← Chapters

အပြစ်ဒဏ်သေးသေးလေး

Vol. 9 Ch. 117

အပြစ်ဒဏ်သေးသေးလေး

Vol. 9 Ch. 117

မန်ဟိုတစ်ယောက်တည်းသာ အသံကို ကြားနိုင်ခြင်းဖြစ်သည်။ တခြားမည်သူမှ အသံတစ်ပိုင်းတစကိုပင် ခံစားသိရှိနိုင်မည်မဟုတ်ပေ။ ချူယွီယန်တောင်မှ မန်ဟိုနှင့်အတူ မီးတောင်ထဲတွင် ရှိနေသည့်တိုင် သူမလည်း ဘာအသံမှ မကြားရပေ။

အသံ သူ၏ခေါင်းထဲတွင် ပဲ့တင်ထပ်နေစဥ် မန်ဟို၏ မျက်လုံးများသည် လေးနက်သောအသွင်တစ်ခုဖြင့် ပြည့်နှက်သွားသည်။

"ရှေးကံကြမ္မာဆိုးမျိုးနွယ်စု...... ငါတို့ရောက်နေတာက ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းရဲ့ နယ်နိမိတ်ထဲမှာလို့တော မပြောနဲ့နော်။ သွေးအင်မိုတယ်ရဲ့ အမွေအနှစ်။ သွေးအင်မိုတယ်....." မန်ဟို အံသြတုန်လှုပ်သွားသည်။ သူသည် အမျိုးမျိူးသော ကျင့်ကြံခြင်းအဆင့်အားလုံးနှင့် အတော်လေး အကျွမ်းတဝင်ရှိသည်။ အနုသုခုမရုပ်ခန္ဓာပြီးနောက် စိတ်ဝိညာဥ်ခွဲထွက်ခြင်း၊ ထို့နောက် တာအိုရှာဖွေခြင်းဖြစ်ပြီး နောက်ဆုံးက အင်မိုတယ်အဆင့်တက်ခြင်းပင်။

သို့သော် နှစ်တစ်သောင်းအတွင်း လူခုနစ်ယောက်၊ရှစ်ယောက်မျှသာ ထိုအဆင့်သို့ ရောက်ခဲ့ဖူးသည်။ တာအိုရှာဖွေခြင်းအဆင့်ရောက်ခြင်းသည်ပင် သိပ်အတွေ့မများပေ။

"သွေးအင်မိုတယ်ရဲ့ အမွေအနှစ်။ အဲ့ပုဂ္ဂိုလ်က သူ့ကိုယ်သူ အင်မိုတယ်လို့ပဲ ခေါ်ခဲ့တာလား။ ဒါမှမဟုတ် အင်မိုတယ်အဆင့်ကို တကယ် ရောက်ခဲ့တာလား....." သူ့မှာ စိတ်လှုပ်ရှားနေသော်လည်း မှီခိုရာဂိုဏ်းချုပ်နှင့် ထျန်ကျီးအရှင်တို့ တိုက်ပွဲနှင့် ရွတ်ဆိုခဲ့သောစကားလုံးများအား ရုတ်တရက် တွေးမိသွား၏။ အရုဏ်ဦးအင်မိုတယ် လီရှန်း။

သူက ဧရာမဦးခေါင်းကြီးကို ကြည့်ပြီး ၄င်း၏ပါးစပ်သည် လိုဏ်ဂူတစ်မျိုးဖြစ်ပုံရကြောင်း သတိထားလိုက်သဖြင့် သူ၏မျက်လုံးများ ဝင်းလက်သွားသည်။ ဝင်ရောက်လိုက်ခြင်းက အမွေအနှစ်ရှာဖွေခြင်း၏ အစဖြစ်သည့် သဘောဆောင်ပေမည်။

" တောင်ပိုင်းဒေသမှာ ကိုးခု ပွင့်လာပြီး သက်ရှိသက်မဲ့ဟူသမျှ သိလိမ့်မယ်။ ဒါက...... ငါ အထဲဝင်လိုက်တာနဲ့ အပြင်ဘက်ကမ္ဘာမှာရှိတဲ့ အမွေအနှစ်ဆီ ဦးတည်တဲ့ တခြားဝင်ပေါက်ကိုးခုလဲ ပွင့်သွားလိမ့်မယ်လို့ ဆိုလိုတာလား။ ပြီးရင် မိုးလေတိမ်တိုက်တွေ နှောင့်ယှက်ခံရပြီး လူတိုင်း သိသွားမှာလား" သူက ပါးစပ်ပေါက်ကို ကြည့်၍ အလေးအနက်တွေးရင်း ချီတုံချတုံဖြစ်နေ၏။

"ဒီလိုဖြစ်ရမယ်။ အမွေအနှစ်ကိုရှာဖွေဖို့ လူတွေ ဝင်ရောက်နိုင်တဲ့ ဝင်ပေါက်ကိုးခု ရှိတယ်။ သူတို့ထဲကမှ တစ်ယောက်က သွေးအင်မိုတယ်ရဲ့အမွေအနှစ်ကို လက်ခံဖို့ ရွေးချယ်ခံရမယ်....ဒါဆို ဒီနေရာနဲ့တူတဲ့ နေရာကိုးခု ထပ်ရှိဦးမှာပဲ။ တစ်ပေါက်ပွင့်ရင် အကုန်ပွင့်မယ်။ အရင်က တစ်ယောက်ယောက် ဖွင့်ခဲ့ဖူးလား သိချင်လိုက်တာ......." ရုတ်တရက် သူသည် ကန်စပ်များအား ဝေ့ဝိုက်ကြည့်လိုက်၏။ ၄င်းတို့မှာ မသတီစရာကောင်းသော အရိုးဖြူဖြူများဖြင့် ပြန့်ကျဲတည်ရှိနေသည်။ အရိုးအများစုမှာ ဦးခေါင်းခွံများဖြစ်ပြီး လူသားများးဖြစ်သည်။

ဦးခေါင်းခွံများမှာ ပျက်စီးယိုယွင်းနေပြီဖြစ်၍ ဤနေရာတွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့ကြောင်း ထင်ရှားလေသည်။ ဖြစ်နိုင်သည်က ဤနေရာ၏ထူးဆန်းမှုကြောင့် ကွဲကြေမသွားဘဲ ဤအချိန်အထိ ကျန်ရှိနေသေးခြင်းဖြစ်မည်။

မည်သို့ပင် ဖြစ်စေ၊ မန်ဟို့တွင် ၄င်းတို့မည်မျှကြာကြာတည်ရှိခဲ့ကြောင်း ဆုံးဖြတ်ရန် နည်းလမ်းမရှိသလို၊ သူတို့က ကျူးကျော်ဝင်ရောက်သူများလော၊ သို့မဟုတ် ဤနေရာကို ဖန်တီးခဲ့ချိန်က ယဇ်ပူဇော်ခံသည့်လူများလော၊ ဆုံးဖြတ်ရန်လည်း နည်းလမ်းမရှိပေ။

သူသည် အချိန်တစ်ခုကြာသည်အထိ အတွေးထဲနစ်မြောနေပြီး အဆုံးသတ်၌ ပါးစပ်ပေါက်အတွင်း အလျင်စလိုဝင်မသွားရန်သာ ဆုံးဖြတ်လိုက်သည်။ သူက ဖြေးဖြေး နောက်ပြန်ဆုတ်လိုက်သည်။ ဧရာမဦးခေါင်းကြီးသည်လည်း ပလ္လင်နှင့်အတူ ကန်ထဲ ပြန်နစ်မြုပ်သွား၏။ သူ မီတာသုံးရာအမှတ်အသားသို့ ပြန်ရောက်ချိန်တွင် အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူက နောက်ဆုတ်နေစဥ် အင်္ကျီလက်စကို ခါပြီး အရိုးတချို့အား သူ၏သိုလှောင်အိတ်ထဲ စုဆောင်းလိုက်သည်။ ထို့နောက် သူသည် သွေးကန်ကို အချိန်အနည်းငယ်ကြာ ရပ်ကြည့်နေပြီးနောက် လှည့်၍ ထွက်ခွာသွားသည်။

မကြာမီ အက်ကွဲကြောင်းကဲ့သို့ ဂူအပြင်ဘက်ရှိ ချူယွီယန်ဆီ သူပြန်ရောက်လာခဲ့၏။ သူမမျက်နှာလေးမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး ဆေးပေါင်းဖိုအပေါ်တွင် အာရုံစူးစိုက်နေချေသည်။ သူမက ဆေးပင်အချို့ကို ထုတ်၍ အရည်ညှစ်ပြီးနောက် ဆေးပေါင်းဖိုထဲ ထည့်သည်။ မန်ဟို အနီးတစ်ရာတွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ အတွေးနက်နေသောအရိပ်အယောင်က သူ၏မျက်လုံးများထဲတွင် ပေါ်ပေါက်နေ၏။ သူက စောစောက ထည့်လာခဲ့သော ဥိီးခေါင်းခွံတစ်ခုကို ထုတ်ပြီး အနီးကပ် ကြည့်ရှုလိုက်သည်။

"ငါ ဒီအရိုးတွေရဲ့ သက်တမ်းကို မဆုံးဖြတ်နိုင်ရင် သွေးအင်မိုတယ်ရဲ့အမွေအနှစ်ဆီ ဒီအတိုင်းသွားလို့မဖြစ်ဘူး" သူသည် သတိရှိခြင်း၏တန်ဖိုးကို သူ့အား သင်ပြပေးခဲ့သော ကျိုုးပြည်ကအဖြစ်အပျက်အားလုံးကို ပြန်တွေးမိလိုက်သည်။ သူက ဦးခွံကို သူ့အရှေ့တွင် ကိုင်မြှောက်ရင်း အသေအချာ ကြည့်ရှူနေလေသည်။

အချိန်များ တရွေ့ရွေ့ကျော်လွန်သွားပြီး မကြာခင် ငါးရက်တာ ကုန်ဆုံးသွားခဲ့လေပြီ။ ချူယွီယန်က ဆေးပေါင်းဖိုမှ မန်ဟိုဆီ လျှောက်လာသည်။ သူမမှာ မောဟိုက်ပင်ပန်းနေသောပုံပေါ်နေရင်း သူ့ကို ဆေးတစ်လုံးပစ်ပေးသည်။

၄င်းသည် အပြာရင့်ရောင်ရှိပြီး အတော်လေးလှ၏။ ခပ်မှိန်မှိန် အပြာရောင်အလင်းတစ်ခုအား ထုတ်လွှတ်နေသော်လည်း မွေးပျံ့သောရနံ့တော့ မရှိပေ။

"ငါတစ်ကြိမ် ကျရှုံးခဲ့ပေမယ့် ဒုတိယတစ်ခေါက်တော့ အောင်မြင်ခဲ့တယ်။ ဒါက နင်လိုချင်တဲ့ဆေးလုံးပဲ။ အခု ငါ့ကို ဝတ်စရာတစ်ခုခုပေးတော့" သူမက ပင်ပန်းနွမ်းနယ်နေသောမျက်ဝန်းလေးများဖြင့် သူ့ကို ငုံကြည့်သည်။ ဤသည်မှာ ဆေးဖော်ခြင်းပညာရပ်အတွက် ပေးဆပ်ရသော တန်ရာတန်ကြေးသာဖြစ်သည်။

မန်ဟိုက ဆေးလုံးကိုယူပြီး အသေအချာကြည့်သည်။ ထို့နောက် သူ၏စကြဝဠာအိတ်ထဲ ထည့်ပြီး နောက်ထပ်ပါဝင်ပစ္စည်းနှစ်စုံနှင့်အတူ ကျောက်စိမ်းပြားတစ်ပြား ထုတ်လိုက်သည်။ ဝတ်ရုံတစ်ထည်ကိုလည်း ထုတ်ယူပြီး သူ့အရှေ့တွင် အကုန်လုံးချပေးလိုက်သည်။ ချူယွီယန်က ၄င်းတို့ကို ကောက်ယူပြီး ဂူထဲ လျှောက်သွား၏။ အချိန်အနည်းငယ်ကြာသော် သူမသည် ဆံနွယ်ရှည်လေးများအား ပခုံးပေါ်သို့ ဖြန့်ချရင်း မန်ဟို၏ဝတ်ရုံရှည်ကို ဝတ်ကာ ထွက်လာသည်။ သူမအသွင်လေးမှာ ကျက်သရေရှိသော အပျိုစင်လေးတစ်ယောက်သဖွယ်ပင်။ သူမသည် ပင်ပန်းနေသော်လည်း ထိုသည်ကပင် ယခင်နှင့်မတူသော အလှတရားကို ဖော်ကျူးစေ၏။

မန်ဟို သူမကို ကြည့်မိလိုက်စဥ် အစ်မရှုမှာ တင့်တယ်လှပခြင်းအရာ၌ သူမကို မယှဥ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ တကယ်တမ်းဆိုရလျှင် ချူယွီယန်သည် သူ့ဘဝတစ်လျှောက်လုံး တွေ့ဖူးခဲ့သမျှထဲ အလှဆုံးမိန်းကလေးဖြစ်လောက်သည်။ မြောက်ပင်လယ်၏အောက်ခြေတွင် သူတွေ့ခဲ့ရသော မိန်းမငယ်လေးသည်သာ သူမခြေဖျားမှီရုံရှိသည်။

ယခုတွင် ချူယွီယန်သည် အဝတ်လဲပြီး လှစ်ဟနေခဲ့သောနေရာတစ်ချို့အား ဖုံးကွယ်ခဲ့ပြီးဖြစ်၍ မန်ဟို့ရပ်နေရခြင်းအား သက်သောင့်သက်သာမရှိသည့်ပုံမပေါ်တော့ပေ။ သူမက လမ်းလျှောက်ထွက်လာစဥ် သူ့လေ့လာဆန်းစစ်နေသော ဦးခေါင်းခွံကို သတိထားမိလိုက်၏။

သူမမျက်လုံးလေးများသည် ရုတ်တရက် ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့်ဘဝင်းလက်သွားသော်လည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ "နင့်မှာ လုပ်စရာမရှိရင်" သူမက အေးစက်စွာ ပြောသည်။ "ဒိုင်းကို သွားစောင့်ကြည့်နေပါ့လား။ ဖြတ်သွားဖြတ်လာကျင့်ကြံသူတွေ့ရင် ငါတို့ကို ကယ်ရင် ကယ်နိုင်လိမ့်မှာပေါ့။ အခုလို ဘိုးတော်ဘုရားလက်ထပ်က ဦးခေါင်းခွံ လျှောက်ကြည့်နေတာထက်စာရင် အဲ့တာပိုကောင်းဦးမယ်"

"ဒီဦးခေါင်းခွံတွေ ဒီမှာ နှစ်သောင်းပေါင်း ဘယ်လောက်ကြာကြာ ရှိနေခဲ့တာလဲ" သူက ရုတ်တရက် ထမေးသည်။

သူမက ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်သည်။အဝတ်လဲလိုက်ခြင်းက သူမ၏အရင်မောက်မာဝင့်ကြွားမှုများအား နဂိုအတိုင်းပြန်ဖြစ်သွားစေပုံရသည်။ ကြည့်ရသရွေ့ သူမက မန်ဟိုလိုအပ်သော ဆေးလုံးများ ဖော်စပ်ပေးနေရသူဖြစ်၍ သူသည် သူမကို အရင်ကကဲ့သို့ ဆက်ဆံရဲလောက်မည်မဟုတ်ဟု ယူဆထားပုံထောက်သည်။ သူမက သူ့ကို ဥပေက္ခါပြုရင်း ဆေးဖော်ရာနေရာသို့ ပြန်လျှောက်သွား၏။ မန်ဟို တဟားဟားရယ်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သစ်သားးဓားတစ်ချောင်း ထွက်လာပြီး သူမထံတည့်တည့် ပြေးဝင်သွားလေသည်။

၄င်းက မြန်ဆန်လွန်း၍ ချက်ချင်း သူမထံရောက်သွားး၏။ သူမ၏ လက်ရှိကျင့်ကြံခြင်းအခြေခံအရ ၄င်းကို ဘယ်နည်းနှင့်မှ မရှောင်နိုင်သလို သူမကလည်း ရှောင််တိမ်းခြင်းမပြု။ သူမက လှောင်ပြောင်နေသော မျက်ဝန်းလေးများဖြင့် မန်ဟို့ကို အထက်စီးဆန်စွာ ပြန်ကြည့်လိုက်သည်။

ဓားထိပ်က သူမလည်ပင်းနား ရောက်နေပြီဖြစ်သည်။ သူမခန္ဓာကိုယ်မှ အေးစက်သောအငွေ့အသက်များ ထုတ်လွှတ်လာ၏။ သို့သော် သူမက ခနဲ့တဲ့တဲ့ကြည့်ရင်း မိုးထိအောင် မေးကို မော့ထားဆဲပင်။

"နင် ဓားကို ဖယ်ဖို့ အချိန်သုံးစက္ကန့်ရမယ်" သူမက အေးဆေးတည်ငြိမ်စွာ ပြောသည်။ " နင်မဖယ်ရင် ဒါမှမဟုတ် နင်ငါ့ကို အနာတရဖြစ်အောင်လုပ်ရင် နင့်အတွက် ဘယ်သူမှ ဆေးဖော်ပေးမှာမဟုတ်တော့ဘူး" သူမအသားအရေမှာ နှင်းပွင့်ဖတ်လေးများကဲ့သို့ ဆွတ်ဆွတ်ဖြူနေပြီး ဝင့်ဝါမော်ကြွားစွာ ခေါင်းကိုစောင်းထားသည်။ မန့်ဟိုကို စိုက်ကြည့်နေစဥ်တွင် သူမမျက်လုံးများသည် တဖျပ်ဖျပ်လက်နေ၏။

မန်ဟို သူမကို ထိရဲလိမ့်မည်မဟုတ်ကြောင်း သူမယုံကြည်သည်။ ဓားက ခြိမ်းခြောက်ရုံသာဖြစ်ပြီး ချူယွီယန်အတွက်တော့ ထိုကဲ့သို့ခြိမ်းခြောက်မှုမျိုးမှာ ကလေးဆန်ပြီး ရယ်စရာကောင်းလေသည်။

သူမသည် ခေါင်းငုံ့မခံတတ်သော လူစားမျိုးဖြစ်သည်။ ယခုတွင် ဆေးလုံးတစ်လုံးအား အောင်အောင်မြင်မြင်ဖော်စပ်ပေးခဲ့၍ သူမခေါင်းကို မော့ထားနိုင်ပြီဖြစ်ပြီး သူမကို မထီမဲ့မြင်မလုပ်ခင် မန်ဟိုအား နှစ်ခါတွေးသွားစေ၏။ သူမက အသာစီးပင်ရနိုင်လောက်မည်ဖြစ်သည်။

"မင်းမှန်တယ်" မန်ဟိုက မျက်မှောက်ကြုတ်ရင်း ပြောသည်။ "မင်းမရှိဘဲ ငါဆေးဘယ်လိုမှ မဖော်နိုင်ဘူး" အကြောင်းကိစ္စများအား ထည့်သွင်းစဥ်စားပါက သူသည် သူမကို အမှန်တကယ်ပင် ဘာမှမလုပ်နိုင်ပေ။ သို့သော် ပုန်ကန်ခြင်းမီးတောက်အား ချက်ချင်းမငြှိမ်းသတ်လျှင် ရှေ့ဆက်ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်ရလိမ့်မည်ကို သူသိသည်။ သူက တခဏတွေးပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ သူ့အပြုံးက ချူယွီယန်ကို ရင်တဒိန်းဒိန်းသွားစေပြီး ရုတ်တရက် စိုးရိမ်စိတ်များပေါက်ဖွားလာသည်။

"တကယ်တမ်းကျတော့" သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။ "ငါ မင်းကို ဘယ်လိုပဲ ဒုက္ခပေးပေး ၊ မင်းက မဟာအကြီးအကဲဆေးလုံးမိစ္ဆာရဲ့ ဂိုဏ်းသားဆိုတာ စဥ်းစားကြည့်ရင် မင်း ဆေးအမှားတွေ ဖော်နိုင်တယ်လေ။ အဆိပ်တွေတောင် ထည့်ရင် ထည့်ထားလောက်မှာ" သူက စိမ်ပြနပြေပြောနေပြီး သူ့မျက်နှာပေါ်ရှိ အကြည့်မှာ နားလည်ရခက်၏။ ချူယွီယန်မှာ ပို၍ပင် စိတ်လေးလာတော့သည်။ အမှန်တကယ်ပင် သူပြောခဲ့သည့်အတိုင်း သူမတွေးနေခဲ့သည်ဖြစ်သည်။ မန်ဟို့ကို လက်ဦးမှုရယူ၍ သတ်လိုက်ခြင်းက မိုးကြိုးအပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။ သို့သော် ယခု သူက သူမအတွေးများကို ထုတ်ပြောလိုက်လေပြီ။ သူ ဘာကြံနေသည်လဲ သူမ မသိသည့်တိုင် သူမ၏ ဆေးဖော်စပ်ခြင်းပညာရပ်က သူ သူမကို အန္တရာယ်မပြုအောင် ကာကွယ်ပေးနိုင်သည် ခံစားနေရဆဲပင်။ ထို့ကြောင့် သူမက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။

"နင် ဘာပြောနေတာလဲ" သူမအတွက်် ရုတ်တရက် မန်ဟို့အပြုံးက တစ်ခုခုလွဲနေကြောင်း ခံစားနေရလေသည်။

"ငါ မန်ဟိုက ဒီလိုပဲကိုင်တယ်ဖြေရှင်းတယ်။ လူတွေ ငါ့ကို လာမနှောင့်ယှက်ရင် ငါလဲ မနှောင့်ယှက်ဘူး။ မင်း ဒီက လွတ်စေရမယ်လို့ ငါကတိပေးမယ်။ ငါပြောပြီးစကားး ဘယ်တော့မှ ပြန်မရုတ်သိမ်းတတ်ဘူး။ ဒါပေမယ့် မင်းရဲ့ဆေးဖော်စပ်တဲ့ပညာကြောင့်နဲ့တော့ မမောက်မာနဲ့။ အသာစီးယူဖို့လဲ မကြိုးစားနဲ့"

သစ်သားဓားသည် ချီယွီယန်၏လည်တိုင်ပေါ်၌ ပြတ်ရှရာလေးတစ်ခု ချန်ခဲ့ပြီး မန်ဟို့ထံ ပြန်ရောက်လာသည်။ သူမ ပါးစပ်လေးဟလိုက်ချိန် မန်ဟိုက သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ပန်းရောင်ဆေးလုံးတစ်လုံးထွက်လာပြီး သူမပါးစပ်ထဲ တန်းတန်းမတ်မတ်ပြေးဝင်သွား၏။ ၄င်းက ပါးစပ်ထဲရောက်လျှင်ချင်း အရည်ပျော်သွားစေလေသည်။ ချူယွီယန်မှာ အံသြထိတ်လန့်စွာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူမမှာ ဆေးကို ထွေးထုတ်ချင်ပါသော်လည်း မတတ်နိုင်ပေ။

"နင် အခု ငါ့ကို ဘာဆေးပေးလိုက်တာလဲ" သူမက မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း ပြောသည်။

"မင်း အထူးကျင့်စဥ်တစ်ခုကို အယောင်ပြပြီး ငါ့ကျင့်ကြံခြင်းအခြေခံကို စုပ်ယူဖို့ ကြိုးစားခဲ့တယ်" မန်ဟိုက အေးအေးဆေးဆေးပြောသည်။ "ငါတို့ အဲ့စာရင်းမရှင်းရသေးဘူးလေ။ ဒီဆေးလုံးကို အပြစ်ဒဏ်လေးတစ်ခုလို့ တွေးပေါ့ကွာ" ထို့နောက် သူက မျက်လုံးများ ပိတ်ပြီး သူမကို လျစ်လျူရှူလိုက်သည်။

သူ၏ ထိုအပြုအမူက ချူယွီယန်ကို ပို၍သာ စိတ်လေးသွားစေ၏။ ဆေးဖော်စပ်ခြင်းပညာရပ်တွင် သူမသည် တစ်ဖက်ကမ်းခတ်ထူးချွန်သော်လည်း ယခု သူမ မည်သည့်ဆေးလုံးကိုသောက်သုံးခဲ့သည့်လဲ မသိပေ။ သူမက ညီညာလှပသောသွားလေးများကို ကြိတ်လိုက်သည်။ ရုတ်တရက် အပူဓါတ်များ သူမကိုယ်အတွင်း စုပုံလာ၏။ ၄င်းက သူမတစ်ကိုယ်လုံးအား လျင်မြန်စွာပြည့်နှက်သွားရာ သူမမျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာစေတော့သည်။

သူမက ချက်ချင်း တင်ပျဥ်ခွေထိုင်ပြီး ၄င်းကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ၏ကျင့်ကြံခြင်းအခြေမှာ ဘာမှမရှိလုနီးပါး ဖိနှိပ်ခံထားရ၍ လောလောဆယ်တွင် သူမသည် စဦးချီဖွဲ့စည်းမှုအဆင့် ၃ ၏စွမ်းအားကိုသာ အသုံးပြုနိုင်၏။ ထိုအရာက ဤဆေးဓာတ်ကို မည်ကဲ့သို့ ပြယ်စေနိုင်တော့မည်နည်း။

သူမသည် အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသည်အထိ တရားထိုင်နေသည်။ ဟိန်းဟောက်သံတစ်သံ သူမခေါင်းထဲတွင် ပြည့်နှက်သွားပြီး သူမမှာ တဖြေးဖြေး တွေးတောနိုင်စွမ်းတို့ ဆုံးရှုံးလာ၏။ ထို့နောက် သူမသည် စိတ်ချောက်ခြားမှုနယ်ပယ်ထဲ ကျဆင်းသွားတော့သည်။

၄င်းမှာ မန်ဟို မျက်လုံးများ ဖွင့်လိုက်သော အချိန်ဖြစ်သည်။ သူ၏မျက်လုံးများကား စိတ်လှုပ်ရှားသောအရိပ်အယောင်မြူမှုန်ပင်မရှိဘဲ ပကတိတည်ငြိမ်နေသည်။ စောစောက ဆေးလုံးသည် တောင်ကြားဒေသမှာတုံးက ဖားပြုတ်နှင့်ကျားအို သူ့ကို လက်ဆောင်အဖြစ် ပေးခဲ့သော အဆိပ်ဆေးလုံးတစ်မျိုးဖြစ်သည်။

သူသည် အစက ချူယွီယန်ကို ပေးရန် တစ်ခါမှမရည်ရွယ်ခဲ့ဖူးသော်လည်း သူမက အမှန်တကယ် ပြဿနာရှာနေခဲ့သည်မဟုတ်ပါလော။ သူမ၏မောက်မာမှုက ဆေးလုံးအောင်မြင်စွာဖော်စပ်နိုင်ခြင်းနှင့်အတူ ခေါင်းထောင်လာခဲ့သည်။ သူ့မှာ ထိုအရာအား ဟန့်တားရုံတစ်မှတစ်ပါး အခြာရွေးချယ်စရာမရှိခဲ့ပေ။ သူမ၏မာန်စွယ်ကို ချိုးရန်အတွက် မန်ဟို သူမကို ဆေးလုံးပေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူ၏မျက်လုံးများသည် တောက်ပနေလျက်ရှိပြီး သူစိတ်ကား ဆုံးဖြတ်ပြီးသွားလေပြီ။ ဤမီးတောင်ထဲ ကျရောက်လာပြီးနောက် သူသည် ချူယွီယန်ကို သူ့ထိန်းချုပ်မှုအောက်တွင်သာ ရှိနေစေခဲ့သည်။ သူမတွင် လက်ဦးမှုရယူရန် အချိန်မရှိပေ။

သူမ၏ခေါင်းမာမှုနှင့် ထောင်လွှားမောက်မာခြင်းက ဤနေ့အထိ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော်လည်း..... အဆုံးသတ်တွင် သူမသည် မန်ဟို၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်စွမ်းမရှိသေးသည်သာ ဖြစ်သည်။

***

All Chapters