← Chapters

ရှည်လျားဝေးလံသော လမ်း....

Vol. 106 Ch. 1474

ရှည်လျားဝေးလံသော လမ်း....

Vol. 106 Ch. 1474

ဂိုဏ်းချုပ်နှင့် ရှကျုံတုံးတို့၏အတွေးများ မှန်သည်။ မန်ဟို့တွင် သူ့စည်းကမ်းနှင့်သူ ရှိသည့်အတွက် ဂိုဏ်းချုပ်နှင့် ရှကျုံတုံးကို ကြည့်ပြီးနောက် မဆိုစလောက် ခေါင်းညိတ်ကာ အင်္ကျီလက်စဝှေ့ယမ်း၍ သိုလှောင်အိတ်နှစ်အိတ်အား သိမ်းလိုက်သည်။ ထို့နောက် သူသည် ပိုင်ဝူချိန်ကို လှမ်းကြည့်၏။

ပိုင်ဝူချိန်၏နှုတ်ခမ်းများမှာ သွေးများပေနေဆဲဖြစ်ပြီး မျက်နှာလည်း ဖြူဖျော့နေသည်။ သူမသည် ခံရခက်နေသောအမူအရာဖြင့် တုန်ရီစွာ ရပ်လျက် အဝေးကို လှမ်းကြည့်နေ၏။ သူမ သည့်ထက်ပို၍ စိတ်ဓာတ်မကျနိုင်တော့ပေ။

သူမမှာ ခွက်ထိုးခွက်လှန် ရှုံးခဲ့လေပြီ။ သူမ၏အစီအစဉ်အားလုံး၊ ပြင်ဆင်မှုများအားလုံးသည် မန်ဟို၏ကြောက်ခမန်းလိလိအင်အားနှင့် ပတ်သက်လာသည့်အခါ ဘာမှမဟုတ်‌တော့ချေ။

ဝန်မခံချင်သော်လည်း မန်ဟို့ပြောစကားက မုသားမဟုတ်ကြောင်း သူမ သိသည်။ မှန်ကွဲစသည် အမှန်တကယ် သူ့အပိုင်ဖြစ်၏။ သူ့အပိုင်မဟုတ်လျှင် သူမ နှစ်ပေါင်းများစွာ လေ့လာနေခဲ့သော မှန်ကွဲစသည် စောစောကကဲ့သို့ တခြားစီပြောင်းလဲသွားခဲ့မည်မဟုတ်ပေ။

ထို့အပြင် သူမ၏အရှုံးက မှန်ကွဲစကိုသာ ဆုံးရှုံးစေခဲ့ခြင်းမဟုတ်ဘဲ အိမ်အပြန်လမ်းကို ပြတ်တောက်သွားစေခဲ့ကြောင်း သူမ ပို၍ပင် နားလည်သေးသည်။

“ငါ အခု အိမ်မပြန်နိုင်တော့ဘူး...” သူမသည် ခါးသီးစွာ ရေရွတ်လိုက်၏။ “တန်ခိုးရှင်အဆင့်မတက်သရွေ့ ...။ ဒါပေမဲ့ တန်ခိုးရှင်အဆင့်က အင်မတန် ခက်ခဲလွန်းတယ်။ သင်္ချိုင်းထဲက သလွန်ကိုးခုလုံးနဲ့တောင် အောင်မြင်နိုင်မှာမဟုတ်ဘူး။ အာကာပြင်ကျယ်ဂိုဏ်းချုပ်ရဲ့ တာအိုပလ္လင်ကို အသုံးပြုရင်တောင်မှ အလုပ်ဖြစ်နိုင်ခြေ နည်းတယ်” ဂိုဏ်းချုပ်အား သူမကို ကူညီအောင် စည်းရုံနိုင်ခဲ့သည့် အကြောင်းအရင်းတစ်ခုလုံးသည် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ တာအိုပလ္လင်အကြောင်း သဲလွန်စကြောင့် ဖြစ်ခဲ့လေသည်။

ထိုသဲလွန်စကို သူမ ကျင့်ကြံထားသော ကျင့်စဉ်များကြောင့် သိခြင်းဖြစ်သည်။ တန်ခိုးရှင်အဆင့်တက်ဖို့သည် သူမအတွက် သာမန်လူတစ်ယောက်အတွက်ထက်ပို၍ ခက်ခဲ၏။ အရေးအကြီးဆုံးက သူမ စောင့်နေခဲ့ရသည်မှာ မည်သူမဆိုထက် ကြာခဲ့လေပြီ။ သူမသည် အာကာပြင်ကျယ်အဖွဲ့အစည်းမှ အာကာပြင်ကျယ်ဂြိုဟ်ထံ ပထမဆုံး သက်ဆင်းလာခဲ့သူဖြစ်၏။

အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်း၌ သူမ နေထိုင်ခဲ့သည်မှာ ကြာလှပြီဖြစ်၍ သူမ အိမ်ပြန်ချင်သည်။ ဤနေရာမှ ထွက်သွားချင်သည်။ မှန်ကွဲစ၏စွမ်းအားနှင့် ၎င်းအတွင်းရှိ တန်ခိုးရှင်စိတ်ဆန္ဒက အာကာပြင်ကျယ်စကြဝဠာအား ဖွင့်ပေးနိုင်သည်ဟု သူမအား သုံးသပ်မိစေခဲ့သည်။ ထိုမျှသာမက မှန်ကွဲစများများ စုနိုင်လေလေ၊ တန်ခိုးရှင်အဆင့်ကျင့်ကြံခြင်းအခြေခံ မပါဘဲနှင့်တောင်မှ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်မှ ထွက်သွားနိုင်မည့်ဖြစ်နိုင်ခြေ များလေလေဖြစ်သည်။

“ငါ အိမ်ကိုပဲ ပြန်ချင်မိတာပါ...” သူမက ခါးသီးစွာ ရေရွတ်နေသည်။ “ဒီနေရာကနေ ထွက်သွားပြီး အာကာပြင်ကျယ်စကြဝဠာရဲ့အပြင်က ငါ့အိမ်ကို ပြန်ချင်ရုံလေးတင်ပါ...” ဂိုဏ်းချုပ်သည် တိတ်ဆိတ်စွာ ရပ်နေပြီး ရှကျုံတုံးက သက်ပြင်းခိုးချသည်။ ရှုပ်ထွေးနေသောခံစားချက်များအား ကျင်ယွင်ရှန်း၏မျက်နှာအပေါ်၌ မြင်ရနိုင်၏။

“အာကာပြင်ကျယ်စကြဝဠာရဲ့ အပြင်တဲ့လား” မန်ဟိုက သူမကို လှမ်းကြည့်ရင်း ရုတ်တရက် မေးသည်။

“အာကာပြင်ကျယ်စကြဝဠာရဲ့အပြင်မှာ ဘာရှိလို့လဲ။ အတွင်းမှာ ကြယ်တာရာကောင်းကင်ရှိနေတဲ့ ကမ္ဘာတစ်ကမ္ဘာလား” ထိုမေးခွန်းသည် သင်္ချိုင်း၏ပထမမြေထုမျက်နှာပြင်အောက်တွင် မြင်ကွင်းများကို မြင်တွေ့ခဲ့ရပြီးနောက်ပိုင်း မန်ဟို သိချင်နေခဲ့သောအရာပင်။ ထိုမြင်ကွင်းများ၌ သူသည် အာကာပြင်ကျယ်စကြဝဠာ၏အပြင်သို့ ရောက်သွားခဲ့သော်လည်း တိတ်ဆိတ်ခြောက်နေသော ဗလာကြီးမှတစ်ပါး ဘာမှမမြင်ခဲ့ရပေ။ သက်ရှိသတ္တဝါများလည်း ကင်းမဲ့နေခဲ့သည်။ ဧရာမတိုင်ကြီးငါးတိုင်အပြင် တခြားမရှိခဲ့။

အာကာပြင်ကျယ်အဖွဲ့အစည်းဆိုသည့်အရာလည်း သေချာပေါက် မရှိခဲ့ပေ။

ထိုစဉ်တုန်းက မန်ဟိုသည် အာကာပြင်ကျယ်ကျောင်းတော်၏ မူလအစ၊ အာကာပြင်ကျယ်အဖွဲ့အစည်းဟု ခေါ်သည့် အရာက .... အလိမ်အညာဖြစ်နိုင်သည်ဟု တွေးမိလာခဲ့၏။ ထိုသို့ဆိုလျှင် အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ ကမ္ဘာ၊ တန်ခိုးရှင်ကျင့်ကြံသူများသာ သွားနိုင်သောနေရာလည်း ... အလိမ်အညာမျှသာ ဖြစ်လိမ့်မည်။

“အာကာပြင်ကျယ်စကြဝဠာရဲ့ အပြင်က ငါ့အိမ်ပဲ” ပိုင်ဝူချိန်က တိုးညင်းစွာ ပြောသည်။ “အာကာပြင်ကျယ်စကြဝဠာ ဘယ်လိုမှမယှဉ်နိုင်တဲ့ စည်ပင်တိုးတက်နေတဲ့ နေရာတစ်နေရာပေါ့။ အပြင်မှာ မြူတွေဝေမနေဘူး။ လင်းလက်တောက်ပနေတဲ့ ကြယ်တာရာကောင်းကင်၊ စည်ကားသိုက်မြိုက်နေတဲ့ ဂြိုဟ်တွေပဲ ရှိတယ်

“အဲဒီမှာ အင်မော်တယ်စိတ်အရှိန်အဝါဟာ သိပ်သည်းပြီး ပေါကြွယ်ဝတယ်။ ဒီကဟာက ယှဉ်တောင်မယှဉ်နိုင်ဘူး။ ဒီမှာတော့ ငါတို့က သူတောင်းစားတွေလိုပဲ” သူမစကားလုံးများက ရိုးရှင်းသော်လည်း သူမ၏မျက်လုံးများသည် တောက်ပနေ၏။ မန်ဟိုလည်း သူမဖော်ပြနေသည့် နတ်ဗိမာန်ကို မြင်ယောင်လာသလိုဖြစ်လာပြီး အာကာပြင်ကျယ်စကြဝဠာ၏အပြင်၌ သူ မြင်ခဲ့ရသောအရာနှင့် လုံးဝမတူညီသော်လည်း မည်သို့ဆိုစေ သူ၏မျက်လုံးများလည်း တောက်ပလာတော့သည်။ သူ မျက်လုံးဝေ့ကြည့်လိုက်သည့်အခါ ဂိုဏ်းချုပ်၊ ရှကျုံတုံးနှင် ကျင်ယွင်ရှန်းတို့ပင် ပိုင်ဝူချိန်နည်းတူ လွမ်းဆွေးနေပုံပေါ်ကြောင်း တွေ့လိုက်ရသည်။

မန်ဟိုမှာ ခေါင်းကြိမ်းလာသည်။ သူ့ကိုယ်ထဲတွင် ဝိညာဉ်ဖွေရှာခံထားရသော နဝမပါရာဂွန်အစစ်၏ ဝိညာဉ်အကြွင်းအကျန် ရှိသေးလေသည်။ ဝိညာဉ်ဖွေရှာခဲ့တုန်းက အာကာပြင်ကျယ်စကြဝဠာ၏အပြင်နှင့် ပတ်သက်ပြီး မှတ်ဉာဏ်တစ်စုံတရာ မတွေ့ခဲ့ပေ။ ထိုမှတ်ဉာဏ်များသည် ချိတ်ပိတ်ခံထားရ၍ ကြည့်ရှုမရသယောင်ပင်။

“အာကာပြင်ကျယ်စကြဝဠာရဲ့ အပြင်မှာ ဘာတွေရှိနေတာတုန်းကွာ” မန်ဟိုက တွေးသည်။ “အင်မော်တယ်ပိုင်ဝူချိန် ‌ဖော်ပြခဲ့သလိုမျိုးလား။ ငါမြင်ခဲ့သလိုမျိုးလား” သူသည် အင်မော်တယ်ပိုင်ဝူချိန်ကို ပြန်ကြည့်ကာ မျက်လုံးများတောက်ပလာ၏။ သူမမှာ သူ့ကို သတ်ဖို့ ကြိုးစားခဲ့သည့်တိုင် အလွန်သနားစရာကောင်းသောလူတစ်ယောက် ဖြစ်နေသေးလေသည်။

သူမလည်း မန်ဟို အိမ်ပြန်ချင်သလို အိမ်ပြန်ချင်ရုံလေးသာ....

မန်ဟိုသည် သက်ပြင်းချ၍ တစ္ဆေများနှင့်အတူ အဝေးထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။

ဤသင်္ချိုင်းသို့ လာခဲ့ရသည့် မန်ဟို၏ရည်ရွယ်ချက် အထ‌မြောက်ခဲ့လေပြီ။ မှန်ကွဲစတစ်စသာမက နှစ်စပင် သူ ရရှိခဲ့သည်။ ဆက်နေစရာအကြောင်းလည်း မရှိတော့ပေ။ သို့ဖြစ်၍ သင်္ချိုင်းမှ ထွက်ကာ အာကာပြင်ကျယ်ဂြိုဟ်သို့ ပြန်မည်။ ပြီးလျှင် ကျန်ခြောက်စကို ရှာဖို့ သူ့လက်ဝယ်ရှိ မှန်ကွဲစများ၏ဆွဲခေါ်ရာအတိုင်း လိုက်သွားမည်။

“အကုန်လုံး ရှာတွေ့တာနဲ့ ကြေးမုံကို ဘယ်နေရာရောက်နေရောက်နေ ပြန်ဆင့်ခေါ်နိုင်ပြီ” မန်ဟိုသည် မျက်ဝန်းများလင်းလက်နေလျက် တတိယမြေထုမှ ဒုတိယမြေထုထံ ဦးတည်သွားပြီးနောက်ဆုံး ပထမမြေထုသို့ ပြန်လည်ရောက်ရှိသွား၏။ အသွေးအသားတံတားကို ဖြတ်ကာ အပြင်နယ်နိမိတ်ကိုကျော်၍ ထွက်ပေါက်ဖြစ်သော နေရာရွှေ့ပြောင်းမုခ်ဝထဲ ဝင်လိုက်သည်။ အထဲဝင်ပြီးနောက် မန်ဟိုက ရပ်၍ နောက်ပြန်လှည့်ကြည့်သည်။

အဝေးရှိ နဝမမြေထုကို လှမ်းကြည့်လိုက်သည့်အခါ ပလ္လင်တစ်ဆူနှင့် ၎င်းအပေါ်၌ ထိုင်နေသော ခပ်ဝါးဝါးလူရိပ်တစ်ခုအား သူ မြင်သည်ဆိုရုံကလေး လှမ်းမြင်လိုက်၏။ ထိုပုဂ္ဂိုလ်ကား သူ့ကို ကြည့်နေသယောင်ပင်။

ထို့နောက် သူသည် လှည့်၍ နေရာရွှေ့ပြောင်းမုခ်ဝထဲ ဝင်သွား၏။

မန်ဟိုထွက်သွားပြီးနောက် ဂိုဏ်းချုပ်နှင့်အခြားသူများမှာ တိတ်ဆိတ်စွာ ကျန်ခဲ့သည်။ အိမ်ပြန်နိုင်မည့် တစ်ခုတည်းသောမျှော်လင့်ချက် သေဆုံးသွားပြီဖြစ်၍ ပိုင်ဝူချိန်အတွက် တန်ခိုးရှင်အဆင့်တက်ဖို့သာ ရှိတော့သည်။ ဂိုဏ်းချုပ်နှင့် ရှကျုံတုံးအား ကတိပေးခဲ့သော အချက်အလက်များကို ပြောပြီးနောက် သူတို့သည် ဒုတိယမြေထုနှင့် တတိယမြေထု၏ တန်ခိုးရှင်စင်မြင့်များထက်တွင် ဉာဏ်အလင်းရှာဖို့ ထွက်သွားကြ၏။ အချိန်ကျလာသည့်အခါ လိပ်ခွံကို အသုံးပြုရင်း တတိယမြေထုအပေါ်၌ ကမ္ဘာပျက်ကိန်းအား သူတို့ ရင်ဆိုင်မည်။

တစ်ယောက်နှင့်တစ်ယောက် လျှောက်သောလမ်း မတူညီကြသလို၊ ‌ရွေးချယ်မှုများလည်း ကွဲပြားသည်။ မန်ဟို့အတွက် တန်ခိုးရှင်စင်မြင့်များသည် လတ်တလော အသုံးမဝင်ပေ။ နဝမမန္တန်ကို အောင်မြင်စွာ ဖော်ဆောင်ပြီးနောက်မှသာ သင်္ချိုင်းထဲ ပြန်၍ နဝမသလွန်သို့ရောက်သည်အထိ ဉာဏ်အလင်းရှာရလိမ့်မည်။ ထို့နောက် မြူများကို ဖယ်ရှားကာ မန္တန်ကိုးခုကို ပေါင်းစည်းဖို့ သလွန်၏စွမ်းအားကို အသုံးချနိုင်မည်။

ဂိုဏ်းချုပ်နှင့် အခြားသူများအတွက်မူ သူတို့၏ကျင့်ကြံခြင်းအခြေခံများသည် အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီဖြစ်၍ ဆက်သွားစရာ ဦးတည်ရာတစ်ခုတည်းသာ ကျန်တော့သည်... တန်ခိုးရှင်အဆင့်တက်ခြင်း။ ခက်ခဲကောင်းခက်ခဲလိမ့်မည်။ သို့သော် အောင်မြင်နိုင်ခြေသေးသေးလေး ရှိနေသေးသရွေ့ သူတို့ လက်လျှော့မည်မဟုတ်ပေ။

တစ်ဝက်ဂြိုဟ်အပေါ်တွင် မန်ဟိုသည် ဆံပင်များပျံ့လွင့်နေလျက် နေရာရွှေ့ပြောင်းမုခ်ဝထဲမှ ထွက်လာ၏။ အတွေးနက်နေသောအမူအရာက သူ့မျက်နှာကို စိုးမိုးနေစဉ် သူ၏တတိယမျက်လုံးက ပိတ်သွားကာ ခရမ်းရောင်အရာတစ်ခုသာ သူ့နဖူးပေါ်တွင် ကျန်ခဲ့စေသည်။

ထို့နောက် မန်ဟိုက နဝမပါရာဂွန်မြို့ထဲရှိ တံခါးပိတ်ကျင့်ကြံရာအဆောင်သို့ ပြန်သွားသည်။ ထိုနေရာတွင် သူသည် ညာလက်ကို ဆန့်ထုတ်လိုက်ရာ သူ့အရှေ့၌ မှန်ကွဲစနှစ်စ ပျံဝဲလျက် ပေါ်လာ၏။

ထို့နောက် သူက မှန်ကွဲစများထဲ နတ်ဘုရားအာရုံတချို့ ထည့်သွင်းလိုက်ရာ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲရှိ နေရာခုနစ်နေရာကို အာရုံရလိုက်သည်။ တစ်နေရာကတော့ သူ နေရာအတိအကျမဖမ်းနိုင်သော ကြေးမုံ၏တည်နေရာပင်။ သို့သော် ကျန်ခြောက်နေရာကတော့ ဆန့်ကျင်ဘက်ပင်။ ၎င်းတို့က မည်သည့်နေရာတွေမှန်း သူ အတိအကျသိထားသည်။

သူသည် ကြေးမုံကို ဆင့်ခေါ်ကြည့်၏။ မှန်ကွဲစနှစ်ခုက တစ်ခုထက်စာလျှင် အားကောင်းသည်က မှန်သော်လည်း အောင်မြင်ဖို့ မလုံလောက်သေးပေ။ မှန်ကွဲစများ သေချာပေါက် ထပ်လိုအပ်သည်။

“ငါ့ကိုယ်ပွားရဲ့ လမ်းကြောင်းက မှန်နေပြီ” သူက တွေးသည်။ “သူ တာအိုနယ်ပယ်ကို ဝင်ရောက်တာနဲ့ ချုပ်နှောင်စည်းကိုးခုထဲက ပထမစည်းကို အပြည့်အဝဖော်ဆောင်နိုင်လိမ့်မယ်” အာကာပြင်ကျယ်မော်ကွန်းတိုက်အတွေ့အကြုံက မန်ဟို့အစီအစဉ်များကို ပြောင်းလဲသွားစေခဲ့သည်။ သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ ရာနှုန်းပြည့်မသေချာသေး၍ နောက်ဆုံးဆုံးဖြတ်ချက်မချခင် ပထမစည်းပြီးမြောက်သည်အထိ စောင့်ဖို့လိုလေသည်။

“အဲဒီလိုဆိုမှတော့ ...အာကာပြင်ကျယ်ကျောင်းတော်မှာ ငါ နေစရာအကြောင်းမရှိတော့ဘူး” မန်ဟိုသည် ထွက်သွားဖို့ ပြင်၏။ ကျန်မှန်ကွဲစခြောက်စကို ရှာဖွေဖို့ ကြယ်တာရာကောင်းကင်တွင် သူ ခရီးနှင်မည်။

“လမ်းက ... အရှည်မှ အရှည်ကြီးပဲ” သူက တွေးသည်။ မှန်ကွဲစခြောက်စသည် ကြယ်တာရာကောင်းကင်၏ နေရာအနှံ့အပြား၌ ပြန့်ကြဲနေသဖြင့် အကုန်လုံး ပြန်စုမိဖို့ လွယ်ကူမည်မဟုတ်ပေ။ အချိန်တိုအတွင်း ပြီးမြောက်မည့်ကိစ္စလည်းမဟုတ်။

အတန်ကြာတွေးပြီးသော် လေးနက်သောအရိပ်အယောင်အား သူ၏မျက်ဝန်းများ၌ မြင်ရနိုင်၏။ သူက နတ်ဘုရားအာရုံတချို့ ထုတ်လွှတ်လိုက်ရာ သူ၏ငယ်သားများဖြစ်သော အနှစ်သာရ ၇ ခုနှင့် ၈ ခုပါရာဂွန်များ ချက်ချင်း သိရှိသွားလေသည်။

မန်ဟို့အနေဖြင့် မည်မျှကြာကြာအ‌ဝေးရောက်နေမည်လဲ အတပ်မပြောနိုင်သလို၊ သူ လစ်လပ်နေစဉ် နဝမဂိုဏ်း၏ အင်အားချဲ့ထွင်မှုအပြင် သူ့ကိုယ်ပွား၏ကိစ္စများအပါအဝင် ကိုင်တွယ်ရမည့် တာဝန်များစွာ ရှိသည်။ သင့်တင့်စွာ ရှင်းပြ၍ စီစဉ်မှုများ လုပ်ဆောင်ပြီးနောက် မန်ဟို ထွက်သွားတော့သည်။

အလင်းတန်းတစ်တန်းသည် မြေကြီးထဲမှ ပျံတက်လာကာ အာကာပြင်ကျယ်ဂြိုဟ်မှ ထွက်ခွာ၍ ကြယ်တာရာကောင်းကင်ထဲ ဝင်ရောက်သွား၏။ ထိုနေရာတွင် မန်ဟိုက မျက်လုံးများ‌တောက်ပနေလျက် အာကာပြင်ကျယ်စကြဝဠာအား လှမ်းကြည့်နေသည်။ သူ ခံစားနေရသည့် ဆွဲငင်မှုအပေါ် အခြေခံ၍ သူကား အနီးဆုံးမှန်ကွဲစရှိရာသို့ ဦးတည်သွားလေပြီ။

ယခင်အတိုင်းဆိုလျှင် မန်ဟို့အတွက် မှန်ကွဲစအားလုံးကို ခြေရာခံဖို့ အတိုင်းထက်အလွန် ခက်ခဲခဲ့လိမ့်မည်။ သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံက အနှစ်သာရ ၉ ခုအထွတ်အထိပ်ပညာရှင်များကို တိုက်ခိုက်နိုင်သည်အထိ အစွမ်းထက်နေပြီဖြစ်သည်။ ချပ်ဝတ်အသွင်ပြောင်းနိုင်သော မှန်ကွဲစနှစ်စကိုလည်း သူ ပိုင်ဆိုင်ထား၏။ ထိုအရာအားလုံးဖြင့် ... တန်ခိုးရှင်အဆင့်ကျင့်ကြံသူတစ်ယောက်မှလွဲ၍ သူ့အား တိုက်ခိုက်နိုင်မည့်လူကို ရှာဖွေရန်မှာ ချီလင်ချိုနှင့် ဖီးနစ်ငှက်မွှေးများကို ရှာဖို့ထက် ခက်ခဲလိမ့်မည်။

မန်ဟို ထွက်ခွာသွားစဉ် သူ၏ကိုယ်ပွားသည် နဝမဂိုဏ်းထဲ၌ တင်ပျဉ်ခွေထိုင်နေ၏။ အာကာပြင်ကျယ်မော်ကွန်းတိုက်တွင် ပထမနေရာရပြီးကတည်းက သူကား နဝမဂိုဏ်း၏အမွေခံဂိုဏ်းသား အမည်ရလာပြီး ရှုခင်းအရာရော၊ စိတ်ဝိညာဉ်စွမ်းအင်အရပါ အပြစ်ပြောစရာမရှိသော တောင်တစ်လုံး ချီးမြှင့်ခံခဲ့ရသည်။

တောင်တစ်တောင်လုံးသည် ဖန်မု၏အပိုင်ဖြစ်ပြီး မရေမတွက်နိုင်သော တားမြစ်မန္တန်များဖြင့် ကာကွယ်ခံထားရ၏။ သူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမှ မဝင်နိုင်လောက်ပေ။ ဖန်မုနှင့် ယန်အာအပြင် တောင်ပေါ်တွင် သူ၏ကိစ္စဝိစ္စများကို ဆောင်ရွက်ပေးဖို့ တာဝန်ချခံထားရသည့် အစေခံကျင့်ကြံသူများသာ ရှိသည်။

နဝမဂိုဏ်း၏ အာကာပြင်ကျယ်မော်ကွန်းတွင် ဖန်မု၏စွမ်းဆောင်ရည်နှင့် ဒသမကောင်းကင်ဘုံကိစ္စသည် အတော်လေး ရာဇဝင်တွင်နေခဲ့လေပြီ။ ထိုမျှသာမက နဝမဂိုဏ်း၏ဂိုဏ်းသားအားလုံး သူ့ကို အရူးအမူးလေးစားကြည်ညိုလာခဲ့ကြ၏။

ရွေးချယ်ခံများပင် ထိုနည်းတူ ခံစားနေကြရသည်။

အာကာပြင်ကျယ်မော်ကွန်းတိုက်ကိစ္စနောက်ပိုင်း ဧည့်သည့်များ မကုန်မခမ်းနိုင်အောင် လာရောက်ဂါဝရပြုကြသည်။ စစချင်း ဖန်မုက တစ်ယောက်ချင်း လက်ခံတွေ့သော်လည်း နောက်ပိုင်းများလာရာ ကျင့်ကြံခြင်းအခြေခံကို အားပြန်ဖြည့်ရန် တံခါးပိတ်ကျင့်ကြံတော့မည်ဟု ကြေညာလိုက်ရတော့သည်။ ထို့နောက် ပြင်ပရေးရာမှန်သမျှ ယန်အာ့လက်ထဲသာ ထည့်လိုက်သည်။

ယန်အာမှာ လက်ခံရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ နောက်ရက်များတွင် သူမမှာ ဧည့်သည်များကို လက်ခံကြိုဆိုရင်း တစ်နေကုန်တော့သည်။ ပထမတော့ ယန်အာသည် စိတ်လှုပ်ရှားနေ၏။ ဖန်မု၏ ထွန်းတောက်ကျော်ကြားမှုက ဂိုဏ်းထဲရှိ သူမ၏အဆင့်အတန်းလည်း ကွဲပြားသွားခဲ့ပြီဟု ဆိုလိုသည်မဟုတ်ပါလော။ အတိုင်းထက်အလွန် နာမည်ကြီးခြင်းက ဘာနှင့်တူသလဲ သူမ ယခုနားလည်သွားလေပြီ။

သူမလက်ခံရရှိသော လက်ဆောင်ပဏ္ဍာများမှာလည်း များပြားလွန်း၍ သိုလှောင်အိတ်တစ်အိတ်တည်းနှင့် ထည့်မနိုင်တော့ပေ။

သို့သော် သူမဆရာထံ လာနေသည့် ဧည့်သည်အများစုမှာ အမျိုးသမီးကျင့်ကြံသူများဖြစ်နေကြောင်း သိထားမိသည့်အခါ ယန်အာမှာ တဖြည်းဖြည်း စိတ်အချဉ်ပေါက်လာသည်။ ထိုမျှသာမက တစ်ယောက်စီက နောက်ဆုံးတစ်ယောက်ထက် လှနေသည့်အပြင် သူမဆရာအကြောင်းကိုလည်း တိတ်တိတ်လေး မေးကြသေးလေ၏။

All Chapters