကြေးညှိများတက်နေသည့် ကြေးသော့တစ်ချောင်းဖြစ်သည်။ ၎င်းသည် ရှေးဟောင်းအနံ့အသက်တစ်ခုကို ထုတ်လွှတ်နေပေသည်။ သော့ပေါ်ရှိ ပုံသဏ္ဌာန်များသည် အတော်လေး ရှုပ်ထွေးပြီး ဆန်းကြယ်၏။ သော့သည် ကောင်းကင်ကျောက်တုံး သုံးသန်းတန်သည်ဟု ဈေးနှုန်းကပ်ထားပေသည်။
“ခေါင်းဆောင် သွားကြစို့... ဒီဟာကလည်း အတုပဲ ဖြစ်မှာပဲ။ အတုမဟုတ်ဘူးဆိုရင်တောင် အဲ့ဒါကို ဘယ်မှာ သွားသုံးရမှာလဲ။ အဲ့ဒါက ရတနာမဟုတ်ဘူး”
ချမ်ဝမ်ကွမ်းက သဘောမတူဟန်ဖြင့် နှုတ်ခမ်းတွန့်လိုက်သည်။ ကျန်းရီက ပြုံး၍ ခေါင်းခါလိုက်၏။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး သော့ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ ခေတ္တကြာပြီးနောက် သူ မျက်လုံးများပြန်ဖွင့်ကာ မေးလိုက်သည်။
“ဆိုင်ရှင်... ခင်ဗျား ဒီသော့ကို ဘယ်ကရခဲ့တာလဲ”
ဆိုင်ရှင်အမျိုးသားသည် မျက်လုံးများ ပိတ်ထားပေသည်။ ကျန်းရီတို့အုပ်စု သူ့ဆိုင်ရှေ့တွင် ရပ်နေသည်ပင် သူက မျက်လုံးများ မဖွင့်ခဲ့ချေ။ သူ အမေးခံရတော့မှ မျက်လုံးများဖွင့်ကာ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။
“မင်း အဲ့ဒါကို လိုချင်ရင် ငါ့ကို ကောင်းကင်ကျောက်တုံးတွေ ပေးလိုက်။ ဘာလို့ မင်းက ဒီလောက် မေးခွန်းတွေ မေးနေရတာလဲ”
“ဟင်း...”
ချမ်ဝမ်ကွမ်း မကျေမနပ် ဖြစ်သွားပြီး ကျန်းရီ၏ လက်ကိုဆွဲကာ ထွက်သွားဖို့ လုပ်လိုက်သည်။ သို့သော် ကျန်းရီက လက်ယမ်းလိုက်ပြီး ပြုံး၍ မေးလိုက်၏။
“ကျွန်တော် ခင်ဗျားရဲ့ ပစ္စည်းကို ဝယ်နိုင်ပါတယ်... ဒါပေမဲ့ အဲ့ပစ္စည်းအကြောင်းကိုတော့ ခင်ဗျား ကျွန်တော့်ကို ပြောပြရမယ်”
“အာ...”
ချမ်ဝမ်ကွမ်း၊ ဖုန်းလန်နှင့် ကျန်သူများသည် ကျန်းရီကို နားမလည်နိုင်ဟန်ဖြင် ကြည့်လိုက်ကြ၏။ ထိုသော့က အစစ်ဖြစ်ခဲ့လျှင်ပင် တိုက်ခိုက်ရတနာ သို့မဟုတ် ကာကွယ်ရတနာ ဟုတ်မည့်ပုံ မပေါ်ချေ။ ၎င်းကို ရတနာသေတ္တာတစ်ခုအား ဖွင့်ရန် သုံးခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် ရတနာသေတ္တာမရှိလျှင် ထိုသော့သည် ဘာအသုံးဝင်မည်နည်း။ ကောင်းကင်ကျောက်တုံးသုံးသန်းမှာ ဈေးမပေါပေ။
“မင်းက အဲ့ဒါကို တကယ်ဝယ်မှာလား”
ဆိုင်ရှင်အမျိုးသားက ကျန်းရီကို မယုံသင်္ကာဖြင့် ကြည့်လိုက်၏။ သူသည် ကျန်းရီက ခေါင်းညိတ်ပြသည်ကို မြင်သောအခါ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ငါက ဒီသော့ကို အရှေ့ဘက်တော်ဝင်နယ်မြေပေါ်က အပျက်အစီးနေရာတစ်ခုက တွေ့ခဲ့တာ။ ငါ မင်းကို ဘာမှ လျှို့ဝှက်မနေတော့ပါဘူး။ ငါလည်း ဒီသော့က ရတနာခန်းမတစ်ခုခုကို ဖွင့်တဲ့သော့လို ထင်ခဲ့တယ်။ အဲ့ဒါကြောင့် အရှေ့ဘက်တော်ဝင်နယ်မြေပေါ်မှာရှိတဲ့ အပျက်အစီးတွေ၊ သမိုင်းဝင်နေရာတွေမှာ နှစ်ပေါင်းများစွာ ရှာခဲ့တယ်။ ဒါပေမဲ့ ငါ ဘာရတနာခန်းမကိုမှ မတွေ့ခဲ့ဘူး။ ဒီသော့က ဘာအစွမ်းမှ မရှိဘူး။ မင်း အဲ့ဒါကို တကယ်ဝယ်မယ်ဆိုရင်... ငါမင်းကို ကောင်းကင်ကျောက်တုံးတစ်သန်းတည်းနဲ့ ပေးလိုက်မယ်”
“ကောင်းပြီ.. သဘောတူတယ်”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ကျောက်တုံးတစ်သန်း ထုတ်ပေးလိုက်သည်။ ထို့နောက် သော့ကို သိမ်းဆည်းကာ ထွက်သွားလေသည်။
သူသည် ချမ်ဝမ်ကွမ်းက သူ့ကို အသံပို့လွှတ်တော့မည်ကို မြင်လိုက်သောအခါ လက်ယမ်းပြ၍ တိတ်တဆိတ်ပြောလိုက်၏။
“ဝမ်ကွမ်း... ဘာမှ ပြောမနေနဲ့တော့။ ဒီသော့က အစစ်ပဲ။ ပြီးတော့ ဒီသော့ထဲက အကန့်အသတ်တွေက အရမ်းမှော်ဆန်တယ်။ ကောင်းကင်ကျောက်တုံးတစ်သန်းက မများပါဘူး။ တကယ်လို့ အနာဂတ်မှာ ငါသာ ရတနာခန်းမတစ်ခုကို ဖွင့်နိုင်ခဲ့ရင် ငါတို့ အကျိုးအမြတ်ကြီးကြီး ရမှာပဲ”
“ကျုပ်သိပြီ”
ချမ်ဝမ်ကွမ်း ဘာမှ ဆက်မပြောတော့ချေ။ သူတို့အုပ်စုသည် လှည့်ပတ်လျှောက်နေပြီး နောက်ဆုံးတွင် ဧရာမဈေးဆိုင်ကြီးတစ်ဆိုင်ရှေ့၌ ရပ်လိုက်၏။ ဈေးဆိုင်အထက်တွင် ‘သူရိန်နီ’ဆိုသော စာလုံးကြီးသုံးလုံးရှိပေသည်။ ဤဆိုင်မှာ သူရိန်နီကုန်သည်အဖွဲ့အစည်း၏ ဆိုင်ဖြစ်ကြောင်း ထင်ရှားပေသည်။
ဈေးဆိုင်သည် ကြီးမား၏။ ၎င်း၏ အလျားအနံသည် အနည်းဆုံး သုံးကီလိုမီတာ ရှိပေလိမ့်မည်။ ၎င်းကို ခန်းမအသေးလေးများစွာ ပိုင်းခြားထား၏။ ဆိုင်ထဲတွင် ရတနာများစွာရှိပေသည်။ သူတော်စင် အသုံးအဆောင်များနှင့် သာလွန် သူတော်စင် အသုံးအဆောင်များလည်း များစွာ ရှိနေသည်။ ကျန်းရီတွင် ကာကွယ်မှုအတွက် မီးတိမ်သံချပ်ကာရှိပြီး တိုက်ခိုက်မှုအတွက် ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးရှိ၏။ ထို့ကြောင့် သူ့တွင် ရတနာ မရှားပေ။ သူ ဤနေရာသို့ လာခဲ့ခြင်းမှာ ရှားပါးရတနာများကို ကြည့်ရန်သာဖြစ်သည်။ သူက ဖုန်းလန်နှင့် ချင်းယွီတို့ကို ကြည့်၍ ပြောလိုက်၏။
“မင်းတို့ လျှောက်ပတ်ကြည့်ကြပါ။ တကယ်လို့ မင်းတို့ ကြိုက်တာတွေ့ရင် ငါ့ကို ပြောပါ။ ငါ မင်းတို့အတွက် ဝယ်ပေးပါမယ်”
ကျန်းရှောင်နူသည် ကျန်းရီကို ကောင်းကင်ကျောက်တုံးသန်းသုံးဆယ် ကုန်စေခဲ့သဖြင့် ယခုတွင် လှည့်ပတ်မကြည့်ဝံ့ပေ။ သူမသည် ကျန်းရီနောက်သို့သာ လိုက်နေလေသည်။ ဖုန်းလန်နှင့် ချင်းယွီတို့က စိတ်လှုပ်ရှားသွားကြ၏။ သူမတို့သည် လှည့်ပတ်ကြည့်ရှုကာ မေးမြန်းနေကြသည်။ သူမတို့ကို ဆိုင်အကူ ကောင်မလေးများက လိုက်လံ ပြသပေးနေပေသည်။
“သခင်လေးက ဒီရတနာတွေကို စိတ်မဝင်စားဘူးလား”
ကျန်းရီနှင့်အခြားသူများကို လိုက်လံပြသပေးနေသော ဆိုင်အကူ ကောင်မလေးက ကျန်းရီသည် လျှောက်ပတ်ကြည့်နေရုံသာဖြစ်ပြီး မည်သည့်ရတနာကိုမှ ဝယ်ရန် ဆန္ဒမရှိသည်ကို တွေ့သောအခါ မေးလိုက်ခြင်းပင်။
“သခင်လေး ကျွန်မတို့ရဲ့ဆိုင်မှာ ပစ္စည်းကောင်းတစ်ခု ရှိပါတယ်။ ဒီက ရတနာတွေက အဲ့ဒါကို မယှဉ်နိုင်ပါဘူး။ တကယ်လို့ သခင်လေးမှာသာ ကောင်းကင်ကျောက်တုံးအလုံအလောက်ရှိရင် ကျွန်မ သခင်လေးကို အဲ့ရတနာ ပြပေးပါမယ်”
“ဒီမှာ တကယ်ပဲ အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခု ရှိတာလား”
ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့ အံ့အားသင့်သွားကြ၏။ သူရိန်နီကုန်သည်အဖွဲ့သည် ထိုသို့သော ရတနာကို သူတို့လူများအတွက် သိမ်းမထားဘဲ အမှန်ပင် ထုတ်ရောင်းနေခြင်းလော။ ကျန်းရီ ရပ်ကာ မေးလိုက်၏။
“အဲ့ရတနာက ကောင်းကင်ကျောက်တုံးဘယ်လောက် တန်လဲ”
ဆိုင်အကူ ကောင်မလေးက နူးညံ့စွာပြုံး၍ ပြောလိုက်သည်။
“သန်းငါးသိန်း”
“အာ...”
ကျန်းရီ ရှက်သွား၏။ ချမ်ဝမ်ကွမ်းလည်း နှုတ်ခမ်းမဲ့သွားသည်။ ထို့နောက် ကျန်းရီက လက်ခါလိုက်ပြီး ပြောလိုက်သည်။
“နေပါစေတော့.. ကျွန်တော် အဲ့ဒါကို မတတ်နိုင်ပါဘူး”
“သခင်လေးက နှိမ့်ချလွန်းနေပါပြီ”
ဆိုင်အကူ ကောင်မလေးသည် အလွန် ယဉ်ကျေး၏။ သူမက အကြည့်လွှဲကာ ကျန်းရီကို အခြားပစ္စည်းများ စတင် မိတ်ဆက်ပေးပေသည်။
“သခင်လေး ကြည့်လို့ရတဲ့ တခြား အထူးရတနာတွေလည်း ရှိပါတယ်။ စိတ်ဝိညာဉ်ကာကွယ် အသုံးအဆောင်တို့၊ မီးကွင်းပုလဲတို့၊ အမြန်နှုန်းကို မြှင့်တင်ပေးတဲ့ ဝတ်ရုံတို့...”
ဆိုင်အကူ ကောင်မလေး၏စကား မဆုံးသေးခင်မှာပင် ကျန်းရီက မျက်ခုံးပင့်၍ ကြားဖြတ်ပြောလိုက်၏။
“ဒီမှာ အမြန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့ ဝတ်ရုံရှိတာလား”
“ဟုတ်ကဲ့”
ဆိုင်အကူ ကောင်မလေးက ခေါင်းညိတ်ကာ ပြောလိုက်၏။
“အဲ့ဒါက အရှေ့ဘက်တော်ဝင်နယ်မြေမှာရှိတဲ့ ထန်မျိုးနွယ်က ပြုလုပ်ထားတဲ့ ပစ္စည်းပါ။ အထဲမှာ စွမ်းအားကြီး လေဓာတ်တာအိုပုံသဏ္ဌာန်တွေ ရှိပါတယ်။ အဲ့ဒါတွေက လေစွမ်းအားကို စုစည်းပေးနိုင်ပြီး သိုင်းသမားရဲ့ အမြန်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်”
ကျန်းရီ၏ မျက်လုံးများ တောက်ပသွား၏။ သူသည် ထိုပစ္စည်းကို စိတ်ဝင်စားနေပေသည်။ သူ၏အတွင်းအားအဆင့်က နိမ့်လွန်းပေသည်။ သူ၏ ရုပ်ခန္ဓာအားက အမြန်နှုန်းကို ကြီးစွာမြှင့်တင်ပေးနိုင်သော်လည်း သူသည် အဆင့်မြင့် ဗာဂျရာအဆင့် ထိပ်သီးသိုင်းသမားတစ်ယောက်လောက်သာ မြန်ပေ၏။ သူသာ ပိုမြန်လာလျှင် အခြားသူများကို မိုးကြိုးမီးဖြင့် ပို၍အလွယ်တကူ သတ်နိုင်လာပေလိမ့်မည်။
ကျန်းရီ ခပ်မြန်မြန် မေးလိုက်၏။
“အမြန်နှုန်းကို ဘယ်လောက်အထိ မြှင့်တင်နိုင်လဲ”
ဆိုင်အကူ ကောင်မလေးက မဖြေပေ။ ထိုအစား သူမက လက်ဟန်ပြကာ သူ့ကို ဘေးမှအခန်းသို့ ဖိတ်ခေါ်လိုက်သည်။ သူမသည် ကျန်းရီဘေးမှလျှောက်ကာ ပြောလိုက်၏။
“သခင်လေး ဒီလမ်းအတိုင်း ကြွပါ။ အထဲရောက်မှာ ကျွန်မ အသေးစိတ် ရှင်းပြပါမယ်”
ကျန်းရီ၊ ချမ်ဝမ်ကွမ်းနှင့် ရွှေရောင်မျောလွင့်နဂါးတို့သည် ဆိုင်အကူ ကောင်မလေးနောက်သို့ လိုက်ကာ ဘေးခန်းသို့ သွားလိုက်လေသည်။ ထိုအခန်းတွင် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးက တင်ပျဉ်ခွေထိုင်ကာ စောင့်ကြပ်နေ၏။ ဆိုင်အကူ ကောင်မလေးက ရွှေရောင်စားပွဲတစ်ခုပေါ်မှ ရတနာသေတ္တာနှစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။
“ဒီဝတ်ရုံနှစ်ထည်ရဲ့ နာမည်တွေက ‘လေတိမ်တိုက်’နဲ့ ‘လေအရိပ်’ပါ။ သခင်လေးရဲ့ အမြန်ဆုံးနှုန်းက ဘယ်လောက်ရှိလဲဆိုတာ ကျွန်မ မေးလို့ရမလားရှင်”
ကျန်းရီ ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
“အဆင့်မြင့် ဗာဂျရာအဆင့်”
ဆိုင်အကူ ကောင်မလေးသည် ခေါင်းညိတ်ကာ ပြောလိုက်၏။
“တကယ်လို့ သခင်လေးသာ လေတိမ်တိုက်ဝတ်ရုံကို ဝတ်လိုက်မယ်ဆို သခင်လေးရဲ့ အမြန်နှုန်းက ကောင်းကင်ဧကရာဇ် ပထမအဆင့်အထိ တိုးတက်သွားပါလိမ့်မယ်။ တကယ်လို့ လေအရိပ်ဝတ်ရုံကိုသာ ဝတ်လိုက်ရင် အမြန်နှုန်းက ကောင်းကင်ဧကရာဇ် တတိယအဆင့်ထိ တိုးတက်သွားမှာပါ”
“ကောင်းကင်ဧကရာဇ် တတိယအဆင့်”
ကျန်းရီ၏မျက်လုံးများ ရုတ်ခြည်း ပြူကျယ်လာသည်။ ထိုဝတ်ရုံသည် အမှန်ပင် ဆန်းကြယ်ပေသည်။ ၎င်းကို အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ယောက်က ထိပ်တန်းအဆင့် လေဓာတ်တာအိုပုံသဏ္ဌာန်များကိုသုံး၍ ပြုလုပ်ထားခြင်းလော။ ကောင်းကင်ဧကရာဇ်တတိယအဆင့် အမြန်နှုန်းနှင့် သူ၏မိုးကြိုးမီးသည် သေချာပေါက် သေစေနိုင်သော လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ကျန်းရီ တံတွေးမျိုချလိုက်ပြီး မေးလိုက်၏။
“လေအရိပ်ဝတ်ရုံက ကောင်းကင်ကျောက်တုံး ဘယ်လောက်လဲ”
ဆိုင်အကူ ကောင်မလေးက ခပ်ဖွဖွ ပြုံးကာ လက်နှစ်ချောင်း ထောင်ပြလိုက်သည်။ ချမ်ဝမ်ကွမ်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
“သန်းနှစ်ထောင်လား... ခေါင်းဆောင် အဲ့ဈေးက မဆိုးပါဘူး။ ကျုပ်တို့ အဲ့ဒါကို ဝယ်နိုင်တယ်”
ဆိုင်အကူကောင်မလေးက နူးညံစွာ ပြုံး၍ ပြန်ပြောလိုက်သည်။
“သခင်လေး... သန်းနှစ်ထောင်မဟုတ်ပါဘူး၊ သန်းနှစ်သောင်းပါ”
အု...
ချမ်ဝမ်ကွမ်း၏ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ် တုန်ခါသွား၏။ သူသည် ကြမ်းပေါ်သို့ ဖင်ထိုက်ရက် လဲသွားပြီး မျက်ဖြူလန်ကာ သတိလစ်သွားလေတော့သည်။
***