အသုံးအဆောင် ဝိညာဉ်
Vol. 53 Ch. 733
ကွေ့ရင်ကလည်း ဤကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကို ရခဲ့စဉ်က အချိန်ခဏအတွင်းမှာပင် သူ၏စိတ်ဝိညာဉ်ကို ၎င်းနှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်း ကျန်းရီ မသိပေ။ မဟုတ်လျှင် ၎င်းသည် ခြေတစ်ချောင်း မရှိတော့သဖြင့် ထိုမျှ စွမ်းအားကြီးနေမည် မဟုတ်ချေ။ ကျန်းရီမှာလည်း အချိန်တစ်ခဏအတွင်းမှာပဲ ၎င်း၏ဝိညာဉ်နှင့် ချိတ်ဆက်နိုင်ခဲ့သည်။ ယင်းမှာ ကျန်းရီ ကံကောင်းသောကြောင့် မဟုတ်ပေ။ ဤကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးက အမှန်ပင် ဆန်းကြယ်နေ၍သာ ဖြစ်သည်။
အတုအယောင် နတ်ဘုရား အသုံးအဆောင် အားလုံးတွင် ကိုယ်ပိုင် အသုံးအဆောင်ဝိညာဉ် ရှိကြသည်။ ထို့သို့ဖြစ်ရခြင်းမှာ တစ်စုံတစ်ယောက်က စွမ်းအားကြီးနတ်ဘုရားစွမ်းအားကို အသုံးပြု၍ စွမ်းအားကြီးမိစ္ဆာသားရဲ၏ စိတ်ဝိညာဉ် သို့မဟုတ် ကောင်းကင်နှင့်မြေကြီးမှ မှင်စာတို့ကို ရတနာများအတွင်း၌ ချိပ်ပိတ်ခဲ့၍ဖြစ်သည်။ ထိုအသုံးအဆောင်ဝိညာဉ်ကြောင့်လည်း အတုအယောင် နတ်ဘုရား အသုံးအဆောင်များက အဖိုးတန်ကာ စွမ်းအားကြီးရခြင်းပင်။
အသုံးအဆောင်ဝိညာဉ်သည် ရတနာ၏ စိတ်ဝိညာဉ်ဖြစ်ပြီး ရတနာကို ပိုင်ရှင်နှင့် ချိတ်ဆက်စေနိုင်လေသည်။ ထိုအခါ ရတနာ၏ စွမ်းအားကလည်း တိုးပွားလာသည်။ သို့သော် ကျန်းရီက ထိုအကြောင်းများကို မသိပေ။ သူသည် ဖုန်းလန်၏ အော်သံကို ကြားသောအခါ အလျင်အမြန် မေးလိုက်၏။
“ဝိညာဉ်ချိတ်ဆက် မူလရတနာဆိုတာ ဘာလဲ”
ဖုန်းလန်သည်လည်း ရှင်းရှင်းလင်းလင်း မသိချေ။ သူမသည် ဝိညာဉ်ချိတ်ဆက် မူလရတနာ၏ စွမ်းအားအကြောင်း ဒဏ္ဍာရီအချို့ကိုသာ ကြားဖူးခြင်းဖြစ်သည်။ ယင်းရတနာများမှာ လောကအတွင်းတွင် စွမ်းအားအကြီးဆုံးဟု ဆိုကြသည်။
ကျန်းရီက ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်ကိုးကို ခေတ္တမျှ လှည့်ပတ်ကြည့်လိုက်ပြီး ရုတ်တရက် ထရပ်ကာ ချမ်ဝမ်ကွမ်းအား ပြန်ဆင့်ခေါ်ရန် လူများကို ခိုင်းလိုက်သည်။ ထို့နောက် သူသည် ချမ်ဝမ်ကွမ်းအား ဝိညာဉ်ချိတ်ဆက် မူလရတနာအကြောင်းကို စုံစမ်းခိုင်းလိုက်၏။ သူသည် ထိုရတနာ၏နောက်ကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသ၍ စိတ်အေးမည် မဟုတ်ချေ။
နှစ်နာရီကြာပြီးနောက် ချမ်ဝမ်ကွမ်း ပြန်ရောက်လာသည်။ သူက ကျန်းရီ၏အခန်းအတွင်းသို့ ဝင်သွားကာ တင်ပြလိုက်၏။
“ခေါင်းဆောင်... ဟုန်မျိုးနွယ်က တကယ်ပဲ ကျားဖြူမြို့က အင်အားကြီးမျိုးနွယ်တစ်ခုပါ။ သူတို့ ကျားဖြူမြို့မှာ ရှိနေခဲ့တာ နှစ်တစ်ထောင်ရှိခဲ့ပါပြီ။ တခြားတစ်ယောက်က လီမျိုးနွယ်က သခင်လေးလီပါ။ လီမျိုးနွယ်က ကျားဖြူမြို့ပေါ်က ထိပ်တန်းမျိုးနွယ်ဆယ်ခုထဲက နံပါတ်ရှစ်မျိုးနွယ်ပါ။ အဲ့မျိုးနွယ်ကလည်း အရေးပါတဲ့မျိုးနွယ်တစ်ခုလို့ သတ်မှတ်ခံရပါတယ်။ အဲ့ကောင်တွေနဲ့ပါလာတဲ့ ကောင်မလေးကလည်း ကျားဖြူမြို့ထဲက မျိုးနွယ်တစ်ခုရဲ့ သခင်မလေးပါ။ သခင်လေးဟုန်နဲ့ သခင်လေးလီတို့က သူတို့မျိုးနွယ်တွေရဲ့ တိုက်ရိုက်မျိုးဆက်ဆိုပေမယ့် အဆင့်မြင့် ကောင်းကင်ဧကရာဇ်တွေကို စေလွှတ်နိုင်တဲ့ အာဏာမရှိဘူးလို့လည်း ကျုပ် သိခဲ့ရပါတယ်”
ချမ်ဝမ်ကွမ်းက ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြော၏။
“ပြီးတော့ ဝိညာဉ်ချိတ်ဆက် မူလရတနာနဲ့ ပတ်သတ်တဲ့ အချက်အလက်တချို့ကိုလည်း ကျုပ် ရှာတွေ့ခဲ့ပါတယ်။ အတုအယောင် နတ်ဘုရား အသုံးအဆောင်အားလုံးမှာ အသုံးအဆောင်ဝိညာဉ် ရှိပါတယ်။ အသုံးအဆောင်က ပိုင်ရှင်ကို အသိအမှတ်ပြုပြီးသွားရင် ဝိညာဉ်ချိတ်ဆက်မှုတစ်ခု လုပ်ပါတယ်။ ဝိညာဉ်ချိတ်ဆက် မူလရတနာကို သုံးရင် အဲ့ရတနာရဲ့ ပတ်ပတ်လည်မှာ ထူးခြားတဲ့ သင်္ကေတတွေ ထွက်ပေါ်လာပါလိမ့်မယ်”
“အဲ့လိုကိုး...”
ကျန်းရီသည် ချက်ချင်းနားလည်သွားပြီး ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးက ခြေတစ်ချောင်းမရှိတော့သော်လည်း အဘယ်ကြောင့် အလွန်စွမ်းအားကြီးနေကြောင်း သဘောပေါက်သွား၏။ သူ တိတ်တခိုး သက်ပြင်းချလိုက်ပြီး ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးသာ အကောင်းအတိုင်းရှိနေလျှင် မည်မျှ စွမ်းအားကြီးမည်နည်းဟု တွေးလိုက်သည်။
“အို့... ရှီးမျိုးနွယ်ရဲ့ စွမ်းအားအကြီးဆုံးတိုက်ခိုက်လက်နက် အဝိုင်းပုံဒယ်စောက်အိုးကလည်း ဝိညာဉ်ချိတ်ဆက်မှုတွေ လုပ်နိုင်လောက်မှာပဲ။ အဲ့ဒယ်စောက်အိုးပေါ်မှာလည်း တောက်ပတဲ့ သင်္ကေတတွေရှိတယ်... ပြီးတော့ တွေးကြည့်လို့တောင်မရတဲ့ စွမ်းအားလည်းရှိတယ်”
ကျန်းရီသည် သွေးညအကြောက်တရားပင်လယ်အတွင်း၌ ရှီးမျိုးနွယ်၏ အကြွင်းမဲ့ဆရာသခင် ထုတ်လွှတ်လိုက်သော အဝိုင်းပုံဒယ်စောက်အိုးအကြောင်းကို အမှတ်ရသွားသည်။ ထိုစဉ်က သူ ကောင်းကင်ရှောင်တိမ်းခြင်းနှင့် ထွက်ပြေးခဲ့ပြီဖြစ်သော်လည်း အဝိုင်းပုံဒယ်စောက်အိုးပေါ်တွင် သင်္ကေတများစွာ တောက်ပနေပြီး ရှိန်လောက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်ကို သူ တွေ့ရှိခဲ့သည်။
ဖြန်း...
သူက ရုတ်တရက် သူ့ပေါင်ကို ရိုက်လိုက်၏။ မီးတိမ်သံချပ်ကာ ထွက်ပေါ်လာ၏။ သူသည် ၎င်းအတွင်းသို့ အတွင်းအား ထည့်သွင်းလိုက်၏။ ၎င်းသည် အနီရောင်အလင်း တောက်ပလာလေသည်။ သို့သော် မည်သည့် သင်္ကေတမှ မရှိပေ။ သူက နားမလည်နိုင်ဟန်ဖြင့် ချမ်ဝမ်ကွမ်းကို ကြည့်ကာ မေးလိုက်၏။
“ဝမ်ကွမ်း... ငါရဲ့ မီးတိမ်သံချပ်ကာက ငါ့ရဲ့ ဝိညာဉ်နဲ့ မချိတ်ဆက်ပါဘူး။ အတုအယောင် နတ်ဘုရား အသုံးအဆောင်ကို ဝိညာဉ်အသုံးအဆောင်တစ်ခုဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်း သိခဲ့လား”
“သိခဲ့ပါတယ်”
ချမ်ဝမ်ကွမ်းက ပြန်ဖြေလိုက်လိုက်သည်။
“အဲ့ဒါက ကိုယ့်ဘာသာ လုပ်ရမှာပါ။ တချို့ အတုအယောင် နတ်ဘုရား အသုံးအဆောင်တွေနဲ့ ဝိညာဉ်ချိတ်ဆက်မှုရဖို့ကလွယ်တယ်... တချို့နဲ့က ခက်ခဲတယ်။ နတ်ဘုရားတစ်ပါးတောင် ဝိညာဉ်အသုံးအဆောင်တွေကို မလုပ်နိုင်ဘူး။ အဲ့ဒါက အချိန်တွေ၊ ငွေတွေ အများကြီးလိုအပ်တဲ့ ကိစ္စပဲ”
“အို့... အဲ့ဒါဆို စိတ်မကောင်းစရာပဲ”
ကျန်းရီက သက်ပြင်းသဲ့သဲ့ချလိုက်၏။ အကယ်၍ မီးတိမ်သံချပ်ကာသာ ဝိညာဉ်အသုံးအဆောင်တစ်ခု ဖြစ်လျှင် ၎င်း၏ခုခံနိုင်စွမ်းသည် အဆပေါင်းများစွာ တိုးလာမည်ဖြစ်သည်။ သူသာ မိုးကြိုးမီးနှင့် နတ်ဘုရားဒိုင်းကို အတူ သုံးလျှင် သာမန် အဆင့်မြင့် ကောင်းကင်ဧကရာဇ်များသည် သူ့ကို သတ်နိုင်တော့မည် မဟုတ်ချေ။
“ကောင်းပြီ... ထားလိုက်တော့။ သခင်လေးဟုန်တို့ အုပ်စုကိုသာ သေချာစောင့်ကြည့်ထားပါ။ ငါတို့ သုံးရက်နေရင် ကောင်းကင်မိုးကြိုးမြို့ကို ပြန်သွားကြမယ်”
ကျန်းရီက လက်ဝှေ့ယမ်း၍ ချမ်ဝမ်ကွမ်းနှင့် အခြားသူများကို ထွက်သွားရန် ပြောလိုက်သည်။ ထို့နောက် သူသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကို စေ့စေ့စပ်စပ် အာရုံခံလိုက်လေသည်။ ယခုတွင် သူသည် ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကို အပြည့်အဝ မွမ်းမံပြီးသွားပြီဖြစ်ပြီး အသုံးအဆောင်ဝိညာဉ်နှင့် ချိတ်ဆက်ပြီးပြီဖြစ်သည်။ ဤဒယ်စောက်အိုးသည် သူစိတ်ကြိုက်သုံးနိုင်သော သူ၏ကိုယ်ပိုင်ခန္ဓာကဲ့သို့ ခံစားနေရသည်။
အသုံးအဆောင်ဝိညာဉ်သည် စိတ်ဝိညာဉ်အစစ်အမှန် မဟုတ်ပေ။ ငွေရောင်လှိုင်းလေးတစ်ခုသာဖြစ်သည်။ ကျန်းရီက ယင်းကို ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးထဲတွင် အာရုံခံနိုင်ခဲ့သည်။ သို့သော် သူသည် အသုံးအဆောင်ဝိညာဉ်နှင့် မဆက်သွယ်နိုင်သေးဘဲ ၎င်းကို တိုက်ရိုက်လမ်းညွှန်ချက်များသာ ပေးနိုင်ပေသည်။
ကျန်းရီသည် ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကု ခေတ္တမျှ လေ့လာပြီးနောက်တွင် ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းသို့ ပြန်ထည့်လိုက်ပြီး မီးတိမ်သံချပ်ကာကို စတင် လေ့လာလိုက်သည်။ အကယ်၍ ၎င်းသာ သူ၏ဝိညာဉ်နှင့် ချိတ်ဆက်နိုင်လျှင် သူ၏ခုခံစွမ်းအားသည် မယုံနိုင်လောက်အောင် ဖြစ်လာပေလိမ့်မည်။
ကျန်းရီက မီးတိမ်သံချပ်ကာကို နှလုံးသားဖြင့် ခံစားနိုင်ရန် ၎င်းအတွင်းသို့ စိတ်နှစ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ သူသည် မီးတိမ်သံချပ်ကာ၏ အသုံးအဆောင်ဝိညာဉ်နှင့် ချိတ်ဆက်နိုင်ရန် ကြိုးစားလိုက်၏။ ထိုမှ ၎င်းသည် သူ့ကို သခင်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ပြီး သူကလည်း ၎င်းကို အပြည့်အဝ မွမ်းမံနိုင်မည်ဖြစ်သည်။
“အသုံးအဆောင်ဝိညာဉ်”
ခေတ္တမျှ ခံစားပြီးနောက်တွင် ကျန်းရီ၏စိတ်ဝိညာဉ်သည် ရုတ်တရက် တုန်ရင်လာ၏။ သူသည် မီးတိမ်သံချပ်ကာအတွင်းရှိ ငွေရောင်လှိုင်းလေးတစ်ခုကို ခပ်ရေးရေး တွေ့လာ၏။ သို့သော် သူ ၎င်းကို သေသေချာချာ ကြည့်ရန် ကြိုးစားလိုက်သောအခါ ၎င်းက ပျောက်ကွယ်သွားလေ၏။
ကျန်းရီက အာရုံစိုက်ကာ ဆက်လေ့လာနေသည်။ ကံဆိုးစွာပင် တစ်နေ့လုံး ကြိုးစားခဲ့သော်လည်း မတိုးတက်လာခဲ့ချေ။ သူ့တွင် ရွေးချယ်စရာမရှိတော့သဖြင့် မျက်လုံးဖွင့်ကာ ရေရွတ်လိုက်၏။
“ဘာလို့ ဒီလိုဖြစ်ရတာလဲ”
ဖုန်းလန်နှင့် ကျန်နှစ်ယောက်သည် ဤအပိုင်းကို ဘာမှ မသိသဖြင့် သူ့ကို မကူညီနိုင်ပေ။ သူမတို့သည် စက်ဝိုင်းပုံထိုင်ကာ တီးတိုးစကားပြောနေကြသည်။ ကျန်းရီ ထရပ်လိုက်ပြီး အခန်းထဲတွင် အကြိမ်အနည်းငယ် လူးလားခေါက်တုန့် လျှောက်လိုက်သည်။ ထို့နောက် သူသည် ပြန်ထိုင်ကာ ဆက် အာရုံခံလိုက်၏။
ကျန်းရီသည် အခန်းထဲတွင် သုံးရက်ကုန်ဆုံးခဲ့သည်။ ထိုအချိန်အတွင်း၌ သူသည် မီးတိမ်သံချပ်ကာ၏ အသုံးအဆောင်ဝိညာဉ်ကို အကြိမ်များစွာ ခံစားခဲ့ရသည်။ သို့သော် အကြိမ်တိုင်းတွင် ၎င်းသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ခြေရာလက်ရာမကျန်ခဲ့ဘဲ ပျောက်ကွယ်သွားပေသည်။ အခန်းအပြင်ဘက်မှ ချမ်ဝမ်ကွမ်းက တစ်နာရီအတွင်း ကောင်းကင်ကံကြမ္မာသင်္ဘော ရောက်လာတော့မည်ဖြစ်ကြောင်း တင်ပြလိုက်၏။ ယခုတွင် ကျန်းရီ ရပ်တန့်ရန် လိုအပ်လာပေပြီ။
“အတုအယောင် နတ်ဘုရား အသုံးအဆောင်တွေနဲ့ ဝိညာဉ်ချိတ်ဆက်နိုင်ဖို့ ကံကောင်းဖို့ လိုတဲ့ပုံပဲ။ အာ... နောက်ကျမှ ဆက်လုပ်တော့မယ်”
ကျန်းရီ မျက်လုံးများဖွင့်လိုက်ပြီး ထရပ်ကာ ဖုန်းလန်၊ ကျန်းရှောင်နူနှင့် ချင်းယွီတို့ကို အပြင်သို့သွားရန် ပြောလိုက်၏။ သူသည် ရန်တုံနှင့် အခြားသူများက ထွက်ခွာရန် အဆင့်သင့်ဖြစ်နေကြောင်း တွေ့လိုက်သောအခါ ချမ်ဝမ်ကွမ်းကို မေးလိုက်၏။
“သခင်လေးဟုန်ရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ”
ချမ်ဝမ်ကွမ်း၏မျက်လုံးများထဲတွင် မှိုင်းညို့မှုတစ်ခု ပြည့်နှက်နေသည်။ သူ သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး ပြောလိုက်၏။
“သိပ်မကောင်းဘူး။ သခင်လေးနှစ်ယောက်က ရဲတိုက်ထဲမှာပဲ နေနေကြတာ။ ကျုပ်တို့ကိုလည်း အပြင်မှာ နေ့၊ည မပြတ် စောင့်ကြည့်နေတယ်။ အခုတောင် အပြင်မှာ လူဆယ်ယောက် စောင့်နေကြတယ်။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှာ အနည်းဆုံး လူငါးယောက် ရှိလောက်တယ်။ အဲ့ထဲမှာ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ယောက်လည်းပါတယ်”
ရန်တုံ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အကြည့်တစ်ချက် လက်သွားသည်။ ထို့နောက် သူ အေးစက်စွာ ပြောလိုက်၏။
“ကျွန်တော်တို့ အဲ့ကောင်တွေကို သတ်ပြီး ထွက်သွားကြတာပေါ့။ အဖွဲ့မှူးကျန်... အဖွဲ့ကိုခေါ်ပြီး အရင်ထွက်သွားပါ။ ကျွန်တော် လူတချို့ခေါ်ပြီး အဖွဲ့မှူးကို ကာကွယ်ပေးပါမယ်။ ကျွန်တော်တို့ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်ကို ရောက်သွားရင် လုံခြုံသွားမှာပါ”
“မလိုပါဘူး”
ကျန်းရီက ပြုံးကာ ခေါင်းခါလိုက်၏။
“မင်းတို့ ဧကရာဇ်နန်းတော်ထဲကို ဝင်လိုက်ကြပါ။ မပူပါနဲ့... ဒီကောင်းကင်ဧကရာဇ်အုပ်စုက ငါ့ကို ထိခိုက်အောင် မလုပ်နိုင်လောက်ပါဘူး။ ဒါက အမိန့်ပဲ”
ရန်တုံတို့သည် တစ်စုံတစ်ခု ပြောရန် ဟန်ပြင်နေပြီးမှ နောက်ဆုံးစကားကို ကြားလိုက်သဖြင့် နှုတ်ဆိတ်သွားလေသည်။ ကျန်းရီ၏လက်ပေါ်တွင် ဧကရာဇ်နန်းတော် တောက်ပလာပြီး အားလုံးကို အထဲသို့ ခေါ်သွင်းလိုက်သည်။ ကျန်းရှောင်နူကလည်း တစ်စုံတစ်ခု ပြောလိုနေ၏။ သို့သော် ကျန်းရီက မျက်နှာညိုနေသဖြင့် မပြောဘဲနေလိုက်သည်။
ယခု စောပေသေးသည်။ ကျန်းရီသည် ချက်ချင်း အပြင်သို့ ထွက်မသွားပေ။ ထိုအစား သူသည် တင်ပျဉ်ခွေထိုင်ကာ ရဲတိုက်အပြင်မှ အခြေအနေကို လေ့လာရန် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ သို့သော် သူသည် အခြားရဲတိုက်များကိုတော့ စွန့်စား မလေ့လာပေ။ ထိုသို့လုပ်လိုက်လျှင် သူရိန်နီကုန်သည်အဖွဲ့အစည်း၏ သိုင်းပညာရှင်များကို ဒေါသဖြစ်သွားစေပေလိမ့်မည်။
မျှော်လင့်ထားသကဲ့သို့ပင်။
လမ်းပေါ်တွင် လူများ ပြည့်နှက်နေသည်။ ကမ်းခြေတွင်လည်း လူများစွာ စုဝေးနေပြီး ကောင်းကင်ကံကြမ္မာသင်္ဘောကို စောင့်နေကြသည်။ အနီးတွင်မူ လူတစ်ဒါဇင်သည် ပုန်းအောင်းကာ သူရှိနေသော ရဲတိုက်ကို စောင့်ကြည့်နေကြသည်။
အချိန် ကုန်ဆုံးလာ၏။ ကျန်းရီက သူ၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက် အာရုံခံလိုက်ရာ ကီလိုမီတာများစွာအဝေးတွင် ဧရာမကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးက ကောင်းကင်ကိုခွင်း၍ လာနေသည်ကို မြင်လိုက်လေသည်။ ၎င်းသည် တစ်နာရီအတွင်း ကမ်းသို့ ရောက်လာပေလိမ့်မည်။
ကျန်းရီ ထမရပ်သေးဘဲ ရဲတိုက်ထဲတွင် တင်ပျဉ်ခွေ ဆက်ထိုင်နေသည်။ ကောင်းကင်ကံကြမ္မာသင်္ဘော ကမ်းသို့ ရောက်ခါမှ သူ ထရပ်ကာ အပြင်သို့ လျှောက်သွားလိုက်သည်။
ဝှစ်...
ကျန်းရီ ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး ကမ်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ သူ၏ကောင်းကင်စိတ်အာရုံကိုလည်း ဖြန့်ကျက်ထားသည်။ မျှော်လင့်ထားသကဲ့သို့ပင် သူ့ကို စောင့်ကြည့်နေသူများကလည်း ကောင်းကင်သို့ ပျံတက်လိုက်ကြသည်။ အောက်ဘက်မှ ရဲတိုက်တစ်ခုအတွင်းရှိ သခင်လေးဟုန်နှင့် သခင်လေးလီတို့သည်လည်း လူသုံးဆယ်ကျော်နှင့်အတူ သူ့နောက်သို့ လျင်မြန်စွာ လိုက်လာကြလေသည်။
ဟူး..ဟူး..
ကျန်းရီ၏နောက်ကျောပေါ်တွင် အနက်ရောင်ဝတ်ရုံတစ်ထည် ထွက်ပေါ်လာ၏။ ဝတ်ရုံအတွင်းသို့ သူ အတွင်းအားထည့်သွင်းလိုက်သောအခါ ဝတ်ရုံသည် အနက်ရောင်အလင်းတောက်ပလာပြီး တဖျတ်ဖျတ်ခတ်သွားလေသည်။ သူ ရုတ်တရက် အရှိန်မြန်သွားပြီး ကောင်းကင်ကို ထွင်းဖောက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ကောင်းကင်စိတ်အာရုံသည် အဝေးရှိ သခင်လေးဟုန်အပေါ် ကျသွားပြီး အသံတစ်သံ ပို့လွှတ်လိုက်သည်။
“မြေးလေး...မင်းက ဘိုးဘိုးနောက်ကို လိုက်လာရဲတယ်ပေါ့လေ။ ဘိုးဘိုးက မင်းကို ဂူသွင်းစရာအစအနတောင် မကျန်အောင် သတ်ပေးမယ်”
***