← Chapters

အခြေအနေများ ပြောင်းလဲခြင်း

Vol. 8 Ch. 112

အခြေအနေများ ပြောင်းလဲခြင်း

Vol. 8 Ch. 112

"အဲ့.....အဲ့တာ ဒဏ္ဍာရီလာသိမ်းငှက်ကြီးတစ်ကောင်ပဲ" ချူယွီယန်က အော်ပြောသည်။ " နန်ရှန်းတိုက်ကြီးမှာ နဂါးငွေ့တန်းပင်လယ်ကနေပဲ ဒဏ္ဍာရီလာသိမ်းငှက်ကြီးတွေ ထွက်လာနိုင်တယ်။ မန်ဟို ငါ့ကိုလွှတ်ပေး။ ဒီငှက်ကြီးဆီက ထုတ်လွှတ်နေတဲ့ သေခြင်းအရှိန်အဝါတွေအရဆိုရင် သေချာပေါက်သေခါနီးနေပြီ။ ဒါကြောင့် ပြန်လည်မွေးဖွားခြင်းဂူကို သွားနေတာပဲ။ ဒီလေတွေက အကုန်လုံးကို သိမ်းကျုံးတိုက်ခတ်သွားမှာ"

"မင်း ငါ့ကို အရင်လွှတ်" မန်ဟိုက အေးစက်စွာ ပြောသည်။ သူသည် သူ၏တာအိုမဏ္ဍိုင်အတွင်းတွင် မိစ္ဆာအမြုတေတုန်ခါနေသည်ကို ခံစားးနေရ၏။

"နင်" ချူယွီယန်က နှုတ်ခမ်းကို သွားဖြင့်ဖိကိုက်ရင်း ပြောသည်။ သူမ တစ်ခုခုပြောတော့မည့်ဆဲဆဲ လေတိုက်နှုန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟိန်းဟောက်ကြုံးဝါးသံကြီးတစ်သံ ကမ္ဘာမြေတွင် ပြည့်နှက်သွားသည်။ မရေမတွက်နိုင်သော တောင်စဥ်တောင်တန်းများ တဝုန်းဝုန်းပြိုကျကုန်ပြီး ကျောက်မှုန်ကျောက်မွှားများ လေနှင့်အတူ လွင့်မျောလာသည်။ ထိုစဥ် သိမ်းငှက်ကြီးက ရုတ်တရက် ဦးတည်ရာပြောင်းလိုက်သည်။ မန်ဟိုကိုယ်တွင်းရှိ မိစ္ဆာအမြုတေ၏စွမ်းအားက ၄င်းမျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်တစ်ခု လင်းလက်လာစေ၏။ ၄င်းက ချူယွီယန်နှင့် မန်ဟိုဘက်သို့ တဂီးဂီးအော်မြည်ရင်း ပျံသန်းလာလေသည်။

လေပြင်းမုန်တိုင်းကြီး တဝေါဝေါ အော်မြည်ရင်း တိုက်ခတ်လာသဖြင့် မိုးကောင်းကင်ပင် တဖြေးဖြေး မည်းမှောင်လာတော့သည်။ ကမ္ဘာ၏ ဤနယ်ပယ်ရှိ အရာရာတိုင်းကား သိမ်းငှက်ကြီးနှင့်သာ သက်ဆိုင်နေသည့်အလားပင်။

သိမ်းငှက်ကြီးနှင့်အတူ လေဆင်နှာမောင်းကြီးတစ်ခုလည်း အဖော်လိုက်ပါလာ၏။ တောင်တန်းများ အစိတ်စိတ်အမြွှာမြွှာ ကွဲထုတ်ကုန်ပြီီး သစ်ပင်များလည်း အမြစ်မှ ကျွတ်ထွက်ကုန်ကြသည်။

လေပြင်းများက မန်ဟိုနှင့် ချူယွီယန်ကို လှဲကျင်းတိုက်ခတ်သွားသည်။ ချူယွီယန်ဘေးတွင် ဝဲနေသောဆီမီးအိမ်မှာ ပြင်းပြင်းထန်ထန်တုန်ခါလာပြီး မီးငြိမ်သွားသည်။ ထိုအခိုက်မှာပင် သူ့ကို ချုပ်နှောင်ထားသော ရောင်စဥ်တန်းများလည်း ပျောက်ကွယ်သွား၏။

မိစ္ဆာအမြုတေ၏စွမ်းအားသည် အမွေအနှစ် ပထမဆုံးပေါ်လာခဲ့သည့်နေ့ရက်ကကဲ့သို့ သူ၏ကိုယ်တွင်းတွင် နောက်တစ်ဖန် ပွင့်ထွက်လာ၏။ မန်ဟို့ခေါင်းထဲတွင် ရှေးအတိတ်က ပုံရိပ်များ အစီစီအရီရီ ထွက်ပေါ်လာတော့သည်။

ထိုပုံရိပ်များအတွင်း၌ မိုးနဂါးပျံကြီးနှင့် ဒဏ္ဍာရီလာသိမ်းငှက်ကြီးကား အပြင်းအထန်တိုက်ခိုက်နေကြသည်။

ဝုန်း

မန်ဟိုမှာ ဧရာမလှိုင်းလုံးကြီးတစ်လုံး သူ၏စိတ်အစဥ်ကို ဝင်ဆောင့်တိုက်ချလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ တစ်ဆက်တည်းမှာပင် သူသည် လေဆင်နှာမောင်းထံသို့ လည်ထွက်သွားပြီး စိစိညက်ညက်နင်းခြေခံနေရသည့်အလား ခံစားလိုက်ရကာ ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူ၏ခန္ဓာကိုယ်မှာလည်း အပေါ်သို့စုပ်ယူခံလိုက်သဖြင့် ကြိုးဖြတ်ခံလိုက်ရသောစွန်ငယ်ပမာ လေအထဲ လူးလွန့်နေတော့သည်။

သူသတိမလစ်ခင် နောက်ဆုံးအခိုက်အတန့်လေး၌ လက်ကျန်ဝိညာဥ်စွမ်းအင်အနည်းငယ်ကို သုံး၍ သစ်သားဓားနှင့် လျှပ်စီးအလံကို ပြန်ဆွဲယူလိုက်သည်။ ထို့နောက် သူသတိလစ်မေ့မြောသွားတော့သည်။

ချူယွီယန်မှာ ပို၍ပင် အခြေအနေဆိုးသေးသည်။ သူမ အပေါ်သို့စုပ်ယူခံလာရချိန်တွင် သွေးတစ်ပွက်အန်လိုက်ရသည်။ သူမခန္ဓာကိုယ်အား အနက်ရောင်ပိုက်ကွန်က ရစ်ပတ်ထားဆဲဖြစ်ပြီး သူမမှာ သူမ၏ဆီမီးအိမ်နှင့်အတူ အပေါ်သို့ ဝရုန်းသုန်းကားမြောက်တက်သွား၏။ သူမမျက်နှာလေးမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး စိတ်ပျက်အားငယ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။ သိမ်းငှက်ကြီးထံမှ နောက်ထပ်လေပြင်းတစ်ချက်က သူမကို ရိုက်ခတ်သွားပြန်သဖြင့် သူမမှာ သွေးများအန်၍ သတိလစ်သွားတော့သည်။

မန်ဟိုနှင့် ချူယွီယန်တို့နှစ်ယောက်လုံးသည် ချီအခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် သိမ်းငှက်ကြီးကြောင့် ဖြစ်ပေါ်လာသော လေပြင်းမုန်တိုင်းများ တိုက်ခတ်ချိန်တွင် သူတို့နှစ်ယောက်လုံးး ခုခံနိုင်စွမ်းကင်းမဲ့နေ၏။ ကံကောင်းထောက်မသည်က မြေပြင်နှင့် မြဲမြံစွာ ချိတ်ဆက်လျက်ရှိသော တောင်တန်းများကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်မသွားကြပေ။

ဒဏ္ဍာရီလာသိမ်းငှက်ကြီး ဖြတ်သွားပြီးနောက် တုန်းလိုင်ပြည်တွင် လေမုန်တိုင်းများကား ရက်ပေါင်းများစွာကြာသည်အထိ ဆက်လက်တိုက်ခတ်လျက် ကျန်ခဲ့သည်။

မန်ဟို မျက်လုံးများ ဖွင့်လိုက်သည်။

သူ့တစ်ကိုယ်လုံးမှာ ကိုင်ပေါက်ခံထားသကဲ့သို့ နာကျင်နေချေသည်။ လွှမ်းခြုံလာသော နာကျင်မှုဒဏ်က သူ့ကို အလွန်ဆိုးဆိုးရွားရွား တုန်ရီသွားစေသဖြင့် တစစီပြိုလဲကျတော့မည့်အလား ခံစားလိုက်ရစေလေသည်။

တည်ငြိမ်မှုများက သူ၏မျက်လုံးများထဲတွင် တဖြေးဖြေးစိုးမိုးသွား၏။ နာကျင်မှုဒဏ်မှာ ထိတ်လန့်ဖွယ်ကောင်းပါသော်လည်း အဆိပ်ထသည့်အချိန်များနှင့်တော့ မယှဥ်နိုင်သေးပေ။ ထိုကျေးဇူးကြောင့် သူသည် ဤနာကျင်မှုမျိုးအား အသားကျနေပြီဖြစ်သည်။

သူက မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ဖြေးဖြေးချင်း ထိုင်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ငုံကြည့်လိုက်၏။ သူ၏အဝတ်အစားများမှာ စုတ်ပြဲနေပြီး တစ်ကိုယ်လုံးလည်း ပွန်းရာပဲ့ရာများ ပြည့်နှက်နေသည်။ ဒဏ်ရာများမှာ မရေမတွက်နိုင်အောင်ကိုပင်ဖြစ်ပြီး အချို့က ပိုနက်၏။ တချို့နေရာများဆိုလျှင် အရေပြားတစ်ခုလုံး လန်နေလေသည်။ အကယ်၍ သူသာ အနီးနားရှိ ကျောက်တုံးများဖြင့်သာ ဝင့်ဆောင့်မိပါက အရိုးထဲထိ အသည်းခိုက်အောင် နာကျင်စေမည်ဖြစ်သည်။

သူ့မှာ အသက်မနည်းရှူရင်း သူ့ကိုယ်သူ စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုစဥ် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ သူ၏ခန္ဓာကိုယ်မှာ လွန်ခဲ့သော ခြောက်နှစ်၊ ခုနစ်နှစ်က တာ့ချင်းတောင်ပေါ်တွင် ခံစားခဲ့ရသည့်အတိုင်း အားအင်ချည့်နဲ့နေချေသည်။

"ငါ့ကျင့်ကြံခြင်းအခြေခံ......" မန်ဟို ချက်ချင်း သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရန် အားထုတ်လိုက်သည်။ ၄င်း ရှိနေသေးကြောင်း တွေ့သည့်အခါမှသာ သူ့မှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူမျက်မှောင်ကြုတ်သွား၏။ ၄င်းက ရှိသေးသော်လည်း ကြီးမားသော အားကြီးတစ်ခုခုက ဟန့်တားထားသကဲ့သို့ လုံးဝအသုံးပြု၍မရပေ။

ဤအခိုက်အတန့်တွင် သူသည် သူ၏စုတ်ပြဲနေသောအဝတ်အစားကို ကြည့်ပြီး သိုလှောင်အိတ်တစ်လုံးမှ မရှိတော့ကြောင်း သဘောပေါက်လိုက်သည်။ သူတို့အားလုံးမှာ လေမုန်တိုင်းကြောင့် လွင့်ထွက်သွားပုံရလေသည်။

သူမျက်စိမျက်နှာပျက်သွား၏။ ထို့နောက် သူ၏လက်ကို မြှောက်ကာ ဝတ်ရုံအထဲနှိုက်လိုက်သည်။ သူပြန်ဆွဲထုတ်လိုက်သောအခါ စကြဝဠာအိတ်ပါလာ၏။ ဤအိတ်က ပုံမှန်သိုလှောင်အိတ်များနှင့် မတူသောကြောင့် မန်ဟို အမြဲတမ်း ဝတ်ရုံအတွင်းထဲ ထိုးထည့်ထားခဲ့သည်။ ထို့ကြောင့် လေပြင်းများ ၄င်းကို မထိနိုင်ခဲ့ခြင်းပင်။

" သစ်သားဓားတွေနဲ့၊ လျှပ်စီးအလံ အပါအဝင် ငါ့ရဲ့ ပစ္စည်းတော်တော်များများကို စကြဝဠာအိတ်ထဲ သိမ်းထားလို့ တော်သေးတာပေါ့" မန်ဟို ရေရွတ်လိုက်သည်။ "မဟုတ်ရင် တကယ့်ကို ကိုယ်ကျိုးနည်းပြီပဲ" သူက အိတ်ကို ဖွင့်ရန်ကြိုးစားကြည့်သော်လည်း မည်မျှကြိုးစားကြိုးစား ဖွင့်နိုင်ခြင်းမရှိပေ။ နောက်ဆုံး၌ သူ့မှာ သက်ပြင်းချရင်း ဘေးပတ်လည်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။

အမှောင်ထုအတွင်းတွင် အနက်ရောင်မြူများသည် ဟိုဟိုသည်သည် မျောလွင့်နေ၏။ ထူးဆန်းသောကျောက်ခဲများနှင့်အတူ ငှက်များ၊ သားရဲများ၏ မရေမတွက်နိုင်သော အရိုးပေါင်းများစွာက မြေကြီးပေါ်တွင် မွစာကြဲနေသည်။ ဤနေရာတွင် ထိုအရိုးများ ယခုလက်ရှိကဲ့သို့ အဖြူရောင်မသမ်းခင် မည်မျှကြာကြာ ပုပ်သိုးဆွေးမြည့်နေခဲသည်လဲ မည်သူသိမည်နည်း။ မန်ဟိုမှာ အံသြသထက် အံသြလာ၏။

ဤရွေ့ဤမျှနှင့်ပင် အခြေအနေဆိုးသင့်သလောက် ဆိုးနေပြီဖြစ်သော်လည်း မန်ဟို လူအရိုးတချို့အား သတိထားမိလိုက်သည်.....

သူ ကောင်းကင်ကို မော့ကြည့်လိုက်ပါသော်လည်း မြင်မြင်သမျှမှာ အဆုံးအစမဲ့ မြူတိမ်တိုက်များသာ ဖြစ်သည်။

"ဒါ ဘယ်နေရာလဲ...." သူ ထိုနေရာတွင် ထိုင်နေစဥ် သူ၏မျက်နှာပေါ်၌ တင်းမာခက်ထန်သောအသွင်တစ်ခု ပေါ်ပေါက်လာ၏။ ကျရောက်တော့မည့်ဘေးအန္တရာယ်အာရုံကြီးက သူ့စိတ်ထဲတွင် ပြည့်နှက်လာလေသည်။

"ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံ ပြောင်းလဲသွားတာက လေမုန်တိုင်းကြောင့်လား၊.... ဒီနေရာကြောင့်လား" အချိန်အတန်ကြာကုန်ဆုံးသွားပြီးနောက်မှ သူ့မှာ အံတင်းတင်းကြိတ်ပြီး ထရပ်ရန် အားအင်လုံလုံလောက်လောက် စုဆောင်းနိုင်လိုက်သည်။ထို့နောက် သူသည် အနီးနားရှိ ကျောက်ဆောင်တစ်ခုကို အားပြုရင်း ရှေ့သို့ တစ်လှမ်းချင်းလျှောက်လှမ်းလာ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာပြီးနောက်တွင် မန်ဟို တုံ့ခနဲရပ်သွားသည်။ သူ့အရှေ့တွင်ကား အနက်ရောင်ကျောက်သားနံရံတစ်ခု။ ကျောက်သားနံရံသည် မြူတိမ်များအတွင်း ထိုးတက်ပျောက်ကွယ်သွားသဖြင့် ထိပ်ကိုပင် မမြင်ရပေ။

မန်ဟို အနောက်ကို ပြန်ကြည့်လိုက်သည်။ ဤအချိန်တွင် သူသည် ချောက်နက်တစ်ခု၏ အောက်ခြေတွင် ဖြစ်လောက်ကြောင်း သဘောပေါက်လိုက်သည်။

"ဆိုတော့ သိမ်းငှက်ကြီးကြောင့် တိုက်ခတ်သွားတဲ့လေမုန်တိုင်းက ငါ့ကို ဒီချောက်နက်ထဲ သယ်လာတာပဲ။ ငါ တုန်းလိုက်ပြည်ရဲ့ ဘယ်နေရာဘယ်ဒေသရောက်နေလဲ ဘယ်သူသိလိမ့်မတုံး။ ငါ ကျင့်ကြံခြင်းအခြေခံကို ပြန်ပြင်ဆင်ဖို့လိုတယ်။ ဒါမှ ဒီကထွက်နိုင်မှာ" သူသည် ကမ်းပါးနံရံကို မှီပြီးနောက် စွမ်းအင်တချို့စုစည်းရန် ထိုင်ချလိုက်သည်။

အချိန်များ ကုန်ဆုံးသွား၏။ ကောင်းကင်ကို မမြင်ရသဖြင့် သူ့အတွက် အချိန်မည်မျှကုန်ဆုံးသွားသည်လဲ သိရန် ခက်ခဲလေသည်။ တဖြေးဖြေး သူ၏ခန္ဓာကိုယ်တွင် အင်အားများပြန်လည် ပြည့်ဖြိုးလာ၏။ သူက စကြဝဠာအိတ်ကိုဖွင့်ရန် နောက်တစ်ခေါက် ကြိုးစားသော်လည်း မအောင်မြန်ပြန်ပေ။ နောက်ဆုံးမှ သူ့မှာ လက်လျှော့ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ ထို့နောက် သူ ထရပ်ပြီး ပတ်ဝန်းကျင်အား အကဲခတ်လိုက်ရာ သူ့လက်မောင်းတမျှ လုံးပတ်ရှိသော သစ်ကိုင်းတစ်ကိုင်းကို မြင်လိုက်သည်။ သူက ၄င်းကို အမှီသဟဲပြုရင်း လမ်းထပ်လျှောက်ပြန်သည်။

"ဒါက ချောက်ကမ်းပါးတစ်ခုဆိုရင် အဆုံးရှိကို ရှိရမယ်" သူက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရင်း ပြောသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကား အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေ၏။ သူကြားနေရသည့် တစ်ခုတည်းသောအသံမှာ သူ၏ တဒိတ်ဒိတ်ခုန်နေသော နှလုံးခုန်သံသာ ဖြစ်သည်။ သူက ထွက်လမ်းရှာမတွေ့မချင်း တစ်နေရာလုံးအား စူးစမ်းရန် စိတ်ဒုန်းဒုန်းချပြီး အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။

သူသည် သတိကြီးကြီးထား၍ ဖြေးညှင်းစွာ လမ်းလျှောက်နေ၏။ ဤနေရာတွင် မကောင်းသောအငွေ့အသက်တို့ရှိနေပြီး မည်သည့်အန္တရာယ်များ ပုန်းအောင်းနေသည်လဲ သူမသိနိုင်ပေ။ သို့သော်လည်း မည်သည့်အန္တရာယ်ရှိရှိ သူဆက်ရှာရဦးမည်ဖြစ်သည်။

လေးနာရီကြာသော် မန်ဟို တဖြေးဖြေးသက်သာလာနေကြောင်း ခံစားလိုက်ရသည်။ သူသည် စဦးချီဖွဲ့စည်းမှုအဆင့်၏ မဟာစက်ဝန်းအား ပြီးဆုံးစေပြီးနောက်မှ ချီအခြေတည်အဆင့််သို့ ရောက်ရှိခဲ့ခြင်းဖြစ်၍ သူ၏ခန္ဓာကိုယ်သည် သဘာဝအလျောက် ယခင်ထက်ပို၍ မာကြော၏။ သို့သော် ယခုထက်ထိ ထွက်ပေါက်တစ်ပေါက်မှ ရှာမတွေ့သေးသောအခါ သူ့မှာ စိတ်လေးလံလာတော့သည်။

နောက်ထပ်တစ်နာရီခန့်ကြာသော် ရုတ်တရက် သူသည် လမ်းလျှောက်နေရာမှာရပ်လိုက်၏။ သူရှေ့သို့ လှမ်းကြည့်နေစဥ်တွင် သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် ဝင်းလက်နေပြီး သူ၏နှုတ်ခမ်းထောင့်စွန်းကား သွေးအေးသောအပြုံးတစ်ခုအသွင် ကွေးညွတ်သွားသည်။

သူ့အရှေ့ရှိ ထူးဆန်းသောကျောက်တုံးတစ်တုံးပေါ်တွင် လူတစ်ယောက် လဲနေ၏။ တစစီစုတ်ပြတ်နေသော အဖြူရောင်ဂါဝန်ရှည်မှာ နို့နှစ်ရောင်အသားလေးများအား လှစ်ဟပြနေလျက်ရှိသည်။ ရှည်လျားသော ဆံနွယ်များသည်လည်း ဘေးပတ်လည်တွင် ကပိုကရိုပြန့်ကျဲနေသည်။ သူမမှာ.....ချူယွီယန်ပင်။

သူမသည် သတိလစ်မေ့မြောနေပြီး သူ့ဘေးတွင် အနက်ရောင်ပိုက်ကွန်ငယ်တစ်ခုရှိသည်။

မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း သူမထံသို့ ဖြေးဖြေးချင်း တိုးကပ်သွားသည်။ ထို့နောက် သူမ၏နှာဖျားနားတွင် သူ့လက်ချောင်းကို ထားလိုက်ပြီး ပေါ်နေသောဗိုက်သားလေးကို စမ်းလိုက်သည်။ သူမအသားအရေမှာ နူးညံ့ပြီး စိတ်ကျေနပ်ဖွယ်ကောင်းလေသည်။ သူက သူမ၏ဗိုက်သားလေးအပေါ် ခပ်ပြင်းပြင်းဖိချလိုက်သည်။ ထို့နောက် ဘေးကိုသွားကာ အနက်ရောင်ပိုက်ကွန်ကို ကောက်ယူပြီး သိမ်းလိုက်သည်။

"သူမသေသေးဘူးပဲ။ သူရဲ့ကျင့်ကြံခြင်းအခြေခံ ဖိနှိပ်ခံထားရတာကို ငါခံစားလိုက်ရတယ်။ သူဘယ်နည်းနဲ့မှ စိတ်ဝိညာဥ်စွမ်းအင်ကို သုံးနိုင်မှာမဟုတ်ဘူး" သူက မျက်လုံးများ ကျဥ်းမြောင်း၍ ချူယွီယန်ကို အတန်ကြာသည်အထိ ကြည့်နေပြီးနောက် ရယ်လိုက်သည်။ " မင်းနိုးနေတာ ငါသိတယ်။ မေ့ချင်ယောင်ဆောင်နေစရာမလိုပါဘူးကွာ"

ချူယွီယန်မှာ တုတ်တုတ်မှမလှုပ်သေးပေ။ မန်ဟို နှာခေါင်းရှုံ့လိုက်၏။ သူလက်ထဲရှိ သစ်ကိုင်းကိုသုံးရင်း သူမကိုတို့လိုက်သည်။

သူမမျက်လုံးများ ဖျတ်ခနဲပွင့်သွားပြီး သူ့ကို မျက်စောင်းထိုးလေသည်။

မန်ဟို သူမကို ခြောက်ကပ်ကပ်ပြုံးပြလိုက်သည်။ ရုတ်တရက် ဤချောက်ထဲတွင် အလွန်ပျင်းစရာကောင်းလှကြောင်း သူသဘောပေါက်လိုက်၏။ သူ့အကြည့်သည် ချူယွီယန်၏ လှပသောကောက်ကြောင်းအသွယ်သွယ်၊ အပိုင်းပိုင်းစုတ်ပြဲနေသောအဝတ်စကြားမှ နို့နှစ်ရောင်အသားလေးများနှင့် သူမ၏ အနီရောင်အတွင်းခံအစွန်းနားလေးများ တစ်လျှောက် ပြေးကစားသွား၏။ ဤအရာအားလုံးက သူမကို နတ်သက်ကြွေလာသည့်အလား လှပကြော့ရှင်းနေစေလေသည်။

သူမမျက်နှာလေးမှာ ရုတ်တရက် နီမြန်းသွားပြီး သူမက မီးဝင်းဝင်းတောက်နေသော မျက်ဝန်းကလေးများဖြင့် သူ့ကို စိန်းစိန်းဝါးဝါး ကြည့်သည်။ သူမမှာ သူမကိုယ်သူမ လုံခြုံအောင် ဖုံးကွယ်ရန် ကြိုးစားရင်း နာနာကျင်ကျင်ငြီးတွားလိုက်လေသည်။ တိတ်ဆိတ်နေသော အသူရာချောက်ထဲတွင် သူမ၏ပင့်သက်ရှိုက်သံလေးက ထူးဆန်းနေတော့သည်။

ထိုအသံကို ကြားသောအခါ မန်ဟိုက ရယ်လိုက်သည်။

"နင်ဘာနေတာလဲ အစုတ်အပဲ့အယုတ်တမာကောင်"

မန်ဟိုက လက်ကိုမြှောက်ပြီး သူမမျက်နှာဖြူဥဥလေးကို ဖြန်းခနဲရိုက်ချလိုက်သည်။ "ပိတ်ထားစမ်း"

"နင်" သူမ၏ မျက်နှာလှလှလေးတွင် လက်ဝါးရာကြီးထင်းသွားသဖြင့် သူမအမူအရာမှာ မည်းမှောင်သွား၏။ မန်ဟိုက သူမကို ခပ်ကြမ်းကြမ်းရိုက်ချလိုက်သဖြင့် သူမခန္ဓာကိုယ်ပင် တဆတ်ဆတ်သွားရလေသည်။ သူမဘဝတစ်လျှောက်လုံးတွင် မည်သူမှ သူမကို လက်ဖျားနှင့်ပင် မထိဝံ့ခဲ့ပေ။ ဝမ်တန်ဖေးပင်လျှင် သူမကို အထူးဧည်သည့်တစ်ယောက်သဖွယ် ဆက်ခံခဲ့ရသည်။

မန်ဟိုက နေရာတစ်ခုတည်းသို့ ထပ်မံရိုက်ချလိုက်ပြန်သဖြင့် ဖြန်းခနဲအသံ ထွက်ပေါ်လာသည်။

"ငါ မင်းကို ပါးစပ်ပိတ်ထားခိုင်းတယ်လေ" သူက အေးအေးဆေးဆေးပြောသည်။ "ဝမ်တန်ဖေးက မင်းကို အဖိုးထိုက်ရတနာတစ်ပါးလို ဆက်ဆံရင် ဆက်ဆံလိမ့်မယ်။ ဒါပေမယ့် ငါ့အတွက်တော့ မင်းက ဘာမှမဟုတ်ဘူး"

သူမက နှုတ်ခမ်းလေးအား ပြတ်ထွက်မတတ်ကိုက်ပြီး သူ့ကို သတ်ဖြတ်တော့မတတ်ကြည့်လိုက်သည်။ ကျင့်ကြံခြင်းအခြေခံဖိနှိပ်ခံထားရ၍ သူမမှာ သေမျိုးတစ်ယောက်နှင့်မခြားပေ။ ချူယွီယန် ရုတ်တရက် သူမစိတ်ထဲဖြစ်တည်လာသော အန္တရာယ်အာရုံကို ခံစားလိုက်ရ၏။ တစ်ခါက သူမသည် မြင့်မြတ်သောရွေးချယ်ခံတစ်ဦးဖြစ်ခဲ့သော်လည်း အခုတော့ အောက်ဆုံးထိုးကျသွားခဲ့လေပြီ။ ယခုအချိန််တွင် သူမသည် မန်ဟိုပြုသမျှနုရမည့် အားနွဲ့သောမိန်းမပျိုတစ်ယောက်သာ ဖြစ်သည်။

***

All Chapters