သူမက ကျန်းရီကို ကာကွယ်နေ၏
Vol. 53 Ch. 737
ထိုညတွင် ကျန်းရီသည် မြို့ထဲရှိ ကောင်းကင်ဧကရာဇ်အားလုံးကို ပန်းတစ်ရာစားသောက်ဆိုင်သို့ ဖိတ်ကြားလိုက်၏။ တစ်ချိန်တည်းမှာပင် သူနှင့် ချမ်ဝမ်ကွမ်းတို့သည် ဆိုင်ဘေးဘက်ရှိ လှပသော ခြံဝန်းထဲတွင် တပ်မှူးဆယ်ယောက်ကို ဧည့်ခံနေကြ၏။
ဧည့်သည်များသည် သုံးချီ သောက်ပြီးသောအခါ စတင် လူစုခွဲလာကြ၏။ သို့သော် အဖွဲ့မှူးကျန်း၊ ချမ်ဝမ်ကွမ်းနှင့် လုဖန်းတို့သည် လျှို့ဝှက်အခန်းတစ်ခုအတွင်း၌ လျှို့ဝှက်ဆွေးနွေးနေဆဲပင်။ မှောင်ခို မိုးကြိုးကျောက်တုံးရောင်းသည့် စီးပွားရေးကို ဆက်လုပ်ရမည်ဖြစ်သည်။ သူတို့၏ ဆွေးနွေးမှုထဲတွင် ရောင်းဝယ်မှုအတွက် ဂရုတစိုက် ပြင်ဆင်မှုများ ပါပေသည်။
အရှေ့ဘက် တော်ဝင်နယ်မြေက မည်သည့် ကုန်သည်ကမှ ကောင်းကင်မိုးကြိုးမြို့အတွင်းသို့ ခြေမချဝံ့ပေ။ သူတို့သည် လုမျိုးနွယ်၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သတ်ဖြတ်မည်ကို ကြောက်ရွံ့ကြ၏။ ထို့ကြောင့် ကျန်းရီတို့သည် သူတို့ဘက်မှ လူများကို မြို့ပြင်သို့ပို့ရန် လိုပေသည်။ သို့သော် ယင်းက မလုံခြုံချေ။ ဤတစ်ခေါက်တွင် လေနက်တပ်မဟာ ထွက်ပေါ်လာခဲ့သည်။ အနာဂတ်တွင် သရဲနက် သို့မဟုတ် မီးနက်တပ်မဟာများ ထွက်ပေါ်လာနိုင်ပေသည်။ ရန်တုံနှင့် အခြားသူများသည် သိပ်စွမ်းအားမကြီးလှ။ သူတို့ကို အချိန်မရွေး သတ်ပစ်နိုင်သည်။ ကျန်းရီကလည်း အချိန်တိုင်း ဦးဆောင်နေရန် မဖြစ်နိုင်ပေ။
“တပ်မှူးဖုန်း... အဲ့ဒါက အလုပ်ဖြစ်မယ်လို့ ခင်ဗျားထင်လား”
ကျန်းရီ၏ ခေါင်းထဲတွင် အတွေးကောင်းတစ်ချက် ထွက်ပေါ်လာ၏။ သူ ပြောလိုက်သည်။
“ကောင်းကင်ကံကြမ္မာသင်္ဘောကို ကောင်းကင်မိုးကြိုးကျွန်းဆီ လာခိုင်းလိုက်မယ်။ ဝမ်ကွမ်းတို့က အဲ့သင်္ဘောနဲ့ ထွက်သွားပြီး သူရိန်နီခံတပ်မှာ အရောင်းအဝယ်သွားလုပ်ပေါ့။ ကျွန်တော်က သူရိန်နီကုန်သည်အဖွဲ့အစည်းမှာ အရေးပါတဲ့ဝယ်သူတစ်ယောက်ပဲ။ ကျွန်တော် သူတို့နဲ့ ဒီကိစ္စကို ဆွေးနွေးလို့ရမယ်လို့ ထင်တယ်”
“ဒါက...”
တပ်မှူးဖုန်း၏မျက်လုံးများ အရောင်တောက်လာ၏။ ထို့နောက် သူ ခေါင်းခါ၍ ပြောလိုက်၏။
“ဒါက အများကြီး ပိုလုံခြုံမယ်ဆိုပေမယ့် သူရိန်နီကုန်သည်အဖွဲ့အစည်းက မစွန့်စားချင်မှာ စိုးမိတယ်။ သူတို့က ကောင်းကင်မိုးကြိုးကျွန်းကို လာဖို့ သူတို့ရဲ့ သင်္ဘောလမ်းကြောင်းကို ပြောင်းရမှာ မလား။ တကယ်လို့ အထက်ကသာ အဲ့အကြောင်းကို စုံစမ်းသိရှိသွားရင် သူရိန်နီကုန်သည်အဖွဲ့အစည်းအပေါ် သေချာပေါက် သက်ရောက်မှု ရှိမှာပဲ”
ကျန်းရီက လက်ယမ်း၍ ပြောလိုက်၏။
“သူတို့က ဘာတွေများ စွန့်စားရမှာ မလို့လဲ။ ကျွန်တော်တို့ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးတာက ပုံမှန်ပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ သူရိန်နီခံတပ်ကိုသွားပြီး အဲ့မှာနေတာကလည်း ပုံမှန်ပဲလေ။ ကျွန်တော်တို့ရဲ့ အရောင်းအဝယ်က ကုန်သည်အဖွဲ့အစည်းနဲ့မှ မဆိုင်တာ။ အလွန်ဆုံးမှ ကျွန်တော်တို့က သင်္ဘောကို ပိုင်ယာကျွန်းမှာ ကပ်ပေးဖို့ သူတို့ရဲ့ အစောင့်တွေကို ကောင်းကင်ကျောက်တုံးနည်းနည်း လာဘ်ထိုးလိုက်ရုံပါပဲ။ ပြီးတော့ အပြင်သောင်နဲ့ သူရိန်နီခံတပ်ကြားက တော်တော်လေးလှမ်းတယ်။ ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ အစောင့်တွေ လိုလိမ့်မယ်”
လုဖုန်းသည် ခေတ္တမျှ သူ့ဘာသာ ရေရွတ်နေပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကျွန်တော်တို့သာ သူတို့ကို ကောင်းကင်ကျောက်တုံး လုံလုံလောက်လောက်ပေးရင် ကုန်သည်အဖွဲ့အစည်းက ကျွန်တော်တို့ကို လိုက်ပို့ဖို့ အစောင့်တစ်ဖွဲ့ ဖွဲ့စည်းပေးမှာပဲ။ တကယ်လို့ သူရိန်နီကုန်သည်အဖွဲ့အစည်းကသာ ဒီအပေးအယူကို လက်ခံဖို့ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့ တခြားအဖွဲ့ကို ဆက်သွယ်လိုက်မယ်။ အရောင်းအဝယ်ကို သူရိန်နီခံတပ်မှာ လုပ်ကြတာပေါ့။ သူရိန်နီခံတပ်မှာက ဝင်ထွက်သွားလာနေတဲ့သူတွေ အများကြီးရှိတယ်ဆိုတော့ ကျွန်တော်တို့ကို သတိထားမိဖို့ မလွယ်ဘူး”
“အဟုတ်ပဲ”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ချမ်ဝမ်ကွမ်းကိုကြည့်လိုက်၏။ ချမ်ဝမ်ကွမ်းကလည်း အခြားပြဿနာများမရှိကြောင်း ခေါင်းဆတ်ပြလိုက်သည်။ သူရိန်နီကုန်သည်အဖွဲ့အစည်းမှ လူများကို ကောင်းကင်မိုးကြိုးကျွန်းသို့ လာရန် ဆက်သွယ်ရန်မှာ အရေးကြီးသောကိစ္စတစ်ခုဖြစ်၏။
ကျန်းရီသည် ဆွေးနွေးမှုများ လုပ်ပြီးသောအခါ သူ၏ခြံဝန်လေးသို့ ပြန်ခဲ့၏။ ချမ်ဝမ်ကွမ်းက သူ၏လူများကို စုဝေး၍ ပြင်ဆင်မှုများ လုပ်နေသည်။ ချမ်ဝမ်ကွမ်းနှင့် ဖုန်းလန်၏ ထိန်းချုပ်မှုအောက်တွင် ကောင်းကင်မိုးကြိုးမြို့သည် စည်းစနစ်ကျသည့် အခြေအနေသို့ လျင်မြန်စွာ ပြန်ရောက်သွားသည်။ သူတို့သည် ယခင်ကကဲ့သို့ပင် မြို့ကို စည်းစနစ်ကျကျ စီမံနေပေသည်။
ကျန်းရီက မိုးကြိုးတောင်များသို့ မသွားခဲ့ပေ။ သူသည် ခြံဝန်းလေးထဲတွင်သာ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေခဲ့ပြီး တာအိုပုံသဏ္ဌာန်များကို လေ့လာနေခဲ့သည်။ သုံးရက်ကြာပြီးနောက် ကောင်းကင်မိုးကြိုးကျွန်း၏ တောင်ဘက်ခြမ်းတွင် တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ပညာရှင်များ၏ အရှိန်အဝါများ ရောက်ရှိလာပြီး မြို့ထဲမှ သိုင်းသမားအားလုံးကို တုန်လှုပ်သွားစေ၏။
“ဟုန်မျိုးနွယ်နဲ့ လီမျိုးနွယ်က လူတွေလား။ သူတို့ ရောက်လာတာ မြန်သားပဲ”
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံ ပြန့်ကားသွားပြီး သူ၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။ သူ ထရပ်လိုက်ပြီး ဖုန်းလန်နှင့် ကျန်သူများကို ဧကရာဇ်နန်းတော်ထဲ ထည့်လိုက်၏။ သတိဆိုသည်မှာ ပိုသည်မရှိပေ။ လုဖင်းက ရောက်ရှိလာသော အဆင့်မြင့် ကောင်းကင်ဧကရာဇ်နှစ်ပါးကို ခုခံနိုင်၊ မခံနိုင်ကို မည်သူမှ မသိချေ။
ကောင်းကင်မိုးကြိုးကျွန်း ပတ်ပတ်လည်တွင် အစောင့်များ ကင်းလှည့်နေကြသည်။ သို့သော် ပြဿနာမရှာသရွေ့ မည်သူမဆို ကျွန်းသို့ ဝင်နိုင်ပေသည်။ ဟုန်ရီက သူ၏လူများနှင့်အတူ အရှိန်အဝါအပြည့်ဖြင့် ပျံသန်းလာ၏။ ကင်းလှည့်နေသော အစောင့်များက သူတို့ကို မတားလိုက်ပေ။
“မြို့ထဲမဝင်ခင် ကောင်းကင်ကျောက်တုံးတွေ ပေးရပါမယ်။ လူတစ်ယောက်ကို ကျောက်တုံး တစ်သောင်းပါ”
သို့သော် မြို့၏ တောင်ဘက်ဂိတ်တံခါးတွင် ဟုန်ရီနှင့် သူ့လူများသည် တပ်မှူးတစ်ယောက်နှင့် နောက်ပါများ၏ တားဆီးမှုကို ခံလိုက်ရလေသည်။ ဟုန်ရီ၏ မျက်ခုံးမွေးများ တွန့်သွား၏။ ထို့နောက် သူသည် အရေးမစိုက်ဟန်ဖြင့် ရယ်ကာ ပြောလိုက်၏။
“တပ်မှူး... ကျုပ်က ဟုန်ရီပဲ၊ ကျားဖြူမြို့က ဟုန်မိသားစုရဲ့ အကြီးအကဲတစ်ယောက်ပဲ။ ကျုပ်က အရှင်မလုဖင်းကို တရားဝင်လာတွေ့တာ။ ကျုပ် မြို့ထဲဝင်ချင်ရင် ကောင်းကင်ကျောက်တုံး ပေးစရာမလိုဘူးမလား”
တပ်မှူးလုပုသည် မြို့ထဲမှ တပ်မှူးဟောင်းတစ်ယောက်ဖြစ်သည်။ သူသည် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်သာဖြစ်၏။ သို့သော် ဟုန်ရီကဲ့သို့ အဆင့်မြင့် ကောင်းကင်ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်နေရချိန်မှာပင် သူ မျက်နှာထား ပြောင်းမသွားခဲ့ချေ။ သူက အေးစက်စက် ပြောလိုက်၏။
“စည်းမျဉ်းတွေက စည်းမျဉ်းတွေပဲ။ ခင်ဗျား စည်းမျဉ်းတွေကို မလိုက်နာနိုင်ရင် ထွက်သွားပါ”
“မင်း...”
ဟုန်ရီသည် ပါးနပ်သောစရိုက်ရှိသော်လည်း ဒေါသပေါက်ကွဲတော့မလို ဖြစ်သွား၏။ ဤ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တပ်မှူးသည် အလွန်စိတ်ကြီးဝင်စွာ ပြုမူနေခြင်းလော။ ကျားဖြူမြို့တွင် တပ်မှူများမဆိုထားနှင့် လုမျိုးနွယ်မှ အရေးပါသည့်ပုဂ္ဂိုလ်များပင် သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရသည်။ သူတို့ တစ်ခါမှ ဤကဲ့သို့ ဆက်ဆံမခံခဲ့ရဖူးပေ။
ဟုန်ရီခေါ်လာသော လူများနှင့် လီမျိုးနွယ်မှ လူများ၏ မျက်နှာထားများ ပြောင်းလဲသွား၏။ သို့သော် ဤတပ်မှူးသည် လုမျိုးနွယ်မှဖြစ်၍ မည်သူမှ သတ်ဖြတ်လိုစိတ်ကို မပြလိုက်ကြပေ။ နဂါးဖြူကျွန်းဆွယ်တွင် လုမျိုးနွယ်မှလူများကို ရန်စခြင်းက သေလမ်းရှာခြင်းပင်ဖြစ်သည်။
ဟုန်ရီ၏မျက်လုံးများ လင်းလက်သွား၏။ ထို့နောက် သူ ပြုံးကာ တောင်းပန်သည့်လေသံဖြင့် ပြောလိုက်သည်။
“ဒီအဘိုးကြီး သိသလောက်တော့ ကောင်းကင်မိုးကြိုးမြို့ဆိုတာ မြို့အသေးလေးတစ်မြို့ပဲ။ ဒီတော့ ဝင်ကြေးက လူတစ်ယောက်ကို ကောင်းကင်ကျောက်တုံး တစ်ထောင်ပဲ ဖြစ်သင့်တယ်မလား။ အရှင်တပ်မှူး... တပ်မှူးတောင်းတဲ့ ဝင်ကြေးက လုမျိုးနွယ်ရဲ့ စည်းမျဉ်းနဲ့ ဆန့်ကျင်နေသလိုပဲ၊ ဟုတ်တယ်မလား”
လုပုက ဟုန်ရီကို ကြည့်၍ အေးစက်စွာ ရယ်လိုက်၏။
“ဒါက တကယ်ပဲ လုမျိုးနွယ်ရဲ့ စည်းမျဉ်းနဲ့ မကိုက်ညီပါဘူး။ ဒါက ကောင်းကင်မိုးကြိုးမြို့ရဲ့ စည်းမျဉ်းပါ။ ခင်ဗျား မကျေနပ်ဘူးဆိုရင် လုမျိုးနွယ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမကိုသွားပြီး တိုင်လိုက်ပေါ့။ ပြီးတော့ စိတ်မကောင်းပါဘူး... အခု စည်းမျဉ်းက ထပ်ပြောင်းသွားပြီ။ လူတစ်ယောက်ကို ကောင်းကင်ကျောက်တုံး တစ်သိန်းဖြစ်သွားပြီ။ တကယ်လို့ မဝင်ချင်ဘူးဆိုရင်လည်း ထွက်သွားလို့ရတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဆက်ပြီး နှောင့်ယှက်နေဦးမယ်ဆိုရင်တော့ မြို့ထဲဝင်နိုင်ဖို့ လူတစ်ယောက်ကို ကောင်းကင်ကျောက်တုံးတစ်သန်း ဖြစ်သွားလိမ့်မယ်”
ဝှစ်...ဝှစ်...ဝှစ်...
ထိုလူရာကျော်၏ ခန္ဓာကိုယ်များမှ သတ်ဖြတ်လိုစိတ်များကို ဆက်၍ မဖိနှိပ်ထားနိုင်တော့ပေ။ သတ်ဖြတ်လိုစိတ်များ တလိပ်လိပ် ထွက်ပေါ်လာသည်။ ဤတပ်မှူးသည် သူတို့ကို တမင် ပြဿနာရှာနေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ ကျန်းရီက ဤနယ်မြေမှ အာဏာရှင်တစ်ယောက်ဖြစ်ကြောင်း သူတို့တွေးမိသောအခါ အရာအားလုံး အကျိုးအကြောင်းညီသွားပေပြီ။
ဟုန်နှင့် လီမျိုးနွယ်တို့မှ အကြီးအကဲများဖြစ်သော ဟုန်ရီနှင့် လီရှဲတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး နှာမှုတ်လိုက်ကြ၏။ ထို့နောက် သူတို့သည် လေထဲသို့ တစ်ချိန်တည်း ပျံတက်သွားပြီး အစွမ်းကုန် ထုတ်လိုက်လေသည်။ ဟုန်ရီက အသံကုန် အော်လိုက်၏။
“ကျားဖြူမြို့က ဟုန်မျိုးနွယ်ရဲ့ အကြီးအကဲ ဟုန်ရီနဲ့ လီမျိုးနွယ်ရဲ့ အကြီးအကဲ လီရှဲတို့ အရှင်မလုဖင်းနဲ့ တွေ့ခွင့်တောင်းပါတယ်”
ဝှစ်...ဝှစ်...ဝှစ်...
မျိုးနွယ်နှစ်ခုလုံးမှ လူရာပေါင်းများစွာက ကောင်းကင်ထဲသို့ ပျံတက်သွားပြီး အရှိန်အဝါများ ထုတ်လွှတ်လိုက်၏။ ကောင်းကင်မိုးကြိုးမြို့ ပတ်ပတ်လည်မှ လေထုသည် ငြိမ်သက်သွားသည်ဟုထင်ရ၏။ မရေမတွက်နိုင်သော ဗာဂျရာအဆင့် သိုင်းပညာရှင်များ၏ မျက်နှာထားများ ပြောင်းလဲသွားသည်။ သူတို့အားလုံးသည် ခြံဝန်းများထဲမှ ပျံထွက်လာပြီး လမ်းပေါ်တွင် စုဝေးကာ သူတို့အထက်ရှိ ရာချီသော ကောင်းကင်ဧကရာဇ်များကို ကြောက်ရွံ့တကြီး ကြည့်လိုက်ကြလေသည်။
“အရူး...”
ကျန်းရီက သူ့ခြံဝန်းထဲမှ မထွက်ဘဲ အထဲတွင် သက်တောင့်သက်သာ ထိုင်နေလေသည်။ သူသည် ကောင်းကင်ပေါ်ရှိ လူရာချီကိုကြည့်ကာ ထိုလူများက ကျားဖြူမြို့တွင် စိုးမိုးဗိုလ်ကျလေ့ရှိသူများ ဖြစ်မည်ဟု တွေးလိုက်၏။ သူတို့သည် ကောင်းကင်မိုးကြိုးမြို့တွင်ပင် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဝံ့ကြသည်လော။
“ဘာတွေဖြစ်နေတာလဲ”
မြို့အရှင်စံအိမ်မှနေ၍ အိုမင်း၍ အေးစက်သော အမျိုးသမီးသံတစ်သံ ထွက်ပေါ်လာ၏။ လုဖင်းက လူလုံးထွက်မပြခဲ့ပေ။ သို့သော် ထိုသို့လှမ်းပြောခြင်းကာ မျိုးနွယ်နှစ်ခုမှ လူများကို အတန်ငယ် မျက်နှာသာပေးလိုက်ခြင်းဖြစ်သည်။
“အရှင်မလုဖင်းကို နှုတ်ဆက်ပါတယ်”
ဟုန်ရီတို့သည် လေးလေးစားစား ဦးညွှတ်လိုက်ကြ၏။ လုဖင်းက ကောင်းကင်မိုးကြိုးမြို့ကဲ့သို့ မြို့ငယ်လေးတစ်ခု၏ မြို့အရှင်မတစ်ယောက်သာ ဖြစ်သော်လည်း သူတို့သည် သူမကို အထင်မသေးဝံ့ချေ။ သူမသည် နဂါးဖြူကျွန်းဆွယ်ထဲမှ မြို့တစ်မြို့ကို အုပ်ချုပ်နေရသူတစ်ဦး ဖြစ်နေသေးသည် မဟုတ်ပါလား။
ဟုန်ရီက ဦးညွှတ်ပြီးနောက် ကောင်းကင်စိတ်အာရုံကို မြို့အတွင်းသို့ ပို့လွှတ်၍ လုဖင်းအပေါ် ကျစေကာ အသံပို့လွှတ်လိုက်၏။
“အရှင်မ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျုပ်တို့မျိုးနွယ်ရဲ့ အကြီးဆုံးသခင်လေးနဲ့ လီမျိုးနွယ်ရဲ့ တတိယသခင်လေးတို့က သူရိန်နီခံတပ် အပြင်ဘက်မှာ အသတ်ခံခဲ့ရပါတယ်။ ကျုပ်တို့ မျိုးနွယ်နှစ်ခုလုံးရဲ့ ခေါင်းဆောင်တွေက ဒေါသထွက်ပြီး ကျုပ်တို့ကို လူသတ်သမားကို ရှာခိုင်းလိုက်ပါတယ်။ ကျုပ်တို့ရဲ့ သတင်းအရင်းအမြစ်တွေအရ လူသတ်သမားက ကောင်းကင်မိုးကြိုးမြို့ထဲမှာလို့ သိရပါတယ်။ သူက တစ်ကိုယ်တော်ဝံပုလွေပါ။ ကျုပ်မျိုးနွယ်ရဲ့ ခေါင်းဆောင်က အရှင်မလုဖင်းဆီက အကူအညီတောင်းပါလို့ အထူးမှာလိုက်ပါတယ်။ ကိစ္စတွေ ပြီးသွားရင် သူက ကျေးဇူးတင်ဖို့ အရှင်မဆီ သေချာပေါက် လာလည်မှာပါ”
“အို့...”
လုဖင်းက မြို့အရှင်စံအိမ်ထဲတွင် ပုံမှန်အတိုင်း ထိုင်နေပြီး အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။
“ပြန်သွားပြီး နင်တို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ကို ပြောလိုက်ပါ။ ငါက သူ့ကို မလေးမစား လုပ်တာမဟုတ်ပါဘူးလို့... ဒါပေမဲ့ တစ်ကိုယ်တော်ဝံပုလွေက လူသတ်သမား ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သူက အခု ကောင်းကင်မိုးကြိုးမြို့ထဲမှာ နေ,နေတာပဲ။ ငါက သူ့ရဲ့ လုံခြုံရေးကို တာဝန်ယူရတယ်။ ဒါပေမဲ့ သူ မြို့ထဲက ထွက်သွားရင်တော့ နင်တို့ သူ့ကို ဘယ်လို လုပ်လဲဆိုတာ ငါ ဂရုမစိုက်ဘူး။ လုမျိုးနွယ်ရဲ့ စည်းမျဉ်းတွေက မြို့ထဲမှာ အကြမ်းဖက်မှုမရှိရဘူးလို့ ပြောထားတယ်။ ငါ လုဖင်းက ဘယ်လိုလုပ် စည်းမျဉ်းတွေကို ဆန့်ကျင်ရဲမှာလဲ”
“အာ...”
ဟုန်ရီတစ်ယောက် ခေတ္တမျှ တွေဝေသွား၏။ လုမျိုးနွယ်၏ စည်းမျဉ်းများကို မည်သည့်အခါတွင်မှ မဆန့်ကျင်သင့်ကြောင်း သူ့ရင်ထဲတွင် ရှင်းရှင်းလင်းလင်း သိပေသည်။ သို့သော် အလင်းရှိသည့်နေရာတွင် အမှောင်လည်း ရှိရပေမည်။ မည်သည့်နေရာတွင်ဖြစ်စေ စည်းမျဉ်းများကို လက်တစ်လုံးခြား လုပ်မှုများ ရှိပေလိမ့်မည်။ ဥပမာအားဖြင့် ကျားဖြူမြို့ထဲတွင်လည်း အကြမ်းဖက်မှုကို ခွင့်မပြုပေ။ သို့သော် အကယ်၍ ဟုန်ရီသာ လူတစ်ယောက်ကို သတ်လိုလျှင် အလွန်လွယ်ကူပေလိမ့်မည်။ ထို့ကြောင့် လုဖင်းက ဤကိစ္စကို ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်နေခြင်းဖြစ်ပြီး ဟုန်မျိုးနွယ်နှင့် လီမျိုးနွယ်ကို မည်သည့်လေးစားမှုမှ မပြကြောင်း ထင်ရှားပေသည်။ တစ်နည်းဆိုရလျှင် သူမက ကျန်းရီကို ကာကွယ်နေခြင်းပင်။
ဟုန်ရီသည် ထိုသို့ တွေးမိသောအခါ ရင်ထဲတွင် ဒေါသများ ပြည့်နှက်လာလေသည်။ အစောတွင် တပ်မှူးတစ်ယောက်က သူ့ကို မလေးမစား ဆက်ဆံခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဤကိစ္စအပေါ်ထားသော လုဖင်း၏သဘောထားနှင့် များစွာ သက်ဆိုင်ပေလိမ့်မည်။
ဟုန်ရီသည် ထိုအကြောင်းကို တွေးမိသောအခါ ပို၍ ဒေါသထွက်လာ၏။ ဟုန်မျိုးနွယ်နှင့် လီမျိုးနွယ်သည် နဂါးဖြူကျွန်းဆွယ်တွင် ဂုဏ်ရှိန်ကြီးပေသည်။ ထို့ပြင် မျိုးနွယ်ခေါင်းဆောင်များကလည်း လုမျိုးနွယ်မှ အကြီးအကဲများနှင့် ရင်းနှီးကြသည်။ သို့သော် မြို့သေးလေးတစ်ခု၏ မြို့အရှင်မတစ်ယောက်သာဖြစ်သည့် လုဖင်းက သူတို့ကို ဤသို့ မလေးမစား ဆက်ဆံနေသည်လော။
ရုတ်ခြည်းပင် သူသည် ကောင်းကင်စိတ်အာရုံကို ပို့လွှတ်ကာ အသံပို့လိုက်၏။
“အရှင်မ... ကျုပ်တို့ လုပ်နေတဲ့ကိစ္စကို စွမ်းအားကြီးအဖွဲ့တွေအကုန်လုံး သိပြီးနေပါပြီ။ တကယ်လို့ ကျုပ်တို့သာ ဘယ်သူ့ကိုမှ ပြန်ခေါ်မသွားနိုင်ဘူးဆိုရင် ကျုပ်တို့ရဲ့ မျိုးနွယ်တွေ အရှက်ရ,ရပါလိမ့်မယ်။ ကျေးဇူးပြုပြီး ကျုပ်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ အရှင်မ ဘာမှ ဝင်လုပ်ပေးစရာမလိုပါဘူး.. ကျုပ်တို့ဘာသာ မြို့ထဲဝင်ပြီး လူသတ်သမားကို ရှာပါမယ်။ အဲ့လိုဆိုရင်ရော ဘယ်လိုပါလဲ။ ဒီကိစ္စပြီးသွားရင် ကျုပ်တို့ရဲ့ မျိုးနွယ်ခေါင်းဆောင်က ကျေးဇူးတင်ကြောင်းပြဖို့ ကိုယ်တိုင်ရောက်လာမှာပါ။ ကျားဖြူမြို့နဲ့နဂါးဖြူမြို့ရဲ့ မြို့အရှင်တွေဖြစ်တဲ့ အရှင်လုရှန်နဲ့ အရှင်လုရှား... ပြီးတော့ အကြီးအကဲလုဟယ်.. သူတို့အကုန်လုံးက ကျုပ်တို့မျိုးနွယ်ခေါင်းဆောင်နဲ့ ရင်းနှီးပါတယ်။ အချိန်ကျလာရင် သူတို့က အရှင်မရဲ့ ဖြောင့်မတ်မှုအကြောင်း ချီးကျူးကြမှာပါ”
***