တောင်ပိုင်းဒေသကို တုန်လှုပ်သွားစေသော အမွေအနှစ်
Vol. 9 Ch. 119
"ဒီအမွေအနှစ်ပြိုင်ပွဲမှာ စိတ်ကူးနဲ့မှန်းကြည့်လို့တောင် မဖြစ်နိုင်တဲ့ အန္တရာယ်တွေသေချာပေါက်ရှိမှာပဲ။ သတိသာမထားဘူးဆိုရင် ကျရှုံးပြီးသေသွားနိုင်တယ်.......ဒါပေမယ့် အနာခံမှ အသာစံရမှာမဟုတ်လား။ ပိုပြီး အန္တရာယ်များလေလေ၊ ဆုလာဘ်ရဖို့ အခွင့်အရေးပိုရှိလေလေပဲ။ အဲ့လိုအန္တရာယ်တွေမရှိရင် ထားဦး။ ဒါမေယ့် ရှိနေတယ်ဆိုတော့... ငါမသွားရင် ဘဝတစ်လျှောက်လုံး နောင်တရနေမိမှာပဲ" သူက ချူယွီယန်ပြောခဲ့သည့်အရာအားလုံးကို နောက်တစ်ကျော့ပြန်စဥ်းစားရင်း မျက်လုံးများထဲ၌ စိတ်ပိုင်းဖြတ်ထားမှုများ ပြည့်နှက်နေတော့သည်။ သို့သော် အချ်ိန်အနည်းငယ်ကြာသော် သူ့မှာ မည်သည့်အတွက်ကြောင့် သူမ သူ့ကို ဤအကြောင်းအရာများစွာ ပြောပြခဲ့ခြင်းနှင့်ပတ်သက်၍ စဥ်းစားမရဖြစ်နေသေးသည်။
"သူ ငါ့စိတ်ကို ဆွပေးနေတာပဲ။ သူရဲ့ ပန်းတိုင်အစစ်က ငါအထဲဝင်အောင် လုပ်ဖို့ဖြစ်လောက်တယ်။ ဒါမှမဟုတ် ဖြစ်လဲ မဖြစ်နိုင်လောက်ဘူး...... ဒုတိယတစ်ခုက ဖြစ်နိုင်ချေနည်းတယ်။ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲစတင်ရင် အပြင်ဘက်ကမ္ဘာက စိတ်ဝင်စားလာကြမယ်။ ဒါဆို ဇီယွင်ဂိုဏ်း သူ့ကို ခြေရာခံနိုင်စေဖို့ မျှော်လင့်ထားတာနေမယ်" သူမကို ကြည့်နေစဥ်တွင် သူ၏မျက်လုံးများသည် တဖျပ်ဖျပ်လက်နေချေသည်။
"ငါမသွားရင် ဘာမှဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့တာက သူလိုချင်တာဆိုရင် အခုငါ့ကို ချီတုံချတုံဖြစ်အောင် ဘာလို့ဒီလောက် အသေးစိတ်ပြောပြလိမ့်မှာလဲ။ သူဘာတွေတွေးနေလဲ..... သူ့ရဲ့ရည်ရွယ်ချက်အစစ်က ဘာလဲ....." သူသည် မျက်လုံးများ တောက်ပလျက် အလေးအနက်စဥ်းစားနေ၏။ နောက်ဆုံး၌ သူက မျက်လုံးများကို ပိတ်ပြိီး တရားစထိုင်တော့သည်။
အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး မကြာမီ လဝက်ကုန်လွန်သွားခဲ့လေပြီ။ နောက်ဆုံးတွင် ချူယွီယန် ဒုတိယမြောက်ဆေးလုံးကို ဖော်စပ်နိုင်သွား၏။ သို့သော် နောက်ထပ်တစ်လကြာသော် သူမသည် တတိယဆေးလုံးနှင့် စတုတ္ထဆေးလုံးများအား ဖော်စပ်ရာ၌ မအောင်မြင်ခဲ့ပေ။
မန်ဟိုသည် ဆေးမဖော်စပ်နိုင်သော်လည်း သူမ တမင်တကာ မအောင်မြင်အောင် လုပ်နေခြင်းမဟုတ်ကြောင်း သူ့အတွက် ထင်ရှားလေသည်။ ထို့ပြင် ဆေးဖော်စပ်ခြင်းမှာ တစတစ ခက်ခဲသထက် ခက်ခဲလာ၏။ တစ်လအတောအတွင်း မန်ဟိုက သွေးအင်မိုတယ်အမွေအနှစ်အကြောင်း ခေါင်းထဲမှ ထုတ်ထားပုံရသည်။
တစ်ရက်တွင် သူက ရုတ်တရက် ထရပ်ပြီး ဓားပျံတစ်ချောင်းပေါ်ခုန်တက်၍ ဒိုင်းကို စစ်ဆေးကြည့်ရှုရန် မြူတိမ်များအတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။
လွန်ခဲ့သောလဝက်အတောအတွင်း သူသည် ဆယ်ရက်ကြာတိုင်း ဒိုင်းကို သွားရောက်စစ်ဆေးရန် အလေ့အကျင့်လုပ်ထားခဲ့သည်။ သူထွက်သွားသည့်အချိန်တိုင်း ချူယွီယန်က သူ့ကို ခံစားချက်မဲ့စွာ ကြည့်နေတတ်သည်။
ဤတစ်ခေါက် ၊ မန်ဟိုထွက်သွားပြီးနောက် သူမက လေးနာရီနီးပါး စောင့်ပြီး ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူမ၏မျက်ဝန်းလေးများသည် နှစ်လိုဖွယ်ကောင်းစွာ ရွှန်းလဲ့တောက်ပနေ၏။ သူမက ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်၍ ပြဿနာတစ်စုံတရာရှိနေသည့်အလား မျက်မှောင်လေးကြုတ်သွားသည်။ ထို့နောက် မြူများကို မော့ကြည့်ရင်း ထရပ်လိုက်သည်။ ခဏကြာသော် သူမသည် သွေးကန်နယ်ပယ်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။ သူမ ထိုနေရာကိုရောက်သောအခါ ဟိုကြည့်သည်ကြည့် ကြည့်ပြီးနောက် လှည့်၍ ဆေးပေါင်းဖိုထံ ပြန်လျှောက်လာသည်။ ကြည့်ရသရွေ့ သူမခေါင်းထဲရှိ မေးခွန်းများအတွက် အဖြေရခဲ့ပုံရလေသည်။ သူမက ဆေးဖော်စပ်ခြင်းလုပ်ငန်းအား နောက်တစ်ဖန်ပြန်စတင်၏။
နောက်ထပ်လဝက်ကုန်ဆုံးသွားပြီးနောက်ဆုံး သူမသည် တတိယနှင့်စတုတ္ထဆေးလုံးကို အောင်အောင်မြင်မြင် ဖော်သပ်နိိုင်သွားသည်။ ထို့နောက် သူမက ပဥ္စမဆေးလုံးကို စတင်လုပ်ဆောင်တော့သည်။ မန်ဟိုစဥ်းစားကြည့်ရသရွေ့ ဤသည်မှာ နောက်ဆုံးဆေးလုံးဖြစ်သည်။ ၄င်းပြီးမြောက်သည်နှင့်တစ်ပ်ြိုင်နက် အရန်ဆေးလုံးခုနစ်လုံး အဆင့်သင်ဖြစ်သွားပေလိမ့်မည်။
အချိန်များ ကုန်မှန်းမသိကုန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း နှစ်လဆိုသောကာသည် အတိတ်တွင် ကျန်ခဲ့လေပြီ။ ယခုအချိန်ထိဆိုလျှင် မန်ဟိုနှင့်ချူယွီယန်တို့ မီးတောင်ထဲပိတ်မိနေသည်မှာ နှစ်ဝက်ပင်ရှိပြီဖြစ်သည်။ နှစ်လအတောအတွင်း ချူယွီယန်သည် ရံဖန်ရံခါ ဂူအပြင်သို့ထွက်သွားတတ်သည်။ တစ်ခါတလေ မန်ဟို့မျက်စိရှေ့တွင်ဖြစ်ပြီး တစ်ခါတရံ သူမရှိသည့်အချိန်များတွင် ဖြစ်သည်။ သူမမှာ ဖော်စပ်နည်းနှင့် ပြဿနာတစ်ခုခုရှိတိုင်း လမ်းလျှောက်ထွက်တတ်ပုံရသည်။ သို့သော် သူမသည် သွေးကန်၏မီတာသုံးရရာနယ်ပယ်အတွင်းကိုတော့ တစ်ခါမှ မဝင်တတ်ပေ။ ထိုအမှတ်တွင်သာ အမြဲရပ်တန့်မည်ဖြစ်သည်။
တစ်ရက်တွင် မန်ဟို၏စောင့်ကြည့်နေသောမျက်လုံးများအောက်၌ သူမက ထရပ်ပြီး မျက်ခုံးလေးများတွန့်ချိုးကာ မြူထုအတွင်း လျှောက်ဝင်သွားသည်။ မီတာသုံးရာအမှတ်သို့ရောက်သောအခါ သူမ၏မျက်ဝန်းလေးများ ဖြတ်ခနဲလက်သွားသည်။ ရုတ်တရက် သူမကျင့်ကြံခြင်းအခြေခံစွမ်းအားသည် ဝုန်းခနဲထတောက်လာပြီး သူမက အမြင်ဆုံးအရှိန်ဖြင့် သွေးကန်ထံ တဟုန်ထိုးပြေးဝင်သွားသည်။
သူမ အနားကပ်သွားသည်နှင့် ကန်မျက်နှာပြင်သည် လှိုင်းဂယက်များရိုက်ခတ်လာတော့သည်။ ဧရာမကျောက်ဦးခေါင်းကြီးနှင့်အတူ ယဇ်ပလ္လင် ပေါ်ထွက်လာသည်။ ထို့နောက် အမွေအနှစ်ပြိုင်ပွဲဝင် ဝင်ရောက်မည်ကို စောင့်စားနေသော ပါးစပ်ပေါက်ကြီး ပွင့်လာသည်။
ချူယွီယန်မှာ ရှေ့သို့တဟုန်ထိုးသွားနေရင်း စိတ်လှုပ်ရှားမှုများဖြင့် မျက်လုံးများလင်းလက်နေတော့သည်။ သူမက ပါးစပ်ပေါက်ထံရောက်ချိန်တွင် လေအထဲ ခုန်တက်လိုက်သည်။ သူမဝင်ရောက်မည့်ဆဲဆဲမှာပင် ပေါ့ပေါ့ပါးပါးရယ်သံတစ်သံ ထွက်ပေါ်လာသည်။ ဓားအရှိန်အဝါတစ်ခုသည် လက်ခနဲ ချူယွီယန်ထံ ပြေးဝင်သွား၏။
ရယ်သံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် သူမမျက်နှာလေး ဖြူဆုပ်သွားသည်။ သူမက လာနေသောဓားကို လျစ်လျူရှုရင်း ဖြူဖွေးညီညာသောသွားလေးများကို တင်းတင်းကြိတ်၍ ရှေ့ဆက်သွားလိုက်သည်။ သူမနှင့် ကျောက်ပါးစပ်ကြီးအကြား နှစ်မီတာခန့်သာ ကွာဝေးတော့သည်။
ရုတ်တရက် ချူယွီယန်ထက် မြန်သောအလျင်ဖြင့် ရွေ့လျားနေသော အနက်ရောင်ပိုက်ကွန်တစ်ခု ပေါ်လာသည်။ ၄င်းက ချက်ချင်း သူမကို လွှမ်းခြုံလိုက်သဖြင့် သူမမှာ နောက်ဆုံးနှစ်မီတာထက်ကျော်၍ မရွေ့လျားနိုင်တော့ပေ။ သစ်သားဓားက သူမကို ဆတ်ခနဲ မယူပြီး ကန်အစပ်သို့ ပြန်တွန်းထုတ်လိုက်သည်။
အနီးနားရှိ မြူများအတွင်း ရပ်နေသူကား မန်ဟိုပင်။ သူက ခံစားချက်ကင်းမဲ့နေသောမျက်နှာထားဖြင့် ရှေ့သို့ ဖြေးဖြေးချင်းလျှောက်လှမ်းလာသည်။
ချူယွီယန်၏မျက်နှာလေးမှာ ဖြူဆုပ်နေပြီး သူမက မန်ဟို့ကို မုန်းတီးစက်ဆုပ်ခြင်းများဖြင့် အဆိပ်ပြင်းပြင်းကြည့်သည်။ သူ ထိုဦးခေါင်းခွံကို စစ်ဆေးရန် ယူလာခဲ့ချိန်သည့်အခိုက်အတန့်မှာပင် သူမသည် သွေးအင်မိုတယ်အမွေအနှစ်နှင့် စပ်လျဥ်းသော အပိုင်းအစများအား ဆက်စပ်နိုင်သွားခဲ့သည်။ ထိုမျှသာမက သူမ အရင်လများကပြောခဲ့သမျှမှာလည်း အမှန်သာဖြစ်သည်။ သူမသည် မန်ဟို့အကြောင်းသိပြီး သူ၏သံသယများသောစရိုက်ကို နားလည်၏။ သူမက သူမသင်္ကာဖြစ်အောင် တမင်လုပ်ခဲ့ခြင်းဖြစ်သည်။ သူ၏စရိုက်အရ သူမကို သံသယဝင်မည်မှာ အသေအချာပင်။ ဤအရာအားလုံးပေါ်အခြေခံ၍ သူ့ကို အလွယ်တကူအယုံသွင်းမရကြောင်း သူမသိသည်။ ထို့ကြောင့် အချိန်ယူခဲ့ရခြင်းဖြစ်သည်။
အရင်လများအတောအတွင်း သူမသည် လမ်းလျှောက်ထွက်သောအကျင့်တစ်ခု လုပ်ခဲ့သည်။ သို့မှသာလျှင် မန်ဟိုအတွက် ထူးထူးဆန်းဆန်းဖြစ်မည်မဟုတ်ပေ။ ဤနေ့တွင်တော့ သူမ ကျရှုံးလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးဘဲ သူမအကြံအစည်အား အကောင်အထည်ဖော်ခဲ့သည်။
"မင်းက တကယ့်ကို စိတ်ရှည်တာပဲ" မန်ဟိုကပြောသည်။ "ငါမင်းကို အချိန်သုံးလလုံးပေးခဲ့ပြီးပြီး" အခုလောလောဆယ်တွင် သူသည် သူမအကြံအစည်ကို မည်ကဲ့သို့ကြိုတင်ခဲ့ကြောင်း ရှင်းပြန်ရန် စိတ်မပါပေ။ " နောက်တစ်လအတွင်း ပဥ္စမဆေးလုံးကို ငါမြင်ချင်တယ်။ အခု သွား၊ ဆေးသွားဖော်ချည်" သူက ဖမ်းဆုပ်သည့်လက်ဟန် လုပ်ပြီး ပိုက်ကွန်ကိုပြန်သိမ်းလိုက်သည်။
ချူယွီယန်က နှုတ်ခမ်းလေးကို ကိုက်ပြီး ထရပ်လိုက်သည်။ မန်ဟို့ကို တစ်ချက်လေးပင် စောင်းငဲ့မကြည့်ဘဲ သူမသည် ခါးသက်စွာဖြင့် ထွက်သွားတော့သည်။
"ဆိုတော့ သူတကယ်ကို ဝင်ချင်နေတာပဲ" မန်ဟိုက တရိပ်ရိပ်ထွက်ခွာသွားသော ချူယွီယန်၏ပုံရိပ်ကို ခေါင်းလှည့်ကြည့်ရင်း လေးလေးနက်နက်တွေးလိုက်သည်။ အေးစက်သောအပြုံးတစ်ခုက သူ၏နှုတ်ခမ်းထောင့်စွန်းတွင် တွဲခိုသွား၏။ အခုတွင် သူ၏သံသယများအားလုံး လွင့်စင်ပပျောက်သွားလေပြီ။ သူက ရှေ့သို့ လျှောက်လှမ်းပြီး ဧရာမရုပ်တုကြီး၏ပါးစပ်အတွင်း ဝင်လိုက်သည်။
ပါးစပ်ထဲဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး သွေးကန်သည် အမြုပ်တစီစီထလာတော့သည်။ ဟိန်းဟောက်ကြုံးဝါးသံကြီးတစ်သံ ပဲ့တင်ရိုက်ခတ်လာပြီး သွေးကန်သည် အရပ်မျက်နှာတစ်ခွင် ကွဲထွက်ပျံ့နှံ့သွားသော သွေးရောင်မြူတိမ်တိုက်တစ်ခုအသွင် ပြောင်းသွား၏။
သွေးမြူတိမ်တိုက်အတွင်းမှ အလွန်ရှေးဆန်သောသံကြီးတစ်သံသည် မီးတောင်အတွင်းမှ တန်ပြန်ရိုက်ရင်း ပဲ့တင်ထပ်လာ၏။ "ရှေးကံကြမ္မာဆိုးမျိုးနွယ်စု၊ သွေးအင်မိုတယ်ရဲ့အမွေအနှစ်။ ကျွန်ုပ်ရဲ့သွေးပင်လယ်ထဲဝင်ရောက်ပါ။ တောင်ပိုင်းဒေသမှ ကိုးပေါက်ပွင့်လာပြီး သက်ရှိသက်မဲ့မှန်သမျှ သိရှိကြမယ်။ ပထမဆုံးပုဂ္ဂိုလ်က...... သွေးအင်မိုတယ်ရဲ့ သွေးမျိုးဆက်အဖြစ် ခက်ခံရမယ်" ၄င်း ချူယွီယန်၏နားအထဲ ရိုက်ခတ်သွားသောအခါ သူမသည် ယိမ်းယိုင်သွားပြီး သူ၏ မျက်နှာမှာ ဖြူဆုပ်လာ၏။ သူမက မျက်နှာပေါ်တွင် ဖော်ပြ၍မရသော ခါးသီးနာကြည်းမှုများပြည့်နှက်နေလျက် အံတင်းတင်းကြိတ်လိုက်သည်။
" ဒါ ဘာနေရာလဲဆိုတာ စောစောသာ သိခဲ့လို့ကတော့......." သူမက ခေါင်းကို ခါရမ်းလိုက်သည်။ သူမမျက်နှာလေးများ ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ မန်ဟိုနှင့် သူမ၏ကံတရားအပေါ် မုန်းတီးခြင်းတို့က သူမရင်ထဲတွင် ရောထွေးသောခံစားချက်များပြည့်နှက်သွားစေလေသည်။
ထိုအချိန် အပြင်ဘက် တောင်ပိုင်းဒေသရှိ မတူညီသောနေရာခုနစ်ခုမှ ရုတ်တရက် ဟိန်းဟောက်ကြုံးဝါးသံအကျယ်ကြီး ကြားလိုက်ရသည်။ အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တောင်ပိုင်းဒေသတစ်ခုလုံးအပေါ်ရှိ ကောင်းကင်ပြင်ကား သွေးရောင်ကဲ့သို့ ရဲရဲနီသွား၏။
"ရှေးကံကြမ္မာဆိုးမျိုးနွယ်စု၊ သွေးအင်မိုတယ်ရဲ့အမွေအနှစ်။ အကျွန်ုပ်ရဲ့ သွေးပင်လယ်ထဲဝင်ရောက်ပါ။ တောင်ပိုင်းဒေသမှ ကိုးပေါက်ပွင့်လာပြီး သက်ရှိသက်မဲ့မှန်သမျှ သိရှိကြမယ်။ ပထမဆုံးပုဂ္ဂိုလ်က...... သွေးအင်မိုတယ်ရဲ့ သွေးမျိုးဆက် အဖြစ် ဆက်ခံရမယ်"
ထိုဟိန်းသံကြီးက တောင်ပိုင်းဒေသတစ်ခွင်လုံးအား ချက်ချင်း အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။ မည်သည့်ဂိုဏ်း၊ မည်သည့်နောက်ခံဖြစ်စေကာမူ၊ သွေးအင်မိုတယ်အမွေအနှစ်နယ်မြေခုနစ်ခု၏ အနီးနားရှိ ကျင့်ကြံသူတိုင်းမှာ တအံ့တသြလှမ်းကြည့်လိုက်ကြ၏။ သူတို့က မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် အရပ်မျက်နှာအသီးသီးသို့ ချက်ချင်း ပျံထွက်သွားကြတော့သည်။
"သွေးအင်မိုတယ်အမွေအနှစ်နယ်မြေတွေ ပြန်ပေါ်လာပြီ"
"ရှစ်ခုမြောက် သွေးအင်မိုတယ်အမွေအနှစ်နယ်မြေ ရှာတွေ့သွားပြီ။ အခု အဲ့အထဲ တစ်ယောက်ယောက်ဝင်သွားတာကြောင့် အမွေအနှစ်နယ်မြေခုနစ်ခု ပြန်ပွင့်ခဲ့တာပဲ။ ရှစ်ကြိမ်မြောက် သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲ စတင်တော့မယ်"
"သွေးအင်မိုတယ်အမွေအနှစ်ကိုရဖို့ စုစုပေါင်း အခွင့်အရေးကိုးခုပဲရှိမှာ။ လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာတုံးက ခုနစ်ကြိမ်ဖြစ်ပွားခဲ့တယ်။ ဒါက ရှစ်ကြိမ်မြောက်ပဲ။ ဒီတစ်ခေါက် အမွေအနှစ်ကို မရရင် ကိုးကြိမ်မြောက်ပြိုင်ပွဲစတင်ဖို့ နှစ်တွေဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူသိနိုင်မှာပဲ......"
အခြားနယ်မြေခုနစ်ခုမှာ ယခင်သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲများ ကျင်းပခဲ့သောနေရာများဖြစ်သည်။ နေရာအသစ်တစ်ခုပေါ်လာတိုင်း တောင်ပိုင်းဒေသတစ်ခုလုံး ဆူညံပွက်လောရိုက်သွားစမြဲပင်။ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာ၏မျက်ဝန်းများ တပ်မက်မှုများဖြင့် ရဲရဲနီလာသည်။ မည်သူမှ အမွေအနှစ်ကို မရခဲ့ဖူးသော်လည်း ပြိုင်ပွဲတိုင်း မှော်ပစ္စည်းများ၊ ကျင့်စဥ်များနှင့်အတူ ကံကောင်းသောပြိုင်ပွဲဝင်များ ထွက်ပေါ်လာတတ်သည်မဟုတ်ပါလော။
သတင်းပျံ့သွားစဥ်တွင် ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုက ပထမဆုံးတုံ့ပြန်သူဖြစ်ကြသည်။ သူတို့နောက်မှ အခြားမျိုးနွယ်စုများ လှုပ်ရှားကြလေသည်။
ယခုအချိန်တွင် ဟိန်းဟောက်ကြုံးဝါးသံကြီး ရိုက်ခတ်နေပြီး ရှေးဆန်သောအသံကြီး၏စကားလုံးများက ကျယ်လောင်စွာ ပဲ့တင့်ထပ်နေချေသည်။ တောင်ပိုင်းဒေသတစ်ခုလုံးကား ရုတ်ရုတ်သဲသဲဖြစ်နေ၏။ မဟာမျိုးနွယ်စုသုံးစုထဲက ဝမ်းမျိုးနွယ်စုသည် ပထမဆုံးတုံ့ပြန်သူများထဲ အပါအဝင်ဖြစ်သည်။ မရေမတွက်နိုင်သောအလင်းတန်းများနှင့်အတူ ဝမ်မျိုးနွယ်စုဂိုဏ်းသားများဖြင့် ပြည့်နှက်နေသော ဧရာမစစ်သင်္ဘောပျံကြီးများ ပျံထွက်လာ၏။ သူတို့က အနီးဆုံးရှိ သွေးအင်မိုတယ်အမွေအနှစ်နယ်မြေထံ ဦးတည်သွားကြသည်။
အဖြူရောင်ဝတ်ရုံနှင့် ဝမ်တန်ဖေးကား ချီတက်နေလျက်ရှိသည့် ဒုတိယမြောက်သင်္ဘောပေါ်တွင် ရပ်နေသည်။ သူက လက်နှစ်ဖက်ကျောနောက်ပစ်လျက် သင်္ဘောဦးရှိ ခေါင်းဆောင်နေရာက တစ်စုံတယောက်ကို အေးစက်စွာ ရပ်ကြည့်နေသည်။ ထိုလူသည် ဝမ်တန်ဖေးနှင့် ရုပ်ဆင်သော်လည်း အတန်ငယ်အသက်ပိုကြီးပုံရသည်။ သူက မျက်မှောင်ကြုတ်၍ အတွေးနက်နေချေသည်။
ဤလူက ဝမ်တန်ဖေး၏အစ်ကို ဝမ်လီဟိုင်ဖြစ်သည်။ သူသည် မဖြစ်စလောက် ရွေးချယ်ခံတစ်ယောက်ထက် မြင့်မားသောအဆင့်အတန်းရှိသည့် ဝမ်မျိုးနွယ်၏တာအိုကလေးတစ်ဦးဖြစ်သည်။ သူက ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်တွင်ဖြစ်၍ အချိန်မရွေး အမြုတေဖြစ်တည်မှုအဆင့်သို့ တက်လှမ်းသွားနိုင်သည်။ သူ့ကို သူ၏ ဂိုဏ်းတူဦးလေးဖြစ်သူ အနုသုခုမရုပ်ခန္ဓာအခြေတည်အဆင့် တာအိုစောင့်ရှောက်သူအပါအဝင် ဝမ်မျိုးနွယ်စု၏ လက်ရွေးစင်အသီးသီးက ဝန်းရံထားကြသည်။
(မှတ်ချက်။ ။ ဝမ် = ဝမ်မျိုးရိုး၊ လီ = အတွေ့အကြုံ၊ ဟိုင်= သမုဒ္ဒရာ)
ဝမ်တန်ဖေးမှာမူ....လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း တိတ်ဆိတ်စွာ ရပ်နေသည်။ သူ၏ညာဖက် လက်ချောင်းတစ်ချောင်းမှာ တခြားအချောင်းများနှင့် မတူကွဲပြားနေ၏။ ၄င်းမှာ သလင်းကျောက်ကဲ့သို့ ထိုးဖောက်မြင်နေရပြီး အတွင်းတွင် သေးငယ်သော အနက်ရောင်အမျှင်များ လည်ပတ်နေသည်။ ၄င်းအသွင်သည် အတိုင်းထက်အလွန် ထူးခြားဆန်းကြည်လှ၏။
သူ့ဘေးတွင်ရပ်နေသူသည် လွန်ခဲ့သောနှစ်များစွာက ထိုနေ့တွင် မန်ဟို့ကို အကြည့်တစ်ချက်တည်းဖြင့် သတ်လုနီးပါး ဖြစ်ခဲ့သော ဝမ်ချီဖန်းပင်။ " ကျိုးပြည်က ကိစ္စသာ မဖြစ်ခဲ့ရင်" သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။ "မင်း အခုအချိန် ချီအခြေတည်ခြင်း စဥ်ီးပိုင်းအဆင့်မဟုတ်ဘူး၊ အလယ်အလတ်အဆင့်ရောက်နေပြီ။ မင်း မင်းအကိုရဲ့နောက်မှာ ကျန်ခဲ့ပေမယ့်လဲ သိပ်ဝေးဝေးတော့ မကျန်ခဲ့သေးပါဘူး"
"ကျုပ် အစ်ကိုကြီးထက် သာစေရမယ်" ဝမ်တန်ဖေးက တည်ငြိမ်စွာဆိုသည်။ "ကျုပ် တာအိုကလေးတစ်ယောက် ဖြစ်လာရမယ်"
"သွေးအင်မိုတယ်ရဲ့အမွေအနှစ်ကို ရဖို့ အခွင့်အရေးတစ်ခုပဲရှိလိမ့်မယ်" ဝမ်ချီဖန်းက မျက်လုံးများ လင်းလက်နေရင်း ပြောသည်။ ထို့နောက် သူက မျက်မှောင်ကြုတ်သွား၏။ "ဇီယွင်ဂိုဏ်းကနေ ယွီယန်အကြောင်းတစ်ခုမှမကြားတာ တော်တော်ဆိုးတာပဲ။ တရားပိတ်ကျင့်ကြံတာမှာ အရေးကြီးတဲ့အဆင့်ရောက်နေတာထင်တယ်။ မဟုတ်ရင် သူ မင်းကို အကူအညီနည်းနည်းပါးပါး ပေးနိုင်လောက်မှာ"
***