← Chapters

တောင်ပိုင်းဒေသ၏ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစု

Vol. 9 Ch. 120

တောင်ပိုင်းဒေသ၏ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစု

Vol. 9 Ch. 120

တောင်ပိုင်းဒေသ၏ ဂိုဏ်းကြီးငါးဂိုဏ်းထဲကတစ်ဂိုဏ်းဖြစ်သော ကျင်းဟန်ဂိုဏ်းတွင် အလင်းတန်းများစွာ လေထဲသို့ တရွှီးရွှီးပျံတက်လာကြသည်။ ဤသည်ကား မှော်ပျံသန်းရေးပစ္စည်းများ၏အကူအညီမလိုအပ်သော ဂိုဏ်းသားများဖြစ်၏။ သူတို့အရှေ့မှ ဦးဆောင်နေသောလူက လေထဲတွင် အပေါက်တစ်ပေါက်ပွင့်သွားစေပြီးနောက် အခြားသူများနှင့်အတူ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ကျောက်ရှန့်လင်သည်လည်း ချပ်ဝတ်တန်ဆာဝတ်ဆင်လျက် ရွှေဓားကြီးတစ်လက်ကိို ထမ်းကာ သူတို့အထဲတွင် ဖြစ်သည်။ သူက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားနေချေသည်။

သွေးအင်မိုတယ်၏အမွေအနှစ်သည် ထိပ်သီးဂိုဏ်းများနှင့် မဟာမျိုးနွယ်စုများအား သွေးရူးသွေးတန်းဖြစ်သွားစေခဲ့၏။ ဝမ်မျိုးနွယ်စုနှင့် ကျင်းယန်ဂိုဏ်းအပြင် မဟာမျိုးနွယ်စုသုံးစုထဲက စုန့်မျိုးနွယ်စုတွင် ထူးချွန်ပြောင်မြောက်သော ပါရမီများဖြင့် ကျင့်ကြံသူရာပေါင်းများစွာ ထွက်လာကြသည်။ သူတို့အထဲတွင် ကျိုးပြည်မှာတုံးက မန်ဟို ခိုးယူခဲ့သောရတနာများပိုင်ရှင် လူထူးဆန်းစုန့်လည်း ပါဝင်သည်။

တောင်ပိုင်းဒေသတွင် အင်အားအကြီးဆုံးဂိုဏ်းမှာ ယီးကျန့်ဂိုဏ်းဖြစ်၏။ မြောက်မြားစွာသော ဓားအရှိန်အဝါများ ထိုးတက်လာကြသည်။ ၄င်းမှာ ရင်သပ်ရှုမောဖွယ်မြင်ကွင်းကြီးပင်။ ကျင့်ကြံသူတစ်ယောက်ချင်းစီတိုင်း ဓားတစ်လက်စီပေါ်တွင် ရပ်နေကြသည်။ ဓားပေါင်းများစွာ၏ အရှိန်အဝါများကား မိုးကောင်းကင်ကို ထက်ခြမ်းခွဲတော့မည့်ပုံပင် ပေါက်နေချေသည်။ အဖွဲ့၏အရှေ့တွင် တင်းမာခက်ထန်သောမျက်နှာထားများဖြင့် လူခုနစ်ယောက်ရှိသည်။ သူတို့ထဲကတစ်ယောက်က ချန်ဖန်းပင်။

ချန်ဖန်း၏မျက်နှာသည် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေ၏။ သူက အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး စိမ်းပုပ်ရောင်ဓားတစ်လက်ပေါ်တွင် ရပ်နေသည်။ သူ၏ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံမှာ တဟုန်းဟုန်းတောက်လျက်ရှိ၏။

ခုနစ်ယောက်၏အရှေ့တွင်ကား အေးစက်သောအမူအရာနှင့် ရက်စက်သော အသတ်အဖြတ်အရှိန်အဝါဖြင့် သက်လတ်ပိုင်းလူတစ်ယောက်ရှိသည်။ ဤသည်မှာ ချန်ဖန်း၏ဆရာ ကျိုးယဲ့ယွင်ကလွဲ၍ တခြားသူမဟုတ်ပေ။

ထိုစဥ် ဂိုဏ်းသားရာချီနှင့်အတူ ဇီယွင်ဂိုဏ်း၏ ဝူတင်းချိိုး လေကိုခွင်း၍ တဟုန်ထိုးတက်လာသဖြင့် လေပြင်းများက တောင်ပိုင်းဒေသအပေါ်ရှိ တိမ်စိုင်တိမ်လိပ်များကို ဝရုမ်းသုန်းကားဖြစ်သွားစေသည်။ ကောင်းကင်ကိုဖြတ်၍ တရိပ်ရိပ်ပျံသန်းနေစဥ် ဝူတင်းချိုးသည် မျက်မှောင်ကြုတ်ပြီး အလွန်အရေးကြီးသောအရာတစ်ခုကို အလေးအနက်စဥ်းစားနေပုံရသည်။ ဤအခြင်းအရာက ကျန်ဇီယွင်ဂိုဏ်းသားများအားလုံးကို အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေစေ၏။

"ယွီယန်ပျောက်နေတယ်" သူက တွေးသည်။ "သူ ကျင့်ကြံသူတစ်ယောက်နောက်လိုက်ဖမ်းနေတာကို မြင်ခဲ့ကြတယ်ပြောတယ်။ အဲ့ဒီနောက် ဟိုသိမ်းငှက်ကြီးကြောင့် လေမုန်တိုင်းတိုက်သွားခဲ့တယ်.....သူ ဘယ်ရောက်နေလဲ...သူ့ရဲ့ကျောက်စိမ်းပြား အကောင်းတိုင်းရှိသေးတယ်ဆိုတော့ အသက်အန္တရာယ်မရှိဘူး ဆိုရမယ်" သူက သက်ပြင်းချလိုက်သည်။ ချူယွီယန်သည် ဇီယွင်ဂိုဏ်းအတွက် အလွန်အရေးကြိီး၏။ တကယ်တမ်းဆိုရလျှင် သူမမှာ အလွန်အရေးကြီးသူဖြစ်သောကြောင့် သူမနှင့်ဝမ်တန်ဖေး၏စေ့စပ်ပွဲကို ဂိုဏ်းကလူအတော်များများ ကန့်ကွက်ခဲ့ကြလေသည်။

တောင်ပိုင်းဒေသ၏ကောင်းကင်တစ်ပြင်လုံးတွင် သွေးအင်မိုတယ်အမွေအနှစ်နယ်မြေဆီ ပျံသန်းနေကြသော ရောင်စုံအလင်းတန်းများ ပြည့်နှက်နေချေသည်။

ထိပ်သီးဂိုဏ်းများနှင့် မျိုးနွယ်စုများအတွင်း လီမျိုးနွယ်စုသည် အသိုသိပ်ဆုံးဖြစ်၏။ သူတို့သည် မျိုးနွယ်စုဝင်များကို အပြင်လောကသို့ လွှတ်ခဲပြီး လွှတ်သည့်အခါတွင်လည်း လူအနည်းစုသာ သတိထားမိကြသည်။ အမှန်ပင် သွေးအင်မိုတယ်အမွေအနှစ်နယ်မြေဖွင့်သောအခါ သူတို့က လူငါးယောက်သာ စေလွှတ်ခဲ့လေသည်။

ထိုလူငါးယောက်အနက် နှစ်ယောက်သည် အနုသုခုမရုပ်ခန္ဓာအခြေတည်အဆင့် တာအိုစောင့်ရှောက်သူ အဘိုးကြီးများဖြစ်၏။ ကျန်လူများမှာ အမျ်ိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ချီအခြေတည်အဆင့်တွင်ဖြစ်ကြသည်။ ဤသုံးယောက်ကား အပြင်လူများ ကြားပင်မကြားဖူးသော လီမျိုးနွယ်စု၏ရွေးချယ်ခံများပင်။

"လွန်ခဲ့တဲ့နှစ်တွေတုံးက ရှစ်ကြိမ်မြောက် သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲ လီမျိုးနွယ်စုလက်ထဲ ကျရောက်လိမ့်မယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ခေါင်းဆောင်ကြီး ထုတ်ပြောခဲ့တယ်" အဘိုးအိုတစ်ဦးက ပြောသည်။ သူသည် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ပိန်ပိန်ရှည်ရှည်ဖြစ်သည်။ သူက အနောက်ကသုံးယောက်ကို လှည့်ကြည့်လိုက်သည်။ " ရှစ်ကြိမ်မြောက်ပြိုင်ပွဲ ရောက်လာပြီ။ တောက်ရီ အမွေအနှစ်က မင်းအပိုင်ပဲ၊ သေချာတယ်။ မင်းတို့နှစ်ယောက်ကတော့ ဒီအခွင့်အရေးကိုယူပြီး တစ်ခုခုသင်ယူလေ့လာခဲ့"

ဂိုဏ်းကြီးငါးဂိုဏ်းအနက် လျှို့ဝှက်အဆန်းကြယ်ဆုံးမှာ သွေးနတ်ဆိုးဂိုဏ်းပင်။ သူတို့လွှတ်လိုက်သော လူအရေအတွက်မှာ လီမျိုးနွယ်စုထက်ပင် နည်းသေး၏။ စုစုပေါင်းမှ နှစ်ယောက်သာရှိသည်။

တစ်ယောက်က အသက်ကြီးပြီး တစ်ယောက်က ငယ်ရွယ်၏။ လူငယ်က ကြက်သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်ခန့်ရှိမည် ထင်ရသည်။ သူက ရက်စက်ကြမ်းကြုတ်သော အသတ်အဖြတ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ သူ့မျက်ခုံးနှစ်ဖက်ကြားတွင် သွေးစက်တစ်စက်ရှိပြီး ရံဖန်ရံခါ သူ၏မျက်နှာတစ်ဝက်ကို ဖုံးထားသွားတတ်သည့် အလင်းရောင်တစ်ခုကို ထုတ်လွှတ်လျက်ရှိသည်။ သူ့ခြေထောက်အောက်တွင်ကား သွေးမြူတိမ်တစ်ခုရှိပြီး ၄င်းအထဲ၌ ဟိန်းဟောက်နေပုံရသည့် မျက်နှာပေါင်းများစွာအား မြင်နိုင်လေသည်။ ဤလူငယ်မှာ သာမန်ထက်ထူးခြားနေ၏။

အကယ်၍ မန်ဟို၊ ဖက်တီးလီဖူကွေ့ သို့မဟုတ် ရှောင်းဟူ တစ်ယောက်ယောက်သာရှိလျှင်တော့ သူ့ကို ချက်ချင်းမှတ်မိမည် ဖြစ်သည်။ ဤလူငယ်မှာ လွန်ခဲ့သော ခြောက်နှစ်၊ ခုနစ်နှစ်က ဝမ်ယိုချိုင်နှင့် ချွတ်စွတ်တူလေသည်။ သူသာဖြစ်လျှင် နှစ်ပေါင်းများစွာတစ်လျှောက်လုံး ပြောင်းလဲခြင်းမရှိခဲ့ဟု ဆိုလိုပေမည်။ မည်မျှထူးဆန်းလှသနည်း။

တောင်ပိုင်းဒေသ၏ဂိုဏ်းကြီးငါးဂိုဏ်းအနက် လေးဂိုဏ်း လှုပ်ရှားနေကြသော်လည်း ချင်းလော်ဂိုဏ်းမှာ ငြိမ်သက်နေသည်။ ဂိုဏ်း၏ပင်မခန်းမဆောင်ထဲတွင် ခန္ဓာကိုယ်များအား အရိပ်ထဲဖုံးကွယ်ထားသော လူခြောက်ယောက် တင်ပျဥ်ခွေထိုင်နေကြသည်။ ခန်းမထဲတွင်ကား အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်လျက်ရှိသည်။

ထိုစဥ် ရုတ်တရက် ရှေးဆန်သောအသံကြီးတစ်သံ ဟိန်းထွက်လာ၏။ "ဒီတော့ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲအတွက် အချိန်ကျလာပြီပေါ့....... ကျုပ်တို့ လူနည်းနည်းလောက် လွှတ်သင့်လား"

"သွေးအင်မိုတယ်ရဲ့အမွေအနှစ်က အစွမ်းထက်လောက်ပေမယ့် နှစ်ထောင်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတောင် ဘယ်သူမှ မရခဲ့ကြဘူး။ ပြောရရင် ကျုပ်တို့တွေ့ရှိခဲ့တဲ့ ရှေးဟောင်းမြေပုံက ပိုတောင် အရေးကြီးသေးတယ်"

"ဒါပေမယ့် ကျုပ်တို့ ဒီကိစ္စကို ဖုံးကွယ်ထားလို့မရတာကြောင့် မဖုံးကွယ်တော့ဘူး။ ပိုပြီးဆူညံပွက်လောရိုက်သွားရင် ကျုပ်တို့အတွက် တစ်ပန်းသာတာပေါ့"

"ကျုပ်တို့ ကြိုးစားအားထုတ်မှုအောင်မြင်ရင် တောင်ပိုင်းဒေသတစ်ခုလုံးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုလုံး ပြောင်းလဲသွားလိမ့်မယ်။ ပစ္စည်းကိုတော့ ချင်းလော်ဂိုဏ်းရဲ့တာအိုက သန့်စင်ပေးလိမ့်မယ်။ ဒါက ဂိုဏ်းအတွက် ကံကြမ္မာကောင်းတစ်ရပ်ပဲ"

"ကျုပ်လည်း သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲကို တစ်ယောက်မှ မလွှတ်သင့်တာ သဘောတူတယ်။ ကျုပ်တို့ ရှေးဟောင်းမြေပုံကို အချိန်အတော်ကြာကြာ လေ့လာခဲ့ပြီးပြီ။ ဂိုဏ်းချုပ်တောင်မှ တန်ဖိုးထားပြီး ကြိမ်ဖန်မနည်း လေ့လာခဲ့တာပဲ။ ကျုပ်တို့ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲမှာ မပါဝင်တာကို အနည်းနဲ့အများ သံသယဝင်ကြလိမ့်မယ်။ အဲ့အခါကျရင် လူတွေ သိချင်စိတ်ပြင်းပြလာပြီး ဒီကိုရောက်လာအောင် ကျုပ်တို့လမ်းကြောင်းပေးနိုင်တယ်။ ဒါဆို ကျုပ်တို့အစီအစဥ်ရဲ့ နောက်တစ်ဆင့်ကို စလို့ရပြီ"

ချင်းလော်ဂိုဏ်း၏ပင်မခန်းမဆောင် အပြင်ဘက်တွင် တင်းမာခက်ထန်သောမျက်နှာအမူအရာများဖြင့် ဂိုဏ်းသားအမြောက်အမြားစုဝေးနေကြသည်။ သူတို့မှာ ဂိုဏ်းအကြီးအကဲများ၏အမိန့်များအား နာခံရန်အတွက် ဤနေရာကိုရောက်ရှိနေကြခြင်းဖြစ်သည်။

ရှုချင်လည်း လူအုပ်ကြားထဲတွင် ရပ်နေသည်။ သူမသည် သာမန်အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလျက်ရှိသည်။ သူမမျက်နှာလေးမှာ ယခင်ထက်ပို၍ချောင်ကျသွားပုံရပြီး သူမအသွင်မှာ အတော်လေးအားအင်ချည့်နဲ့နေသည်။ သူမမှာ အေးတိအေးစက်လူတစ်ယောက်ဖြစ်ခဲ့သော်လည်း ချင်းလော်ဂိုဏ်းတွင်တော့ သိပ်ပျော်လှပုံမပေါ်ပေ။

သူမ၏ကျင့်ကြံခြင်းအခြေခံမှာ စဦးချီဖွဲ့စည်းမှုအဆင့် ၉ တွင်သာ ရှိသေးသည်။

ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက် ရှုချင်ဘေးရောက်လာ၏။ သူမက အသံကိုနှိမ့်ရင်း ခပ်တိုးတိုးပြောသည်။ "ဂိုဏ်တူညီမရှု ၊ အစ်ကိုချိန်က နင့်ကို နောက်ဆုံးအခွင့်အရေးပေးမယ် ပြောတယ်။ သူ့အလိုကို လိုက်လျောပေးရင် နင့်အတွက် ချီအခြေတည်ဆေးလုံးတစ်လုံး ရဖို့ တိုက်ခိုက်ပေးမယ်တဲ့။ လုပ်ပါ မနုံစမ်းပါနဲ့။ အစ်ကိုချိန်ကို အာခံရင်တော့......." သူမ အကြံပေးနေချိန်မှာပင် ရှုချင်က ခေါင်းထောင်ပြီး သူမကို အေးစက်စွာ ကြည့်လိုက်သည်။

"ဒီကိစ္စကို ထပ်ပြောစရာမလိုပါဘူး အစ်မရွှယ်။ ကျေးဇူးပြုပြီး လေးစားမှုရှိပါ"

ရွှယ်မျိုးရိုးနှင့် မိန်းကလေးက သရော်ပြုံးပြုံးသည်။ "နင်က တောကြိုအုံကြားက ရိုင်းစိုင်းတဲ့ မိန်းမတစ်ယောက်သာသာပဲ။ မြင့်မြတ်ပြီး အင်အားရှိသလို ပြုမူဖို့ ကြိုးစားပေမယ့် နင်က တကယ်တော့ အရူးတစ်ယောက်ပဲ။ အစ်ကိုချိန် နင့်ကို ကြိုက်တာက နင့်အတွက် ကံကောင်းတာပဲ။ ဒီကိစ္စက နင့်စိတ်ကြိုက်လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး"

ရှုချင်က ဘာမှမပြောပေ။ သို့သော် အင်္ကျီလက်စအတွင်းရှိ သူမ၏ နူးညံ့သောလက်ကလေးနှစ်ဖက်မှာတော့ သွေးမလျှောက်တော့သည့်အထိ ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက်ရှိသည်။

ရွှယ်မိန်းကလေးက အေးတိအေးစက်ရယ်ပြီး သူမကို ဆက်လှောင်သည်။ "ပြီးတော့ ချာတူးလံနေတဲ့တောင်တစ်တောင်ပေါ်က မဖြစ်စလောက်ဂိုဏ်းလေးမှာ ဖော်စပ်ခဲ့တဲ့ ရုပ်ပျိုဆေးလုံး။ အစ်မဟန်က အစေခံမိန်းကလေးတစ်ယောက်နဲ့ အဲ့ဆေးလုံးကို လဲချင်ခဲ့တယ်လေ။ နင်က တကယ့်ကို ဒါဆို ဒါပဲနော်။ ရုပ်လေးနဲ့မှမလိုက် ဆိုးရွားချက်ပဲ"

ရှုချင်၏မျက်နှာလေး ဖြူဆုပ်သွားပြီး သူမက အောက်နှုတ်ခမ်းလေးအား ဖိကိုက်လိုက်သော်လည်း ဘာမှပြန်မပြောပေ။

နောက်ဆုံး၌ ပင်မခန်းမဆောင်မှ စိမ်းပုပ်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ထွက်လာသည်။ သူက အင်္ကျီလက်ကို ခါရမ်းလိုက်ရာ မြူခိုးများ တလိပ်လိပ်ထလာပြီး ဧရာမဖုန်းရွှေသံလိုက်ကြီးတစ်ခု ကောင်းကင်မှ ပျံကျလာသည်။ ရွှယ်မိန်းကလေးက ဆက်မလှောင်တော့ဘဲ ရှုချင်အပါအဝင် အခြားဂိုဏ်းသားများနှင့်အတူ ၄င်းအပေါ် ခုန်တက်လိုက်သည်။ အဘိုးအို၏ ထိန်းချုပ်မှုအောက်တွင် ဖုန်းရွှေသံလိုက်က သူတို့ကို အဝေးတစ်နေရာသို့ သယ်ဆောင်သွားတော့သည်။

ကျောက်ပြည်နယ်၏အပေါ်ထက်တွင် လေမုန်တိုင်းများ တိုက်ခတ်နေပြီး တိမ်တိုက်များ တလိပ်လိပ်ထနေလျက်ရှိသည်။ ချင်းလော်ဂိုဏ်း ပါဝင်ခြင်းမရှိသောကြောင့် သွေးအင်မိုတယ်အမွေအနှစ်နယ်မြေခုနစ်ခုအား အခြားဂိုဏ်းကြီးလေးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုမှ တစ်နေရာစီ သိမ်းပိုက်ထား၏။ အခြားသူများမှာ အနားကပ်ရုံသာ တတ်နိုင်ကြလေသည်။ သို့သော် မြင့်မားသောအဆင့်အတန်းများရှိစေကာမူ မဟာမျိုးနွယ်စုနှင့် ထိပ်သီးဂိုဏ်းများသည် အပြင်လူများထွက်သွားအောင် ဖိအားပေး၍မရပေ။ ထိုအခြင်းအရာက ဆူပုံအုံ့ကြွမှုများဖြစ်ပွားစေမည်ဖြစ်သည်။ သူတို့က သွေးအလင်းပေါ်ပေါက်လာပြီး အမွေအနှစ်ပြိုင်ပွဲစတင်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြတော့သည်။

အချိန်များ တရွေ့ရွေ့ကုန်လွန်သွား၏။ ရက်အနည်းငယ်ကြာသော် သွေးအင်မိုတယ်၏ ယဇ်ပလ္လင်များ စတင်တုန်ခါလာကြသည်။ အရာအားလုံး တသိမ့်သိမ့်တုန်လှုပ်လာပြီးနောက်ဆုံး သွေးအကာအကွယ် တစ်ခု ပေါ်ပေါက်လာ၏။ သွေးအကာအကွယ်အတွင်းတွင် ဂိတ်ပေါက်တစ်ပေါက်သည် တဖြေးဖြေးမြင်သာလာ၏။ ဤအခိုက်အတန့်တွင် သွေးအင်မိုတယ်ယဇ်ပလ္လင်ခုနစ်ဆူအနားရှိ ချီအခြေတည်အဆင့်ကျင့်ကြံသူအားလုံးမှာ ရှေ့သို့ ပြေးသွားလိုက်ချင်စိတ်များ တဖွားဖွားထွက်ပေါ်လာတော့သည်။

သို့သော်........ ဂိတ်ပေါက်က လူတစ်ယောက်ကိုသာ ဝင်ခွင့်ပြုမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပထမဆုံး ဖြတ်သွားနိုင်သူသာ ဝင်ခွင့်ရှိမည်။ ထိုလူသေသွားလျှင် သို့မဟုတ် ရပ်လိုက်မှသာလျှင် ဒုတိယလူ ဝင်နိုင်သည်။

၄င်းသည် အပြာရောင်ကောင်းကင်များနှင့် အဖြူရောင်တိမ်တိုက်များရှိသော ကမ္ဘာကြီးတစ်ခုဖြစ်သည်။ ထိုနေရာသို့ ဝင်ရောက်လာသူတိုင်းသည် စကားဖြင့်ဖော်ပြရန် မဖြစ်နိုင်သော သန့်ရှင်းစင်ကြယ်မှုကို ခံစားလိုက်ရမည်သာဖြစ်သည်။

အပေါ်သို့ မော့ကြည့်လျှင် မိုးကောင်းကင်သည် ဧရာမ စိမ်းပုပ်ရောင် ယဇ်ပလ္လင်ကြီးဖြင့် ပြည့်နှက်နေ၏။ ပလ္လင်အပေါ်က ဧရာမကျောက်ခုံကြီးတွင် လူတစ်ယောက်ထိုင်နေသည်။

၄င်းက သွေးရောင်ဝတ်ရုံနှင့် အရိုးစုတစ်စုဖြစ်သည်။ ၄င်း၏မျက်နှာအား ပြောင်ရှင်းသော ငွေမျက်နှာဖုံးတစ်ခုက ဖုံးအုပ်ထားသည်။ သူကား ထိုနေရာတွင် မလှုပ်မယှက်ထိုင်နေချေသည်။

သွေးအင်မိုတယ်၏အမွေအနှစ်။ ပြောစရာပင်မလိုချေ.......ဤပုဂ္ဂိုလ်ကား ကွယ်လွန်ခဲ့ပြီးဖြစ်သော သွေးအင်မိုတယ်ပင်။

စိမ်းပုပ်ရောင် ယဇ်ပလ္လင်၏အောက်တွင် ဧရာမမန္တန်ကွန်ချာကိုးခုရှိသည်။ မန္တန်ကွန်ချာတစ်ခုချင်းစိီသည် ဖြေးဖြေးချင်းလှည့်ပတ်နေသော ကြယ်လေပွေတစ်ခုစီဖြင့် ပြည့်နှက်နေ၏။ မန္တန်ကွန်ချာကိုးခုမှာ အဖြူရောင်တိမ်တိုက်များမှ ယဇ်ပလ္လင်အထိ ဦးတည်နေသော ဧရာမလှေကားထစ်ကြီးများပမာပင်။

မန္တန်ကွန်ခြာကိုးခုကို ကျော်ဖြတ်နိုင်သော မည်သူမဆို စိမ်းပုပ်ရောင် ယဇ်ပလ္လင်အပေါ်သို့ ခြေချနိုင်မည်ဖြစ်သည်။

သို့သော် ရှေးတစ်ချိန်ကတည်းက ယခုအထိ မည်သူမျှ ထိုသို့မလုပ်နိုင်ခဲ့ကြပေ။

ယခုလောလောဆယ်တွင် မန်ဟိုသည် ပထမဆုံးမန္တန်ကွန်ချာအပြင်၌ မျက်လုံးဝင်းလက်တောက်ပနေလျက် တိတ်ဆိတ်စွာ ရပ်နေ၏။ ရုတ်တရက် ဝိုးတိုးဝါးတား ပုံရိပ်ခုနစ်ခု သူ့ပတ်ပတ်လည်တွင် ပေါ်လာသည်။

ဤလူများက ယောက်ျားများလော၊ မိန်းမများလော မပြောနိုင်သလို၊ သူတို့၏အသက်အရွယ်ကိုလည်း သူမမှန်းဆနိုင်ချေ။ သူတို့၏အဝတ်အစားပင် မပီမပြင်ဖြစ်နေပြီး သူတို့၏ပုံရိပ်တစ်ခုလုံးမှာ ဝေဝါးနေ၏။ သို့သော် သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်ကိုတော့ မန်ဟိုပြောနိုင်လေသည်။

ရုတ်တရက် ရှေးဆန်ပြီး ခံစားချက်မဲ့သောအသံကြီးတစ်သံ ဟိန်းထွက်လာ၏။ "သွေးအင်မိုတယ်ရဲ့အမွေအနှစ်၊ မန္တန်ကွန်ချာကိုးခု ပွင့်သွားပြီ။ ရှစ်ကြိမ်မြောက်အမွေအနှစ်ပြိုင််ပွဲဝင်များ ရောက်ရှိလာကြပေမယ့် တစ်ဦးတစ်ယောက်ထဲပဲ သွေးအင်မိုတယ်ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်တယ်

"သင်တို့ရှစ်ယောက်က တစ်ယောက်အသံတစ်ယောက်ကြားရမှာလဲမဟုတ်သလို၊ တခြားလူ ဘာမှော်ပစ္စည်းသုံးလဲ မမြင်နိုင်ဘူး။ တစ်ယောက်ကိုတစ်ယောက်လဲ မတိုက်ခိုက်နိုင်ဘူး။ သင်တို့ ဒီဝိုးတိုးဝါးတားပုံရိပ်တွေကိုပဲ မြင်ရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့..... သင်တို့ရှစ်ယောက်ရဲ့တည်နေရာမတူလို့ပဲ။ ဒါပေမယ့် သင်တို့ရဲ့နေရာတွေနဲ့ပတ်သက်ပြီီး တူညီတာတစ်ခုတော့ရှိတယ်။ သင်တို့နေရာတိုင်းမှာ စိမ်းပုပ်ရောင်ယဇ်ပလ္လင်တစ်ဆူနဲ့ တူညီတဲ့စိတ်ဝိညာဥ်စွမ်းအင်တွေ ရှိလိမ့်မယ်

"အမွေအနှစ်ပြိုင်ပွဲက ကိုးလကြာမြင့်မယ်။ ကွန်ချာတစ်ခုရောက်တိုင်း သင်တို့ ထွက်ခွာဖို့ရွေးချယ်ခွင့် ရမယ်။ ကိုးလအတောအတွင်း ဘယ်အချိန်မဆို နောက်ကွန်ချာကို ဆက်သွားဖို့ရွေးချယ်နိုင်တယ်။ အထူးဂိုဏ်း၊ မျိုးနွယ်စုစွမ်းအား ဒါမှမဟုတ် မသမာနည်းလမ်းတွေအပါအဝင် ဘယ်နည်းလမ်းကိုမဆို အသုံံးပြုနိုင်မယ်။ ကိုးခုမြောက် မန္တန်ကွန်ချာကို ချိုးဖျက်နိုင်တဲ့ ပထမဆုံးလူက ဒုတိယမျိုးဆက်သွေးအင်မိုတယ်ဖြစ်လာမယ်

"ဒီမှာ ဘာစည်းမျဥ်းမှ မရှိဘူး။ အခု သင်တို့တစ်ယောက်ချင်းစီ သင်တို့ရဲ့ အဆီအနှစ်တွေနဲ့ပြည့်နှက်နေတဲ့ သွေးစက်တစ်စက် ထုတ်ရမယ်။ အဲ့သွေးစက်က သွေးဝိညာဥ်တစ်ခုအဖြစ် မှော်ပညာအရပြောင်းလဲသွားလိမ့်မယ်။ သွေးဝိညာဥ်အမျိုးအစားက မရေမတွက်နိုင်အောင်ရှိတယ်။ သင့်သွေးက ဘယ်လိုအမျိုးအစားဖန်တီးမလဲဆိုတာကတော့......ကံတရားပေါ်မူတည်တယ်။

"မမေ့ပါနဲ့။ စိတ်ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူခြင်းက သင့်သွေးဝိညာဥ်ကို ပိုပြီး အစွမ်းထက်လာစေလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သွေးဝိညာဥ်က...... သင် အမွေအနှစ်ရမလား၊ မရလားဆိုတာ ဆုံးဖြတ်ပေးမယ့် အဓိကသော့ချက်တစ်ခု ဖြစ်လို့ ပဲ။ ကဲ အခု ရှစ်ကြိမ်မြောက်သွေးအင်မိုတယ်အမွေအနှစ်ပြိိုင်ပွဲ.........စတင်စေ"

အသံကြီး စကားပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် စိမ်းပုပ်ရောင်အလင်းတန်းရှစ်တန်းသည် ပလ္လင်မှ ထွက်လာပြီး မန်ဟိုနှင့်အခြားသူများအပေါ် ကျရောက်သွား၏။

***

All Chapters