← Chapters

မင်းအပြင်ထွက်ချင်လား

Vol. 9 Ch. 115

မင်းအပြင်ထွက်ချင်လား

Vol. 9 Ch. 115

မန်ဟိုက ချူယွီယန်ကို တစ်ချက်ကြည့်ပြီးနောက် ကျောက်သားနံရံကို လက်ဖြင့် တွန်းလိုက်သည်။ သူ၏လက်ဖဝါး ကွဲထွက်သွားပြီး သွေးများစီးကျလာ၏။

ချူယွီယန် အံသြမှင်သက်သွားသည်။ ထို့နောက် မန်ဟိုက ဝိညာဥ်ကျောက်တုံးကြီးကို သူ၏ဒဏ်ရာထဲ ထိုးထည့်၏။ ထိုအခြင်းအရာကို မြင်သောအခါ မည်မျှနာကျင်လှမည်ကို သူမခံစားကြည့်နိုင်လေသည်။ သို့သော် မန်ဟိုကား နည်းနည်းလေးပင် မျက်မှောင်ကြုတ်သွားခြင်းမရှိပေ။

အဆိပ်တက်ချိန်များအတောအတွင်း ခံစားခဲ့ရသော နာကျင်မှုဒဏ်နှင့်ယှဥ်လျှင် ဤသည်မှာ မန့်ဟိုအတွက် စာမဖွဲ့လောက်ပေ။

ဝိညာဥ်ကျောက်တုံး သူ့လက်ဝါးအသားထဲ နစ်ဝင်သွားသည်နှင့်တစ်ပြိုင်နက် ဝိညာဥ်စွမ်းအင်လှိုင်းလုံးကြီး သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်ကို သူခံစားလိုက်ရသည်။ သူ၏မျက်လုံးများသည် လျှပ်စီးမိုးကြိုးများကဲ့သို့ တဖျပ်ဖျပ်လင်းလက်သွား၏။

သူ၏ဖိနှိပ်ခံထားရသော တာအိုမဏ္ဍိုင်သည် တုန်ခါလာပြီး ဝိညာဥ်စွမ်းအင်အမြောက်အမြားအား စုပ်ယူကာ မန်ဟို၏ခန္ဓာကိုယ်တစ်လျှောက်လုံး လှည့်ပတ်စီးဆင်းသွားစေ၏။

ယခုအချိန်တွင် သူ၏ဒုတိယအမြုတေပင်လယ်မှာ အရိပ်အယောင်ပင်မမြင်ရပေ။ အမှန်တွင် ချူယွီယန်၏နည်းလမ်း မန်ဟို့အပေါ် သက်ရောက်မှုမရှိခဲ့သည့် အကြောင်းရင်းမှာ သူ၏ဒုတိယအမြုတေပင်လယ်ကြောင့်ပင်။ သူသည် အနောက်အရပ်သို့ခရမ်းရောင်ချီ ကျင့်စဥ်ကို ကျင့်ကြံခဲ့သော်လည်း တာအိုမဏ္ဍိုင်မရှိသော ဒုတိယအမြုတေပင်လယ်တွင်သာ ကျင့်ကြံခဲ့ခြင်းဖြစ်သည်။

ထိုသည်က အချိန်ကြာနေရသည့်အကြောင်းရင်းလည်းဖြစ်သည်။ ချူယွီယန်အတွက်မူ မန်ဟို၏ ဒုတိယအမြုတေပင်လယ်၏စွမ်းအားကိုသာ စုပ်ယူခဲ့ရ၏။ တိတိကျကျပြောရလျှင် ၄င်းမှာ ပိုးစုန်းကြူးတစ်ကောင်၏စွမ်းအားသဖွယ်သာဖြစ်သည်။

ယခု သူ၏ကျင့်ကြံခြင်းအခြေခံ လည်ပတ်နေစဥ် မန်ဟိုက သိုလှောင်အိတ်ကိုပုတ်ပြီး လျှပ်စီးအလံကို ဆင့်ခေါ်လိုက်သည်။ ၄င်းက သူ့ပတ်ပတ်လည်ကို တလက်လက်တောက်ပနေသော လျှပ်စီးတိမ်တိုက်တစ်ခုဖြင့် ဝိုင်းပတ်လိုက်သည့်အတွက် ချူယွီယန်အား အဝေးသို့ ဆုတ်သွားစေသည်။ သူမက မျက်နှာလေးဖြူဖပ်ဖြူလျော်ဖြစ်လျက် တိမ်တိုက်ကို ကြောင်တောင်တောင် ငေးကြည့်နေလေသည်။

တိမ်တိုက်၏အကာအကွယ်ဖြင့် မန်ဟိုသည် မျက်လုံးများပိတ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို ဆက်လက်လှ့ည်ပတ်လိုက်သည်။ ပတ်ဝန်းကျင်တွင် ဖိအားရှိနေသေးသော်လည်း ယခုအချိန်တွင် မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံလှုပ်ရှားမှုကို တဖြေးဖြေး ခံစားနိုင်လာပြီဖြစ်သည်။

စဦးချီဖွဲ့စည်းမှု အဆင့် ၁ ၊ ၂ ၊ ၃......အဆုံးသတ်တွင် သူသည် စဦးချီဖွဲ့စည်းမှုအဆင့် ၇နှင့်ညီမျှသော စွမ်းအားကို ထုတ်လွှတ်နိုင်သွား၏။

သူက မျက်လုံးများ ဝင်းလက်တောက်ပနေရင်း အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သူ့ပတ်လည်ရှိ တိမ်တိုက်သည် အတွင်းထဲ တလိပ်လိပ်ရွေ့လျားလာကာ အလံငယ်တစ်ခုအသွင် စုစည်းသွား၏။ ထို့နောက် သူက ၄င်းကို ပါးစပ်ထဲ ထည့်ကာ စကြဝဠာအိတ်ကို ဆွဲ၍ထရပ်ပြီး သူ့လက်ဖဝါးအလယ်ထဲသို့ ဆေးလုံးတစ်လုံး သွပ်သွင်းလိုက်သည်။ ဒဏ်ရာသည် တဖြေးဖြေးပိတ်သွားပြီး အမာရွတ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ ဝိညာဥ်ကျောက်တုံးကြီးမှာမူ ဒဏ်ရာထဲ ရှိနေဆဲဖြစ်သည်။ သူ ထုတ်လိုက်ပါက သူ၏ကျင့်ကြံခြင်းအခြေခံ ထပ်မံဖိနှိပ်ခံရပြီး သေမျိိုးကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ယခုလောလောဆယ် သူအများဆုံးထုတ်နိုင်သည်မှာ စဦးချီဖွဲ့စည်းမှုအဆင့် ၇ ၏စွမ်းအားသာ ဖြစ်သည်။

မန်ဟိုက ချူယွီယန်ကို အဖက်မလုပ်ဘဲ သူ၏စကြဝဠာအိတ်ကို နောက်တစ်ဖန်ပုတ်လိုက်ရာ သစ်သားဓားတစ်ချောင်းပျံထွက်လာသည်။ သူက ၄င်းအပေါ်တက်ပြီး လေထုအထဲ တဟုန်ထိုးထွက်သွားသော အလင်းတန်းအသွင်ပြောင်းသွားတော့သည်။

အက်ကြောင်းကဲ့သို့ ဂူအတွင်းတွင် ချူယွီယန်မှာ ရင်ထဲ၌ ရှုပ်ထွေးသော ခါးသက်သက်ခံစားချက်များဖြင့် ပြည့်နှက်နေလျက် သူပျောက်ကွယ်သွားသည်ကို တအံ့တသြငေးမောကြည့်နေမိသည်။

အရာအားလုံး တိတ်ဆိတ်သွား၏။ ဤတိတ်ဆိတ်မှုသည် ဖော်ပြ၍မရသော အထီးကျန်ခြင်းများဖြင့် ချူယွီယန်ကို လွှမ်းခြုံသွားရင်း အဘက်ဘက်သို့ ပျံ့နှံ့သွားလေသည်။ သူမက အသံမထွက်ဘဲ ရယ်လိုက်သည်။ သူမသည် မည်သူမှ ရှာရန် တွေးကြည့်မိလိမ့်မည်မဟုတ်သော မီးတောင်တစ်တောင်၏ အောက်ခြေကို ရောက်နေလေသည်။ သူမမှာ အုတ်ဂူထဲတွင် အရှင်လတ်လတ်မြုပ်နှံခံရသော လူတစ်ယောက်ကဲ့သို့ ပိတ်မိနေသည်ဖြစ်သည်။

မန်ဟိုသည် သစ်သားဓားပေါ်တွင် မျက်လုံးများ ဝင်းလက်တောက်ပနေရင်း ပျံသန်းနေ၏။ မကြာခင် မြူတိမ်တိုက်များ အနောက်တွင် ကျန်ခဲ့သည်။ သူက အရှိန်တင်လိုက်သော်လည်း သိပ်အများကြီးတော့မဟုတ်ပေ။ သူ့မှာ အဆင့် ၇ ၏စွမ်းအားကိုသာ အသုံးပြုနိုင်သည့်အပြင် သူ၏ခန္ဓာကိုယ်မှာလည်း ထိပ်ဆုံးအခြေအနေတွင် မဟုတ်သေးပေ။ မြူများ ပျောက်ကွယ်သွားသောအခါ မန်ဟိုသည် ကြယ်တာရာကောင်းကင်တစ်ခုကို မော့ကြည့်နေကြောင်း တွေ့လိုက်ရသည်။

ကြယ်တာရာများအား မြင်လိုက်သည်နှင့် သူ၏မျက်နှာသည် ဝင်းပသွား၏။ သို့သော် သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ရပ်လိုက်သည်။ သူက မီးတောင်နှုတ်ခမ်းဝမှ ထွက်မသွားသေးဘဲ ၄င်းကို မော့ကြည့်ရင်းသာ ရပ်နေချေသည်။

ယခု သူသာ သတိမထားခဲ့ပါက မီးတောင်နှုတ်ခမ်းဝကို ဖုံးအုပ်ထားသည့် ထိုးဖောက်မြင်ရလုနီးပါး ဒိုင်းအလွှာကို မျက်စိလျှမ်းသွားလောက်သည်။ ၄င်းက ချုပ်နှောင်မန္တန်တစ်မျိုးမျိုး ဖြစ်ပုံထောက်၏။ မန်ဟိုက စကြဝဠာအိတ်ထဲမှ ဓားပျံတစ်ချောင်းထုတ်ကာ အလွှာထံ ပစ်လွှတ်လိုက်သည်။

ဒိုင်းအလွှာနှင့် ထိသွားလျှင်ချင်း ဓားသည် ရုတ်ခြည်း ပြာကျသွားသည်။ အသံတစ်စုံတရာပင် ထွက်လာခြင်းအလျဥ်းမရှိပေ။

မန်ဟို သုန်မှုန်သောမျက်နှာထားဖြင့် ဤအဖြစ်အပျက်က်ို စောင့်ကြည့်နေသည်။ ထို့နောက် သူက လျှပ်စီးအလံကို ထွေးထုတ်လိုက်ရာ ၄င်းသည် မြူတိမ်တိုက်အသွင်ပြောင်း၍ အလွှာထံသို့ တဟုန်ထိုးပြေးဝင်သွား၏။ လျှပ်စီးအလံမှာ ချီအခြေတည်အဆင့်၏စွမ်းအားကို ခံနိုင်ရည်ရှိသော်လည်း ဒိုင်းအလွှာနှင့် ထိသောအခါ ထိုးဖောက်မသွားနိုင်ပေ။ ၄င်းမှာ ပြိုကွဲသွားပြီး ပျက်စီးတော့မည့်အရိပ်အယောင်များ ပြလာသည်။

မန်ဟိုက အသက်ရှူသွင်းပြီး လျှပ်စီးအလံကို အလျင်အမြန်ပြန်ခေါ်လိုက်သည်။ စက္ကန့်အနည်းငယ်လေးအတွင်း ၄င်း၏မျက်နှာပြင်ပေါ်၌ အက်ရာအမြောက်အမြား ပေါ်လာခဲ့လေပြီ။

"ဒီနေရာကို တစ်ခါဝင်ပြီးတာနဲ့ ပြန်ထွက်မရတော့တာများ ဖြစ်နိုင်မလား။ လျှပ်စီးအလံတောင်မှ မဖောက်နိုင်ဘူးဆိုတော့ ငါသာ အဲ့အလွှာနဲ့ ထိလိုက်ရင် ဘာဖြစ်မသွားမလဲ...." သူက မျက်မှောင်ကြုတ်လိုက်သည်။ မီးတောင်၏အပြင်ဘက်တွင် ကြယ်စင်များအား မြင်နိုင်သော်လည်း ဤအလွှာက သူ့လမ်းကို ပိတ်ထားလေသည်။

သူက မျက်လုံးများ လင်းလက်နေရင်း သစ်သားဓားဖြင့် အောက်ပြန်ဆင်းပြီး မကြာခင် မီးတောင်၏ မြူကြမ်းပြင်အပေါ် ဆင်းသက်လိုက်သည်။ ထို့နောက် ဘေးဘီဝဲယာကို ဝေးဝိုက်ကြည့်ပြီး ကျောက်နံရံကြားတစ်ခုထံ လမ်းလျှောက်သွား၏။ အချိန်အနည်းငယ်ကြာသော် သူသည် လက်ထဲတွင် သုံးမီတာအရှည်ရှိသော အရောင်တောက်တောက်မြေပွေးတစ်ကောင်ကိုကိုင်ရင်း ပြန်ရောက်လာသည်။

မြွေက အဆိပ်ရည်များတစက်စက်ကျနေသည့် အစွယ်များကို ထုတ်ရင်း လူးလွန့်နေသည်။ သို့သော် မန်ဟိုက ၄င်း၏ခေါင်းအနောက်မှ ဆုပ်ကိုင်ထားသဖြင့် သူ့ကို ကိုက်မရပေ။

သူက ဒိုင်းအလွှာထံ ပြန်သွားပြီး မြွေကို ၄င်းထံသို့ ပစ်ပေါက်လိုက်သည်။ မြွေပွေး ဒိုင်းအကာကို ထိသွားသည်နှင့်တစ်ပြိုင်နက် ၄င်းခန္ဓာကိုယ်မှာ သွေးသားမြူတိမ်အဖြစ် ပြောင်းလဲသွား၏။ မြွေအရိုးစုကား ပကတိအတိုင်း မြူများအတွင်း ပြန်လည်ပြုတ်ကျလာသည်။

မန်ဟို အသက်တစ်ချက်ရှူသွင်းပြီး စိုးရိမ်သွားသောမျက်နှာအမူအရာဖြင့် အလွှာကို ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်စက်နှာမှုတ်ပြီး ညာဘက်ဖြင့် စကြဝဠာအိတ်ကို ပုတ်လိုက်ရာ ဓားပျံအမြောက်မြား ပျံထွက်လာ၏။ သူက လက်ချောင်းကို တောက်၍ ဓားများအား ကျောက်နံရံထံ ပစ်လွှတ်လိုက်သည်။ ဝုန်းခနဲ မြည်သည်းသွားပြီး ကျောက်ဆောင်အတွင်း အပေါက်တစ်ပေါက် ပေါ်လာ၏။ သို့သော် ဓားများ အတွင်းထဲ ထွင်းသွားစဥ် သံသံချင်းရိုက်ခတ်သံတစ်သံ ထွက်လာသည်။ မန်ဟို အပေါက်ကို ကြည့်ပြီးနောက် ကျောက်နံရံများကို လှည့်ပတ်ကြည့်လိုက်သည်။

ကျောက်ဆောင်မှာ စိမ်းပုပ်ရောင်ဖြစ်ပြီး တဖျပ်ဖျပ်လက်နေသော မှော်သင်္ကေတများဖြင့် ဖုံးအုပ်နေသည်။ ၄င်းက သိသာထင်ရှားစွာပင် တားမြစ်မန္တန်တစ်ခု၏အောက်တွင် ဖြစ်သည်။

မန်ဟို သက်ပြင်းချလိုက်မိသည်။ သူသည် အခြားနည်းလမ်းများအား ကြိုးစားကြည့်သော်လည်း ရလဒ်မှာ အမြဲအတူတူပင်။ နောက်ဆုံးတွင် သူ့မှာ ကျောက်နံရံတွင် တွင်းငယ်တစ်တွင်းတူးပြီး တင်ပျဥ်ခွေထိုင်ကာ အလွှာအား တိတ်ဆိတ်စွာ မော့ကြည့်နေတော့သည်။

သူ ထိုကဲ့သို့ ခုနစ်ရက်ကြာထိုင်နေသည့်အတောအတွင်း ဒိုင်းအလွှာကို ဖောက်ထွက်ရန် နည်းလမ်းပေါင်းစုံအား စမ်းကြည့်သော်လည်း တစ်ခုမှမလုပ်မဖြစ်ပေ။ မကြာခင် တစ်လကြာသွားလေပြီ။

သူ့မှာ အလွှာကြောင့် ပိတ်မိနေသော်လည်းမီးတောင်၏အောက်ခြေရှိ ချူယွီယန်မှာတော့ ထိုအကြောင်းမသိပေ။ သူမက သူထွက်သွားခဲ့ပြီဟု ယူဆထားလေသည်။

ပထမရက်တွင် သူမသည် သူမခြေထောက်လေးများကို နွမ်းလျစွာ ဖက်ထားရင်း အပြင်တွင် ထိုင်နေ၏။ သူမမှာ ယခင်က မိန်းမလှလေးနှင့် လုံးဝကွာခြားနေသည်။ ယခုအချိန်တွင် သူမသည် ခြောက်သွေ့ညှိုးနွမ်းနေသော ပန်းလေးတစ်ပွင့်ပမာပင်။

သုံးရက်မြောက်ရောက်သော် သူမသည် စိတ်ပျက်အားငယ်နေသောမျက်ဝန်းလေးများနှင့် မျက်နှာဖြူဖပ်ဖြူလျော်ဖြစ်လျက် ဂူအပြင်ကို ကြည့်ရင််း ထိုင်နေသည်။

သုံးရက်၊ ငါးရက်၊ ရှစ်ရက်.....မကြာမီ ဆယ်ရက်၊ ထို့နောက် ဆယ့်သုံးရက် ကုန်ဆုံးသွားသည်။ သူမမျက်ဝန်းထဲရှိ စိတ်ပျက်အားငယ်မှုများ တစတစပို၍ပြင်းထန်လာပြီး သူမမှာ ဆာလောင်သထက် ဆာလောင်လာတော့သည်။ သူမခန္ဓာကိုယ်သည်လည်း စတင်အေးစက်လာနေပြီဖြစ်သည်။ သူမမှာ တစ်ကမ္ဘာလုံးတွင် တစ်ယောက်တည်းအထီးကျန်ခဲ့သည့်အလား ခံစားနေရပြီး ပို၍အထီးကျန်လာတော့သည်။ မန်ဟို ရှိနေတုံးက ဤခံစားချက်မျိုးမရှိခဲ့ပေ။ ထိုစဥ်က သူမမှာ သူကို အသေဆိုးနှင့်သေစေရန် ဆုတောင်းရင်း မုန်းသာမုန်းတီးနေခဲ့လေသည်။

သို့သော် သူထွက်သွားပြီး ဆယ့်သုံးရက်ကြာပြီးနောက်တွင် အထီးကျန်သောခံစားချက်က ဝါးမြိုရန်အသင့်ဖြစ်နေသည့် ဘီလူးပါးစပ်ကြီးအလား သူမကို ဝန်းရံထားတော့သည်။

သူမသည် ယခုအချိန်၌ မည်သည့်ချီဓာတ်မှမရှိဘဲ ဤနေရာမှ မလွတ်မြောက်နိုင်ကြောင်း အခိုင်အမာယုံကြည်နေပြီဖြစ်သည်။ မဟုတ်လျှင် ဇီယွင်ဂိုဏ်း သူမကို ရှာတွေ့ခဲ့ပြီးလေပြီ။ သို့သော် မကြာခင် တစ်လ ပြည့်တော့မည်ဖြစ်ပြီး မည်သူမှ သူမအတွက် ရောက်မလာခဲ့ပေ။ ထို့အတွက် အကြောင်းပြချက်တစ်ခုသာ ရှိသည်။

နှစ်ဆယ့်သုံးရက်ကုန်သွားပြီးနောက် နှစ်ဆယ့်ခြောက်ရက်။ သူမနှလုံးသားထဲရှိ ထိတ်လန့်ကြောက်ရွံ့မှုများသည် သူမကိုဝန်းရံထားသော တိတ်ဆိတ်ခြင်း၏အလယ်တွင် တဖြေးဖြေးအားကောင်းလာတော့သည်။ တိတ်ဆိတ်ခြင်း၏နက်ရှိုင်းမှုက သူမကို ပုံရိပ်ယောင်ကမ္ဘာထဲရောက်နေသည့််အလား ခံစားနေရစေသည်။ သူမပတ်ပတ်လည်တွင် ဟိုဟိုသည်သည်လျှောက်နေကြသော အရိပ်များ မရေမတွက်နိုင်အောင်ရှိကြောင်း သူမအာရုံရနေ၏။ သူမမှာ တဆတ်ဆတ် တုန်ရီနေတော့သည်။ ဤအခိုက်အတန့်တွင် သူမသည် ဇီယွင်ဂိုဏ်း၏ရွေးချယ်ခံ မဟုတ်တော့၊ အားနွဲ့သောမိန်းမငယ်လေးတစ်ယောက်သာ ဖြစ်သည်။

သူမက မျက်ရည်များမကျစေရန် အသံတစ်သံမှမထွက်ဘဲ အံတင်းတင်းကြိတ်လိုက်သည်။

တစ်လအတောအတွင်း မန်ဟိုသည် ဒိုင်းအလွှာ၏အောက် လျှပ်စီးတိမ်တိုက်၏အကာကွယ်အတွင်း ထိုင်နေသည်။ သူ့မှာ အလွှာအားဖောက်ထွက်ရန် စဥ်းစားနိုင်သမျှအကြံကုန် အသုံးပြုခဲ့သော်လည်း ရလဒ်က ပြောင်းမသွားပေ။ သူ့အသံသည်ပင် ဖြတ်မသွားနိုင်ပုံရသော်လည်း အပေါ်ထက်ကောင်းးကင်တွင် လူတစ်ယောက်မှ မမြင်ခဲ့ရ၍ ကိစ္စတော့မရှိပေ။ နောက်ဆုံး၌ တစ်ညတွင် တိမ်မည်းများ ကောင်းကင်တွင် ပြည့်နှက်သွားပြီး မိုးသည်းထန်စွာ ရွာကျလာ၏။ မိုးပေါက်များက အလွှာကိုဖြတ်၍ မန်ဟို၏လျှပ်စီးတိမ်တိုက်အပေါ်ကျသည်။

ရုတ်တရက် လျှပ်စီးတစ်တန်းနှင့်အတူ ဂျိန်းခနဲ မိုးခြိမ်းသံ ထွက်ပေါ်လာသည်။ ထိုအချိန် မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး အလွှာကို အသေအချာကြည့်လိုက်သည်။ တခဏကြာသော် နောက်ထပ် လျှပ်စီးတန်းတစ်တန်း ကျရောက်လာ၏။ မန်ဟို့၏မျက်လုံးများ လင်းလက်တောက်ပလာတော့သည်။

မိုးကြိုးတစ်ခါပစ်တိုင်း အလွှာတွင် လှိုင်းတွန့်များထသွားသည်ကို သူသတိထားမိခဲ့လေသည်။

"ဆိုတော့ လျှပ်စီးတန်းတွေက ဒါကိုသက်ရောက်နိုင်တယ်ပေါ့လေ.....မိုးကြိုးပစ်ရင် ဒီအလွှာ ပွင့်ထွက်သွားလောက်တယ်" သူ၏ရင်ခုန်သံတို့ မြန်ဆန်လာ၏။ ထို့နောက် သတ္တုဓားပျံများ ထွက်ပေါ်လာသည်။ သူက လျှပ်စီးတန်းတချိို့အား ဆွဲငင်နိုင်ရန် မျှော်လင့်ရင်း ၄င်းတို့ကို ပစ်လွှတ်လိုက်သည်။

သို့သော် မိုးကြိုးနှင့် မိုးပေါက်များ ပျောက်ကွယ်သွားပြီး ကောင်းကင်သည် ပြန်လည်ကြည်လင်လာ၏။ သူ့မှာ မည်သည့်လျှပ်စီးတန်းကိုမှ မဆွဲငင်နိုင်ခဲ့ပေ။ သို့သော် ယခုတွင် မျှော်လင့်ချက်ရောင်ခြည်များ သူ့မျက်လုံးများအတွင်း၌ ယှက်သန်းနေလေပြီ။

"ငါ မိုးကြိုးကို မဆွဲငင်နိုင်ခဲ့ဘူး။ ကြည့်ရတာ ဒိုင်းအလွှာကြောင့်ဖြစ်လောက်တယ်။ မိုးကြိုးပစ်ချပြီး အလွှာကိုပွင့်ထွက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုခုသာရှိလို့ကတော့.... ငါ မိုးကြိုးညှို့ဖို့တစ်ခုခုလိုတယ်.....ဘာလိုလဲဆိုတော့...." သူ့ခေါင်းထဲတွင် အကြံတစ်ခုဖျတ်ခနဲလင်းသွား၏။ သူက စကြဝဠာအိတ်မှ လိပ်ခွံအစိတ်အပိုင်းတစ်ခုကို ထုတ်လိုက်သည်။ ယင်းမှာ ပြီးပြည့်စုံသောချီအခြေတည်ဆေးလုံးအတွက် ဖော်စပ်နည်းပင်။

သူက ၄င်းက အကြိမ်ရေအနည်းငယ် လှန်လှောကြည့်ပြီးနောက် သူ၏မျက်လုံးများသည် ပို၍ပင် တောက်ပလာတော့သည်။ ၄င်းတို့၌ စိတ်ပိုင်းဖြတ်ထားသောအရိပ်အယောင်များပြည့်နှက်နေချေသည်။

"ပြီးပြည့်စုံတဲ့ ချီအခြေတည်ဆေးလုံး ဖော်စပ််ခြင်းကို မိုးကောင်းကင်က ခွင့်မပြုတာကြောင့် မိုးကြိုးပစ်စစ်ဆေးခြင်းနဲ့ ဖြစ်ပေါ်စေလိမ့်မယ်"

သူက လိပ်ခွံကို ပြန်သိမ်းပြီး အချ်ိန်အနည်းငယ်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေ၏။ အချိန်တစ်ခုကြာသော် သူသည် အောက်ဘက်မြူများထံသို့ ရိပ်ခနဲဆင်းချသွားစည်။ မကြာမီ မီးတောက်အောက်ခြေရှိ ချူယွီယန်ထံ ရောက်သွားလေပြီ။

သူက သူမ၏စိတ်ပျက်အားငယ်များပြည့်နှက်သော မျက်နှာလေးကို ကြည့်လိုက်သည်။

ချူယွီယန် သူ့ကို မြင်သောအခါ သူမမျက်ဝန်းလေးများ ဝိုင်းစက်သွား၏။ "နင်....."

"မင်းက မဟာအကြီးအကဲဆေးလုံးမိစ္ဆာရဲ့ တပည့်မလား" မန်ဟိုက အေးတိအေးစက်ပြောသည်။ "မင်း ဆေးဖော်စပ်ခြင်းပညာရပ်အကြောင်း တစ်ခုခုသိလား"

သူမက ဘာမှမပြောဘဲ ခေါင်းသာညိတ်လိုက်သည်။

"မင်း အပြင်ထွက်ချင်လား" သူ၏မျက်လုံးများလင်းလက်သွား၏။ မန်ဟို့စကားသံ သူမနားထဲဝင်ရောက်လာသောအခါ ချူယွီယန်၏ကိုယ်လုံးလေး တသိမ့်သိမ့်တုန်ယင်သွားသည်။ သူမမျက်လုံးလေးသည် တဖြေးဖြေး အသက်ပြန်ဝင်လာတော့သည်။

***

All Chapters