← Chapters

သူ့ကိုဖမ်းရန် ကောင်းကင်မိုးကြိုးမြို့သို့ သွားမည်

Vol. 53 Ch. 736

သူ့ကိုဖမ်းရန် ကောင်းကင်မိုးကြိုးမြို့သို့ သွားမည်

Vol. 53 Ch. 736

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းရီတို့အုပ်စု ထွက်သွားပြီး သုံးရက်မြောက်နေ့တွင် အကြီးဆုံး မှောင်ခိုဈေးကြီးဖြစ်သော သူရိန်နီကုန်သည်အဖွဲ့အစည်း၏ ရဲတိုက်တည်ရှိရာနေရာ အရှေ့သို့ သိုင်းပညာရှင်ငါးရာခန့် ပျံသန်းလာလေသည်။ သူတို့အားလုံးသည် ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်များဖြစ်ကြသည်။ ထိုအုပ်စုကို ဦးဆောင်လာသူ နှစ်ဦးတွင် ကောင်းကင်ထဲမှ နေမင်းကဲ့သို့ အရှိန်အဝါများရှိ၏။ ရဲတိုက်ထဲမှ အစောင့်များသည် ထိုသူများ ခပ်ဝေးဝေးတွင် ရှိနေစဉ်ကတည်းက ထိတ်လန့်နေကြ၏။

ဝှစ်...ဝှစ်...

မြို့မှနေ၍ အစောင့်တပ်များ ပျံထွက်လာ၏။ ရဲတိုက်၏ အမှုထမ်းများထဲမှ တစ်ယောက်ဖြစ်သော အဆင့်မြင့် ကောင်းကင်ဧကရာဇ် ဟုန်မိုသည် လူများကို ဦး‌ဆောင်ကာ ကောင်းကင်သို့ ပျံတက်သွား၏။ သူ ဝေ့ဝဲကြည့်လိုက်ပြီး ခါးသက်သက် ပြုံးလိုက်၏။ ထို့နောက် လက်နှစ်ဘက်ဆုပ်ကာ ပြောလိုက်လေသည်။

“ဒီကမိတ်ဆွေတို့က ဟုန်မျိုးနွယ်နဲ့ လီမျိုးနွယ်တို့ကကိုး... ဘာလို့ အရှင်နှစ်ယောက်က သူရိန်နီခံတပ်ကို လူတွေအများကြီး ခေါ်လာရတာပါလဲ”

“ဟင်း...”

မီးခိုးရောင်ဆံပင်များရှိသော အဘိုးအိုတစ်ဦးက နှာမှုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

“ဟုန်မို... ငါတို့ရဲ့ အကြီးဆုံးသခင်လေးနဲ့ သခင်လေးလီတို့က မင်းတို့ရဲ့ နယ်မြေမှာ အသတ်ခံခဲ့ရတယ်။ ဒါပေမဲ့ မင်းတို့က အဲ့ကိစ္စကို မမြင်ချင်ယောင် ဆောင်ထားကြတယ်ပေါ့လေ။ မင်း ငါတို့ကို ရှင်းပြချက် ကောင်းကောင်း မပေးနိုင်ရင် မင်းတို့ရဲ့ သူရိန်နီခံတပ် ဆက်တည်ရှိနိုင်တော့မှာ မဟုတ်ဘူး”

“ဟားဟားဟား...”

ဟုန်မိုက ရယ်၍ ပြောလိုက်၏။

“ခင်ဗျားက ဟုန်ရီလား။ ခင်ဗျားတို့ ဟုန်မျိုးနွယ်က မောက်မာတယ်လို့ ကျုပ်ကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့မှ ကိုယ်တိုင် မြင်ရတာပဲ။ ကျုပ်တို့ရဲ့ နယ်မြေဆိုတာ ခင်ဗျားဘာကို ဆိုလိုတာလဲ။ တကယ်လို့ ဟုန်မူက ကျုပ်တို့ သူရိန်နီခံတပ်ထဲမှာ အသတ်ခံလိုက်ရရင် ကျုပ်တို့ သူရိန်နီကုန်သည်အဖွဲ့အစည်းက တာဝန်ခံပေးမှာပါ။ ဒါပေမဲ့ တိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့နေရာက ဒီနဲ့ ကီလိုမီတာရာချီဝေးတယ်။ မြို့အပြင်ဘက်မှာ ဟုန်မူအသတ်ခံလိုက်ရတာက ကျုပ်တို့ ကုန်သည်အဖွဲ့အစည်းရဲ့ အပြစ်လား။ တကယ်လို့ ခင်ဗျားတို့ ပြဿနာရှာချင်တယ်ဆိုရင်လည်း ရှင်းရှင်းသာ ပြောပါ။ သူရိန်နီကုန်သည်အဖွဲ့အစည်းက ဘယ်တုန်းက ပြဿနာတွေကို ကြောက်ဖူးလို့လဲ”

“မင်း...”

ဟုန်ရီနောက်မှ လူတစ်ယောက်က တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။ ကျန်သူများ၏ကိုယ်ပေါ်တွင်လည်း သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။ အကယ်၍ သူရိန်နီကုန်သည်အဖွဲ့အစည်းကသာ အလွန်မကျော်ကြားလျှင် သူတို့သည် ယခင်ကတည်းက တိုက်ခိုက်ပြီးပြီဖြစ်သည်။

ဟုန်ရီက လက်မြှောက်ကာ သူ့လူများကို စိတ်လျှော့ရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူ အော်ပြောလိုက်၏။

“ကျုပ်တို့က ပြဿနာလာရှာတာ မဟုတ်ပါဘူး။ ကျုပ်တို့မလာခင်မှာ ကျုပ်တို့ရဲ့ မျိုးနွယ်ခေါင်းဆောင်တွေက သူတို့နဲ့ ခင်ဗျားတို့ ကုန်သည်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က သိကျွမ်းခဲ့တာ ကြာပြီလို့ ပြောလိုက်ပါတယ်။ ခင်ဗျားတို့သာ လူသတ်သမားကို ဖမ်းဖို့ ကျုပ်တို့ကို ကူညီပေးရင် ကျုပ်တို့ ဒီကိစ္စကို မေ့ပစ်လိုက်ပါမယ်။ အဲ့ဒါဆို ကျုပ်တို့ မိတ်ဆွေတွေ ဆက်ဖြစ်နေဦးမှာပါ”

ဟုန်မိုက လက်ဆုပ်၍ ပြောလိုက်၏။

“စိတ်မကောင်းပါဘူး... အဲ့ကိစ္စက သူရိန်နီခံတပ်ထဲမှာ ဖြစ်ခဲ့တာမဟုတ်ပါဘူး။ ပြီးတော့ ကျုပ်တို့က ကျုပ်တို့ရဲ့ ဧည့်သည်တော်တွေရဲ့ သတင်းအချက်အလက်တွေကို ပေးမှာ မဟုတ်ပါဘူး။ အဲ့ဒါက ကုန်သည်အဖွဲ့အစည်းရဲ့ စည်းမျဉ်းပါ။ ဒီတော့ အဲ့ကိစ္စကို ခင်ဗျားတို့ဘာသာ စုံစမ်းကြပါ”

ဟုန်မိုသည် လုံးဝ အလျှော့မပေးပေ။ အဘယ်ကြောင့်ဆိုသော် ရဲတိုက်ထဲတွင် ဧည့်သည်များစွာ ရှိနေ၍ဖြစ်သည်။ သူရိန်နီကုန်သည်အဖွဲ့အစည်းသည် မိမိ၏ဂုဏ်သတင်းကို အပျက်စီးခံ၍မရပေ။ အကယ်၍ သူတို့သာ သူတို့ဧည့်သည်တော်များ၏ သတင်းအချက်အလက်များကို ပေါ့ပေါ့တန်တန်ပေးလိုက်လျှင် အနာဂတ်တွင် မည်သူက သူရိန်နီကုန်သည်အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ဝံ့ပါတော့မည်နည်း။

ဝှစ်...

ဟုန်ရီ စကားပြောရန် ဟန်ပြင်လိုက်ချိန်တွင် ရဲတိုက်ထဲမှနေ၍ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်တစ်ပါး ပျံထွက်လာ၏။ သူက လက်ဆုပ်ကာ အဝေးမှနေ၍ အော်ပြောလိုက်၏။

“အရှင်ရီ... ကျွန်တော်တို့ သတင်းတချို့ ရခဲ့ပါတယ်”

ဟုန်ရီက အဝေးမှ ဟုန်မိုကို တစ်ချက်ကြည့်လိုက်၏။ သူ့မျိုးနွယ်မှ လူများသည် သခင်းအချက်အလက်ကို အလွန်လျင်မြန်စွာ ရခဲ့ပေသည်။ ထို့ကြောင့် ဟုန်မို့က သူတို့ကို လျို့ဝှက်ကူညီပေးခဲ့ကြောင်း ထင်ရှား၏။ သို့သော် သူသည် ထိုအချက်ကို ထုတ်ပြောမနေဘဲ ပျံထွက်လာသူကို မေးလိုက်၏။

“လူသတ်သမားက ဘယ်သူလဲ။ အခု သူ ဘယ်ရောက်နေလဲ”

သူလျှိုက မည်သည့်စကားမှ မပြောပေ။ ထိုအစား သူက အသံပို့လွှတ်လိုက်သည်။

“လူသတ်သမားက တစ်ကိုယ်တော်ဝံပုလွေပါ။ အဖွဲ့မှူးကျန်းလို့ လူသိများပါတယ်။ သူက ကောင်းကင်မိုးကြိုးမြို့မှာ နေပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်တုန်းက သူက ကောင်းကင်ကံကြမ္မာသင်္ဘောနဲ့ ထွက်သွားတယ်တဲ့။ အခုဆို သူ ကောင်းကင်မိုးကြိုးမြို့ကို ရောက်နေလောက်ပါပြီ။ သူက ကောင်းကင်မိုးကြိုးမြို့က ကျွန်တွေရဲ့ ခေါင်းဆောင်ပါ”

“ကျွန်တွေလား... ဟင်း...”

ဟုန်ရီက နှာမှုတ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်၏။

“သူ့ကိုဖမ်းဖို့ ကောင်းကင်မိုးကြိုးမြို့ကို သွားကြစို့”

ဝှစ်...

လူရာကျော်သည် ကောင်းကင်ကိုဖြတ်သန်းကာ အနောက်မြောက်ဘက်သို့ ဦးတည်သွားလိုက်ကြ၏။ အစောက ဟုန်ရီတစ်ယောက် ပိုင်စိုးပိုင်နင်း ပြုမူခဲ့ခြင်းမှာ သူရိန်နီကုန်သည်အဖွဲ့အစည်းကို ပြဿနာရှာလို၍ မဟုတ်ချေ။ မျိုးနွယ်နှစ်ခု၏ ဒေါသကို ပြသကာ လူသတ်သမား၏ သတင်းအချက်အလက်များကို ရယူလို၍ဖြစ်သည်။ သူတို့၏ မျိုးနွယ်များသည် ကျားဖြူမြို့ထဲတွင် အရေးပါသော်လည်း နဂါးဖြူကျွန်းဆွယ်ရှိ အဓိက ကုန်သည်အဖွဲ့အစည်းတစ်ခုဖြစ်သော သူရိန်နီကုန်သည်အဖွဲ့အစည်းနှင့် မယှဉ်နိုင်သေးပေ။ ထို့ကြောင့် သူတို့သည် လိုချင်သော သတင်းအချက်အလက်ရလျှင် ဤနေရာတွင် ဆက်နေတော့မည် မဟုတ်ချေ။

သူတို့သည် ကောင်းကင်ကံကြမ္မာသင်္ဘောကို အသုံးမပြုဘဲ ကောင်းကင်မိုးကြိုးမြို့သို့ လျင်မြန်စွာ ပျံသန်းသွားကြ၏။ နဂါးဖြူကျွန်းဆွယ်၌ ကောင်းကင်ဧကရာဇ်ရာကျော်နှင့် အဆင့်မြင့် ကောင်းကင်ဧကရာဇ်နှစ်ပါးကို တားဝံ့သော ဓားပြတပ်မဟာတစ်ခုမှ မရှိချေ။ ထို့ပြင် ထိုလူများသည် ဟုန်မျိုးနွယ်နှင့် လီမျိုးနွယ်မှ လူများ ဖြစ်နေသည် မဟုတ်ပါလား။

***

ဝှစ်...

ထိုအချိန်တွင် ကောင်းကင်မိုးကြိုးကျွန်း၏ အရှေ့ဘက်တွင် လေခွင်းသံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီက သူ၏အုပ်စုနှင့်အတူ ကောင်းကင်မိုးကြိုးကျွန်းသို့ ပျံသန်းနေခြင်းပင်။

“အဖွဲ့မှူးကျန်း...”

ကောင်းကင်မိုးကြိုးကျွန်းပေါ်တွင် လှည့်ကင်းများ ရှိပေသည်။ သူတို့က ကျန်းရီကို မြင်သောအခါ လက်ဆုပ်လိုက်ကြပြီး အဝေးမှနေ၍ နှုတ်ဆက်လိုက်ကြသည်။ ကျန်းရီကလည်း ကြင်နာစွာ ပြန်ပြုံး၍ ခေါင်းညိတ်ပြကာ ပြန်နှုတ်ဆက်လိုက်၏။ သူသည် ထိုအုပ်စုကို ဦးဆောင်လာသော ခေါင်းဆောင်လုဖန်းကို ကြည့်လိုက်ပြီး ရယ်လိုက်၏။

“တပ်မှူးဖုန်း... ခဏပဲ ခွဲရတာဆိုပေမယ့် ကျွန်တော် ခင်ဗျားကို အရမ်းလွမ်းနေတာ။ ကျွန်တော်တို့ ဒီ‌နေ့ည ညစာအတူစားကြမလား”

“အဖွဲ့မှူးကျန်းက ကျွန်တော့်ကို နွေးနွေးထွေးထွေး ဖိတ်ခေါ်မှတော့ ကျွန်တော်က ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ”

တပ်မှူးလုဖုန်းက ကျယ်လောင်စွာ ရယ်လိုက်၏။ သို့သော် သူသည် ချမ်ဝမ်ကွမ်း ပြန်ပါလာသော်လည်း လူခြောက်ဆယ်ခန့်သာ ပြန်ရောက်လာသည်ကို တွေ့သောအခါ အတန်ငယ် ရင်တုန်သွား၏။ ကျန်းရီက လေနက်တပ်မဟာနှင့် တိုက်ခိုက်ခဲ့ပုံပေါ်၏။ မဟုတ်လျှင် လူများ ဤမျှလျော့နေမည် မဟုတ်ချေ။ ကျန်းရီက ထိုသို့ တိုက်ခိုက်ခဲ့သည်ပင် ရှင်သန်ခဲ့ပြီး ချမ်ဝမ်ကွမ်းကို ပြန်ခေါ်လာနိုင်ခဲ့ခြင်းလော။

သူတို့ နှုတ်ဆက်စကားအချို့ ဆိုလိုက်ကြ၏။ ထို့နောက် ကျန်းရီက သူ့လူစုနှင့်အတူ ကောင်းကင်မိုးကြိုးမြို့သို့ ပျံသန်းသွားလေသည်။ ထို့ကြောင့် မြို့ထဲတွင် ရုတ်ခြည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လူများစွာသည် ကျန်းရီက အလွန်စွမ်းအားကြီးသော ဓားပြတပ်မဟာတစ်ခုဖြင့် တိုက်ခိုက်တော့မည်ဆိုသော ကောလာဟလအချို့ကို ကြားခဲ့ရ၏။ ထို့ကြောင့် ကျန်းရီ ပြန်မလာနိုင်လောက်တော့ဟု သူတို့အားလုံး တွေးခဲ့ကြသည်။ ကျန်းရီသည် အထိအခိုက်မရှိ ပြန်လာနိုင်ရုံသာမက ချမ်ဝမ်ကွမ်းကိုလည်း ပြန်ခေါ်လာနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။

ကျန်းရီနောက်သို့ လိုက်သွားသော ကောင်းကင်ဧကရာဇ်များက လေနက်တပ်မဟာနှင့် တိုက်ပွဲတွင် ဖြစ်ခဲ့သော အကြောင်းများနှင့် သူတို့ သူရိန်နီခံတပ်အပြင်ဘက်နှင့် ကျားဖြူမြို့ထဲတွင် အခြားလူများကို မည်သို့သတ်ဖြတ်ခဲ့သည်ဆိုသော အကြောင်းများကို လူများအား ပြောပြလိုက်သောအခါ ကောင်းကင်မိုးကြိုးမြို့တစ်မြို့လုံး စိတ်လှုပ်ရှားသွား၏။ ကျန်းရီသည် မြို့ပြင်တွင် ခက်ထန်ကာ စွမ်းအားကြီးခဲ့၏။ ယင်းက သူတို့ကို ဂုဏ်ရှိသည်ဟု ခံစားရစေ၏။ သို့သော် မကျေနပ်သော လူအချို့လည်း ရှိပေသည်။ ကျန်းရီ စွမ်းအားကြီးလာလေလေ၊ သူတို့ ကျော်ကြားလာနိုင်မည့်အခွင့်အရေး နည်းလာလေလော မဟုတ်ပါလား။

ကျန်းရီသည် မြို့သို့ ပြန်ရောက်ပြီးနောက်တွင် သူ့လူများကို အနားယူစေလိုက်၏။ သူကမူ မြို့အရှင်စံအိမ် ဒုတိယထပ်သို့ သွားကာ မြို့အရှင်လုဖင်းဆီ သွားလည်လိုက်သည်။

“အရှင်... အခုတလော အဆင်ပြေပါရဲ့လား”

ကျန်းရီသည် နွေဦးလေပြေအလား ပျော်ရွှင်ပုံပေါ်နေ၏။ သူ့လက်ထဲမှ ရှေးဟောင်းနတ်ဘုရားလက်စွပ် လင်းလက်လာ၏။ သူက လက်စွပ်တစ်ကွင်းကို ထုတ်လိုက်ပြီး စားပွဲပေါ်၌ တင်လိုက်သည်။ ထို့နောက် သူ ပြုံးကာ ပြောလိုက်၏။

“ကျွန်တော် ဒီတစ်ခေါက်ခရီးမှာ မြို့အရှင်အတွက် ဘာမှ မဝယ်ခဲ့ရဘူး။ အခုလို အသေးအဖွဲလေးပဲ ယူလာနိုင်ခဲ့ပါတယ်”

လုဖင်းသည် ကျေးဇူးတင်စကားပင် ဆိုမနေတော့ဘဲ လက်စွပ်ကို ယူလိုက်ပြီး ယင်းကို ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းလိုက်၏။ လက်စွပ်အတွင်း၌ ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းရှိကြောင်း တွေ့လိုက်သောအခါ သူမ၏မျက်နှာအိုသည် ပွင့်အာလာသည့် ပန်းတစ်ပွင့်အား ပြုံးရွှင်သွားလေသည်။ သူမက ခေါင်းတဆတ်ဆတ်ညိတ်၍ ပြောလိုက်၏။

“အဖွဲ့မှူးကျန်းက အရမ်းယဉ်ကျေးတာပဲ။ ဒီတစ်ခေါက် အဖွဲ့မှူးကျန်းက အောင်ပွဲကြီးကြီးတစ်ခု ရခဲ့ပြီး အကျိုးအမြတ်များများ ရခဲ့တဲ့ပုံပဲ”

ကျန်းရီက ခါးသက်သက်ပြုံးကာ ပြန်ပြောလိုက်၏။

“လေနက်တပ်မဟာက ကျွန်တော်တို့အားလုံးကို သတ်ပစ်ချင်နေလို့ ရွေးစရာမရှိတော့ဘဲ စတိုက်ခိုက်ခဲ့ရတာပါ။ ကျွန်တော်တို့ဘက်ကလည်း လူဒါဇင်ကျော် ဆုံးရှုံးခဲ့ရပါတယ်။ ကံကောင်းတာက ရန်တုံတို့က စွမ်းအားကြီးလို့ လေနက်တပ်မဟာကို ဖျက်ဆီးနိုင်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ အပြန်လမ်းမှာလည်း ဟုန်မျိုးနွယ်နဲ့ လီမျိုးနွယ်တို့က သခင်လေးနှစ်ယောက်က ကျွန်တော်တို့ကို တားပြီး သတ်ဖို့ ကြံခဲ့ပါသေးတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့လည်း ရွေးစရာမရှိတော့ဘဲ သူတို့ကို သတ်ခဲ့ရပါတယ်။ ကျွန်တော်က မြို့အရှင်အတွက် ပြဿနာဖြစ်အောင် လုပ်မိမှာ စိုးရိမ်မိပါတယ်...”

“အာ...”

လုဖင်း အတန်ငယ် လက်တုန်သွား၏။ သူမက ကျန်းရီကို အံ့အားသင့်ဟန်ဖြင့် စူးစူးဝါးဝါး ကြည့်လိုက်သည်။ သူမသည် လေနက်တပ်မဟာအကြောင်းကို စေ့စေ့စပ်စပ် စုဆောင်းခဲ့၏။ ထို့ပြင် သူမသည် ရန်တုံနှင့် အခြားသူများ၏ တိုက်ခိုက်အင်အားအကြောင်းကို ကောင်းစွာသိပေသည်။ ကျန်းရီသည် အဘယ်သို့ လေနက်တပ်မဟာတစ်ခုလုံးကို ရှင်းပစ်နိုင်ခဲ့ခြင်းနည်း။ သူ၏စွမ်းအားက များစွာ တိုးတက်သွားခြင်းလော။ သို့သော် သူသည် ယခင်က အဆင့်တွင်သာ ရှိနေသေးပုံပင်။

“ဟုန်မျိုးနွယ်နဲ့ လီမျိုးနွယ်လား”

လုဖင်း စကားရပ်လိုက်ပြီး လက်ဝှေ့ယမ်းကာ ဆက်ပြောလိုက်၏။

“သူတို့က ကျားဖြူမြို့မှာ အတော်လေး ကျော်ကြားတာပဲ။ ပြီးတော့ ကျားဖြူမြို့အရှင် လုရှန်နဲ့လည်း တော်တော်ရင်းနှီးကြတယ်။ ဒါပေမဲ့ ကောင်းကင်မိုးကြိုးမြို့က ကျားဖြူမြို့မဟုတ်ပါဘူး။ အပြင်လူတွေ ဒီမှာ လာရှုပ်လို့မရဘူး။ အဖွဲ့မှူးကျန်း ပြန်ပြီး နားပါတော့။ နောက်မှ ငါ အရှင်ချမ်နဲ့ တွေ့ပြီး စကားစမြည်ပြောလိုက်ပါမယ်”

“ကျေးဇူးတင်ပါတယ် မြို့အရှင်”

ကျန်းရီက ဦးညွှတ်၍ ထွက်သွားလိုက်၏။ လုဖင်းက ကတိပေးလိုက်ပြီဖြစ်၍ သူ ဟုန်မျိုးနွယ်နှင့် လီမျိုးနွယ်၏ အန္တရာယ်ကို သိပ်စိုးရိမ်ရန် မလိုတော့ပေ။ ယခုတွေးရမည့် အရေးအကြီးဆုံး ကိစ္စမှာ မိုးကြိုးကျောက်တုံးရောင်းသည့် စီးပွားရေးကို မည်သို့ ဆက်လုပ်ရမည်ကို ဖြစ်သည်။ သူ လုဖင်းကို ဆက်၍လာဘ်ထိုးမနေနိုင်ချေ။ အကယ်၍ သူ သူမထံမှ နောက်တစ်ကြိမ် အကူအညီ‌တောင်းလိုပါက သူမက အရေးစိုက်မည် မဟုတ်ပေ။

ဤအပြစ်သားကျွန်းပေါ်တွင် မည်သည့် ခင်မင်မှုမှ မရှိပေ။ ချိုးဖျက်မရနိုင်သော မဟာမိတ်ဆက်ဆံရေးသာ ရှိပေသည်။

***

All Chapters