← Chapters

လေပြင်းတိုက်လာပြီး ဒဏ္ဍာရီလာ သိမ်းငှက်ကြီး တောင်ပံဖြန့်လိုက်သည်

Vol. 8 Ch. 104

လေပြင်းတိုက်လာပြီး ဒဏ္ဍာရီလာ သိမ်းငှက်ကြီး တောင်ပံဖြန့်လိုက်သည်

Vol. 8 Ch. 104

မန်ဟို ကြောက်လန့်တုန်ရီနေသော လူခြောက်ယောက်ကို ငုံ့ကြည့်လိုက်စဥ် ကျင့်ကြံခြင်းကမ္ဘာတွင် အစွမ်းထက်ပညာရှင်များအား ပြသော ခွန်အားနှင့် လေးစားမှုကို ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရသည်။ လေးစားမှုနှင့် အကြောက်တရားဆိုလျှင် ပိုမှန်လိမ့်မည်။ လွန်ခဲ့သော ၂နှစ်က သူ စဦးချီဖွဲ့စည်းမှု အဆင့်၉တွင် ဖြစ်သည့်တိုင် ဤလူများက သူ့ကို တိုက်ခိုက်ချင်ခဲ့ကြသည်။ သို့သော် အခုတော့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကြောက်ဒူးတုန်နေကြလေပြီ။

“ဒီနေရာအကြောင်း ခင်ဗျားတို့ သိသမျှအားလုံး ကျုပ်ကို ပြောပြစေချင်တယ်” မန်ဟိုက အေးစက်စွာပြောလိုက်သည်။ “ခင်ဗျားတို့ ကျုပ်ကို တစ်ခုခု ထိမ်ချန်ထားမယ်ဆိုရင် ... “ မန်ဟိုက ထိုသူများကို ကြည့်ရင်း စကား ခဏရပ်လိုက်သည်။ သူ၏မျက်လုံးများမှ ထုတ်လွှတ်နေသော အနီရောင်အလင်းကို မြင်သည့်အခါ သူတို့ တုန်ရီသွားကြသည်။

ထိုအလင်းသည် မိစ္ဆာအငွေ့အသက်တစ်ခုဖြင့် ပြည့်နှက်နေပြီး သူတို့ ၄င်းကို မြင်သောအခါ သူတို့၏ သူငယ်အိမ်များ အလိုအလျောက်ကျုံ့သွားသည်။ ဤမြင်ကွင်း၏ သူတို့၏စိတ်ဝိညာဥ်များအပေါ် တံဆိပ်ခတ်လိုက်သည့် အလားပင်။ သူတို့၏ အမူအရာများပြောင်းသွားသည်။ သူတို့မှာ အဆုံးစွန်ထိ ကြောက်လန့်သွားပုံရပြီး မန်ဟိုထံမှ မည်သည့်အရာကိုမှ ဖုံးကွယ်ထားးမည်မဟုတ်ကြောင်း သိသာသည်။ သူတို့က သူ့ကို အလုံးစုံပြောပြပြီး ရွာ၏ ရှေးမှတ်တမ်းများကိုပင် ထုတ်ကာ မန်ဟို့အား ပေးတော့သည်။ မြေပုံများ၊ အဆိပ်ဖော်နည်းများ...... အစုံပင်။

ရက်အနည်းငယ်ကြာသော် မန်ဟို တောင်ကြားဒေသမှ ထွက်ခွာသောအခါ ကျင့်ကြံသူခြောက်ဦးက သူ့ကို လေးလေးစားစား လိုက်ပို့ကြသည်။ သူသည် တည်ငြိမ်သောအမူအရာဖြင့် ဧရာမအစိမ်းရောင်သစ်ရွက်ကြီးအပေါ် တင်ပျဥ်ခွေထိုင်ကာ ရောင်စုံအလင်းတန်းအသွင်ပြောင်းပြီး တောင်ပိုင်းဒေသသို့ ဦးတည်သွားသည်။

သူ ထွက်သွားသည့်အခါမှာ ကျင့်ကြံသူခြောက်ယောက်မှာ အပူလုံးကြီးကျသွားတော့သည်။ သေသွားသောလူကို သူတို့ မေ့ပင်မေ့နေချေပြီ။ သူတို့တွင် လက်စားချေလိုစိတ်လည်း အနည်းငယ်မျှပင် မရှိချေ။ သူတို့ မန်ဟို ထွက်သွားသောအရပ်ကိုသာ ငေးကြည့်ပြီး ဘယ်တော့မှ ပြန်မလာစေရန် ဆုတောင်းနေကြသည်။

ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွား၏။ ညဥ့်နက်အချိန် တောင်ကြားအတွင်းတွင်ဖြစ်သည်။ ထိုနေရာ၊ မမြင်နိုင်သော နယ်ပယ်တစ်ခု၌ ရှေးဟောင်းဂူတစ်လုံး၏ အပေါက်ဝရှိသည်။ အရာအားလုံး ငြိမ်သက်နေသည်။

ဂူထဲတွင် အနီရောင်ကြိုးတစ်ကြိုး နှင့်အတူ ၇နှစ် ၊ ၈နှစ် အရွယ် ကလေးငယ်များနှင့်တူသော ဝိညာဉ်အမြောက်အမြား ဂူအတွင်း မီတာ၂၅၀၀ခန့်တွင် ကုပ်ကုပ်ကလေး ထိုင်နေကြသည်။ သူ့တို့သည် ရံဖန်ရံခါ တစ်ချက်၊ နှစ်ချက် ဟိန်းဟောက်တတ်သည်။

ကြိုးသည် တွင်းထဲသို့ အဆုံးမရှိသည့်နှယ် တွဲကျနေသည်။ ၄င်းက မြေကြီးအထဲ နက်သထက် နက်သည်အထိ ကျဆင်းလျက်ရှိသည်။ မကြာမီ ကြိုးဖြင့် ထိုးဖောက်ခံထားသော အမျိုးသမီးတစ်ယောက်၏ ဦးခေါင်းကို မြင်နိုင်သည်။ သူမ၏မျက်နှာမှာ ဆွတ်ဆွတ်ဖြူနေပြီး မျက်လုံးများက အမှောင်ထုကို မချင့်မရဲကြည့်နေသည်။

ဉီးခေါင်းကိုကျော်ကာ အပေါက်သည် ကြိုးနှင့်အတူ အောက်သို့ ထိုးဆင်းသွားသည်။

တာ သုံးသောင်း၊ မီတာ သုံးသိန်း၊ မီတာ ဆယ့်ငါးသိန်း ...... ထိုနေရာတွင် ပင်လယ်အနံ့ စတင်ရလာသည်။ တကယ်တမ်း ဤနေရာတွင် ပင်လယ်ရေကို မြင်ရလေပြီ။ ကြိုးသည် အဆုံးမရှိသကဲ့သို့ ပင်လယ်ရေထဲ နစ်မြုပ်၍ ဆက်လက်ကျဆင်းသွားသည်။

လူတစ်ယောက်သည် ထိုမျှ မီတာ ၃သန်းအထိ မြင်နိုင်ပါက .... မည်းနက်လျက်ရှိသော ပင်လယ်တစ်စင်းကို မြင်ရလိမ့်မည်။ ကြိုးသည် ပင်လယ်၏အနက် မည်မျှအထိတွဲလျားကျနေကြောင်း ပြောရန်မဖြစ်နိုင်ပေ။ အရှေ့တွင်တော့ အချင်းအားဖြင့် မီတာထောင်ပေါင်းများစွာရှိဟန်တူသော ကျောက်ဆောင်ကြီးရှိသည်။

ဧရာမကျောက်လွှာကြီးများက တစ်ရစ်ပြီးတစ်ရစ် ၊ တစ်လွှာပြီးတစ်လွှာ ထိုးထွက်နေသည်။ ကျောက်ဆောင်ကြီး၏ အလည်ဗဟိုတည့်တည့်တွင် သစ်သားခေါင်းတလားရှိသည်။ ၄င်း၏ မျက်နှာပြင်မှာ ကြိးနီဖြင့် ချိတ်ဆက်နေသည်။

ဤနေရာနှင့် တောင်ကြားဒေသကြား အကွာအဝေး မည်မျှရှိကြောင်း ဖော်ပြရန် ခက်ခဲပေသည်။ ကြိုးသည်မှာ အလွန်ရှည်လွန်းသည့်အပြင် ဖြောင့်တန်းနေခြင်းလည်း မရှိ။ တစ်စုံတစ်ယောက်က မယုံနိုင်ဖွယ် အားဖြင့် ဆွဲ၍ မီတာ ၁၅ဝဝခန့်တွင် တိုင်းကြည့်လျှင် ၄င်းမှာ မီတာ သုံးသန်းမျှ ရှိကြောင်း မြင်တွေ့ရလိမ့်မည်။

ခေါင်းတလားမှာ ဤနေရာတွင် ရှေးယခင့်ယခင် အချိန်ကတည်းက တည်ရှိနေခဲ့ဟန်တူသည်။ ဤအခိုက်အတန့်တွင် ခြစ်ကုတ်နေသံကို ကြားနိုင်သည်။ ခြစ်ကုတ်သံနှင့်အတူ ခေါင်းတလား၏အဖုံးသည်..... ဖြေးဖြေးချင်း ပွင့်လာ၏။ အဖုံးကား ၃လက်မခန့် မြောက်တက်သွားလေသည်။

ခေါင်းတလားးမှ အမှောင်ထုသည် ပင်လယ်ရေမျက်နှာပြင်တစ်လျှောက် ပျံ့နှံ့သွား၏......

ဤပင်ဘယ်၏အမည်ကား .... နဂါးငွေ့တန်းပင်လယ်။

ဤပင်လယ်သည် ကမ္ဘာ့တိုက်ကြီးနှစ်တိုက်ကြားတွင်ရှိသည်။ အမှောင်ထု ပင်လယ်ထဲ ပျံ့နှံ့လာစဥ် လက်ဝါးအရွယ်ခန့်ရှိသော ငါးအကောင်တစ်ရာ ရေကိုဖြတ်၍ မြန်မြန်ကူးလာကြသည်။ အမှောင်ထုက ၄င်းတို့ကို လွှမ်းခြုံသွား၏။

အချိန်တချို့ကြာပြီးနောက် အမှောင်ထုသည် တဖြေးဖြေး ပြန်ကျုံ့သွားပြီးနောက် ပျောက်ကွယ်သွားသည်။ ငါးအကောင်တစ်ရာကား အရိုးသာကျန်ခဲ့သည်.... သို့သော် တစ်ကောင်မှလွဲ၍။ ထိုငါးသည် အမြီးကို လှုပ်ရမ်းရင်း အရိုးများကြား ကူးခပ်နေသည်။ ၄င်း၏ ခန္ဓာကိုယ်မှာ မည်းနက်နေပြီး ၄င်းကိုယ်မှ လက်တံနှစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်တံများသည် လျင်မြန်စွာ ရှည်လာကာ မီတာ ၃ဝဝ အလျားရှိလာသည်။ ၄င်း ရေပေါ်သို့ ကူးခတ်သွားစဥ် လက်တံများ ခြောက်ကပ်လာရာ ငါးအား ကြောက်မက်ဖွယ်ကောင်းနေစေတော့သည်။

ငါးသည် အလင်းကဲ့သို့လျင်မြန်စွာ အပေါ်သို့ ကူးခတ်နေသည်။ ၄င်း ထိုသို့သွားနေစဥ် ၄င်းပတ်လည်ရှိ နဂါးငွေ့တန်းပင်လယ်သည် တဝုန်းဝုန်း ရိုက်ခတ်လှုပ်ရှားလာ၏။ ရုတ်တရက် ၄င်းသည် ရေမျက်နှာပြင်ကို ထိုးဖောက်၍ ညကောင်းကင်ပသို့ တက်သွားတော့သည်။

ပင်လယ်မှ ထွက်လာသည်နှင့် ၄င်းတစ်ကိုယ်လုံး တုန်ရီသွားသည်။ မျက်စိတမှိတ်အတွင်း ၄င်း၏ကိုယ်သည် ပြန့်ကားလာပြီး ပုံပန်းသွင်ပြင် ပြောင်းလဲလာသည်။ မကြာမီ ၄င်းကား မီတာသုံးဆယ်ရှည်လာ၏။ ထို့နောက် မီတာသုံးရာ၊ မီတာသုံးထောင်၊ မီတာသုံးသောင်း။

အသက်ရှူချိန် အနည်းငယ်အတွင်း ၄င်းသည် အလျားအားဖြင့် မီတာ ၃ဝဝဝဝ နီးပါးအထိ ကြီးထွားလာခဲ့လေပြီ။ ၄င်းကား ငါးတစ်ကောင်မဟုတ်တော့ဘဲ ငှက်တစ်ကောင်ဖြစ်သွား၏။ ဒဏ္ဍာရီလာသိမ်းငှက်ကြီးတစ်ကောင် ဖြစ်ဟန်တူသည်။

သေခြင်းတရားချီတို့က ငှက်ကြီး၏ကိုယ်မှ တလိပ်လိပ်ထွက်နေသည်။ ၄င်းမှာ အိပ်မောကျနေရာမှ နိုးထလာသကဲ့သို့ ၄င်း၏ခန္ဓာကိုယ်က ရှေးဆန်နေပုံရသည်။ ၄င်း၏ အသက်စွမ်းအားမှာ အားနည်းနေသည့်အပြင် မျက်လုံးများလည်း မှေးမှိန်နေသည်။ ၄င်း၏အသက်မီးလျှံမှာ အချိန်မရွေး ငြိမ်းသေသွားတော့မည့် ပုံရသည်။

“ပြန်လည်မွေးဖွားလာခြင်း....” ဒဏ္ဍာရီလာသိန်းငှက်ကြီး၏ ပါးစပ်မှ ဟိန်းထွက်လာသည်။ ၄င်းက အတောင်ပံများ တဖျပ်ဖျပ်ခတ်ရင်း တောင်ပိုင်းဒေသသို့ ပျံသန်းသွားသည်။

၄င်း၏အမြန်နှုန်းက မြင့်မားသည့်တိုင် ၄င်းအနေဖြင့် နဂါးငွေ့တန်းပင်လယ်မှ ထွက်ပြီး တောင်ပိုင်းဒေသသို့ ရောက်ချင်လျှင် နှစ်ဝက်ကျော် ပျံသန်းရမည်ဖြစ်သည်။

ထိုအချိန်တွင် မန်ဟိုသည် ဧရာမအစိမ်းရောင်သစ်ရွက်ကြီးပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ ကောင်းကင်တွင် တရိပ်ရိပ် ပျံသန်းနေသည်။ သူ့အထက်တွင် တိမ်မည်းများ တလိပ်လိပ်ထနေပြီး ပတ်ပတ်လည်တွင် တဖွဲဖွဲရွာကျနေသော မိုးပေါက်များနှင့်အတူ မိုးကြိုးများ ပစ်ချနေသည်။

သို့သော် မန်ဟို့အပေါ်သို့ မိုးရေတစ်စက်ပင် မကျရောက်ပေ။ သစ်ရွက်သည်ဘတလက်လက်တောက်ပနေသည့် အကာအကွယ်ကို ထုတ်လွှတ်ကာ မိုးရေများအား ဟန့်တားပေးလျက်ရှိသည်။ ဝင်းခနဲ လက်လက်သွားသော လျှပ်စီးများဖြင့် မုန်တိုင်းထန်သောညတွင် မန်ဟိုသည် တဟုန်ထိုး ခရီးနှင်လျက်ရှိသည်။

သူက ခေါင်းငုံ့ပြီး သူ့လက်ထဲရှိ ကျောက်စိမ်းပြားအား အတွေးနက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။

“ဒဏ္ဍာရီတွေက တောင်ကြားမှာရှိတဲ့ ဂူက နဂါးငွေ့တန်းပင်လယ်ကို ဦးတည်နေတာပဲ...... ရွာသားတွေ ဒီနေရာကို ဟိုးရှေးအရင်ထဲက စောင့်ကြည့်နေခဲ့ပြီးတော့ လပြည့်နေ့ရောက်တိုင်း ကြိုးကို ဆွဲကြတယ်။ သူတို့ဒီလိုဆွဲတိုင်း ဆုလာဘ်တစ်မျိုးမျိုးကို ရတယ်။ ကိစ္စကြီးတစ်ခုလုံးက မသင်္ကာစရာပဲ” သူက ခေါင်းလှည့်ပြီး မိုးကြိုးမုန်တိုင်းကိုဖြတ်၍ တောင်ကြားဒေသ၏တည်နေရာကို လှမ်းကြည့်လိုက်သောအခါ သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။ ဇာတ်လမ်းကြီးတစ်ခု၏ အပိုင်းအစများသည် စုပေါင်းလာနေပုံရသည်။ သူသည် ကျောက်စိမ်းပြားကို ပုလင်းများ၊ ဘူးများပြည့်နေသော သိုလှောင်အိတ်အတွင်းသို့ ပြန်ထည့်လိုက်သည်။ ထိုပုလင်းများ၊ ဘူးများထဲတွင် ဖားပြုတ်အဘိုးအိုကြီးနှင့် အခြားလူများ ပြုပြင်မွမ်းမံထားသော ဖော်စပ်နည်းများနှင့်တကွ သူတို့ဖန်တီးထားသော အဆိပ်ဆေးလုံးတစ်ပုံတခေါင်းရှိသည်။

သူတို့အားလုံးက ဤလက်ဆောင်များအပြင် ကျောက်စိမ်းပြားများကို မန်ဟို့အား ပဏ္ဍာအဖြစ်ပေးအပ်ခဲ့သည်။

အဆိပ်အများစုက စဦးချီဖွဲ့စည်းမှုအဆင့်ရှိသူအား သေစေနိုင်သော်လည်း ချီအခြေတည်အဆင့်ကိုတော့ သက်ရောက်မှုနည်းသည်။ သို့သော် အထူးအဆိပ်တချို့ရှိသေးသည်။ ဥပမာ တစ်ခုမှာ သာယာကြည်နူးခြင်းဆေးလုံး။ ၄င်းသည် မြူတိမ်တစ်ခုအသွင်ပြောင်းပြီးနောက် ရှူမိသောအခါ လိင်စိတ်အာရုံချောက်ခြားခြင်းကို ဖြစ်ပေါ်စေသည်။

သူသည် အဆိပ်ဆေးလုံးအမျိုးမျိုးကိုကြည့်ပြီးနောက် နောက်ကျောက်စိမ်းပြားတစ်ပြား ထုတ်ယူလိုက်သည်။ ဤကျောက်စိမ်းပြားတွင် ဒေသမြေပုံပါရှိသည်။ သူသည် နေရာရွှေ့ပြောင်းရေးဝင်ပေါက်ရှိသည့် နှစ်ဝက်မျှခရီးနှင်ရမည်ဖြစ်သော နေရာတစ်နေရာကို သတိထားမိလိုက်သည်။

ကျင့်ကြံသူ မျိုးနွယ်စုတစ်စုက နေရာရွှေ့ပြောင်းရေးဝင်ပေါက်ကို ထိန်းချုပ်ထားပြီး ၄င်းမှာ ဒေသတစ်ခုလုံးတွင် တစ်ခုတည်းသာရှိသည်။ ၄င်းကို အသုံးပြုခြင်းက တောင်ပိုင်းဒေသသို့ရောက်ရန် အသုံးပြုရသော အချိန်အများစုကို သက်သာစေမည်ဖြစ်သည်။ တောင်ပိုင်းဒေသသို့ နေရာရွေ့ပြောင်းပြီးပါက တောင်ပိုင်းဒေသ၏ ပြည်နယ်ကိုးခုထဲမှ တစ်ခုဖြစ်သော တုန်းလိုင်ပြည်၏နယ်စပ်သို့ လဝက်ခန့်သာ ဆက်သွားရန် လိုမည်။

“တောင်ပိုင်းဒေသရဲ့ပြည်နယ်ကိုးခုက တောင်ပိုင်းဒေသရဲ့ ဗဟိုအချက်အချာဖြစ်တယ်။ ဖွံဖြိုးတိုးတက်နေတဲ့ သေမျိုးလူသားနိုင်ငံကိုးနိုင်ငံ..... တစ်နိုင်ငံစီက ကျိုးပြည်ထက် အများကြီးပိုကြီးတယ်။ လူသားမျိုးနွယ်အမြောက်အမြားရှိတာကြောင့် ရရှိနိုင်တဲ့ ရင်းမြစ်တွေဟာ ပေါကြွယ်ဝတယ်။ ဒါကြောင့် တောင်ပိုင်းဒေသရဲ့ ဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေက ထင်ရှားကျော်ကြားတယ်

“မဟာမျိုးနွယ်စုငါးစုနဲ့ ဂိုဏ်ကြီးသုံးဂိုဏ်း။ တစ်ခုစီတိုင်း သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာတည်ရှိတယမ။ ကိုးနိုင်ငံမြောက်က အနောက်တိုင်းသဲကန္တာရနဲ့ နီးကပ်တာကြောင့် ရှင်သန်ဖွံ့ဖြိုးတဲ့ ကုန်သွယ်ရေးအချက်အချာ ဖြစ်လာခဲ့တယ်။နောက်ဆုံးမှာတော့ အဲ့တိုင်းပြည်ဟာ အနက်ရောင်နယ်မြေတွေဆိုပြီး အမည်တွင်လာခဲ့ကြတယ်" မန်ဟိုသည် ကျောက်စိမ်းပြားကို သိမ်းလိုက်သည်။ ၄င်းတွင် အချက်အလက်အများအပြား မပါဝင်ပေ။ သို့သော် ၄င်းက သူ မှီခိုရာဂိုဏ်းတွင် သိရှိခဲ့ရသောအရာကို ထောက်ခံနေသည်။ ယခုတွင် အသေးစိတ်အတိအကျတော့မဟုတ်သော်လည်း တောင်ပိုင်းဒေသကို သူ ပုံကြမ်းဖော်နိုင်သွားလေပြီ။

“တောင်ပိုင်းဒေသကို ရောက်တာနဲ့ ပိုကောင်းတဲ့ မြေပုံရအောင် လုပ်ရမယ်။ ဒါမှ ငါ ပိုနားလည်မှာ” မန်ဟိုသည် မျက်လုံးများ တောက်ပလင်းလက်နေလျက် မိုးရေများနှင့် လျှပ်စီးများကို မော့ကြည့်လိုက်သည်။

“တောင်ပိုင်းဒေသမှာ ငါ့ အသိအကျွမ်းအများကြီးရှိတာပဲ.....အစ်မရှု၊ အစ်ကိုချန်၊ ဖက်တီး ပြီးတော့ ......ဝမ်တန်ဖေး” အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ဖြစ်ထွန်းသွား၏။ ၄င်းက ခေါင်းမာမှုတို့ ပြည့်နှက်နေသော အပြုံးတစ်ခုပင်။

“နှစ်ပေါင်းများစွာကြာခဲ့ပြီ။ မန်ဟို လာနေပြီ”

လတစ်ချို့ကြာပြီးနောက် မျက်စိတစ်ဆုံးသွယ်တန်းနေသော တောင်တန်းများအထဲ၊ မတ်စောက်သော တောင်တစ်လုံး၏ ထိပ်တွင် ထစ်ချုန်းသံကြီးတစ်သံ မြည်ဟည်းသည်။ ထိုတောင်သည် သစ်လုံးခံတပ်ရွာလေးများ မှိုလိုပေါက်နေသော လှပသည့်တောင်တစ်လုံးဖြစ်သည်။ တောင်ထိပ်သည် မန္တန်အစီအရင်ကြီးတစ်ခု ဖန်တီးထားပုံရသော သံကြိုးရှည်များဖြင့် ဘေးပတ်ဝန်းကျင်မှ တောင်တန်းများနှင့် ဆက်စပ်လျက်ရှိသည်။

ကောင်းကင်ထက်တွင် လူနှစ်ယောက် မှောင်တိုက်ပွဲ ဆင်နွှဲနေကြသည်။ အောက်ဘက်တွင် လူအုပ်များက တအံ့တသြ မော့ကြည့်နေကြသည်။

တိုက်ပွဲဝင် တစ်ဦးမှာအသက် ၃ဝအရွယ် လူထွားကြီးတစ်ယောက် ဖြစ်သည်။ သူသည် ရင်ဘတ်ဗလာကျင်းနေပြီး ရွှေရောင်ကင်းခြေများတစ်ကောင်က သူ့ညာလက်တွင် ရစ်ပတ်နေသည်။ သူ၏ဘက်လက်က ဂါထာမန္တယားဆိုင်ရာ မုဒြာဟန် လှုပ်ရှားသွားပြီး ဧရာမခရုကြီးတစ်ကောင် ပေါ်လာ၏။ ၄င်းက ခပ်စူးစူးအသံ ထုတ်လွှတ်ရင်း လေတွင် လူးလွန့်နေသည်။ အခြားတစ်ယောက်ကား မန်ဟိုပင်။

သူက လျှပ်စီးအလံ သုံးမနေသလို၊ သစ်သားဓားများလည်း ပေါ်ပေါက်လာခဲ့ခြင်းမရှိ။ သူ တိုက်ခိုက်ရာတွင် အသုံးပြုလေ့ရှိသည့် သာမန်ဓားပျံတစ်လက်သာ သူ့ကို ဝိုင်းပတ်နေသည်။ သူသည် တစ်ချိန်တည်းမှာပင် ဂါထာမန္တယားဆိုင်ရာ မုဒြာဟန် လျင်မြန်စွာ ဖော်လိုက်ရာ မီတာခြောက်ဆယ်ကျော်ရှိသော မြွေမီးတောက်တစ်ခု ဟိန်းဟောက်ရင်း ပျံထွက်သွားသည်။ ထို့နောက် လည်နေသော လေဓားသွားအမြောက်အမြားပေါ်လာရာ စောင့်ကြည့်နေသူများ အံ့အားသင့််သွားးကြသည်။

ပေါက်ကွဲမှုကြီး ပဲ့တင်ထပ်သွားပြီး သူတို့နှစ်ယောက်လုံး နောက်ဆုတ်လိုက်ကြသည်။ လူထွားကြီးက ရယ်ပြီး မန်ဟို့ထံ လေးလေးစားစား လက်ယှက်လိုက်သည်။

“ညီနောင်မန်၊ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအခြေခံက သာမန်ထက်ထူးကဲပါပေတယ်။ ကျုပ် ရှန်းက တကယ်ကို လေးစားမိပါတယ်”

မန်ဟိုက သူ့လက်ကို မြှောက်လိုက်ရာ ဓားပျံက ပြန်ရောက်လာပြီး သူ့ကို လှည့်ပတ်နေသည်။ သူက ပြုံးပြီး ပြန်အရိုအသေပေးလိုက်သည်။

“ညီနောင်ရှန်းက နှိမ့်ချလွန်းတာပါ။ ခင်ဗျားက စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းနဲ့ပဲ တိုက်ခိုက်ခဲ့ပေမယ့် ကျုပ်က ခုခံဖို့ အားကုန်သုံးခဲ့ရတာပါ။ ကျုပ်ကသာ ခင်ဗျားကို လေးစားရမှာပါဗျာ" ထိုစကားလုံးများသည် ပေါ့ပါးသယောင်ရှိသော်လည်း လူထွားကြီး ၄င်းကိုကြားလိုက်သောအခါ တုန်လှုပ်သွားသည်။

လွန်ခဲ့သော နှစ်ရက်က မန်ဟိုသည် ဤနေရာသို့ ရောက်ရှိလာပြီး သူတို့၏ နေရာရွေ့ပြောင်းရေးဝင်ပေါက်ကို အသုံးပြုခွင့်ပေးရန် တောင်းဆိုခဲ့သည်။ ဤနေရာသည် မန်ဟို လာခဲ့သော တောင်ကြားဒေသနှင့် မတူပေ။ ပတ်ဝန်းကျင်ရှိ သစ်လုံးခံတပ်ရွာများ၏ အကြီးအကဲများသည် ချီအခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က မန်ဟို့ကို အားတက်သရော ကြိုဆိုပြီး စားသောက်ပွဲတည်ခင်းဧည့်ခံကာ ကျင့်ကြံခြင်းနှင့်ပတ်သက်၍ အကြံပေးစကားများအား ဆွေးနွေးကြသည်။ သူ၏စွမ်းအားကို သက်သေပြရန်အလို့ငှာ ချီအခြေတည်အဆင့်ကျင့်ကြံသူများနှင့် တစ်ပွဲတလမ်း လက်ရည်စမ်းဖို့ သဘောတူခဲ့ခြင်းဖြစ်သည်။

“ညီနောင်မန်ကသာ ကျိုးနွံပြနေတာပါ။ ခင်ဗျား အားကုန်မသုံးဘဲ ပေါ့ပေါ့ပါးပါး တိုက်ခိုက်လိုက်တာပါ။ ခင်ဗျား အားဘယ်လောက်သုံးလိုက်လဲဆိုတာ ကျွန်တော်တကယ်ပဲ သိချင်ပါတယ်” ထိုသူ၏မျက်လုံးများ တောက်ပလာသည်။ တစ်ပွဲတစ်လမ်းစမ်းခြင်းက သူ၏အကြံဖြစ်သည်။ သို့သော် ပွဲရှေ့ဆက်လာသည်နှင့်အမျှ သူ စိုးရိမ်လာသည်။ နှစ်ယောက်လုံးသည် ချီအခြေတည်အဆင့် ကျင့်ကြံသူများဖြစ်ကြသော်လည်း သူ့ပြိုင်ဘက်မှာ စွမ်းအား၏ တစ်ဝက်သာ သုံးနေသည့်အလားပင်။ ထို့အပြင် မန်ဟိုက သူစွမ်းအား မည်မျှသုံးနေသည်ကို ပြောနိုင်ခဲ့သည်။

“ကျုပ် ဘယ်တော့ နေရာရွှေ့ပြောင်းရေးဝင်ပေါက်ကို သုံးနိုင်မလဲ" မန်ဟိုကဆင်ဝှေ့ရန်ရှောင် မေးလိုက်သည်။ သူ ပြုံးနေသော်လည်း အပြုံးက အသက်မပါပေ။ တကယ်တမ်း သူ့မှာ အင်အားအပြည့်၏ သုံးပုံတစ်ပုံကိုပင် အသုံးမပြုခဲ့ပေ။

“အာ ဒါက ရိုးရှင်းပါတယ်။ ဒီနေ့ပဲ သုံးနိုင်ပါတယ်” လူထွားကြီးက ခေါင်းညိတ်ရင်း ပြောသည်။

ခဏကြာပြီးနောက် တောင်တန်းများအတွင်းရှိ မန္တန်အစီအရင် အသက်ဝင်လာပြီး မန်ဟို၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။ အလင်းရောင် မှေးမှိန်လာစဥ် ရှန်မျိုးရိုးနှင့် လူထွားကြီးက မျက်မှောင်ကြုတ်လိုက်သည်။

သူ့ဘေးတွင် စဦးချီဖွဲ့စည်းမှုအဆင့်၉ ရှိ လူနှစ်ယောက် ရှိသည်။ မန်ဟိုပျောက်သွားသည်နှင့် ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ပြောသည်။ “ အကြီးအကဲ ၊ အဲ့ဒီ့လူ....”

“သူဘယ်ကလာလဲ ငါမသိဘူး” လူထွားကြီးက လေးနက်သော အသံဖြင့်ပြောသည်။ “သူက ချီအခြေတည်အဆင့်ကျင့်ကြံသူဖြစ်ပေမယ့် သူ့မှော်ပညာက ထူးဆန်းတယ်။ သူ့နဲ့တိုက်ခိုက်ကြည့််တော့ သူက အတွေ့အကြုံရှိတဲ့ တိုက်ခိုက်သူတစ်ယောက်ဆိုတာ ငါခံစားလိုက်ရတယ်။ သူဒီကို တစ်ယောက်ထဲလာခဲ့ပေမယ့် လုံးဝအေးအေးဆေးဆေးပဲ။ သူ့ဆီမှာ တမူထူးခြားတဲ့ ပြိုင်ဘက်ကင်းအတတ်ပညာရပ်တွေရှိပုံရတယ်။ အင်း။ သူ့ကို ရန်မစတာ မတန်ဘူး”

သူသည် မန်ဟို့ကို အကဲခတ်ဖို့ ကြိုးစားခဲ့စဥ်က မအောင်မြင်ခဲ့ပေ။ မန်ဟိုသည် သူ၏ စွမ်းအားကို တင်းတင်းကြပ်ကြပ် ဖုံးကွယ်ထားသည်။ ဤသည်က ထိုလူ၏ အကြောက်တရားနှင့် သံသယကို ပိုမိုကြီးထွားစေသည်။ နေရာရွှေ့ပြောင်းရေးဝင်ပေါက်ကို မည်သူမဆို အသုံးမပြုနိုင်ပေ။ သင့်စွမ်းအားက လုံလောက်မှုမရှိလျှင် အသက်ကိုပင် ယူသွားနိုင်သည်။ ထိုကဲ့သို့ ရံဖန်ရံခါ ဖြစ်ဖူးသည်။ ထို့ကြောင့် သူသည် သူ၏ရွာ၌ ကပ်ဘေးမကျရောက်စေရန်အတွက် မန်ဟို့ကို အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်သည်။

***

All Chapters