← Chapters

ရတနာများ

Vol. 8 Ch. 103

ရတနာများ

Vol. 8 Ch. 103

“အဲတာ ဘာကြီးလဲ” မန်ဟိုက မောဟိုက်ပင်ပန်းစွာ ပြောသည်။ သူ့မှာ ပါးစပ်မှ သွေးများကို သုတ်ချိန်မရဘဲ ချီအခြေတည်ဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကြောင့် ဆေးလုံးက သူ့ခန္ဓာကိုယ်ကို မလှုပ်မရှားနိုင်ဖြစ်စေမည် မဟုတ်တော့ပေ။ ၄င်း၏စွမ်းအားက အေးခဲချီကို ချက်ချင်း ထိုးဖောက်လိုက်သည်။

မန်ဟိုမှ လွဲ၍ ဘယ်သူမှ ဤကဲ့သို့ ဆေးလုံးကို ဆုံးရှုံးခံနိုင်မည် မဟုတ်ပေ။

သူသည် ကြိုးကို ဆွဲရင်း အလင်းတန်းအသွင်ပြောင်းကာ ဂူနှင့် ပို၍ပင် နီးကပ်အောင် တဟုန်ထိုးထွက်သွားသည်။ ယခုတွင် မီတာခြောက်ရာခန့်သာ ကွာဝေးတော့၏။ သူ၏အနောက် ကိုးမီတာခန့်အကွာတွင် အနက်ရောင်ဆံမျှင်များနှင့် အခြားတစ္ဆေများ ထပ်ကြပ်မကွာလိုက်နေကြသည်။ ဂူအတွင်း ၂၅ မီတာ၊ လွင့်မျောလာနေသော အနက်ရောင်အမွှေးအမျှင်များ၏အဆုံးတွင်တော့ လူ့ဦးခေါင်းကြီးတစ်လုံးပေါ်လာသည်။

ကြိုးနီသည် ခေါင်းကြီး၏ မျက်ခုံးနှစ်ဖက်ကြားကို ထိုးဖောက်ပြီး အမှောင်ထုအတွင်းသို့ တွဲလျားကျနေသည်။

၄င်းက မိန်းမတစ်ယောက်၏ ဦးခေါင်းဖြစ်သည်။ သူမ၏ အလှတရားမှာ လူသားကမ္ဘာနှင့် မသက်ဆိုင်သည့်အလား ဖော်ပြဖို့ပင် ခက်သည်။ သူမ၏ ပွင့်နေသော မျက်လုံးများမှာ သူမ မသေဆုံးခင်က သူမနားမလည်သော အရာများရှိနေသေးသည့်အလား တွေဝေပြီး မချင့်မရဲဖြစ်မှုများ ရောထွေးလျက်ရှိသည်။

မန်ဟိုအတွက် မီတာ ၆၀၀မှာ သိပ်မဝေးပေ။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံအရဆိုလျှင် အသက်နှစ်ရှိုက်စာအတွင်းမှာပင် ထိုအကွာအဝေးကို ကျော်ဖြတ်နိုင်သည်။ သို့သော် ဂူထဲရှိ အေးစိမ့်ချီက သူ၏အမြန်နှုန်းကို သက်ရောက်နေပြီး နောက်မှထပ်ကြပ်မကွာ လိုက်ခံနေရခြင်းက သူ့ကို အာရုံစိုက်နေစေသည်။

ဆံမျှင်များက ဆက်လက် ပြန့်ထွက်လာပြီး အချိန်မရွေး မန်ဟို၏ ခြေထောက်နား ရောက်တော့မည့်အလားပင်။ မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီး သူ့လက်ကို ကျောက်သားနံရံဆီ မြှောက်လိုက်သည်။

သူ ၄င်းကို ဖိတွန်းလိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအင် ပေါက်ကွဲထွက်လာပြီး သူ လိုရမည်ရ ပြင်ဆင်ခဲ့သော မှော်ပစ္စည်းများကို အသက်သွင်းလိုက်သည်။ ဓားပျံ ၁၀ လက် ရုတ်တရက် ပျံထွက်လာပြီး ဆံမျှင်များထံ ပြေးဝင်သွားပြီးနောက် ပေါက်ကွဲသွားသည်။ ပေါက်ကွဲသံတစ်သံသည် ဂူကို တသိမ့်သိမ့်တုန်သွားစေရင်း ပဲ့တင်ထပ်လာသည်။ မန်ဟိုက ကြိုးနီကို ဆောင့်ဆွဲပြီး ရှေ့ဆက်သွားသည်။

တောင်ကြား၏ အပြင်ဘက်ရှိ ကျင့်ကြံသူ ခုနစ်ယောက်မှာတော့ မျက်နှာများ ဖြူဆုပ်နေသည်။ သူတို့ထဲမှ သုံးယောက်က သွေးများ အန်ပြီး နောက်သို့ယိမ်းယိုင်သွားကြသည်။ ကျန်လေးယောက်မှာ အံတင်းတင်းကြိတ်ပြီး ဆက်လက်တောင်ခံနေ၏။ သူတို့နောက်ရှိ အဆိပ်သားရဲများသည်လည်း အားအင်ကုန်ခမ်းနေပုံရသည်။

"ဒီတစ်ကြိမ်မှာ အတော်တန်ဖိုးကြီးတဲ့ ရတနာတစ်ခု ဖြစ်ရမယ်။ ဒါကြောင့် အတော်လေးနေရတာပဲ"

“ဟုတ်တယ်။ ငါတို့ ဝိညာဉ်ချုပ်နှောင်ကျောက်တုံးကို ဆွဲထုတ်ခဲ့တုန်းကလဲ အခုလို အရမ်းလေးခဲ့တာ”

“ဟား…ဟား၊ ငါတို့ ဒီတစ်ကြိမ်လဲ အဲ့လို ရတနာမျိုး ရလိမ့်မယ်။ ဆေးလုံးတွေ နှမြောမနေကြနဲ့။ ဒီရတနာကို ငါတို့ ဆွဲထုတ်ရမယ်” ဒဏ်ရာရနေသည့် ကျင့်ကြံသူသုံးယောက်က အံကြိတ်ရင်း မောဟိုင်ပင်ပန်းစွာ ပြောလိုက်သည်။ သူတို့က ဆေးလုံးများ ထုတ်သောက်လိုက်ကာ မျှော်လင့်ချက်များဖြင့် နောက်တစ်ဖန် ကြိုးကိုသွားဆွဲကြသည်။

အောက်ရှိ ဂူထဲက မန်ဟိုမှာတော့ ကြိုး၏အဟုန်ကို အသုံးချကာ နောက်ထပ်မီတာ သုံးရာ ပျံသန်းလိုက်သည်။ အနက်ရောင်ဆံမျှင်များကား ယခုတွင် သူ့ထံမှ အတန်ငယ်ဝေးသွားလေပြီ။

သူက မျက်လုံးများတောက်ပသွားပြီး အဆောင်စက္ကူဝှက်ထားခဲ့သည့် ဂူနံရံဆီသို့ လက်ကို ဆန့်ထုတ်လိုက်သည်။

၄င်းက ရွှေရောင်အလင််းတစ်ခု ထုတ်လွှတ်လိုက်သည်။ အလင်းသည် လည်ပတ်နေပြီးနောက် ရှင်းရှင်းလင်းလင်း မမြင်ရသော ဝိုးတိုးဝါးတားပုံရိပ်အဖြစ် စုဆုံသွားသည်။ ၄င်းက အံ့မခန်းလိလိ စွမ်းအားကို ထုတ်လွှတ်ရင်း လှည့်ကာ အနက်ရောင်ဆံပင်နှင့် လိုက်လာနေသော ဝိညာဥ်များထံ ပြေးဝင်သွားသည်။

ပေါက်ကွဲမှုကြီး ရိုက်ခတ်လာစဥ် မန်ဟိုက ရှေ့သို့ ခုန်လိုက်သည်။ လိုက်လာနေသော ဝိညာဉ်များက ဒေါသတကြီး စူးစူးဝါးဝါး အော်ရင်း သူ့ထံ နောက်တစ်ဖန် ပြေးဝင်လာသည်။ သူ၏မျက်လုံးများထဲတွင် အေးစက်စက်အကြည့်တစ်ခုပေါ်လာပြီး သူက စကားတစ်ခွန်း ပြောသည်။

“ပေါက်ကွဲစမ်း”

အဆောင်စက္ကူက ယခု နောက်ထပ်လုပ်ဆောင်ချက်တစ်ခု ဆောင်ရွက်တော့မည်။ နောက်ထပ်ပေါက်ကွဲမှုကြီးက ရှေးဟောင်းဂူ တစ်လျှောက်လုံး ရိုက်ခတ်သွားသည်။ ပေါက်ကွဲမှုအဟုန်ကို အသုံးချကာ မန်ဟိုသည် ရှေ့သို့ တဟုန်ထိုးပျံထွက်လိုက်သာ်။ ယခု ဂူဝမှ မီတာ ၃၀ ခန့်သာ ဝေးတော့လေသည်။ သူက ကြိုးနီကို မြဲမြဲဆုပ်ကိုင်ကာ ခပ်ပြင်းပြင်းဆွဲလိုက်သည်။ တခဏအတွင်း သူသည် မီတာ ၃၀ ရောက်သွားပြီး ဂူထဲမှ ပျံထွက်လိုက်တော့သည်။

သူ ဂူအပြင်သို့ ထွက်သွားစဥ် တစ္ဆေ ၁၀ ကောင်က လိုက်လာသည်။ သို့သော် သူတို့က ဂူဝ ရောက်သည်နှင့် အပြင်သို့ ခြေတစ်လှမ်းပင် မချရသည့်လား စူးစူးဝါးဝါး အော်ဟစ်ရင်း ချက်ချင်း ရပ်သွားကြသည်။ သူတို့ အော်ဟစ်သံများသည် ပဲ့တင်သံထပ်နေသော်လည်း တောင်ကြား အပြင်သို့ ထွက်မလာရာ အချုပ်အနှောင်မန္တန်တချို့ စီရင်ထားပုံရသည်။ သို့ဖြစ်၍ အပြင်ဘက်ရှိ ကုန်းရုန်းဆွဲနေသည့် လူခုနစ်ယောက် မကြားလိုက်ပေ။

မန်ဟိုသည် ကြိုးနီကို ကိုင်ရင်း တွဲခိုသွားသည်။ သူက ဂူဘက် လှည့်ကာ ငုံ့ကြည့်လိုက်သည်။ ထိုစဉ် မချင့်မရဲဖြစ်နေပြီး သံသယဝင်နေသော အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ ထိုအသံမှ သယ်ဆောင်လာသည့် ဝမ်းနည်းပူဆွေးမှုသည် မန်ဟို့ကို တုန်လှုပ်သွားစေသည်။

“တာအို…..တာအိုက ဘာလဲ"

ပြောလိုက်စဉ်တွင် အသံမှာ စူးရှသွားပြီး မန်ဟို၏ နှလုံးသားကို ဆွဲညှစ်ခံလိုက်ရသလို နာကျင်သွားစေသည်။ သူသည် တောင်ကြားမှ ဝေးသထက်ဝေးအောင် ဆွဲတင်ခံလိုက်ရပြီး မြူတစ်လွှာပြီးတစ်လွှာဖြတ်ကာ ၄င်း၏အစပ်နားနှင့် နီးကပ်သွားသည်။

“ဆွဲစမ်း။ ဟားဟား ။ ဘာရတနာတွေပါလာလဲဆိုတာ ကြည့်ရအောင်”

"နောင်ထပ် ဝိညာဉ်ချုပ်နှောင်ကျောက်တုံးတစ်တုံး ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီတကြိမ်တော့ ငါတို့ ကြိုးစားအားထုတ်မှုက အလကားဖြစ်မှာ မဟုတ်တော့ဘူး”

ခုနစ်ယောက်သား တပ်မက်မှုများ တောက်လောင်နေသော မျက်လုံးများဖြင့် စိတ်အားထက်သန်စွာ ဆွဲလိုက်ကြသည်။ ထို့နောက်တော့ ဘွားခနဲ မန်ဟို ပေါ်လာလေသည်။ သူတို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး အပင်ပန်းခံ၍ ဆွဲတင်ခဲ့သောအရာကို ငေးကြည့်နေတော့သည်။ ကြိုးနီက သူတို့၏ လက်ထဲမှ လွတ်ကျသွားသည်။

သူတို့သည် ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေသွားကာ တစ်ကမ္ဘာလုံး ချာချာလည်သွားတော့သည်။ ဤသည်မှာ သူတို့ မျှော်လင့်ထားနိုင်ခဲ့သည့် အရာမဟုတ်သဖြင့် သူတို့မှာ ဘာမှ မစဥ်းစားနိုင်တော့ပေ။ သူတို့သည် ရတနာတစ်ခု မျှော်မှန်းထားသော်လည်း မန်ဟိုဖြစ်နေလေသည်။ သူတို့မှာ သူတို့မျက်လုံးသူတို့ မမြင်နိုင်တော့ပေ။

“ဒါ…ဒါ…”

“သေစမ်း…...ဘာတွေ ဖြစ်နေတာလဲ။ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဒါ..…ဒါ အရင်က ဟိုအပြင်လူမလား။ သူ အရှင်လတ်လတ်ကြီးပါလားဟ။ ဒါပေမဲ့ ငါတို့ဆွဲတင်နေတာ က ဘယ်လိုလုပ် သူဖြစ်နေရတာလဲ”

သူတို့ အတွေးများ ချာချာလည်နေသည်။ အထူးသဖြင့် ဖားပြုပ်ပေါ်ရှိ အဘိုးအိုမှာတော့ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်ရုံမှလွဲ၍ ဘာမတုံ့ပြန်နိုင်ပေ။ ဝိညာဉ်မြွေကို ဆုံးရှုံးခဲ့ရသော ကျင့်ကြံသူမှာတော့ မန်ဟို့ကို မှတ်မိလိုက်သည့်နှင့် မျက်လုံးများ မီးဝင်းဝင်းတောက်သွားသည်။

“ဒါ အဲ့သောက်အပြင်ကကောင်...." သူက ဒေါကြီးမောကြီးပြောရင်း မန်ဟိုထံ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူ့မှာ မြူခိုးများထဲမှ မန်ဟို့ကို ဆွဲတင်ရန် သွေးများအန်ခဲ့ရသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။ သူကား ဒေါသူပုန်ထသွားလေပြီ။

သူ အရှေ့သို့ လျှောက်လာသည်ကို မန်ဟိုက အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ ထိုသို့ကြည့်လိုက်သဖြင့် ထိုလူ၏ ခန္ဓာကိုယ်မှာ တုန်ခါလာပြီး ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်တော့သည့်အလား ခံစားလိုက်ရသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း အစွမ်းမဲ့သွားသယောင်ပင်။ သူ့မျက်နှာ ဖြူဖျော့သွားပြီး အံသြတုန်လှုပ်မှုများ သူ၏ မျက်လုံးထဲတွင် ပြည့်နှက်လာသည်။ ဖိအားကြီးတစ်ခုက သူ့ကို ဖိချနေသည့်အတွက် သူ့မှာ အပိုင်းပိုင်းပြတ်ထွက်တော့မတတ် ပြင်းပြင်းထန်ထန်တုန်ရီနေသည်။ မန်ဟိုက သူ့ကို ဆက်ကြည့်နေသည်။

ဤသည်မှာ သူတို့၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကွာဟချက်ကြောင့် ဖြစ်ပေါ်လာသည့် ချေဖျက်ခြင်းစွမ်းအားပင်။ မန်ဟို လက်ကလေးတစ်ချက် မြှောက်ရုံဖြင့် သူ့ကို အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားအောင် လုပ်နိုင်ကြောင်း ထိုလူသိလိုက်သည်။ ဖော်ပြ၍ပင်မရအောင် ပြင်းထန်သောအကြောက်တရားသည် သူ့ကိုယ်တွင်း၌ စိုးမိုးလာ၏။ သူက တုန်ရီနေရင်း သွေးအန်ကာ နောက်သို့ ခြေလှမ်းတစ်လှမ်းပင် မဆုတ်ဝံသည်အထိ ကြောက်လန့်နေသည်။

အခြားခြောက်ယောက်မှာ ကြောက်ရွံ့ထိတ်လန့်စပြုနေပြီ ဖြစ်သော်လည်း ခံ့ညားထည်ဝါသည့် တောင်ကြီးကဲ့သို့ ရပ်နေသော မန်ဟိုကို မြင်ရသောအခါ ရင်တဒိန်းဒိန်းခုန်သွားကြသည်။ ထိုတောင်ကြီးက သူတို့အားလုံးကို တခဏအတွင်း အဆုံးသတ်သွားစေကြောင်း သူတို့ သိကြသည်။

“သူ လေထဲမှာ ပျံနေတယ်" ဤအခိုက်တွင် ဖားပြုပ်ပေါ်မှ အဘိုးအို၏ မျက်နှာ ပြောင်းလဲသွားသည်။ မန်ဟို၏ ခြေထောက်ကို ကြည့်ရင်း သူ ပျံသန်းနေပုံက သူတို့ အဆိပ်သားရဲများကို စီးနင်းကာ ပျံသန်းသည့်နည်းလမ်းမျိုး မဟုတ်ကြောင်း သူ နားလည်လိုက်သည်။ ဤသည်ကား.... စစ်မှန်သော ပျံသန်းခြင်းပင်။

"ချီအခြေတည်အဆင့်ပညာရှင်" စကားလုံးများက သူတို့နှလုံးသားကို ဝင်ဆောင့်လိုက်ရာ အကုန်လုံး၏ အမူအရာများကို ပြောင်းလဲသွားစေသည်။ သူတို့၏ မျက်နှာများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားကြသည်။ လွန်ခဲ့သည့် ၂နှစ်က သူသည် စဦးချီဖွဲ့စည်းမှုအဆင့် ၉ သာရှိသေးကြောင်း သူတို့ မှတ်မိကြသည်။ သူတို့မှာ သူသေသွားပြီဟုပင် ယူဆခဲ့ကြသည်။

သို့သော် ယခု သူပြန်ပေါ်လာချိန်တွင်တော့ သူတို့ထက် အလွန်သာသွားလေပြီ။ ချီအခြေတည်အဆင့်ပညာရှင်တစ်ယောက်အနေဖြင့် သူသည် သူ့တို့ အသက်ကို အချိန်မရွေး နုတ်ယူနိုင်၏။ သူတို့၏ မျက်နနှာများ ဖြူဖျော့သွားပြီး အကုန်လုံး လက်ယှက်ကာ မန်ဟို့ကို ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။

“ဂျူနီယာမျိုးဆက်များက စီနီယာမျိူးဆက်ကို နုတ်ဆက် ဂါရဝပြုပါတယ်...... ” ခုနစ်ယောက်လုံး လက်ယှက်၍ ပြောလိုက်ကြသည်။ မန်ဟို ရုတ်တရက် ရန်လိုလာပါက မည်သို့ဖြစ်လိမ့်မည်ကို တွေးကြည့်လိုက်သည်နှင့် အကြောက်တရားများ သူတို့၏နှလုံးသားထဲ ပြည့်နှက်လာသည်။အထူးသဖြင့် ဝိညာဉ်မြွေကို ဆုံးရှုံးခဲ့ရသည့် သူပင်။ စိုးရိမ်သောကများက သူ့ကို နှိပ်စက်ဝါးမြိုနေသည်။ သူက တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရင်း မန်ဟို့အရှေ့တွင် ဒူးထောက်ချလိုက်သည်။

သူ ဒူးထောက်လိုက်ချိန်မှာပင် မန်ဟိုက လက်ကို မြှောက်ကာ ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ဓားပျံတစ်လက် ပေါ်လာ၏။ ၄င်းက သာမာန်ဓားသာဖြစ်သော်လည်း မန်ဟို၏ ချီအခြေတည်အဆင့် ကျင့်ကြံခြင်းအခြေခံ စွမ်းအား ပါဝင်နေသည်။ ဓားသည် ရှေ့သို့ ပျံထွက်သွားစဥ် အစိတ်စိတ်အမြွှာမြွာ ပြိုကွဲကာ ဝိညာဉ်မြွှေကျင့်ကြံသူထံသို့ ပြေးဝင်သွားသည်။

သွေးပျက်ဖွယ်အော်သံကြီး ထွက်ပေါ်လာသည်။ သူသည် စဦးချီဖွဲ့စည်းမှုအဆင့်၉ တွင် ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်ကာ ချက်ချင်းပင် အသတ်ခံလိုက်ရလေပြီ။ သူ၏ ခန္ဓာကိုယ်ကား မြူခိုးများထဲသို့ အရုပ်ကျိုးပြတ် ပြုတ်ကျသွားသည်။

အခြားလူခြောက်ဦးမှာ ကြောက်ဒူးတုန်နေသော်လည်း ထွက်မပြေးဝံ့ပေ။ သူတို့သည် စောစောက တိုက်ခိုက်မှုအပေါ် မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ ဝပ်နေကြသည်။ တကယ်တမ်း ထိုလူ၏သေဆုံးခြင်းက အံသြစရာမဟုတ်ပေ။ မန်ဟို ပထမဆုံး ပေါ်လာသည့် အချိန်ကစ၍ ယနေ့အထိ ထိုလူက သူ့ကို အမုန်းကြီးမုန်းနေခဲ့သည်။

မန်ဟို သူ့ကို မသတ်လိုက်လျှင်သာ ကျန်ခြောက်ယောက်အတွင် ထူးဆန်းနေလိမ့်မည်။ ထိုသည်က အခြားပြဿနာများ ဖြစ်ပွားစေနိုင်လေသည်။

ကျင့်ကြံခြင်းကမ္ဘာသို့ မန်ဟိုရောက်သည်မှာ သိပ်မကြာသေးသော်လည်း လွန်ခဲ့သည့် ခြောက်နှစ်တာအတွင်း သူ အတွေ့အကြုံအတော်များများ ရခဲ့သည်။ သူသည် ယခင်က စိတ်နှလုံးနူးညံ့သော စာပေသမားလေး မဟုတ်တော့ပေ။ သတ်ဖြတ်ရန် လိုအပ်လာပါက သူက တွေဝေမနေဘဲ သတ်ဖြတ်မည် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်က ထိုလူ မန်ဟိုကို တိုက်ခိုက်ပြီ သူ၏ ဝိညာဉ်မြွေ အသတ်ခံခဲ့သည့်အချိန်ကစပြီး ရန်ငြိုးဖြစ်ပေါ်လာခဲ့ည်။ ထိုလူက စဦးချီဖွဲ့စည်းမှုအဆင့် ၉ တွင်ဖြစ်၍ နောင်တစ်ချိန် ချီအခြေတည်အဆင့်ရောက်နိုင် ၊မနိုင် မပြောနိုင်ပေ။ သူ့ကို အခု သတ်လိုက်ခြင်းသည် နောင်ဖြစ်လာမည့် ပြဿနာများအား ကာကွယ်လိုက်ခြင်းဖြစ်မည်။

တင်းရှင့်နှင့်အဖြစ်အပျက်မှ မိမိကိုယ်တိုင်ထက် အားနည်းသော ရန်သူများကို တိုက်ခိုက်ရလျှင်တောင်မှ မြန်မြန်ဆန်ဆန်၊ ပိပိရိရိ သုတ်သင်ရမည်ဟူ၍ မန်ဟို သင်ခန်းစာယူခဲ့ရသည်။

ဝမ်တန်ဖေးအဖြစ်အပျက်မှ မိမိထက် နိမ့်ကျသော ကျင့်ကြံခြင်းအခြေခံဖြင့် ပြိုင်ဘက်တစ်ယောက်ပင်လျှင် အငြိုးအတေးထားပြီး နောင်တွင် ရက်ရက်စက်စက် ကလဲ့စားချေလာနိုင်သည်ကို သူ သင်ခန်းစာ ယူခဲ့သည်။

ဤခြောက်နှစ်တာကာလတွင် မန်ဟိုသည် သူ၏ပင်ကိုယ်စရိုက်သာမက ပြဿနာဖြေရှင်းနည်းများတွင်ပါ ရင့်ကျက်လာခဲ့သည်။

***

All Chapters