← Chapters

စေ့စပ်ကြောင်းလမ်းမှုများ

Vol. 106 Ch. 1475

စေ့စပ်ကြောင်းလမ်းမှုများ

Vol. 106 Ch. 1475

“ဖော်လံဖားတွေ” ယန်အာက တွေးသည်။ “မိန်းကလေးတွေအများကြီး ငါ့ဆရာအဘိုးကြီးကို ကြိုက်နေတာ ယုံတောင်မယုံနိုင်ဘူး။ သူ့တပည့်အနေနဲ့ ငါ အခြေအနေတွေကို ထိန်းမှဖြစ်တော့မယ်” ယန်အာသည် သူမတာဝန်ကို အ‌လေးအနက်ထား၏။ သူတို့၏လက်‌ဆောင်များကိုတော့ လက်ခံတတ်သော်လည်း သူမဆရာ၏ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်လာလျှင် ဘာမှမပြောပြပေ။

ဆွဲဆောင်မှုရှိ၍ လှပသော မိန်းကလေးများ များလေလေ၊ ယန်အာသည် ပို၍ပင် စွာလာလေလေဖြစ်၏။ ထိုကဲ့သို့မိန်းကလေးတစ်ယောက် ပြန်သွားတိုင်း သူမမှာ သူမခန္ဓာကိုယ်ကိုသူမ စိတ်ပျက်လက်ပျက် ကြည့်ပြီး မှန်ထဲရှိ သူမမျက်နှာကိုလည်း ဆူပုပ်စွာ ကြည့်တတ်သည်။ ပြီးလျှင် ခြေဆောင့်နင်း၍ ဖန်မု၏တံခါးပိတ်ကျင့်ကြံရာအခန်းရှေ့သွားကာ အပြင်မှအော်လိမ့်မည်။

တစ်ရက်တွင် သူမသည် ထိုနေရာတွင် လက်သီးလေးဆုပ်လျက် ဖန်မုအား ကျိန်ဆဲနေ၏။ “ဆရာဗျို့၊ အဘိုးကြီးဆိုလည်း အဘိုးကြီးလို နေလေဗျာ။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ဦး။ အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်တာထက်ပိုကောင်းတာ မလုပ်တတ်ဘူးလား။ အခုတလော ယောက်ျားဆန်တဲ့ဧည့်သည်ဘယ်လောက်များလဲ သိလား ဟမ် သိလားလို့”

ဖန်မုသည် မျက်လုံးပွင့်လာပြီး စိတ်တိုနေသော ယန်အာ့ကို ကြည့်၍ ပြုံး၏။ သူမ အခုလေးတင် ပြောလိုက်သောအရာနှင့်ပတ်သက်ပြီး သူ အတော်လေး သိချင်မိသွားသည်။

“ယောက်ျားဆန်တယ်တဲ့လား”

“ဟုတ်တယ် ယောက်ျားဆန်တဲ့မိန်းမတွေ။ ထောင်ထောင်မောင်းမောင်း ကျားကျားယားယားကြီး။ ရုပ်တွေကလည်း ကြမ်းသပ။ မိန်းမတွေဆိုတာ အသံချိုသင့်တယ်မဟုတ်လား။ ဒါပေမဲ့ သူတို့တစ်ယောက်မှ အဲဒီလိုမဟုတ်ဘူး။ ဆရာ တွေ့ချင်ရင် ကျွန်မ အကုန်လုံး ဒီခေါ်လာပေးမယ်” ထို့နောက် သူမသည် တံခါးပိတ်ကျင့်ကြံရာအခန်းအား မျက်စောင်းထိုးလျက် ကြည့်နေ၏။ ဖန်မုသာ တွေ့မည်ဟု ပြောလျှင် သူမ သူ့ခေါင်းကို ကျား‌ကောင်လို ကိုက်ဖြတ်မိလိမ့်မည်။

ထူးဆန်းနေသောအမူအရာအား ဖန်မုမျက်နှာပေါ်တွင် မြင်ရနိုင်သည်။ သူက ချောင်းဟန့်ရင်း အော်ပြောလိုက်၏။ “သွားပြန်ကျင့်ကြံချည်။ ငါ မင်းကို နတ်ဘုရားစွမ်းရည်တွေ မှော်သိုင်းကွက်တွေ အများကြီး သင်ပေးထားတယ်နော်။ ဘဝပြန်ဝင်စားခြင်းတာအို၊ ကောင်းကင်နတ်ဘုရားမှော်သိုင်းနဲ့ တောင်ဝါးမြိုမန္တန် ရှိတယ်။ မင်း အဲဒါတွေကို ဘယ်တော့မှ မတတ်ဘူးမလား၊ အချိန်ဖြုန်းမနေနဲ့ ပြန်လေ့ကျင့်တော့”

ထို့နောက် သူက မျက်လုံးပိတ်၍ တရားဆက်ထိုင်နေသည်။

ယန်အာက အမူအရာပိုကဲစွာဖြင့် နှာမှုတ်သည်။ သူမဆရာ ဆက်လက်အားထုတ်နေသည်ကို မြင်လျှင် သူမသည် ခြေဆောင့်နင်း၍ တံခါးကို နောက်တစ်ကြိမ် မျက်စောင်းထိုးပြီးနောက် လှည့်ထွက်သွားတော့၏။

“အသုံးမကျတဲ့ဆရာ၊ အကျင့်မကောင်းတဲ့ ဆရာ၊ စိတ်ပုပ်တဲ့အဘိုးကြီး၊ အရှက်မရှိတဲ့ ဘိုးတော်ကြီး။ ဟွန့်၊ တောင်ဝါးမြိုမန္တန်တဲ့လား၊ ကောင်းကင်နတ်ဘုရားမှော်သိုင်းတဲ့လား။ ဘဝပြန်ဝင်စားခြင်းတာအိုတဲ့လား။ တတ်ပြီးတာဖြင့် ကြာပေါ့။ အလကား မောင်းထုတ်ချင်လို့ ဆင်ခြေဆင်လက်တွေ ပေးနေတာ” သူမသည် ပွစိပွစိပြောရင်း ခြံအပြင်နားလေး၌ အိပ်နေသည့် သွေးခွေးကြီး‌ဘေးမှ ဖြတ်လျှောက်သွား၏။ သွေးခွေးကြီးမှာ သူမ၏ပွစိပွစိအသံကို ကြားလျှင် မျက်လုံးဖွင့်၍ တခဏနားစွင့်ပြီးနောက် ကပျာကယာမျက်လုံးပိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

အချိန်တွေကုန်လွန်သွားသည်။ နောက်ဆုံးတော့ လာရောက်ဂါဝရပြုသည့် ဧည့်သည်ဂိုဏ်းသားအရေအတွက် ကျဆင်းစပြုလာ၏။ သို့သော် ယန်အာ သက်ပြင်းချဖို့ ပြင်နေတုန်းပဲရှိသေး၊ အာကာပြင်ကျယ်ကျောင်းတော်၏အပြင်မှ ကျင့်ကြံသူမျိုးနွယ်စုများ ရောက်ချလာသည်။ သူတို့သည် ခပ်လှလှအစေခံမိန်းကလေးများကို ပဏ္ဍာအဖြစ် ဆက်သကြ၏။ ယန်အာမှာ ပို၍မိုးမီး‌လောင်တော့သည်။

သည်းမခံနိုင်စရာအကောင်းဆုံးမှာတော့ မထင်မှတ်ဖွယ်ကောင်းစွာနှင့် တချို့လူများက ... စေ့စပ်ကြောင်းလမ်းဖို့ ခွင့်ပန်ကြလေသည်...

တစ်ရက်တွင် ဖန်မုကို ပြစ်ဒဏ်အတောအတွင်း ကူညီပေးခဲ့သည့် အနှစ်သာရ ၇ ခုပါရာဂွန်သည် ဖန်မု၏တောင်ထွတ်သို့ လူတစ်စုအား ခေါ်ချလာ၏။ ထိုအုပ်စုထဲတွင် နောက်ထပ်အနှစ်သာရ ၇ ခုပါရာဂွန်တစ်ယောက် ပါလာသည်။ ပါရာဂွန်နှစ်ဦး စကားပြောနေစဉ် သူတို့အနောက်မှ မိန်းမငယ်လေးတစ်ဦး လိုက်လာ၏။

သူမသည် ဣန္ဒြေသိက္ခာအပြည့်ဖြင့် လက်ဖျားခါလောက်အောင် လှလေသည်။ သို့သော် အတန်ငယ်မာနကြီးဟန်တူပြီး ဤနေရာသို့ လာရသည်ကို သိပ်ကျေနပ်ပုံမပေါ်ပေ။ သို့ပင်ငြား တောင်ပေါ်တက်နေသော ပါရာဂွန်နှစ်ယောက်အနောက်မှ ကပ်လိုက်လာလေသည်။

“ယန်အာ မင်းဆရာကို မြန်မြန်သွားခေါ်ပေးပါဦး” နဝမဂိုဏ်း၏ပါရာဂွန်က ပြုံးရင်း ပြောသည်။ သူ့အတွက် ဖန်မုသည် အလွန်အရေးပါသောပုဂ္ဂိုလ်ဖြစ်၍ ယန်အာက သူ့တပည့်ဆိုကတည်းက သူမကိုလည်း လေးလေးစားစား ပြောဆိုရလိမ့်မည်။

ယန်အာသည် အခြေအနေကို ကြည့်၍ စိတ်မကြည်တော့ပေ။ သူမသည် ပါရာဂွန်နှစ်ယောက်ကို ကြည့်ပြီးနောက် မိန်းမငယ်လေးကို မြင်လျှင် ရင်တဒိန်းဒိန်းခုန်လာ၏။ သူမမြင်ခဲ့ရသော အမျိုးသမီးများအနက် ဤမိန်ကလေးက သေချာပေါက် အလှဆုံးဖြစ်ပေသည်။

ထိုမျှသာမက သူမ၏ကျင့်ကြံအဆင့်သည် ရှေး‌ဟောင်းနယ်ပယ်စဦးပိုင်းအဆင့်ပင်။

အကြောင်းတစ်စုံတစ်ရာကြောင့် ယန်အာမှာ စိုးရိမ်စိတ်များဖြစ်ပေါ်လာသည်။ သူမသည် ခေါင်းညိတ်၍ ဖန်မု၏တံခါးပိတ်ကျင့်ကြံရာအ‌ဆောင်သို့ အပြေးသွားလိုက်သည့်အခါ သူ ထွက်လာခဲ့သည်ကိုသာ တွေ့လိုက်ရ၏။ တခြားတစ်ယောက်သာ လာခဲ့လျှင် ဖန်မုအနေဖြင့် တွေ့ဖို့ ငြင်းမည်ဖြစ်သော်လည်း ဤပါရာဂွန်က သူ့ကို ပြစ်ဒဏ်အတောအတွင်း များစွာကူညီပေးခဲ့၍ ငြင်းလို့မကောင်းပေ။

ဖန်မုသည် ယန်အာကိုလည်း ခေါ်ရင်း အများပြည်သူခန်းမသို့ ဦးတည်လာ၏။ နဝမဂိုဏ်းပါရာဂွန်က သူ့ကို မြင်လျှင်ချင်း လှိုက်လှိုက်လှဲလှဲ ရယ်လေသည်။

“ဖန်မု ဒါ တတိယဂိုဏ်းက ပါရာဂွန်စမ်းရေတိမ်ပဲ။ နှုတ်ဆက်လိုက်ဦး”

တတိယဂိုဏ်းမှ ပါရာဂွန်က ဖန်မုကို အကဲခတ်သည်။ ထို့နောက် ပြုံးပြ၏။ ဖန်မု ထိုလူ့အား လက်ယှက်အရိုအသေပေးလိုက်စဉ် သူ၏အမူအရာက မပြောင်းလဲပေ။

အချင်းချင်းမိတ်ဆက်ပြီးနောက် လူတိုင်း ထိုင်၍ စကားပြောကြသည်။ မိန်းမလှလေးက ဖန်မုကို အထင်သေးဟန်ဖြင့် ရံဖန်ရံခါ ကြည့်တတ်သော်လည်း ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်လေသည်။

ယန်အာသည် ဖန်မုဘေးတွင် ထိုင်နေပြီး မိန်းကလေးအပေါ် မနှစ်မြို့မှုမှာ အချိန်နှင့်အမျှ ကြီးထွားလာနေ၏။ ထို့နောက် ဤမိန်းကလေးက အာကာပြင်ကျယ်ကျောင်းတော်၏ သန့်ရှင်းသောသမီးတော်အလောင်းအလျာ ဖြစ်၍ ဖန်မုအား သူမနှင့် လက်ဆက်စေလိုကြောင်း ဧည့်သည့်ပါရာဂွန် ပြောသည်ကို သူမ ကြားလိုက်ရသည်။ ယန်အာမှာ သူမကိုယ်သူမ မထိန်းနိုင်တော့ပေ။ သူမသည် ချာချာလည်နေလျက် မသိလိုက်ဘဲ လွှတ်ခနဲ ပြောလိုက်မိ၏။ “မရပါဘူး။ ကျွန်မဆရာအတွက် တာအိုလက်တွဲဖော်မလိုဘူး”

စကားလုံးများ ထွက်သွားလျှင်ချင်း ယန်အာမှာ ထိတ်ပျာသွားပြီး မျက်နှာလေးဖြူဆုပ်သွားသည်။ သူမသည် ဖန်မုကို လှမ်းကြည့်၍ နောင်တအပြည့်ဖြင့် ချက်ချင်း ဒူးထောက်လိုက်၏။ ဘာကြောင့် ထိုကဲ့သို့ပြောလိုက်မိမှန်း သူမ မသိသည့်အပြင် သူမဆရာ စိတ်ဆိုးသွားမည်ကို အလွန်စိုးရိမ်လာ‌တော့သည်။

“ဆရာ ... ကျွန်... ကျွန်မ မှားသွားပါတယ်”

နဝမဂိုဏ်းပါရာဂွန် မျက်မှောင်ကြုတ်သွားသော်လည်း သူ ဘာမှမပြောနိုင်ခင် ပါရာဂွန်စမ်းရေတိမ်က နှာခေါင်းရှုံ့သွားပြီး မျက်လုံးများ အေးစက်လာသည်။ သန့်ရှင်းသောသမီးတော်အလောင်းအလျာ၏ မျက်ဝန်းထဲရှိ အထင်‌သေးမှုသည်လည်း ပို၍အားကောင်းလာ၏။

ဖန်မုအမူအရာကား ပြောင်းလဲခြင်းမရှိ။ ဤပါရာဂွန်နှစ်ယောက် ရောက်လာခြင်းက သူ့အား နည်းနည်းလေးမှ မထိတ်လန့်စေသလို၊ တာအိုလက်တွဲဖော်ကိစ္စမှာလည်း အံ့ဩစရာမဟုတ်ပေ။ မန်ဟို၏ကိုယ်ပွားသည် အာကာပြင်ကျယ်ကျောင်းတော်တွင် အလွန်နာမည်ကြီးလာသည့်အပြင် ရွေးချယ်ခံများအထဲက ရွေးချယ်ခံ၊ ဂိုဏ်း၏အနာဂတ်ထောက်တိုင် မဟုတ်ပါလော။

ထို့ကြောင့် စေ့စပ်ကြောင်းလမ်းလိုမှုများ၊ တာအိုလက်တွဲဖော်အဖြစ် ပေါင်းဖက်လိုမှုများကား မထူးဆန်းပေ။

သို့သော် ယန်အာ၏တုံ့ပြန်မှုကို ကြားပြီးနောက် ဖန်မုသည် မပြုံးမိဘဲ မနေပေ။ သူက သူမကို နွေးထွေးကြင်နာစွာ ကြည့်ရင်း ဆက်ဒူးမထောက်ခိုင်းဖို့ အင်္ကျီလက်စအား ခါလိုက်သည်။

“ဘာအမှားလဲ” သူက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “မင်း အမှားလုပ်တယ်လို့ ငါ မပြောမိပါဘူး” ယန်အာသည် သူ၏ကြင်နာသောမျက်ဝန်းများလျှင် ရင်ထဲ ရှိန်းတိန်းတိန်းဖြစ်ပြီး ထူးဆန်းသောခံစားချက်များက သူမနှလုံးသားကို နွေးထွေးသွားစေလေသည်။

ထို့နောက် ဖန်မုက ပါရာဂွန်နှစ်ယောက်ဘက် လှည့်ကာ လက်ယှက်လျက် ပြောသည်။ “စီနီယာတို့၊ အခုလိုစဉ်စားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် အမှန်တကယ် စိတ်ရင်းနဲ့ ပြောတာပါ။ ဒါပေမဲ့ ကျုပ် ဖန်မုအတွက် တာအိုလက်တွဲဖော်မလိုပါဘူးခင်ဗျာ”

“ဒါ....” နဝမဂိုဏ်းပါရာဂွန်သည် မျက်မှောင်ကြုတ်ပြီးနောက် ဖန်မုအား လှမ်းကြည့်သည်။ သို့သ်ော ဖန်မု စိတ်ပိုင်းထားပြီးမှန်း မြင်လျှင် ပါရာဂွန်သည် ဂိုဏ်း၏အ‌ရေးပါဆုံးရွေးချယ်ခံအား ဖိအားပေးလိုစိတ်မရှိတော့ပေ။ ထို့နောက် သူက ယန်အာကို ကြည့်ပြီး ဖန်မု၏နွေးထွေးသောအကြည့်နှင့် ဆက်စပ်တွေးမိသွား၏။ ထူးဆန်းသောအမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

ပါရာဂွန်စမ်းရေတိမ်၏မျက်နှာသည် အလွန်တင်းမာသွား၏။ သူ့အနေဖြင့် ဤဖန်မုအား အထိုက်အလျောက် လေးစားမှုပြသခဲ့ပြီးသည့်အပြင် သူ၏မျိုးနွယ်စုမှ ခေါ်လာသည့် ဤမိန်းကလေးသည် ပြစ်မျိုးမှဲ့မထင် အလှလေးဖြစ်၏။ သို့ထိတိုင် ဖန်မုက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။

ပတ်ဝန်းကျင်အပေါ် ဖိအားများ သက်ရောက်လာသည်။ ဖန်မုက အမူအရာမပျက်သော်လည်း ယန်အာမှာတော့ ထိတ်လန့်နေဟန်တူသည်။

ပါရာဂွန်စမ်းရေတိမ်သည် အေးစက်စက် နှာမှုတ်၍ နဝမဂိုဏ်းပါရာဂွန်အား လက်ယှက်အရိုအသေပေး၏။ ထို့နောက် အင်္ကျီလက်စခါကာ ပြန်ဖို့ လှည့်လိုက်သည်။ မိန်းကလေးကမူ အထင်သေးမှုအား ဖုံးကွယ်ဖို့ ကြိုးစားနေသည်ကို ရပ်လိုက်ပြီး ပြန်ဖို့ လှည့်လိုက်စဉ် သူမအမူအရာက ရွံနေပုံပေါ်လေသည်။

သူမသည် တံခါးမှ ထွက်သွားတော့မည်အချိန်မှာပဲ ပြန်လှည့်လာကာ မကြားတကြား ရေရွတ်လိုက်၏။ “ကျင့်ဝတ်နဲ့မညီတဲ့ ဆရာတပည့်အချစ်။ ဘယ်လောက်တောင် ရွံစရာကောင်းလိုက်သလဲ”

All Chapters