စိတ်ကျေနပ်အောင် သတ်မည်
Vol. 53 Ch. 734
“သူ့ကို အရှင်ဖမ်း... ငါ အဲ့ကောင်စုတ်ကို နည်းပေါင်းတစ်ထောင်နဲ့ နှိုပ်စက်ပြီးမှ သေခွင့်ပေးမယ်”
သခင်လေးဟုန်သည် ကျန်းရီ၏ အသံပို့လွှတ်မှုကို ကြားသောအခါ ဒေါသတကြီး အော်လိုက်၏။ ခေတ္တမျှ ရပ်တန့်ပြီးနောက် သူ ဆက်အော်လိုက်သည်။
“သူ့ကို အရှင်ဖမ်းနိုင်တဲ့ ဘယ်သူ့ကိုမဆို ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းဆုချမယ်”
“ဝိုး...”
သခင်လေးဟုန်က ရက်ရောသော ကမ်းလှမ်းချက် လုပ်ခဲ့လေသည်။ သူ့နောက်လိုက်အားလုံး စိတ်လှုပ်ရှားသွားကြ၏။ သခင်လေးလီ၏ လူနှစ်ဆယ်ကျော်သည်လည်း စိတ်ဓာတ်တက်ကြွလာကြသည်။ ယခင်တွင် သူတို့၏သခင်လေးက သူများ၏ မျက်နှာသာပေးမှုကို ရရန် ကျန်းရီအား သတ်ဖို့ ကူညီပေးနေခြင်းဖြစ်သဖြင့် သူတို့ စိတ်သိပ်မပါခဲ့ချေ။ သို့သော် ယခုတွင်မူ သူတို့ အလွန်စိတ်အားတက်ကြွနေပြီဖြစ်သည်။ သူတို့သည် အရှိန်ကို အဆုံးထိ တင်လိုက်ပြီး ကျန်းရီထံသို့ လျင်မြန်စွာ ဦးတည်သွားလိုက်ကြလေသည်။
“ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းလား... ငါ့ခေါင်းက တော်တော်အဖိုးတန်တာပဲ”
ကျန်းရီ ရယ်လိုက်ပြီး ပေါက်ကရများ ဆက်ပြောမနေတော့ပေ။ သူသည် အဝေးသို့ ပျံပြေးနိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်၏။ ဤနေရာက ရဲတိုက်နှင့် အလွန်နီးပေသည်။ အကယ်၍ ဤနေရာတွင်သာ တိုက်ပွဲဖြစ်ပွားခဲ့လျှင် ရဲတိုက်ထဲမှ သိုင်းပညာရှင်များ သေချာပေါက် သိသွားမည်ဖြစ်သည်။ ထိပ်တန်းအဆင့် ကောင်းကင်ဧကရာဇ်များ သို့မဟုတ် အဆင့်အမြင့်ဆုံး ကောင်းကင်ဧကရာဇ်များသာ ထွက်လာလျှင် သူ သေချာပေါက် မရှုမလှ သေသွားပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် ကျန်းရီနောက်မှ လူများသည် သူ့နားသို့ ကပ်နိုင်ရန် ကြိုးစားခဲ့ကြ၏။ သို့သော် သူက အလွန်လျင်မြန်သဖြင့် ထိုသူများသည် အချိန်တိုအတွင်း သူ့ကို မှီမလာနိုင်ချေ။
ငါးမိနစ်ကြာပြီးနောက် ကျန်းရီသည် ရဲတိုက်နှင့် ကီလိုမီတာရာကျော် ဝေးလာပြီဖြစ်သည်။ သူ အဝေးမှ တောင်များကို ကြည့်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးတိမ်သံချပ်ကာ ထွက်ပေါ်လာသည်။ သူ အတွင်းအား လှည့်ပတ်လိုက်ရာ အနီရောင်အလင်း ရုတ်ခြည်း တောက်ပလာလေသည်။
သူ့နောက်မှ လူများသည် (၁၅)ကီလိုမီတာသာ ကွာတော့၏။ ထိုသူများထဲတွင် သိုင်းပညာရှင်အများအပြား ပါသဖြင့် သူ မစွန့်စားနိုင်ပေ။ အကယ်၍ တစ်စုံတစ်ယောက်တွင် အထူးတာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုများ ရှိနေလျှင် မည်သို့ဖြစ်မည်နည်း။
“အတုအယောင် နတ်ဘုရား အသုံးအဆောင်”
မီးတိမ်သံချပ်ကာ ထွက်ပေါ်လာသည်နှင့် ကျန်းရီနောက်သို့ လိုက်လာသူများ လောဘတက်သွားကြသည်။ ကာကွယ် အတုအယောင် နတ်ဘုရား အသုံးအဆောင်သည် အဖိုးမဖြတ်နိုင်ပေ။ အကယ်၍ ကျန်းရီကိုသာ ဖမ်းမိခဲ့လျှင် သခင်လေးဟုန်က သေချာပေါက် သူတို့ကို ဆုကြီးကြီးမားမား ချီးမြှင့်မည်ဖြစ်သည်။ သခင်လေးဟုန်နှင့် သခင်လေးလီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ သခင်လေးဟုန်က ချက်ချင်း အော်ပြောလိုက်သည်။
“သူ့ကို အရှင်ဖမ်းစရာ မလိုတော့ဘူး... သတ်ပစ်”
အကယ်၍ ကျန်းရီကို အရှင်ဖမ်းရမည်ဆိုလျှင် ထိုသူများက သူတို့၏ အကောင်းဆုံးစွမ်းရည်များကို ထုတ်ကာ တိုက်ခိုက်နိုင်မည်မဟုတ်ဘဲ အားလျှော့၍ တိုက်ရမည်ဖြစ်သည်။ ထိုသို့ နှောင့်နှေးနေလျှင် မထင်ထားသော ပြောင်းလဲမှုများ ဖြစ်လာနိုင်၏။ အကယ်၍ လမ်းတွင် စွမ်းအားကြီး သိုင်းပညာရှင်များနှင့် တွေ့လျှင် မည်သို့ ဖြစ်မည်နည်း။ ထို့ကြောင့် သခင်လေးဟုန်သည် မီးတိမ်သံချပ်ကာကို ရနိုင်ဖို့ ကျန်းရီကို မြန်နိုင်သမျှမြန်မြန် သတ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ရွှစ်...ရွှစ်...
ဟူး...ဟူး...
(၁၅)ကီလိုမီတာအဝေးမှ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါးက လှုပ်ရှားလိုက်၏။ သူတို့နှစ်ယောက်စလုံးသည် အာကာသတာအိုပုံသဏ္ဌာန်များကို သုံးနိုင်၏။ သူတို့က လေးလံသော လက်ဝါးရိုက်ချက်တစ်ချက်စီ ထုတ်လွှတ်လိုက်၏။ သူတို့ရှေ့ရှိ အာကာပြင်သည် ပင်လယ်မျက်နှာပြင်တွင် လှိုင်းများထန်သကဲ့သို့ ပြင်းထန်စွာ တွန့်ခေါက်သွားသည်။ အာကာလှိုင်းများသည် ရုတ်ခြည်းပင် ကျန်းရီထံသို့ ဦးတည်သွားပြီး ကျန်းရီကို ချက်ချင်း နှေးသွားအောင် ဖိအားပေးလိုက်၏။
“(၁၅)ကီလိုမီတာလား... အဲ့ဒါက နည်းနည်းဝေးပါသေးတယ်”
ကျန်းရီ၏ အမြန်နှုန်းသည် များစွာ လျှော့ချခံထားရ၏။ သို့သော် သူသည် ယခုအထိ မိုးကြိုးမီးကို မထုတ်ရသေးပေ။ သူက သူ့ခန္ဓာကိုယ်ကို အကောင်းဆုံးထိန်းချုပ်ရန် ကြိုးစား၍ ရှေ့သို့ ပျံသန်းကာ ခေါင်းလှည့်ပြီး နောက်မှ သိုင်းသမားများကို ကြည့်လိုက်လေသည်။ သူ၏မျက်လုံးများက နှင်းကဲ့သို့ အေးစက်နေ၏။ သူသည် စိတ်ထဲမှနေ၍ အကွာအဝေးကို တိတ်တဆိတ် တွက်နေပေသည်။
(၁၅)ကီလိုမီတာ၊ (၁၀)ကီလိုမီတာ...(၅)ကီလိုမီတာ
ဝုန်း...ဝုန်း...ဝုန်း...
ရွှစ်...ရွှစ်...ရွှစ်...
ဖောင်း...ဖောင်း...ဖောင်း...
အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ရှစ်ပါးက ပထမဆုံး တိုက်ခိုက်လိုက်၏။ သူတို့ထဲမှ တစ်ယောက်က စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုပင် ထုတ်လွှတ်လိုက်သည်။ အာကာပြင်သည် ပြင်းထန်စွာ ပေါက်ကွဲနေ၏။ ထိုအသံများက ကျန်းရီ၏စိတ်အတွင်း ဝင်သွားသောအခါ ထူးဆန်းသော ငွေရောင်စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး သူ၏စိတ်ဝိညာဉ်ထံသို့ လျင်မြန်စွာ ဦးတည်သွားလေသည်။
“ဟင်း... သူက ဒီလောက်ဆိုးဝါးတဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို သုံးရဲတယ်ပေါ့လေ”
ကျန်းရီ နှုာမှုတ်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ဝိညာဉ်ဓား (၃၆)လက် ဝဲပျံနေ၏။ သူ အခြားအလင်းတန်းငါးခုကိုလည်း ကြည့်လိုက်၏။ သို့သော် သူသည် မိုးကြိုးမီးကို အသည်းအသန် မထုတ်လွှတ်ခဲ့ပေ။ ထိုအစား သူသည် ထိုသူများ (၂)ကီလိုမီတာခွဲအကွာသို့ ရောက်လာသည်အထိ စောင့်နေလိုက်သည်။ ထို့နောက် သူက မီးဝိညာဉ်ပုလဲကို ထုတ်လိုက်၏။
မိုးကြိုးမီး ထွက်ပေါ်လာသောအခါ ကောင်းကင်က အရောင်ပြောင်းသွားသည်။
မိုးကြိုးမီးထဲတွင် လျှပ်စီးများ တောက်ပလာ၏။ ထိုမြင်ကွင်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းပေသည်။ မီးဝိညာဉ်ပုလဲမှ ထွက်ပေါ်လာသော ထိုမိုးကြိုးမီးများသည် ကျန်းရီ၏လှုပ်ရှားနေသောလက်များ၏ ထိန်းချုပ်မှုအောက်တွင် ကြောက်မက်ဖွယ်အရှိန်ဖြင့် စတင်ရွေ့လျားသွားကြသည်။ ထို့နောက် မိုးကြိုးမီးများက လျင်မြန်စွာ ပြန်ကျုံ့သွားပြီး အပြာရောင်ဒိုင်းတစ်ခုဖြစ်သွားကာ ကျန်းရီကို ဝန်းရံလိုက်လေသည်။
“သခင်လေး... နောက်ဆုတ်ပါ”
မိုးကြိုးမီးထွက်ပေါ်လာသည့်အခိုက်တွင် ကောင်းကင်ဧကရာဇ်ရှစ်ပါးစလုံး ရှေသို့ ဆက်မပျံတော့ဘဲ နောက်လှည့်ကြည့်ကာ သူတို့၏ သခင်လေးများကို အော်ပြောလိုက်ကြသည်။ သို့သော် ကြောက်မက်ဖွယ် အပူလှိုင်းက တလိပ်လိပ် ပျံဝင်လာပြီဖြစ်သည်။ သူတို့သည် ကီလိုမီတာများစွာ ကွာဝေးသေးသော်လည်း ကြီးမားသော အန္တရာယ်အတွင်း ရောက်နေပေသည်။ ထိုအလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်များသည် မစွန့်စားဝံ့ကြချေ။
ဝုန်း...ဝုန်း...ဝုန်း...
အလင်းတန်းခုနစ်ခုက ကျန်းရီ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထိခတ်သွားပြီး ပတ်ဝန်းကျင်မှ အာကာပြင်ကို တုန်ခါသွားစေလေသည်။ ကျန်းရီကို စိုက်ကြည့်နေကြသော အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များစွာသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မျက်လုံးများ ကျုံ့သွားပြီး တုန်လှုပ်ကာ မယုံနိုင်ဖြစ်သွားကြ၏။
“ဘာလဲဟ...”
ထိုကောင်းကင်ဧကရာဇ်ရှစ်ပါးသည် သူတို့နောက်မှ သိုင်းသမားများ၏ တုန်လှုပ်သွားသောမျက်နှာထားများကို မြင်သောအခါ ချက်ချင်း နောက်ပြန်လှည့်ကြည့်လိုက်၏။ ကျန်းရီက အဝေးမှနေ၍ သူတို့ထံသို့ ရူးသွပ်နေသော နဂါးတစ်ကောင်ကဲ့သို့ လာနေသည်ကို တွေ့သောအခါ သူတို့၏မျက်နှာများသည် အကြောက်တရားဖြင့် ဖြူဖျော့သွားကြ၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ဒိုင်းသည် လုံးဝ မထိခိုက်သွားချေ။ အရောင်သာ အတန်ငယ် လွင့်သွားပေသည်။
“သခင်လေး... မြန်မြန် နောက်ဆုတ်ပါ”
“အားလုံးပဲ ဖြန့်ကျက် တိုက်ခိုက်ကြ”
ကောင်းကင်ဧကရာဇ်များက ခက်ထန်သောအသံဖြင့် အော်လိုက်ကြသည်။ အစောတွင် သူတို့သည် အစွမ်းကုန်သုံး၍ တိုက်ခိုက်လိုက်ခြင်းမဟုတ်ဘဲ အစွမ်း(၈၀)ရာခိုင်နှုန်းသာ သုံးခဲ့ခြင်း ဖြစ်သော်လည်း ကျန်းရီသည် အနည်းငယ်ပင် ထိခိုက်မသွားသည်လော။ ထို့ကြောင့် သူတို့အနောက်မှ ကောင်းကင်ဧကရာဇ်များ၏ တိုက်ခိုက်မှုများသည် ပို၍ပင် အသုံးမဝင် ဖြစ်ပေလိမ့်မည်။ သူတို့ ဤနေရာတွင် ဆက်နေလျှင် သေသွားမည်သာ။
“ဟင်း... သူတို့က အသုံးမကျတဲ့ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တွေပဲ။ သူတို့ရဲ့ တိုက်ခိုက်မှုတွေက အားနည်းလွန်းတယ်”
ကျန်းရီ အေးစက်စွာ ပြုံးလိုက်သည်။ သူ့လက်ထဲတွင် လေးထောင့်ပုံဒယ်စောက်အိုး အသေးလေးတစ်ခု ထွက်ပေါ်လာသည်။ သူသည် ၎င်းအတွင်းသို့ အတွင်းအား ထည့်သွင်းလိုက်၏။ ရုတ်ခြည်းပင် ၎င်းသည် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းကာ ပျံထွက်သွား၏။ ဒယ်စောက်အိုးလေးသည် လျင်မြန်စွာ ပျံသန်းရင်း ကြီးမားလာ၏။ ၎င်းက မျက်တောင်တစ်ခတ်အတွင်းမှာပင် အချင်းမီတာပေါင်းများစွာ ကြီးသွားလေသည်။ ထို့ပြင် ၎င်းပေါ်၌ သင်္ကေတများ တောက်ပနေသည်။ ဒယ်စောက်အိုးသည် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားနေပြီး ရှေးကျ၍ သဘာဝဆန်သော အငွေ့အသက်တစ်ခုကို ပေးနေပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးသည် ထိုသူများအထက်သို့ ရုတ်ခြည်း ပျံသွားပြီး အောက်ဘက်သို့ တိုက်ရိုက်ကျဆင်းသွား၏။ ၎င်း ကျဆင်းလာသောအခါ အာကာပြင်သည် လှိုင်းထန်နေသော ပင်လယ်ပြင်ကဲ့သို့ တွန့်ခေါက်သွားလေ၏။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကလည်း ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ကီလိုမီတာရာကျော်ဝေးသည် ရဲတိုက်အထက်မှ အာကာပြင်ပင် အတန်ငယ် တုန်ခါသွားသည်။
“နောက်ထပ် အတုအယောင် နတ်ဘုရား အသုံးအဆောင်လား... ပြီးတော့ အဲ့ဒါက ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုပဲ”
သခင်လေးဟုန်နှင့် ကျန်လူများ၏မျက်လုံးများသည် လောဘဖြင့် တောက်ပမနေတော့ပေ။ ယင်းမျက်လုံးများထဲတွင် အကြောက်တရားဖြင့် ပြည့်နေပြီဖြစ်သည်။ ထိုကောင်းကင်ပြောင်းပြင်လှန် ဒယ်စောက်အိုး၏ အရှိန်အဝါက အလွန် ကြောက်မက်ဖွယ်ကောင်းပေသည်။
“တောင့်ထားကြ... တကယ်လို့ သခင်လေးတွေ သေသွားရင် ငါတို့လည်း လိုက်သေရမှာပဲ”
အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးက ဒေါသတကြီး အော်လိုက်သည်။ ကျန်းရီက ငပျော့လေးတစ်ယောက်ဟု သူတို့ ထင်ခဲ့သည်။ ကျန်းရီထံတွင် ရတနာများစွာ ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြ။ ဟုန်မျိုးနွယ်တွင် နံပါတ်(၁) သခင်လေးဖြစ်သော သခင်လေးဟုန်တွင်ပင် မည်သည့် အတုအယောင် နတ်ဘုရား အသုံးအဆောင်မှ မရှိပေ။ သို့သော် ထိုကောင်လေးထံ၌ နှစ်ခုပင် ရှိနေလေသည်။
“သူက အင်အားကြီးမျိုးနွယ်တစ်ခုက သခင်လေးတစ်ယောက်လား”
လူများစွာ၏စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် သူတို့ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။ ကျန်းရီသာ အင်အားကြီးမျိုးနွယ်မှ သခင်လေးတစ်ယောက် မဟုတ်လျှင် အဘယ်သို့ ရတနာများစွာ ရှိနေနိုင်မည်နည်း။ သူသည် သခင်လေးဟုန်က မည်သူမည်ဝါဖြစ်ကြောင်း သိပြီးနောက်တွင်ပင် အဘယ်ကြောင့် ဆက်၍စော်ကားဝံ့ခဲ့သနည်း။ ထို့ပြင် သူသည် ထွက်မပြေးရုံသာမက ပြန်၍ပင် တိုက်ခိုက်နေပေသည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် ရှေးဦးစွာ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး၏ ဖိနှပ်မှုကို ခုခံရန် အကောင်းဆုံးကြိုးစားဖို့ ဆုံးဖြတ်ခဲ့ကြ၏။ မဟုတ်လျှင် ထိုအလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ရှစ်ပါး အပါအဝင် သခင်လေးဟုန်တို့အုပ်စုသည် သေချာပေါက် သေသည်အထိ ဖိနှိပ်ခံလိုက်ရမည်ဖြစ်သည်။
ရွှစ်...ရွှစ်...
ဝုန်း..ဝုန်း..
“...”
အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကို ထိမှန်သွားကြသည်။ လူလေးဆယ်ကျော်က ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကို အစွမ်းကုန် ဆက်၍တိုက်ခိုက်နေ၏။ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးသည် ရုတ်ခြည်း နှေးသွားလေ၏။ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါးသည် အလင်းတန်းနှစ်ခု ထပ်မံ ပစ်လွှတ်လိုက်ပြီး သခင်လေးဟုန်နှင့် သခင်လေးလီတို့ကို ဆွဲခေါ်ကာ အဝေးသို့ ပျံသွားလေသည်။
“ဟင်း...”
သို့သော်...
သူတို့ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး၏ အောက်ဘက်မှနေ၍ အပြင်သို့ ရောက်သွားခိုက်မှာပင် အရှေ့မှနေ၍ ကြောက်မက်ဖွယ် နှုာမှုတ်သံတစ်သံ ထွက်ပေါ်လာလေသည်။ ထို့နောက် လေထဲ၌ အပြာရောင်လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ သူသည် ငရဲမှ ထွက်လာသော နတ်ဆိုးတစ်ပါးကဲ့သို့ပင်။ အပြာရောင်နတ်ဘုရားဒိုင်းမှ ထွက်ပေါ်လာသော ဆိုးဝါးသည့် အပူလှိုင်းများက သူတို့လေးယောက်ကို ရုတ်ခြည်း လွှမ်းခြုံသွားသည်။
“ မဟုတ်ဘူး... မင်း ငါတို့ကို သတ်လို့မရဘူး။ ငါတို့ရဲ့ မျိုးနွယ်တွေသာ ဒီမှာ ဖြစ်ခဲ့တဲ့ကိစ္စကို သိသွားရင် သူတို့က မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး...”
သခင်လေးဟုန်က သူ၏နတ်ဘုရားဒိုင်း လျင်မြန်စွာ ပျော်ကျလာသည်ကို သိသွားသောအခါ ချက်ချင်း ကြောက်ရွံ့တကြီး အော်လိုက်သည်။ သခင်လေးလီသည်လည်း တဆတ်ဆတ်တုန်နေပြီး ကျယ်လောင်စွာ စူးစူးဝါးဝါးအော်လိုက်လေသည်။
“သေစမ်း...”
ကျန်းရီထံမှနေ၍ သတ်ဖြတ်လိုစိတ် ထွက်ပေါ်နေပြီး သူ၏မျက်လုံးများက ရေခဲတမျှ အေးစက်ခက်ထန်နေသည်။ သူက ဟုန်မျိုးနွယ်နှင့် လီမျိုးနွယ်တို့ကို အရေးမစိုက်ပေ။ သူသည် သူတို့ကို စော်ကားခဲ့ပြီးဖြစ်၍ အရင်ဆုံး စိတ်ကျေနပ်အောင် သတ်ပစ်လိုက်ပေမည်။
***