ညာဘက်မျက်လုံးထဲမှ ပွင့်လန်းလာသောအဆိပ်များ
Vol. 8 Ch. 105
တောင်ပိုင်းဒေသ၏ အချက်အချာကျသော တုန်းလိုင်ပြည်၏နယ်စပ်တွင် လွင်ပြင်တစ်ခုရှိသည်။ ထိုနေရာတွင် နေရာရွှေ့ပြောင်းခြင်းမန္တန် ပေါ်လာပြီးနောက် တစတစပျောက်ကွယ်လာသည်။ နေရာရွှေ့ပြောင်းရေးဝင်ပေါက်၏ အပြင်ဘက်တွင် စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူ ၇ယောက်၊ ၈ယောက် တင်ပျဥ်ခွေထိုင်နေကြသည်။ မန်ဟို ပေါ်လာသောအခါ သူတို့က ထရပ်ပြီး လက်ယှက်အရိုအသေပေးလိုက်ကြသည်။
ဤကျင့်ကြံသူများသည် နေရာရွှေ့ပြောင်းရေးဝင်ပေါက်ကို ကာကွယ်ရန် နှင့် ရွာသို့လာရောက်သောသူများကို လက်ခံပေးရန် နေရာချထားခြင်းခံရသူများ ဖြစ်သည်။ မန်ဟိုရောက်ရှိလာပြီး သူ့ကျင့်ကြံခြင်းအခြေခံ၏ နက်ရှိုင်းမှုကို သူတို့ ခံစားမိသောအခါ သူတို့၏ သူ့အပေါ်လေးစားမှုသည် ပို၍ပင် ကြီးမားသွား၏။
မန်ဟိုက နေရာရွှေ့ပြောင်းရေးဝင်ပေါက်မှ လမ်းလျှောက်ထွက်လာသည်။ သူက ကျင့်ကြံသူများကို ကြည့်ပြီးနောက် လွင်ပြင်အထက်က ကောင်းကင်ထံ ရိပ်ခနဲ တက်သွားသည်။ အရာအားလုံးကား အစိမ်းသက်သက်ပင်။ သူက ဝင်ပေါက်မန္တန်၏ အကွာအဝေးအကြောင်းတွေးရင်း ၄င်းကို ပြန်ကြည့်လိုက်သည်။
မန်ဟိုသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို လျစ်လျူရှုရင်း ကောင်းကင်သို့ ပျံတက်သွားသည်။ သူက ဓားပျံ သို့မဟုတ် ဧရာမအစိမ်းရောင်သစ်ရွက်ကြီး ၊ သို့မဟုတ်ရတနာယပ်တောင်တစ်ခုကိုမှ မသုံးဘဲ ကျင့်ကြံခြင်းအခြေခံဖြင့် ပျံသန်းနေခြင်းဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် အဝေးသို့ တဟုန်ထိုးထွက်သွားတော့ ရောင်စုံအလင်းတန်းအသွင်ပြောင်းသွားတော့သည်။
ကျင့်ကြံသူ ၇ယောက်၊ ၈ယောက်က လေးစားမှုများ ဆတိုးလာရင်း မန်ဟို ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။
“ငါဘယ်တော့များမှ စွမ်းအားပြည့် ချီအခြေတည်အဆင့်ပညာရှင် ဖြစ်လာမှာလဲ.....”
“အိမ်မက်မက်မနေနဲ့။ မင်း ချီအခြေတည်အဆင့်ရောက်လာခဲ့ရင်တောင်မှ အလွန်ဆုံး ဒဏ်ရာအခြေကိုပဲ ရနိုင်မှာ။ ငါတို့လိုလူတွေက ဒီလောက်ပဲ စိတ်ကူးယဉ်လို့ရတယ်။ ဂိုဏ်းကြီးတွေက မွေးထားတဲ့သူတွေမှပဲ ချီအချေတည်ဆေးလုံးရနိုင်တဲ့ အခွင့်အရေးရှိတယ်။ ထိပ်သီးဂိုဏ်းတွေးထဲမှာတောင် ဆေးလုံးရနိုင်တဲ့သူ နည်းနည်းပဲရှိတယ်။ အများစုက တစ်သက်လုံး ဒီဆေးလုံးကို ထိခွင့်လေးတောင်မရကြဘူး။”
“ချီအခြေတည်ဆေးလုံးနဲ့တောင်မှ ငါတို့လို ပင်ကိုယ်စွမ်းရည်နဲ့ဆို အောင်မြင်ဖို့အခွင့်အရေးနဲတယ်။ အာ... ချီအခြေတည်အဆင့် ... တကယ့်ကို စစ်မှန်တဲ့ စွမ်းအားပဲ” ကျင့်ကြံသူများ သက်ပြင်းချလိုက်ကြသည်။ ထိုနေရာကို စောင့်ရှောက်ရန်တာဝန်ကျနေခြင်းကြောင့် သူတို့မှာ ချီအခြေတည်အဆင့်ကျင့်ကြံသူနှင့်တွေ့ရန် အခွင့်အရေးမှာ နည်းပါးသည်။ မန်ဟို့ကို မြင်ရခြင်းကြောင့် သူတို့စိတ်နှလုံးထဲတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်သွားစေသည်။
ရက်အနည်းငယ် ကြာသွားသည်။ မန်ဟိုသည် စိတ်ဝိညာဥ်စွမ်းအား ဖြုန်းတီးရာရောက်သည့်တိုင် မည်သည့် ပျံသန်းရေးအထောက်အပံ့ပစ္စည်းကိုမှ မသုံးပေ။ သူကား ယခင်အတိုင်း သတိရှိနေမြဲပင်။ ဤသည်မှာ တောင်ပိုင်းဒေသ၏ အလယ်ပိုင်းသို့ဖြစ်ရာ အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း သူ သိသည်။
သူ ဤနေရာမှ လူပေါင်းများစွာကို ရန်စမိခဲ့သည်။ ဇီယွင်ဂိုဏ်း၊ လူထူးဆန်းစုန့်နှင့် ဝန်တန်ဖေး။ အချိန််များ ကုန်လွန်သွားပြီး တုန်းလိုင်ပြည်နှင့် နီးကပ်လာသည်။ သူသည် နီးကပ်လာသည်နှင့်အမျှ သတိပိုရှိလာသည်။
လွန်ခဲ့သည့် လများအတောအတွင်း အဌမမိစ္ဆာချုပ်နှောင်မန္တာန်ကို အသုံးပြုရန် နေ့တိုင်းနီးပါး သူ ကြိုးစားခဲ့သည်။ သို့သော်လည်း မည်သို့ပင်ကြိုးစားပါစေ၊ လိုအပ်သော ဉာဏ်အလင်းကို မရရှိနိုင် ဖစ်နေသည်ပေ။ အရာရာတိုင်းက ဝေဝါးနေသည့်အလားပင်။
နေရာရွှေ့ပြောင်းရေးဝင်ပေါက်မှ ထွက်ခွာခဲ့ပြီးနောက် ၁၀ရက်ကြာသော် မန်ဟိုသည် တရိပ်ရိပ် ပျံသန်းနေရင်း ရုတ်တရက် အမူအရာပြောင်းသွားသည်။ သူ့ခန္ဓာကိုယ်တုန်ရီလာပြီး မျက်နှာဖြူဖပ်ဖြူလျော်နှင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ သူ့မှာ မြေပေါ်ကျပြီး အနီးနားရှိ တောအုပ်ထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ သူ့လက်ကို လူသုံးယောက်ဖက်စာမျှကြီးမားသော သစ်ပင်တစ်ပင်ခံထံသို့ ဝှေ့ယမ်းလိုက်သည်။ သစ်ပင်သည် ကွဲထွက်သွားဖြင့် သစ်သားစများ လေထဲသို့ ဖွားခနဲ လွင့်စင်လာသည်။ မန်ဟိုက ထိုအက်ကြောင်းထဲ ခုန်ဝင်ကာ ချက်ချင်းပင် တင်ပျဥ်ခွေ ထိုင်လိုက်သည်။ သူ့မျက်နှာမှာ ချက်ချင်း ခရမ်းပုပ်ရောင်ပြောင်းသွားပြီး သူ့တစ်ကိုယ်လုံး တုန်ရီလာသည်။ သူက လျှပ်စီးအလံကို ထွေးထုတ်လိုက်ရာ ၄င်းသည် အကာအကွယ်လျှပ်စီးတိမ်တိုက်အသွင် ချက်ချင်းပြောင်းသွား၏။
သူ့မှာ သူ့ကိုယ်အတွင်း ပြန်ထနေသော အဆိပ်ကို ထိန်းချုပ်ဖို့ကြိုးစားလိုက်သဖြင့် သွေးတစ်လုပ် အန်လိုက်ရသည်။
ဤတစ်ကြိမ် အဆိပ်ပြန်ထသည်မှာ ၃ရက်ကြာသည်။ တစ်ချိန်လုံး မန်ဟိုသည် အံတင်းတင်းကြိတ်ရင်း ထိုနေရာတွင်ပင် ထိုင်နေသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ အဆိပ်၏နာကျင်မှုမှာ ပိုးကောင်များ ခန္ဓာကိုယ်အတွင်းပိုင်းကို ကိုက်ဖြတ်နေသကဲ့သို့ပင်။ သူ့မျက်လုံးများမှာ မြင်လိုက်သူတိုင်း ထိတ်လန့်တုန်လှုပ်သွားရလောက်အောင် နီရဲကာ ရက်စက်ကြမ်းကြုတ်နေသည်။ ရုတ်တရက် သူ၏ ညာဘက်မျက်လုံးအိမ်ထဲတွင် ငိုလိုက် ရယ် လိုက်ဖြစ်နေသော မိစ္ဆာမျက်နှာတစ်ဖက် ပေါ်လာသည်။ တစ်နည်းနည်းဖြင့် ၄င်း ပွင့်လန်းလာနေသော ပန်းတစ်ပွင့်၏ပုံစံလည်း ရှိနေသည်။
မန်ဟို ဤသည်ကို သတိထားမိသည်။ သူ၏ အဆိပ်ကို ဖယ်ထုတ်လိုစိတ်မှာ ယခင်ထက်ပင် ပို၍ပြင်းပြလာတော့သည်။
သုံးရက်မြောက်နေ့၏ ညနေခင်းတွင် ရက်စက်သော မြေခွေးတစ်ကောင်သည် လှည့်လည် သွားလာနေရင်း သွေးနံ့ရသွားသည်။ ၄င်းက မန်ဟိုထိုင်နေသော သစ်ခေါင်းပေါက်ကို ကြည့်ပြီးနောက် တရှိန်ထိုး ပြေးဝင်လာသည်။ ၄င်း သစ်ပင်အနား ရောက်ခါနီးမှာပင် အတွင်းမှ လက်တစ်ဖက်ထွက်လာကာ မြေခွေး၏ လည်ပင်းကို ထိုးဝင်သွားသည်။ ၄င်းက ဖြစ်ညှစ်လိုက်သည်။
ဂျွတ်ခနဲ အသံထွက်လာ၏။ မြေခွေး မသေခင် အော်ပင် မအောင်နိုင်လိုက်ပေ။ မြေခွေးသည် တခဏမျှ ဆန့်ငင်ဆန့်ငင်ဖြစ်ပြီးနောက် ငြိမ်ကျသွားသည်။ မန်ဟိုက ဖြူဖပ်ဖြူလျော်ဖြင့် သစ်ပင်အတွင်းမှ ထွက်လာသည်။ သူ့မျက်လုံးများသည် ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တလက်လက် တောက်ပနေသည်။ အဆိပ်ပြန်ထလာသည့်အချိန်တိုင်း သူ၏ သတ်ဖြတ်ချင်စိတ်များ ပိုမို ပြင်းထန်လာသည်။ သူ့မျက်လုံးထဲရှိ တရိပ်ရိပ်ဖြစ်နေသော ငိုလိုက်ရယ်လိုက်မျက်နှာမှာ သူ့ကိုယ်ထဲရှိ ချီအားလုံးအပေါ် ထူးဆန်းသော သက်ရောက်မှုရှိနေဟန်တူသည်။
မန်ဟိုက သူကိုင်ထားသည့် မြေခွေးသေကို ငုံကြည့်သည်။ သူ၏လက်သည် ဖျတ်ခနဲ လှုပ်ရှားသွားပြီး အလောင်းကား မီးတောက်များ၏ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။ မန်ဟို့လက်ထဲမှ ပြာများ လေနှင့်အတူ လွင့်မျောသွားသည်။ မီးတောက်က သူ၏မျက်နှာသို့ အလင်းဟပ်နေသည်။ သူသည် ယခုတွင် စာပေသမားတစ်ယောက်နှင့် သိပ်မတူတော့ဘဲ ရက်စက်သော ကျင့်ကြံသူနှင့် ပိုတူလာသည်။
“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အဆိပ် ၉ခါ ထခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခာတော့ မတူဘူး။ ဘာလို့ မိစ္ဆာမျက်နှာက ငါ့ညာမျက်လုံးထဲမှာပေါ်နေတာလဲ" သူက ညာမျက်လုံးကို ကိုင်ကြည့်လိုက်သည်။ မိစ္ဆာမျက်နှာသည် တစတစပျောက်ကွယ်သွားသည်။ မန်ဟို ကျင့်ကြံခြင်းအခြေခံကို စမ်းသပ်ကြည့်သောအခါ မိစ္ဆာမျက်နှာ ပြန်ပေါ်လာသည်။ သူသည် အလင်းတန်းအသွင်ပြောင်းကာ တုန်းလိုင်ပြည်သို့ ထွက်သွားတော့သည်။
တုန်းလိုင်ပြည်သည် ကျိုးပြည်ထက် ၁၀ဆပိုမိုကြီးမားသော နိုင်ငံဖြစ်ပြီး ကျင့်ကြံသူများ၊ ဂိုဏ်များဖြင့် ပြည့်နှက်နေသည်။ အကြီးဆုံးဂိုဏ်းဖြစ်သော ဇီယွင်ဂိုဏ်းသည် အခြားဂိုဏ်းများ၏ ခေါင်းဆောင်ဂိုဏ်းအဖြစ် ဆောင်ရွက်သည်။
တုန်းလိုင်ပြည်သည် ဇီယွင်ဂိုဏ်း၏ အဓိက အခြေစိုက်နေရာဟု ပြောနိုင်သည်။
မန်ဟို ဤအခြင်းအရာကိုသိသော်လည်း အခြားရွေးချယ်စရာမရှိချေ။ နိုင်ငံတစ်လွှားလျှောက်သွားခြင်းက ခရီးအကွာအဝေးအမြောက်အမြေား သွားရမည်ဖြစ်သည်။ သူသည် ကျိုးပြည်တည်ရှိခဲ့သည့် နေရာနှင့် ပို၍နီးသော်လည်း တုန်းလိုင်ပြည်၏ အခြားတစ်ဖက်တွင် ရှိနေသော၊ ချင်းလော်ဂိုဏ်းရှိရာ ကွဲ့ချင်းပြည်သို့လည်း သွားချင်သေးသည်။
ကံကောင်းထောက်မစွာဖြင့် တုန်းလိုင်ပြည်သည် ကြီးမားသောကြောင့် သူသာသတိထားလျှင် ပုန်အောင်းရန် မခက်ခဲနိုင်။ လူအများ အလွယ်တကူ ရှာဖွေရန် သေးငယ်သော ကျိုးပြည်နှင့် မတူပေ။ ထို့အပြင် သူသည် စဦးချီဖွဲ့စည်းမှုအဆင့် မဟုတ်တော့ဘဲ ယခုတွင် ချီအခြေတည်အဆင့်ရောက်နေပြီဖြစ်သောကြောင့် သူ့ကိုယ်သူ ပို၍လွယ်ကူစွာ ကာကွယ်နိုင်သည်။ သူက ဆုံးဖြတ်ချက်ချပြီးနောက် တုန်းလိုင်ပြည်သို့ ဝင်ရောက်လိုက်သည်။
“ငါဒီလမ်းအတိုင်းဆက်သွားမယ်ဆိုရင် ကျင့်ကြံသူမြို့တစ်မြို့ရှိတယ်” မန်ဟိုက နယ်စပ်ကို ဖြတ်ကျော်ပြီး ပျံသန်းသွားသည်။ သူသည် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ ဝါးခမောက်ကို ဆောင်းထားသည်။ သူက မျက်လုံးများ ဟိုဟိုသည်သည်ပြေးလွှားပြီး တုန်းလိုင်ပြည်ကို အကဲခတ်နေသည်။ တုန်းလိုင်ပြည်တွင် တောင်တချို့သာရှိပြီး အများစုမှာ လွင်ပြင်ကျယ်များဖြစ်သည်။ သေမျိုးလူသားတို့၏မြို့များသည် နေရာတိုင်းတွင် ပြန့်ကြဲတည်ရှိနေကာ မြို့များကို မြင်းလှည်းများနှင့် ပြည့်နေသော ကုန်သွယ်ရေးလမ်းကြောင်းများဖြင့် ဆက်သွယ်ထားသည်။
စည်ကားသိုက်မြိုက်မှုကား ကျိုးပြည်ထက်အဆပေါင်းများစွာ သာသည်။ သူ လေကို ခွင်း၍ ပျံသန်းနေစဥ် အခြားချီအခြေတည်အဆင့်ကျင့်ကြံသူများက သူ့ကိုကျော်ဖြတ်ကာ မတူညီသောလားရာဘက်များသို့ ပျံသန်းသွားကြသည်။ ထိုအရာသည် ကျိုးပြည်တွင် မြင်ရခဲသော မြင်ကွင်းဖြစ်သည်။
ဤဒေသတွင် စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူများလည်း ပေါများသည်။ တုန်းလိုင်ပြည်တစ်ဝှမ်းလုံးတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်သည် ကျိုးပြည်အတွင်းရှိ နာမည်ကျော်ကြားသော တချို့တောင်များထက်ပင် ပိုမိုများပြားသည်ဟု ဆိုနိုင်သည်။ အမှန်တကယ်ပြောရလျှင် တချို့နေရာများမှာ စိတ်ဝိညာဉ်စွမ်းအင်များ အလွန် သိပ်သည်းထူထပ်လေရာ မန်ဟို့ကို စိုးရိမ်ကြောင့်ကျမိစေသည်။
ရက်အနည်းငယ်ကြာသော် အရှေ့မိုးကုပ်စက်ဝိုင်းတွင် ပေါ်ထွက်လာသော ခမ်းနားထည်ဝါသည့်မြို့ကြီးတစ်မြို့ကို မန်ဟို မြင်လိုက်ရသည်။
သေမျိုးတစ်ယောက်အတွက် ကီလိုမီတာ ၅၀ သွားလာရန် နာရီပေါင်းများစွာ ကြာမည်ဖြစ်သော်လည်း မန်ဟို့အတွက် မြို့ရိုးတံခါးသို့ရောက်ရန် အမွှေးတိုင်တစ်တိုင်ထွန်းပင် မကြာလိုက်ပေ။
ယခုအချိန်မှာ နေရီတရော ဖြစ်၍ ပုစွန်ဆီရောင် နေရောင်ခြည်တို့က မြို့ကို လွှမ်းခြုံနေရာ မိုးကောင်းကင်သို့ ခေါင်းမူနေသည့် ဧရာမနဂါးကြီးတစ်ကောင် ရစ်ခွေနေသည့်အလား ဖြစ်နေစေသည်။
သူ မြို့နှင့် နီးကပ်လာစဥ် သူ့ကို ကောင်းကင်မှ တွန်းချနေသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သူသည် မြေပြင်ပေါ် ဆင်းသက်ပြီး မြို့ကို မော့ကြည့်ရင်း ခြေလျင်လျှောက်သွားလိုက်သည်။ ဤကဲ့သို့ မြို့များအား သူမြင်ခဲ့ဖူးသည့်တိုင် ဤမြင်ကွင်းက သူ့ကို စိတ်လှုပ်ရှားမိစေသည်။ ကျင့်ကြံသူ့တချို့ သူ့ပတ်ဝန်းကျင်တွင် ရှိသည်။ တစ်ချို့က တ်ကိုယ်တည်း၊ တချို့က ၄ယောက် ၅ယောက် အုပ်စုနှင့် ဖြစ်သည်။
အပေါ်တွင်တော့ ကောင်းကင်သည် ရှင်းလင်းလျက််ရှိသည်။ ပျံသန်းခြင်းကို ကန့်သတ်ထားသော တားမြစ်မန္တန်တစ်ခု ခေါင်းအထက်တွင်ရှိပြီး ၄င်း၏တောက်ပနေသော အလင်းရောင်ကိုသာ မြင်နိုင်သည်။ ၄င်းက အရာအားလုံးကို ကောင်းကင်ဘုံဗိမာန်ကဲ့သို့ဖြစ်နေစေသည်။
ဂိတ်ပေါက်ကို စဦးချီ ဖွဲ့စည်းမှုအဆင့် ၈ ရှိသူများက စောင့်နေကြသည်။ မြို့ရိုးနံရံများပေါ်တွင်လည်း အစောင့်များရှိပြီး သူတို့က ချီအခြေတည်အဆင့်ရောက်ခါနီး စဦးချီဖွဲ့စည်းမှုအဆင့် ၉ တွင်ဖြစ်ကြောင်း မန်ဟို မြင်နိုင်သည်။
“ဒါက တောင်ပိုင်းဒေသ ကျင့်ကြံသူတို့ရဲ့ ကြီးကျယ်တဲ့ မြို့ကြီးပါလား..... “ မန်ဟို တွေးနေရင်း ဇီယွင်ဂိုဏ်း ဤနိုင်ငံတွင် ကိုင်စွဲထားသည့်အာဏာကို အပြည့်အဝ သဘောပေါက်လာသည်။
မန်ဟို ရှေ့သို့ကြည့်လိုက်သောအခါ လူတချို့မြို့ဂိတ်ကို ဖြတ်သန်းသွားဖို့ ဝိညာဉ်ကျောက်တုံးတချို့ အခွန်အခအဖြစ် ပေးကြရသည်ကို သတိထားမိသည်။ သူလည်း ထိုသို့ ပြုလုပ်တော့မည့်ဆဲဆဲတွင် လေကိုခွင်း၍ လာနေသော တရွှီးရွှီးမြည်သံတစ်သံကြားလိုက်ရသည်။
အသံမှာ အလွန်ရုတ်တရက်ဆန်လွန်းသဖြင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြသူအားလုံးအား ခေါင်းထောင်ကြည့်မိလိုက်စေသည်။ အဝေးတွင် အလင်းတန်းတစ်တန်း မြို့ထံ ဦးတည်လာနေ၏။
ထိုအလင်းတန်းသည် ခရမ်းရောင်ဖြစ်ပြီး မီတာ ၃၀ခန့် ကျယ်ဝန််းသည်။ ၄င်းက ကြယ်ပျံတစ်စင်းသဖွယ် အော်မြည်ရင်း ချဥ်းကပ်လာနေသည်။ ၄င်း၏အလယ်တွင် သားနားသော ဝတ်ရုံတစ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ရှိသည်။ သူ့မျက်နှာသည် ခံစားချက်ကင်းမဲ့နေပြီး အတွင်းမှထုတ်လွှတ်နေသော တားမြစ်မန္တန်မှာ သူ့အတွက် ဘာမှမဟုတ်သည့်အလား မြို့လယ်သို့ ပျံသန်းသွားသည်။
သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဖိအားက မြေပြင်ပေါ်ရှိ ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် အံသြတုန်လှုပ်သော အမူအရာများ ပေါ်ပေါက်လာစေသည်။ လေတစ်ချက် တိုက်ခတ်လာပြီး လေပွေတစ်ခုအသွင်ပြောင်းကာ မြေပြင်တစ်လျှောက် လှဲကျင်းတိုက်ခတ်သွားသည်။
“အမြုတေဖြစ်တည်မှုအဆင့် ပညာရှင်။ မြို့ရဲ့ တားမြစ်မန္တန်ကို အဲ့လိုလူတွေပဲ လျစ်လျူရှုပြီး ပျံသန်းနိုင်တာ"
"တိုးတိုးပြော။အဲ့တာ ဇီယွင်ဂိုဏ်းက ဆရာကြီး ပိဟုန် ပဲ။ လွန်ခဲ့တဲ့နှစ်တွေကရှောင်းယွင်ဂိုဏ်းက လူတစ်ယောက် သူ့ကို မထီမဲ့မြင်လုပ်လို့ သူက တစ်ယောက်မကျန် တစ်ဂိုဏ်းလုံး ရှင်းပစ်ခဲ့တာ။ သူက အကြင်နာမဲ့ပြီး ရက်စက်တယ်"
တီးတိုးပြောသံများ တဖြေးဖြေး ငြိမ်ကျသွားသည်။ မန်ဟိုက မျက်နှာထားတည်နေသော်လည်း ရင်တဒိန်းဒိန်းခုန်နေရင်း အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူက ခေါင်းငုံ့ထားပြီး မြို့ထဲဝင်လိုက်သည်။
သူ ယခင်က မြင်ခဲ့ဖူးသမျှ အကြီးမားဆုံး ကျင့်ကြံသူများမြို့တော်မှာ ကျိုးပြည်မှ ထျန်းဟယ်ဖန်းမြို့(နဂါးငွေ့တန်းမြို့) ဖြစ်သည်။ တုန်းလိုင်ပြည်၏ ဤမြို့ကြီးထဲ ဝင်ရောက်လာသောအခါ ရုတ်တရက် သူ၏အမြင်ကျယ်လာသည်ဟု ခံစားလိုက်ရသည်။ ကျင့်ကြံရာတွင် အသုံးပြုသော ပစ္စည်းများကို နေရာတိုင်းတွင်ရရှိနိုင်ပြီး မြင့်မားသော အဆောက်အဦးများကလည်း မျက်စိတဆုံးပင်။ စဦးချီဖွဲ့စည်းမှုအဆင့်နှင့် ချီအခြေတည်အဆင့်ကျင့်ကြံသူများ ဟိုဟိုသည်သည် သွားနေကြသည်။ စောစောက ဆရာကြီး ပိဟုန် ကဲ့သို့ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူနှစ်ယောက်ကိုပင် မန်ဟို မြင်လိုက်သေးသည်။
မန်ဟိုတစ်ယောက်သာ ဝါးခမောက်ခေါင်းထားသူဖြစ်၍ လူတော်တော်များများ သူ့ကို လှည့်လှည့်ကြည့်နေကြသည်။ သူ့မှာ ချီတုံချတုံဖြစ်နေပြီးနောက်ဆုံး ကြုံရာဆိုင်တစ်ဆိုင်ထဲ ဆတ်ခနဲ ဝင်ရောက်လိုက်သည်။သူ ပြန်ထွက်လာသောအခါ ခမောက် မရှိတော့ပေ။ သူသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဆိုင်တန်းများတစ်လျှောက် ဖြတ်လျှောက်သွားပြီးနောက် လမ်းကြိုလမ်းကြာတစ်ခုထဲ ဝင်လိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်က အနောက်သို့ မီတာ၃၀ ရောက်သွားပြီး သူ့လက်သည် လျှပ်စီးတန်းသဖွယ် ထိုးထွက်သွား၏။ ၄င်းက အသက် ၁၅၊ ၁၆ အရွယ် ကောင်လေးတစ်ယောက်၏လည်ပင်းပေါ် ကျရောက်သွားသည်။ မန်ဟိုက သူ့ကို မြှောက်ပြီး နံရံနှင့် ကပ်လိုက်သည်။
ကောင်လေး၏ ကျင့်ကြံခြင်းအခြေခံမှ. သိပ်မမြင့်ပေ။ စဦးချီဖွဲ့စည်းမှု အဆင့် ၆ ခန့်သာ ရှိသေးသည်။ သူ့ခန္ဓာကိုယ်မှာ အရိုးမျှသာ ရှိပြီး မျက်လုံးများအရ ဉာဏ်နီဉာဏ်နက်များပုံရသည်။ မန်ဟိုသူ့ကို ပင့်မြှောက်လိုက်သောအခါ သူ၏ မျက်နှာ ရှုံ့မဲ့သွားသည်။ မန်ဟို စိတ်ဝိညာဉ် စွမ်းအားဘအနည်းငယ်သုံးလိုက်ရုံဖြင့် သူပြာကျသွားနိုင်ကြောင်း ကောင်လေး သိလေသည်။
“မင်း ဘာလို့ ငါ့နောက် လိုက်လာတာလဲ။ မင်းကို ရှင်းပြဖို့ စကားတစ်ခွန်း ပြောခွင့်ပေးမယ်” မန်ဟိုက တုန်ယင်နေသော လူငယ်ကို မြှောက်ထားရင်း အေးအေးဆေးဆေး မေးသည်။ လူငယ်လေးမှာ မန်ဟိုဝတ်ထားသော အနက်ရောင်ဝတ်ရုံနှင့် ပြေကျနေသော ဆံပင်ရှည်တို့ကို ကြည့်ရင်း သေခြင်းတရားက သူ့ရှေ့မှာ ရစ်ဝဲနေသကဲ့သို့ ခံစားလိုက်ရသည်။
***