ပရမ်းပတာနတ်ဆိုးတွေက နေနဲ့လနဲ့အတူကခုန်နေကြလည်း ငါ့ဓားတစ်ချက်နဲ့ချိုးဖျက်မယ်
Vol. 43 Ch. 607
အခန်း (၆၀၇) ပရမ်းပတာနတ်ဆိုးတွေက နေနဲ့လနဲ့အတူကခုန်နေကြလည်း ငါ့ဓားတစ်ချက်နဲ့ချိုးဖျက်မယ်
အမှန်တော့ သိုင်းသူတော်စင် တတိယအဆင့်ကို ကျော်လွန်ပြီး အထက်ဘုံကမ္ဘာသို့ တက်လှမ်းနိုင်ခဲ့သူဆို၍ အစွန်းရောက်ရှစ်ပါးကမ္ဘာ သမိုင်းတစ်လျှောက်တွင် ‘ကျန်းချောင်’ တစ်ယောက်သာလျှင် ရှိသည်။ ထို့ကြောင့် သူက ထူးခြားသော တန်ခိုးစွမ်းအား ပိုင်ဆိုင်ထားသည် အမှန်ပင်။
ကျန်းချောင်၏ ပင်ကိုယ်ပါရမီနှင့် တန်ခိုးစွမ်းအားက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အထွတ်ထိပ်အဖြစ် သေချာပေါက် သတ်မှတ်နိုင်သည်။
သို့တိုင် သူ ယခု ရင်ဆိုင်နေရသော ‘ရန်တိ’ ကို သာမန်ယုတ္တိကျကျဖြင့် အကဲဖြတ်၍ မရနိုင်ပေ။
ယခု ကျန်းချောင်က သိုင်းသူတော်စင် စတုတ္ထအဆင့် ရောက်နေပြီဖြစ်သော်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာသည်နှင့် သိုင်းသူတော်စင် တတိယအဆင့်တွင်သာ ကန့်သတ်ခံထားရမည် ဖြစ်၏။ သို့သော် ကျန်းချောင် သိုင်းသူတော်စင် ၊ စတုတ္ထအဆင့်တွင်ရှိနေလျှင်ပင် ‘ရန်တိ’ ကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။
ရန်တိလက်ထဲတွင် လက်နက်မရှိသည့်တိုင် အမူအရာက တည်ငြိမ်နေသည်။
အဆင့်မြင့်မှော်ဝင်လက်နက်များကို မကိုင်ဆောင်သည်မှာ ထိုလက်နက်များက ရန်တိ၏ ထက်မြက်ပြီး ရက်စက်ကြမ်းတမ်းသော သိုင်းဝိညာဉ်ကို လုံးဝ ခံနိုင်ရည် မရှိသောကြောင့်ပင်။
လရောင်ပမာ ဖြူစင်သောအလင်းတန်းသည် ကောင်းကင်ထက်မှ ဆင်းသက်လာသော နေဝန်းကြီးကို ငြိမ်းသတ်ပစ်လိုက်သည်နှင့်တစ်ပြိုင်နက် ညည်းညူအော်ဟစ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
ပုံရိပ်တစ်ခုက ထပ်မံဆင်းသက်ခြင်းမရှိတော့ဘဲ လေထဲသို့ ပျံသန်းသွားချိန် ရန်တိကလည်း ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။ ကောင်းကင်ယံထက် အဆုံးမရှိသော အလင်းတန်းများကြားတွင် ကျန်ရှိနေသောပုံရိပ်များ အတူတကွ ဆင်းသက်လာသည်ကို တွေ့ရသည်။
ထိုခဏတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အကန့်အသတ်နယ်နိမိတ်များ တစ်ပြိုင်နက်တည်း တုန်လှုပ်သွားသည်။ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များစွာ တစ်ချိန်တည်းရောက်ရှိလာသဖြင့် သက်ရောက်မှုကကြီးမားပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ပေါက်ကွဲထွက်လုမတတ်ဖြစ်ရသည်။
ကျန်းချောင်အပြင် နောက်ထပ် လူ (၅)ယောက် ရှိသေးသည်။
ထိုသူများအားလုံးက သိုင်းသူတော်စင် ၊ တတိယအဆင့် ကျင့်ကြံသူများဖြစ်လေရာ ကြီးမားသောစွမ်းအားများက မိုးမြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ကျန်းချောင်အပြင် နောက်ထပ် ခေါင်းဆောင် (၂)ယောက် ရှိနေပြီး သူတို့လှုပ်ရှားမှုများကပြင်းထန်လွန်းသည်။ ထိုနှစ်ယောက်မှာ သိုင်းသူတော်စင် ၊ စတုတ္ထအဆင့်ဖြစ်သော်လည်း သိုင်းသူတော်စင် ၊ တတိယအဆင့်အဖြစ် ကမ္ဘာဖြတ်စွမ်းအားဖြင့် ထိန်းချုပ်ကန့်သတ်ခံထားရသည်မှာ ထင်ရှားသည်။
ထိုသူများ အသက်တစ်ချက်ရှူလိုက်ရုံဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုများအပေါ် သက်ရောက်မှုရှိပြီး ကြောက်မက်ဖွယ်ရာ အပြောင်းအလဲများကို ဖြစ်ပေါ်စေသည်။
ထိုသူနှစ်ယောက်၏လက်ဖဝါးနှစ်ဖက်ထက်တွင် နေနှင့်လက တောက်ပထွန်းလင်းလျှက် မိုးမြေတစ်ခွင်ကို အလင်းပေးနေသည်။
ဤသည်က ကွမ်းမင်ဂိုဏ်းမှ အထွတ်ထိပ်ကျင့်စဉ်ဖြစ်သော နေလကျင့်စဉ်မှ နေလလက်ဝါးသိုင်းပင် ဖြစ်၏။ နေနှင့်လတို့ကို လက်ဖဝါးထက်တွင် ထားရှိလျှက် ယင်နှင့်ယန်တို့က အဆုံးမဲ့တောက်ပမှုနှင့်အတူ ပြောင်းလဲနေသည်။
ထိုအချိန် အခြားလူတစ်ယောက်၏လက်ဖဝါးထက်တွင် ကြောက်မက်ဖွယ်ရာ ပရမ်းပတာ အနက်ရောင်ချီစွမ်းအားများ ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ဆိုးရွားထူးဆန်းလွန်သည်။
တုနှိုင်းမရသော နေနှင့်လ၏အလင်းတန်းများကြားတွင် မှင်ရည်ကဲ့သို့ ထူထဲနက်မှောင်သော အနက်ရောင်မြူခိုးများက ကွေ့ပတ်စီးဆင်းလျှက်ရှိသည်။ ထူထဲသော အနက်ရောင်မြူခိုးများကြားတွေ မရေမတွက်နိုင်သော မိစ္ဆာနတ်ဆိုးများ တစ်စုတစ်ဝေးတည်း ကြုံးဝါးသံများပြုလုပ်နေပြီး အခြားသူများ၏ စိတ်နှလုံးကို ယိမ်းယိုင်သွားစေရန် ဖြားယောင်းလျှက်ရှိသည်။
မိုးမြေတစ်ခွင်တွင် ထောင်သောင်းမကသော ထူးခြားသည့်တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသော်လည်း ရန်တိက လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ ရန်သူများထံ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ပရမ်းပတာမိစ္ဆာနတ်ဆိုးများ ကခုန်နေသည်ဖြစ်စေ ၊ နေနဲ့လ ပြောင်းပြန်လန်သွားသည်ပဲဖြစ်စေ မည်သူက အရေးစိုက်မည်နည်း။
ရန်တိက သူ၏ဓားဖြင့် အရာအားလုံးကို ထိုးခုတ်ချိုးဖျက်ပစ်မည်ပင်။
လရောင်အလင်းကွယ်ပျောက်သွားပြီး နေရောင်သည်လည်း တိမ်မြုပ်လွင့်ပြယ်သွားသည်။ မိစ္ဆာနတ်ဆိုးများစွာကို အဆုံးသတ်ကို ရင်ဆိုင်လိုက်ရသည့်အလား မိစ္ဆာချီများအားလုံး လွင့်စင်သွားသည်။
ထို သိုင်းသူတော်စင်နှစ်ယောက် နောက်ပြန်ဆုတ်သွားသည့်အခါ ကျန်းချောင်နှင့် အခြားတစ်ယောက်က ရှေ့သို့ဝင်ရောက်လာကြ၏။ ကျန်းချောင်တွင် အထွတ်ထိပ်မှော်ဝင်လက်နက်မရှိသော်လည်း သူ၏တန်ခိုးစွမ်းအားက ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် ၊ တတိယအဆင့် ကျင့်ကြံသူများထက် မနိမ့်ကျပေ။ သူ့ခန္ဓာကိုယ်မှ နေရောင်ခြည်ပမာ အလင်းတန်းများ တောက်ပလာပြီး တစ်ခဏချင်းပင် ကောင်းကင်တစ်ခုလုံး တုန်ခါသွားသည်။
ရန်တိ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
ကြယ်တာရာသန့်စင်ချီဝတ်ရုံက သူ့ခန္ဓာကိုယ်ထက်တွင်ပေါ်လာပြီး သူ၏တန်ခိုးစွမ်းအားက အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ ရန်သူများကို ဆုတ်ခွာသွားစေသည်။
ရန်သူ (၆)ယောက် ပူးပေါင်းပြီး ရန်တိကို တိုက်ခိုက်ခြင်းမရှိဘဲ ကွမ်းမင်ဂုဏ်းမှတစ်ယောက်က နောက်ပြန်လှည့်ကာ ရန်ကျောက်ကဲကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ထိုသူက အချိန်နှင့် ဗလာနယ်အာကာသ အကွာအဝေး တည်ရှိမှုကို လျစ်လျူရှုထားဟန်ဖြင့် မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်လာကာ သူ့ခန္ဓာကိုယ်က အလင်းတန်းအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားသည်။
ဤသည်က ကွမ်းမင်ဂိုဏ်း၏ ထိပ်တန်းအဆင့် ကိုယ်ပိုင်သိုင်းပညာဖြစ်သော နေလကျင့်စဉ်နှင့် ကွမ်းမင်အလင်းသိုင်းပညာမှ အလင်းတန်းတစ်ထောင်စွမ်းအားကို ပေါင်းစပ်ထားခြင်းပင်။
ရန်ကျောက်ကဲမှာ ရန်သူ၏ပုံရိပ်အား တစ်ချက်လေးပင် ဖမ်းဆုပ်နိုင်စွမ်း မရှိသလို ခံစားလိုက်ရသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား သိုင်းသူတော်စင် တတိယအဆင့်သို့ ရောက်ရှိလျှင်ပင် ထိုသို့သောအမြန်နှုန်းကို ကျော်လွှားနိုင်မည် မဟုတ်ပေ။
သို့သော် ရန်တိ၏ ရက်စက်ကြမ်းတမ်းပြီး ထက်ရှသော ဓားဝိညာဉ်က မူမမှန်သောပြောင်းလဲမှုများဖြစ်ပေါ်လာပြီး ရန်သူများ၏တိုက်ခိုက်မှုကြောင့် တစ်ချက်လေးပင် တုန်လှုပ်သွားခြင်း မရှိပေ။
သူ့ပတ်ဝန်းကျင်မှအရအားလုံး နှေးကွေးသွားပြီး တဖြည်းဖြည်း ငြိမ်သက်ခြင်းဆီသို့ ဦးတည်သွားချိန် သူ၏ ကိုယ်ပိုင်ဓားအလင်းရောင်က လျှင်မြန်စွာ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲကို တိုက်ခိုက်ရန်ကြိုးစားသော ကွမ်းမင်ဂိုဏ်းမှသိုင်းသူတော်စင်၏ ပုံရိပ်သည်လည်း နားမလည်နိုင်အောင် နှေးကွေးသွားသည်။ တစ်ချိန်တည်းပင် ရန်တိ၏ဓားအလင်းတန်းက သူ့ရှေ့သို့ ရုတ်ချည်းရောက်ရှိလာ၏။
သူတို့၏တိုက်ကွက်နှစ်ခု လေထုအလယ်တွင် ထိပ်တိုက်တွေ့သည်နှင့် ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် အော်ဟစ်ညည်းတွားလိုက်ပြီး သွေးစက်များက မြေပြင်ထိတိုင် ကျဆင်းလာသည်။
ရန်သူဆုတ်ခွာသွားသည့်တိုင် ရန်တိက တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။
သူ၏ဓားသွားက ကြောက်မက်ဖွယ်ရာ ဒီရေလှိုင်းများအလား ပြင်းထန်ကြမ်းတန်းပြီး အဆုံးမရှိသောရေစီးကြောင်းများပမာ ကျန်ရှိသောရန်သူများကို ဝင်ရောက်တိုက်ခိုက်လျှက် အားလုံးကို နောက်ဆုတ်သွားစေသည်။
ကျန်းချောင်မှလွဲပြီး ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင်များအားလုံးတွင် အဆင့်နိမ့်မှော်ဝင်ပစ္စည်းတစ်ခုစီ ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် ၎င်းတို့၏စွမ်းအားများက ကမ္ဘာအလင်းတောင်ထွတ်ကိုသာမက ပတ်ဝန်းကျင်မိုးမြေတစ်ခွင်နှင့် ဗလာနယ်အာကာသကိုပင် အတိုင်းအတာတစ်ခုအထိ ထိုးခွင်းနိုင်စွမ်း ရှိသည်။
ပြင်းထန်လှသောစွမ်းအားများကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အတွင်းပိုင်းသည်ပင် အက်ကွဲသွားသလား ထင်မှတ်ရသည်။
သို့တိုင် ရန်တိက တိုက်ပွဲကို ထိန်းထားနိုင်ခဲ့ပြီး ကွမ်းမင်ဂိုဏ်းမှလူများ ခြေတစ်လှမ်းမချနိုင်စေရန် တားဆီးထားသည်။ သူ၏ဓားချက်တစ်ချက်ထုတ်ဖော်လိုက်သည်နှင့် အချိန်တိုအတွင်း ဓားချက် (၆)ချက်ခွဲဖြာတိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူများကို တုန်လှုပ်သွားစေသည်။
ရန်ကျောက်ကဲက ကောင်းကင်ထက်မှလူများကို တိတ်ဆိတ်စွာပင်ကြည့်ရင်း သူ၏ညာဘက်လက်ကို ဖြည်းညင်းစွာပင့်မြှောက်လျှက် လက်သီးဆုပ်ထားသည်။
ရန်ကျောက်ကဲ၏ဆုပ်ကိုင်ထားသောလက်ထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာပြီး တောက်ပသောနေရောင်ခြည်က ကောင်းထက်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။
မိုးမြေတစ်ခုလုံး မခံရပ်နိုင်အောင် ကြီးကျယ်ခမ်းနားသော အလင်းတန်းများအလယ်တွင် ရွှေရောင်စည်းတံဆိပ်တစ်ခု ပေါ်လာသည်။ ထိုစည်းတံဆိပ်မှထွက်ပေါ်နေသော ကြီးကျယ်ခမ်းနားသည့် တန်ခိုးစွမ်းအားကို မည်သူမှ အရေးမစိုက်ဘဲ မနေဝံ့ကြပေ။
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း “ထူးကဲယန်စည်းတံဆိပ်”။
ထူးကဲယန်စည်းတံဆိပ်၏စွမ်းအားကို တွေ့မြင်ရသည့်အခါ ကျန်းချောင်တို့အုပ်စု၏မျက်နှာပျက်သွားကြပြီး တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ကြ၏။
သူတို့အားလုံး ထူးကဲယန်စည်းတံဆိပ်၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို သိရှိကြသည့်တိုင် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာကြသည်မှာ အတိုင်းအတာတစ်ခုအထိ ယုံကြည်ချက်ရှိကြသောကြောင့်ပင်။
ထို့ပြင် ဤသို့သောအခြေအနေမျိုး ရင်ဆိုင်ရမည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
ရန်တိ၏ စိတ်ကူး၍ပင်မရနိုင်သော တန်ခိုးစွမ်းအားက သူတို့အားလုံးကို အံ့အားသင့်သွားစေသည်။
ရန်တိက သာမန်သိုင်းသူတော်စင်များထက် ပိုမိုသာလွန်ကြောင်း သိရှိသည့်တိုင် သိုင်းသူတော်စင်အဆင့်တက်ရောက်သည်မှာ အချိန် (၂)နှစ်သာရှိသေးကြောင်း သူတို့ သိရှိကြသည်။ ထိုမျှအချိန်တိုအတွင်း သိုင်းသူတော်စင် ၊ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်မည်ဟု မည်သူမှ မထင်မှတ်ခဲ့ကြပေ။ ဤသည်က သူတို့အားလုံးမျှော်လင့်သည်ထက် အမှန်တကယ် ကျော်လွန်သွားခဲ့သည်ပင်။
ရန်တိ အဆင့်တက်ရောက်သည်က လျှင်မြန်လွန်းသဖြင့် အထက်ဘုံကမ္ဘာမှ ကွမ်းမင်ဂိုဏ်းသားများ အံ့သြတုန်လှုပ်ကြရသလို ခရမ်းရောင်နေသူတော်စင် ကျန်းချောင်မှာလည်း စိတ်ထဲ တင်းတင်းကျပ်ကျပ် ခံစားနေရသည်။
ရှေးယခင်အချိန်က သူ့ကို လိုက်လံတိုက်ခိုက်ခဲ့သော ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီသည်ပင် ရန်တိနှင့် တူညီသောကျင့်ကြံခြင်းအဆင့်တွင် ဤမျှကြောက်မက်ဖွယ် မကောင်းခဲ့ပေ။
ကျန်းချောင်က အထက်ဘုံကမ္ဘာသို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည့်တိုင် ရန်တိကတော့ သမိုင်းတစ်လျှောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် လောကပထမဟု ဆိုနိုင်သည်။
ထိုသို့သောအခြေအနေမျိုးတွင် ရန်ကျောက်ကဲကလည်း အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “ထူးကဲယန်စည်းတံဆိပ်” ၏တန်ခိုးစွမ်းအားကို ထုတ်ဖော်ခဲ့ရာ ကျန်းချောင်တို့အုပ်စုမှာ မည်သို့ရင်ဆိုင်ရမှန်းမသိ ဖြစ်ကြရသည်။
နောက်ပြန်ဆုတ်ခြင်းသည်သာ သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။ မဟုတ်ပါက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသက်ပျောက်သွားပြီး တိန့်စန်းတို့အုပ်စုနောက် တန်းနေအောင်လိုက်ပါသွားရပေမည်။
သိုင်းသူတော်စင် တတိယအဆင့်သို့ ကျင့်ကြံခြင်းဖိနှိပ်ခံထားရသော ကျန်းချောင်အပါအဝင် သိုင်းသူတော်စင် (၃)ယောက်က သူတို့၏စွမ်းအားများကို တစ်ပြိုင်တည်းမြှင့်တင်လိုက်ကြပြီး ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ အလျှင်အမြန် ဆုတ်ခွာသွားကြသည်။
သူတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာကတည်းက ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာရမည့်လမ်းကြောင်းကို ဖွင့်လှစ်ထားခဲ့ကြသည်။
ရန်သူများ ဆုတ်ခွာတော့မည်ကိုမြင်တော့ ရန်ကျောက်ကဲနှင့် ရန်တိက လွယ်လွယ်နှင့်ခွင့်မပြုဘဲ တားဆီးရန် ဆုံးဖြတ်လိုက်သည်။ ကွမ်းမင်ဂိုဏ်းမှ လူများကို များများသတ်နိုင်လေ သူတို့အတွက် ပိုမိုပျော်ရွှင်ရလေ မဟုတ်လား။
ရန်တိ၏ဓားအလင်းတန်းက မိုးကုတ်စက်ဝိုင်းတစ်လျှောက် ဖြတ်သန်းထွက်ပေါ်လာပြီး အပေါ်သို့ပြန်မတက်ရသေးဘဲ ကျန်ရစ်ခဲ့သည့် (၃)ယောက်သာမက ကောင်းကင်အက်ကွဲကြောင်းဆီသို့ အလျှင်အမြန်ဆုတ်ခွာသွားသော ကျန်းချောင်တို့ (၃)ယောက်သည်လည်း ဓားဝိညာဉ်အလင်းတန်းထဲတွင် နစ်မြုပ်သွားကြသည်။
ထူးကဲယန်စည်းတံဆိပ်ကလည်း ကြောက်မက်ဖွယ်ရာစွမ်းအားဖြင့် သူတို့ထံသို့ အပြင်းအထန် ဝင်ရောက်တိုက်ခိုက်သည်။
ထိုအချိန်...
ကောင်းကင်အက်ကွဲကြောင်းဝင်ပေါက်အတွင်းမှ အနက်ရောင်ချီစွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထိုအနက်ရောင်ချီစွမ်းအားများထွက်ပေါ်လာသည်နှင့် နေရောင်ခြည် မှိန်ဖျော့သွားပြီး မိုးမြေတစ်ခုလုံး မှောင်မိုက်သွားလေတော့၏။