← Chapters

သုခတောင်ကို မဝင်ရောက်ဘဲ အင်မိုတယ်အဆင့်သို့ မတက်နိုင်

Vol. 9 Ch. 118

သုခတောင်ကို မဝင်ရောက်ဘဲ အင်မိုတယ်အဆင့်သို့ မတက်နိုင်

Vol. 9 Ch. 118

မန်ဟို ချုယွီယန်ကို ကြည့်ပြီး နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူသည် ငယ်ရွယ်စဥ်ကတည်းက ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒကို လေ့လာလိုက်စားခဲ့၏။ သူ့ဘဝတွင် မယုံကြည်နိုင်ဖွယ် အပြောင်းအလဲများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ထိုအဆုံးအမများက သူ့နှလုံးသားထဲတွင် ကိန်းအောင်းနေဆဲဖြစ်သည်။ ဒုက္ခရောက်နေသောလူတစ်ယောက်ကို သူအခွင့်အကောင်းမယူနိုင်ခြင်းမဟုတ်သော်လည်း ကိုယ့်ကျင့်သိက္ခါနှင့်ပတ်သက်လျှင် သူ့တွင် သူ့စည်းကမ်းနှင့်သူ ရှိသည်။ သူ ချူယွီယန်ကို လက်ဖျားနှင့်ပင် ထိမည်မဟုတ်ပေ။

သူမက သူ၏ရန်သူ။ မိတ်ဆွေမဟုတ်ပေ။ သူမကို အပြစ်ပေးခြင်းက ကဏ္ဍတစ်ခုဖြစ်သော်လည်း စာရိတ္တပျက်ပြားသည်အထိ ယုတ်မာရန်က သူ၏ဖြစ်တည်မှုနှင့် ဆန့်ကျင်နေသည်။ သူသည် အမျိုးသားကောင်းတစ်ယောက် မဟုတ်သော်လည်း ကိုယ့်ကျင့်တရားမရှိသော လူယုတ်မာတစ်ယောက်တော့ မဟုတ်ပေ။

သူဘယ်တော့မှ လုပ်လိမ့်မည်မဟုတ်သော အရာတစ်ချို့ရှိသေးသည်။ လူတိုင်းလူတိုင်း၌ စည်းကမ်းတစ်ခုတော့ ရှိစမြဲပင်။ မန်ဟို့အတွက် ၄င်းကား ကိုယ့်ကျင့်သိက္ခါပင် ဖြစ်သည်။

သူက ပြီးပြည့်စုံသော ချီအခြေတည်ဆေးလုံးကြောင်း ပြန်တွေးလိုက်သည်။ ထို့နောက် သူသည် သူ၏ချီဓာတ်များနှင့် စိတ်အစဥ်အား တည်ငြိမ်စေပြီးနောက် ဓားပျံတစ်ချောင်းကို နင်း၍ လေထုအထဲ ပျံတက်သွားသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ အချိန်ကုန်ဆုံးသွား၏။ ချူယွီယန်၏ ပတ်ပတ်လည်ရှိ အရာရာတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ နောက်ဆုံး၌ သူမသည် ပြင်းပြင်းထန်ထန် ဖျားနေသည့်အလား သူမ၏ချီဓာတ်များ အားနည်းလာပြီး သတိလစ်မေ့မြောသွား၏။

ထို့နောက် မန်ဟို ပြန်ရောက်လာသည်။ သူက မြေပေါ်ဆင်းသက်ရင်း ချူယွီယန်ကို ကြည့်ကာ သက်ပြင်းခပ်ဖွဖွချလိုက်သည်။ သူသည် သူ၏သိုလှောင်အိတ်ထဲမှ အဝတ်စားနောက်တစ်စုံကို ထုတ်ကာ သူမအပေါ် လွှားခြုံံပေးပြီးနောက် အနီးနားတွင် တင်ပျဥ်ခွေထိုင်လိုက်သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ လေးနာရီကြာပြီးနောက်တွင် ချူယွီယန်၏မျက်လုံးများ ပွင့်လာသည်။ ပွင့်လာလျှင်ချင်း ၄င်းတို့မှာ တွေဝေမှုများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူမ တစ်စုံတခုကို သတိရလိုက်ပုံရသည်။ သူမက ထိိုနေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေချေသည်။

သူမသည် အော်လည်းမအော်သလို ဒေါသလည်း မထွက်ပေ။ စကားတစ်ခွန်းမှမဆိုဘဲ ဂူအထဲသာ ဝင်ရောက်သွား၏။ အချိန်တချို့ကုန်လွန်သွားပြီးနောက် သူမက အဝတ်အစားများသပ်သပ်ရပ်ရပ်ဝတ်လျက် ပြန်ထွက်လာသည်။ သူမ၏မျက်နှာလေးမှာ ဖြူဖျော့နေပြီး သူမကြည့်ရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူမက မန်ဟို့ကို တွေဝေရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသောအကြည့်တစ်ခုဖြင့် ကြည့်သည်။

သူမ သတိလစ်သွားခဲ့သော်လည်း မန်ဟို ကောင်းကင်ထဲပျံတက်သွားသည့်မြင်ကွင်းအပါအဝင် ဖြစ်ပျက်ခဲ့သော အရာတစ်ခုချင်းစီအား ရှင်းရှင်းလင်းလင်းမှတ်မိနေလေသည်။

မန်ဟို၏မျက်လုံးများ ပွင့်လာပြီး သူက သူမကို တည်ကြည်သောအကြည့်ဖြင့် ကြည့်သည်။ "ငါ မင်းကို ဘာမှမလုပ်ခဲ့ဘူး" သူက တစ်လုံးချင်းပြောသည်။ "အဲ့ဒီဆေးလုံးက ငါ့ကျင့်ကြံခြင်းအခြေခံကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားတဲ့အတွက် အပြစ်ဒဏ်တစ်ခုပဲ။ မင်း ဒီနေရာက အခြေအနေမှန်ကို နားလည်ဖို့လိုတယ်။ ငါ့ရဲ့အမိန့်က အရာရာပဲ သဘောပေါက်ပြီလား"

ချူယွီယန်တွင် မည်သည့်ဝင့်ကြွားမောက်မာမှုမှ မကျန်ရှိတော့ပေ။ မန်ဟိုနှင့်စပ်လျဥ်း၍ သူမ၏ခံစားချက်များမှာ မဖော်ပြနိုင်လောက်အောင် ရှုပ်ထွေးနေ၏။

ဟုတ်သည်။ သူမ သူ့ကိုမုန်းသည်။ သို့သော် စောစောက အခြေအနေတွင် သူသည် သူမကို ထိမည့်အစား ထွက်သွားရန်သာ ရွေးချယ်ခဲ့၏။ ချူယွီယန်ဝန်မခံချင်ပါသော်လည်း သူမ၏အမုန်းတရားများနှင့်အတူ ကျေးဇူးတင်ခြင်းများပါ ဒွန်တွဲနေကြောင််း အမှန်တကယ်ခံစားလိုက်ရသည်။ သူမနှလုံးသားထဲရှိ ရောထွေးသောခံစားချက်များကား သူမကို ဝါးမြိုရန် ခြိမ်းခြောက်နေသော လှိုင်းတံပိုးများအလားပင်။

မန်ဟို့တွင် ထိုကဲ့သို့ဆေးလုံးမည်မျှရှိလဲ သူမမသိပေ။ သို့သော်လည်း သူ၏အပြုအမူများအရ သူ့အတွက် အရေးကြိီးသော ဆေးလုံးများကို သူမဖော်ပေးနေစေကာမူ သူမ သူ့ကို အဆိပ်ခတ်မည်ကိုသော်လည်းကောင်း၊ ဆေးဖော်စပ်နည်းပြောင်းလဲပစ်မည်ကိုသော်လည်းကောင်း စိုးရိမ်ခြင်းမရှိကြောင်း သူမခန့်မှန်းနိုင်သည်။

"သူ ငါ့ကို ပေးတဲ့ ဆေးပေါင်းဖိုက သိပ်ထူးဆန်းတယ်။ ပါဝင်ပစ္စည်းအမျိုးမျိုးကြားက အပြန်အလှန်သက်ရောက်မှုတွေကြောင့် အချိုးအစားပြောင်းဖို့ကလဲ ငါတတ်နိုင်တာထက် ကျော်လွန်နေတယ်။ ပြည့်စုံတဲ့ ဆေးလုံးတစ်လုံးကိုတော့ ငါဖော်စပ်နိုင်မှာ မဟုတ်ဘူး.....

"ဒါပေမယ့် ဖော်စပ်နည်းကို အောင်အောင်မြင်မြင် ထိန်းညှိနိုင်ခဲ့ရင်တောင်မှ သူ့စရိုက်အရဆိုရင် ငါ့ကို အရင်သောက်ခိုင်းလောက်မှာ....... တကယ်တော့ သူကိုယ်တိုင် သောက်မလားဆိုတောင် ဘယ်လိုမှပြောလို့မရဘူး။ မြေတစ်ကောင်ကောင်ဖမ်းပြီး အတင်းသောက်ခိုင်းလောက်တယ်

"အမှန်တိုင်းဆိုရင်.... အဲ့ဆေးလုံးက သောက်စရာမလိုတာတောင် ဖြစ်နိုင်သေးတယ်။ အဲ့တာကို အရည်ပျော်စေဖို့ တခြားနည်းလမ်းသုံးပြီး မိုးကြိုးကို လှုံ့ဆော်ရင် လှုံ့ဆော်လောက်မှာ။ ဒါကြောင့် ဂရုမစိုက်တာ ဖြစ်မယ်" သူမက မျက်မှောင်ကြုတ်သွား၏။ အဖြေကိုရှာ၍မရသောကြောင့် သူမမှာ ဘာလုပ်ရမည်လဲ မသိတော့ပေ။ ထို့နောက် သူမက ဝေခွဲရခက်နေသော အမူအရာဖြင့် မန်ဟို့ကို ကြည့်လိုက်သည်။ သူမ သူနှင့် သူ၏ နက်နဲသိမ်မွေ့သော အကြံအစည်များအကြောင်း တွေးမိလေလေ၊ ပို၍ ထိတ်လန့်လာလေလေ ဖြစ်တော့သည်။

"သူနဲ့ယှဥ်ရင် ဝမ်တန်ဖေးက တကယ့်ကို ပမွှားလေးပဲ" သူမ သက်ပြင်းချလိုက်၏။ သူမက ခဏတာစဥ်းစားနေပြီးနောက်တွင် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ပြောသည်။ " အဲ့ဒီ့ဦးခွံ ဒီမှာ နှစ်သောင်းပေါင်းများစွာ တည်ရှိနေခဲ့တာ။ တကယ်တော့...... ငါတို့ ဘယ်ရောက်နေလဲ သိတယ်။ ငါ ဒီနေရာကို သိတယ်။ သွေးကန်ထဲက ယဇ်ပလ္လင်ကိုမြင်တုံးက ငါ မသင်္ကာဖြစ်လာခဲ့တာပဲ။ အဲ့ထဲက တွေးကြည့်နေရင်းနဲ့ နောက်ဆုံး ငါတို့ဘယ်နေရာရောက်လဲ သဘောပေါက်လိုက်တာ"

သူမက နူးညံ့ပျော့ပျောင်းသောလေသံလေးဖြင့် ဆက်ပြောသည်။ "ဒါက သွေးအင်မိုတယ်အမွေအနှစ်ရဲ့ ရှာဖွေမတွေ့ရှိသေးတဲ့ နေရာနှစ်နေရာထဲက တစ်နေရာပဲ။ စုစုပေါင်း ကိုးနေရာရှိတဲ့အထဲမှ ဟိုးရှေးခေတ်ကာလကနေ ဒီနေ့အထိ ခုနစ်နေရာ ပေါ်လာခဲ့ပြီးပြီ။ ဒီအဓိပ္ပာယ်က အမွေအနှစ်ကို ရယူဖို့ သမိုးတစ်လျှောက်လုံး စုစုပေါင်းအခွင့်အရေးခုနစ်ကြိမ်ရှိခဲ့တယ်လို့ ဆိုလိုတယ်။ နေရာအသစ်တစ်ခုပေါ်လာတိုင်း တောင်ပိုင်းဒေသတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားကြတယ်။ ဒီနေရာကို ထိန်းချုပ်နေတဲ့ စည်းမျဥ်းတွေရှိတယ်။ ချီအခြေတည်အဆင့်ကျင်ကြံသူတွေကိုပဲ ဝင်ခွင့်ပြုထားတယ်။ ဝင်လာတဲ့ ဘယ်သူမဆိုမှာ အမွေအနှစ်ကိုယူဖိို့ အခွင့်အရေးတစ်ခုရမယ်

"ပြိုင်ပွဲစတဲ့အချိန်တိုင်း အရင်က ရှာဖွေတွေ့ရှိခဲ့တဲ့ အမွေအနှစ်နယ်မြေတွေဆီက ကိုးရက်တိုင်တိုင် သွေးအလင်းရောင်တစ်ခု ထုတ်လွှတ်လိမ့်မယ်။ ကိုးရက်ပြီးသွားရင် သွေးအလင်းထဲ ဝင်ရောက်နိုင်တဲ့ ပထမဆုံးလူက ချီအခြေတည်အဆင့်ကျင့်ကြံခြင်းအခြေဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီရင် သွေးအင်မိုတယ်ရဲ့ တောင်ဆီ နေရာရွှေ့ပြောင်းခံရမယ်

"အမွေအနှစ်ပြိုင်ပွဲစတင်ရင် အများဆုံးကိုးလကြာတယ်။ တစ်ယောက်ပဲ အမွေအနှစ်နယ်မြေတစ်ခုထဲ ဝင်ခွင့်ရှိတယ်။ လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာတုံးက သွေးအင်မိုတယ်အမွေအနှစ်နယ်မြေ ပထမဆုံးပေါက်လာတဲ့အချိန်ကနေ ဒီနေ့အထိ ခုနစ်ယောက်ရှိခဲ့တယ်။ ဆိုလိုတာက အမွေအနှစ်ပြိုင်ပွဲခုနစ်ပွဲကျင်းပခဲ့ပြီးပြီ။ တချိို့ကတော့ ကံကောင်းပြီး ဆုလာဘ်အမျိုးမျိုးရခဲ့ကြပေမယ့် ဒီနေ့ဒီအချိန်အထိ ဘယ်သူမှ အမွေအနှစ်အစစ်အမှန်ကို ရယူတာမှာ မအောင်မြင်ခဲ့ဖူးဘူး

"အမွေအနှစ်နယ်မြေကိုးခုမှာ နှစ်ခုကျန်သေးတယ်။ နှစ်ပေါင်းများစွာတစ်လျှောက်လုံး သူတို့ရဲ့တည်နေရာကို ဘယ်သူမှ ရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် ရှစ်ကြိမ်မြောက် အမွေအနှစ်ပြိုင်ပွဲကို စတင်ဖို့ နည်းလမ်းမရှိခဲ့ဘူး"

ဤအကြောင်းစုံကို ကြားသောအခါ မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းလာ၏။ "ဘယ်သူက သွေးအင်မိုတယ်လဲ"

" နင် သွေးကန်ကို သွားမကြည့်ဘူးဆိုတာ ငါမယုံဘူးး" သူမက တည်ငြိမ်စွာ ဆိုသည်။ " ပြီးတော့ ကန်ရဲ့အောက်ခြေက ပါးစပ်ပေါက်တစ်ပေါက်နဲ့ခေါင်းကြီးကို သတိမထားမိဘူးဆိုတာကိုလဲ ငါမယုံဘူး။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သွေးအင်မိုတယ်အမွေအနှစ်နယ်မြေခုနစ်ခုလုံးမှာ ကန်နဲ့ ယဇ်ပလ္လင်တွေရှိတယ်။ ယဇ်ပလ္လင်တိုင်းရဲ့အောက်ခြေမှာ ပါးစပ်ပေါက်တစ်ပေါက်ရှိတယ်။ ဒါ့အပြင် နင် အမွေအနှစ်ရဲ့အသံကို မကြားခဲ့ဘူးဆိုတာလဲ ငါမယုံဘူး။ ငါ့မှာ သက်သေမရှိပေမယ့် နင့်အဲ့ကို ရောက်ခဲ့တယ်ဆိုတာ ငါအလိုလိုသိတယ်။ နင်က သတိရှိတဲ့သူတစ်ယောက်မလို့ အထဲမဝင်ရဲဘဲ အရင်ဆုံး အဲ့ခေါင်းခွံတွေရဲ့သက်တမ်းကို သိနိုင်မလား ကြည့်ဖို့အတွက် လေ့လာဖို့ ယူလာခဲ့တာပဲ"

"မင်း ငါ့မေးခွန်းကို မဖြေဘူး"

"ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်း။ အဲ့နေရာက တစ်ခါတုံးက ရှေးကံကြမ္မာဆိုးမျိုးနွယ်စုရဲ့ သန့်စင်နယ်မြေတစ်ခုပဲ။ သူတို့က မိုးကောင်းကင်ရဲ့ထောက်ခံမှုကို အထူးအလေးမထားခဲ့တာကြောင့် မိုးကြိုးပစ်ပြီး ဒဏ်ခတ်ခံခဲ့ရတယ်။ သူတို့အကြားမှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နာမည်တွေလက်ဆင့်ကမ်းခြင်းခံရတဲ့ အထင်ကရအင်မိုတယ်သုံးဦးရှိတယ်။ သူတို့ထဲက တစ်ယောက်က သွေးအင်မိုတယ်ပဲ

"သူ့ရဲ့ အမွေအနှစ်ကို ရတဲ့ ဘယ်သူမဆို အင်မိုတယ်လမ်းကြောင်းပေါ်မှာ တိုက်ခိုက်ပြီး အင်မိုတယ်မဏ္ဍိုင်အပေါ် ခြေချဖို့ အရည်အချင်းပြည့်မှီသွားလိမ့်မယ်" ချူယွီယန်စကားပြောနေသည် သူမ၏အသံလေးမှာ သာယာနာပျော်ဖွယ်ကောင်းလှ၏။ သူမက ဆက်ပြောသည်။

"အင်မိုတယ်လမ်းကြောင်းက ခက်ခဲကြမ်းတမ်းတယ်။ ရှေးဒဏ္ဍာရီတွေအရ သုခတောင်မှာပဲ အဲတာ့ကို တွေ့နိုင်တယ်တဲ့။ သုခတောင်ရဲ့ထိပ်မှာ အင်မိုတယ်မဏ္ဍိုင်တစ်တိုင်ရှိတယ်။ မဏ္ဍိုင်အပေါ် ခြေချပြီး တောင်ဘက်ကောင်းကင်ရဲ့ တံခါးကို ခေါက်လိုက်တာနဲ့ အင်မိုတယ်နယ်ပယ်ပွင့်သွားလိမ့်မယ်။ အဲ့အခါ အင်မိုတယ်စွမ်းအင်နဲ့ ကောင်းချီးပေးခံရပြီး ခြေတစ်လှမ်းလှမ်းရုံနဲ့ အင်မိုတယ်အဆင့်တက်သွားလိမ့်မယ်

"ဟိုးအရင်ထဲက မရေမတွက်နိုင်တဲ့ သူရဲကောင်းတွေ အင်မိုတယ်အဆင့်လမ်းစဥ်မှာ လျှောက်လှမ်းနိုင်မယ့် စွမ်းရည်အတွက် အသေအကြေတိုက်ခိုက်ခဲ့ကြတယ်။ အင်မိုတယ်ဆိုတဲ့ 仙 စာလုံးက လူ '人'စာလုံးနဲ့ တောင်'山' စာလုံး ပေါင်းစည်းထားတာမဟုတ်လား။ အဲဒီတောင်က 'သုခတောင်'ဖြစ်ပြီး လူဆိုတာက ..... လူတစ်ဦးတစ်ယောက်တည်းကို ရည်ညွှန်းထားတာပဲ

"နှစ်သောင်းကြာမှ လူတစ်ယောက်ပဲ အင်မိုတယ်အဆင့်ကို တက်လှမ်းနိုင်တယ်

"ဒါပေမယ့် အင်မိုတယ် ( 仙) စာလုံးနဲ့ပတ်သက်ပြီး တခြားအဓိပ္ပါယ်လဲရှိသေးတယ်။ အဲအနက်အရ ပထမဆုံးစာလုံးက 'ဝင်ရောက်ခြင်း (人)'ဖြစ်ပြီး နောက်စာလုံးက 'တောင်(山)'ဖြစ်တယ်။ နှစ်ခုပေါင်းလိုက်ရင် အင်မိုတယ်လို့ အဓိပ္ပါယ်ရတယ်။ ရိုးရိုးလေးပါပဲ။ သုခတောင်ကို မဝင်ရောက်ဘဲ အင်မိုတယ်အဆင့်မတက်နိုင်ဘူး" သူမသည် တောင်ပိုင်းဒေသရှိ ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစု၏ အဖွဲ့ဝင်များသာ သိသော အကြောင်းအရာများကို ရှင်းပြရင်း မန်ဟို့ကို ကြည့်လိုက်သည်။

အင်မိုတယ်ဆိုသည်မှာ အဘယ်နည်း။ လူတစ်ယောက်နှင့် တောင်တစ်လုံး။

အင်မိုတယ်ဆိုသည်မှာ အဘယ်နည်း။ တောင်ထဲ ဝင်ရောက်ခြင်း။

နှစ်တစ်သောင်းတွင် လူတစ်ယောက်သာ တောင်ထဲ ဝင်ရောက်ပြီး အင်မိုတယ်အဆင့်တက်နိုင်သည်။

မန်ဟို၏ မျက်လုံးများသည် လင်းလက်တောက်ပလာသော်လည်း ချက်ချင်းဆိုသလို ပြန်မှေးမှိန်သွားသည်။ သူသည် ချီအခြေတည်အဆင့်ကျင့်ကြံသူသာ ဖြစ်သည်ကို ထည့်စဥ်းစားပါက အင်မိုတယ်အဆင့်တက်ခြင်းဆိုသည်မှာ သူ့အတွက် အလှမ်းဝေးလွန်းသည်။ ယခုအချိန်၌ ထိုအကြောင်းတွေးကြည့်ရန်ပင်လျှင် တရားလွန်နေပြိီဖြစ်၏။ ၄င်းကား နေ့ခင်းကြောင်တောင် အိပ်မက်နေသည့်အလားပင်။

"အင်မိုတယ်လမ်းစဥ်အရှေ့က အန္တရာယ်နယ်မြေသုံးခုမှပဲ တည်ရှိတဲ့ တာအိုရှာဖွေခြင်းကျောက်တုံးတွေပဲ။ တာအိုရှာဖွေခြင်းအဆင့်က ခက်ခဲပေမယ့် သူ့အရှေ့မှာ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်နဲ့ သူ့ရဲ့ခွဲထွက်ခြင်းသုံးဖြာဆိုပြီးရှိသေးတယ်။ ခွဲထွက်ခြင်းတစ်ခုစီတိုင်းက ဉာဏ်အလင်းပွင့်ဖို့လိုအပ်ပြီး ဘဝတစ်ခုပေးနိုင်တယ်။ ရိုးရိုးသားသားပြောရရင် ဒါတွေအားလုံးရဲ့အဓိပ္ပါယ်ကို ငါတကယ်မသိဘူး။ ဒါပေမယ့် ငါငယ်ငယ်တုံးက ငါ့အဖေ ငါ့ကို ဒီစကားတွေပြောခဲ့ပြီးတော့ ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့မပစ်ဘဲ နှလုံးသားထဲစွဲမှတ်ထားဖို့ သတိပေးခဲ့တယ်" ချူယွီယန်က မန်ဟို့ကို ကြည့်မနေတော့ဘဲ သူမ၏ဆံနွယ်လေးများကို ကစားနေ၏။ ထို့နောက် ဆေးပေါင်းဖိုထံ ပြန်လျှောက်သွားပြီး ဖြေးဖြေးချင်းထိုင်လိုက်သည်။ သူမက ဆေးဖော်စပ်နည်းနှင့်ပတ်သက်သော အချက်အလက်များရှိသည့် ကျောက်စိမ်းပြားကို ထုတ်ပြီး မျက်လုံးများပိတ်၍ စတင်သုံးသပ်နေလေသည်။

အရာအားလုံး နောက်တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားး၏။

မန်ဟိုက ချူယွီယန်ကို မမှိတ်မသုန်ကြည့်နေသည်။ ယခုအချိန်တွင် သူမအသွင်လေးမှာ ကွဲပြားနေ၏။ သူမစကားလုံးများသည် သူ့နားထဲ၌ ပဲ့တင်ထပ်နေလျက်ရှိပြီး သူက ၄င်းတို့အား တစ်လုံးပြီးတစ်လုံး ဆင်ခြင်သုံးသပ်လိုက်သည်။ သူမ မျက်နှာအပေါ်ရှိအမူအရာနှင့် သွေးအင်မိုတယ်အမွေအနှစ်နှင့်စပ်လျဥ်း၍ သူ၏ကိုယ်ပိုင်ထင်မြင်ချက်များအရ သူမစကားများက ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ မှန်ကန်ကြောင်း သူသေချာသွားလေပြီ။

အချိန်အနည်းငယ်ကြာသော် သူက စကားပြောသည်။ " မင်းဘာလို့ ငါ့ကို ဒီလောက် အသေးစိတ်ပြောပြခဲ့တာလဲ"

"ဘာကြောင့်လဲဆိုတော့" သူမက သူ့ကို ကြည့်ရင်း ခပ်တိုးတိုးဆိုသည်။ " နင် သွေးအင်မိုတယ်အမွေအနှစ်ကို သွားရှာပြီး....အထဲမှာ သေသွားစေချင်လို့ပဲ။ ဒါဆို ငါ နင့်ကို အလွယ်တကူ ပထုတ်နိုင်သွားပြိီလေ။မဖြစ်သင့်တဲ့အရာတွေအများကြီး ဖြစ်သွားခဲ့တာကိုး" ဤသည်ကိုပြောပြီးသည်နှင့် သူမက မျက်လုံးလေးများ ပြန်ပိတ်ပြီး ဆေးဖော်စပ်နည်းနှင့်ပတ်သက်သော ဉာဏ်အလင်းကို ဆက်လက်ရှာဖွေနေ၏။

မန်ဟိုက ရုတ်တရက် ထရယ်လိုက်သည်။ သူမစကားလုံးများအား သူစိတ်မခုပေ။ သူမ ထိုကဲ့သို့မပြောခဲ့ပါက သူ၏သံသယကြီးထွားလာခဲ့မည်ဖြစ်သည်။ ချူယွီယန်နှင့် အချိန်များစွာအတူတူရှိနေခဲ့ပြီးနောက် သူမ၏စိတ်နေစိတ်ထားကို သူနားလည်လာလေပြီ။

"သွေးအင်မိုတယ်ရဲအမွေအနှစ်။ ငါသွားရှာသင့်လား...." သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း တွေးသည်။ သူ့အတွက် စိတ်မတိမ်းညွတ်ဘဲ နေရန်မှာ မဖြစ်နိုင်ပေ။ အမွေအနှစ်ဟူသည် တောင်ပိုင်းဒေသတစ်ခုလုံးကို အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေနိုင်သည်မဟုတ်ပါလော။ 'အင်မိုတယ်'ဆိုသော စကားလုံးနှင့် ဆက်စပ်သမျှကား မည်သည့်ကျင့်ကြံသူကိုမဆို သွက်သွက်ခါရူးသွပ်သွားစေမည်ဖြစ်သည်။

***

All Chapters