← Chapters

ပြောပြမှာပေါ့

Vol. 106 Ch. 1476

ပြောပြမှာပေါ့

Vol. 106 Ch. 1476

‘ကျင့်ဝတ်နဲ့မညီတဲ့ ဆရာတပည့်အချစ်’ ဆိုသည့် စကားလုံးများက ယန်အာအား တုန်ယင်သွားစေသည်။ သူမသည် မျက်နှာလေးဖြူဖပ်ဖြူလျော်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။

မိန်းကလေး ပြောလိုက်သော ‘ရွံစရာကောင်းလိုက်လေခြင်း” ဆိုသည့် နောက်တစ်ခွန်းကမူ ယန်အာ၏ဝမ်းဗိုက်ကို ပုဆိန်ဖြင့် ထုရိုက်လိုက်သကဲ့သို့ နာကျင်သွားစေသည်။ သူမ၏အလျှို့ဝှက်ဆုံးခံစားချက်များအား လူရှေ့သူရှေ့တွင် အိတ်သွန်ဖာမှောက် ဖော်ပြခံလိုက်ရသကဲ့သို့၊ သူမကိုယ်တိုင်ပင် ဝေခွဲမရသေးသော ခံစားချက်များအား လူပုံအလယ်တွင် ကျယ်‌လောင်စွာ ဖွင့်ချခံလိုက်ရသကဲ့သို့ သူမ၏စိတ်မှာ ချာချာလည်နေတော့သည်။ မိုးနှင့်မြေနှစ်ခုလုံး ပြောင်းပြန်လည်သွားသည့်အလား ယန်အာသည် မူးဝေသွားပြီး သွေးတစ်ပွက်ပင် အန်လိုက်ရ၏။

“နင်...” ယန်အာ၏အမြင်များ ဝေဝါးကုန်သည်။ ဘာပြန်ပြောရမလဲ သူမ အမှန်တကယ် မသိတော့ပေ။

စကားလုံးများ မိန်းကလေး၏ပါးစပ်မှ ထွက်သွားသောအခိုက်အတန့်တွင် ဖန်မု၏မျက်နှာသည် လွန်စွာတင်းမာသွား၏။ သူက ငေါက်ခနဲ ထရပ်လိုက်ပြီး ရုတ်တရက် ကြောက်ခမန်းလိလိဖိအားက မိန်းကလေးကို လွှမ်းခြုံလျက် ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ဖန်မုက ရှေ့တစ်လှမ်းလှမ်းသည်။ သူ၏ခြေထောက် မြေကြီးပေါ် ကျသွားသောအခါ မြေငလျင်များ လှုပ်ခတ်၍ တောင်တန်းများ ယိမ်းထိုးသွား၏။ သန့်ရှင်းသော သမီးတော်အလောင်းအလျာ မျက်စိမျက်နှာပျက်သွားသည်။ ဖန်မုက နူးညံ့နွေးထွေးသောလူတစ်ယောက်ဟု သူမ ထင်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း သူကား ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ပမာ ဖြစ်လာခဲ့လေပြီ။ သူ၏အကြည့်၊ သူ၏စွမ်းအားနှင့် သူထုတ်လွှတ်နေသော ဖိအားက သူမကို အပိုင်းပိုင်းစုတ်ဖြတ်ခံရတော့မည့်အလား ခံစားရစေသည်။ ချက်ချင်းပင် သူမမှာ တုန်လှုပ်ချောက်ချားလာပြီး သူမဦးရေပြားမှာ ပေါက်ကွဲတော့မလို ထုံကျင်လာတော့သည်။

ပါရာဂွန်စိမ်းရေတိမ်လည်း မျက်မှောင်ကြုတ်၍ ဖန်မုလမ်းကို တားဖို့ လက်ဆန့်လိုက်သည်။ ထိုအခိုက်အတန့်၌ ဖန်မုသည် သူ့ကို ကြည့်ကာ ပြော၏။ “ကျုပ်လမ်းကို ခင်ဗျား တကယ် ပိတ်ရဲသလား”

ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ အကြည့်တစ်ချက်၊ စကားတစ်ခွန်းက အနှစ်သာရ ၇ ခု ပါရာဂွန်ကို ခြိမ်းခြောက်နေသည်။ ဤအဖြစ်အပျက်ကို မြင်လိုက်သည့် မည်သူမဆို ယုံပင်ယုံနိုင်မည်မဟုတ်ပေ။ ၎င်းသည် အလွန်ရဲတင်းသောအပြုအမူ ဖြစ်၏။ နှံကောင်များက စစ်ရထားကို တားဖို့ ကြိုးစားနေသကဲ့သို့ပင်။

သို့သော် ဖန်မု သူ့ကို ကြည့်လိုက်သောအခိုက်အတန့်တွင် ပါရာဂွန်စမ်းရေတိမ်မှာ သူ့စိတ်ထဲ၌ ထူးခြားဆန်းကြယ်သောထစ်ချုန်းသံအား ခံစားလိုက်ရသည်။ တစ်စုံတစ်ခုက ခြိမ်းခြောက်နေသကဲ့သို့ဖြစ်သော်လည်း ဖန်မု၏ကျင့်ကြံခြင်းအခြေခံမှ လာခြင်းမဟုတ်။ ဖန်မု၏အကြည့်တွင် လျှို့ဝှက်သော ကြောက်မက်ဖွယ်စွမ်းအား ပါရှိနေသည့်အလား အသက်ဘေးအန္တရာယ်၏အထိအတွေ့က ပါရာဂွန်စမ်းရေတိမ်အား ကြက်သီးမွေးညင်းထလာစေသည်။ အဆိုပါအကြည့်သည် ဩဇာအာဏာပိုရှိသော အထက်လူကြီးမှာ လက်အောက်ငယ်သားကို ကြည့်နေသကဲ့သို့ စွမ်းအားမျိုးကို ခံစားရစေ၏။

သူ့ကို စိုက်ကြည့်နေသည့် လူသည် အမှန်တကယ် အစွမ်းထက်ဆုံးပညာရှင်ဖြစ်သည့်အလား ထိုအကြည့်က အယောင်ဆောင်မှုကင်းမဲ့လျက် လွန်စွာသဘာဝဆန်နေသည်။ ပါရာဂွန်စမ်းရေတိမ်လို အနှစ်သာရ ၇ ခုပါရာဂွန်တစ်ယောက်ပင် အားနည်းသူအဖြစ် ခံစားနေရသည်။

နားထဲဝင်ရောက်လာသော ဖန်မု၏စကားလေးတစ်ခွန်းကြောင့် သူ့စိတ်ပင် ချာချာလည်သွားလေသည်။ ၎င်းတို့သည် တကယ်တမ်း ကမ္ဘာပေါ် ရယ်စရာအကောင်းဆုံးဟာသ ဖြစ်သင့်၏။ ဤပုဂ္ဂိုလ် ရူးနေပြီဟု ပါရာဂွန်စမ်းရေတိမ် တွေးမိလိုက်သော်လည်း ....တုန်လှုပ်မိသေးချေသည်။

“ဒါ ဘယ်လိုတောင် ဖြစ်နိုင်မှာလဲ” သူက တွေးသည်။ သူ့စိတ်မှာ ဖရိဖရဲဖြစ်နေပြီး သူသည် အလွန်ရှက်သွားသဖြင့် ရန်ရှာရန် ပြင်၏။ ယခုလိုအခြေအနေမျိုးတွင် သူ့အဆင့်အတန်းနှင့် မည်သူမဆို ထိုသို့ခံစားရလိမ့်မည်သာ။ သို့သော် သူ၏မျက်လုံးများ အေးစက်သွားပြီး ဖန်မုအား တစ်ခုခုလုပ်ဖို့ ပြင်လိုက်စဉ်မှာပဲ နဝမဂိုဏ်း၏ အနှစ်သာရ ၇ ခုပါရာဂွန်က အေးစက်စက်နှာမှုတ်၍ သူ့လမ်းကို ပိတ်ရပ်လိုက်သည်။

ဘုန်းးးးးးး။ နှစ်ယောက်သား လူကွဲသွား၏။ ထို့နောက် နဝမဂိုဏ်းပါရာဂွန်၏ ခြိမ်းခြောက်နေသောအသံက အရပ်လေးမျက်နှာသို့ ပဲ့တင်ရိုက်ခတ်သွားသည်။

“တာအိုရောင်ရင်းစမ်းရေတိမ်၊ ခင်ဗျားတို့တတိယဂိုဏ်းရဲ့ ဒီဂိုဏ်းသူက ဘာသ‌ဘောနဲ့ အဲဒီလိုပြောခဲ့တာလဲ။ ကျုပ်တို့ အခုရောက်နေတာ နဝမဂိုဏ်းထဲမှာနော်၊ ဒါကြောင့် ခင်ဗျားတို့ ဖြေရှင်းချက်ကောင်းကောင်း ပေးဖို့ ပြင်ထားတာ ကောင်းမယ်” နဝမဂိုဏ်း၏ပါရာဂွန်သည် ‌‌ဒေါသထွက်နေ၏။ နှစ်ဂိုဏ်းကြား ကြောင်းလမ်းခဲ့သော စေ့စပ်မှုမှာ တကယ်တမ်း အရေးမကြီးပေ။ ဤဂိုဏ်းသူသည် မတော်တဆ ပြောခဲ့ခြင်းလည်း မဖြစ်တန်ရာ၊ ရည်ရွက်ချက်ရှိရှိ စော်ကားမှုဖြစ်ကြောင်း ထင်ရှားသည်။ သူမစကားက မှန်မှန်မှားမှား ၊ ဖန်မုတွင် ထင်ပေါ်ကျော်ကြားသော နာမည်နှင့်အဆင့်အတန်းရှိသည့်တိုင် သူမက သူ့ကို ပေါ်ပေါ်ထင်ထင် အထင်သေးဝံ့သည့်အပြင် ခနဲ့သောစကားများပြောဖို့လည်း ဝန်မလေးခဲ့ပေ။

နဝမဂိုဏ်း၏ပါရာဂွန်မှာ တအုံ့နွေးနွေး ဒေါသူပုန်ထနေပြီး ပါရာဂွန်စမ်းရေတိမ်အား လာရောက်လည်ပတ်ဖို့ ဦးစွာဖိတ်ခေါ်ခဲ့မိသည်ကိုပင် နောင်တရလာတော့သည်။

ထိုစဉ် ဖန်မုသည် ပါရာဂွန်စမ်းရေတိမ်ထံမှ အကြည့်လွှဲ၍ နောက်ဆုတ်သွားနေသည့် သန့်ရှင်းသောသမီးတော်အလောင်းအလျာထံ လျှောက်သွား၏။ သူမအပေါ် သက်ရောက်နေသောဖိအားမှာ တိုးသထက်သာ တိုးလာနေသည်။ သူမက အင့်ခနဲ ညည်းရင်း သူမကိုယ်သူမ ကာကွယ်ဖို့ မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။

သို့သော် ဖန်မုသည် အလွန်တင်းမာနေသောမျက်နှာထားဖြင့် သူမပါးအား လှမ်းရိုက်လိုက်၏။

ဖြန်းးးးးးးးးးးးးးး

မိန်းကလေးက အားခနဲ အော်သည်။ သူမပါးတွင် လက်ရာကြီးထင်းသွားပြီး သူမမှာ ပြင်းအားကြောင့် မြေကြီးပေါ်ပင် ခွေခေါက်ကျသွားလေသည်။

သို့သော် သူမမကျခင် ဖန်မု၏ဒေါသက သူ့အား သူမပါးကို နောက်တစ်ကြိမ် ထပ်ချလိုက်စေသည်။

ဖြန်းးးးးးးးးးးးးးးး

မိန်းကလေး၏ နောက်ပါးတစ်ဖက်လည်း ယောင်ကိုင်းသွား၏။ သူမပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူမက စူးစူးဝါးဝါးအော်ပြန်သည်။ ယခုတွင် သူမမျက်နှာမှာ မြင်မကောင်းရှုမကောင်းတော့သလို၊ သွေးများလည်း ပေရေနေ၏။

“ဒီနေရာကထွက်သွားစမ်း အခုချက်ချင်း” ဖန်မုက သတ်ဖြတ်လိုမှုတို့ မျက်လုံးများ၌ တဝင်းဝင်းတောက်နေလျက် ကြိမ်းမောင်းသည်။ မိန်းကလေး၏စကားက မည်မျှလွန်ခဲ့စေကာမူ မန်ဟိုဂိုဏ်းတွင် မရှိသည့်အတွက် သူ သူမကို သတ်လိုက်ပါက တတိယဂိုဏ်းနှင့် နဝမဂိုဏ်းအကြား စစ်မက်ဖြစ်ပွားနိုင်မှန်း ဖန်မု သိသည်။

သို့သော် သည်အတိုင်းလည်း လျှော်မပေးနိုင်၍ စကားလုံးများ သူ့နှုတ်မှ ထွက်သွားသည့်အချိန်မှာပင် သူသည် မိန်းကလေး၏ တာအိုနှလုံးသားကို ချေဖျက်ကာ အကြောက်တရား၏မျိုးစေ့အား စိုက်ပျိုးပေးလိုက်၏။

ပါရာဂွန်စမ်းရေတိမ်က ထိုသို့မဖြစ်အောင် တားဖို့ ကြိုးစားသော်လည်း နဝမဂိုဏ်းပါရာဂွန်က သူ့ကို ဟန့်တားလိုက်သည်။ သူတို့နှစ်ယောက်၏ဆုံတွေ့မှုက အုန်းခနဲ ပေါက်ကွဲသံကြီးကို ပဲ့တင်ထပ်သွားစေပြီးနောက်  နဝမဂိုဏ်းပါရာဂွန်က အလွန်ခက်ထန်သောအမူအရာဖြင့် ဖန်မုစကားအတိုင်း ကြိမ်းမောင်းသည်။

“ဒီနေရာထွက်သွားစမ်း အခုချက်ချင်း”

မန်ဟို နဝမပါရာဂွန်ဖြစ်လာကတည်းက နဝမဂိုဏ်း၏အာဏာစက်သည် ကြီးထွားလာခဲ့ပြီး အင်အားလည်း တောင့်တင်းလာခဲ့၏။ နဝမဂိုဏ်းပါရာဂွန်က ဆက်ပြောသည်။ “ဒီစကား ပြန့်သွားတာ ကြားရရင် ဒါမှမဟုတ် ငါတို့နဝမဂိုဏ်းရဲ့ ချီလင်သားတော်ကို မင်းတို့ အသရေဖျက်တာ ကြားရရင် ငါတို့ဂိုဏ်းနှစ်ဂိုဏ်း သေချာပေါက် စစ်ခင်းရလိမ့်မယ်”

ပါရာဂွန်စမ်းရေတိမ်မှာ ‌အေးစက်စက်သာ ရယ်နိုင်သည်။ အရာအားလုံးက သူ့မျိုးနွယ်ဝင်၏ စော်ကားမှုကြောင့်သာ ဖြစ်ခဲ့ကြောင်း ထည့်တွက်လျှင် သူ့အတွက် ပြောစရာမရှိပေ။

သူသည် မိန်းကလေးအား စိတ်ပျက်စွာ ကြည့်ရင်း သူမကို ဆွဲ၍ အဝေးသို့ ထွက်သွားတော့၏။

သူတို့ ထွက်သွားပြီးနောက် အခြေအနေများ ပြန်လည်တိတ်ဆိတ်အေးချမ်းသွားသည်။ အနှစ်သာရ ၇ ခုပါရာဂွန်သည် ဖန်မုကို အားတုံ့အားနာပြုံးပြရင်း တခဏတွန့်‌ဆုတ်နေ၏။ ထို့နောက် သူက ခေါင်းကလေးငုံ့လျက် ဆွံ့အနေသော ယန်အာကို လှမ်းကြည့်သည်။

အတန်ကြာတွေးပြီးသော် သူသည် ဖန်မုကို ပြန်ကြည့်၍ ပြော၏။ “ဖန်မု၊ မင်းတပည့်မက အတော်လေးအလားအလာရှိတာပဲ။ မင်းသိလား ငါ ကျင့်ကြံခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး တပည့်တစ်ယောက်မှ လက်မခံခဲ့ဖူးဘူး။ ဒီကလေးမကို ငါ့တပည့်အဖြစ် လက်ခံပေးရင်တော့ ဘယ်လိုသဘောရလဲ”

သူ၏စကားက ယန်အာ့ကို တုန်ယင်သွားစေသည်။

ဖန်မုသည် တည်ကြည်ပြတ်သားသောအကြည့်ဖြင့် ခေါင်းခါလိုက်၏။ “စေတနာအတွက် ကျေးဇူးအများကြီးတင်ပါတယ် ပါရာဂွန်”

ပါရာဂွန်က ဖန်မုကို ကြည့်၍ သက်ပြင်းခိုးချလေသည်။ ထို့နောက် စကားတစ်ခွန်းထပ်မဆိုဘဲ လှည့်ထွက်သွားသည်။

ယခုတွင် လေပြေညင်း၏ တိုးညည်းသံများမှအပ တောင်ထိပ်သည် လွန်စွာတိတ်ဆိတ်နေ၏။ ဖန်မုက ယန်အာ့ဆီ လျှောက်သွားပြီး သူမခေါင်းလေးအား ထုလိုက်သည်။ ထို့နောက် နွေးထွေးသောအမူအရာဖြင့် ပြောသည်။ “ဘာလို့ ဒီလောက်စိတ်မကောင်းဖြစ်နေတာတုန်း။ အဲဒီမိန်းကလေး နှုတ်သရမ်းလို့ ငါ သူ့ကို ဆုံးမခဲ့ပြီးပြီပဲ။ ထပ်မဖြစ်တော့ဘူး စိတ်ချ။ ငါ့အသတ်အဖြတ်အရှိန်အဝါက သူ့တာအိုနှလုံးသားကိုလည်း ချေဖျက်ခဲ့ပြီးပြီ။ မဟုတ်မှန်တဲ့ စွပ်စွဲချက်တွေ ထပ်ပြောရဲမှာမဟုတ်တော့ဘူး။ မခံချင်ဘူးဆိုလည်း ကျင့်ကြံခြင်းအပေါ် သေချာအားစိုက်ချည်။ တစ်နေ့ သူ့ကို ပြန်ဆုံးမနိုင်လိမ့်မယ်”

ယန်အာက ခေါင်းလေးငုံ့သွားသည်။ သူမသည် ပါးလေးနှစ်ဖက်အပေါ် လက်ကလေးတင်လျက် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် သူ့အား မော့ကြည့်၏။ သူမမှာ ဘာပြောရမှန်းမသိသလို၊ ရှက်လည်းရှက်နေသည်။

“ဆရာ ဟို...” တစ်ခုခုပြောသင့်ကြောင်း သိသော်လည်း ပြောစရာစကားလုံး သူမရှာမတွေ့ပေ။

ဖန်မုက ပြုံး၍ သူမခေါင်းလေးအား ထပ်ထုပြန်သည်။ “ကဲကဲ ဆရာဗိုက်ဆာနေပြီ။ ဝိညာဉ်သစ်သီးတွေ သွားပြင်ပေးပါဦး”

ထို့နောက် သူသည် လှည့်၍ တံခါးပိတ်ကျင့်ကြံရာအဆောင်ထဲ ပြန်ဝင်သွား၏။

ယန်အာက ကြောင်တောင်တောင်လေး ရပ်ကျန်ခဲ့သည်။ နောက်ဆုံးတော့ သူမသည် ခြေဆောင့်နင်း၍ ဖန်မု ထုသွားခဲ့သော နေရာကို ပွတ်ရင်း ဝိညာဉ်သစ်သီးတချို့ ပြင်ဆင်ရန် ခပ်သုတ်သုတ် ထွက်သွားလေ၏။

များမကြာခင် နေဝင်ဖျိုးဖျလာသည်။ အလင်းရောင်သည် မိုးကောင်းကင်မှ တဖြည်းဖြည်း ဆုတ်ခွာသွားပြီး လထွက်လာ၏။ လရောင်က မြေမျက်နှာပြင်ထက်တွင် ရေလှိုင်းပမာ ဖြာဆင်းနေပြီး အရာအားလုံးသည် ပုံမှန်အတိုင်းထင်ရသော်လည်း မြင်လေ့မြင့်ထမရှိခဲ့သည့် အထီးကျန်အလှတရားရှိချေသည်။

ယန်အာသည် ယခုလေးတင် ဖန်မု၏တံခါးပိတ်ကျင့်ကြံရာအဆောင်သို့ ရောက်လာခဲ့၏။ သူ့အရှေ့တွင် ဝိညာဉ်သစ်သီးအား ချပေးလိုက်သောအခါ ဖန်မုက မျက်လုံးဖွင့်ကာ သူမကို ပြုံးပြသည်။ ယန်အာ၏ငေးကြောင်နေသောအမူအရာကို မြင်လျှင် ဖန်မုမှာ သက်ပြင်းမချမိဘဲ မနေတော့ပေ။

“ယန်အာ” သူက နူးညံ့စွာ ခေါ်သည်။ သူမသည် စိတ်နှင့်ကိုယ်မကပ်၍ သူ့ခေါ်သံကိုပင် ကြားဟန်မတူပေ။

“ယန်အာ” သူက ခပ်ကျယ်ကျယ် ထပ်ခေါ်သည်။

“ဟမ်” သူမသည် သူ့ကို မော့ကြည့်ရင်း ပြန်ဖြေ၏။

ဖန်မုမှာ သက်ပြင်းချမိပြန်သည်။ အတန်ကြာတိတ်ဆိတ်နေပြီးသော် သူသည် ထရပ်၍ တံခါးဝထံ လျှောက်သွားပြီး ညကောင်းကင်နှင့် လကို မော့ကြည့်လိုက်၏။

“ယန်အာ” သူက နူးညံ့ကြင်နာစွာ ပြောသည်။ “မင်း ငယ်ငယ်တုန်းက ငါ ဒီဂိုဏ်းကို ခေါ်လာခဲ့တဲ့အချိန်ကို မှတ်မိလား”

“ဟုတ် မှတ်မိတယ်...” ယန်အာက ထိုမြင်ကွင်းကို ပြန်မြင်ယောင်ရင် ပြောသည်။ ထိုစဉ်တုန်းက သူမဆရာကို လူလိမ်အဖြစ် သံသယဝင်ခဲ့ပြီး ထိုသံသယက ဂိုဏ်းသို့ရောက်ပြီးနောက်တွင်ပင် တော်တော်နှင့်မပျောက်ခဲ့ပေ။ ယခု ထိုအကြောင်းပြန်တွေးမိသောအခါ သူမ ပြုံးလိုက်မိ၏။ လရောင်ခြည်က သူမ၏နုနယ်သောမျက်နှာလေးပေါ် ဖြာကျနေရာ သူမအား ပို၍ပင် လှနေစေတော့သည်။

ဖန်မုက သူမကို ကြည့်ပြီးနောက် ပြောသည်။ “ဆရာ မင်းကို ဇာတ်လမ်းတစ်ပုဒ် ပြောပြမယ်”

သူ့အကြည့်သည် နူးညံ့ပြီး ယန်အာ မွေးဖွားမလာခဲ့တုန်းကပင် တည်ရှိခဲ့သော အမှတ်တရပေါင်းများစွာ ပါဝင်နေဟန်တူ၏။ အဘယ်ကြောင့်ဆိုသော် သူမကို ပြောပြတော့မည့် ဇာတ်လမ်းက အချိန်စီးကြောင်း၏ ဟိုးအစ၌ အခြေခံသည်မဟုတ်ပါလော။

“တစ်ခါတုန်းက တောင်ပင်လယ်လောကဆိုတဲ့ နေရာတစ်နေရာ ရှိခဲ့ဖူးတယ်။ အဲဒီလောကမှာ တောင်ကောင်းကင်ဂြိုဟ်လို့‌ ခေါ်တဲ့ ဂြိုဟ်တစ်လုံးလည်း ရှိတယ်...

“တောင်ကောင်းကင်းဂြိုဟ်ပေါ်မှာတော့ တောင်တစ်လုံးတည်ရှိတယ်။ တောင်ရဲ့နာမည်က ... တာ့ချင်းတောင်တဲ့....”

“....အဲဒီလူငယ်လေးဟာ မှီခိုရာဂိုဏ်းကို ဝင်ရောက်ပြီး ဝမ်တန်ဖေးအမည်ရတဲ့ ရွေးချယ်ခံတစ်ဦးနဲ့ ဆုံတွေ့ခဲ့တယ်”

“... အဲဒီအချိန်က သူ သူမကို ပထမဆုံးမြင်လိုက်ရတဲ့ အချိန်ပဲ။ အဲဒီအချိန်တုန်းက သူမက ဝမ်တန်ဖေးရဲ့ ဇနီးလောင်းပေါ့”

“... အဲဒီသိမ်းငှက်ကြီးက ကြီးမားလွန်းတော့ ပျံနေတဲ့အချိန်မှာ ကောင်းကင်အပြည့်စိုးမိုးထားတာ။ အဲဒီငှက်ကြီးကြောင့် ဖြစ်လာတဲ့ လေဆင်နှာမောင်းကြီးက သူမကို သူ့နဲ့အတူ လွင့်သွားစေခဲ့တယ်။ အဲဒါနဲ့ နှစ်ယောက်သား တားမြစ်မီးတောင်တစ်လုံးထဲ ပိတ်မိသွားကြခဲ့တာပဲ...”

“ဇီယွင်ဂိုဏ်းမှာ သူတို့ဟာ တစ်ဂိုဏ်းတည်းသားတွေ ဖြစ်လာတယ် ...”

“သူ လက်ထပ်တဲ့နေ့မှာ သူမက သူ သူမကို သတိမထားမိလောက်ဘူး အထင်နဲ့ သူ့ကို ကြည့်ရင်း သူ့ဇနီးဘေးမှာ ရပ်နေခဲ့တယ်....”

“နောက်တော့ သူမဆရာ ‌ဆေးလုံးမိစ္ဆာနဲ့အတူ ထွက်သွားပြီး ခွန်လွန်အစည်းအရုံးကို ရောက်သွားတယ်...”

“လေဟုန်ခွင်းလောကမှာ သူမက သူ့ကို ကူညီဖို့ ဝိညာဉ်ကို အထိခိုက်ခံခဲ့တယ်။ ပေးဆပ်ခဲ့ရတဲ့တန်ဖိုးက များတာတောင်မှ သူမဟာ နောင်တမရခဲ့ဘူး...”

“သူ ခွန်လွန်အစည်းအရုံးကို ရောက်လာတော့ တွေ့လိုက်ရတာက သူမအလောင်းပဲ။ အဲဒါနဲ့ သူဟာ သူမဝိညာဉ်ကို ရှာဖို့ အချိန်ကူးပြောင်းမှော်အစွမ်းကို အသုံးချခဲ့တယ်။ အဲဒီနေ့က သူ့နှလုံးသား ကွဲကြေသွားတဲ့နေ့ပဲ ...”

“အဋ္ဌမတောင်ပင်လယ်အထိ သူမကို သွားရှာခဲ့ပေမယ့် မတွေ့ခဲ့ဘူး... ဒါပေမဲ့ သူမအပေါ် တစ်ဘဝစာ အကြွေးတင်နေမှန်း သူ သိတယ်လေ....” ဖန်မုသည် ယန်အာက ဇာတ်လမ်းတစ်ပုဒ်လုံး ပြောပြနေ၏။ အချိန်များစွာ ကြာသွားခဲ့သည်။ သူက တစ်ညလုံးပြောပြနေပြီး နောက်တစ်နေ့ နေထွက်လာသည့်အချိန်မှာ ပြီးဆုံးသွားခဲ့လေသည်။

အစတွင် ယန်အာမှာ ကြောင်တောင်တောင်လေး နားထောင်နေခဲ့သော်လည်း ဇာတ်လမ်းရှည်လာလေလေ၊ ဘာကြောင့်ရယ်မသိ သူမနှလုံးသားထဲရှိ နာကျင်မှုသည် ပိုမိုပြင်းထန်လာလေလေဖြစ်၏။ သူမနှလုံးသားထဲတွင် တစ်စုံတစ်ခုက ဖြေးဖြေးချင်း နိုးထလာနေသယောင်ပင်။

ဖန်မု ဇာတ်လမ်းအား ပြောပြပြီးသောအခါ ယန်အာမှာ ငိုင်တွေစွာ ထိုင်ကျန်ခဲ့သည်။ အချိန်အတော်လေး ကြာသွား၏ ....

ထို့နောက် သူမက ခေါင်းကလေးမော့ကာ တိုးတိုးလေး မေးလေသည်။ “ဆရာ အဲဒီဇာတ်လမ်းထဲက မိန်းကလေးနာမည်က ဘာလဲဟင်”

ဖန်မုက နေထွက်လာသည်ကို ကြည့်ရင်း ပြန်ဖြေသည်။ “သူမနာမည်က ... ချူယွီယန်တဲ့”

“ဇာတ်လမ်းက ထပ်ရှိသေးလား” ယန်အာက မေးသည်။

ဖန်မုသည် တခဏတိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်၏။ “နားထောင်ချင်လို့လား”

ယန်အာမှာ တုန်ယင်သွားပြီး ဘာမှမပြောပေ။ သို့သော် သူမမျက်ဝန်းထဲရှိ ငေးကြောင်မှုတို့ တစတစ မှေးမှိန်သွားသည်။ မကြာမီ သူမသည် ခါတိုင်းလို ရိုးရှင်းပေါ့ပါးသောမိန်းကလေး ပြန်ဖြစ်လာ၏။ နောက်ဆုံး ယန်အာက ဖန်မုကို ပြန်ကြည့်၍ ခေါင်းခါလိုက်သည်။ “အခုတော့ မကြားသေးချင်ဘူး။ ဒါပေမဲ့ တစ်နေ့ .. ကျွန်မ ကျန်တဲ့ဇာတ်လမ်းကို နားထောင်ချင်ရင် ပြောပြမှာလား ဆရာ”

“ပြောပြမှာပေါ့”

All Chapters