← Chapters

ချီအခြေတည်ခြင်း

Vol. 8 Ch. 99

ချီအခြေတည်ခြင်း

Vol. 8 Ch. 99

"မိစ္ဆာအမြုတေက ဒီအတိုင်း ဆက်လှုပ်ရှားတာကြောင့် အမြုတေပင်လယ်က ချီအခြေတည်အဆင့် ဝင်ရောက်ဖို့အတွက် အနှောင့်အယှက်ဖြစ်နေတယ်။ တာအိုမဏ္ဍိုင် မဖန်တီးနိုင်ပါလား....... ငါ တာအိုမဏ္ဍိုင် ဖန်တီးမယ်။ ငါ ချီအခြေတည်အဆင့် ရောက်ကို ရောက်ရမယ်။ ငါ မိစ္ဆာအမြုတေ မလှုပ်ရှားအောင် လုပ်ရမယ်။ ဒါက စိတ်ဝိညာဥ်စွမ်းအင်တွေ ထပ်လိုလိမ့်မယ်"

ချီအခြေတည်ဆေးလုံးသုံးလုံးသည် သူ၏ ပါးစပ်ထဲတွင် ပျော်ဝင်သွားပြီး အံ့မခန်းလိလိ စိတ်ဝိညာဥ်စွမ်းအင်ပမာဏ ထွက်ပေါ်လာသည်။ ၄င်းသည် စောစောက အစိုင်အခဲဖြစ်နေသည့်ခုလတ် မိစ္ဆာအမြုတေ၏နှောင့်ယှက်ခံခဲ့ရသော မန်ဟို၏အမြုတေပင်လယ်ထဲသို့ စီးဝင်သွားသည်။

များပြားသောစွမ်းအင်များက အမြုတေပင်လယ်ကို ရွှေရောင်များဖြင့် တောက်ပလာစေသည်။ ဘယ်တော့မှ လည်နေခြင်း ရပ်တော့မည် မထင်ရသော မိစ္ဆာအမြုတေသည် ရုတ်တရက် နှေးကွေးလာ၏။ အမြုတေပင်လယ်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်မှာ အဆုံးမရှိပုံရသည်။ မိစ္ဆာအမြုတေ စတင်လည်ပတ်မည့် မည်သည့်အရိပ်အယောင်ကိုမဆို ဖိနှိပ်လိုက်သဖြင့် ဂျိန်းခနဲ ထစ်ချုန်းသံ ကြားလိုက်ရသည်။

မိစ္ဆာအမြုတေ ရပ်သွားသည်။ တဖောက်ဖောက်မြည်သံများ အမြုတေပင်လယ်ထဲမှ ထွက်ပေါ်လာပြီး မန်ဟို၏ခန္ဓာကိုယ်တစ်လျှောက်လုံး ပဲ့တင်ထပ်သွားသည်။ သူ၏အမြုတေပင်လယ်တစ်ခုလုံး ခဲလာတော့မည့် ပုံပေါ်သည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း ၄င်းကား ရုတ်တရက် လုံးဝအစိုင်အခဲဲ ဖြစ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် မန်ဟို၏ဘဝမှာ အဆုံးသတ်သွားသည့်အလား ထင်ရသည်။ သူ၏အသက်ရှူခြင်း နှေးကွေးလာပြီး ခန္ဓာကိုယ်သည်လည်း စတင်တုန်ခါလာသည်။ သူ၏ မျက်လုံးများ တောက်ပနေပြီး မြင့်မြတ်သော ဝိညာဥ်ကျမ်းစာ၏ စဦးချီဖွဲ့စည်းမှုကျင့်စဥ် သူ့ခေါင်းထဲ ပေါ်လာသဖြင့် သူက အသက်ပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ခဲနေသော အမြုတေပင်လယ်သည် တဖြေးဖြေး ကျုံ့လာ၏။

၄င်းသည် မိစ္ဆာအမြုတေပါဝင်သော စိန်တုံးသဏ္ဍာန် သလင်းကျောက် အဖြစ်သို့ ပြောင်းလဲရင်း သေးသထက် သေးလာသည်။ ချီအခြေတည်ခြင်းဆေးလုံးများမှ စိတ်ဝိညာဉ်စွမ်းအင်များ ထပ်မံစီးဝင်သွားပြီး တဖြေးဖြေး အမြုတေပင်လယ် နောက်တစ်ဖန် ထွက်ပေါ်လာသည်။

၄င်းကိုယ်၄င်း စွမ်းအင်ဖြည့်နေချိန်မှာပင် ၄င်းသည် နောက်ထပ် စိန်တုံးသဏ္ဍာန် သလင်းကျောက််အသွင် ပြန်ကျုံ့လာပြန်သည်။ ထို့နောက် စိတ်ဝိညာဥ်စွမ်းအင်များ စီးဝင်သွားပြီး ထိုအတိုင်းပြန်စတင်သည်။

ဤဖြစ်စဉ် အချိန်များစွာ ကြာမြင့်ပြီး စိတ်ဝိညာဉ်စွမ်းအင်များစွာ လိုအပ်မည်ဖြစ်ကြောင်း မန်ဟို သိသည်။ ထို့ကြောင့်ပင် သူ ဤတောင်ကြားဒေသကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူက သိုလှောင်အိတ်ကိုပုတ်ပြီး ဆေးလုံးများအား ထပ်မံသောက်သုံးတော့သည်။

အမြုတေပင်လယ် စွမ်းအင်ဖြည့်တင်းလိုက်၊ စိန်တုံးသဏ္ဍာန် သလင်းကျောက်များ ဖြစ်လိုက်ဖြင့် ထပ်တလဲလဲ ဖြစ်ပွားနေသည်။ မန်ဟို အချိန်မည်မျှ ကုန်သွားပြီလဲ မသိတော့ပေ။

တစ်လ။ နှစ်လ။ သုံးလ ... ခြောက်လ ....

နွေဦးသည် နောက်ကျန်ခဲ့ပြီး ဆောင်းဦးသို့ရောက်လာသည်။ ထို့နောက် အေးစိမ့်သော ဆောင်းရာသီ။ မန်ဟို ကျင့်ကြံခြင်းဂူထဲ ဝင်၍ တံခါးပိတ်ကျင့်ကြံနေသည်မှာ တစ်နှစ် ကြာခဲ့လေပြီ။ ထိုနှစ်အတွင်း လပြည့်နေ့ ရောက်တိုင်း ကျင့်ကြံသူ ၇ ယောက်သည် ကြိုးနီကို ဆွဲထုတ်ရန် ရောက်လာတတ်ကြသည်။

သူတို့၏ အကောင်းဆုံးကြိုးပမ်းမှုကြောင့် ၁၄၉၉ မီတာ ထိဆွဲထုတ်နိုင်ခဲ့သည်။ နောက်ဆုံးကျန်သော တစ်မီတာကို ဆွဲထုတ်၍ မရနိုင်ဖြစ်နေသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ကျင့်ကြံသူခုနစ်ယောက်တို့သည် ဤဒေသရှိ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များ လျော့နည်းလာပုံရကြောင်း သတိပြုမိလိုက်သည်။

အမှန်တော့ မန်ဟိုက ၄င်းကို စုပ်ယူနေခြင်းဖြစ်သောိလည်း သူတို့မှာ မသိကြသဖြင့် ဖြစ်ပျက်နေသောအရာကို အဖြေမရှာနိုင် ဖြစ်နေကြသည်။ သူတို့ ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သော်လည်း ဘာတစ်ခုမှမတွေ့ကြပေ။ သူတို့မှာ ထိုဖြစ်ရပ်ကို မန်ဟိုနှင့်ပင် ဆက်စပ်၍ မစဉ်းစားမိကြပေ။ တစ်နှစ်ကြာခဲ့ပြီဖြစ်ရာ သူ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူတို့ ယုံကြည်လေသည်။

ထိုနှစ်တုန်းက ဝိညာဉ်မြွေကို ဆုံးရှုံးခဲ့ရသောလူသည် အအေးဒဏ်ကို အံတုကာ မန်ဟို၏ ကျင့်ကြံခြင်းဂူသို့ မကြာခဏ သွားရောက်ကြည့်ရှုတတ်သည်။ သူ၏ဝိညာဉ်မြွေသေဆုံးခြင်းက သူ့ကို မန်ဟို့အပေါ် ရင်ထဲအသည်းထဲထိ မုန်းတီးနေစေသည်။

သူသည် ဂူထဲ ဖောက်ဝင်ပြီး မန်ဟို၏အလောင်းမှ ရတနာများကို ရယူရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့သော် ဘယ်တော့မှ မအောင်မြင်ခဲ့ပေ။

နောက်ထပ်နှစ်ဝက် ကုန်လွန်သွားပြန်သည်။ ယခုတွင် မန်ဟို တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ တစ်နှစ်ခွဲရှိခဲ့လေပြီ။ ညတစ်ာ၏ သန်းခေါင်ချိန်တွင် သူ၏အမြုတေပင်လယ်သည် စိန်တုံးပုံသဏ္ဌာန် သလင်းကျောက်အဖြစ် နောက်တစ်ဖန် အစိုင်အခဲဖြစ်နေသည်။ ဤသည်မှာ အခုတစ်ရာမြောက်ပင်။

ဂျိန်းခနဲ ထစ်ခြုန်းသွားပြီး စိန်ပုံသဏ္ဌာန်သလင်းကျောက် အခုတစ်ရာသည် ရုတ်တရက် အတူတကွ ပေါင်းစည်းလာ၏။ ၄င်းတို့သည် တဖြေးဖြေး ကြည်လဲ့နေသော သလင်းကျောက် တာအိုမဏ္ဍိုင်တစ်ခုအဖြစ် တစ်သားတည်းဖြစ်သွားသည်။

ချီအခြေတည်ခြင်း တာအိုမဏ္ဍိုင်။

တာအိုမဏ္ဍိုင်ပေါ်လာသည်နှင့်တပြိုင်နက် မန်ဟို၏ မြန်ဆန်နေသော အသက်ရှူသံများ ငြိမ်ကျသွားသည်။ သူ၏ မျက်လုံးများ မှေးမှိန်လာပြီး ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်များ နှေးကွေးသွားသည်။ သူကား လှုပ်ရှားခြင်းမရှိတော့၊ သူ၏ သွေးများသည်ပင် လည်ပတ်နေခြင်း ရပ်တန့်သွားပုံရသည်။ သူကား ယာယီသေဆုံးသွားသော အခြေအနေသို့ ရောက်ရှိသွားဟန်တူသည်။

အရာအားလုံး ရပ်တန့်သွားသည်။

ဤသည်မှာ ချီအခြေတည်အဆင့် ရောက်ရှိခြင်း၏ ဒုတိယအဆင့်ဖြစ်ကြောင်း မန်ဟိုသိသည်။ ယင်းကား အားပြန်ဖြည့်ခြင်းအဆင့်ပင်။

သူသည် စိတ်ထဲတွင် မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၏ စဦးချီဖွဲ့စည်းမှုကျင့်စဥ် ပဲ့တင်ထပ်နေရင်း မလှုပ်မယှက် တင်ပျဥ်ခွေထိုင်နေသည်။ သူသည် အလွန်ထူးဆန်းသော အခြေအနေသို့ နစ်မြုပ်သွားသည်။ သူ၏အသွေးအသားများက ပြောင်းလဲမှု တစ်စုံတရာ ဖြစ်နေပုံမရသော်လည်း တကယ်တမ်း ပြောင်းလဲနေချေသည်။ ၄င်းတို့သည် စိတ်ဝိညာဥ်စွမ်းအားကို ပို၍လွယ်လွယ်ကူကူ စုပ်ယူနိုင်သော အနေအထားသို့ ပြောင်းလဲနေပြီဖြစ်သည်။

သူ၏ချီစီးဆင်းမှုလမ်းကြောင်းများ ကျယ်ပြန့်လာသည်။ မည်သည့်စိတ်ဝိညာဉ်စွမ်းအားမှ ဖြတ်သန်းစီးဆင်းနေခြင်းမရှိ။ သို့သော် ၄င်းတို့သည် ပို၍ခိုင်မာတောင့်တင်းပြီး ပြေပြစ်ချောမွေ့လာသည်။ သူ၏အရိုးများသည်လည်း ထူးခြားလာပြီး တချို့နေရာများတွင် သလင်းကျောက်သဖွယ်ပင် ကြည်လဲ့နေ၏။ သူက သေမျိုးလူသားများနှင့် ကွဲပြားစွာ ပြောင်းလဲနေသည်။ ဤပြောင်းလဲမှုများက သူ့တစ်ကိုယ်လုံးကို တုန်ခါစေသည်။ သူ၏ဆံပင်များ ပိုရှည်လာပြီး အရင်ထက်ပို၍ အရပ်မြင့်လာသည်။

သူ့ကိုယ်အတွင်းတွင် အမြုတေပင်လယ်မရှိတော့ဘဲ ရွှေရောင်တာအိုမဏ္ဍိုင်တစ်ခုသာ ကျန်ခဲ့တော့သည်။ ၄င်းသည် အဝိုင်းသဏ္ဍာန်ရှိသည့် ခပ်ပြားပြားအရာဖြစ်ပြီး တောက်ပမနေဘဲ မှောင်မိုက်ပြီး အတော်လေးအထီးကျန်နေသယောင် ရှိသည်။ ၄င်းက အမြုတေပင်လယ်တည်ရှိခဲ့ဖူးသော နေရာတွင် မျောနေသည်။ အနီးကပ်ကြည့်လျှင် တာအိုမဏ္ဍိုင်၏ အလယ်တည့်တည့်တွင် မန်ဟို၏ မိစ္ဆာအမြုတေကိုတွေ့နိုင်သည်။

မိစ္ဆာအမြုတေသည် တာအိုမဏ္ဍိုင်နှင့် တစ်သားတည်းဖြစ်နေရင်း မလှုပ်မယှက် ငြိမ်သက်နေသည်။

သူ၏နှလုံး ရပ်နေပြီး သွေးများလည်း မစီးဆင်းပေ။ ချီစီးဆင်းမှုလမ်းကြောင်းများမှာလည်း လှုပ်ရှားမှုကင်းမဲ့နေပြီး သူ၏ ချီလည်း ပျောက်ကွယ်နေသည်။ မန်ဟိုက ထိုနေရာတွင် ညှိုးနွမ်း ခြောက်ကပ်နေသော အသွင်ဖြင့် ထိုင်နေသည်။ သူ၏ တာအိုမဏ္ဍိုင်လည်း အလားတူအခြေအနေတွင် ဖြစ်သည်။ သူ၏န္ဓာကိုယ်ထဲရှိ ချီအားလုံး စုပ်ယူခံခဲ့ရလေသည်။

သူသည် နောက်ထပ်နှစ်ဝက်ကြာသည်ထိ ဤအတိုင်း ထိုင်နေသည်။ သူ့အတွက် ချီအခြေတည်အဆင့်သို့ ဖောက်ထွက်ရန် နှစ်နှစ်တိတိကြာခဲ့သည်။ အခြားကျင့်ကြံသူများ ဤအကြောင်းသိလျှင် အံ့သြတုနိလှုပ်သွားကြလိမ့်မည်။ အများအားဖြင့် ကျင့်ကြံသူတစ်ယောက် ချီအခြေတည်ခြင်း အဆင့်ရောက်ရှိရန် လိုအပ်သည့် အရှည်ကြာဆုံးကာလမှာ နှစ်ဝက်ခန့်ဖြစ်သည်။ တစ်ခါတရံ လအနည်းငယ်သာ ကြာ၏။ လိုအပ်သော စိတ်ဝိညာဉ်စွမ်းအားမှာလည်း မန်ဟို လိုအပ်ခဲ့သည့် ပမာဏကို မှီပင်မမှီဟုဆိုရမည်။ မန်ဟို အသုံးပြုခဲ့သည် အချိန်နှင့် လိုအပ်သော စိတ်ဝိညာဉ်စွမ်းအင်ပမာဏသည် သတ်မှတ်ချက်ထက် အများကြီး ကျော်လွန်နေလေသည်။

နောက်ဆုံး နှစ်ဝက်၏ အဆုံးသတ်တွင်တော့ မန်ဟို၏တာအိုမဏ္ဍိုင် စတင်တုန်ခါလာသည်။ ဤသည်မှာ သူ၏ကိုယ်အတွင်း စတင်လှုပ်ရှားသည့် ပထမဆုံးအရာပင်။ ထို့နောက် သူ့နှလုံး စခုန်လာသည်။ သူ၏ ခန္ဓာကိုယ် ပုံမှန်ပြန်ဖြစ်သွားသည်။ သွေးများ စတင်စီးဆင်းလာပြီး သူ၏ချီစီဆင်းမှုလမ်းကြောင်းများ စတင်အလုပ်လုပ်လာကာ သူ၏ချီသည် အသက်စွမ်းအားလက္ခဏာများနှင့် ပြည့်နှက်လာတော့သည်။ တဖြေးဖြေးနှင့် သူသည် အိပ်ပျော်ရာက နိုးထလာသကဲ့သို့ နိုးထလာသည်။

မကြာမီပင် တာအိုမဏ္ဍိုင်သည် ရွှေရောင်အလင်းများဖြင့် ထွန်းလင်းတောက်ပလာပြီး ပိုပို၍စူးရှလာသည်။ သူ၏နှလုံးက အရှိန်ပြင်းစွာဖြင့် သူ၏ခန္ဓာကိုယ်မှ ခုန်ထွက်တော့မတတ် ခုန်နေသည်။ နှလုံးခုန်သံသည် ကျင့်ကြံခြင်းဂူထဲတွင် ပျံ့လွင့်နေသည်။ နှလုံးတစ်ချက်ခုန်လိုက်တိုင်း ခန္ဓာကိုယ်တစ်လျှောက် သွေးများ စီးဆင်းသွားစေသည်။ သူ၏ချီများ ပေါက်ကွဲထွက်လာကာ သူသည် မကြာမီ စွမ်းအားများဖြင့် ပြည့်နှက်ပြီး အချိန်မရွေး မျက်လုံးဖွင့်နိုင်တော့မည့်ပုံပေါ်သည်။

ဤစွမ်းအားသည် မျက်လုံးများ ဖွင့်နိုင်ရန်အတွက်သာ မဟုတ်၊ သူ၏ခန္ဓာကိုယ်ကို ပြန်လည်နိုးထစေရန် ဖြစ်သည်။ ၄င်းက သူ့ကို ခွန်အားတို့ဖြင့် ပြည့်နှက်နေစေရင်း ပိုပို၍အားကောင်းလာကာ သူ့ကိုယ်အတွင်းတွင် လှုပ်ရှားနေသည်။

ဤအခိုက်အတန့်တွင် သူ့အတွင်းရှိ တာအိုမဏ္ဍိုင်က ထစ်ချုန်းသံကြီး ထုတ်လွှတ်လိုက်သည်။ အားကောင်းသော စိတ်ဝိညာဥ်စွမ်းအားသည် ၄င်းထံမှ ထွက်လာပြီး မန်ဟို၏ ချီစီးဆင်းမှုလမ်းကြောင်းများ၊အသွေးအသားနှင့်အရိုးများအတွင်း အရှိန်အဟုန်ပြင်းစွာ တိုးဝှေးစီးဆင်းသွားသည်။ နွေဦးရာသီတွင် ညှိုးနွမ်းခြောက်သွေ့နေသော အပင်မှ အဖူးအညှောင့်များ ထွက်ပေါ်လာသကဲ့သို့ သူ့ခန္ဓာကိုယ်လည်း ပြန်လည်နိုးထလာ၏။ သူ၏ ချီသည် ပို၍အားကောင်းလာပြီး မွှေးညင်းပေါက်များထဲမှ အညစ်အကြေးအမြောက်အမြားထွက်လာကာ မွှေးပျံ့သောရနံ့တစ်ခု သူ့ထံမှ သင်းပျံ့လာသည်။

စိတ်ဝိညာဉ်စွမ်းအား ထွက်ပေါ်လာသဖြင့် သူ၏ ချီစီးဆင်းမှုလမ်းကြောင်းများ စွမ်းအားများဖြင့် ပြည့်နှက်သွားပြီး သွေးလည်ပတ်မှု ပိုမိုမြန်ဆန်လာသည်။ သူ၏နှလုံးခုန်သံက ကျင့်ကြံခြင်းဂူကို တုန်ခါသွားစေပြီး သူ၏မျက်လုံးများ...... ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများ ဖြတ်ခနဲ ပွင့်လာသည်။

စူးရှတောက်ပသောအလင်းရောင်တစ်ခု ၄င်းတို့အတွင်းမှ ထုတ်လွှတ်နေသည်။ အကယ်၍ စဦးချီဖွဲ့စည်းမှုအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ၄င်းကို မြင်ပါက စိတ်နှလုံး တုန်လှုပ်သွားပြီး ကျင့်ကြံခြင်းအခြေခံ ထိခိုက်သွားမည်ဖြစ်သည်။

သူ မျက်လုံးဖွင့်လိုက်သည့်အခိုက်အတန့်၌ တောင်ကြားရှိ စိတ်ဝိညာဉ်စွမ်းအင်များလျော့နည်းလာသည်။ မန်ဟိုကား မြင်မြင်သမျှ စိတ်ဝိညာဉ်စွမ်းအင်အလုံးစုံကို စုပ်ယူဝါးမြိုနေသော တွင်းနက်ကြီးအလားပင်။စိတ်ဝိညာဥ်စွမ်းအင်သည် မွှေးညင်းပေါက်များမှတစ်ဆင့် တောက်ပသထက် တောက်ပလာနေသော တာအိုမဏ္ဍိုင်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။ မန်ဟို၏ချီသည် ပို၍ပင် အစွမ်းထက်လာ၏။

သူ့စိိတ်ထဲတွင် စွမ်းအား၏ခံစားချက်ကြီး ပေါက်ဖွားလာသည့်အတွက် သူ၏နှလုံးမှာ တဒိတ်ဒိတ်ခုန်နေတော့သည်။ သူ လက်ကလေးမြှောက်လိုက်ရုံဖြင့် ကျင့်ကြံခြင်းဂူတစ်ခုလုံး ပြိုကျသွားစေနိုင်ကြောင်း သူ သိသည်။ ဤသည်မှာ သူ၏အပြင်အားကိုယ်၊ စိတ်နှင့် ကျင့်ကြံခြင်းအခြေခံအပေါ် အခြေခံသည့် ယုံကြည်ချက်တစ်ခု ဖြစ်သည်။

သူ၏စိတ်ထဲရှိ စိတ်ဝိညာဉ်အာရုံသည် ပိုကြီးမားလာသည်။ သူ စဦးချီဖွဲ့စည်းမှု၏ မဟာစက်ဝန်းကို အောင်မြင်ရာ၌ ကြုံတွေ့ခဲ့ရသည့်အရာကြောင့် သူ၏စိတ်ဝိညာဥ်အာရုံသည် ပို၍မြင့်မားသောအဆင့်တစ်ခုသို့ ခုန်တက်သွားခဲ့သည်။ ယခုလောလောဆယ်တွင် ၄င်းက သာမန်ချီအခြေတည်အဆင့်ကျင့်ကြံသူ၏ စိတ်ဝိညာဥ်အာရုံထက် များစွာပို၍ အစွမ်းထက်နေလေပြီ။

စင်စစ်အားဖြင့်သူ၏စိတ်ဝိညာဉ်အာရုံသည် ကျင့်ကြံသူတစ်ယောက် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်တွင် ရှိသင့်သည်ထက် သာလွန်နေသည်။ ၄င်းက တကယ်တမ်း ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်နှင့် ညီမျှသည်။

ချီအခြေတည်အဆင့်ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်အာရုံသည် အရာရာပင်။

မန်ဟို၏အသက်ရှူသံ ပဲ့တင်ထပ်နေသည်။ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ်စွမ်းအင်တို့ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်နေပြီး တာအိုမဏ္ဍိုင်သည် ပိုပို၍တောက်ပလာသည်။ မကြာမီ သူ့တစ်ကိုယ်လုံး ရွှေရောင်တောက်ပသွားတော့သည်။

ချီအခြေတည်အဆင့်ကျင့်ကြံသူများ၏ စွမ်းအားသည် စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူများထက် များစွာသာလွန်သည်။ သူ၏စိတ်ကို ရွေ့လျားစေခြင်းအားဖြင့် သူသည် မီတာ ၁၅၀၀ အတွင်းရှိ အရာအားလုံးကို သူ၏နှလုံးအတွင်းရှိနေသကဲ့သို့ မြင်နိုင်သည်။ ဤသည်ကား..... စိတ်ဝိညာဉ်အာရုံပင်။

ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ဦးသည် ပုံမှန်အားဖြင့် စိတ်ဝိညာဉ်အာရုံကို မီတာခြောက်ရာအထိသာ ဖြန့်ကျက်နိုင်သည်။

"ချီအခြေတည်ခြင်းအဆင့်ရဲ့ အစ......" မန်ဟိုက တစ်လုံးချင်းပြောသည်။ သူ၏အသံ ပဲ့တင်ထပ်နေစဥ် သူ၏မျက်နှာသည် စိတ်အားထက်သန်မှုများဖြင့် တောက်ပလျက်ရှိသည်။ သူ၏မျက်လုံးများ စူးရှတောက်ပနေပြီး သူက တာအိုမဏ္ဍိုင်မှ ထုတ်လွှတ်ပေးသော စိတ်ဝိညာဉ်စွမ်းအင်၏ စွမ်းအားကို ခံစားရင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ယခု စွမ်းအားသည် ပြီးခဲ့သည့် တစ်နှစ်ခွဲက စဦးချီဖွဲ့စည်းမှုအဆင့် ၁၃ ၏အထွတ်အထိပ်တွင် သူအသုံးပြုနိုင်သည့် စွမ်းအားထက် အဆတစ်ရာ ပိုမိုအားကောင်းသည်။

ဟုတ်ပါသည်။ ထိုအဆတစ်ရာကွာခြားချက်မှာ စဦးချီဖွဲ့စည်းမှုအဆင့် ၉ နှင့်နှိုင်းယှဉ်ခြင်း မဟုတ်ဘဲ အဆင့် ၁၃ နှင့်ဖြစ်သည်။ မန်ဟိုအတွက် ဤသည်မှာ လုံးဝပြည့်စုံသောအပြောင်းအလဲပင် ဖြစ်သည်။

ထို့ကြောင့်ပင် ချီအခြေတည်အဆင့်ကျင့်ကြံသူများက စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူများကို အလွယ်တကူ သုတ်သင်နိုင်ခြင်းပင်။ ချီဖွဲ့စည်းမှုအမြုတေပင်လယ်မှာ ချီအခြေတည်အဆင့် တာအိုမဏ္ဍိုင် ဖန်တီးရန် အကြိမ်တစ်ရာ အခဲဖြစ်ရသည်။ ယနေ့ည မန်ဟို ကြုံတွေ့ခဲ့သည့် ပြောင်းလဲမှုသည် သူ၏စွမ်းအားကို အပေါ်ခုန်တက်သွားစေသည်။ ၄င်းကား နှိုင်းယှဉ်၍ပင် မရချေ။

***

All Chapters