← Chapters

အနာအဆာမဲ့ ဓား

Vol. 8 Ch. 100

အနာအဆာမဲ့ ဓား

Vol. 8 Ch. 100

မန်ဟို စိတ်ဝိညာဉ်အာရုံကို စေလွှတ်သောအခါ ကောင်းကင်နှင့်မြေကြီးဖြင့် အဆက်အသွယ်ဖြတ်ခံလိုက်ရသည့် ခံစားချက်ကို စတင်ခံစားလိုက်ရသည်။ ဤခံစားချက်မျိုးဖြင့် သူ ရင်းနှီးသည်။ ၄င်းက သူ စဦးချီဖွဲ့စည်းမှု အဆင့် ၁ဝ သို့မဟုတ် ၁၃ သို့ရောက်စဥ်က ရခဲ့သော ခံစားချက်မျိုးပင်။ သို့သော် ယခုတွင် မိုးကောင်းကင်မှာ သူ၏ကျင့်ကြံခြင်းအခြေခံကို နည်းနည်းလေးပင် သည်းမခံနိုင်တော့သည့်လား ခံစားချက်က ပိုမိုပြင်းထန်နေ၏။ သို့ထိတိုင် အသိအမှတ်မပြုမှုနှင့်အတူ မတူညီသောအဆင့်၏ခွန်အားကို သူ ခံစားရသည်။ ဤအဆင့်သည် မိုးကောင်းကင်မှ လက်မခံသည့်အပြင် ဖြစ်တည်မှုအားလုံး၏ ငြင်းပယ်ခြင်းခံရသော်လည်း......... ပြန်တိုက်ခိုက်ခြင်းဖြင့် ပို၍ပင် အစွမ်းထက်လာသည် ထင်ရသည်။

ထိုခုခံနိုင်စွမ်းက မန်ဟိုထံမှ မဟုတ်ဘဲ သူ့ကိုယ်တွင်းရှိ တာအိုမဏ္ဍိုင်နှင့် စိတ်ဝိညာဉ်စွမ်းအင်မှ လာခြင်းဖြစ်သည်။

မိုးကောင်ကင်၏ တော်လှန်မှုကို ခံစားရပြီးနောက် မန်ဟို ၄င်း၏အရင်းခံကို အလျင်အမြန် သဘောပေါက်လိုက်သည်...... သူ့ကိုယ်ထဲသို့ စုပ်ယူခဲ့သည့် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်မှါ နည်းနည်းလေးပင် ပြန်ထွက်သွားခြင်းမရှိပေ။ ထို့အပြင် စုပ်ယူနိုင်ခြင်းလည်းမရှိ။ တားမြစ်ထားသော မည်သည့်လည်ပတ်မှု စက်ဝန်းကိုမဆို ကောင်းကင်နှင့်မြေကြီးဖြင့် ဖန်တီးနိုင်မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် သူ့ထံမှ စိတ်ဝိညာဉ်စွမ်းအင် စိမ့်ထွက်မနေသောကြောင့် ထူးဆန်းသော ရုပ်ဒြပ်မဲ့အရာအချို့ကို သူ ဝိုးတိုးဝါးတား မြင်လိုက်ရသည်။ သူသာ ၄င်းတို့ကို ဖမ်းဆုပ်နိုင်လျှင် ချက်ချင်း ယခုထက်ပင် အစွမ်းထက်သွားမည် ဖြစ်သည်။

ဤရုပ်ဒြပ်မဲ့အရာများကို မိုးကောင်းကင်မှ ခွင့်ပြုမထားသောကြောင့် ငြင်းပယ်ခံ ကျင့်ကြံသူများသာ မြင်တွေ့နိုင်ပြီး ၄င်းတို့နှင့်ပတ်သက်သော ဉာဏ်အလင်းများ ရရှိနိုင်သည်။

မန်ဟို ၄င်းအကြောင်း ကောင်းကောင်းမသိသော်လည်း ကျင့်ကြံခြင်းကမ္ဘာတွင် ဤအရာများကို တာအိုတားမြစ်ချက်များ ဟု ခေါ်သည်။ ချီအခြေတည်အဆင့် ရောက်ရှိသည့် ကျင့်ကြံသူတိုင်း ၄င်းတို့ကို အာရုံခံနိုင်ကြလေသည်။

တာအိုတားမြစ်ချက်များကို စတင် အာရုံရလိုက်သည့်အခိုက်အတန့်တွင် တစ်စုံတခုက မန်ဟို၏ ခန္ဓာကိုယ်ကို လှုပ်ရမ်းလိုက်သည်။ အက်ကွဲသံနှင့်အတူ သူ၏ တာအိုမဏ္ဍိုင်အပေါ်၌ အက်ရာတစ်ခု ပေါ်လာသည်။ ဤသို့ ဖြစ်ပျက်သွားသောအခါ မန်ဟို သွေးတစ်လုပ်အန်လိုက်ရပြီး ထိုအထူးအခြေအနေမှ တွန်းထုတ်ခံလိုက်ရသည်။။

စိတ်ဝိညာဥ်စွမ်းအင်အမြောက်အမြား တာအိုမဏ္ဍိုင်ရှိ အက်ရာမှ စိမ့်ထွက်လာသည်။ မန်ဟို့မှာ ဤသို့မဖြစ်ပျက်အောင် တားဆီးရန် အစွမ်းအစမဲ့နေသည်။ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီးဖြင့် နောက်တစ်ဖန် ချိတ်ဆက်သွား၏။

သူ့ထံမှ တိုးထွက်နေသော စိတ်ဝိညာဉ်စွမ်းအင်များမှာ သူ စုပ်ယူခဲ့သည့် ပမာဏနှင့်ယှဥ်လျှင် မပြောပလောက်သော်လည်း သူသည် ယခုတွင် ကောင်းကင်နှင့်မြေကြီး၏ လည်ပတ်မှုစက်ဝန်းတစ်ခုထဲ ပြန်လည်ရောက်ရှိသွားလေပြီ။ သူ စောစောက အာရုံရခဲ့သည့် ထူးဆန်းသောအရာများမှာ ရှိမနေတော့ပေ။ သူသည် ကောင်းကင်နှင့်မြေကြီး၏ ငြင်းပယ်ခြင်းမခံရတော့ဘဲ အသိအမှတ်ပြုခံခဲ့ရပြီဖြစ်၍ ယခုအခါ ၄င်းတို့၏ တစ်စိတ်တပိုင်းဖြစ်သွားလေပြီ။

သူ့နှလုံးသားထဲတွင် အားနည်းချက်တစ်ခု ဖျတ်ခနဲပေါ်လာသည်။ မန်ဟိုက ခေါင်းမော့လိုက်ရာ သူ၏အမြင်အာရုံသည် ကျင့်ကြံခြင်းဂူ၏ အပြင်ထိ တောက်လျှောက် ထိုးဖောက်သွားသည်။ သူ အပြင်ဘက်က ကောင်းကင်ကြီးကို ကြည့်လိုက်စဥ် သူ၏မျက်လုံးများသည် တစ်ခါမှာမမြင်ဖူးသော အလင်းရောင်ဖြင့် တောက်ပနေသည်။

ဤသည်မှာ အက်ရာတစ်ခုဖြင့် အနာအဆာမဲ့ အခြေ ဖြစ်သည်။ ဤကဏ္ဍတွင်တော့ မန်ဟိုက တကယ်တမ်း အများစုထက် ပိုသာသည်။ ဒဏ်ရာအခြေနှင့်ဆိုလျှင် မန်ဟိုသည် များစွာပို၍ အားနည်းမည်ဖြစ်သည်။ ကျိုးပဲ့အခြေဆိုလျှင် အက်ရာများ ပို၍ပင် များပြားသည့်အတွက် အဆပေါင်းများစွာ ပို၍အစွမ်းမဲ့သွားလိမ့်မည်။

"အက်ရာရှိနေသရွေ့" မန်ဟိုက ခပ်တိုးတိုးရေရွတ်သည်။ " ပြီးပြည့်စုံတာ မဟုတ်သေးဘူး။ ဒါကြောင့်လဲ မိုးကောင်းကင်က လက်ခံပေးတာ......" သူ၏မျက်လုံးများ လင်းလက်တောက်ပနေသည်။

"တာအိုမဏ္ဍိုင်တွေမှာ အက်ရာတွေရှိနေတာကြောင့် ငါ့ ကျင့်ကြံခြင်းအခြေခံ ဘယ်အဆင့်ရောက်နေနေ ကိစ္စမရှိဘူး။ အမြဲတမ်း စုပ်ယူတာနှင့် စိမ့်ထွက်တာက ရှိနေမှာပဲ။ ငါ ဒီနည်းအတိုင်း ငါ့အတွက် ကျင့်ကြံနေတာလား .....ဒါမှမဟုတ် မိုးကောင်းကင်အတွက် ကျင့်ကြံနေတာလား" မန်ဟို တခဏ တိတ်ဆိတ်သွားသည်။ ဤမေးခွန်းမှာ ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် စဥ်းစားအတွက် အလွန် နက်နဲလွန်၏။

သို့သော် မန်ဟိုသည် မြင့်မြတ်သော ဝိညာဥ်ကျမ်းစာ၏ စဦးချီဖွဲ့စည်းမှုကျင့်စဥ်ကို လေ့လာခဲ့ပြီး ပြီးပြည့်စုံသော အခြေကို ရရှိနိုင်မည့် နည်းလမ်းကို သိသည့်အချိန်ကတည်းက ပုံမှန်အားဖြင့် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရှိသူတစ်ယောက်သာ နားလည်နိုင်သည့် အကြောင်းကိစ္စများကို စဥ်းစားတတ်သည်။

မန်ဟို ချီအခြေတည်အဆင့်သို့ ရောက်ရှိချိန်တွင် အပြင်၌ ညအတော်နက်နေပြီဖြစ်သည်။ အပြင်ရှိ ကျင့်ကြံသူ ၇ ဦးသည် စိတ်ဝိညာဉ်စွမ်းအင်များ တလိပ်လပ်ထကြွလှုပ်ရှားနေသည်ကို ကြည့်ပြီးနောက် မန်ဟိုရှိရာ တောင်ကြားကို လှမ်းကြည့်လိုက်ကြသည်။

"ဘာဖြစ်သွားတာလဲ"

"ဘာလို့ စိတ်ဝိညာဥ်စွမ်းအင်တွေအားလုံး အဲ့ဘက်ကို စုပ်ယူခံနေရတာလဲ" သူတို့ ခုနစ်ယောက်သား ထိုသို့ရေရွတ်ရင်း အပြေးအလွှား သွားကြည့်လိုက်ကြသည်။ သို့သော် သူတို့ ချဥ်းကပ်သွားစဥ် သူတို့မှာ တဆတ်ဆတ်တုန်လျက် မတတ်တာဘဲ ရပ်လိုက်ကြရသည်။ သူတို့၏ စိတ်ဝိညာဥ်စွမ်းအင်များမှာ သူတို့၏ခန္ဓာကိုယ်မှ အချိန်မရွေး ထွက်သွားတော့မည်အလား မငြိမ်မသက်ဖြစ်လာသည်။

ဤလူများအတွင် ချီအခြေတည်အဆင့်မှာ အလွန်အလှမ်းဝေးသောအရာ ဖြစ်သည်။ သူတို့အနေဖြင့် ဤတောင်ကြားတွင် လူတစ်ယောက် ထိုအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း တွေးပင် မတွေးနိုင်လောက်ပေ။။

သူတို့မှာ အံ့သြတုန်လှုပ်လျက် ရှေ့ဆက်မတိုးဝံ့တော့ဘဲ ထင်ကြေးအမျိုးမျိုးပေးကာ ရပ်နေကြသည်။ နောက်ဆုံးတွင်တော့ တောင်ကြားကြောင့်သာ ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်နေခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်ကြသည်။ ရှေ့ဆက်မတိုးနိုင်သောကြောင့် သူတို့အတွက် ခန့်မှန်းရုံသာရှိလေသည်။ မှန်လား၊မမှန်လား သက်သေပြရန် နည်းလမ်းမရှိပေ။

"တောင်ကြားမှာ ပြင်းထန်တဲ့စွမ်းအားတစ်ခု ရှိတာ ငါ အာရုံရနေတယ်" ဖားပြုတ်နှင့်အဘိုးကြီးက အသက်ပြင်းပြင်းတစ်ချက်ရှူင်းပြီး မျက်လုံးများ ကျဥ်းမြောင်းလျက် ပြောသည်။ " ငါတို့ထက် အများကြီးအများကြီး သာတယ်"

"ငါတို့ ဒီထက် ပိုနီးအောင် မသွားနိုင်တာ ဆိုးတာပဲ။ ဘာတွေ ဖြစ်သွားခဲ့တာပါလိမ့်။ နည်းနည်း ရှေ့တိုးလိုက်တာနဲ့ ငါ့ကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေက စုပ်ယူခံရတော့မလို ခံစားနေရတယ်"

"လွန်ခဲ့တဲ့ ၂နှစ်လောက်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေ ထူးထူးဆန်းဆန်းတွေ ဖြစ်နေခဲ့တာ။ အခု နောက်တစ်ခု ထပ်ဖြစ်နေပြန်ပြီ.... "သူတို့ ခုနစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရင်ထဲတွင် ထင်ကြေးမျိုးစုံပြည့်နှက်လျက် ငြိမ်သက်သွားကြသည်။

ထိုစဉ် ဂူအတွင်းတွင် မန်ဟိုသည် မျက်လုံးများ လင်းလက်တောက်ပနေရင်း ခေါင်းမော့လိုက်သည်။ သူသာ ပြီးပြည့်စုံသော အခြေကို လုံးဝ ဆုပ်ကိုင်နိုင်ခဲ့ခြင်းမရှိပါက ကိစ္စမရှိပေ။ သို့သော် ၄င်းအား ထဲထဲဝင်ဝင် ခံစားခဲ့ရသည့်တိုင် အလွှတ်ပေးလိုက်ရ၍ စွမ်းအားနည်းပါးသွားခြင်းက သူ့ကို ပို၍ပင် လိုချင်စိတ်ပြင်းပြသွားစေသည်။

"ပြီးပြည့်စုံတဲ့ အခြေ......" သူ၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး သူက ထရပ်လိုက်သည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ သူ့အရှေ့ရှိ မြူခိုးများ လှုပ်ရှားထကြွသွားပြီး အလံသေးသေးလေးတစ်ခုအဖြစ် စုစည်းကာ သူ့လက်ဖဝါးပေါ် ရောက်လာသည်။ သူက ၄င်းကို ကြည့်ပြီး စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ် ထွေးထုတ်လိုက်သည်။ စိတ်ဝိညာဥ်စွမ်းအင် ၄င်းကို ဖုံးလွှမ်းသွားသောအခါ ၄င်းသည် အနက်ရောင်အလင်းတန်းအတွင်းပြောင်းပြီး သူ့ပါးစပ်ထဲ ဝင်ရောက်သွား၏။

စဦးချီ ဖွဲ့စည်းမှုအဆင့်တုန်းက မန်ဟိုသည် အလံအား ခုခံရန်သာ အသုံးပြုနိုင်ခဲ့သည်။ သို့သော် ယခု သူ ချီအခြေတည်အဆင့်သို့ ရောက်သွားပြီဖြစ်ရာ ၄င်းကို ပြုပြင်မွမ်းမံပြီး တခြားနည်းလမ်းများဖြင့်ပင် အသုံးပြုနိုင်လေပြီ။

မန်ဟိုသည် အားရကျေနပ်ရင်း သူ့ကိုယ်သူ တခဏ စစ်ဆေးကြည့်လိုက်သည်။ သူ၏မျက်လုံးများ လင်းလက်သွား၏။

"မြင့်မြတ်သော ဝိညာဉ်ကျမ်းစာရဲ့ စဦးချီဖွဲ့စည်းမှုကျင့်စဥ်နဲ့ဆို ဒုတိယအမြုတေပင်လယ်ကို ဖန်တီးနိုင်တယ်။ ဒုတိယ အမြုတေပင်လယ်က စဦးချီဖွဲ့စည်းမှုကနေ ချီအခြေတည်ခြင်း ရောက်သွားရင် လူတစ်ယောက် ချီအခြေတည်ခြင်းရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်တယ်။ ငါ့အတွက်တော့ သိပ်ထူးခြားမှာ မဟုတ်ဘူး။ ဒါပေမဲ့..... ငါလဲ လိုလိုမယ်မယ် လုပ်ထားရမယ်" သူက မျက်လုံးများ တောက်ပလင်းလက်နေရင်း တင်ပျဉ်ခွေပြန်ထိုင်ကာ မြင့်မြတ်သော ဝိညာဉ်ကျမ်းစာ၏ စဦးချီဖွဲ့စည်းမှုကျင့်စဥ်ကို ပုံဖော်လိုက်သည်။ နာရီများစွာကြာသော် သူ၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ ထစ်ချုန်းသံတစ်သံ သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်သွား၏။ သူ့ကိုယ်ထဲသူ ပြန်ကြည့်လိုက်သောအခါ သူ၏တာအိုမဏ္ဍိုင် အပြင်ဘက်တွင် ရွှေရောင်ပင်လယ်ကြီးတစ်စင်းကို တွေ့လိုက်ရသည်။ ဤသည်ကား မန်ဟို၏ ဒုတိယ အမြုတေပင်လယ်ပင်။

ဤအလုပ် ပြီးစီးသွားသည်နှင့် သူက လက်ကို မြှောက်လိုက်သည်။ သူ၏ကျင့်ကြံခြင်းဂူ အပေါက်ဝကို ပိတ်ထားသည့် ကျောက်တုံးကြီး အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲကာ ပြာအတိဖြစ်သွားသည်။ မန်ဟိုက ၀ိုးတဝါးအလင်းတန်းအသွင် ပြောင်းရင်း လေထဲထိုးတက်သွားသည်။ သူက လေလယ်တွင် ရပ်လိုက်သည်။

သူသည် ပြုံးရင်း ကျင့်ကြံခြင်းဂူကို ပြန်ကြည့်လိုက်သည်။ သူ စဦးချီဖွဲ့စည်းမှုအဆင့်ဖြစ်တုန်းက ယခုကဲ့သို့ လက်ချောင်းလေးမြှောက်ပြီး ကျောက်တုံးကို အစိတ်စိတ်အမြွှာမြွာကွဲစေခဲ့မည် မဟုတ်ပေ။ သို့သော် ယခုတော့ ၄င်းက ရိုးရှင်းသောကိစ္စလေးတစ်ခု ဖြစ်သွားလေပြီ။

"စဦးချီဖွဲ့စည်းမှု အဆင့်နဲ့ ချီအခြေတည်အဆင့်က မိုးနဲ့မြေလို ကွာခြားတယ်" မန်ဟိုက တစ်ယောက်တည်း ရေရွတ်သည်။ " အဲ့တာ တကယ် အမှန်ပဲ။ ဒါပေမဲ့ ငါ ဒီထက်ပိုပြီး အစွမ်းထက်သင့်တယ်။ စိတ်မကောင်းစရာက ငါ တာအိုမဏ္ဍိုင်ဟာ မမြင်ရတဲ့ ဓားတစ်ချက်ကြောင့် ကွဲအက်သွားခဲ့ပြီ။ အဲ့တာနဲ့ ပတ်သက်ပြီး ဘာမှလဲ လုပ်လို့မရဘူး။ ဒါပေမဲ့ တာအိုမဏ္ဍိုင်ကို ငါပြန်ပြင်နိုင်ရင်တော့ ပြီးပြည့်စုံတဲ့ အခြေကို တည်ဆောက်နိုင်မှာပဲ။ အဲ့ဒီလိုလုပ်ဖို့ အရင်ဆုံး ပြီးပြည့်စုံတဲ့ အခြေတည်ဆေးလုံး ဖော်စပ်ရမယ်။ဒါမဲ့ ငါ့အတွက် အကြီးမားဆုံး မေးခွန်းကြီးက .... ဟမ် ဒါ ဘာသင်္ကေတလဲဟ......" သူ၏ အကြည့်သည် ညာလက်အပေါ်သို့ ရောက်သည်။ သူ့လက်ဖမိုးပေါ်တွင် တစတစပျောက်ကွယ်လာနေသည့် တောက်ပသော ထူးထူးဆန်းဆန်း မှော်သင်္ကေတတစ်ခု ရှိနေသည်။ ၄င်းက သူ့အရေပြားအပေါ်တွင် ရှိနေခြင်းမဟုတ်ဘဲ အတွင်းထဲ ရှိနေသည်။ ကြည့်နေရင်း ၄င်းသည် အချိန်အတော်ကြာကတည်းက ထိုနေရာတွင် ရှိနေခဲ့သည်ဟု မန်ဟို ခံစားလိုက်ရသည်။

ဤသည်မှာ သူ ၄င်းကို ပထမဆုံး မြင်လိုက်ခြင်းဖြစ်၍ မည်သည့်အတွက်ကြောင့် ချီအခြေတည်ခြင်းနှင့်အတူ ပေါ်ပေါက်လာခဲ့သည်လဲ သူ မသိပေ။

သင်္ကေတ မှေးမှိန်ပျောက်ကွယ်သွားပြီး မန်ဟို မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာမှာ အန္တရာယ် ရှိသည်ဟု မခံစားရပေ။ တကယ်တမ်း အတော်လေး ရင်းနှီးနေသယောင်ပင်။ သူ ၄င်းအကြောင်း အချိန်အတော်ကြာ တွေးကြည့်သော်လည်း မည်သည်ကိုမှ အစဖော်မရပေ။ ထို့နောက် သူ ၄င်းကို ခေါင်းထဲက ထုတ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ဘေးလူများ မမြင်နိုင်အောင် မြူခိုးများက သူ့ခန္ဓာကိုယ်ကို ဝန်းရံဖုံးကွယ်ပေးထားသည်။ လောလောဆယ်တွင် သူသည် လေလယ်တွင် တန့်နေသော်လည်း သူဆန္ဒရှိလျှင် ရှေ့သို့ရွေ့လျားလိုက်ရုံဖြင့် ပျံနိုင်ကြောင်း သူသိသည်။

မန်ဟိုသည် ထူးဆန်းသော သင်္ကေတအကြောင်းကို လုံးဝ ဘေးချိတ်ထားရင်း စဦးချီဖွဲ့စည်းမှုအဆင့်တွင် အဘယ်ကြောင့် ပျံသန်း၍ မရသည်ကို စဥ်းစားနေသည်။

"ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်စွမ်းအင် လုံလုံလောက်လောက် မရှိတာကြောင့် စဦးချီဖွဲ့စည်းမှုအဆင့်မှာ အမှန်တကယ် မပျံသန်းနိုင်တာပဲ။ ခန္ဓာကိုယ်ကို လေထဲမှာ အထောက်အပံ့မပေးနိုင်သေးဘူး။ မှော်ပစ္စည်းတွေ အကူအညီနဲ့သာ ပျံသန်းနိုင်တယ်။ ဒါပေမဲ့ ချီအခြေတည်အဆင့်အတောအတွင်းမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက စဦးချီဖွဲ့စည်းခြင်းအဆင့်မှာထက် အဆတစ်ရာ ပိုများတယ်။ ဒီလောက် များပြားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကိုဘတာအိုမဏ္ဍိုင်တစ်ခုအဖြစ် ပေါင်းစည်းထားလို့ ခန္ဓာကိုယ်က လေထဲမှာ ရပ်တည်နိုင်ပြီး တကယ် ပျံသန်းနိုင်တာ

"ချီအခြေတည်အဆင့်တစ်လျှောက်လုံးမှာ စုစုပေါင်း တာအိုမဏ္ဍိုင် ၉ ခု ဖြစ်ပေါ်တယ်။ တာအိုမဏ္ဍိုင် ၃ ခုဟာ စဦးပိုင်း အဆင့်ရဲ့အထွတ်အထိပ်ကို ဖော်ပြပြီး ၆ ခုဆိုရင် အလယ်အလတ်အဆင့်ရဲ့ အထွတ်အထိပ်။ ၉ခခုကတော့ စက်ဝန်းပြီးပြည့်စုံသွားတဲ့ သဘောပဲ။ အခု ငါ့မှာ တာအိုမဏ္ဍိုင် ၁ ခုရှိပြီ...." မန်ဟိုသည် မြူခိုးများ ပြည့်နှက်နေသည့် နေရာကို ကြည့်ရင်း မျက်လုံးများ လှုပ်ရှားသွားသည်။ သူက တောင်ကြားထဲသို့ ထိုးဆင်းသွား၏။

"ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဒီနေရာက မိစ္ဆာချုပ်နှောင်ကျောက်စိမ်းရဲ့ တုံ့ပြန်မှုကို လှုံဆော်ခဲ့တယ်။ အဲ့ဒီအချိန်က အဖြေရှာနိုင်လောက်အောင် ငါ့ ကျင့်ကြံခြင်းအခြေခံက အစွမ်းမထက်သေးဘူး။ ဒါပေမဲ့ အခုတော့...... သတိထားဖို့ လိုသေးပေမယ့် ငါ့ပင်ကိုယ်စွမ်းရည်ရယ်၊ စွမ်းအားရယ်နဲ့ဆို သဲလွန်စ နည်းနည်းပါးပါး သွားရှာနိုင်မယ်ထင်တယ်" သူသည် မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း မြူများအတွင်း ထိုးဆင်းသွားသည်။ သစ်သားဓားနှစ်လက် ပေါ်လာပြီး တဝီဝီမြည်ရင်း သူ့ကို လှည့်ပတ်နေသည်။

ယခုတွင် သူ ချီအခြေတည်အဆင့်တွင် ဖြစ်ရာ သစ်သားဓားနှစ်လက်မှာ အတော်လေး ခြားနားနေကြောင်း ခံစားလိုက်ရသည်။ သို့သော် သေချာစစ်ဆေးနေရန် သူ အချိန်မပေးနိုင်ပေ။ ထိုအစား ဤနေရာက မည်သည့်နေရာမျိုးဖြစ်ကြောင်း ဆုံးဖြတ်လိုစိတ်များဖြင့် မြူထဲ ထိုးဆင်းသွားသည်။

တောင်ကြားအောက် မီတာ ၃ဝဝ ခန့် သွားပြီးနောက် သူ၏ သိုလှောင်အိတ်ထဲရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်း စတင်တောက်ပလာသည်။ မန်ဟိုက ၄င်းကို ထုတ်ပြီး သူ့လက်ထဲတွင် ကိုင်ထားလိုက်သည်။ သူသည် အရှိန်အနည်းငယ်လျှော့လိုက်သော်လည်း အောက်သို့ ထိုးဆင်းနေဆဲပင်။

သူ အောက်ရောက်လာသည်နှင့်အမျှ မြူထုသည် ထူသထက်ထူ၊ အေးသထက် အေးလာ၏။ အတော်လေး အေးစိမ့်နေသော်လည်း မန်ဟိုသည် စဦးချီဖွဲ့စည်းမှု အဆင့်တွင် မဟုတ်တော့ပေ။ သူသာ ထိုအဆင့်သာ ရှိသေးလျှင် အအေးဒဏ်ကို အန်တုနိုင်မည် မဟုတ်ပေ။

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာ ရွေ့လျားနေပြီးနောက် အရိုးခိုက်မတတ် အေးလာသည့်အတွက် သူ့အရေပြားကို ဓားသွားဖြင့် မွှန်းနေသည့်အလား ခံစားရသည်။ နောက်ဆုံး၌ တောင်ကြား၏ အောက်ခြေဖြစ်ဟန်တူသော နေရာသို့ သူ ရောက်သွားသည်။

ဤနေရာတွင် အဆုံးအစမဲ့ မြူထုကြီးကလွဲ၍ မည်သည့်အပင်မှ မရှိပေ။ ကြမ်းပြင်တွင် ငှက်ရိုးများ၊ သားရဲအရိုးများဖြင့် မွစာကြဲနေသည်။ အရာအားလုံး အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်လျက်ရှိသည်။ မန်ဟိုသည် ပတ်ဝန်းကျင်ကို သတိကြီးကြီး ကြည့်လိုက်သည်။ သူက အလောတကြီး မလှုပ်ရှားဘဲ အချိန်ယူကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများ မည်သည့်မြူမှ ရှိနေပုံမရသည့် တစ်ခုတည်းသော နေရာထံ ရောက်သွားသဖြင့် တောက်ပလင်းလက်သွားသည်။

၄င်းသည် ...... အကြမ်းဖျင်း ၉ မီတာခန့်ကျယ်ဝန်းသည့် ဂူပေါက်တစ်ပေါက် ဖြစ်သည်။

ဂူ၏အနားများမှာ အေးခဲနေပုံရသည့် မြေသားထူထူများဖြင့် ဖွဲ့စည်းထားသည်။ အထဲတွင် မှောင်ပိန်းနေသဖြင့် ဂူ မည်မျှ နက်ရှိုင်းသည်ကို ပြောဖို့ မဖြစ်နိုင်ပေ။ အေးခဲချီတို့က ဂူထဲမှ လွင့်မျောထွက်လာပြီးနောက် မြူခိုးများ အသွင်ပြောင်းသွားသည်။

ဂူအထဲသို့ ဆန့်တန်းရင်း ဘေးတွင် ကျနေသည်က အနီရင့်ရင့် ကြိုးတစ်ချောင်း။ ဤသည်ကလွဲ၍ မည်သည့်အရာမှ ရှိမနေ။

ဤအချိန်တွင် မန်ဟို့လက်ထဲရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းက ပို၍တောက်ပလာသည်။ ပဟေဠိဆန်သော အဆုံးမဲ့ ဂူအတွင်းသို့ ဝင်ရောက်ရန် တစ်စုံတခုက ခေါ်နေသည့်အလားပင်။ အထဲတွင် မည်သည့်အရာ ပုန်းအောင်နေသည်လဲ မည်သူသိမည်နည်း။

မန်ဟိုသည် ဂူကို ကြည့်ရင်း ခေတ္တ တုံ့ဆိုင်းနေသည်။ ခဏအကြာတွင် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓားပျံတစ်လက် ထွက်လာသည်။ ၄င်းက အလင်းတန်းအသွင်ပြောင်းကာ ဂူအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။ မန်ဟို ဂရုတစိုက် နားထောင်ရင်း အာရုံစိုက်နေလိုက်သည်။ မကြာခင် ကျောက်တုံးနှင့်သတ္တုထိလိုက်သံကဲ့သို့ အသံတစ်သံ ဟိန်းထွက်လာ၏။ မန်ဟို၏ အမူအရာ ပြောင်းလဲသွားသည်။

"ဒီရှေးဟောင်း ဂူက မီတာ၂၅ဝဝ လောက် နက်တယ်နဲ့ တူတယ်" သူက ရှေ့တိုး လျှောက်ပြီး ဂူအဝတွင် ရပ်လိုက်သည်။ ခဏတာ တွေဝေပြီးနောက် သူ့ လက်ထဲရှိ တောက်ပနေသည့် ကျောက်စိမ်း

ပြားကို ကြည့်လိုက်သည်။ ခိုင်မာပြတ်သားသောစိတ်ဆန္ဒ သူ၏မျက်နှာကို ဖုံးလွှမ်းသွား၏။ သူက သိုလှောင်အိတ်ကို ပုတ်၍ ပစ္စည်းအများအပြားထုတ်လိုက်သည်။ ငှက်မွှေး ခုနစ်ချောင်း၊ ရှစ်ချောင်းနှင့်အတူ အနက်ရောင်ပိုက်ကွန် ပျံထွက်လာသည်။ သစ်သားဓားနှစ်လက် သူ့ကို ဝန်းရံနေသည့်တိုင် သူ့မှာ အတန်ငယ် စိတ်ပူနေသေးသည်။ ထို့ကြောင့် သူက လျှာကို ကိုက်လိုက်ရာ လျှပ်စီးအလံပျံထွက်လာပြီး တဖျပ်ဖျပ်လက်နေသော တိမ်တိုက်အတွင်းပြောင်းကာ သူ့ခန္ဓာကိုယ်ကို ဝန်းရံလိုက်သည်။ မန်ဟိုသည် အမျိုးမျိုးသော မှော်ပစ္စည်းများ ခြံရံလျက် ဂူထဲ ဝင်သွားတော့သည်။

***

All Chapters