အသက်နှစ်ဆယ်
Vol. 53 Ch. 739
လုဖင်းသည် ဟုန်ရီနှင့် သူ၏လူ ရာချီကို သတ်ရန် လက်ဝါးချက်တစ်ချက်ကို အသုံးပြုခဲ့၏။ ကျန်းရီသည် အနာဂတ်တွင် ဖြစ်လာမည့် အကျိုးဆက်များအတွက် မရေမရာဖြစ်နေရန် မလိုတော့ပေ။ သူမ၏ထိုလက်ဝါးချက်က ဟုန်မျိုးနွယ်၊ လီမျိုးနွယ်တို့နှင့် ရန်ငြိုးတစ်ခု အစပြုလိုက်ပြီဖြစ်သည်။ သို့သော် မျိုးနွယ်နှစ်ခု၏ ခေါင်းဆောင်များမှလွဲ၍ မည်သူမှ ကောင်းကင်မိုးကြိုးမြို့သို့ လာရောက်သတ်ဖြတ်ဝံ့မည် မဟုတ်ချေ။
မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်သည် လာရောက်သတ်ဖြတ်ဝံ့မည်လော။
အဖြေမှာ မသတ်ဝံ့ဟူ၍ပင်။ မျိုးနွယ်နှစ်ခုသည် ရှန်းစီမျိုးနွယ်တွင် ဆက်၍ မရှင်သန်လိုတော့ခြင်းမှ မဟုတ်လျှင် သူတို့သည် မည်သည့်အခါတွင်မှ ကောင်းကင်မိုးကြိုးမြို့နှင့် ပဋိပက္ခဖြစ်ဝံ့မည် မဟုတ်ချေ။
ကောင်းကင်မိုးကြိုးမြို့တွင် နေထိုင်သူများသည် လုဖင်း၏ အင်အားကြောင့် တုန်လှုပ်နေကြ၏။ သူတို့ ကျန်းရီအပေါ်အတွင်းလည်း ပို၍ လေးစားလာကြသည်။ လုဖင်းတစ်ယောက် အရာအားလုံးကို လျစ်လျူရှု၍ မျိုးနွယ်နှစ်ခုကို စော်ကားရလောက်အောင် ကျန်းရီက အမှန်ပင် အရေးပါပေသည်။
ငါးရက်ကြာပြီးနောက် သူရိန်နီကုန်သည်အဖွဲ့အစည်းမှ လူများ ရောက်ရှိလာ၏။ ကျန်းရီက ထိုသူများကို ကိုယ်တိုင်ကြိုဆိုကာ ကြီးကြပ်သူနှင့် ဆွေးနွေးခဲ့သည်။ ချမ်ဝမ်ကွမ်းက ကြီးကြပ်သူကို ကောင်းကင်ကျောက်တုံး ဆယ်သန်းပေးလိုက်ပြီး ရွှေကတ်ပြလိုက်သောအခါ ကြီးကြပ်သူ၏မျက်နှာထားသည် ချက်ချင်းပြောင်းလဲသွား၏။ ကောင်းကင်ကံကြမ္မာသင်္ဘော၏ လမ်းကြောင်းကို ပြောင်းရန် မဖြစ်နိုင်ပေ။ သို့သော် ချမ်ဝမ်ကွမ်းနှင့် သူ့အုပ်စုကို ပိုင်ယာကျွန်းတွင် ခေါ်တင်ကာ သူရိန်နီခံတပ်ဆီသို့ ပို့ဆောင်ပေးရမည့်ကိစ္စမှာ အသေးအဖွဲသာဖြစ်သည်။ သူရိန်နီကုန်သည်အဖွဲ့အစည်းသည် ပို့ဆောင်မှုများလည်း လုပ်ပေသည်။ ထို့ကြောင့် အရာအားလုံးကို စီစဉ်ရန် လွယ်ကူလေသည်။
ကျန်းရီ၏တောင်းဆိုမှုမှာ ပို့ဆောင်ပေးမည့်အခေါက်တိုင်းတွင် အနည်းဆုံး အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ယောက်နှင့် အဆင့်နိမ့် ကောင်းကင်ဧကရာဇ်နှစ်ရာ လိုက်ပါပို့ဆောင်ပေးရန်ဖြစ်သည်။ ယင်းပမာဏက ပုံမှန်ဆိုလျှင် အလွန်ဈေးကြီး၏။ သို့သော် ကျန်းရီက သူရိန်နီကုန်သည်အဖွဲ့အစည်း၏ အရေးပါသူတစ်ယောက်ဖြစ်သည်ကတစ်ကြောင်း၊ ချမ်ဝမ်ကွမ်းက စားပွဲအောက်မှနေ၍ ပေးထားသော ကောင်းကင်ကျောက်တုံးဆယ်သန်းကြောင့်တစ်ကြောင်း ဈေးနှုန်းကို (၅၀)ရာခိုင်နှုန်း လျှော့ပေးခဲ့လေသည်။ ထို့ကြောင့် ပို့ဆောင်ပေးမည့်အခေါက်တိုင်းအတွက် ကောင်းကင်ကျောက်တုံးငါးသန်းသာ ကုန်ကျတော့မည်ဖြစ်သည်။
သို့သော် ကောင်းကင်ကျောက်တုံးငါးသန်းမှာလည်း နည်းသောပမာဏမဟုတ်ပေ။ ထို့ပြင် ထိုအပေးအယူသည် တစ်ခေါက်၊ နှစ်ခေါက်အတွက် မဟုတ်ပေ။ လဝက်ကြာတိုင်း တစ်ကြိမ်ပို့ဆောင်ပေးရမည်ဖြစ်သည်။ သို့ရာတွင် ကျန်းရီသည် လုံခြုံရေးအတွက် ရွေးချယ်စရာမရှိသဖြင့် အံကြိတ်ကာသာ လက်ခံခဲ့ရလေ၏။
ဤဘက်တွင် ပြဿနာမရှိသဖြင့် လုဖုန်းက အရှေ့ဘက် တော်ဝင်နယ်မြေမှ ကုန်သည်များကို ချက်ချင်း ဆက်သွယ်ခဲ့သည်။ ထိုကုန်သည်များက သူတို့သည် ကျားဖြူကျွန်း၏ အကြီးဆုံးမှောင်ခိုဈေးဖြစ်သော သူရိန်နီခံတပ်တွင် အရောင်းအဝယ်လုပ်ရမည်ဖြစ်ကြောင်း ကြားသောအခါ ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်ကြ၏။ သူရိန်နီခံတပ်တွင် နေ့စဉ် လူအဝင်အထွက် များပေသည်။ ထို့ကြောင့် သူတို့ကို မည်သူမှ သံသယဖြစ်မည် မဟုတ်ချေ။ သူတို့သာ သင့်တော်သော စီစဉ်မှုများ လုပ်နေသ၍ လုမျိုးနွယ်၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရုတ်တရက် သံသယ ဝင်လာလျှင်ပင် မည်သည့် သက်သေမှ ရနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် အရာအားလုံးကို သင့်လျော်စွာ စီစဉ်ပြီးနောက်တွင် ကျန်းရီသည် အလုပ်မရှိသော ကြီးကြပ်သူတစ်ယောက် ဖြစ်သွားလေ၏။ သို့ဖြစ်၍ သူသည် မိုးကြိုးတောင်များသို့ သွားကာ ထပ်မံ ကျင့်ကြံလိုက်သည်။ ကျန်းရီအတွက် မိုးကြိုးတောင်များသည် အလွန်လုံခြုံသောနေရာဖြစ်သည်။ မည်သူမဆို ကောင်းကင်မိုးကြိုးမြို့အတွင်းသို့ အနောက်ဘက်မှနေ၍ ဝင်လာနိုင်၏။ သို့သော် မိုးကြိုးတောင်တန်းများတွင်မူ မိုးကြိုးစုဝေးအစီအရင်တစ်ခု ရှိပေသည်။ လုမျိုးနွယ်သည် တစ်စုံတစ်ယောက်က ကျွန်းသို့လာ၍ ပြဿနာရှာမည်ကို စိုးရိမ်၍ ပင်လယ်ဘက်ခြမ်းတွင် စွမ်းအားကြီး အကန့်အသတ်များ ဆင်ထားကြ၏။ အကယ်၍ တစ်ယောက်ယောက်က အတင်းဝင်လာပြီး အကန့်အသတ်များကို ဖျက်ဆီးပစ်လျှင် လုမျိုးနွယ်၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ကျူးကျော်သူကို သေချာပေါက် သတ်ပစ်မည်ဖြစ်သည်။
အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေပြီ။ ချမ်ဝမ်ကွမ်းက ရရှိသော မိုးကြိုးကျောက်တုံးအားလုံးကို စုဆောင်းနေသည်။ မိုးကြိုးကျောက်တုံးအရေအတွက် အတိုင်းအတာတစ်ခုသို့ ရောက်လျှင် သူရိန်နီကုန်သည်အဖွဲ့အစည်း၏ ပညာရှင်ကိုယ်ရံတော်များ ရောက်လာပြီး သူတို့ကို ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ သူတို့သည် ကောင်းကင်ကံကြမ္မာသင်္ဘောနှင့် သူရိန်နီခံတပ်သို့ သွားကာ ရောင်းဝယ်ကြရမည်ဖြစ်သည်။
ကျန်းရီသည် မိုးကြိုးတောင်များတွင် နေ့အခါဆိုလျှင် ဧကရာဇ်နန်းတော်အတွင်း၌ အတွင်းအား ကျင့်ကြံပြီး ညအခါတွင် တာအိုပုံသဏ္ဌာန်များကို လေ့လာနေလေသည်။ ကျန်းရီသည် တာအိုပုံသဏ္ဌာန်ခြောက်မျိုးကို လေ့လာပြီးပြီဖြစ်၍ နောက်သို့မျိုးသာ လိုတော့ပေသည်။ ထို့ပြင် သူသည် သတ္တမမြောက် တာအိုပုံသဏ္ဌာန်၏ အစပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်၏။ ၎င်းကို အပြည့်အဝ လေ့လာပြီးမြောက်ရန် ရက်အနည်းငယ်သာ လိုပေတော့သည်။
ထို့ပြင် ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့၏ သတင်းများကိုလည်း ရခဲ့၏။ သူတို့နှစ်ယောက်သည် နဂါးပြာကျွန်းဆွယ်ရှိ အကြီးဆုံးမြို့ဖြစ်သော နဂါးပြာမြို့တွင် အခြေချနေကြသည်။ သူတို့သည် ချမ်ဝမ်ကွမ်း လျှို့ဝှက်ဝယ်ယူထားသော ခြံဝန်းတစ်ခုထဲတွင် နေထိုင်နေပြီး တံခါးပိတ် ကျင့်ကြံ၍ သိုသိုသိပ်သိပ် နေနေကြသည်။ သူတို့၏ လုံခြုံရေးအတွက် ပူစရာမလိုပေ။ ချမ်ဝမ်ကွမ်း သိမ်းသွင်းထားသော ဝိညာဉ်ကျွန်တစ်ယောက်မှလွဲ၍ သူတို့နှစ်ယောက် နဂါးပြာမြို့သို့ ရောက်သွားကြောင်း မည်သူမှ မသိချေ။
ချမ်ဝမ်ကွမ်းသည် တောင်ပေါ်ဓားပြများကို လိုက်ဖမ်းရန် မည်သည့် စီစဉ်မှုမှ မလုပ်ပေ။ သူတို့သည် လေနက်တောင်တန်းတွင် ဓားပြများဘက်မှ ကောင်းကင်ဧကရာဇ် ဒါဇင်ကျော်ကို သတ်ပစ်ခဲ့ပေသည်။ ယခုတွင် သူတို့သည် ဟုန်မျိုးနွယ်နှင့် လီမျိုးနွယ်တို့ကိုလည်း အပြစ်ပြုမိခဲ့ပြီဖြစ်၍ ထိုမျိုးနွယ်များမှ ကောင်းကင်ဧကရာဇ်များက ကြားဖြတ်၍ သူတို့ကို သတ်ပစ်မည်ကို ချမ်ဝမ်ကွမ်း စိုးရိမ်၏။ မြို့ထဲတွင် ရိုရိုကျိုးကျိုးနေခြင်းက အကောင်းဆုံးဖြစ်သည်ဟု သူ ဆုံးဖြတ်ခဲ့သည်။
တစ်လခွဲကြာပြီးနောက်...
ကျန်းရီ၏အတွင်းအားမှာ ဗာဂျရာစတုတ္ထအဆင့်သို့ ရောက်သွားပြီဖြစ်သည်။ သို့သော် သူ၏တာအိုပုံသဏ္ဌာန်လေ့လာမှုက များစွာ မတိုးတက်ခဲ့ချေ။ သူသည် အဋ္ဌမအဆင့် အဆင့်နိမ့် တာအိုပုံသဏ္ဌာန်တွင် တစ်နေဆဲပင်။ ချမ်ဝမ်ကွမ်းက ရွှေရောင်မျောလွင့်နဂါး၊ ရန်တုံနှင့် နျိုတုန်တို့ကို ခေါ်၍ အပြင်ထွက်သွားခဲ့သည်။ ဤတစ်ခေါက်သည် အလွန် အောင်မြင်ခဲ့၏။ သူတို့သည် ငါးရက်ကြာပြီးနောက် အကျိုးအမြတ်များများဖြင့် ပြန်ရောက်လာခဲ့သည်။
သို့သော် လုဖင်းက ကျန်းရီထံသို့ အသံပို့လွှတ်ကာ တိုးတက်မှုက အလွန်နှေးကြောင်း ပြောခဲ့သည်။ ရောင်းဝယ်မှုတွင် မိုးကြိုးကျောက်တုံး အရေအတွက်ကို တိုးမြှင့်ရန် လို၏။ ထို့ကြောင့် ကျန်းရီ ခေါင်းခြောက်နေလေသည်။ မိုးကြိုးကျောက်တုံးအရေအတွက်ကို တိုးရန် နည်းလမ်းနှစ်ခုရှိ၏။ ပထမနည်းလမ်းမှာ မြို့၏ လူဦးရေကို လျှော့ချရန်ဖြစ်သည်။ သို့ဆိုလျှင် မြို့အရှင်စံအိမ်သို့ ဆက်သရမည့် မိုးကြိုးကျောက်တုံးအရေအတွက် လျော့သွားမည်ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ ကျန်းရီကိုယ်တိုင် မိုးကြိုးတောင်တန်းများတွင် မိုးကြိုးကျောက်တုံးတူးရန် ဖြစ်သည်။
လူဦးရေးလျှော့ချရန်အတွက်မူ သူသည် လူများကို သတ်ခြင်း သို့မဟုတ် လူအချို့ကို တောင်ပေါ်ဓားပြအုပ်စုများနှင့် တိုက်ခိုက်ရန် စေလွှတ်ခြင်းတို့ လုပ်ရမည်ဖြစ်သည်။ ကျန်းရီသည် လူများကို သေလမ်းသို့ မပို့ရက်ချေ။ ထို့ကြောင့် သူသည် မိုးကြိုးတောင်တန်းများတွင် ကိုယ်တိုင် မိုးကြိုးကျောက်တုံး တူးရတော့မည်ဖြစ်သည်။
ကံအားလျော်စွာ ကျန်းရီက မိုးကြိုးမီးကို မကြောက်သဖြင့် မိုးကြိုးကျောက်တုံးများကို အလွန်လျင်မြန်စွာ တူးဖော်နိုင်ပေသည်။ သူသည် တစ်ရက်လျှင် မိုးကြိုးကျောက်တုံး ထောင်ကျော် တူးဖော်နိုင်လောက်၏။ သို့သော် သူသည် နေ့အချိန်တွင် မကျင့်ကြံနိုင်တော့ဘဲ မိုးကြိုးတောင်တန်းများတွင် မိုးကြိုးကျောက်တုံး လိုက်ရှာရပေလိမ့်မည်။ ညအခါမှသာ သူ တာအိုပုံသဏ္ဌာန်များကို ဆက်လေ့လာနိုင်မည်ဖြစ်သည်။
ကျန်းရီကိုယ်တိုင် ပါဝင်လာပြီဖြစ်၍ မိုးကြိုးကျောက်တုံးများကို ပို၍ စုဆောင်းလာနိုင်၏။ နှစ်ပတ်အတွင်းမှာပင် ချမ်ဝမ်ကွမ်း အပြင်သို့ ထပ်မံ သွားရလေသည်။ ဤတစ်ကြိမ်တွင် သူသည် ရွှေရောင်မျောလွင့်နဂါးကိုသာ ခေါ်သွား၏။ သူရိန်နီကုန်သည်အဖွဲ့အစည်းဘက်မှ ကိုယ်ရံတော်များရှိနေသဖြင့် လူများခေါ်သွားရန်ပင် မလိုချေ။ သူရိန်နီကုန်သည်အဖွဲ့အစည်း၏ ဂုဏ်သတင်းက အလွန်အသုံးဝင်လှပေသည်။ မည်သူမှ လမ်းတွင် မနှောင့်ယှက်ဝံ့ကြပေ။
အချိန်သည် ရေကဲ့သို့ စီးဆင်းသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဝက် ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် ကျန်းရီသည် တာအိုပုံသဏ္ဌာန်ဘက်တွင် များစွာတိုးတက်လာပြီး အဋ္ဌမအဆင့် အဆင့်နိမ့် တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်ခဲ့သည်။ သူ ပေါင်းစည်းမှုလုပ်နိုင်ရန် နောက်ဆုံး တာအိုပုံသဏ္ဌာန်သာ လိုတော့ပေသည်။
ထိုခြောက်လအတွင်း၌ ကောင်းကင်မိုးကြိုးမြို့သည် အလွန် ငြိမ်းချမ်းနေခဲ့၏။ မိုးကြိုးကျောက်တုံးများ ရောင်းချမှုကလည်း အထစ်အငေါ့မရှိ ချောမွေ့နေခဲ့သည်။ ချမ်ဝမ်ကွမ်းသည် အပြင်သို့ ခြောက်ခါသွားခဲ့ရ၏။ အကြိမ်တိုင်းတွင် သူသည် ကောင်းကင်ကျောက်တုံးပမာဏများစွာ ပြန်ယူလာနိုင်ခဲ့သည်ချည်းသာ။ သူတို့သည် ကောင်းကင်ကျောက်တုံးအချို့ကို လုဖင်းနှင့် တပ်မှူးဆယ်ယောက်အား ခွဲပေးပြီးနောက်တွင် အနည်းဆုံး ကောင်းကင်ကျောက်တုံး သန်း(၃၀၀)မှ (၄၀၀)အထိ မြတ်ခဲ့လေသည်။ ကျန်းရီတွင် ရှိထားသော ကောင်းကင်ကျောက်တုံးများနှင့်ပေါင်းလျှင် ကောင်းကင်ကျောက်တုံးသန်းတစ်ထောင် ပြည့်ရန် နှစ်ကြိမ်၊ သုံးကြိမ်သာ ထပ်ရောင်းရတော့မည်ဖြစ်သည်။
ဟုန်မျိုးနွယ်နှင့် လီမျိုးနွယ်တို့သည်လည်း ထိုအချိန်အတောအတွင်း အလွန်တိတ်ဆိတ်နေ၏။ လုဖင်းက ဖိအားအားလုံးကို ခံ၍ ကောင်းကင်မိုးကြိုးမြို့မှ လူများအတွက် ငြိမ်းချမ်းစေနေသည်။
ယနေ့တွင် ကျန်းရီသည် မိုးကြိုးတောင်တန်းတွင် မိုးကြိုးကျောက်တုံး သွားရောက်မတူးဖော်ပေ။ သူသည် ညဘက်တွင်လည်း မကျင့်ကြံချေ။ သူက မိုးကြိုးတောင်ပေါ်တွင် ထိုင်ကာ ငေးငေးငိုင်ငိုင် ဖြစ်နေလေသည်။
ဝီ...
လေထဲရှိ ဧကရာဇ်နန်းတော်က အလင်းတစ်ချက် ဖြာထုတ်လိုက်ပြီး ကျန်းရီကို ပြန်သတိကပ်သွားစေ၏။ သူ ပျံတက်သွားလိုက်၏။ ထိုစဉ် ဧကရာဇ်နန်းတော်အပြင်သို့ ထည်ဝါသော အဖြူရောင်ဝတ်စုံရှည်ဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ဦး ထွက်လာလေသည်။
ကျန်းရှောင်နူက လက်တစ်ဘက်ဖြင့် ကျန်းရီ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ချိုမြိန်စွာပြုံး၍ ပြောလိုက်၏။
“သခင်လေး ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ”
“ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ...”
ကျန်းရီ ခါးသက်သက်ပြုံးလိုက်ပြီး ရှောင်နူကို ခေါ်ကာ တောင်ပေါ်သို့ ပြန်သွားလိုက်၏။ သူတို့သည် တောင်ထွတ်တွင်ရပ်ကာ မှင်တက်သောမျက်နှာထားများဖြင့် အရှေ့ဘက်ကောင်းကင်သို့ ငေးကြည့်နေကြသည်။
ဟုတ်ပေသည်။
ယနေ့သည် သူ၏မွေးနေ့ပင်။ ကျန်းရှောင်နူမှလွဲ၍ သူ၏မွေးနေ့ကို မည်သူမှ မသိချေ။ သူ မကျင့်ကြံဘဲ ဤနေရာတွင် ငေးငေးငိုင်ငိုင် ထိုင်နေခြင်းမှာ ယနေ့က သူ၏မွေးနေ့ဖြစ်သောကြောင့်ပင်။ သူ၏ အသက်နှစ်ဆယ်ပြည့်မွေးနေ့...
ယနေ့ပြီးသွားလျှင် သူသည် အသက်နှစ်ဆယ် ဖြစ်သွားပေလိမ့်မည်။ အခြားသူများအတွက် ဤနေ့သည် အမှတ်ရစရာ နေ့တစ်ရက် ဖြစ်နိုင်၏။ သို့သော် ကျန်းရီအတွက်မူ ယနေ့သည် အရေးမပါသော ရက်တစ်ရက်သာ။
“တကယ်လို့ မင်းသာ အသက်နှစ်ဆယ်မပြည့်ခင် ဗာဂျရာအထွတ်အထိပ်အဆင့်အထိရောက်အောင် ကျင့်ကြံနိုင်ရင် မင်းက အမေ့ကို လာရှာဖို့ အရည်အချင်းမီတယ်။ အဲ့အချိ်နကျရင် မင်း အရှေးဘက် တော်ဝင်နယ်မြေကိုသွားပြီး ယွီဝမ်ဆိုတဲ့သူကို ရှာပါ။ သူက ငါ့ကို ဘယ်လိုရှာရမယ်ဆိုတာ မင်းကို ပြောပြလိမ့်မယ်။ ဒါပေမဲ့ မှတ်ထားပါ... တကယ်လို့ မင်းသာ ဗာဂျရာအထွတ်အထိပ်အဆင့်ကို မရောက်ခဲ့ဘူးဆိုရင် မင်း ယွီဝမ်ကိုသွားရှာလည်း သူက မင်းကို ဘာမှ ပြောပြမှာ မဟုတ်ဘူး”
ကျန်းရီ၏အတွေးထဲတွင် ရီဖျောင်ဖျောင်ချန်ထားခဲ့သော ပုံရိပ်ယောင်ပြောခဲ့သည့် သိမ်မွေ့သောအသံတစ်သံ ပဲ့တင်ထပ်နေလေသည်။ ယနေ့တွင် သူ အသက်နှစ်ဆယ်ပြည့်သွားပြီဖြစ်သည်။ သူ၏စွမ်းအားသည် အလွန်ကောင်းနေပြီဖြစ်၍ သူသည် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးကိုပင် ရှင်းပစ်နိုင်နေပြီဖြစ်၏။ သို့သော် သူ ယွီဝမ်ကို သွားမရှာသေးပေ။
ကျန်းရီသည် အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်သင့်၊ မပြန်သင့် မရေမရာ ဖြစ်နေသည်။ အကယ်၍ သူသာ နောက် နှစ်အနည်းငယ် သို့မဟုတ် ဆယ်နှစ်ကြာမှ ယွီဝမ်ကိုသွားရှာလျှင် ယွီဝမ်က ရီဖျောင်ဖျောင်ရှိသောနေရာကို သူ့အား ပြောပြလောက်မည်လော။
ကျန်းရီ မသိပေ။ သို့သော် လက်ရှိတွင် သူသည် အလွန် စိတ်ပျက်ခံစားနေရ၏။ သူ၏အမေက အသက်ရှင်နေသေးကြောင်း သူသိ၏။ သို့သော် သူသည် သူမကို မရှာလိုသလို သားသမီးဝတ်ကို ဖော်ပြရန်အတွက်လည်း သူမရှေ့တွင် ဒူးမထောက်လိုပေ။ သူ သူမကို မည်မျှ လွမ်းကြောင်း ကိုယ်တိုင် မပြောနိုင်။ ကျန်းပိုင်လီသေသွားပြီဖြစ်ပြီး သူ သူမကို စိတ်ပျက်စေခဲ့သည်ဟုလည်း မပြောနိုင်။
“သခင်လေး...”
ကျန်းရီ၏ရင်ထဲတွင် စိတ်ပျက်မှုများ၊ နာကျင်မှုများကို ခံစားနေရသဖြင့် ကျန်းရှောင်နူက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ကာ လေးလေးနက်နက်ပြောလိုက်၏။
“စိတ်မပျက်ပါနဲ့။ ရှောင်နူ မင်ငှက်မွေးကျင့်စဉ် တတိယအဆင့်ကို ကျင့်ကြံပြီးရင် သခင်မနဲ့ မမလောရွယ်ကိုရှာဖို့ အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်သွားကြမယ်။ တကယ်လို့ မသေမျိုးတစ်ယောက် ရှောင်နူတို့ကို တားရင် ရှောင်နူတို့ မသေမျိုးကို သတ်ကြမယ်။ တကယ်လို့ ဗုဒ္ဓတစ်ပါးက တားရင် အဲ့ဗုဒ္ဓကို သတ်မယ်။ ရှောင်နူတို့ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးကို မြေလှန်ပစ်ရရင်တောင် သူတို့ကို ရအောင် ရှာကြမယ်”
ကျန်းရီ ဘာမှ ပြန်မပြောဘဲ ခေါင်းသာညိတ်ပြလိုက်၏။ ထို့နောက် သူ မျက်လုံးများ မှိတ်လိုက်သည်။ အရှေ့ဘက်တွင် တောက်ပသောနေမင်း ထွက်လာပေပြီ။ နေအလင်းက လအလင်းနှင့် ရောယှက်ကာ ကုန်းမြေများကို အလင်းပေးနေပြီး အရိပ်နှစ်ခုကို ရှည်ထွက်လာစေလေသည်။
***