သွေးကန်ထဲက ယဇ်ပလ္လင်
Vol. 9 Ch. 113
"ငါတို့ နားသင့်သလောက် နားထားပြီးပြီ" မန်ဟိုက အေးတိအေးစက်ပြော၏။ "ထ၊ ရှေ့ကလျှောက်"
ချူယွီယန် ဘာတစ်ခွန်းမှပြန်မပြောပေ။ သူမက အံတင်းတင်းကြိတ်ရင်း အားတင်း၍ ထရပ်လိုက်သည်။ ထိုစဥ် သူမ၏ အဝတ်အစားများ နေရာရွေ့သွားပြီး သူမ၏ကောက်ကြောင်းတို့ ပို၍ထင်ပေါ်လာသည်။ သူမမျက်နှာလေးမှာ စောစောက ဖြူဖပ်ဖြူလျော်ဖြစ်နေခဲ့သော်လည်း အခုတွင်တော့ ကြက်သွေးရောင်သမ်းနေချေပြီ။ ယခုတွင် သူမ၏ မန်ဟို့အပေါ် မုန်းတီးခြင်းများကား ဝမ်တန်ဖေးခံစားရသည်ထက်ပင် ပို၍ပြင်းထန်သွားတော့သည်။
သိို့သော် သူမမှာ ကျင့်ကြံခြင်းအခြေခံဖိနှိပ်ခံထားသဖြင့် အခုလောလောဆယ်တွင် အားနွဲ့သောမိန်းမပျိုတစ်ယောက်သာ ဖြစ်သည်။ သူမသည် မန်ဟိုကို နည်းနည်းလေးမှ မယှဥ်နိုင်ပေ။ မန်ဟိုက စာပေသမားတစ်ယောက်အဖြစ် စတင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်၏ တောင့်တင်းသန်မာမှုက သာမန်ကျင့်ကြံသူတစ်ယောက်ထက် များစွာသာလွန်သည်။
သူသည် ကိုယ်ကာယတည်ဆောက်ခြင်းအပေါ် အလေးထားသော ကျင့်ကြံသူများကဲ့သို့ မသန်မာလောက်သော်လည်း ပြန်လည်သက်သာခြင်းနှင့် ခံနိုင်ရည်အရ သာမန်လွန်ကဲလေသည်။ မဟုတ်လျှင် ချူယွီယန်ထက် စော၍ သတိပြန်လည်လာမည်မဟုတ်ပေ။
ချူယွီယန်မှာ သူစေရာအတိုင်း ရှေ့မှဦးဆောင်သွားရင်း နှလုံးအိမ်ထဲ၌ ပြင်းထန်သထက် ပြင်းထန်လာသော ဒေါသများကို အောင့်အည်းသည်းခံနေရသည်။ မန်ဟို ထိုအခြင်းအရာကို သတိမထားမိဘဲ မနေပေ။ သူက သူမ၏ တင့်တယ်လှပသောကိုယ်လုံးလေးကို ကြည့်ရင်း နောက်မှ လျှောက်နေ၏။ သူမဂါဝန်အပြဲများက သူမကျောပြင်လေးများ သိသိသာသာထင်ပေါ်နေစေချေသည်။
သို့စေကာမူ သူ ချူယွီယန်ကို ရှေ့မှလျှောက်ခိုင်းရသည့် အကြောင်းရင်းက ဤနေရာရှိအန္တရာယ်အငွေ့အသက်များကို သူအာရုံရနေသောကြောင့်ပင်။ ချူယွီယန်က လေညွှန်တံသဖွယ် ပြုမူပြီး ဖြစ်ပေါ်လာမည့်ဘေးအန္တရာယ်များကို ချက်ချင်း သတိထားမိနိုင်စွမ်းရှိမည်ဖြစ်သည်။
သူတို့နှစ်ယောက် ရှေ့နောက်တန်းလျက် ဆက်လျှောက်သွားကြသည်။ မန်ဟိုက အလိုရှိလျှင် လက်ညှိုးထိုးလိုက်၊ ဟိုဟိုသည်သည်ခိုင်းလိုက်နှင့် လမ်းကြောင်းပြောင်းတတ်သည်။ ချူယွီယန်မှာ အံတင်းတင်းကြိတ်ပြီး လိုက်လျောရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ မန်ဟိုအပေါ် မုန်းတီးခြင်းများက သူမအရိုးထဲထိ စိမ့်ဝင်နေလေပြီ။ သို့သော် သူမမှာ သူ့စကားနာခံနေရုံသာ တတ်နိုင်၏။ အချိန်များ ကုန်ဆုံးသွားပြီး မကြာခင် သူတို့နှစ်ယောက်သား တတ်နိုင်သမျှ နေရာတိုင်းလိုလို ရှာဖွေခဲ့ပြီးပြီဖြစ်သည်။ အရာအားလုံးကား ကျောက်သားနံရံသာဖြစ်ပြီး ထွက်ပေါက်ဟူ၍ မရှိပေ။
ထူးထူးဆန်းဆန်း ကျောက်တုံးကျောက်ခဲများနှင့်အတူ ငှက်များ၊သားရဲတိရစ္ဆာန်များး၏အရိုးစုများ မြင်ကွင်းတစ်လျှောက် ပြန့်ကြဲနေသည်။ ဤနေရာသည် မရဏထောင်ချောက်တစ်ခု ဖြစ်နေသည်လော။
မန်ဟို ပို၍နှုတ်ဆိတ်သွားသည်။ ချူယွီယန်မှာ တဖြေးဖြေး စိတ်ဓာတ်ကျလာပြီးနောက်ဆုံး သူမမျက်ဝန်းများးထဲတွင် စိတ်ပျက်မှုများ ပေါ်ပေါက်လာသည်။
သူတို့နှစ်ယောက် ကျောက်နံရံတစ်လျှောက် လျှောက်နေကြသော်လည်း တဖြေးဖြေး စက်ဝိုင်းကြီးတစ်ခုတွင် လျှောက်နေခြင်းကြောင်း သဘောပေါက်လာကြသည်။ ရံဖန်ရံခါ သူတို့သည် ရှေ့ဆက်မသွားခင် ကျောက်နံရံကိုမှီ၍ အနားယူကြမည်ဖြစ်ဝည်။ တစ်ရက်တွင် ပုံမှန်ထက်များသောအရိုးများရှိနေပုံရသည့် နေရာတစ်ခုဆီ နှစ်ယောက်သားရောက်သွားကြသည်။ ရုတ်တရက် ကန်တစ်ကန်ကို သူတို့မြင်လိုက်ကြ၏။
ကန်၏အစပ်နားတွင် မရေမတွက်နိုင်သောအရိုးများ ပုံအောနေပြီး အများစုမှာ လူအရိုးများဖြစ်သည်။ သူတိို့ ထိုနေရာတွင် ဘယ်လောက်ကြာကြာရှိနေခဲ့သည်လဲ ပြောရန်မဖြစ်နိုင်ပေ။ ထိုနေရာ၏ အနံ့အသက်မှာ မသတီစရာကောင်းပြီး သွေးညှီနံ့များဖြင့်လည်း ပြည့်နှက်နေပုံရသည်။
တကယ်တမ်း ဤကန်မှာ သွေးကန်တစ်ကန်ပင်။
ချူယွီယန် ထိုကန်အနားတိုးကပ်သွားစဥ် အရင်ကတည်ငြိမ်နေသော ကန်ရေပြင်တွင် လှိုင်းဂယက်များ ထလာ၏။ သေးငယ်သောလှိုင်းလုံးများ ထကြွလာသည်နှင့်တစ်ပြိုင်နက် မန်ဟိုရပ်လိုက်သည်။
ချူယွီယန်၏မျက်နှာမှာ သွေးဆုပ်သွားပြီး သူမတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီလာသည်။ သွေးကန်အတွင်းတည်ရှိသော ကြောက်မက်ဖွယ်အရာတစ်ခုက သူမကို စိုက်ကြည့်နေသည့်အလား ပြင်းထန်သောအန္တရာယ်အာရုံတစ်ခု သူမခေါင်းထဲတွင် နိုးကြားသွားသည်။
"ဖြေးဖြေးချင်း နောက်ပြန်လျှောက်လာခဲ့" မန်ဟိုက ကန်မှ အနည်းငယ်လှမ်းနေသောနေရာတွင် ရပ်နေရင်း ညင်ညင်သာသာပြောသည်။ "မကြောက်နဲ့ တစ်လှမ်းချင်းပဲလှမ်း"
ချူယွီယန်မှာ နှုတ်ခမ်းလေးကို ဖိကိုက်ရင်း ဖြေးဖြေးချင်း မီတာအနည်းငယ် နောက်ပြန်လျှောက်လာသည်။ သွေးကန်သည် တပွက်ပွက်ဆူလာပြီး ၄င်းအတွင်းမှ စူးရှကျယ်လောင်သောအသံတစ်သံကို ကြားနိုင်လေသည်။ ချူယွီယန် နောက်သို့ တတ်နိုင်သမျှမြန်မြန် ဆုတ်လာ၏။
ခပ်စူးစူးအသံများ လေထဲပြည့်နှက်နေစဥ် ရုတ်တရက် စိမ်းပုပ်ရောင် ယဇ်ပလ္လင်တစ်ဆူ ကန်ထဲမှ မြောက်တက်လာသည်။ သွေးကန်၏မျက်နှာပြင်တွင် လှိုင်းတံပိုးများ ရိုက်ခတ်သွားပြီး သွေးများအတွင်း၌ ပုံရိပ်များပေါ်လာသည်။ ၄င်းတို့တွင် အသွေးအသားများမရှိသောကြောင့် အထီးအမခွဲရန် မဖြစ်နိုင်ပေ။ ထိုပုံရိပ်များက ပခုံးပေါ်တွင် စိမ်းပုပ်ရောင် ကျောက်ပလ္လင်ကိုထမ်းလျက် ကန်ထဲမှ မြောက်တက်လာကြသည်။
ပလ္လင်သည် အချင်းအားဖြင့် မီတာ ၁၅၀ ကျော်ရှိပြီး ကန်မျက်နှာပြင်မှ မြောက်တက်လာစဥ်တွင် ခပ်ဖျော့ဖျော့ အစိမ်းရောင်နှင့်အနီရောင်တို့ရောစပ်နေသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေ၏။ ယဇ်ပလ္လင်အပေါ်တွင် စိမ်းပုပ်ရောင်ကျောက်များ ပြုလုပ်ထားပုံသော ခုံတစ်ခုံရှိသည်။
ထိုခုံပေါ်တွင် ထိုင်နေသည်က အလောင်းတစ်လောင်းဖြစ်သည်။ သေခြင်းအရှိန်အဝါတစ်ခုက ၄င်းပတ်လည်တွင် ရစ်သိုင်းနေပြီး ၄င်း၏မျက်နှာကို မျက်နှာဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ မျက်နှာဖုံးသည် အဖြူရောင်ရှိပြီး ပြောင်ချောဖြစ်၏။
မန်ဟို၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူက မလှုပ်မယှက်ရပ်နေသည်။ ချူယွီယန်သည်လည်း မလှုပ်ရှားလိုရင်း ဖြူဆုပ်နေသောမျက်နှာဖြင့် ရပ်နေသည်။ အသက်ဆယ်ရှိူက်ရှူချိန်ကြာပြီးနောက်တွင် ကျောက်သားယစ်ပလ္လင်သည် ဖြေးဖြေးချင်း ပြန်လည် နစ်မြုပ်သွားသည်။ သွေးချင်းနီနေသော ကန်မျက်နှာပြင်ကား ဘာမှမဖြစ်ခဲ့သည့်သဖွယ် ပကတိတည်ငြိမ်သွားပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
မန်ဟိုမှာ သက်ပြင်းရှည်ကြီးချပြီး နောက်သို့ ဖြေးဖြေးချင်းပြန်ဆုတ်လိုက်သည်။ ချူယွီယန်လည်း ထိုနည်းတူပင်။ သူတို့နှစ်ယောက် မီတာသုံးရာခန့် နောက်ဆုတ်ပြီးသည့်အခါမှ သူတို့ရင်ထဲရှိ အန္တရာယ်အာရုံကြီး တဖြေးဖြေးလွင့်စင်ပျောက်ကွယ်သွားတော့သည်။
"အဲ့တာ ဘာကြီးလဲ....." ဤသည်မှာ ချူယွီယန် ဤရက်များအတွင်း ဆန္ဒအလျောက် ပထမဆုံးစကားပြောခြင်းဖြစ်၏။ သူမ၏အသံလေးမှာ အားနည်းပြီး တုန်ရီအက်ကွဲနေချေသည်။
မန်ဟိုက ပြန်မဖြေဘဲ လှည့်၍ လျှောက်ထွက်သွားသည်။ ချူယွီယန်မှာ တခဏမျှ ချီတုံချတုံဖြစ်သွားပြီး နှုတ်ဆိတ်လျက် နောက်မှလိုက်ပါလာ၏။ သူတို့နှစ်ယောက် အရင်က တွေ့ရှိခဲ့သော သဘာဝဂူရှိရာ ကျောက်သားနံရံဆီ ပြန်လာကြသည်။ အထဲရောက်သော် မန်ဟိုက တင်ပျဥ်ခွေထိုင်လိုက်သည်။ ချူယွီယန်မှာ သူမခြေထောက်လေးများကို ဖက်ရင်း ဂူနံရံကို မှီကာ အပြင်ဘက်သို့ ငေးကြည့်နေလေသည်။
သူမသည် မာနကြီးသောအမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း စောစောက အဖြစ်အပျက်၊ သူမ၏ကျင့်ကြံခြင်းအခြေခံ ဖိနှိပ်ခံထားရခြင်းနှင့် မုန်းစရာမန်ဟို၏တည်ရှိမှုတို့အားလုံး ပေါင်းစည်းသွားသောအခါ သုမနှလုံးသားထဲတွင် စိတ်ပျက်အားငယ်များ တစတစဝင်ရောက်လာတော့သည်။ သူမ၏တစ်ခုတည်းသော မျှော်လင့်ချက်များမှာ ဇီယွင်ဂိုဏ်း သူမကို တစ်နည်းနည်းဖြင့် ခြေရာခံနိုင်ရန်သာ ရှိသည်။
သို့သော် ဤနေရာမှာ အလွန်ထူးဆန်းပြီး ကျင့်ကြံခြင်းအခြေခံများအား ဖိနှိပ်နိုင်ပုံရသည်။ ဖြစ်နိုင်သည်က ၄င်းသည် သူမကိုယ်ထဲရှိ ဇီယွင်ဂိုဏ်းတံဆိပ်ကိုလည်း ဖိိနှိပ်ထားလောက်ရာ ဂိုဏ်းအတွက် သူမမည်သည့်ရောက်နေသည်လဲ မသိနိုင်လောက်ပေ။
သူမအဝတ်အစားများမှာ စုတ်ပြဲနေပြီး သူမကို လုံလုံခြုံခြုံပင် ဖုံးမပေးနိုင်ပေ။ အထူးသဖြင့် သူမဤအနေအထားဖြင့် ထိုင်နေချိန်တွင် သူမခန္ဓာကိုယ်တစ်ဝက်ကျော်မှာ အကာအကွယ်မဲ့နေ၏။ သူမခြေထောက်တစ်လျှောက်နီးပါး မြင်သာနေလေသည်။
အချိန်များ ကုန်ဆုံးသွား၏။ တစ်နေကုန်သွားပြီဟု ထင်ရတိုင်း မန်ဟိုက သူ့ဘေးတွင် ကျောက်ခဲတစ်ခဲ စီထားတတ်သည်။ အခုတွင် ကျောက်ခဲရှစ်ခဲရှိနေလေပြီ။ သူ၏တွက်ချက်မှုများအရ ရှစ်ရက််ကြာခဲ့ပြီဖြစ်သည်။
သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ မည်သည့် ဝိညာဥ်စွမ်းအင်ကိုမဆို ပြန့်ထွက်သွားခြင်းမှ ဟန့်တားရင်း ကန့်သတ်ထားခံရ၏။ ကံကောင်းထောက်မစွာ သူတို့ အစားအသောက်မလိုအပ်ပေ။ သို့သော် ဤနေရာတွင် ဝိညာဥ်စွမ်းအင်မရှိသဖြင့် ဤအတိုင်းသာ ဆက်သွားနေပါက သူတို့ တဖြေးဖြေး ဆာလောင်လာမည်ဖြစ်သည်။ ဝေးလံခေါင်ဖျားသော ချောက်နက်ကြီးတစ်ခုတွင် ပိတ်မိနေသည်ကို ထည့်စဥ်းစားလျှင် သူတို့ ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်အား အမှန်တကယ်လိုအပ်၏......သို့သော် မည်သည့်စွမ်းအင်မှမရှိပေ။
ရှစ်ရက်အတောအတွင်း မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံကို ဖိနှိပ်ထားသည်အား ချိုးဖျက်ရန်ကြိုးစားရင်း အချိန်တစ်ဝက်ခန့် ကုန်ဆုံးတတ်သည်။ အနည်းဆုံးတော့ သူ သိုလှောင်အိတ်ကို ဖွင့်နိုင်ရန် မျှော်လင့်ထားလေသည်။ သို့ထိတိုင် တစ်ခါမှ မအောင်မြင်ပေ။
ကျန်အချိန်များတွင် သူသည် ချူယွီယန်ကိုခေါ်၍ လွတ်မြောက်ရာလမ်း လိုက်ရှာတတ်သည်။ သို့သော် ပတ်ဝန်းကျင်အား ကြိမ်ဖန်များစွာ ရှာပြီးနောက်တွင်ပင် ထွက်ပေါက်တစ်စုံတရာမှ မတွေ့ရပေ။ သူတို့တွေ့ရှိခဲ့သည့် တစ်ခုတည်းသောအရာမှာ တိုက်ခိုက်ရန် ချောင်းမြောင်းနေပုံရသော မြွေပွေးများသာ ဖြစ်သည်။
" ဒိီနေရာက မြေကြီးထဲက အပေါက်တစ်ပေါက်တင်မဟုတ်ဘဲ မီးငြိမ်းတောင်တစ်လုံး ထင်တယ်" ချူယွီယန်က ဂူထဲတွင်ထိုင်၍ အပြင်ကို ငေးကြည့်နေရင်း ပြောသည်။ သူမသည် မန်ဟိုနှင့်ပူးပေါင်းရန် လက်မခံသော်လည်း ဤနေရာမှထွက်ရန် မည်သည့်နည်းလမ်းမှ မတွေးနိုင်ပေ။
မန်ဟိုက အပြင်သို့ မျက်မှောက်ကြုတ်၍ကြည့်ရင်း ဂူပေါက်ဝတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။
ချူယွီယန်က တင်ပျဥ်ခွေထိုင်နေသော သူ့ကို ကြည့်ရင်း ရုတ်တရက် ပြောသည်။ " ငါ အဝတ်အစားလဲဖို့လိုတယ်" သူမမျက်လုံးထဲရှိ အကြည့်က တစ်ချိန်လုံးဖြစ်နေခဲ့သည်ထက်ပို၍ ခက်ထန်လေးနက်နေချေသည်။
သူမမှာ မျက်တွင်းကလေးများချောင်ကျပြီး ညစ်ပတ်ပေရေနေသော အခြေအနေတွင် ဖြစ်သည့်တိုင် ဤအကြည့်က သူမအလှတရားအပေါ် အကြည့်ရောက်သွားသော မည်သည့်ပုရိသမဆို၏ နှလုံးသားထဲတွင် အာသီသများပွင့်လန်းသွားစေမည် ဖြစ်သည်။
မန်ဟိုက မျက်လုံးများ ပိတ်ထား၏။ "ငါ့မှာ မရှိဘူး"
"နင့်အိတ်ထဲမှာ ရှိမှာပေါ့" သူမအဝတ်အစားများမှာ စုတ်ပြဲပျက်စီးနေရာ သူမကိုယ်တစ်ဝက်ကျော်ပင် ပေါ်နေ၏။ သူမ၏ အတွင်းအဝတ်အစားများမှာ အခုတွင် ပို၍ပင် မြင်သာလာသည်။ သူမအသားလေးများမှာ နူးညံ့အိစက်နေသည်။ တစ်ဝက်ဖုံး၊ တစ်ဝက်ပေါ်နေသည့် သူမ၏မြင်ကွင်းလေးမှာ မယုံနိုင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိနေတော့သည်။
မန်ဟို မျက်လုံးများ ဖြတ်ခနဲပွင့်သွားပြီး သူမကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့အကြည့်သည် သူမ၏မို့မောက်နေသော ကောက်ကြောင်းများ၊ လှပသောအသွင်အပြင်လေးများတစ်လျှောက် ပြေးလွှားသွားသည်။ ယောက်ျားသားအများစုမှာ ဤကဲ့သို့ တစ်စုံတရာကို တွေ့မြင်ရပါက ချက်ချင်းပင် ရမ္မက်မီးများ တောက်လောင်လာမည် ဖြစ်သည်။
ဤရှစ်ရက်မတိုင်ခင်က မန်ဟိုအတွက် ချူယွီယန်၏ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ရန်ပင် အခွင့်အရေးမရှိခဲ့ပေ။ ကြည့်ခဲ့မိလျှင်လည်း သူမက သူမသေမချင်း အလျှော့ပေးမည်မဟုတ်ပေ။
သို့သော် အခု...... မန်ဟို သူမကို ကြည့်နေချိန် ချူယွီယန်မှာ သူမရင်သားကိုသာ အလိုလိုကာလိုက်မိသည်။ သူမတွင် သူ့ကို မကြည့်အောင် ဟန့်တားနိုင်စွမ်းမရှိချေ။
"ဟုတ်တယ်" သူက ခပ်ဖြေးဖြေးပြောသည်။ " ငါ့အိတ်ထဲမှာ အဝတ်အစားနည်းနည်းပါးပါးရှိတယ်။ ဒါပေမယ့် ဒီမှာ ဝိညာဥ်စွမ်းအင်တွေမရှိလို့ ငါဖွင့်လို့မရဘူး"
"နည်းးတစ်နည်းရှိတယ်" သူမက ခပ်တိုးတိုးပြောသည်။ "နင့်အိတ်ကိုဖွင့်ပြီး အဝတ်အစားနည်းနည်းပါးပါးထုတ်ပေးဖို့ နည်းတစ်နည်းရှိတယ်"
သူက မျက်နှာအမူအရာ တစ်ချက်လေးပင် ပြောင်းမသွားဘဲ သူမကို တည်ငြိမ်စွာ ကြည့်သည်။
ချူယွီယန်မှာ အစက သူမစကားကြားလျှင် သူအသေးစိတ်မေးမြန်းလိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် အချိန်အတော်ကြာ စောင့်နေပြီးနောက် သူဘာတစ်ခွန်းမှ ပြောမလာသည်ကို မြင်သောအခါ သူမက ဟွန့်ခနဲ နှာခေါင်းရှုံ့ပြီး ဆက်ပြောသည်။
"ငါ့ကျင့်ကြံခြင်းနည်းလမ်းက ဇီယွင်ဂိုဏ်းရဲ့ 'အရှေ့အရပ်မှခရမ်းရောင်ချီ' ဆိုတာပဲ။ တကယ်တော့ အဲ့ကျင့်စဥ်ကို လူနှစ်ယောက်အတူတူကျင့်လို့ရတယ်။ ဒီနေရာမှာ ဝိညာဥ်စွမ်းအင်တွေ ဖိနှိပ်ခံထားရပေမယ့် ငါ နင့်ကို သင်ပေးပြီး အတူတူ ကျင့်လို့ရရင် အောင်မြင်ဖို့အခွင့်အရေးရှိလောက်တယ်။ ပြီးရင် နင့်အိတ်ကိုလဲ ဖွင့်လို့ရမယ်"
(မှတ်ချက်။ ။ 'အရှေ့အရပ်မှ ခရမ်းရောင်ချီ'က တရုတ်ဗန်းစကားအရ ကံကောင်းခြင်းသင်္ကေတလို့လဲ အဓိပ္ပါယ်ရပါသေးတယ်)
သူက တခဏတာတွေးပြီးနောက် ခေါင်းကို ခါရမ်းလိုက်သည်။ " ငါ မင်းကို မယုံဘူး။ ထပ်ရှင်းပြ"
"ယုံချင်ရင် ယုံံ။ မယုံရင် မေ့လိုက်တော့" ချူယွီယန်က မျက်မှောင်ကြုတ်ရင်း အေးစက်စွာပြောသည်။ သူမသည် ကျောက်ဂူ၏ ထောင့်အစွန်းနားတွင် ထိုင်နေလေသည်။ မန်ဟို သူမကို ပြန်ကြည့်သောအခါ သူမက သူမကိုယ်သူမက ဖုံးရန် ကြိုးစားလိုက်သည်။ သူမက ခြေထောက်လေးများ ဖက်ထားရင်း သူ့ကို မျက်စောင်းထိုးနေလေသည်။
"ငါ့မှာ အဝတ်အစားသိပ်များများစားစားမရှိဘူး" သူက တည်ငြိမ်စွာ ပြောသည်။ "ဒါပေမယ့် မင်းကိုယ်မင်း ကာကွယ်ဖို့တော့ လုံလောက်တယ်။ မင်းမလိုချင်ဘူးဆိုရင် ရတယ်လေ ထားလိုက်ပေါ့" သူက မျက်လုံးများ ပြန်ပိတ်လိုက်လေသည်။
ချူယွီယန် သူမ၏လှပသောသွားလေးအား ကြိတ်နေသည့်အတောအတွင်း တစ်နာရီကုန်လွန်သွားသည်။ သူမမှာ ဤကဲ့သို့ ပေါ်ပေါ်ရော်ရော်ဖြစ်နေသည့်ကို အမှန်တကယ် သည်းမခံနိုင်ပေ။ သိပ်မကြာခင် သူမကိုယ်သူမ နည်းနည်းလေးပင် ဖုံးနိုင်တော့မည်မဟုတ်ပေ။
သူမက အံတင်းတင်းကြိတ်ပြီး ပြောသည်။ " ငါရဲ့ သိုလှောင်အိတ်ပျောက်သွားလို့ အလုပ်ဖြစ်မဖြစ် စမ်းဖို့နည်းလမ်းမရှိဘူး။ ဒါပေမယ့် ငါပြောတဲ့ နည်းလမ်းက အလုပ်ဖြစ်လောက်တယ်။ အရှေ့အရပ်မှခရမ်းရောင်ချီဆိုတာ သာမန်ကျင့်စဥ်မဟုတ်ဘူး။ အရှေ့ဘက်နယ်မြေတွေဆီက ဆင်းသက်လာတာ။ လူနှစ်ယောက် ကျင့်စဥ်ကို အတူတူကျင့်နိုင်ရင် သူ့စွမ်းအားက ကောင်းကင်အမိုးကိုတောင် ဖွင့်နိုင်တယ်
"နင် သံသယရှိနေရင် ငါ အရှေ့အရပ်မှခရမ်းရောင်ချီကျင့်စဥ်ရဲ့ ပထမဆုံးဆောင်ပုဒ်ကို သင်ပေးမယ်။ နင် အဲ့တာ တတ်မြောက်သွားရင် ဒုတိယကို သင်ပေးမယ်။ အဲ့နောက် တတိယ။ နင် သိုလှောင်အိတ်ကို ဖွင့်ဖို့ကြိုးစားကြည့်ပေါ့။ ငါလိုတောမှန်သမျှကတော့ အဝတ်အစားနည်းနည်းပါးပါးပဲ"
မန်ဟို သူ၏မျက်လုံးများကို ဖွင့်ပြီး သူမကို ကြည့်သည်။ သူ၏မျက်နှာထားမှာ ခံစားချက်ကင်းမဲ့နေသော်လည်း ရင်ထဲတွင်တော့ သရော်ပြုံးပြုံးနေလေသည်။ သူသည် ကျိုးပြည်မှာတုံးက ခက်ခဲကြမ်းတမ်းမှုများစွာ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသဖြင့် နလပိန်းတုံးတစ်ယောက်မဟုတ်တော့ပေ။ သူသည် ယခင်ထက်ပို၍ မြင်တတ်လာလေသည်။ သူမ သူ့ကို ထောင်ချောက်ဆင်ရန် ကြိးစားနေသည်ကို အဘယ့်ကြောင့် သူမပြောနိုင်ဘဲနေမည်နည်း။
"ပြော" သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။
***