တိုက်ခိုက်၊ အနိုင်ယူ၊ သတ်ဖြတ်
Vol. 53 Ch. 735
“အား...”
စူးစူးဝါးဝါး အော်လိုက်သံနှစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီသည် သူတို့နှင့် မီတာရာကျော်သာ ဝေးတော့ပေသည်။ ထိုသခင်လေးနှစ်ယောက်သည် အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များသာ ဖြစ်သည်။ သူတို့သည် အဘယ်သို့ မိုးကြိုးမီး၏ အပူကို တောင့်ခံနိုင်ပါမည်နည်း။ သူတို့၏ နတ်ဘုရားဒိုင်းများ ပျက်စီးသွားသည်နှင့် သူတို့ ချက်ချင်း ပြာကျသွား၏။ ရှေးဟောင်းနတ်ဘုရားလက်စွပ် နှစ်ကွင်းသာ လေထဲတွင် မျောလွင့်ကျန်ခဲ့လေသည်။
“သခင်လေး...”
ထို အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါးက အော်ခေါ်လိုက်၏။ သူတို့၏မျက်လုံးများသည် ပြူးကျယ်နေပြီး ပြုတ်ကျလုမတတ် ဖြစ်နေ၏။ သူတို့၏မျက်လုံးများထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ထိုသခင်လေးနှစ်ယောက်၏ နောက်လိုက်များဖြစ်၏။ မျိုးနွယ်နှစ်ခု၏ စည်းမျဉ်းများအရ သခင်လေးများသေသွားလျှင် သူတို့အားလုံး ကွပ်မျက်ခံရမည်ဖြစ်သည်။
“သခင်လေး...”
ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးအောက်မှ သိုင်းသမား ဒါဇင်ကျော်ကလည်း အော်လိုက်၏။ သူတို့အားလုံး၏မျက်လုံးများက နီရဲနေ၏။ သူတို့သည် ကျန်းရီထံသို့ အရူးအမူး သွားလိုက်ကြပြီး အသက်ကိုရင်းကာ ကျန်းရီကို သတ်ရန် ကြိုးစားလိုက်ကြသည်။ အကယ်၍ ကျန်းရီ အသက်ရှင်နေလျှင် သူတို့အားလုံး သေရမည်ဖြစ်သည်။
ဝုန်း...ဝုန်း...ဝုန်း...
သို့သော် သူတို့အထက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး ရှိနေသေးကြောင်း သူတို့မေ့နေလေသည်။ ယင်းဒယ်စောက်အိုးမှာ ဝိညာဉ်ချိတ်ဆက် အတုအယောင် နတ်ဘုရား အသုံးအဆောင်ဖြစ်သည်။ ၎င်းသည် ခြေတစ်ချောင်းမရှိတော့သည်ပင် စွမ်းအားကြီးနေဆဲဖြစ်သည်။
လူအုပ်သည် တိုက်ခိုက်မှုများ ထုတ်လွှတ်ကာ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး ကျဆင်းလာမည်ကို တားရန် အာရုံမစိုက်နိုင်တော့ချေ။ တောင်တစ်လုံးမျှ ကြီးသော ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးသည် ရုတ်ခြည်း ကျဆင်းလာပြီး သူတို့ထဲမှ တစ်ဝက်ခန့်ကို မြေကြီးထဲ နစ်မြုပ်သွားစေလေသည်။ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွား၏။ အရပ်မျက်နှာတိုင်းတွင် ပြာမှုန့်များ ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ တက်သွားကာ ကောင်းကင်တစ်ဝက်ကို လွှမ်းခြုံသွားလေသည်။
“အား..အား...”
လူဆယ်ယောက်ကျော် အသက်ရှင်လျက် ထွက်လာနိုင်၏။ သို့သော် ထို အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များသည် အခြားတစ်ခုကို မေ့နေပေသေးသည်။ သူတို့၏ နတ်ဘုရားဒိုင်းများသည် ကျန်းရီ၏ မိုးကြီးမီ၏ အပူချိန်ကို လုံးဝ မခံနိုင်တော့ပေ။ နတ်ဘုရားဒိုင်းများ ရုတ်ခြည်း ပျက်စီးသွားသည်။ ထို့ကြောင့် သူတို့ မီးလောင်ကျွမ်းသွားကြ၏။ ထိုနေရာတွင် သူတို့၏ သွေးပျက်ဖွယ် အော်လိုက်သံများ ပဲ့တင်ထပ်သွားလေသည်။
ရွှစ်...ရွှစ်...
ကျန်းရီက သူတို့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာ၏။ သူ့လက်ထဲတွင် မီးနဂါးဓားထွက်ပေါ်လာသည်။ မိုးကြိုးမီး ထပ်မံ ထွက်လာပြီး သူက ရုတ်တရက် ဓားဖြင့် ခုတ်ချလိုက်၏။ ပတ်ဝန်းကျင်းတွင် မိုးကြီးမီးဖြင့် ထပ်မံ ပြည့်နှက်သွားသည်။ ဆိုးဝါးသော အပူသည် အစောမှ ကောင်းကင်ဧကရာဇ်နှစ်ပါး၏ နတ်ဘုရားဒိုင်းများကို ဖျက်ဆီးလိုက်ပြီး သူတို့ကို မီးလောင်သွားစေလေသည်။
“ပြေးကြ...”
ကျန်နေသေးသော အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ခြောက်ပါးသည် သူတို့က အလယ်အလတ်အဆင့် ကောင်းကင်းဧကရာဇ်များဖြစ်သော်လည်း တိုက်ခိုက်စွမ်းအား မကြီးကြောင်း နားလည်သွားကြသည်။ မဟုတ်လျှင် သူတို့သည် နောက်လိုက်များ ဖြစ်နေမည် မဟုတ်ပေ။ ယခုတွင် သူတို့က ကျန်းရီ၏ပြိုင်ဘက်မဟုတ်ကြောင်း သဘောပေါက်သွားကြသည်။ အကယ်၍ သူတို့ ယခု မပြေးလျှင် သူတို့အားလုံး သေသွားပေလိမ့်မည်။
သခင်လေးနှစ်ယောက်က သေသွားပြီဖြစ်သည်။ ထို့ကြောင့် သူတို့ အိမ်ပြန်သွားလျှင် သေချာပေါက် ကွပ်မျက်ခံရမည်ဖြစ်သည်။ သို့သော် ရှန်းစီမျိုးနွယ်က ကြီးမားပေသည်။ သူတို့သည် အခြားနေရာများတွင် ပုန်းအောင်းနေခြင်း သို့မဟုတ် ဓားပြတပ်မဟာများဖြင့် ပူးပေါင်းခြင်းတို့ လုပ်နိုင်၏။ သူတို့ကို မျိုးနွယ်နှစ်ခုက ခြေရာခံမရသရွေ့ သူတို့ ဆက်အသက်ရှင်နိုင်မည်ဖြစ်သည်။ သို့သော် သူတို့ ဤနေရာတွင် ဆက်နေပါက သေခြင်းတရားနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။
“သတ်...”
အဆင့်နိမ့် ကောင်းကင်ဧကရာဇ်အချို့က ရူးမိုက်စွာ ရှေ့သို့ ပျံသွားပြီး တိုက်ခိုက်မှုပေါင်းစုံ ထုတ်လွှတ်လိုက်ကြသည်။ ကံဆိုးစွာပင် ကျန်းရီက သူတို့၏ တိုက်ခိုက်မှုအားလုံးကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။ မိုးကြိုးမီးနတ်ဘုရားဒိုင်းသည် လှုပ်ပင် မလှုပ်သွားချေ။
ဝှစ်...
အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ခြောက်ပါးသည် နတ်သက်တန့်တန်း ခြောက်တန်းအဖြစ် ပြောင်းလဲသွားပြီး ပျံထွက်သွားကြ၏။ ထိုအခါမှ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များသည် အသိစိတ်ပြန်ကပ်လာကြသည်။ သို့သော် အလွန် နောက်ကျသွားပေပြီ။ ကျန်းရီ၏နောက်ရှိ လေအရိပ်ဝတ်ရုံက တဖျပ်ဖျပ်ခတ်နေ၏။ သူသည် အလင်းကဲ့သို့ မြန်ပြီး သူတို့အနီးသို့ ရုတ်ခြည်း ရောက်လာလေသည်။ ထိုကောင်းကင်ဧကရာဇ်များ၏ နတ်ဘုရားဒိုင်းများသည် အဆက်မပြတ် ကွဲပျက်နေကြ၏။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မီးလောင်လာကာ လေထဲတွင် တုန်ရင်နေကြလေသည်။
“ဟင်း...”
ကျန်းရီက ထွက်ပြေးသွားသော အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ခြောက်ပါးကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ အကယ်၍ သူသည် ရဲတိုက်အနီးတွင် မဟုတ်ဘဲ ကောင်းကင်ကံကြမ္မာသင်္ဘောကလည်း ထွက်ခွာခါနီးမနေလျှင် သူ ထိုသူများကို လုံးဝ အလွတ်ပေးမည်မဟုတ်ပေ။ ထိုသူများသည် မိုးကြီးမီး၏အပူဖြင့် လွှမ်းခြုံခံထားရသဖြင့် များစွာနှေးကွေးနေကြသည်။ သူသာ သတ်လိုလျှင် သူတို့ထဲမှ သုံးယောက်ကျော်ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
ဝှစ်...
ကျန်းရီသည် အနီးသို့ လှည့်ပတ်သွားလိုက်ပြီး ရှေးဟောင်းနတ်ဘုရားလက်စွပ်တစ်ဒါဇင်ကို ယူလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် အောက်ဘက်ရှိ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကို မြောက်တက်လာရန် ထိန်းချုပ်လိုက်၏။ ဒယ်စောက်အိုးသည် မြောက်တက်လာရင်း တဖြည်းဖြည်း သေးလာလေသည်။ နောက်ဆုံးတွင် ၎င်းသည် သူ့လက်ပေါ်သို့ ရောက်လာပြီး ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းသို့ ဝင်သွားသည်။ ထို့နောက်တွင် သူ အောက်သို့ ပျံဆင်းလိုက်ပြီး ဖိနှိပ်ခံရကာ သေသွားသူများ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်များကို ယူလိုက်၏။ ပြီးနောက် သူသည် ကောင်းကင်ထက်သို့ ပျံမတက်တော့ဘဲ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးကာ ဆိပ်ကမ်းသို့ တိုက်ရိုက်သွားလိုက်လေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီ ထွက်သွားပြီးနောက် ငါးမိနစ်အကြာတွင် ရဲတိုက်မှနေ၍ အနက်ရောင်လူရိပ် ဒါဇင်ကျော် ပျံထွက်လာ၏။ သူတို့သည် အစောက တိုက်ခိုက်မှုကြောင့် ဖြစ်လာသော အာကာပြင် တုန်ခါမှုကြောင့် ထွက်လာခြင်းပင်။ သူတို့ထဲမှ နှစ်ယောက်တွင် အလွန်စွမ်းအားကြီးသော အရှိန်အဝါ ရှိ၏။ သူတို့သည် အဆင့်မြင့် ကောင်းကင်ဧကရာဇ်များဖြစ်သည်။ သူတို့က လှည့်ပတ်ပျံသန်းကာ ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းနေကြ၏။ အနီးပတ်ဝန်းကျင်တွင် မည်သူမှမရှိကြောင်း အတည်ပြုပြီးသောအခါ သူတို့သည် ရဲတိုက်သို့ ပြန်သွားကြ၏။
ဤတစ်ခေါက်တွင် ကျန်းရီ၏ ဆုံးဖြတ်ချက် မှန်ခဲ့ပေသည်။ သူသည် တိုက်ပွဲကို လျင်မြန်စွာ စခဲ့ပြီး လူများကို သတ်ပြီးသည်နှင့် ချက်ချင်း ထွက်သွားခဲ့သည်။ အကယ်၍ သူသာ ထိုခြောက်ယောက်နောက်သို့ ဆက်လိုက်သွားပါက သူ့ကို ဤသိုင်းပညာရှင်လူစုက တွေ့သွားမည်ဖြစ်သည်။ ထိုအခါ သူ၏ ရတနာများကို တစ်ယောက်ယောက်က မျက်စိကျသွားပါက သူ အဆုံးသတ်ကောင်းမည် မဟုတ်ပေ။
***
ဝုန်း...
ငါးမိနစ်ကြာပြီးနောက် ဆိပ်ကမ်းပတ်ပတ်လည်ရှိ မြေပြင်က ရုတ်တရက် အက်ကွဲလာ၏။ မြေကြီးထဲမှနေ၍ လူတစ်ယောက် ပျံထွက်လာပြီး ပင်လယ်ပေါ်ရှိ ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ တိုက်ရိုက်ပျံသန်းသွားလေသည်။ သင်္ဘောပေါ်မှ အစောင့်အကြပ် ရာကျော်သည် သူတို့၏ ဓားများကို ချက်ချင်း ဆွဲထုတ်လိုက်ကြပြီး ကျန်းရီကို ချိန်ရွယ်လိုက်ကြ၏။ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးက အသံဩဩဖြင့် အော်လိုက်၏။
“မင်းက ဘယ်သူလဲ။ အဲ့မှာ ချက်ချင်းရပ်လိုက်။ မဟုတ်ရင် မင်းကို ဘာမှထပ်မေးမနေတော့ဘဲ သတ်ပစ်လိုက်မယ်”
ဝှစ်...
ကျန်းရီ၏ လက်ထဲရှိ ရှေးဟောင်းနတ်ဘုရားလက်စွပ် လင်းလက်လာ၏။ ထို့နောက် ခရမ်းရောင်ကတ်တစ်ကတ် ထွက်ပေါ်လာပြီး သူက ၎င်းကို ပစ်ပေးလိုက်၏။ သင်္ဘောအစောင့်က လျင်မြန်စွာ လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကျန်အစောင့်အားလုံး လက်နက်ချလိုက်ကြ၏။ သင်္ဘောအစောင့်သည် ပြုံးလိုက်ပြီး လက်နှစ်ဘက်ဆုပ်ကာ ပြောလိုက်၏။
“အရေးပါတဲ့ သခင်လေးကို သံသယဖြစ်မိတာ တောင်းပန်ပါတယ်”
ကျန်းရီက ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ ပျံသန်းသွား၏။ သင်္ဘောအစောင့်က အနားသို့ ကပ်လာပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။
“သခင်လေး... ဒီဘက်ကို ကြွပါ။ အရေးပါတဲ့သူတွေအားလုံးအတွက် အထူးအခန်းတွေ ရှိပါတယ်။ ဘာအဖိုးအခမှလည်း ပေးဖို့ မလိုပါဘူး”
ကျန်းရီခေါင်းညိတ်လိုက်ပြီး သူ၏ ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းခွဲက အလကားမဖြစ်ဟု စိတ်ထဲမှ တွေးလိုက်လေသည်။ သင်္ဘောအစောင်က သူ့ကို အစောကအခန်းထက် နှစ်ဆကြီးသော အခန်းတစ်ခုသို့ ခေါ်သွား၏။ ကျန်းရီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“သင်္ဘောက ဘယ်တော့ထွက်မှာလဲ။ ကျွန်တော်က ပိုင်ယာကျွန်းကို သွားမှာပါ”
သင်္ဘောအစောင့်က ယဉ်ကျေးစွာ ပြန်ဖြေ၏။
“ခဏနေရင် ထွက်တော့မှာပါ။ အလွန်ဆုံးကြာလှ တစ်နာရီပါပဲ။ ကျွန်တော်တို့ ပိုင်ယာကျွန်းကို နှစ်ရက်နေရင် ရောက်ပါလိမ့်မယ်”
“ကောင်းပြီ.. ခင်ဗျား သွားနိုင်ပါပြီ။ ကျွန်တော်လိုအပ်တာရှိရင် ခင်ဗျားကို ခေါ်လိုက်ပါမယ်”
ကျန်းရီ လက်ဝှေ့ယမ်းလိုက်၏။ သင်္ဘောအစောင့် ထွက်သွားပြီးနောက်တွင် သူသည် အခန်းတွင် အကန့်အသတ်များ ချက်ချင်း ဆင်လိုက်၏။ ထို့နောက် ဧကရာဇ်နန်းတော် လင်းလက်လာပြီး အားလုံး ထွက်လာလေသည်။
“ခေါင်းဆောင်”
ချမ်ဝမ်ကွမ်းက အပြင်သို့ ရောက်လာချင်းချင်း ခေါ်လိုက်၏။ သူသည် ကောင်းကင်ကံကြမ္မာသင်္ဘောကို တွေ့လိုက်သောအခါ ဝမ်းသာအားရ ပြောလိုက်၏။
“ခေါင်းဆောင်... ခေါင်းဆောင်က တကယ့်ကို စွမ်းတာပဲ။ တစ်ယောက်တည်းနဲ့ အဲ့လူတွေအကုန်လုံးကို အလွယ်တကူ ဖြတ်ကျော်လာနိုင်တာပဲ”
ကျန်းရီ ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး ရှင်းပြမနေတော့ပေ။ ထိုစဉ် ရန်တုံက တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“အဖွဲ့မှူးကျန်း... အဲ့လူစုက ကျွန်တော်တို့နောက်ကို ပိုင်ယာကျွန်းအထိ လိုက်လာလောက်လား။ သူတို့က ကျွန်တော်တို့ကို လမ်းမှာ တားလောက်လား”
“ဟဲဟဲ...”
ကျန်းရီက ခေါင်းခါ၍ ပြုံးကာ ဖြေလိုက်၏။
“ပူစရာမလိုပါဘူး။ ငါ သူတို့အများစုကို သတ်ခဲ့ပြီးပြီ။ ခြောက်ယောက်ပဲ ထွက်ပြေးသွားတာ။ မျိုးနွယ်နှစ်ခုက အဲ့သတင်းကို ရတဲ့အချိန်ဆို ငါတို့ ကောင်းကင်မိုးကြိုးမြို့ကို ပြန်ရောက်နေလောက်ပြီ”
ဟင်...
သူတို့သည် ကျန်းရီက လမ်းတစ်လျှောက်တွင် ထိုသူများ၏ တိုက်ခိုက်မှုများကို ကာကွယ်ခဲ့ရုံသာဟု တွေးခဲ့ကြ၏။ ကျန်းရီက ထိုသူများကို ပြန်သတ်ကာ လူခြောက်သာ ရှင်ကျန်စေခဲ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။
ရန်တုံနှင့် အခြားသူများ၏မျက်လုံးများ တောက်ပသွား၏။ သူတို့သည် ကျန်းရီကို သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်လိုက်ကြ၏။ သို့သော် ချမ်ဝမ်ကွမ်းက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
“ခေါင်းဆောင်... ခေါင်းဆောင်က မဆင်မခြင် လုပ်ခဲ့တာ မဟုတ်ဘူးလား။ အဲ့ဒါက ကျုပ်တို့ကို ရန်သူတွေပဲ ပိုတိုးလာစေလိမ့်မယ်။ ကျုပ်တို့ ရှန်းစီမျိုးနွယ်မှာ ရေရှည်နေဖို့ မကောင်းတော့ဘူး”
“မှားတယ်”
ကျန်းရီက အလေးအနက် ပြောလိုက်၏။
“ဝမ်ကွမ်း... မင်းက ကောင်းကင်ကြယ်တာရာနယ်မြေမှာ ချမ်မျိုးနွယ်ရဲ့ စီးပွားရေးကို စီမံသလို စိတ်ထားမျိုး ရှိနေသေးတာပဲ။ စီးပွားရေးလုပ်ရင် လိုက်လျောညီထွေရှိမှုက ကြီးပွားစေလိမ့်မယ်။ ဒါပေမဲ့ ဒီ ရှန်းစီမျိုးနွယ်မှာက မတူဘူးကွ။ တကယ်လို့ မင်း ခြေတစ်လှမ်းဆုတ်လိုက်ရင် သူတို့ကို မင်းကို ခြေသုံးလှမ်းဆုတ်ရတဲ့အထိ တွန်းထုတ်လိမ့်မယ်။ ဒီနေရာမှာ ငါတို့က အကျိုးအကြောင်းတွေ၊ ခင်မင်မှုတွေ သွားပြောလို့မရဘူး။ တခြားသူတွေက မင်းကို အနိုင်ကျင့်၊ ဆဲဆို၊ စော်ကားရင် မင်းက သူတို့ကို တိုက်ခိုက်၊ အနိုင်ယူ၊ သတ်ပစ်ဖို့ လိုတယ်။ ဒီနေရာမှာက မင်း သတ်ဖြတ်ပြီး နာမည်ကြီးလာမှ လူတွေက မင်းကို ရန်မစရဲကြမှာ။ နောက်ကျ မင်း စီးပွားရေးလုပ်ရင် ဒီနိယာမကို တန်ဖိုးထားရမယ်။ မင်း သန်မာမှ အဆုံးမရှိတဲ့ စည်းစိမ်တွေရနိုင်မှာ။ ဒီနေရာမှာ လိုက်လျောညီထွေရှိမှုက ကြွယ်ဝစေတယ်ဆိုတာက အလုပ်မဖြစ်ဘူး”
***