← Chapters

နေရာတွင်ပင် ကွပ်မျက်ခြင်း

Vol. 53 Ch. 738

နေရာတွင်ပင် ကွပ်မျက်ခြင်း

Vol. 53 Ch. 738

မြို့အရှင်စံအိမ်အတွင်းရှိ လုဖင်း၏ မျက်လုံးများက ရုတ်ခြည်း အေးစက်သွား၏။ သူမ၏မျက်လုံးများထဲတွင် အေးစက်စက် အလင်းတစ်ချက် လက်သွားသည်။ သူမ ပြန်၍ အသံမပို့လွှတ်လိုက်ပေ။ သူမက နှာခေါင်းရှုံ့၍ တိုက်ရိုက်ပြန်ပြောလိုက်၏။

“လုရှန်၊ လုရှားနဲ့ လုဟယ်တို့ကို အသုံးချပြီး ငါ့ကို ဖိအားပေးချင်တာလား။ မင်းတို့မျိုးနွယ်က အင်အားကြီးပြီး အထင်ကြီးစရာ ကောင်းပါပေတယ်။ တစ်ကိုယ်တော်ဝံပုလွေက ခြံဝန်းနံပါတ်(၁၇၇၇)မှာ နေနေတယ်။ မင်းတို့မှာ သတ္တိရှိရင် သူ့ကို သွားဖမ်းလိုက်”

“ဟားဟားဟား”

ခြံဝန်းနံပါတ်(၁၇၇၇)ထဲမှနေ၍ ရယ်သံတစ်သံ ထွက်ပေါ်လာပြီး လေထဲတွင် ပျံ့လွင့်သွား၏။ လူတစ်ယောက်သည် ကောင်းကင်ထက်သို့ ပျံတက်သွား၏။ ထိုသူမှာ ကျန်းရီပင်။ ကျန်းရီက လေထဲတွင် ဝံ့ဝံ့ကြွားကြွားရပ်ကာ ဟုန်ရီတို့ကို ကြည့်လိုက်သည်။

“ဆက်ရှာမနေပါနဲ့တော့။ တစ်ကိုယ်တော်ဝံပုလွေက အခု ခင်ဗျားတို့ ရှေ့မှာ ရပ်နေပြီ။ ခင်ဗျားတို့မှာ အစွမ်းရှိရင် ကျွန်တော့်ဆီတိုက်ရိုက်လာပြီး ဖမ်းလိုက်။ ခင်ဗျားတို့ရဲ့ မျိုးနွယ်တွေက တကယ့်ကို မောက်မာတာပဲ။ ခင်ဗျားတို့ရဲ့ သခင်လေးတွေကတော့ ကြိုက်တဲ့သူကို သတ်လို့ရတယ်... သူများတွေကတော့ ခင်ဗျားတို့ရဲ့ သခင်လေးတွေကို သတ်လို့မရဘူးပေါ့... အဲ့လိုလား။ ခင်ဗျားတို့ရဲ့ မျိုးနွယ်တွေက ရှန်းစီမျိုးနွယ်ရဲ့ အာဏာရှင်တွေများ ဖြစ်နေမလား”

“အာ...”

တစ်မြို့လုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး မရေမတွက်နိုင်သော လူများက ကျန်းရီ၏ ရဲရင့်မှုကို တိတ်တဆိတ် ချီးကျူးလိုက်ကြသည်။ သူသည် ဤကဲ့သို့ အခြေအနေမှာပင် ထိုသူများကို ထိပ်တိုက် စိန်‌ခေါ်ရဲပေသည်။ သို့သော် သူတို့ နောက်တစ်မျိုး တွေးမိသွား၏။ ရန်သူများက အိမ်ဝသို့ လာရောက် တံခါးခေါက်နေပြီဖြစ်ရာ ကျန်းရီသာ လိပ်တစ်ကောင်လိုပုန်းနေပါက နောင်တွင် မည်သို့ မျက်နှာပြဝံ့တော့မည်နည်း။

ရန်တုံနှင့် ကျန်သူများကလည်း မသိမသာ လက်မထောင်လိုက်ကြသည်။ ကျန်းရီက သူ၏မကောင်းသောအလုပ်များကို လုပ်ရန် အခြားသူများကို အသုံးချရာတွင် တော်လွန်းပေသည်။ သူသည် စကားအနည်းငယ်ဖြင့် ထိုသူများကို ဒေါသထွက်စေခဲ့၏။ သူတို့သာ ဒေါသတကြီးဖြင့် မြို့ထဲသို့ ဝင်လာလျှင် လုဖင်းသည် လုမျိုးနွယ်၏စည်းမျဉ်းများအတိုင်း သူတို့အားလုံးကို သတ်ပစ်နိုင်ပေသည်။

ဟုန်မျိုးနွယ်နှင့် လီမျိုးနွယ်မှ လူများသည် အမှန်ပင် ဒေါသထွက်သွားကြ၏။ သူတို့၏အကြည့်များသည် ဓားများကဲ့သို့ စူးရှနေသည်။ ဟုန်ရီက ရင်ထဲတွင် ဒေါသဆူပွက်နေသော်လည်း စတင် ရယ်မောလိုက်သည်။ သူသည် ကျန်းရီကို စိုက်ကြည့်၍ ပြောလိုက်၏။

“ကောင်းတယ်...ကောင်းတယ်၊ ကောင်စုတ်လေး.. မင်းက တကယ် သတ္တိရှိတာပဲ။ မင်း ငါတို့ ဟုန်နဲ့လီ မျိုးနွယ်ရဲ့ သခင်လေးတွေကို သတ်တဲ့ကိစ္စကို မပြော‌သေးဘူး... မင်းက တကယ့်ကို‌ ပေါ်ပေါ်ထင်ထင် ပြဿနာရှာဝံ့တာပဲ။ တကယ်လို့ ငါ ဒီနေ့ မင်းကို မသတ်ရင် ငါတို့ရဲ့မျိုးနွယ်တွေက ရှန်းစီမျိုးနွယ်မှာ မျက်နှာပြဝံ့တော့မှာ မဟုတ်ဘူး။ အရှင်မလုဖင်း.. ကျုပ်တို့ ဒီနေ့ စည်းမျဉ်းတွေကို ချိုးဖောက်ပါမယ်။ နောက်မှ ကျုပ်တို့ရဲ့ အပြစ်ကို ခံယူဖို့ လုမျိုးနွယ်ရဲ့ စည်းကမ်းထိန်းသိမ်းခန်းမကို သွားလိုက်ပါမယ်။ သတ်ကြ...”

ဟုန်ရီသည် လုံးဝ ဒေါသူပုန်ထနေပေပြီ။ ထပ်ခါထပ်ခါ အရှက်ခွဲခံခဲ့ရပြီးနောက် သူတို့သာ အမြီးကုပ်၍ ပြန်သွားလျှင် မျိုးနွယ်နှစ်ခု၏ ဂုဏ်သတင်းမှာ မည်သို့ ဖြစ်သွားမည်နည်း။

ထို့ကြောင့် ဟုန်ရီသည် လောင်းကြေးထပ်ရန် အဆင့်သင့်ဖြစ်နေခြင်းပင်။ လုဖင်းက သူတို့ကို မတိုက်ခိုက်ဝံ့ဟူသော အချက်အပေါ် သူ လောင်းကြေးထပ်ထားခြင်းဖြစ်၏။ အနာဂတ်တွင် လုမျိုးနွယ်က သူတို့ကို ပြဿနာရှာမည်ကိုမူ သူ ယခု အများကြီး မတွေးနိုင်သေးပေ။ သူ ပြောခဲ့သလိုပင် သူသည် အပြစ်ဒဏ်ခံရန် လုမျိုးနွယ်၏ စည်းကမ်းထိန်းသိမ်းရေးခန်းမသို့ သွားမည်ဖြစ်သည်။ မျိုးနွယ်နှစ်ခု၏ ခေါင်းဆောင်များနှင့် လုမျိုးနွယ်၏ အကြီးအကဲတို့ကြားမှ ဆက်ဆံရေးက အတော်လေး ကောင်းမွန်၏။ အကယ်၍ အကြီးအကဲများသာ သူတို့အတွက် ဝင်ပြောပေးလျှင် သူတို့သည် အများဆုံးမှ နှစ်ဝက်ခန့် အလုပ်ကြမ်းလုပ်ရန်သာ ပြစ်ဒဏ်ချ ခံရမည်ဖြစ်သည်။

ဟုန်ရီတို့အတွက် အပြစ်ပေးခံရခြင်းသည် အသေးအမွှားသာ။ အဓိကကျသည်မှာ သူတို့မျိုးနွယ်များ၏ ဂုဏ်သိက္ခာကို ပြန်ရရန်ဖြစ်သည်။ သူတို့ ဟုန်နှင့်လီမျိုးနွယ်တို့၏ သခင်လေးများအတွက် လက်စားချေရန်ကို မေ့၍မဖြစ်ပေ။ မဟုတ်လျှင် နဂါးဖြူကျွန်းဆွယ်တွင် အခြားမျိုးနွယ် အကြီး၊ အသေးတိုင်းက သူတို့၏မျိုးနွယ်များကို သေချာပေါက် အထင်သေးကြမည်ဖြစ်သည်။ ထိုသို့သာဖြစ်လာပါက သူတို့သည် နဂါးဖြူကျွန်းဆွယ်တွင် သူတို့၏ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်တော့မည် မဟုတ်ချေ။

“ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွတ်ပါ အရှင်မလု”

လီရှဲက လက်ဆုပ်၍ ပြောလိုက်၏။ ထို့နောက် သူတို့ နှာမှုတ်လိုက်ရာ သူတို့၏ အရှိန်အဝါများက ရွှေတောင်ပံဂဠုန်များအဖြစ် ပြောင်းလဲသွား၏။ ယင်းနောက် သူတို့ မြို့တွင်းသို့ ဝင်သွားကြလေသည်။ မြို့အထက်တွင် အကာအရံတစ်ခုရှိ၏။ သို့သော် သူတို့ လက်ဝှေ့ယမ်းလိုက်ရာ အကာအရံက စုတ်ပြဲသွားသည်။ သို့ဖြင့် သူတို့ မြို့ထဲ ရောက်သွားလေတော့သည်။

ဝှစ်...ဝှစ်...ဝှစ်...

ဟုန်ရီနှင့် လီရှဲတို့ လှုပ်ရှားလိုက်သည့်အခိုက်တွင် သူတို့နောက်မှ လူရာကျော်သည်လည်း ဆက်၍ ချုပ်တည်း မထားတော့ချေ။ သူတို့အားလုံးသည် အမျက်ထွက်နေသော နဂါးများအဖြစ် ပြောင်းသွားကြပြီး မြို့အတွင်းသို့ ဝင်သွားကြ၏။ သူတို့သည် ကျန်းရီရှိနေသော မြို့၏ အနောက်ဘက်ခြမ်းသို့ ဦးတည်သွားလိုက်ကြသည်။

ဝှစ်...ဝှစ်...

မြို့ထဲတွင် မရေမတွက်နိုင်သော ကောင်းကင်ဧကရာဇ်များ ကောင်းကင်ထက်သို့ ပျံတက်သွားကြ၏။ ရန်တုံနှင့် ကျန်သူများသည်လည်း ကောင်းကင်ထက်သို့ ပျံတက်ကာ ကျန်းရီကို ဝန်းရံထားလိုက်ကြသည်။ သူတို့၏ နတ်ဘုရားဒိုင်းများ ထွက်ပေါ်လာသည်။ ထို့နောက် သူတို့သည် လက်နက်များ ဆွဲထုတ်လိုက်ကြ၏။ ထိုသူများ အနားကပ်လာဝံ့လျှင် သူတို့သည်လည်း ကျန်းရီထံမှ အမိန့်တစ်ချက်ဖြင့် လှုပ်ရှားကြမည်ဖြစ်သည်။

ထိုအခိုက်တွင် လုဖင်း နှုတ်ဆိတ်သွား၏။ မြို့ထဲရှိ မည်သည့်တပ်မှူးကမှ ကြွက်သားတစ်မျှင်ပင် မလှုပ်ရှားလိုက်ကြပေ။ ထို့ပြင် မြို့အရှင်စံအိမ်အတွင်းရှိ ပညာရှင်များကလည်း ကူညီမည့် အရိပ်အယောင် မရှိချေ။ ထို့ကြောင့် ဟုန်ရီ၊ လီရှဲနှင့် ကျန်သူများသည် ရက်စက်စွာ ရယ်လိုက်ကြ၏။ ရန်တုံတို့သည်လည်း မျက်နှာထား ပြောင်းသွားကြသည်။

“မင်းတို့ ဘာလုပ်နေတာလဲ။ ပုန်ကန်ဖို့ ကြိုးစားနေတာလား။ ငါ့ အမိန့်မရဘဲ လှုပ်ရှားတဲ့ ဘယ်သူ့ကိုမဆို ငါ သတ်ပစ်မယ်”

ကျန်းရီ၏ မျက်နှာထားက မပြောင်းလဲပေ။ သို့သော် သူသည် ရန်တုံနှင့် ကျန်သူများကို ကျယ်လောင်စွာ ဆူလိုက်၏။ အားလုံးသည် အဆူခံရပြီးနောက် ရိုကျိုးစွာ ပြန် ပျံသွားကြသည်။ ကျန်းရီမှာမူ လေထဲတွင် ဝံ့ဝံ့ကြွားကြွား ဆက်ရပ်နေပြီး ရန်သူကို ရင်ဆိုင်နေပေသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးတိမ်သံချပ်ကာလည်း ပေါ်မလာသေးသလို မိုးကြိုးမီးနတ်ဘုရားဒိုင်းလည်း ပေါ်မလာသေးချေ။ သူသည် လေထဲတွင် မားမားမတ်မတ်သာ ရပ်နေပြီး လူရာကျော် ရောက်လာမည်ကို တိတ်တဆိတ် စောင့်နေလေသည်။

“ဂလု...”

မြို့ထဲမှ လူတစ်သောင်းကျော်သည် အသက်ရှူအောင့်ထားကြပြီး မျက်လုံးများ ပြူးကျယ်နေကြ၏။ ရန်တုံနှင့် ကျန်သူများသည်လည်း လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အလွန်စိုးရိမ်နေကြလေသည်။ သို့သော် ကျန်းရီက အမိန့်မပေးသဖြင့် မည်သူမှ မလှုပ်ရှားဝံ့ကြပေ။

“မျိုးမစစ်လေး... မင်းက ငါ့တို့မျိုးနွယ်ရဲ့ သခင်လေးကို သတ်ရဲတယ်ပေါ့လေ။ ဒီနေ့ ငါမင်းကို အလောင်းတောင် မကျန်အောင် သတ်ပေးမယ်။ ငရဲကို သွားလိုက်တော့...”

ကောင်းကင်မိုးကြိုးမြို့သည် လွန်စွာ ကြီးမားပေသည်။ သို့သော် ဟုန်ရီ၏ စွမ်းအားအစစ်အမှန်သည် မည်သို့ရှိသနည်း။ သူသည် အလင်းအလျင်ဖြင့် ရွေ့လျားနေပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းရီ၏ရှေ့တွင် ပေါ်လာလေသည်။ သူ၏လက်များ စတင်လှုပ်ရှားသွားပြီး လက်ချောင်းအားတန်း ဆယ်တန်းကို ရုတ်တရက် ထုတ်လွှတ်လိုက်၏။ လက်ချောင်းအားတန်း ဆယ်တန်း ပျံထွက်သွားသည့်အခိုက်တွင် မြို့ထဲမှ လူအားလုံးသည် သူတို့၏စိတ်ဝိညာဉ် စတင် တုန်လှုပ်လာသည်ကို ခံစားလိုက်ကြရလေသည်။ ရပ်တန့်၍မရနိုင်သော အသုံးအဆောင်ဓားဆယ်လက် ထွက်ပေါ်လာပြီး အရာအားလုံးကို ထွင်းဖောက်သွားတော့မည်ဟု သူတို့ ခံစားနေရသည်။

“အဖွဲ့မှူးကျန်း... မြန်မြန် ရှောင်လိုက်ပါ”

ရန်တုံနှင့် ကျန်သူများသည် ကျန်းရီက မလှုပ်ရှားကြောင်း တွေ့သောအခါ သွပ်မိုးပူပူပေါ်မှ ကြောင်တစ်ကောင်ကဲ့သို့ တုန်လှုပ်သွားကြ၏။ နျိုတုန်သည်ပင် စတင် ကျယ်လောင်စွာ အော်လိုက်သည်။ သို့သော် ကျန်းရီက သူ့ကို မကြားဟန် ပြုနေလေသည်။ သူ၏ခန္ဓာကိုယ်သည် လေထဲတွင်ပင် ရှိနေသေး၏။ သူသည် သေရန်ပြင်ဆင်ထားသော သူရဲကောင်းတစ်ယောက်ကဲ့သို့ မိုးကြိုးမီးနတ်ဘုရားဒိုင်းကိုပင် မထုတ်သေးချေ။

“ဟင်း...”

ထိုအခိုက်တွင် လေထဲတွင် ပြင်းထန်အေးစက်သော နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်သွား၏။ ထို့နောက် လုဖင်း၏ ဒေါသသံက မြို့တစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေသည်။

“မြို့ထဲမှာရှိတဲ့ လူတွေအားလုံး မျက်မြင်ပါပဲ။ ဟုန်ရီတို့က မြို့အရှင်ရဲ့ သတိပေးချက်ကို လျစ်လျူရှုပြီး ကောင်းကင်မိုးကြိုးမြို့ထဲကို အတင်း ဖောက်ဝင်လာကြတယ်။ သူတို့က မြို့ထဲမှာ လူတစ်ယောက်ကို သတ်ဖို့လည်း လုပ်ခဲ့ကြတယ်။ အစောတုန်းက ငါ အရာအားလုံးကို ပုံရိပ်ကျောက်တုံးထဲမှာ မှတ်တမ်းတင်ပြီးသွားပြီ။ ငါ အဲ့ဒါကို စည်းကမ်းထိန်းသိမ်းရေးခန်းမကို ကိုယ်တိုင် တင်သွင်းမယ်။ အခု ငါ လုဖင်းက ကောင်းကင်မိုးကြိုးမြို့ရဲ့ မြို့အရှင်မအနေနဲ့ လုမျိုးနွယ်ကို ကိုယ်စားပြုပြီး စည်းမျဉ်းတွေကို ချိုးဖောက်ရဲတဲ့သူတွေကို ကွပ်မျက်မယ်”

မြို့အရှင်မ၏ပါးစပ်မှ ထိုစကားများ ထွက်လာသောအခါ ကောင်းကင်မိုးကြိုးမြို့အထက်ရှိ တိမ်များသည် အရောင်ပြောင်းသွား၏။ ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရချီသည် လျင်မြန်စွာ စုဝေးသွားပြီး ရုပ်ဆိုးသော အဘွားအိုတစ်ယောက်၏ မျက်နှာအဖြစ် ပြောင်းလဲသွားသည်။ ထိုမျက်နှာကြီးထွက်ပေါ်လာသည့်အခိုက်တွင် အားလုံး မလှုပ်ရှားနိုင်ကြတော့ချေ။ လက်ချောင်းအားတန်း ဆယ်တန်းသည်လည်း လေထဲတွင် ရပ်တန့်သွားပြီး ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။

“လုဖင်း... မင်း လုပ်ရဲလား”

ဟုန်ရီတို့ မျက်နှာထား ပြောင်းသွား၏။ သို့သော် သူတို့သည် အဆင့်မြင့် ကောင်းကင်အရှင်များသာဖြစ်ပြီး လုဖင်းမှာ အထွတ်အထိပ်အဆင့် ကောင်းကင်အရှင်ဖြစ်သည်။ သူမသည် နတ်ဘုရားအဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူတို့၏စွမ်းအားကွာခြားမှုမှာ အလွန်ကြီးပေသည်။ သူတို့ ထိုသို့ ပါးစပ်ဟနိုင်သည်ကပင် သူတို့ကို ချီးကျူးထိုက်နေပြီဖြစ်သည်။

လုဖင်းက အမှန်ပင် လှုပ်ရှားလိမ့်မည်ဟု လီရှဲ မထင်ထားပေ။ သူမ၏ အပြုအမူများက မျိုးနွယ်နှစ်ခု၊ လုရှန်၊ လုရှား၊ လုဟယ်နှင့် သူတို့နောက်ရှိ လုမျိုးနွယ်မှ အကြီးအကဲများကို စော်ကားနေခြင်းပင်။ လုဖင်းကို သေချာပေါက် တစ်စုံတစ်ယောက်က ကျောထောက်နောက်ခံပြုပေးထားမည်ဖြစ်သော်လည်း သူမ ရသည်နှင့် ဆုံးရှုံးသည်မှာ မကာမိချေ။

အမှန်မှာ ဟုန်ရီတို့နှစ်ယောက်က ကျန်းရီသည် လုဖင်းအတွက် မည်မျှ အရေးပါသည်ကို မသိခြင်းပင်။

လုဖင်းသည် အိုနေပေပြီ။ သူမအနေဖြင့် ဤဘဝတွင် အဆင့်ထပ်တက်နိုင်ရန် အခွင့်အရေးမရှိတော့ချေ။ သူမသည် ကောင်းကင်မိုးကြိုးမြို့၏ မြို့အရှင်မအဖြစ်မှ အငြိမ်းစားယူပြီးလျှင် အိမ်ပြန်၍ ဘဝကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းတော့မည်ဖြစ်သည်။ ကျန်းရီက သူမကို ကောင်းကင်ကျောက်တုံးများစွာ ရနိုင်ရန် ကူညီပေးနိုင်ပြီး သူမ၏မျိုးဆက်များအတွက်လည်း ကျင့်ကြံခြင်းအရင်းအမြစ်များစွာ ရအောင် ကူညီပေးနိုင်လေသည်။ သူမ၏မျိုးဆက်သည် တဖြည်းဖြည်း စွမ်းအားကြီးလာမည်ဖြစ်၏။ ထိုအခါ လုမျိုးနွယ်တွင် သူမ၏စကားများက ပို၍ အရာရောက်လာမည်ဖြစ်သည်။ ထို့ကြောင့် သူမသည် ကျန်းရီကို ကာကွယ်ရန် လိုအပ်၏။

လုရှန်နှင့် အခြားသူများအပေါ် သူမ အပြစ်ပြုမိလျှင်လည်း ဘာအရေးနည်း။ သူမဘဝတွင် ပိုမြင့်သောနေရာသို့ ရောက်နိုင်မည့် အခွင့်အရေးလည်း မရှိတော့ပေ။ ဆုံးရှုံးစရာ မရှိသူများက ဆုံးရှုံးစရာရှိသူများကို ကြောက်မည်မဟုတ်ချေ။

ရှစ်...ရှစ်...

လေနှင့် ကောင်းကင်ထဲရှိ တိမ်များ ထပ်မံ လှုပ်ရှားလာပြီး ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရချီ စုဝေးလာ၏။ ရုပ်ဆိုးဆိုး မျက်နှာကြီး ပျောက်ကွယ်သွားပြီး ၎င်းနေရာတွင် ပိန်လှီသော လက်ဝါးတစ်ခု အစားထိုးသွားသည်။ ထိုလက်ဝါးသည် အရိုးများဖြင့်သာ လုပ်ထားသည်ဟု ထင်ရ၏။ လက်ဝါး လှုပ်ရှားသွားသည့်အခိုက်တွင် လေထု တုန်ခါသွားသည်။ အားနည်းသော ကျွန်များစွာသည် ဒူးထောက်သွားကြ၏။ မခိုင်ခံ့သော အ‌ဆောက်အဦတစ်ခုသည်လည်း မြေပေါ်သို့ ပြိုကျသွား၏။ လက်ချောင်းအားတန်း ဆယ်တန်းမှာလည်း တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသည်။

ဝုန်း...ဝုန်း...ဝုန်း...

ဧရာမလက်ဝါးကြီး၏ ဖိအားအောက်တွင် အဆောက်အဦများ တစ်စစီပြိုကျသွားပြီး သိုင်းသမားများစွာသည် သွေးအန်ကာ အပြိုအပျက်များအောက်တွင် အရှင်လတ်လတ် အမြှုပ်ခံလိုက်ကြရသည်။ ဟုန်ရီတို့ တုန်လှုပ်သွားပြီး စတင် အော်ဟစ်လိုက်ကြသည်။ လီရှဲက အားကုန်သုံး၍ အော်လိုက်၏။

“အရှင်မလုဖင်း.. ကျုပ်တို့မှားပါတယ်။ ကျေးဇူးပြုပြီး ဒီတစ်ခေါက် ကျုပ်တို့ကို မသတ်ပါနဲ့”

ဝုန်း...ဝုန်း...ဝုန်း...

လုဖင်း၏လက်ဝါးသည် အနည်းငယ်ပင် နှေးမသွားပေ။ ၎င်းသည် အောက်ဘက်မှ အားလုံး၏ နတ်ဘုရားဒိုင်းများကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်၏။ ခန္ဓာကိုယ်များက အသားနှစ်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထဲတွင် စူးရှသော အနံ့တစ်ခု ပြည့်နှက်သွားကာ မြေပေါ်သို့ သွေးမိုးရွာချလာလေသည်။

ရှီး...ရှီး...

မြို့ထဲမှ လူအားလုံးသည် လုဖင်း၏ ဧရာမလက်ဝါးကြီးကို ကြောက်ရွံ့သဖြင့် အသက်ပြင်းပြင်းရှူလိုက်ကြ၏။ ကျန်းရီ၏ခန္ဓာကိုယ်သည်လည်း ဖိနှိပ်ခံလိုက်ရ၍ အပျက်အစီးများကြားထဲသို့ ရောက်နေပေသည်။ သူသည် ကြောက်ရွံ့သော မျက်လုံးများဖြင့် ဧရာမလက်ဝါးကြီးကို ကြည့်လိုက်၏။ ယင်းမှာ ပညာရှင်အစစ်အမှန်တစ်ယောက်၏ နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သည်။ လက်ဝါးချက်တစ်ချက်သည်ပင် ကောင်းကင်ဧကရာဇ်ရာချီကို သတ်ဖြတ်နိုင်လေသည်။ ထို့ပြင် သူတို့ထဲ၌ အဆင့်မြင့် ကောင်းကင်ဧကရာဇ်နှစ်ပါးပင် ပါသေး၏။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်၏ စွမ်းအားသည်ပင် ဤမျှ ကြီးနေလျှင် နတ်ဘုရားများနှင့် အဆင့်တူလုနီးပါးရှိသူများဆိုလျှင် မည်မျှ စွမ်းအားကြီးမည်နည်း။

***

All Chapters