← Chapters

သဲလွန်စရှာဖွေခြင်း

Vol. 155 Ch. 2164

သဲလွန်စရှာဖွေခြင်း

Vol. 155 Ch. 2164

ရွှမ်ချုံးဟော်သည် ယခုလိုလုပ်လိမ့်မည်ဟု ရှီမာယူယူထင်မထားသဖြင့် ခေတ္တမျှ မှင်တက်သွားသည်။ သူမသည် သူ့ကိုတွန်းထုတ်ချင်သော်လည်း သူ၏ နာကျင်နေသောအသံကို ကြားလိုက်ရသည် “ယူယူ တစ်နေ့ ငါ မရှိတော့ရင် ငါ့ ကိုမမေ့ဘူးမလား”

သူ ဘာကြောင့် ဤမျှနာကျင်နေသည်ကို ရှီမာယူယူမသိပေ။ သူမသည် သူ့ကို ပခုံးပုတ်ပေးပြီး ပြောလိုက်သည် “ဘာမဟုတ်တာတွေပြောနေတာလဲ ကျွန်မက ရှင့်ကို အမြဲတမ်းအမှတ်ရနေမှာပါ ရှင်ရှိရင်လည်း မှတ်မိနေမှာ မရှိ‌ တော့ရင်လည်း မှတ်မိနေမှာပဲ”

“ငါ မရှိတော့ရင်ရော”

ရှီမာယူယူ ထိတ်လန့်သွားသည်။ သူမရှိတော့ရင်ဆိုတာ ဘာအဓိပ္ပာယ် လဲ။

“ရှင်က အမြဲတမ်းရှင်ပဲဖြစ်နေမယ်လို့ ကျွန်မယုံပါတယ်.. ရှင်က ကျွန်မ သူငယ်ချင်းဟော်ပဲ အဲဒါကဘယ်တော့မှမပြောင်းလဲဘူး” သူမ ပြောလေသည် “ရှင်က ရှင်မဟုတ်တော့ဘူးလို့ခံစားရရင် ဘယ်တစ်ခုက ရှင်လဲ၊ ရှင်က ဘာလုပ် ချင်တာလဲဆိုတာကို စဉ်းစားကြည့်ပါ”

“ငါ့ကိုယ်ငါ မကူညီနိုင်တော့ဘူးဆိုရင်ရော.. ငါက ပြန်မလာနိုင်တော့တဲ့ နေရာကို သွားမယ်ဆိုရင်ရော”

“ဒါဆိုလည်း ကျွန်မလာပြီး ပြန်ခေါ်မှာ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မရှိနေသရွေ့ ရှင့်ကိုကူကယ်ရာမမဲ့စေရဘူး.. အနည်းဆုံးတော့ ကျွန်မ အားအကုန်သုံးပြီး ရှင့်ကိုကူညီမှာ”

“ကျေးဇူးတင်ပါတယ် ယူယူ မင်းကိုသိရတာက ငါ့ဘဝမှာ အပျော်ရွှင်ဆုံးနဲ့ ကံအကောင်းဆုးပါ.. ဒါပေမဲ့ တချို့ကိစ္စတွေက နောက်ကျသွားပြီ.. ယူယူ ငါ သေသွားရင် မင်းလက်ထဲမှာပဲ သေဖို့မျှော်လင့်ပါတယ်” ရွှမ်ချုံးဟော်၏ မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာကာ ထိုမျက်ရည်သည် သူမ၏ ဆံပင် ထဲသို့ စီးဝင်ပျောက်ကွယ်သွားလေသည်။

“ဘာတွေပြောနေတာလဲ” ရှီမာယူယူသည် သူ၏ဆိုလိုရင်းကို နားမလည် ပေ။

သို့သော် ထိုအခိုက်တွင် သူသည် သူမကိုလွှတ်ပြီး နေရာမှ ပျောက်ကွယ် သွားလေပြီဖြစ်သည်။ သူမသည် သူ့ကို ဖမ်းဆုပ်လိုက်ချင်သော်လည်း ဘာကိုမှ မမိလိုက်ပေ။

“ဒီအင်အားကတော…” သူမ အသာမျက်မှောင်ကြုတ်လိုက်သည်။ နှစ် ပေါင်းရာချီကြာသွားပြီးနောက် ရွှမ်ချုံးဟော်၏ တိုးတက်မှုသည် အလွန်မြန်ဆန် သည်။

သူမသည် စားပွဲပေါ်မှ ကျန်နေသည့်ကိတ်မုန့်ကိုကြည့်ပြီး ပျော်ရွှင်မှု အားလုံး ပျောက်ကွယ်သွားလေသည်။

ယနေ့သူ့ပုံစံသည် အလွန်ထူးဆန်းနေသည်။ ထို့ကြောင့် စိတ်များပျာယာ ခတ်သွားသည်။

“မမ ဒီမှာဘာလုပ်နေတာလဲ” ရှီမန်လီသည် ခြံဝန်းအပြင်မှ ဝင်လာပြီး ရှီမာယူယူ အဆောင်ငယ်ထဲတွင် တစ်ယောက်တည်းရပ်နေသည်ကို မြင်သည် နှင့် မေးလေသည်။

ရှီမာယူယူသည် လက်ကိုဝှေ့ယမ်းကာ ကျန်ကိတ်မုန့်များကို သိမ်းလိုက် သည်။ သည်တစ်ခေါက်တွင် ကိတ်မုန့်ကို ဝိညာဉ်စေတီထဲမထည့်ဘဲ မှော်ဝင် လက်စွပ်ထဲသာ သိမ်းလိုက်၏။

မှော်ဝင်လက်စွပ်ထဲတွင် လေထုမရှိသဖြင့် ကိတ်ကို မည်မျှအချိန်ကြာပါ စေ သိမ်းထားနိုင်သည်။ သူမ ဘာကြောင့် ထိုသို့လုပ်မိသည်ကိုတော့ မသိပေ။ သူမ၏ မသိစိတ်မှ သိမ်းထားချင်မိရုံပင်ဖြစ်သည်။

သူမသည် ရှီမန်လီဆီသို့ လျှောက်သွားပြီး မေးလိုက်သည် “ဘာလို့ ဒီကို ရောက်နေတာလဲ”

“အကုန်လုံးက မမကို စောင့်နေကြတာ အဲဒီကိုသွားရအောင်”

“ဟုတ်ပြီလေ သွားကြမယ်” သူမသည် ရှီမန်လီဘက်သို့ လျှောက်သွားပြီး အဆောင်ငယ်ကို ပြန်လှည့်ကြည့်လိုက်သည်။ လရောင်အောက်မှ အဆောင် ငယ်သည် သူမကို ဝမ်းနည်းစေသည်။

….

ရွှမ်ချုံးဟော်သည် ခြံဝန်းသို့ပြန်ရောက်ချိန်တွင် လူတစ်ယောက်သည် ချက်ချင်းပင် ရှေ့တိုးပြီး ဒူးထောက်ကာ ပြောလေသည် “သခင် အကုန်လုံးက နောက်ဆုံးအမိန့်ကိုစောင့်နေကြပါတယ်”

ရွှမ်ချုံးဟော်သည် မျက်လုံးမှိတ်ပြီးပြောလိုက်သည် “လှုပ်ရှားမှုကို ဖျက်သိမ်းလိုက်ပြီ”

“သခင်” ဒူးထောက်နေသောလူသည် သူ့စကားများကို မယုံနိုင်သလိုနှင့် ရွှမ်ချုံးဟော်ကို တအံ့တဩကြည့်လေသည်။

သူတို့တွေ ဒီနေ့အတွက် ဘယ်လောက်ကြာအောင် ပြင်ဆင်ခဲ့လဲ။ ဖျက်သိမ်းလိုက်ပြီလို့ သူပြောလိုက်တာလား။

“ငါ့စကားကို နားမလည်ဘူးလား” ရွှမ်ချုံးဟော်သည် သူ့ကိုကြည့်လိုက် ရာ ထိုလူသည် ချက်ချင်းပင်ခေါင်းငုံ့ကာ အမိန့်ကိုနာခံသည်ဟု ပြန်ဖြေပြီး ထွက်သွားလေသည်။

ရွှမ်ချုံးဟော်သည် အားအင်ကုန်ခမ်းသွားသည့်အလား ခန္ဓာကိုယ်ကို ကုလားထိုင်ပေါ်သို့ ပစ်လဲချလိုက်သည်။

“မင်းက တကယ်ပဲ ငါ့လှုပ်ရှားမှုတွေကို ဖျက်သိမ်းလိုက်တာပဲ” အက်ကွဲ နေသောအသံတစ်သံထွက်လာရာ စကားတစ်ခွန်းတည်းနှင့်တင် လူအများကို မွန်းကြပ်စေနိုင်သည်။

ရွှမ်ချုံးဟော်သည် ဖိအားတချို့၏ ထိန်းချုပ်ခြင်းကိုခံရသကဲ့သို့ သူ့ခန္ဓာ ကိုယ်တစ်ခုလုံးသည် သိမ့်သိမ့်တုန်သွားကာ ခန္ဓာကိုယ်လည်သွားလေသည်။

“မင်း ပြန်လာနိုင်မယ်လို့ထင်နေတာလား မဟုတ်ရင် တစ်နေ့ မင်းရဲ့ အသိ စိတ်ကို ငါခွင့်ပြုပေးလိုက်တာနဲ့ ကိုယ်လုပ်ချင်ရာလုပ်လို့ရပြီလို့ ထင်နေတာ လား” စကားတစ်ခွန်းမှမပြောရသေးခင်မှာပင် ရွှမ်ချုံးဟော်၏ ခန္ဓာကိုယ်သည် နောက်တစ်ပတ်လည်သွားသည်။

“ငါ မဟုတ်…” သူသည် နာကျင်စွာညည်းညူရင်း အံကြိတ်ထားမိသည်။

“ဘာမှမဟုတ်ဘူးလား မင်းက အမှောင်ထဲကိုကျသွားပြီးပြီ အရင်လို ဘယ်တော့မှပြန်မဖြစ်နိုင်တော့ဘူး အဲမိန်းမကို မင်းဘယ်တော့မှမရတော့ဘူး ဟားဟားဟား”

နောက်ဆုံး ရယ်သံသည် ရွှမ်ချုံးဟော်၏ ပါးစပ်မှထွက်လာခြင်းဖြစ် သည်။ သူ့ခန္ဓာကိုယ်သည် မလည်တော့ပေ။ သို့သော် ရောင်ဝါမှာ မတူညီတော့ ပေ။

“ဒါက စွမ်းအားရှိတဲ့ မင်းနဲ့ငါကြားကကိစ္စပဲ” ရွှမ်ချုံးဟော်သည် ခန္ဓာကိုယ် ကိုလှည့်လိုက်ရာ ခန္ဓာကိုယ်၏အဆစ်များသည် အသံများထွက်လာသည်။

“မင်းကို အောင်မြင်ခွင့်မပေးနိုင်ဘူး”

“ငါလား မဟုတ်ဘူး ငါတို့အောင်မြင်မှာ ငါတို့တွေက ကမ္ဘာကြီးရဲ့ ထိပ်ဆုံး မှာရပ်တည်ဦးမှာ ဟားဟားဟား”

“သခင် ဖူး..”

အပြင်မှ လူတစ်ယောက်ဝင်လာသည်နှင့် နှစ်ပိုင်းပြတ်သွားလေသည်။

“ဟားဟားဟား”

ရွှမ်ချုံးဟော်သည် ခေါင်းငုံ့ပြီး သွေးစွန်းနေသည့် သူ့လက်များကိုကြည့် ကာ နာကျင်စွာဖြင့် မျက်လုံးမှိတ်ထားသည်။ သို့သော် ဦးခေါင်းထဲသို့ ဝင်ရောက် လာသည့် ရယ်သံကို မရပ်တန့်နိုင်ပေ။

ယူယူ.. တကယ်ပဲ.. ငါ ပြန်သွားလို့မရတော့ဘူး။

နောက်နေ့မနက်တွင် ရှီမာယူယူသည် ရှီမာကျိယွင်တို့ဆီသွားကာ အပြင် ထွက်မည့်အကြောင်းကို ပြောလိုက်သည်။

“မရဘူး” ရှီမာကျိယွင်သည် ငြင်းဆန်တုန်းပင်။

“ဘိုးဘိုးကြီး သမီးတစ်သက်လုံး မိသားစုထဲမှာပဲနေလို့မရဘူးလေ” ရှီမာ ယူယူ ပြောလိုက်သည် “အရင်ကဖြစ်ခဲ့တာတွေကြောင့် သမီးက အကြောက် တရားတောင် ပိုနည်းသွားသေးတယ်”

“ဒါပေမဲ့…”

“ဒီကိစ္စက သမီးကြောင့်ဖြစ်လာတယ်လို့ လက်ထောက်လေးပြောမှတော့ သမီးက ထွက်ပြေးနေလို့မရဘူးလေ အခု သူတို့တွေ ဘာမှမလုပ်ခင် သမီးက အရင်လုပ်ထားရမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆို ပြောပါဦး သမီးက ဘာလုပ်နိုင်မှာလဲ” ရှီမာဟော်ရွှမ်နှင့် ရှီမာချင်း တို့သည် အပြင်မှဝင်လာပြီးပြောလေသည်။

“သမီး ဘာလုပ်နိုင်မလဲဆိုတာကိုတော့ မသိဘူး.. ဒါပေမဲ့ ဘာမှမလုပ်ဘဲ ထိုင်နေလို့မရဘူးဆိုတာကို သိတယ်” ရှီမာယူယူ ပြောလိုက်သည် “အပြင်သွား လိုက်ရင် တစ်ခုခုရှာတွေ့နိုင်တာပဲလေ”

“သမီးက စိတ်ပိုင်းဖြတ်ပြီးသွားပြီလား” ရှီမာချင်း မေးလိုက်သည်။

“ဟုတ်ကဲ့” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “အသင်းမဟာမိတ်အဖွဲ့က တွေ့ဆုံပွဲကြီးလုပ်မယ် သမီးကိုလည်း ကြည့်စေချင်လို့ ဖိတ်ထားတာ သမီး လည်း သဘောတူလိုက်တယ်.. အနက်ဝတ်လူတွေကလည်း အစကတည်းက အသင်းမဟာမိတ်ကို လုပ်ကြံဖို့ကြံစည်ထားတာပဲ.. ပြီးတော့ အဲနေ့က အသင်း မဟာမိတ်ကလည်း ပညာရှိစံအိမ်တော်ကိစ္စမှာ ပါဝင်ခဲ့တယ်.. အနက်ဝတ်လူ‌ တွေက ပြန်လာချင်တယ်ဆို ဒီကိစ္စကိုအသင်းမဟာမိတ်ကိုလည်း အသိပေးရ မယ်”

“ဒီကိစ္စကို တခြားလူတွေလုပ်လည်း ဖြစ်ပါတယ်” ရှီမာကျိယွင် ပြော လိုက်သည်။

“ဟုတ်ပါတယ် ဒါပေမဲ့ တခြားလူတွေသွားရင် သူတို့ယုံမှာမဟုတ်ဘူး.. ပြီးတော့ သမီး တခြားနေရာတချို့ကိုလည်း သွားချင်သေးတယ်”

“ဘယ်နေရာသွားချင်လို့လဲ”

“ချီဝိညာဉ်တွေ မွေးထုတ်ပေးတဲ့ ဂူသင်္ချိုင်းကိုသွားမလို့ပါ” ရှီမာယူယူ ပြောလိုက်သည် “တကယ်လို့ အဲနှစ်ခုက ဆက်စပ်နေရင် ရှာလို့ရမယ့် သဲလွန်စ တော့ရှိမှာပဲ”

“သမီးက အစီအစဉ်တောင်လုပ်ပြီးပြီပဲ” ရှီမာချင်း ပြောလိုက်သည်။

“ဟုတ်ပါတယ်”

“ဒါဆိုလည်းသွားပါ” ရှီမာချင်း ပြောလိုက်၏။

ဘိုးဘေးကြီး သဘောတူလိုက်သဖြင့် တခြားသူများ ကန့်ကွက်လျှင် လည်း အသုံးမဝင်တော့ပေ။ တကယ်တော့ သူတို့နားလည်ကြသည်။ ရှီမာယူယူ သည် ဆုံးဖြတ်ချက်ချပြီးလျှင် လွယ်လွယ်နှင့် မပြောင်းတတ်ကြသည်ကိုလည်း နားလည်ကြသည်။ သူမသည် သူတို့ကို လေးစားသမှုဖြင့်ပြောခြင်းဖြစ်သည်။ အကယ်၍ သူတို့သဘောမတူလျှင်လည်း သွားမည်ဖြစ်သည်။

“လူဘယ်နယောက်ခေါ်သွားမှာလဲ”

“မဟုတ်ဘူး သမီးဘာသာသွားမှာပါ” ရှီမာယူယူ ပြောလိုက်သည် “သမီး ဘေးမှာ ဟွမ်၊ အရိပ်မည်းနဲ့ ချန်ကျုံးတို့ရှိတာကို အမေပြောပြီးလောက်မှာပါ… သူတို့ရှိနေရင် တခြားဘယ်သူ့ကိုမှ ခေါ်ဖို့မလိုပါဘူး”

***

All Chapters