← Chapters

ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်းချူ

Vol. 9 Ch. 114

ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်းချူ

Vol. 9 Ch. 114

ချူယွီယန်က ဇီယွင်ဂိုဏ်း၏ လျှို့ဝှက်ကျင့်စဥ်အား စတင်ရွတ်ဆိုသည်။ "အရှေ့အရပ်မှ ခရမ်းရောင်ချီ၊ ကောင်းကင်နဲ့မြေကြီးရဲ့ ခရမ်းရောင်ချီဓာတ်ကိုးသွယ်ကို ကျင့်ကြံ၊ အရှေ့အရပ်မှ ဆင်းသက်လာတဲ့ နည်းလမ်းကိုသုံး၊ နေနဲ့လရဲ့ ပေါ်ထွန်းမှုကို နားလည်၊ သင်နှလုံးသားရဲ့ စိတ်ဆန္ဒကို အသွင်ပြောင်း၊ ပါရမီထူးကိုရှာဖွေပြီး လရောင်ခြည်ကို ခံစားပါ....."

သူမသည် မန်ဟိုအတွေးထဲနစ်မြောလျက် မလှုပ်မယှက်ထိုင်နေသည်ကို ကြည့်ပြီး စာသားများအား တစ်လုံးချင်း ရွတ်ဆိုနေ၏။ စိတ်ထဲတွင်တော့ အေးစက်စွာ ပြုံးနေသည်ဖြစ်သည်။

"ငါ အဝတ်လေးတစ်စုံအတွက်နဲ့ ပြောပြနေတာမဟုတ်ဘူးဆိုတာ သူသေချာပေါက် ခန့်မှန်းမိမှာပဲ။ ဒါပေမယ့် ငါ သူ့ကို မိပြီးသွားပြီ။ သူလဲ ငါ့လောက် အိတ်ကို ဖွင့်ချင်နေတာပဲလေ။ ငါ့အတွက် အဝတ်ထုတ်ပေးဖို့တင်ပဲ အဲ့အချိန်ကို သေချာပေါက် အသုံးချမှာမဟုတ်ဘူး။ မှော်ပစ္စည်းတစ်ခုခု ဒါမှမဟုတ် ဆေးလုံးနည်းနည်းပါးပါး ထုတ်လိမ့်မှာပဲ။ ဒါပေမယ့် သူဘာကိုပဲ ထုတ်ရဲထုတ်ရဲ 'အနောက်အရပ်သို့ခရမ်းရောင်ချီ' ကျင့်စဥ်ကို ကျင့်လိုက်သရွေ့ မသန်စွမ်းဖြစ်သွားလိမ့်မယ်"

အမှန်ပင် ဤသည်မှာ အရှေ့အရပ်မှခရမ်းရောင်ချီမဟုတ်ဘဲ ဇီယွင်ဂိုဏ်းမှ နောက်ပိုင်း မွမ်းမံပြင်ဆင်ခဲ့သော ထိပ်တန်းလျှို့ဝှက်ချက်ဆောင်ပုဒ်....... အနောက်အရပ်သို့ခရမ်းရောင်ချီပင်။ ဝမ်တန်ဖေးပင်လျှင် ဤအကြောင်းမသိချေ။ ဂိုဏ်း၏အထူးအဖွဲ့ဝင်များကိုသာ သင်ကြားပေးကြခြင်း ဖြစ်ပြီး ၄င်း၏ရည်ရွယ်ချက်မှာ ရွေးချယ်ခံအတွက် စိတ်ဝိညာဥ်စွမ်းအားနှင့် အသက်စွမ်းအားများ ဖြည့်တင်းပေးနိုင်စေရန်ဖြစ်သည်။

ဇီယွင်ဂိုဏ်း၏ရွေးချယ်ခံတိုင်းသည် အနောက်အရပ်သို့ခရမ်းရောင်ချီကို ကျင့်ကြံအားထုတ်ရန် အခြားသူတစ်ယောက်အား ရွေးချယ်ရန် အခွင့်အရေးတစ်ခုရရှိ၏။ ဂိုဏ်းအကြီးအကဲတစ်ဦးသည် ထိုပုဂ္ဂိုလ် မငြင်းဆန်နိုင်စေရန်နှင့် သူတို့နှစ်ယောက်လုံး ကျင့်စဥ်မဖောက်ပြန်စေရန် စောင့်ကြည့်ပေးမည်ဖြစ်သည်။ ကျင့်စဥ်အား အောင်မြင်စွာ ကျင့်ကြံပြီးသော် ထိုပုဂ္ဂိုလ်မှာ ရွေးချယ်ခံ၏ ကိုယ်ပွားတစ်မျိုးဖြစ်လာပြီး ရွေးချယ်ခံက သူတို့၏ကျင့်ကြံခြင်းအခြေခံနှင့် အသက်စွမ်းအားအား အရှေ့အရပ်မှခရမ်းရောင်ချီဖြင့် စုပ်ယူနိုင်မည်ဖြစ်သည်။

ထိုပညာနှစ်ရပ်၏ ပေါင်းစည်းမှုကြောင့် ဇီယွင်ဂိုဏ်းသည် တောင်ပိုင်းဒေသ၏ လက်ရှိနေရာကို သိမ်းပိုက်ထားနိုင်ခြင်းဖြစ်လေသည်။

ချူယွီယန်မှာ အနောက်အရပ် ခရမ်းရောင်ကံကြမ္မာစွမ်းအားကို မည်သူ့အပေါ်တွင်မှ အသုံးပြုရသေးသော်လည်း ယခုအချိန်၌ ဤနည်းလမ်းမှလွှဲ၍ အခြားရွေးချယ်စရာမရှိပေ။

၄င်းက စွမ်းအားကြီးပါသော်လည်း အန္တရာယ်များသော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သေးသည်။ ပုံမှန်အားဖြင့် ဂိုဏ်းအကြီးအကဲများက မည်သည့်ချွတ်ချော်မှုကိုမဆို အကူအညီပေးရန် စောင့်ကြပ်ပေးကြသည် မဟုတ်ပါလော။

"နင့်မှာ ပထမဆောင်ပုဒ်နဲ့ပတ်သက်ပြီး ပြဿနာမရှိရင် ငါ နင့်ကို သွေးနည်းနည်းပေးမယ်" ချူယွီယန်က တည်တည်ငြိမ်ငြိမ် ပြောသည်။ " အခုက နေကိုမမြင်ရဘူးလေ။ နေ ဒါမဟုတ် လ မရှိဘဲနဲ့ ခရမ်းရောင်ချီကို စုပ်ယူဖို့ ခက်တယ်။ ဒါပေမယ့် ငါ့သွေးထဲမှာရှိတဲ့ ချီနည်းနည်းပါးပါးက နင် ကျင့်လို့ရအောင် ကူညီပေးလိမ့်မယ်"

မန်ဟိုက အလေးအနက်စဥ်းစားနေရင်း ချူယွီယန်ကို ခေါင်းမော့ကြည့်သည်။ သူ၏စိတ်ထဲတွင်တော့ အေးစက်စွာ ဟားတိုက်ရယ်နေလေသည်။ သူမ ဆောင်ပုဒ်အကြောင်း မဟခဲ့ခင်က သူမ၌ မကောင်းသောရည်ရွယ်ချက်များရှိကြောင်း သူခန့်မှန်းထားခဲ့ပြီးဖြစ်သည်။ သူမ မည်သည့်နည်းလမ်းသုံးရန် ကြံနေသည်ကိုသာ သူ မသေချာခဲ့ခြင်းပင်။

အခု ပထမဆောင်ပုဒ်ကို ကြားပြီးနောက် ခပ်ရေးရေး သဲလွန်စတစ်ခု ရလာလေပြီ။ သူမ သူ့ကို ဤကျင့်စဥ်အား သင်ပေးနေသည့် အဓိကအကြောင်းရင်းမှာ သူအိတ်ကို ဖွင့်နိုင်လျှင်တောင်မှ ၄င်းက သူ့ကို တစ်နည်းနည်းဖြင့် ထိခိုက်စေမည် ဖြစ်သောကြောင့်ပင်။

သူက ရုတ်တရက် ထရပ်ပြီး လမ်းလျှောက်ကာ သူမအရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် သူမဆံပင်ကို ဆုပ်ကိုင်၍ သူမခေါင်းကို သူ့အနား ဆွဲလိုက်သည်။ သူမက ရုန်းကန်ရန် ကြိုးစားသော်လည်း သူ့လောက် မသန်မာပေ။ သူမ ခုခံရန် ကြိုးစားနေစဥ်တွင် သူမခန္ဓာကိုယ်လေးမှာ ပို၍ပင် လှစ်ဟထွက်ပေါ်လာ၏။

"မန်ဟို နင်ဘာလုပ်နေတာလဲ" သူမက အမူအရာပြောင်းလဲသွားရင်း အော်သည်။ ရုတ်တရက် စိုးရိမ်ကြောင့်ကြမှုများ သူမနှလုံးအိမ်ထဲ ချင်းနင်းဝင်ရောက်လာပြီး သူမကိုယ်လုံးလေး တသိမ့်သိမ့်တုန်လာ၏။ သူမနှုတ်ခမ်းလေးကား သူ့နှုတ်ခမ်းထံမှ တစ်လက်မခန့်သာ ကွာဝေးလေတော့သည်။ သူ၏ဝင်လေထွက်လေတို့က သူမနှာသီးဖျားကို ရိုက်ခတ်နေ၏။ သူလက်က သူမခေါင်းထိပ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသဖြင့် သူမမှာ နောက်သို့ ဆုတ်နိုင်စွမ်းမရှိပေ။

"မင်း ငါ့ကို မင်းရဲ့သွေးပေးစရာမလိုဘူး။ ငါ့ဘာသာ ယူမယ်" သူက သူမခေါင်းကို ဘေးသို့စောင်းပြီးနောက် သူမပခုံးသားလေးကို မညှာမတာ ကိုက်ချလိုက်သည်။

သူမကိုယ်လုံးလေး တုန်ရီသွားပြီး သူမမျက်ဝန်းလေးမှာ မုန်းတီးနာကြည်းမှုများဖြင့် ပြည့်နှက်သွားတော့သည်။

သူက အလွန်နီးကပ်နေသဖြင့် သူ့အနွေးဓာတ်ကို သူမခံစားနေရလေသည်။ အဝေးတစ်နေရာမှကြည့်လျှင် သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ဖက်နေကြသော ချစ်သူစုံတွဲအလားပင်။

တခဏကြာသော် မန်ဟိုက သူမခေါင်းကို လွှတ်ပေးပြီး ထရပ်လိုက်သည်။ ထို့နောက် သူက သူမကို တစ်ချက်လေးပင် စောင်းငဲ့မကြည့်ဘဲ သူ့နေရာသူပြန်သွားကာ တင်ပျဥ်ခွေထိုင်လိုက်သည်။ သူမသွေးစက်များမှာ သူ၏နှုတ်ခမ်းထောင့်စွန်းမှ တစ်စက်ပြီးတစ်စက် စီးကျနေလေသည်။ သူက မျက်လုံးများ ပိတ်ပြီး ချူယွီယန် သူ့ကို စောစောက သင်ပေးခဲ့သော ဆောင်ပုဒ်အတိုင်း စတင်ကျင့်ကြံတော့သည်။

ချူယွီယန်အတွက် အသက်ရှူသံများ ပုံမှန်ပြန်ဖြစ်ပြီး စိတ်တည်ငြိမ်ရန် အချိန်အတော်ကြာလိုက်၏။ သူမက မန်ဟို့ကို မုန်းတီးနာကြည်းခြင်းအပြည့်ဖြင့် စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သည်။

"နင်် ဒီကျင့်စဥ်ကို ကျင့်ပြီးတဲ့အထိပဲစောင့် " သူမက တွေးသည်။ " နင့်ရဲ့ ကျင့်ကြံခြင်းအခြေခံကို ငါစုပ်ယူပြီး နင့်ကို အပိုင်းပိုင်းခုတ်ထစ်ပစ်မယ်။ ငါ့ကိုယ်ထဲက တံဆိပ်ကို အသက်သွင်းဖို့ နင့်စွမ်းအင်ကို အသုံးပြုမယ်။ ဒါဆိုရင် ဇီယွင်ဂိုဏ်း ငါ့ကို လာရှာနိုင်လိမ့်မယ်" သူမမှာ ဤနေ့ သည်းခံခဲ့ရသော မန်ဟို၏ စော်ကားမှုအား ဆယ်ဆမက ပြန်ပေးဆပ်ခိုင်းရန် သန္နိဌာန်ချရင်း သွားများကျိုးကြေမတတ် အံတင်းတင်းကြိတ်ထားလေသည်။ အထူးသဖြင့် သူမ ပခုံးပေါ်က နာကျင်မှုနှင့် ကိုက်ရာများကို စဥ်းစားကြည့်လျှင် ပိုဆိုးသည်။ ၄င်းမှာ သူမ အလွယ်တကူ လက်မခံနိုင်သောအရာတစ်ခုပင်။

နာရီပေါင်းများစွာကုန်လွန်သွားပြီးနောက် မန်ဟို၏မျက်လုံးများ ဖြတ်ခနဲပွင့်လာသည်။ သူ၏သူငယ်အိမ်များကား ခရမ်းရောင်အနည်းငယ်သမ်းနေချေပြီ။ ဤအခြင်းအရာကို မြင်သောအခါ ချူယွီယန် အတန်ငယ် နေထိထိုင်သာရှိသွား၏။

"ဒုတိယဆောင်ပုဒ်" မန်ဟိုက အရေးမစိုက်ဟန်ဖြင့် ပြောသည်။

ချူယွီယန်သည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူ့ကို ဒုတိယဆောင်ပုဒ် ပြောရန် စသည်။ "ခရမ်းရောင်ချီ တာအိုမဏ္ဍိိုင်ရဲ့ ကမ်းပါးတွေကို အရောင်ဆိုးရင်း ကန်ဆီပြန်လာ။ အလွှာသုံးလွှာ ကိုးခါလည်ပတ်ခြင်း၊ ခရမ်းရောင်နဂါးတစ်ကောင်ရဲ့ တံဆိပ်တော်....."

အချိန်များ ထပ်မံကုန်ဆုံးသွား၏။ နောက်ဆုံးတစ်ခေါက်ထက်ပင် ပိုကြာနေ၍ ချူယွီယန် အတန်ငယ် ချီတုံချတုံဖြစ်လာတော့သည်။

"ဂိုဏ်းမှာတုံးက အနောက်အရပ်သို့ခရမ်းရောင်ချီ ကျင့်ဖို့ အစ်ကိုလီ ရွေးချယ်ခဲ့တဲ့လူဆိုရင် အကြီးအကဲတစ်ယောက်ရဲ့ စောင့်ကြပ်မှုအောက်မှာ ပြီးဆုံးဖို့ နှစ်နာရီပဲ ကြာခဲ့တယ်။ ဘာလို့ မန်ဟိုက နှေးနေတာလဲ"

သူမမှာ နောက်ထပ်လေးနာရီကြာသည်အထိ ဆက်လက် တွေဝေနေဆဲပင်။ နောက်ဆုံး၌ မန်ဟိုမျက်လုံးများ ပွင့်လာ၏။ ခရမ်းရောင်အလင်းကား ပို၍ပင် အားကောင်းလာချေသည်။ ဤအရာကိုမြင်မှ ချူယွီယင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။

"သူ့မှာ သာမန်ပါရမီပဲရှိတာ ဖြစ်မယ်။ ဒါကြောင့် ကျင့်ကြံအားထုတ်ဖို့ ပိုကြာနေရတာပဲ" ထို့နောက် သူမက တတိယဆောင်ပုဒ်ကို ဆက်ရွတ်ပြသည်။

မန်ဟိုက အချိန်အနည်းငယ်ကြာ နှုတ်ဆိတ်လျက် စဥ်းစားနေပြီးနောက် မျက်လုံးများပိတ်ကာ တရားစထိုင်တော့သည်။ ဤတစ်ကြိမ်ကား ပို၍ပင် ကြာသေးသည်။ သူမပြီးဆုံးခင် နှစ်ရက်တိတိကုန်လွန်သွား၏။ သို့သော် သူ၏မျက်လုံးများပွင့်လာသောအခါ သူ၏မျက်ဆံနှစ်ခုမှာ ခရမ်းရောင်အတိဖြစ်နေပြီး သူ၏မျက်လုံးများသည်လည်း ခရမ်းရောင်အလင်းများ ဖြာထွက်နေချေသည်။

တိတိကျကျဆိုရလျှင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ခပ်ဖျော့ဖျော့ ခရမ်းရောင်အလင်းများ ထုတ်လွှတ်နေပုံရသည်။

ချူယွီယန်မှာ အစက အတန်ငယ်စိုးထိတ်နေခဲ့၏။ သို့သော် သူ့မျက်လုံးများအတွင်းရှိ ခရမ်းရောင်ကို မြင်သောအခါ သူမ၏ကျင့်ကြံခြင်းအခြေခံမှာ အားအင်အပြည့်ဖြင့် လှုပ်ရှားလာပုံရလေသည်။ အခုတွင် သူမ စိတ်ပိုင်းဖြတ်ပြီးသွားလေပြီ။

"အခု နောက်တစ်ဆင့်ပဲ ကျန်တော့တယ်" သူမက တွေးသည်။ " ပြီးရင် သူသေပြီပဲ" သူမ၏မျက်ဝန်းလေးများမှာ ဖျတ်ခနဲလက်သွားပြီး သူမက ဆက်ပြော၏။ "အခု ငါတို့ အတူတူကျင့်ရမယ်။ ငါတို့စွမ်းအားတွေကို ပေါင်းစည်းလိုက်ရင် သိုလှောင်အိတ်ပွင့်လာလိမ့်မယ်။ အဲ့အချိန်ကျ နင် သေချာအာရုံစိုက်ထားဖို့လိုတယ်။ နည်းနည်းလေးမှ လက်နှေးလို့မရဘူး။ အချိန်က ခဏပဲရမှာ။ နင် အိတ်ကို မဖွင့်နိုင်ရင် ဒုတိယအကြိမ်ဆိုတာ ရှိလာမှာမဟုတ်ဘူး" သူမ စကားပြောနေစဥ်တွင် သူမ၏ သူ့အပေါ်မနှစ်မြို့ခြင်းများ ထွက်လာပြီး သူ့အပေါ်သို့ ကျရောက်လာပုံပင်ရသည်။ ထို့နောက် သူမက လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

"နည်းနည်းလေး ထပ်သည်းခံ" သူမက တစ်ယောက်တည်း အေးစက်စက်ရယ်ရင်း တွေးသည်။ "ပြီးရင် အကုန်လုံးပြီးဆုံးသွားလိမ့်မယ်"

မန်ဟို၏မျက်နှာကား ခံစားချက်ကင်းမဲ့နေသည်။ သူက ခရမ်းရောင်မျက်လုံးအိမ်များဖြင့် ချူယွီယန်ကို အေးတိအေးစက်ကြည့်ပြီး စကြဝဠာအိတ်ကို ထုတ်ကာ သူ့ဘေး၌ ထားလိုက်သည်။ ထို့နောက် သူ၏လက်နှစ်ဖက်ကို မြှောက်ကာ ချူယွီယန်လက်အပေါ် တင်လိုက်သည်။ ရုတ်တရက် စောစောကဖိနှိပ်ခံထားခဲ့ရသော သူတို့၏ကျင့်ကြံခြင်းအခြေခံများကား တပွက်ပွက်ဆူလာ၏။

တုံပြန်မှုသည် အားကောင်းသထက် အားကောင်းလာပြီး အဖြူရောင်ချီဓာတ်များ သူတို့၏ကိုယ်ခန္ဓာများမှ ထွက်ပေါ်လာ၏။ ချွေးသီးချွေးပေါက်များ သူတို့နှစ်ယောက်၏မျက်နှာပြင်တစ်လျှောက် စီးကျလာသည်။ ထိုစဥ် သူ့ကိုယ်ထဲရှိ ခရမ်းရောင်စိတ်ဝိညာဥ်စွမ်းအားမှာ တစ်စုံတခု၏ ခေါ်ဆောင်ခြင်းခံနေရကြောင်း မန်ဟို သိသိသာသာ အာရုံရလိုက်သည်။ ၄င်းက သူ၏လက်များမှတစ်ဆင့် ချူယွီယန်ထံ တဟုန်ထိုးပြေးသွားကြသည်။ သူ၏မျက်လုံးများအတွင်းရှိ ခရမ်းရောင်အလင်းမှာ စတင်ပျောက်ကွယ်လာ၏။

ဤအခိုက်အတန့်တွင် မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံအပေါ်ရှိ ဖိအားအနည်းငယ် လျော့နည်းသွားကြောင်း ခံစားလိုက်ရ၏။ စိတ်ဝိညာဥ်စွမ်းအား၏ အစသေးသေးလေးတစ်စ ရုတ်တရက် ထွက်ပေါ်လာသည်။ မန်ဟိုက တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ ၄င်းကို စကြဝဠာအိတ်ထံ တန်းတန်းမတ်မတ် ပို့လွှတ်လိုက်သည်။ လင်းခနဲ တောက်ပသွားပြီးနောက် တစ်စုံတခု ထွက်ပေါ်လာလေသည်။

"အရှေ့အရပ်မှ ခရမ်းရောင်ချီ အနောက်အရပ်နဲ့ ပေါင်းစည်းစေ" ချူယွီယန်က စကြဝဠာအိတ်ထဲမှ ထွက်လာခဲ့သောအရာကို လျစ်လျူရှုရင်း အော်လိုက်သည်။ သူမမျက်လုံးလေးများကား တလက်လက်တောက်ပနေချေသည်။

မန်ဟို၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားများ ချူယွီယန်ထံ တဟုန်ထိုးသွားနေစဥ် ရုတ်တရက် သူမ၏စွမ်းအင်များ တုန်ခါလာသည်ကို ခံစားလိုက်ရ၏....... ၄င်းမှာ အသက်နှစ်ရှိုက်စာလေးအတွင်း မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ လုံးဝပျောက်ဆုံးသွားခဲ့သည့်အလားပင်။ နောက်ထပ် မည်သည့်အရာကိုမှ သူမစုပ်ယူ၍မရတော့ပေ။

"သူ့မှာ ချီအခြေတည်အဆင့် ကျင့်ကြံခြင်းအခြေခံရှိတယ်။ ဒီလောက်နည်းနည်းလေးပဲ ငါစုပ်ယူနိုင်တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး....ဒါက......" သူမ အမူအရာရိပ်ခနဲပြောင်းသွားပြီး မန်ဟို့ကို မော့ကြည့်လိုက်သည်။ သူက သူမကို သရော်ပြုံးပြုံးရင်း ပြန်ကြည့်နေချေသည်။ ယခုအချိန်တွင် သူ့မျက်လုံးများထဲ၌ ခရမ်းရောင်ဟူ၍ အစအနေမကျန်တော့ပေ။

ဤအခြင်းအရာကို မြင်သောအခါ ချူယွီယန် ရင်တဒိန်းဒိန်းခုန်လာပြီး သူမမျက်နှာသည် မယုံကြည်နိုင်သောအမူအရာဖြင့် ရှုံ့မဲ့သွား၏။ သူမမှာ နောက်သို့ လဲကျတော့မတတ် ဖြစ်သွားလေသည်။

"နင်....."

"ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်းချူ" သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။ သူ၏လက်ကို မြှောက်လိုက်ချိန်တွင် စကြဝဠာအိတ်ထဲမှ ထွက်လာသောပစ္စည်းက ၄င်းထံ ပျံသန်းလာသည်။

၄င်းသည် သလင်းကျောက်တစ်တုံးဖြစ်၏။ သို့သော် သာမန်သလင်းကျောက်တုံးမဟုတ်၊ သူ့အိတ်ထဲတွင် ကျန်ရှိသည့်ဝိညာဥ်ကျောက်တုံးအကြီးစားသုံးတုံးထဲက တစ်တုံးပင်။

ချူယွီယန်မှာ ကျောက်သားနံရံကို မှီရင်း မျက်နှာဖြူဆုပ်သွား၏။ သူမနှလုံးသားမှာ ပေါက်ထွက်တော့မတတ် ခုန်နေပြီး အနောက်အရပ်သို့ခရမ်းရောင်ချီ မည်သည့်အတွက်ကြောင့် မအောင်မြင်ခဲ့သည်လဲ မစဥ်းစားတတ်တော့ပေ။ သူမကိုယ်တိုင် သူ ကျင့်စဥ်အား အသုံးပြုရင်း ကျင့်ကြံနေသည်ကို သေချာပေါက် အာရုံရခဲ့သည်။ ထို့ပြင် သူ့မျက်လုံးများထဲရှိ ခရမ်းရောင်သည်လည်း အတုမဖြစ်နိုင်ပေ။ အတုဖြစ်ခဲ့လျှင် သူမကျင့်ကြံခြင်းအခြေခံ ဆူပွက်လာမည်မဟုတ်သလို၊ အနည်းအကျဥ်းကိုလည်း စုပ်ယူနိုင်ခဲ့မည်မဟုတ်ချေ။

သူမကိုယ်လုံးလေးမှာ တဆတ်ဆတ်တုန်ရီလာ၏။ သူမ၏အစီအစဥ်သည် ချက်ချင်းကြံစည်ခဲ့ရ၍ ဟာကွက်များရှိခဲ့သည်။ ၄င်းမှာ အရဲစွန့်ခဲ့ခြင်းဖြစ်ပြီး သူ့ကို မျှားနိုင်မည်ဟု သူမ သေချာခဲ့သည်။ ငါးစာတစ်ခါဟပ်မိသွားသည်နှင့်တစ်ပြိုင်နက် သူ့အတွက် ဘယ်နည်းနှင့်မှ လွတ်လမ်းမရှိနိုင်ခဲ့ပေ။

သို့ထိတိုင် ဤကဲ့သို့ အမှန်တကယ်ဖြစ်ပျက်သွားသေးး၏။ ချူယွီယန်မှာ ရင်ခုန်သံတို့ မြန်ဆန်နေတော့သည်။ သူမက မန်ဟိုကို ကြည့်ရင်း မခန့်မှန်းနိုင်သောသူ့ပုံစံကြောင့် အံ့သြမှင်သက်နေ၏။ ထိုခံစားချက်မှာ ပို၍သာ ပြင်းထန်သထက် ပြင်းထန်လာသည်။

ဤရွေ့ဤမျှသာဆိုလျှင် သိပ်ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သို့သော် မန်ဟို့လက်ထဲတွင် ကိုင်ထားသော ဝိညာဥ်ကျောက်တုံးကြီးကို သူမသတိထားမိသောအခါ သူမ၏သူငယ်အိမ်များကျုံ့သွားး၏။ သူမ အသေအချာကြည့်ပြီးနောက်တွင် အသက်ရှူသံများပရမ်းပတာဖြစ်လာပြီး မယုံကြည်နိုင်သောအရိပ်အယောင်များ သူမမျက်နှာကို လွှမ်းခြုံသွားတော့သည်။

"အဲ့တာ.... သာလွန်အဆင့် ဝိညာဥ်ကျောက်တုံးတစ်တုံးပဲ"

***

All Chapters