← Chapters

ချူယွီယန်၏ သတ်ဖြတ်လိုစိတ်များ

Vol. 8 Ch. 110

ချူယွီယန်၏ သတ်ဖြတ်လိုစိတ်များ

Vol. 8 Ch. 110

"ဒုတိယအထပ်က လူတစ်ယောက်နဲ့အပြိုင် လေလံဆွဲဖို့ ကြိုးစားနေတာ ကျုပ်ဖြင့် မယုံနိုင်တော့ဘူး။ အဲ့လူက ဘယ်သူလဲ။ ခမောက်ဆောင်းထားတော့ ကျုပ် သူ့မျက်နှာကို သေချာမမြင်ရဘူး"

" ဒီလူကတော့ နွေဦးနဲ့ဆောင်းဦးသစ်ပင် စျေးကိုမြှင့်ရဲတဲ့အထိ ဇတော်တော်ရှိတာပဲ"

" အပေါ်ဆုံးအထပ်ရုံထဲက ကျင့်ကြံသူကကော ဘယ်သူလဲ....။ စိတ်ဝင်စားစရာကောင်းနေပြီ" လေလံပွဲကျင်းပရာ ရင်ပြင်တွင် စကားသံများ ပွက်ပွက်ညံသွား၏။ စင်မြင့်ထက်က ဆရာကြီးချောင်သာလျှင် ပြောင်းလဲမှုတစ်စုံတရာ မရှိပေ။ သူက မန်ဟိုကို တစ်ချက်ကြည့်ပြီးနောက် အပေါ်ဆုံးအထပ်ကို မော့ကြည့်လိုက်သည်။

သူ့နောက်ရှိ ချောင်လင်၏မျက်နှာပေါ်တွင် စိတ်ဝင်စားသောအရိပ်အယောင်တချို့ ပေါ်ပေါက်လာ၏။ သူမက မန်ဟိုကို သေသေချာချာကြည့်လိုက်ပါသော်လည်း သူ၏ခမောက်နှင့် မျက်နှာဖုံးကြောင့် သူ့ကို မမှတ်မိပေ။

"ငါးသိန်း" ချူယွီယန်က မျက်ခုံးလေးများတွန့်ချိုးရင်း ပြောသည်။ ဤသည်မှာ သူမအတွက်ပင် မယုံနိုင်ဖွယ်ကောင်းသော ခေါ်စျေးဖြစ်သည်။ သူမက ရုံ၏လိုက်ကာကို ပင့်တင်ရင်း ရှေ့သို့လှမ်းလာ၏။ ရုတ်ခြည်းပင် သူမသည် အောက်ဖက်ရင်ပြင်ရှိ လူတိူင်း၏အာရုံစိုက်ရာ ဖြစ်သွားတော့သည်။

"ဒါက...."

"ချူယွီယန်၊ ဇီယွင်ဂိုဏ်းက ချူယွီယန်ပဲ"

"ဒီတော့ သူကိုး....." ရင်ပြင်တစ်ခုလုံးကား ပွက်လောရိုက်သွား၏။ တုန်းလိုင်ပြည်တွင် ချူယွီယန်သည် အထင်ကြီးလေးစားခံရသူဖြစ်သည်။ သူမသည် ဇီယွင်ဂိုဏ်း၏ကျင့်ကြံသူဖြစ်သည့်အပြင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ လက်ထောက်ဖြစ်သည်သာမက သူမဖခင်မှာ ဂိုဏ်းခေါင်းဆောင်ဖြစ်၏။ ထိုအရာအားလုံးနှင့် သူမ၏ ပြိုင်ဘက်ကင်းအလှတရားတို့ ပေါင်းစည်းသွားသောအခါတွင် လူအများအား သူမကို ချက်ချင်းအာရုံစိုက်သွားစေသည်။

"ကဲ ကိစ္စပြီးပြီ။ ချူယွီယန်သာ မျက်နှာမပြခဲ့ရင် သိပ်ကြည့်ကောင်းမှာ။ ဒါပေမယ့် အခု သူထွက်လာပြီဆိုတော့ နွေဦးနဲ့ဆောင်းဦးသစ်ပင်လေးအတွက်နဲ့ ဘယ်သူမှ လေလံပြိုင်ဆွဲချင်မှာမဟုတ်တော့ဘူး"

"ချူယွီယန် ကြည့်ရတာ အဲ့ဒီ့နွေဦးနဲ့ဆောင်းဦးသစ်ပင်အတွက် သန္နိဌာန်ချထားပုံပဲ။ သူရဲဲ့သရုပ်မှန်ကိုတောင် ဖော်ပြတယ်ဆိုတော့ လွန်ခဲ့နှစ်တွေတုံးက ဟိုကောလာဟလတွေ အမှန်ဖြစ်နေတာလား"

"အဲ့လိုထင်တာပဲ။ မဟုတ်ရင် ဘယ်လိုလုပ် နွေဦးနဲ့ဆောင်းဦးသစ်ပင်ကို သူလိုအပ်မှာလဲ"

ကျင့်ကြံသူများ၏ စကားသံများ ကျွတ်ကျွတ်ညံနေပြီး ချူယွီယန်ပင်လျှင် နွေဦးနှင့်ဆောင်းဦးသစ်ပင်အတွက် လေလံဆွဲခြင်းပြီးဆုံးသွားပြီဟု တွေးထင်သွား၏။ သို့သော် မန်ဟို၏ အေးစက်သောအသံကား ထပ်မံထွက်ပေါ်လာပြန်သည်။

"ခြောက်သိန်း" မန်ဟိုသည် ခေါ်စျေးအား တစ်သောင်းစီတိုးမနေတော့ဘဲ ချက်ချင်းပင် ချူယွီယန်၏ခေါ်စျေးထက် တစ်သိန်းပိုပေးလိုက်သည်။ ဤအခြင်းအရာက အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေပြီး ဆရာကြီးချောင်ပင်လျှင် မန်ဟို့ကို ငုံကြည့်သည်။

ချူယွီယန်မှာ မန်ဟိုကို မျက်မှောင်ကြုတ်ကြည့်လိုက်သော်လည်း သူ၏ခမောက်ထိပ်ကိုသာ မြင်ရလေသည်။

"ခြောက်သိန်းခွဲ"

"ခုနစ်သိန်း" မန််ဟိုက တည်ငြိမ်စွာဆိုသည်။ သူသည် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို အရယူရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သဖြင့် နောက်ဆုတ်ပေးမည်မဟုတ်ပေ။

"တာအိုရောင်ရင်း ကျွန်မဘယ်သူလဲ ရှင် သေချာပေါက်သိမှာပါ" ချူယွီယန်က မန်ဟို့ကို စိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါးပြောသည်။ "ဒီပစ္စည်းက ဝိညာဥ်ကျောက်တုံးအများကြီးမတန်ပါဘူး။ ကျွန်မရဲ့အသိတစ်ယောက် အဆိပ်ဖိနှိပ်ထားနိုင်ဖို့ ကူညီဖို့လိုလို့ပါ။ ရှင်သိမယ်ထင်ပါတယ်။ ကျေးဇူးပြုပြီး နောက်ဆုတ်ပေးနိုင်မလား။ ရှင်နောက်ဆုတ်ပေးမယ်ဆိုရင် ရှင့်ကျေးဇူးကို ကျွန်မမမေ့ပါဘူး"

ဤသည်က လေလံကွင်းတစ်ကွင်းလုံးတွင် ပို၍ပင် အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေ၏။

"ဒါဆို ကောလဟလတွေ အမှန်ပဲပေါ့။ သူက ဒါကို ဝမ်မျိုးနွယ်စုက ဝမ်တန်ဖေးအတွက် ဝယ်နေတာပဲ"

"ကျင်းဟန်ဂိုဏ်းက လူတွေပြောစကားအရ ဝမ်မျိုးနွယ်စုရဲ့ ရွေးချယ်ခံ ဝမ်တန်ဖေးက ဝေးလံခေါင်ဖျားတဲ့နိုင်ငံတစ်နိုင်ငံက ဂိုဏ်းတစ်ဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတယ်ဆိုပဲ။ သူက အံဖွယ်အမွေအနှစ်ကို ရှာနေခဲ့တာတဲ့။ ဒါပေမယ့် အတွင်းစည်းထဲဝင်ရောက်ဖို့ ယှဥ်ပြိုရင်း မရှုမလှရှုံးနိမ့်သွားပြီး ဒေသခံကျင့်ကြံသူတစ်ယောက်က သူ့လက်ချောင်းကို ဖြတ်ပစ်ခဲ့တယ်"

"ဟုတ်တယ် မှန်နိုင်ခြေများတယ်။ ကျင်းဟန်ဂိုဏ်းက အရေးတယူလုပ်ထားတဲ့ ဟိုဖက်တီးလီဖူကွေ့က အမြဲတမ်းဝမ်တန်ဖေးအကြောင်းပြောနေတာလေ။ သူက လူတိုင်းတိုင်းလိုလိုလျှောက်ပြောနေတာ။ ဝမ်တန်ဖေးကတော့ ပိုလို့တောင် သိိုသိုသိပ်သိပ်နေနေရတော့တာပဲ။ သူလက်ချောင်းအသစ် ဖန်တီးခဲ့ပေမယ့် အဲ့တာ အဆိပ်သင့်နေတယ်လေ။ တော်တော်များများ အဲ့အကြောင်းသိကြတယ်။ ချူယွီယန်က ဝမ်တန်ဖေးလက်ချောင်းကအဆိပ်ကို ဖိနှိပ်ဖို့ လိုချင်နေတာ သိသာနေတာပဲ"

မန်ဟို ထိုအကြောင်းကြားသောအခါ သူ၏မျက်လုံးများ မသိမသာအရောင်လဲ့သွားသည်။ အခုတွင် ချူယွီယန် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို အသည်းအသန်လိုချင်နေရသည့်အကြောင်းရင်းကို သူလိုက်လေပြီ။ ထို့ပြင် အခြားကျင့်ကြံသူများ ပြောစကားများအရ ဖက်တီးလီဖူကွေ့တစ်ယောက် ကျင်းဟန်ဂိုဏ်းတွင် ကောင်းကောင်းနေ၊ ကောင်းကောင်းစားနေရပုံရသည်။

"တာအိုရောင်ရင်းချူ၊ ကျုပ်လဲ ဒီပစ္စည်းကို မဖြစ်မနေ လိုအပ်ပါတယ်" မန်ဟိုက အေးဆေးတည်ငြိမ်စွာ ဆိုသည်။

ချူယွီယန်၏အကြည့်များ အေးစက်သွားပြီး သူမက အံတင်းတင်းကြိတ်၍ မန်ဟို့ကို စိုက်ကြည့်သည်။ "ခုနစ်သိန်းခွဲ"

"ကိုးသိန်း" မန်ဟို့တွင် ဝိညာဥ်ကျောက်တုံးအတော်များးများရှိသေးလေသည်။ ထို့ပြင် သူသည် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို အရယူရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်၍ အဆမတန်စျေးခေါ်လိုက်ခြင်းဖြစ်သည်။

ထိုမျှမြင့်မားသော ကိန်းဂဏန်းကိုကြားလျှင်ချင်း ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ ပင့်သက်ရှိုက်သွားပြီး မန်ဟို့ကို လောဘတကြီး ကြည့်လိုက်ကြသည်။ သို့သော်လည်း ဇိီယွင်ဂိုဏ်း၏ ချူယွီယန်အရှေ့မှ ပစ္စည်းတစ်ခုကို လုယူဝံ့သောလူတစ်ယောက်တွင် သေချာပေါက်အားကောင်းသော ကျောထောက်နောက်ခံရှိမည်ဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။

"ရှင်" ချူယွီယန်မှာ အံတင်းတင်းကြိတ်လိုက်သဖြင့် သွားများပင်ကျိုးကြေတော့မည်ထင်ရသည်။ သူမသည် ဇီယွင်ဂိုဏ်း၏ ရွေးချယ်ခံရသူတစ်ဦးဖြစ်သော်လည်း သူမယူဆောင်လာသည့် ဝိညာဥ်ကျောက်တုံးများက သူမအပိုင်မဟုတ်ပေ။ ဂိုဏ်းအတွင်းရှိ သူမအဆင့်အတန်းကိုပင် ပဓာနမထားဘဲ ဝမ်တန်ဖေးကိုကူညီနေရသည့် အကြောင်းရင်းကား ရှင်းပြရန် ခက်ခဲလေသည်။ ကိုးသိန်းဆိုသော ပမာဏကား သူမကို အတော်လေး အစွမ်းအစမဲ့သွားစေသော အတိုင်းအတာဖြစ်၏။ သူမက ဘာတစ်ခွန်းမှမဆိုဘဲ သတ်ဖြတ်လိုစိတ်များ တောက်ပနေသောမျက်လုံးများဖြင့် မန်ဟို့ကိုသာ ငုံ့ကြည့်နေသည်။

အချိန်များကုန်လွန်သွားပြီး သူမ စျေးထပ်မခေါ်တော့ပေ။ နွေဦးနှင့်ဆောင်းဦးသစ်ပင်ကား မန်ဟို့ထံ ရောက်သွားလေပြီ။ သတမရတနာဆောင်မှ လူတစ်ယောက်က မန်ဟို့ထံမှ ကျသင့်ငွေ့ကို လက်ခံရန် အနားကပ်လာပြီး သူ့ကို ပစ္စည်းကမ်းပေးလိုက်သည်။ သူက ၄င်းကိုလက်ခံပြီးသည်နှင့် လေလံပွဲကျင်းပရာရင်ပြင်မှ တတ်နိုင်သမျှ မြန်မြန်ထွက်သွားတော့သည်။

အခြားမည်သည့်ပစ္စည်းများ လေလံတင်နေသည်လဲ သူဂရုမစိုက်ပေ။ ဆက်နေရန်လည်း ရည်ရွယ်ချက်မရှိ။ ကျင့်ကြံသူများလေလံပွဲတွင် မည်သူမဆို အချိန်မရွေးထွက်သွားနိုင်လေသည်။

သူက တောင်ကြားချိုင့်ဝှမ်းများစွာအား တတ်နိုင်သမျှမြန်မြန်ဖြတ်ရင်း ခပ်သုတ်သုတ်သွားနေသည်။ ထို့နောက် သူ၏ခမောက်နှင့် မျက်နှာဖုံးကိုချွတ်ကာ အဝတ်လဲလိုက်သည်။ သူသည် အခုတွင် လေလံပွဲကပုံနှင့် တခြားစီဖြစ်သွားလေပြီ။

သူသည် အမြန်ဆုံးအရှိန်ဖြင့် ရွေ့လျားနေရင်း မြို့ဂိတ်ထံသို့ တန်းတန်းမတ်မတ်ဦးတည်သွား၏။ အပြင်ဘက် မီတာ သုံးရာရောက်သော် သူသည် အဝေးသို့ တဟုန်ထိုးထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားလေသည်။ သူက အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသည်အထိ ပျံသန်းနေခဲ့ပြီးနောက်တွင် သူ့နောက်မှ တဂီးဂီး ငှက်အော်သံတစ်သံကြားလိုက်ရသည်။ ၄င်းကား သူ့အမြန်နှုန်းထက်သာလွန်သော အရှိန်ဖြင့် သူ့နောက်လိုက်နေသည့် တစ်ကိုယ်လုံးအစက်အပြောက်မရှိ ဆွတ်ဆွတ်ဖြူနေသော ကြိုးကြာငှက်တစ်ကောင်ပင်။

မန်ဟို မျက်မှောင်ကြုတ်ပြီး နောက်လှည့်ကြည့်လိုက်သည်။

ကြိုးကြာငှက်၏အပေါ်တွင် အဖြူရောင်ဝတ်ရုံနှင့်မိန်းကလေးတစ်ယောက် ရပ်နေ၏။ သူမက ချူယွီယန်မှတစ်ပါး အခြားသူမဟုတ်ပေ။ သူမမျက်နှာမှာ အမူအရာကင်းမဲ့နေသော်လည်း သူ၏မျက်လုံးများကား ရေခဲတမျှအေးစက်နေသည်။ သူမသည် ဆုတ်ခွာနေသော မန်ဟို၏အသွင်ကို သွေးအေးစွာ စူးစိုက်ကြည့်နေ၏။ ကြိုးကြာက ရောင်စုံအလင်းတန်းတစ်တန်းအသွင်ပြောင်းရင်း အနားကပ်လာစဥ်တွင် ဂီးခနဲအော်မြည်လိုက်သည်။ ၄င်းပါးစပ်မှ အဖြူရောင်အလင်းတစ်လုံးထွက်လာပြီး မန်ဟို့ကို အုပ်မိုးရန် ရှေ့သို့ပြန့်ကားလာသော ဧရာမပိုက်ကွန်ကြီးအဖြစ် ပြောင်းလဲသွားသည်။

ချူယွီယန်က လက်ထဲတွင် ကျောက်စိမ်းပြားတစ်ပြားကိုင်ဆောင်ထား၏။ ကျောက်စိမ်းပြား၏မျက်နှာပြင်ပေါ်တွင် ရှေးဆန်သောအရှိန်အဝါတစ်ခုထုတ်လွှတ်နေသော အနက်ရောင်အစက်အပြောက်များရှိသည်။ သူမက ၄င်းကို အသုံးပြု၍ ဆံဖြူတစ္ဆေအဘိုးအိုတစ်ယောက်ကို ဆင့်ခေါ်လိုက်ရာ ကျောက်စိမ်းပြားအပေါ်တွင် ဖြစ်တည်လာသည်။ တစ္ဆေက လက်ကိုမြှောက်ပြီး မန်ဟိုထံသို့ သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ တစ္ဆေလက်ချောင်းက မန်ဟို့နောက်သို့ တဟုန်ထိုးလိုက်သွားလေသည်။ ၄င်းမှာ ဤကျောက်စိမ်း၏အထူးလုပ်ဆောင်ချက်ဖြစ်သည်။

"နွေဦးနဲ့ဆောင်းဦးသစ်ပင်ကို ပေး။ ရှင် ဘာပြဿနာမှ မဖြစ်စေရဘူး။ မဟုတ်ရင် ဒီရှာဖွေခြင်းကျောက်စိမ်းက သုံးပြီး ကျွန်မရှင့်ကို ခြေရာခံနိုင်တယ်။ ရှေးဟောင်းကျောက်စိမ်းက ရှင်ကို့ အလွတ်ပေးမှာမဟုတ်ဘူး။ ရှင် မိုးမြေအဆုံးထွက်ပြေးရင်တောင်မှ ကျွန်မ ရှင့်ကို ရှာနိုင်တယ်" ချူယွီယန်က သူမ၏သိုလှောင်အိတ်ကို ထပ်မံပုတ်လိုက်ပြန်ရာ ခရမ်းရောင်ချီဓာတ်ထွက်ပေါ်လာပြီး လက်သီးဆုပ်အရွယ်ရှိ ခရမ်းရောင်ခြယ်ကြာခွက်တစ်ခုအသွင် ပြောင်းသွားသည်။ သူမ ၄င်းကို ရှေ့သို့ပစ်ပေါက်လိုက်ချိန်တွင် ၄င်းသည် တုန်ခါသွားပြီး ကြာစေ့တစ်ဒါဇင်ထွက်လာ၏။ သူတို့ ရှေ့သို့ပျံထွက်သွားစဥ် ခရမ်းရောင်ကြာစေ့များက ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော တစ္ဆေအမျိုးသမီးတစ်ယောက်အသွင်ပြောင်းသွားသည်။ သူမက တိုက်ပွဲဝင်လှံတံများကို ဝှေ့ရမ်းရင်း မန်ဟို့ထံသို့ တဟုန်ထိုးပြေးဝင်သွား၏။

သူတို့အနားရောက်လာစဥ်တွင် ချူယွီယန်၏ ချီအခြေတည်အဆင့် ကျင့်ကြံခြင်းအခြေခံမှ ဖိအားသည် မန်ဟို့အပေါ် ဖိနှိပ််လာ၏။ ထိုမျှသာမက မန်ဟိုထံ တဟုန်ထိုး ပြေးဝင်လာနေသော ချပ်ဝတ်တန်ဆာနှင့်အမျိုးသမီးမှာ ချီအခြေတည်ခြင်း စဥိိီးပိုင်းအဆင့်၏စွမ်းအားများအား ထုတ်လွှတ်နေပုံရလေသည်။ ၄င်းတို့ကြောင် အပေါ်ထက် ကောင်းကင်ယံတွင် တိမ်တိုက်များ တလိပ်လိပ်ထလာတော့သည်။

မန်ဟို၏မျက်လုံးများ ဝင်းလက်သွား၏။လွန်ခဲ့သော ခြောက်နှစ်၊ ခုနစ်နှစ်အတွင်း သူသည် တိုက်ပွဲဝင်မှော်သိုင်းများ အသုံးပြုခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံများစွာ ရှိခဲ့သည်။ ဧရာမအဖြူရောင်ပိုက်ကွန်ကြီး ကျရောက်လာမည်ကို စောင့်ဆိုင်းမနေဘဲ သူ့ပါးစပ်ကို ဟကာ ထွေးထုတ်လိုက်သည်။တဖျောက်ဖျောက်မြည်ဟည်းနေသော လျှပ်စီးများ၏အလယ်တွင် လျှပ်စီးအလံထွက်ပေါ်လာသည်။ ၄င်းသည် လျှပ်စီးစက်ကွင်းများ ဟိုဟိုသည်သည်ကခုန်နေလျက်ရှိသော မြူတိမ်တိုက်တစ်ခုအသွင်ပြောင်းရင်း ကျရောက်လာသောပိုက်ကွန်ထံမသွားဘဲ ချဥ်းကပ်လာနေသော တစ္ဆေများအား ရစ်ပတ်ပစ်လိုက်သည်။

ဝုန်းခနဲပေါက်ကွဲသံကြီးတစ်သံ အဘက်ဘက်သို့ပျံ့နှံ့သွားသည်။ တစ္ဆေအမျိုးသမီးကား တစစီကွဲထွက်သွား၏။ ချူယွီယန် မျက်မှောင်ကြုတ်သွားပြီး သူမ၏နူးညံသောလက်ကလေးနှစ်ဖက်အား ဂါယာမန္တရားဆိုင်ရာ မုဒြာဟန်ဖြင့် မြှောက်လိုက်သည်။ သူမ မှော်သိုင်းအမျိုးအစားတစ်ခုခု ထုတ်လွှတ်တော့မည့်ဆဲဆဲမှာပင် မန်ဟို၏လက်များ လက်သွား၏။ သူက လျှပ်စီးအလံမှ ထုတ်လွှတ်ထားသော တိမ်တိုက်ကို အသုံးချကာ သူ၏လက်ကို ချူယွီယန်၏မြင်ကွင်းမှ ကာလိုက်သည်။ ထို့နောက် သူ၏ အိတ်ကိုပုတ်၍ ကြေးနီမှန်ကို ထုတ်ကာ ချူယွီယန်၏ကြိုးကြာငှက်ထံ ထိုးလိုက်သည်။

ချက်ချင်းပင် ကြိုးကြာ၏မျက်လုံးများမှာ မယုံနိုင်စွာဖြင့် ပြူးကျယ်သွားသည်။ ကြိုးကြာ၏တောင်ပံကား သွေးသားမြူမှုန်များအဖြစ် ဝုန်းခနဲပေါက်ကွဲထွက်သွားတော့သည်။ ထို့နောက် ၄င်း၏တင်ပါး တုန်ခါလာပြီး ပေါက်ကွဲသွားပြန်သည်။

သွေးသားအစိုင်အခဲများ မိုးရွာသကဲ့သို့ တဝေါဝါကျလာပြီး လှပကြော့ရှင်းခဲ့သော ကြိုးကြာ၏နှုတ်သီးမှ သွေးပျက်ချောက်ချားဖွယ်အသံနက်ကြီးတစ်သံ ထွက်လာ၏။ ၄င်းမှာ ပျံနိုင်စွမ်းမရှိတော့၍ ခန္ဓာကိုယ်တစ်ခုလုံးအား နာကျင်မှုများညှင်းပန်းနှိပ်စက်ရင်း မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။ ချူယွီယန်မှာ တအံ့တသြပင့်သက်ရှိုက်သွားမိ၏။ ကြိုးကြာ၏ တောင်ပံနှင့်တင်ပါး သွေးသံရဲရဲပေါက်ထွက်သွားသည့်မြင်ကွင်းက သူမကို ခဏတာ ကြောက်ရွံ့ထိတ်လန့်သွားစေလေသည်။

ကြိုးကြာငှက် တဂီးဂီးအော်မြည်ပြီး မြေကြီးပေါ် ပြုတ်ကျသွားသဖြင့် ဧရာမအဖြူရောင်ပိုက်ကွန်ကြီးမှာ စတင်ပြိုကွဲလာသည်။ မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ လျှပ်စီးအလံကို သိုလှောင်အိတ်ထဲ ပြန်ဝင်စေကာ နောက်ဆုတ်လိုက်သည်။ ထို့နောက် သူက အနက်ရောင်လေးတစ်လက် ထုတ်၍ လေးကြိုးကို ဆွဲကာ အံ့အားသင့်နေသော ချူယွီယန်ဆီသို့ မြားကိုးစင်းပစ်လွှတ်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံဖြင့် အားဖြည့်ထားသော မြားများက လေကိုခွင်း၍ တဝီးဝီး အော်မြည်သွားလေသည်။

ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာ၏။ မန်ဟို အမြန်ဆုံးအရှိန်ဖြင့် နောက်ဆုတ်ရင်း မျက်မှောက်ကြုတ်သွားသည်။ ယခုတွင် ခရမ်းရောင်ဒိုင်းတစ်ခုက ချူယွီယန်၏ပတ်လည်ကို ဝန်းရံထားလေသည်။ မြားများကြောင့် ချူယွီယန်၏အဝတ်စများ စုတ်ပြဲသွားသဖြင့် သူမ၏ နို့နှစ်ရောင်အသားလေးများပေါ်လာ၏။ သူမမှာ နဂိုကတည်းက လှပနေသည်ဖြစ်ရာ ယခုကဲ့သို့ သူမကို မြင်ပါက ယောက်ျားသားအများစု ရင်တလှပ်လှပ်ဖြစ်သွားရပေလိမ့်မည်။ သူမက စူးရှသောမျက်ဝန်းများဖြင့် မန်ဟိုလက်ထဲက အနက်ရောင်လေးကို စူးစိုက်ကြည့်သည်။

"အဲ့တာ ဂိုဏ်းကနေ ဂိုဏ်းတူအကိုတင်းရှင့်ကို အပ်နှင်းထားတဲ့ လေးပဲ။ ဘာကြောင့် ရှင့်မှာရှိနေတာလဲ။ အကိုတင်းရှင့် ကျိုးပြည်ကို သွားပြီးတဲ့နောက် သူ့ရဲ့ ကျောက်စိမ်းပြားကျိုးကြေသွားခဲ့တယ်။ ကျိုးပြည်....." သူမမျက်ဝန်းကလေးများထဲတွင် အလင်းရောင်တစ်ခု ရိပ်ခနဲဖြတ်ပြေးသွား၏။ သူမ စကားပြောရင်း တဖြေးဖြေးမျက်ဝန်းများပြူးကျယ်လာလေသည်။ သူမသည် မန်ဟို့ကို ရင်းနှီးသယောင်ယောင်ရှိခဲ့သော်လည်း အခုတွင် ဆက်စပ်တွေးနိုင်သွားလေပြီ။ နောက်ဆုံး သူမ သူ့ကို မှတ်မိသွား၏။ ဤလူကား ဝမ်တန်ဖေး အမြဲရေရွတ်နေတတ်သော မန်ဟိုပင်။ "ရှင်....ရှင်က မန်ဟိုပဲ။ ကျိုးပြည်က ပျောက်ကွယ်သွားပြီမဟုတ်လား။ ရှင်က...."

"တယ်တော်တဲ့ မိန်းကလေးပါလား" မန်ဟိုက ပြောပြီးနောက် ပျံထွက်သွားသည်။

အခုတွင် သူမ သူ့ကို မှတ်မိသွားပြီဖြစ်၍ သူမ၏သတ်ဖြတ်လိုစိတ်များကား ပို၍ပင်ပြင်းထန်လာတော့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က မန်ဟိုမှာ စဦးချီဖွဲ့စည်းမှုအဆင့်၅ သို့မဟုတ် ၆တွင်သာရှိခဲ့သော်လည်း အခုတွင် ချီအခြေတည်အဆင့်ရောက််ရှိနေပြီဖြစ်၍ သူမမှာ အံသြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေရင်း နောက်မှထပ်ကြပ်မကွာလိုက်သွား၏။ သူ၏ကျင့်ကြံခြင်းအခြေခံတုန်ခါမှုများအပေါ်အခြေခံ၍ ၄င်းက သိသာစွာပင် ကျိုးပဲ့အခြေတည်ခြင်းမဟုတ်ပေ။ ဒဏ်ရာအခြေတည်ခြင်းအဆင့်တွင်ဖြစ်ကြောင်း သူမ ရှစ်ဆယ်မှကိုးဆယ်ရာခိုင်နှုန်းအထိ သေချာသည်။

လွန်ခဲ့သောနှစ်များက ကျိုးပြည်၏အဖြစ်အပျက်များသည် တောင်ပိုင်းဒေသတစ်ခွင်လုံးအား ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့၏။ ချူယွီယန်မှာ မန်ဟို ဤနေရာတွင် ပေါ်လာခဲ့သည်ကို မယုံနိုင်လောက်အောင်ဖြစ်နေမိသည်။ သိသာစွာပင် သူသည် ကျိုးပြည်ပျောက်ကွယ်မသွားခင် လွတ်မြောက်လာခဲ့သည်ဖြစ်ရမည်။

ထိုအချိန် တောင်ပိုင်းဒေသ၏ အချက်အချာအလယ်ပိုင်းနယ်မြေမှ ဝေးကွာသော နေရာတစ်နေရာတွင် ဒဏ္ဍာရီလာသိမ်းငှက်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၄င်းက အားကောင်းသော သေခြင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်ရင်း နဂါးငွေ့တန်းပင်လယ်မှ ပျံသန်းလာနေ၏။ ၄င်းသည် မယုံနိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားနေသည်ဖြစ်၍ ၄င်းပျံသန်းရာလမ်းကြောင်းတစ်လျှောက်တွင် လေပြင်းများ တဝေါဝေါတိုက်ခတ်နေလျက်ရှိသည်။ ၄င်းပတ်ပတ်လည်ရှိ ကောင်းကင်ယံတွင်လည်း လျှပ်စီးမိုးကြိုးများ တဝင်းဝင်းလက်နေ၏။ ၄င်းလမ်းကြောင်းမှ ချက်ချင်း ဖယ်မပေးနိုင်သော မည်သူမဆိုမှာ ၄င်းဖန်တီးထားသည့်လေဆင်နှာမောင်းအတွင်း စုပ်ယူခံရကာ မည်သူမှမသိသောနေရာသို့ လွင့်ထွက်သွားမည်ဖြစ်သည်။

ဒဏ္ဍာရီလာသိမ်းငှက်ကြီး ပျံသန်းလာနေစဥ် ၄င်း၏ တဂီးဂီးအော်သံများကြောင့် တောင်တန်းများ အက်ကွဲပြီး အစိတ်စိတ်အမြွှာမြွာ ပြိုကျကုန်လေသည်။ အဝေးတစ်နေရာမှ ကျင့်ကြံသူပေါင်းများစွာသည် သိမ်းငှက်ကြီးနှင့် ၄င်း၏သေခြင်းအရှိန်အဝါအား မြင်သောအခါ ၄င်း၏ခန္ဓာကိုယ်အတွင်းတည်ရှိနေမည့် ရတနာများအကြောင်း တွေးမိသွားကြသဖြင့် ရင်တဒိန်းဒိန်းခုန်သွားကြသည်။ တချို့က နောက်မှလိုက်ဖမ်းရန်ကြိုးစားသော်လည်း သိမ်းငှက်ကြီးနှင့်ယှဥ်လျှင် နှေးလွန်း၏။ သူတို့မှာ အမွေးတိုင်တစ်တိုင်ထွန်းစာ အချိန်လေးအတွင်း နောက်ကျန်ရစ်ခဲ့ကြသည်သာဖြစ်သည်။

ဤအဖော်မဲ့သိမ်းငှက်ကြီးကား သေဆုံးခါနီးဖြစ်သည့်တိုင် မိုးကောင်းကင်ဘုရင်တစ်ပါးသဖွယ် ကောင်းကင်ကိုဖြတ်၍ ပျံသန်းနေဆဲပင်။

***

All Chapters