← Chapters

လျှို့ဝှက်သော အခက်အခဲ စတင်ပြီ

Vol. 8 Ch. 108

လျှို့ဝှက်သော အခက်အခဲ စတင်ပြီ

Vol. 8 Ch. 108

စားသောက်ဆိုင်တွင် လူပေါင်းစုံဖြင့် ပြည့်နှက်နေသောကြောင့် မည်သူမှ မန်ဟို၏ ထူးဆန်းသောအပြုအမူကို သတိမထားမိလိုက်ပေ။ သူက ခါတိုင်းကဲ့သို့ တည်ငြိမ်အေးဆေးသော အမူအရာဖြင့် သေရည်ခွက်ကို ဖြေးညှင်းစွာ ချလိုက်သော်လည်း သူ့နှလုံးကား ရုတ်တရက် တဒိန်းဒိန်းခုန်လာပြီး သူ့ခေါင်းထဲတွင် ဟိန်းဟောက်သံကြီးတစ်သံ မြည်ဟည်းသွား၏။

သူသည် အင်မိုတယ် ရုပ်အလောင်း၏မျက်လုံးများထဲရှိ ကြယ်စင်ခုနစ်လုံးအကြောင်း ဖော်ပြခဲ့သောလူကို တိတ်တဆိတ် ခေါင်းလှည့်ကြည့်လိုက်၏။ ထို့နောက် ခေါင်းကိုငုံ့၍ သေရည်နောက်တစ်ခွက် သောက်လိုက်သည်။

"ခင်ဗျားသိလား အဲ့တာက ထူးဆန်းတယ်။ အဲ့ဒီ့ အင်မိုတယ် သေသွားပေမယ့် သူ့ခန္ဓာကိုယ်က ထူးဆန်းတဲ့ဖြစ်စဥ်အကုန်လုံး ဖြစ်ပွားစေတဲ့ စွမ်းအားကြီးဖိအားတစ်ခုကို ထုတ်လွှတ်နေတုံးပဲ။ဂိုဏ်းကြီးငါးဂိုဏ်းနဲ့ မဟာမျိုးနွယ်စုတွေတောင်မှ မီတာသုံးရာအကွာအဝေးအထိပဲ ချဥ်းကပ်နိုင်တယ်"

"အခုတလော သူတို့ မီတာသုံးရာထက်ပိုပြီး အနားကပ်နိုင်အောင် အထူးပြင်ဆင်ချက်တချို့ လုပ်နေတယ်ကြားတယ်" ဤသို့ဖြင့် နေမွန်းတည့်ချိန်ရောက်သည်အထိ စကားကောင်းနေကြပြီး တစနှင့်တစ လူအများ အလျှိုလျှိုထွက်ခွာသွားကြသည်။ ကြယ်စင်ခုနစ်လုံးအကြောင်း ဖော်ပြခဲ့သောလူသည်လည်း ထရပ်ကာ သူ့မိတ်ဆွေနှင့် ရယ်ရယ်မောမောစကားပြောရင်း ထွက်ခွာရန် ပြင်လိုက်သည်။

ထိုအခိုက်အတန့်တွင် မန်ဟိုက စားပွဲကို ခပ်ဖွဖွ ခေါက်လိုက်သည်။ ဒေါက်ခနဲခေါက်သံက ကျယ်လောင်စွာ မြည်ဟည်းသွားရာ အနီးနားရှိ ကျင့်ကြံသူများအား တစ်ကိုယ်လုံးတုန်ယင်သွားစေလေသည်။ သူတို့အားလုံး မန်ဟို့ကို လှည့်ကြည့်လိုက်သောအခါတွင် အမူအရာများပြောင်းလဲသွားတော့သည်။

သူ၏ကျင့်ကြံခြင်းအခြေသည် ရုတ်တရက်ချီအခြေတည်အဆင့်၏ ကြီးမားသောဖိအားကြီးဖြင့် ထွက်ပေါ်လာပြီး စားသောက်ဆိုင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထို့နောက် လွင့်စင်ပျောက်ကွယ်သွားသော်လည်း ထိုတိုတောင်းသောအခိုက်အတန့်လေး၌ စဦးချီဖွဲ့စည်းမှုအဆင့် ၈နှင့်၉ ရှိသော ကျင့်ကြံသူတို့၏ခန္ဓာကိုယ်များမှာ တဆတ်ဆတ်တုန်ရီသွားရလေသည်။ သူတို့မှာ မျက်နှာများ ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး ဤချီအခြေတည်အဆင့်ကျွမ်းကျင်သူအား ကလန်ကဆန်ပြောခဲ့မိသည်လား မှတ်မိရန် အပြေးအလွှားစဥ်းစားရင်း ရင်ခုန်သံတို့ ဗြောင်းဆန်နေတော့သည်။

"ဝါရင့်ဂိုဏ်းဝင်....." တစ်ယောက်ပြီးတစ်ယောက် လေးစားကြည်ညိုစွာဖြင့် အရိုအသေပေးလိုက်ကြသည်။ မြို့တော်နယ်နိမိတ်အတွင်းတွင် တိုက်ခိုက်ခြင်းအား တားမြစ်ထားသောကြောင့် ဤပုဂ္ဂိလ်အနေဖြင့် လူတစ်ယောက်အား ခပ်ပေါ့ပေါ့တိုက်ခိုက်လိမ့်မည်မဟုတ်ကြောင်း သူတို့သိသည်။ သို့သော်လည်း သူတို့အတွက် ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်မှ ထုတ်လွှတ်လိုက်သော ဖိအားက မယုံနိုင်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လှသဖြင့် စိတ်ထဲတွင် စိိုးရိမ်ရေမှတ်များ မြင့်တက်လာနေပြီဖြစ်သည်။

"မင်း" မန်ဟိုက လူတစ်ယောက်က လက်ညှိုးထိုးရင်း ခေါ်လိုက််သည်။ "ဒီလာခဲ့" ထိုလူမှာ အသက် ၂၇၊ ၂၈ ခန့်ရှိပုံပေါ်သော လူငယ်တစ်ဦးဖြစ်ပြီး စဦးချီဖွဲ့စည်းမှုအဆင့် ၈ တွင် ဖြစ်သည်။ မန်ဟို သူ့ကို လက်ညှိုးထိုးသောအခါ သူ့တစ်ကိုယ်လုံးတုန်ရီလာပြီး မျက်နှာမှာ ချက်ချင်း သွေးဆုပ်သွားလေသည်။

"ဝါရင့်ဂိုဏ်းဝင်ကြီး...." သူ၏မျက်လုံးများထဲတွင် အကြောက်တရားများ ချင်းနင်းဝင်ရောက်လာပြီး ရင်ထဲတွင် ဇဝေဇဝါဖြစ်သွား၏။ သူ့မှာ ယခင်က မန်ဟို့ကို တစ်ခါမှ မမြင်ဖူးသည့်အပြင် မည်ကဲ့သို့ သူ၏အာရုံဆွဲဆောင်ခဲ့မိသည်ကိုလည်း မစဥ်းစားတတ်တော့ပေ။ သူ့ပတ်လည်ရှိ ကျင့်ကြံသူများကား စိတ်သက်သာရာရကာ သက်ပြင်းချရင်း စားသောက်ဆိုင်ထဲမှ ခပ်သုတ်သုတ်ထွက်သွားကြသည်။

မန်ဟိုက ခံစားချက်ကင်းမဲ့သောမျက်နှာထားဖြင့် နောက်တစ်ခွက် သောက်လိုက်သည်။ လူငယ်မှာ အနားသွားရန် မငြင်းဆန်ဝံသဖြင့် ချီတုံချတုံဖြစ်နေလေသည်။ ထို့နောက် သူက သတိကြီးကြီးထား၍ ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။

မန်ဟိုက ခေါင်းထောင်ပြီး သူ့ကိုကြည့်သည်။ "မင်း စောနက ဟိုအင်မိုတယ်ရုပ်အလောင်းရဲ့ မျက်လုံးထဲမှာ ကြယ်စင်ခုနစ်လုံးရှိတယ်လို့ ပြောခဲ့တယ်နော်။ အဲ့တာ အမှန်လား"

"စီနီယာခင်ဗျား၊ ကျွန်တော့်ကို ရှင်းပြခွင့်ပြုပါ" လူငယ်က မည်သည့်အရာကိုမှ မထိမ်ချန်ထားဝံ့သဖြင့် ကပျာကယာဆိုသည်။ "ကျွန်တော့် မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ မဟုတ်ပါဘူး။ အဲ့အကြောင်း ကြားပဲကြားလိုက်တာ။ ဒါပေမယ့် ကျွန်တော့်မှာ အဖြစ်အပျက်တစ်ခုလုံးကို ကိုယ်တိုင် တကယ်လေ့လာခဲ့တဲ့ မိတ်ဆွေကောင်းတစ်ယောက်ရှိတယ်"

"မင်းရဲ့ အဲ့ဒီမိတ်ဆွေကောင်းက ဘယ်နေရာမှာလဲ" မန်ဟိုက ခပ်အေးအေး မေးသည်။

"ကျွန်တော့် သူ့ကို မတွေ့ရတာ နှစ်ဝက်ကြာပြီ" လူငယ်မှာ အဖြေနောက်ကျပါက ဇာတ်လမ်းဆင်နေသည်ဟု မန်ဟိုထင်သွားမည်စိုး၍ အလျင်အမြန် ပြန်ဖြေသည်။ "သူက ရေဝါးဂိုဏ်းသား ရွှီယန်ပါခင်ဗျ"

မန်ဟိုက မျက်မှောင်ကြုတ်ပြီး ခေါင်းညိတ်ကာ အရေးမပါဟန်ဖြင့် လက်ကိုခါလိုက်သည်။ လူငယ်မှာ တလေးတစား အရိုအသေပေးပြီးနောက် သက်ပြင်းချရင်း တတ်နိုင်သမျှမြန်မြန် ထွက်သွားတော့သည်။ သူကား ဤနေရာသို့ နောက်ထပ် ဘယ်သောအခါမှ ပြန်မလာရန် စိတ်ပိုင်းဖြတ်ပြီးသွားလေပြီ။

မန်ဟိုမှာ အတွေးထဲနစ်မြောရင်း မလှုပ်မယှက်ထိုင်နေ၏။ စားသောက်ဆိုင်အထဲ၌ လူများများစားစားကျန်တော့ပေ။ ကျန်ခဲ့သူများအားလုံးမှာ စဦးချီဖွဲ့စည်းမှုအဆင့်တွင်ဖြစ်ပြီး စောစောက အဖြစ်အပျက်ကြောင့် ကျသင့်ငွေ့များ ပေးချေ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကုန်ကြသည်။ မကြာမီ စားသောက်ဆိုင်မှာ လူသူကင်းရှင်းသွားတော့သည်။

" ကြယ်စင်ခုနစ်လုံးနဲ့ ခဲရောင်သူငယ်အိမ်တွေ။ အဲ့ဒီ အင်မိုတယ်ရုပ်အလောင်းနဲ့ တန်မျှော်စင်ရဲ့အပေါ်က ရေဝဲထဲမှာ မြင်ခဲ့ရတဲ့ သက်ရှိအလောင်းကောင်က...... တစ်ခုတည်းများ ဖြစ်နေမလား" မန်ဟိုသည် သူတွေ့ခဲ့ရသော အလောင်းနှင့် ခံစားခဲ့ရသော ကပ်ဘေးအန္တရာယ်ကို စဥ်းစားရင်း ထိုင်နေ၏။ ထိုအကြောင်း သူတွေးကြည့်သည်နှင့်အမျှ နောက်ကွယ်၌ ရှုပ်ထွေးနေသောကိစ္စရပ်တချို့ ဇာတ်လည်လာပုံရတော့သည်။

"ငါ အတည်ပြုချင်ရင် အလောင်းကို ကိုယ်တိုင်ကြည့်ရလိမ့်မယ်......" အချိန်အနည်းငယ်ကြာသော် သူ အခန်းထံ ပြန်သွား၏။ အင်မိုတယ်ရုပ်အလောင်းကိစ္စကား အခုတွင် သူ့နှလုံးသားထဲ၌ အစိုင်အခဲကြီးတစ်ခုဖြစ်နေချေပြီ။ သူ့မှာ ရုပ်အလောင်း ကမ္ဘာမြေကြီးအပေါ် ကျရောက်သည့် အကြောင်းရင်းက..... သူကိုယ်တိုင်ပင်ဖြစ်ကြောင်း ခံစားနေရသည်ဖြစ်သည်။

မန်ဟိုသည် အင်မိုတယ်၏ရုပ်အလောင်းနှင့်ပတ်သက်သော အချက်အလက်များ ထပ်မံစုဆောင်းရန် ကြိုးစားရင်း နောက်ထပ်လဝက်အချိန်ဖြုန်းလိုက်သည်။ ထို့နောက် သူသည် လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်အတွင်း ၄င်းကြောင့် ဖြစ်ပွားခဲ့သော အံဖွယ်ထူးကဲအဖြစ်အပျက်များအားလုံးကိို တဖြေးဖြေးပို၍နားလည်လာတော့သည်။

"အလောင်းကျဆင်းလာတဲ့နှစ်မှာပဲ အဲ့အလောင်းက တောင်ပိုင်းဒေသ ဂိုဏ်းကြီးငါးဂိုဏ်းနဲ့ မဟာမျိုးနွယ်စုသုံးစုကို ချက်ချင်းနိုးကြားသွားစေခဲ့တယ်။ တစ်ကြိမ်ပြီးတစ်ကြိမ် အလောင်းဆီရောက်ဖို့ သူတို့ကြိုးစားခဲ့ကြပေမယ့် မီတာသုံးထောင်ထက်ပိုပြီး အနားမကပ်နိုင်ခဲ့ဘူး။ ဒါ့အပြင် ပြန်လည်မွေးဖွားခြင်းဂူထဲက ထူးထူးဆန်းဆန်းပြဿနာတွေနဲ့လဲ ကြုံတွေ့ခဲ့ရတယ်

"နောက်ဆုံး ဂိုဏ်းအသီးသီးရဲ့ ရတနာတွေကိုတောင်သုံးပြီး ထပ်ကြိုးစားကြတော့မှ မီတာသုံးရာနီးနီး ကပ်သွားနိုင်ကြတယ်။ လွန်ခဲ့တဲ့နှစ်ဝက်က ဖြစ်ပျက်သွားခဲ့တဲ့ အထင်ရှားဆုံးအရာကတော့ .....ယီးကျန့်ဂိုဏ်းက သူတို့ရဲ့ တာအိုစောင့်ရှောက်သူကို သုံးပြီး မီတာသုံးရာအမှတ်ကို ကျော်ဖြတ်လိုက်တာပဲ။ သူတို့ အလောင်းဆီကနေ သွေးစက်နှစ်စက် ထုတ်ယူနိုင်ခဲ့တယ်

"သွေးစက်တစ်စက်ကို ဇီယွင်ဂိုဏ်းက အဆမတန်စျေးကြိီးကြီးပေးပြီး ဝယ််လိုက်တယ်။ တစ်စက်ကိုတော့ အင်မိုတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပတ်သက်ပြီး ဉာဏ်အလင်းရဖို့အတွက် ယီးကျန့်ဂိုဏ်းဆီ ပြန်ယူသွားခဲ့တယ်" မန်ဟိုသည် သတင်းအချက်အလက်များအားလုံးကို ကျောက်စိမ်းပုရပိုက်တစ်ခုပေါ်တွင် မှတ်သားရင်း ထိုင်နေ၏။ သူ့မှာ ဤသတင်းအလုံးစုံကို ဝိညာဥ်ကျောက်တုံးတချို့ပေး၍ စုဆောင်းခဲ့ရလေသည်။

"အရှေ့ဘက်နယ်မြေတွေရှိတဲ့ တန်နိုင်ငံက ကျင့်ကြံသူတွေတောင် လာရောက်စစ်ဆေးကြတယ်.... အနောက်တိုင်းသဲကန္တာရက လူတွေလဲ ရောက်လာကြတယ်။ အလောင်းက အင်မိုတယ်ရုပ်အလောင်းလို့အမည်တွင်လာပြီး ကျင့်ကြံခြင်းလောကတစ်ခွင်လုံးကို ဂယက်ရိုက်သွားစေခဲ့တယ်" မန်ဟိုမှာ အချိန်အနည်းငယ်ကြာသည်အထိ တိတ်ဆိတ်နေ၏။ ထို့နောက် သူက ကျောက်စိမ်းပုရပိုက်ကို သိမ်းပြီး မျက်လုံးများတလက်လက်တောက်ပနေရင်း တည်းခိုဆောင်မှ ထွက်ခွာလိုက်သည်။

လွန်ခဲ့သောလအတွင်း ကျင့်ကြံသူများမ်ြို့တော်ရှိ လူတိုင်းလူတိုင်းမှာ ကျင်းပတော့မည့် လေလံပွဲအကြောင်း ပြောနေခဲ့ကြလေသည်။ မန်ဟိုသည် သတမရတနာဆောင်ကိုသွားရောက်၍ ကြိုတင်ငွေပေးကာ သူ၏လေလံလည်ဆွဲကို ရယူခဲ့ပြီးဖြစ်သည်။

ယခုအချိန်တွင် သူသည် လမ်းမပေါ်တွင် ခြေလှမ်းကြဲကြဲများဖြင့် လျှောက်လှမ်းနေ၏။ တောင်ကြားအနည်းငယ် ဖြတ်လျှောက်ပြီးနောက်တွင် သူ၏ဝတ်ရုံကား အနက်ရောင်ဖြစ်သွားသည်။ ထိို့နောက် သူက ဝါးခမောက်ကိုပါ ဆောင်းပြီး မျက်နှာဖုံးတစ်ခုလည်း တပ်လိုက်သည်။ တစနှင့်တစ လူအများကား တူညီသောပုံစံမျိုးဖြင့် ဝတ်ဆင်လာကြ၏။ လေလံပွဲစရန် လက်တစ်လှမ်းသာလိုတော့သဖြင့် လူအများမှာ သူတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များအား မသိစေချင်သောကြောင့် ရုပ်ဖျက်လာကြခြင်းဖြစ်လေသည်။

များမကြာခင် လေလံပွဲကျင်းပမည့်နေရာသို့ မန်ဟိုရောက်ရှိသွား၏။ ၄င်းက စက်ဝိုင်းသဏ္ဍာန်ရှိ ရင်ပြင်ကျယ်တစ်ခုဖြစ်သည်။ တားမြစ်မန္တန်များလည်း မရေမတွက်နိုင်အောင် တည်ရှိနေ၍ လေထုထဲတွင် မှော်သင်္ကေတများ တလက်လက်ထနေလေသည်။

လက်ချိုးရေ၍ပင်မရသော ကျင့်ကြံသူများစောင့်ကြပ်နေကြပြီး သူတို့အထဲက ဆယ်ယောက်မှာ ချီအခြေတည်အဆင့်တွင်ဖြစ်သည်။ လေလံပွဲကျင်းပရာစင်မြင့်အပေါ်ရှိ လေထဲတွင် ကျင့်ကြံသူလေးယောက် တင်ပျဥ်ခွေထိုင်နေ၏။ သူတို့ခန္ဓာကိုယ်များမှာ လင်းလက်တောက်ပနေပြီး သူ့တို့ပတ်ဝန်းကျင်တွင် ထုတ်လွှတ်နေသော ဖိအားကား အမြုတေဖြစ်တည်မှုအဆင့်မှဖြစ်သည်။

ဤသည်မှာ မျက်စိဖြင့်မြင်နိုင်သော အစောင့်တပ်အားသာရှိသေးသည်။ လေလံပွဲတစ်ပွဲအား ဤမျှအတိုင်းအတာအထိ စီစဥ်ရန်မှာ အနုသုခုမရုပ်ခန္ဓာအခြေတည်ခြင်းအဆင့်ကျင့်ကြံသူများ၏ အထောက်အပံ့လိုအပ်မည်ဖြစ်သည်။ အနုသုခုမရုပ်ခန္ဓာအခြေတည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် မြို့တစ်ခုလုံး၏နှလုံးသားအတွင်းသို့ အကြောက်တရားများ ရိုက်ထည့်ပေးနိုင်၏။ သို့သော် တောင်ပိုင်းဒေသ၏ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုတွင်ပင်လျှင် အနုသုခုမရုပ်ခန္ဓာအခြေတည်ခြင်းအဆင့်ကျင့်ကြံသူများမှာ ရှားပါးလှသည်။

မည်သည့်အနုသုခုမရုပ်ခန္ဓာအခြေတည်ခြင်းအဆင့်ကျင့်ကြံသူကိုမဆို ခေါင်းဆောင်ကြီးအဖြစ် သတ်မှတ်ကြပြီး သူတို့မှာ တံခါးပိတ်ကျင့်ကြံရင်း အချိန်ကုန်ဆုံးကြသည်က များလေသည်။အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများသာ ဂိုဏ်းကိစ္စအရေးအရာများကို ကိုင်တွယ်ကြရသူများဖြစ်သည်။

လေလံပွဲတက်ရောက်သူအများစုမှာ တုန်းလိုင်ပြည်မှဖြစ်၏။ လေလံပွဲတွင် ပါဝင်ရန်ဆိုသော ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဤနေရာသို့ ခရီးနှင်လာခဲ့ကြသော ဘေးပတ်ဝန်းကျင်နိုင်ငံများမှ ကျင့်ကြံသူများလည်းရှိသည်။ လေလံပွဲကျင်းပရာရင်ပြင်အထဲ ဝင်ရောက်သူများအားလုံး၌ လေလံပြားများရှိကြလေသည်။ မန်ဟိုရောက်ချိန်တွင် လူရာနှင့်ချီနေပြီဖြစ်သည်။ သို့ထိတိုင် လူအများကား တသဲသဲဝင်ရောက်လာနေကြဆဲပင်။

မန်ဟိုသည် အစွန်ဆုံး၌ဝယ်ထားခဲ့သော ခုံထံသွား၍ တင်ပျဥ်ခွေထိုင်ကာ စင်မြင့်နှင့် ရင်ပြင်ကို အေးစက်စွာကြည့်လိုက်သည်။ ပင်မရင်ပြင်၏အပေါ်တွင် သီးသန့်ရုံသုံးထပ် စီစဥ်ထား၏။ ကျင့်ကြံခြင်းအခြေခံမြင့်မားသူများအတွက်တော့မဟုတ်၊ အဆင့်အတန်းမြင့်သောကျင့်ကြံသူများအတွက် ဖြစ်သည်။

သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား ဝေ့ဝိုက်ကြည့်လိုက်သောအခါ အခြားသူတကာထက်ပို၍ သိသိသာသာအရပ်ရှည်သော အဖွဲ့တစ်ဖွဲ့ကို သူသတိထားမိသွားသည်။ သူတို့၏ ကိုယ်ပေါ်တွင် အဝတ်အစားများများမရှိပေ။ အမှန်တကယ်ဆိုရလျှင် သူတို့ခန္ဓာကိုယ်၏အစိတ်အပိုင်းအများစုအား သံကွင်းများဖြင့် ဝိုင်းပတ်ထား၏။ သူတို့၏အသားအရေမှာ နက်မှောင်နေပြီး အများစုတွင် အပြာရောင်မျက်လုံးများရှိကြလေသည်။

သူတို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကား ထွားကြိုင်းသန်မာပြီး အမွေးအမျှင်များလည်း ထူထဲလှ၏။ သူတို့က တောင်ပိုင်းဒေသမှမဟုတ်ဘဲ အနောက်တိုင်းသဲကန္တာရမှကျင့်ကြံသူများဖြစ်ကြောင်း သိသာလေသည်။

အချိန်နှစ်နာရီ ကုန်လွန်သွားသည်။ မကြာမီ လေလံပွဲကျင်းပရာရင်ပြင်တွင် လူတစ်ထောင်နီးပါးပြည့်နှက်သွားသောအခါ ခေါင်းလောင်းသံထွက်ပေါ်လာ၏။ လှုပ်ရှားသွားလာမှုများနှင့် ဆူညံသံများ ငြိမ်ကျသွားပြီး ရင်ပြင်တစ်ခုလုံးကား အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

တစ်ချိန်တည်းမှာပင် မျက်စိကျိန်းမတတ် တောက်ပသော ရောင်စုံအလင်းရောင်သည် လေလံပွဲကျင်းပရာစင်မြင့်၏အလယ်၌ ပေါ်ပေါက်လာ၏။ ၄င်းက ရင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ပြန့်ကားလာလေသည်။

ထိုစဥ် လူတစ်ယောက် စင်မြင့်ပေါ်တွင် မည်သည့်နေရာကမသိ ထွက်ပေါ်လာ၏။ သူက ရှည်လျားသောဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူ၏ဆံပင်မှာ ဆွတ်ဆွတ်ဖြူနေပြီး သူ့တွင် ရှေးဆန်သောအသွင်တစ်ခုရှိ၏။ သူက စူးရှလင်းလက်သော မျက်လုံးများဖြင့် ဝေ့ဝိုက်ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအကြား ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။

"သတမရတနာဆောင်က ဆရာကြီးချောင်ပဲ"

"ဒါဆို ဆရာကြီးချောင်ကိုယ်တိုင် လေလံပွဲကို တာဝန်ယူမှာပေါ့။ ဆရာကြီးချောင်က အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်ရောက်နေပြီ။ ပြီးတော့ သူက တောင်ပိုင်းဒေသသားမဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုံးက နဂါးငွေ့တန်းပင်လယ်မှာရှိတဲ့ ကျွန်းဆွယ်တွေကနေ ဒိီကိုရောက်လာခဲ့တာ"

စကားသံများ ပွက်လောရိုက်လာသဖြင့် စင်မြင့်ပေါ်က အဘိုးအိုက ချောင်းတစ်ချက်ဟန့်လိုက်သည်။ ထို့နောက် သူ၏စကားသံသည် ရင်ပြင်တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။

"ဒီနေ့ လေလံတင်မယ့်ပစ္စည်းတွေထဲမှာ ဆေးလုံးတွေ၊ မှော်ပစ္စည်းတွေ၊ အမွေအနှစ်တွေ၊ ကောင်းကင်ပစ္စည်းတွေနဲ့ လောကဓာတ်ရတနာတွေ၊ အနောက်တိုင်းသဲကန္တာရက ပစ္စည်းတွေ၊ တောင်ပိုင်းဒေသရဲ့ ရတနာတွေရယ်၊ နဂါးငွေ့တန်းပင်လယ်က လက်ဝတ်ရတနာတွေပါဝင်ပြီး စုစုပေါင်း ပစ္စည်းအခုတစ်ရာရှိတယ်။ ကျုပ် လေလံပွဲရဲ့ စည်းမျဥ်းတွေကိို ရွတ်ရင်း အချိန်မဖြုန်းချင်ဘူး။ ပထမပစ္စည်းက နဂါးငွေ့တန်းပင်လယ်က နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ခရုခွံပဲ" သူ့နောက်တွင် အမျိုးသမီးတစ်ဦး ရုတ်တရက်ပေါ်လာသည်။ သူမသည် လှပကြော့ရှင်းနေပြီး ယုံကြည်ချက်လွန်ကဲနေသည့်အငွေ့အသက်တစ်ခု ရှိနေ၏။ သူမက လက်တစ်ဖက်အရွယ်အစားရှိသော အနက်ရောင်ခရုခွံကို တင်ထားသည့် ကျောက်စိမ်းဗန်းကို ကိုင်ဆောင်ထားသည်။

ခရုခွံကို မျက်နှာပြင်တစ်လျှောက် ဟိုဟိုသည် ယှက်သန်းဆက်စပ်လျက်ရှိသည့် မရေမတွက်နိုင်သော အစင်းကြောင်းများဖြင့် ဖုံးလွှမ်းနေသည်။ ၄င်းမှာ မိုးကောင်းကင်နှင့်တာအို၏ လျှို့ဝှက်ချက်များ ပါဝင်နေသည့်အလား လင်းလက်တောက်ပနေချေသည်။ ၄င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် လျှို့ဝှက်ဆန်းကြယ်သော သုခတေးသံသည် ရင်ပြင်တစ်လွှမ်း ပြည့်နှက်သွား၏။

"ဒီရတနာပစ္စည်းက နှစ်တစ်ထောင်သက်တမ်းရှိပြီး သုခတေးသံကို ထုတ်ပေးနိုင်တယ်" ဆရာကြီးချောင်က ပြောသည်။ ရင်ပြင်တစ်ခုလုံး ရှဲခနဲ ငြိမ်ကျသွား၏။ " အခွံမှာ ယှက်သန်းနေတဲ့ သွေးကြောတွေက သဘာဝအလျောက် ထူးခြားတယ်။ သူတို့အထဲ စိတ်ဝိညာဥ်အာရုံ သုံးရက်တိုင်တိုင် စိမ့်ဝင်စေလိုက်ရင် အဆွေတို့ရဲ့ သက်တမ်းကို နှစ်ခြောက်ဆယ်ရပ်ဝန်းတစ်ဝက် ထပ်ပေါင်းထည့်နိုင်တယ်" သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရင်ပြင်တစ်ခုလုံး၌ စကားသံများ ကျွတ်ကျွတ်ညံသွား၏။

လူ့သက်တမ်းကို ရှည်စေနိုင်သော ရတနာပစ္စည်းတစ်ခုမှာ အတော်လေးအထိအရှလွယ်ပြီး တိုက်ခိုက်သတ်ဖြတ်ခြင်းများကိုပင် ဖြစ်ပွားစေနိုင်သည်။ သီးသန့်ရုံများအတွင်းရှိ လူအတော်များများပင် အံသြသွားကြ၏။ ဤနေ့လေလံပွဲကား ပွဲကြီးပွဲကောင်းဖြစ်ပေတော့မည်။

လေလံပွဲကျင်းပရာစင်မြင့်နှင့် ဝေးသော်လည်း မန်ဟို၏ အာရုံက တည်ငြိမ်အေးဆေးသော မိန်းမပျိုလေးအပေါ်တွင်သာ ကျရောက်နေသည်။ သူ သူမကို မှတ်မိလိုက်သောအခါ သူ၏မျက်နှာအား အံသြမှုအရိပ်အယောင်တို့ ဖုံးလွှမ်းသွားတော့သည်။ ဤသည်မှာ တုန်းလိုင်ပြည်က သတမရတနာဆောင်တွင် သူ့ကို ပရောပရီလုပ်ခဲ့သော မိန်းကလေး ချောင်လင်ပင်။

"သူက ဘယ်လိုလုပ် ဒီရောက်နေတာတုံး။ ကျိုးပြည် ပျောက်ကွယ်သွားတာပဲ ကြာခဲ့ပြီကို..... ဟိုအဖြစ်အပျက်တွေမတိုင်ခင် သူထွက်သွားခဲ့တာထင်တယ်။ ဒီမြို့မှာလဲ သတမရတနာဆောင်တစ်ဆောင် ရှိနေတာပဲ မဟုတ်လား"

အခုလောလောဆယ်တွင် ပထမအထပ်ရှိ သီးသန့်ရုံတစ်ရုံထဲတွင် ချူယွီယန်သည် ရင်ပြင်ကိုငုံကြည့်ရင်း မတ်တပ်ရပ်နေသည်။ သူမဘေးတွင် လေးစားမှုအပြည့်ရှိသောမျက်နှာထားဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ရပ်နေ၏။

"တာအိုရောင်ရင်းချူ၊ ခင်ဗျားလိုအပ်တဲ့ နွေဦးနဲ့ဆောင်းဦးသစ်ပင်က ဒီမှာပါ။ ကံဆိုးစွာနဲ့ ကျုပ်တို့ဆိုင်ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်လို့မရပါဘူး။ ခင်ဗျားလိုချင်ရင် လေလံပွဲကတစ်ဆင့်ပဲ ယူလို့ရပါမယ်။ အဲ့တာက လေလံမဲနံပါတ် ၃၉ပါ"

***

All Chapters