မန်ဟို၏ သွေးဝိညာဉ်
Vol. 9 Ch. 121
မန်ဟို ယဇ်ပလ္လင်အရှေ့ ရပ်နေစဥ် သူ၏နှလုံးသားသည် ဒိန်းခနဲ ဒိန်းခနဲ ခုန်နေလျက်ရှိ၏။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲအတွင်း သူခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ကျင့်ကြံခြင်းအခြေခံ နဂိုအတိုင်းပြန်ဖြစ်သွားသည် တွေ့လိုက်ရလေသည်။ သူသည် စဦးချီစုစည်းမှုအဆင့်တွင် ရပ်တန့်မနေတော့ဘဲ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်သို့ပြန်ရောက်သွားလေပြီ။
ရှေးဆန်သောအသံကြီး၏ စကားများကို ကြားပြီးနောက် ချူယွီယန် ဤနေရာသို့ဝင်ရောက်ချင်ခဲ့ခြင်း၏ အကြောင်းရင်းကို မန်ဟိုသိလိုက်ရသည်။
"ဒီနေရာက ကျင့်ကြံခြင်းအခြေခံကို နဂိုအတိုင်းပြန်ဖြစ်စေနိုင်တာကိုး။ ပြန်ထွက်လာတဲ့အချိန်လဲ ဒိီတိုင်းသာရှိနေရင် ဒါက သေချာပေါက် ချူယွီယန်ရဲ့ ပထမရည်ရွယ်ချက်ပဲ။ ပြီးတော့ သူ့ရဲ့တည်နေရာကို အပြင်မှာရှိတဲ့သူတွေဆီ အသိပေးပြီး...... မီးတောင်ဆီ လမ်းပြပေးနိုင်တဲ့ နည်းလမ်းတစ်ခုခုရှိရမယ်" သူက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် သူ့အရှေ့ရှိ စိမ်းပုပ်ရောင်အလင်းတန်းကို ကြည့်လိုက်သည်။
စိမ်းပုပ်ရောင်အလင်းသည် အထဲတွင် အသက်ရှိနေသည့်အလား အသွင်သဏ္ဍာန်ကင်းမဲ့ပြီး မပီပြင်သော ဝိုးတိုးဝါးတား ဒြပ်ထုတစ်ခုဖြစ်သည်။
သူ့ပတ်လည်ရှိ ခပ်ဝါးဝါးပုံရိပ်ခုနစ်ခုသည်လည်း ထိုနည်းတူ စိမ်းပုပ်ရောင်အလင်းများကို လေ့လာနေဟန်တူသည်။ မကြာမီ ပုံရိပ်တစ်ခုက သွေးတစ်ပွက် ထွေးထုတ်လိုက်ရာ စိမ်းပုပ်ရောင်အလင်းမှ စုပ်ယူလိုက်သည်။ အလင်းသည် သွေးရောင်ပြောင်းသွားပြီး ၄င်းထဲမှ ဖီးနစ်ငှက်တစ်ကောင်၏အော်သံ ထွက်ပေါ်လာသည်။ ရှင်းလင်းပြတ်သားသော အသံနှင့်အတူ လက်ချောင်းတစ်ချောင်းအရွယ်အစားရှိ သွေးဖီးနစ်ငှက်တစ်ကောင် ပျံထွက်လာပြီး လေထဲ၌ ဝဲနေချေသည်။
သွေးဖီးနစ်ငှက် ထွက်လာသောအခါ တောင်ပိုင်းဒေသတစ်ဝှမ်းလုံးရှိ သွေးအင်မိုတယ်အမွေအနှစ်နယ်မြေခုနစ်ခု ပတ်ပတ်လည်ရှိ ကျင့်ကြံသူများအားလုံး အံသြတုန်လှုပ်သွားကြသည်။
နယ်မြေခုနစ်ခုအပေါ်ရှိ သွေးမျက်နှာပြင်ပေါ်တွင်.......မန်ဟိုနှင့် သွေးအင်မိုတယ်ကမ္ဘာအတွင်းရှိ အခြားလူရှစ်ဦး၏ ပုံရိပ်များ ပေါ်ပေါ်လာသည်။
သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲသည် အလွန်ပြိုင်ဘက်ကင်း၏။ အပြင်လူများလည်း အထဲတွင် ဖြစ်ပျက်နေသည်များကို ကြည့်ရှုနိုင်လေသည်။ ပြိုင်ပွဲဝင်များ မန္တန်ကွန်ချာများအပေါ် တက်လှမ်းသောအခါ စောင့်ကြည့်နေသူများသည် ၄င်းကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်မည်ဖြစ်သည်။ အသေးစိတ်မသိနိုင်ပါသော်လည်း မည်သူအောင်မြင်ပြီး မည်သူမအောင်မြင်သည်လဲ မြင်နိုင်လေသည်။
အရည်အချင်းရှိသော လူတိုင်း မန္တန်ကွန်ချာများကို လေ့လာ၍ ၄င်းတို့ထံမှ သင်ယူနိုင်မည်ဖြစ်သည်။ ရှေးဆန်သောအသံကြီး မည်သည့်စည်းမျဥ်းမှမရှိကြောင်း ပြောခဲ့သည်ကို လူတိုင်းကြားလိုက်ကြလေသည်။ မည်သည့်နည်းလမ်းသုံးသုံး၊ နဝမမြောက်မန္တန်ကွန်ချာကို ကျော်ဖြတ်နိုင်သော ပထမဆုံးလူက ဒုတိယမျိုးဆက်သွေးအင်မိုတယ် ဖြစ်လာလိမ့်မည်။
စည်းမျဥ်းတစ်စုံတရာမရှိသော အမွေအနှစ်ပြိုင်ပွဲတစ်ခု။ တစ်နည်းအားဖြင့် ဤအခြင်းအရာက သွေးအင်မိုတယ်၏ မောက်မာဝင့်ကြွားမှုနှင့် စွမ်းအားကို ထုတ်ဖော်ပြနေသည်။ ကမ္ဘာပေါ်ရှိ မည်သည့်ကျင့်ကြံသူမဆို မန္တန်ကွန်ချာကိုးခုကို ကြည့်ရှူလေ့လာနိုင်သော်လည်း နှစ်သောင်းများကြာပြီး ပြိုင်ပွဲခုနစ်ပွဲကျင်းပပြီးသည့်တိုင် မည်သူမှ နဝမမြောက်ကွန်ချာကို အောင်မြင်စွာ မကျော်ဖြတ်နိုင်ခဲ့ပေ။ ၄င်းအထဲ ဝင်သွားနိုင်သည့်လူတိုင်းလည်း သေခြင်းဖြင့်သာ အဆုံးသတ်သွားရသည်။
အမွေအနှစ်ပြိုင်ပွဲ၏ ချုပ်ချယ်မှုမရှိသော သဘောတရားကြောင့် ပြိုင်ပွဲဝင်တိုင်းက ပြည့်ပြည့်စုံစုံပြင်ဆင်၍ လာကြလေသည်။ အပြင်ဘက်မှ စောင့်ကြည့်နေသော လူပေါင်းများစွာသည် သွေးအင်မိုတယ်၏အမွေအနှစ်နှင့်ပတ်သက်၍ ကောလဟလမျိုးစုံအား ကြားဖူးခဲ့ကြသည်။ ထို့ကြောင့် သွေးဖိီးနစ်ငှက်ထွက်ပေါ်လာသောအခါ အတော်များများ တုန်လှုပ်သွားကြခြင်းပင်။
"သွေးဖီးနစ်ငှက်တစ်ကောင်။ သွေးဝိညာဥ်တွေထဲမှာမှ သွေးဖီးနစ်ငှက်နဲ့ သွေးနဂါးက ကြီးထွားတာမြန်တယ်။ ခြောက်ကြိမ်မြောက် အမွေအနှစ်ပြိုင်ပွဲနဲ့ပတ်သက်တဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာဆိုရင် သွေးဖိီးနစ်ငှက်တစ်ကောင် အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်တစ်ယောက်နီးနီး အစွမ်းထက်လာခဲ့တယ်တဲ့"
"ဒီတစ်ကြိမ် ဘယ်ဂိုဏ်းသား ကံကောင်းမလဲ မသိဘူး......"
အမွေအနှစ်ပြိုင်ပွဲနယ်မြေများပတ်လည်တွင် စကားသံများ ကျွတ်ကျွတ်ညံနေ၏။ ငါးခုမြောက်နယ်မြေတွင် စုန့်မျိုးနွယ်စု၏ လူထူးဆန်းစုန့်သည် ကျေကျေနပ်နပ်ကြီးပြုံးလျက် ရပ်နေသည်။ သူက ဘာမှမပြောသော်လည်း သူမြင်ခဲ့သော သဲလွန်စသေးသေးလေးများအပေါ် အခြေခံ၍ သွေးဖီးနစ်ငှက်ရရှိခဲ့သော လူသည် သူ၏မျိုးနွယ်စုဝင် စုန့်ကျားဖြစ်ကြောင်း သူသိလေသည်။
"သိပ်တော်တယ်" သူက တွေးသည်။ "ဒါက မိန်းကလေး စုန့်ကျားအတွက် အမွေအနှစ်ရဖို့ အခွင့်အရေးဖြစ်လောက်မယ်ထင်တယ်" သူ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ဝင်းလက်နေ၏။
ထိုအချိန် အမွေအနှစ်နယ်မြေများထဲ၌ နှစ်ယောက်မြောက်၊ သုံးယောက်မြောက်နှင့် လေးယောက်မြောက်ပြိုင်ပွဲဝင်များ နှလုံးသွေးများအား စိမ်းပုပ်ရောင်အလင်းများအတွင်းသို့ ထွေးထုတ်လိုက်ကြသည်။ တစ်ယောက်ချင်းစီတိုင်း မတူညီသောသွေးဝိညာဥ်များ ရရှိသွားကြ၏။
ပထမတစ်ကောင်က မြင့်မြတ်ထူးကဲသော သွေးနီရောင်သမင်၊ ဒုတိယတစ်ကောင်က ဝေါင်းခနဲဟိန်းဟောက်လိုက်သော သွေးကျားဖြစ်သည်။ သို့သော် ဤနှစ်ကောင်မှာ တတိယမြောက်နှင့်ယှဥ်လျှင် သေးသိမ်သွား၏။ တတိယမြောက် သွေးဝိညာဥ်သည်ကား သွေးနဂါးတစ်ကောင််ပင်။
၄င်း၏အသွင်မှာ ရက်စက်ကြမ်းကြုတ်ပြီး ၄င်း၏ဟိန်းဟောက်သံများက ပတ်ဝန်းကျင်တစ်ခုလုံး တသိမ့်သိမ့်တုန်လှုပ်သွားစေသည်။ အပြင်ဘက်ကမ္ဘာတွင် ချက်ချင်း ဆူညံပွက်လောရိုက်သွားတော့သည်။
"သွေးနဂါး"
"လွန်ခဲ့တဲ့ နှစ်လေးထောင်တုံးက ခုနစ်ကြိမ်မြောက် သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲမှာ လီမျိုးနွယ်စုဝင်တစ်ယောက် သွေးနဂါးတစ်ကောင်ရရှိခဲ့တယ်။ သူက အဋ္ဌမမန္တန်ကွန်ချာအထိ ကျော်ဖြတ်နိုင်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ပဲ"
အမွေအနှစ်နယ်မြေ၏အပြင်ဘက်တွင် လီမျိုးနွယ်စု အဘိုးကြီးနှစ်ယောက်သည် ခံစားချက်ကင်းမဲ့သောမျက်နှာထားဖြင့် မလှုပ်မယှက်ရပ်နေ၏။ သွေးနဂါးပေါ်ပေါက်လာခြင်းက သူတို့ကို အနည်းငယ်ပင် အံ့သြသွားစေခြင်းမရှိပေ။ ၄င်းကို ရရှိခဲ့သူမှာ လီမျိုးနွယ်စု၏ လက်ရှိမျိုးဆက် ရွေးချယ်ခံ လီတောက်ရီပင်။
ဟိန်းဟောက်သံကြီး ငြိမ်ကျမသွားခင် ငါးကောင်မြောက်၊ ခြောက်ကောင်မြောက်နှင့် ခုနစ်ကောင်မြောက် သွေးဝိညာဥ်များ အမွေအနှစ်နယ်မြေအတွင်း၌ ထွက်ပေါ်လာကြသည်။ တစ်ကောင်က ရွှမ်းဝူလိပ်၊ အခြားတစ်ကောင်က သွေးဝံပုလွေဖြစ်ပြီး နောက်ဆုံးတစ်ကောင်ကား အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ...... သွေးမှင်စာ သေးသေးလေးတစ်ကောင်ပင်။
သွေးမှင်စာလေးသည် ကျင့်ကြံသူတစ်ယောက်၏ အနုသုခုမရုပ်ခန္ဓာနှင့် ဆင်တူ၏။ ၄င်း၏ပုံပန်းသွင်ပြင်က အပြင်ကမ္ဘာရှိ ကျင့်ကြံသူအပေါင်းအား အံသြခြင်းကြီးစွာဖြင့် မူးဝေသွားစေသည်။ လီမျိုးနွယ်စု၏ အဘိုးကြီးနှစ်ယောက်ပင်လျှင် အံ့အားသင့်ဟန်တူသည်။ ရှိသမျှ မျိုးနွယ်စုဝင်တိုင်း၊ ဂိုဏ်းဝင်တိုင်းကား အံ့သြမှင်သက်သွားကြတော့သည်။
"ဟိုးအရင်ထဲက လူပုံစံ သွေးဝိညာဥ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ပြိုင်ပွဲခုနစ်ပွဲမှာတောင်မှ မရှိခဲ့ဘူး"
"အရင်က တစ်ခါမှ မတွေ့ဖူးတာကြောင့် ဒီသွေးဝိညာဥ် ဘယ်လိုပုံစံနဲကြီးထွားလာမလဲဆိုတာ ပြောဖို့ခက်တယ်။ သွေးဖီးနစ်ငှက်နဲ့ သွေးနဂါးကို ယှဥ်နိုင်မလား ဘယ်သူသိမလဲ"
စကားသံများ ဆူညံပွက်လောရိုက်နေစဥ် ဂိုဏ်းကြီးငါးဂိုဏ်းအထဲ လျှို့ဝှက်အဆန်းကြယ်ဆုံးသော သွေးနတ်ဆိုးဂိုဏ်းမှ အကြီးအကဲက သွေးမျက်နှာပြင်ပေါ်ရှိ မြင်ကွင်းကို ကြည့်ရင်း တင်ပျဥ်ခွေထိုင်နေသည်။ သူ၏မျက်လုံးများသည် သွေးမှင်စာကို ရရှိခဲ့သည့် ဝါးတားတားပုံရိပ်က မခွာပေ။ တခဏကြာသော် သူက ခေါင်းညိတ်လိုက်သည်။ ဤလူမှာ သူ၏ဂိုဏ်းသားမှလွှဲ၍ တခြားလူမဟုတ်နိုင်ကြောင်း သူသိလေသည်။
သွေးအင်မိုတယ်အမွေအနှစ်နယ်မြေအတွင်းတွင် မန်ဟိုသည် အခြားလူခုနစ်ယောက်နှင့် သူတို့၏ဝိုးတိုးဝါးတားပုံရိပ်များပတ်လည်တွင် ဝဲပျံနေသော သွေးဝိညာဥ်အသီးသီးကို ကြည့်လိုက်သည်။ ၄င်းတို့အားလုံးကား မည်သည့်ရှုထောင့်က ကြည့်ကြည့် သာမန်ထက်ထူးကဲနေပုံပေါက်သည်။
"ဒီလူတွေက တောင်ပိုင်းဒေသရဲ့ ရွေးချယ်ခံတွေ ဖြစ်ရမယ်....." မန်ဟိုက သူ့ကို လှမ်းကြည့်လိုက်သည်။ "ငါ့အတွက် ဘာထွက်လာလိမ့်မလဲ" သူက မျက်လုံးများ တဖျပ်ဖျပ်လက်လျက် ရင်ဘတ်ကို ဖိလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံ တုန်ခါသွားပြီး သူက သွေးတစ်ပွက် အန်လိုက်လေသည်။
သွေးသည် သူ၏ကျင့်ကြံအခြေခံမှ ဖြစ်ပြီး ချက်ချင်းပင် စိမ်းပုပ်ရောင်အလင်း၏ စုပ်ယူခြင်းခံလိုက်ရသည်။ ယခုအချိန်တွင် သူတစ်ယောက်တည်းသာ ရလဒ်ကို အာရုံစိုက်နေသူမဟုတ်ပေ။ အခြားခုနစ်ယောက်နှင့်အတူ အပြင်ဘက်ကမ္ဘာရှိ လူတိုင်းလည်း စောင့်ကြည့်နေကြသည်။ အပြင်ဘက်တွင် စကားပြောသံများ တိတ်ဆိတ်ငြိမ်သက်နေပြီး လူတိုင်းက ဧရာမမျက်နှာပြင်ကြီးပေါ်ရှိ မန်ဟို့ကိုသာ မမှိတ်မသုန်ကြည့်နေကြသည်။
အနက်ရောင်အလင်း ရုတ်ခြည်း သွေးရောင်သမ်းသွားချိန် အတွင်းမှ ခပ်သဲ့သဲ့သာဖြစ်သော်လည်း အစွမ်းထက်သော အော်သံတစ်သံထွက်လာသည်။ အသံကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သွေးဝိညာဥ် သမင်ငယ်လေးအပါအဝင် လူခုနစ်ယောက်လုံးး တဆတ်ဆတ်တုန်လှုပ်သွား၏။ ထို့နောက် သွေးဝံပုလွေ၊ ရွှမ်းဝူလိပ်နှင့် သွေးကျားတို့အားလုံးမှာ အသံကို မခံနိုင်သည့်အလား တုန်ရီလာကြတော့သည်။
သွေးနဂါးနှင့် သွေးဖီးနစ်ငှက်တို့နှစ်ကောင်လုံး မန်ဟို့ကို ရန်လိုစွာ ကြည့်လာကြ၏။ သွေးမှင်စာလေးသည်သာလျှင် အမူအရာကင်းမဲ့စွာဖြင့် ကြည့်နေသည်။ ၄င်းက လှုပ်ပင် မလှုပ်ပေ။
"ဒီလူဆီက ဘာထွက်လာမှာလဲ......ဟိန်းဟောက်သံလေးသဲ့သဲ့လေးဆိုပေမယ့် သွေးဝိညာဥ်အားလုံး တုန်လှုပ်သွားကြပုံပဲ။ သွေးနဂါးနဲ့ သွေးဖီးနစ်ငှက်တောင်မှ ရန်လိုနေကြတယ်......"
"တစ်ခါမှ ပေါ်မလာဖူးတဲ့ နောက်ထပ်သွေးဝိညာဥ်တစ်ကောင်ဖြစ်နေမလား"
ဤအခိုက်အတန့်တွင် ဟိန်းသံတစ်သံ လေထဲ ပြည့်နှက်သွားပြီး မန်ဟို့အရှေ့ရှိ သွေးရောင်အလင်းသည် ဂယက်များထလာ၏။ တခဏကြာသော် သူ၏သွေးဝိညာဥ်ကား သူ့အရှေ့တွင် ပေါ်လာတော့သည်။ ၄င်းက....... လက်ချောင်းတစ်ချောင်းအရွယ်ရှိ တလက်လက်တောက်ပနေသော မျက်လုံးလေးများဖြင့် ခွေးပေါက်လေးတစ်ကောင်ပင်။
ခွေးပေါက်လေးမှာ မည်သို့ကြည့်ကြည့် သာမန်အတိုင်းဖြစ်သည်။ ၄င်းနှင့်ပတ်သက်၍ ထူးခြားသည့်အရာ နည်းနည်းလေးပင် မရှိပေ။ သို့သော် ၄င်းပေါ်လာလျှင်ချင်း သွေးဖီးနစ်ငှက်နှင့် သွေးနဂါးအတွင်းရှိ ရန်လိုမှုများ ပို၍ပြင်းထန်လာပုံရ၏။
"ခွေးဟ"
"တစ်ခါမှ ပေါ်မလာဖူးဘူးဟေ့။ ဒီလိုဟာမျိုးကို ကြားတောင် မကြားဖူးဘူး။ ပထမဆုံး သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲကနေ ဒီနေ့အထိ ခွေးဆိုတဲ့ သွေးဝိညာဥ် တစ်ခါမှ မရှိခဲ့ဖူးဘူး"
တောင်ပိုင်းဒေသ၏ အမွေအနှစ်နယ်မြေခုနစ်ခုပတ်လည်တွင် လှောင်ပြောင်ဟားတိုက်သံများ ချက်ချင်း ဆူညံလာ၏။ အထဲတွင်တော့ အရာအားလုံး တိတ်ဆိတ်နေလျက်ရှိသည်။ မန်ဟိုက သူ့အရှေ့တွင် ပျံဝဲနေသော ခွေးပေါက်လေးကို ကြည့်ပြီးနောက် အခြားသွေးဝိညာဥ်များကို ဝေ့ကြည့်လိုက်သည်။ သူ၏မျက်ခုံးနှစ်ဖက် တွန့်ချိုးသွား၏။
သူ ညာလက်ကိုမြှောက်လိုက်သည်နှင့် ခွေးပေါက်လေးက ချက်ချင်း သူ့လက်ဝါးအပေါ် ခုန်တက်လိုက်သည်။ ၄င်းမှာ ချမ်းနေသည့်အလား တဆတ်ဆတ်တုန်နေပြိီး ကြောက်လန့်နေပုံရသည်။ သူက မန်ဟို့ကို သနားစဖွယ်လေး ကြည့်ပြီးနောက် ခေါင်းကိုငုံ့ကာ သူ့လက်ဝါးကို ၄င်း၏လျှာသေးသေးလေးဖြင့် လျှက်ပေးနေလေသည်။
တစ်ချိန်တည်းမှာပင် လူခုနစ်ယောက်သည် တစ်ချိန်တည်းဆိုသလို ရှေ့လျှောက်သွားကြပြီး ပထမဆုံးမန္တန်ကွန်ချာအတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
မန်ဟို၏မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ သူသည် အမှန်တကယ်ဆိုရလျှင် ဤနေရာအကြောင်း သိပ်မသိသောကြောင့် စိတ်လိုက်မာန်ပါ မပြုမူလိုပေ။ တခဏကြာသည်အထိ လှည့်ပတ်ကြည့်ပြီးနောက်တွင် ဤနေရာက စိတ်ဝိညာဥ်စွမ်းအင်များမှာ အပြင်ဘက်ကမ္ဘာထက် များစွာပို၍ ထူထပ်ကြောင်း သူသဘောပေါက်လိုက်သည်။ ၄င်းက သူ ချီအခြေတည်အဆင့်ရောက်ရှိခဲ့သော တောင်ကြားထဲက စိတ်ဝိညာဥ်စွမ်းအင်များနီးပါး ထူထပ်လေသည်။
ဤနေရာတွင် တောင်တန်းများမရှိ၊ ပင်လယ်သမုဒ္ဒရာများမရှိ၊ ပကတိ ဟင်းလင်းပြင်ကြီးဖြစ်သည်။ မန္တန်ကွန်ချာကိုးခုနှင့် စိမ်းပုပ်ရောင် ယဇ်ပလ္လင်သာ ရှိသည်။
မန်ဟိုက ရှေးဆန်သောအသံကြီးပြောခဲ့သည်ကို ပြန်စဥ်းစားလိုက်သည်။ "ငါ့မျှော်လင့်ချက်တွေအားလုံးက ဒိီခွေးပေါ်မှာ မူတည်နေတယ်တဲ့လား" သူက လက်ဝါးပေါ်ရှိ ခွေးပေါက်လေးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် နောက်သို့ပြန်ကြည့်ပြိီး တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ပထမဆုံးကွန်ချာအတွင်းသို့ လျှောက်သွားသည်။ သူဝင်ရောက်သွားသောအခါ သူ့ပတ်လည်ရှိ ကမ္ဘာကြီးမှာ အင်မိုတယ်တောင်တန်းများ၊ အဆောက်အဦးများဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခုအသွင် ပြန်ပြောင်းသွား၏။
ဤကမ္ဘာတွင် အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ ဟိုဟိုသည်သည် မျက်လုံးဝေ့ကြည့်လိုက်သည်တွင် အဆောက်အဦးအမျိုးမျိုးဖြင့် ဖုံးလွှမ်းနေသည့် အင်မိုတယ်တောင်တန်းများကို သူတွေ့လိုက်ရသည်။ ထိုတောင်စဥ်တောင်တန်းများကား တောအုပ်တစ်အုပ်သဖွယ် အဘက်ဘက်သို့ သွယ်တန်းနေလျက်ရှိသည်။ ဤနေရာမှာ လူသားမျိုးနွယ်ကမ္ဘာမဟုတ်ဘဲ အင်မိုတယ်တို့ နေထိုင်သောနေရာတစ်ခုဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ်စွမ်းအင်များမှာ အလွန်သိပ်သည်းထူထပ်နေ၏။ တကယ်တမ််းဆိုလျှင် အပြင်ဘက်ကမ္ဘာ၏ ဆယ်ဆမျှထူထဲပုံရသည်။ ၄င်းမှာ အလွန်ထူထပ်လှသဖြင့် ခပ်ပါးပါးမြူထုတစ်ခုကိုပင် နေရာအနှံမြင်နေရသည်။
"ငါ ဘယ်ရောက်နေတာလဲ......." မန်ဟိုက ဘေးဘီဝဲယာကို တအံ့တသြငေးမောကြည့်ရင်း ပြောသည်။ သူက စိတ်ဝိညာဥ်အာရုံဖြင့် ကြည့်ရှုပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ စိတ်ဝိညာဥ်စွမ်းအင်အား စတင်ရှူသွင်းတော့သည်။ ၄င်းက သူ၏ကိုယ်အတွင်းသို့ စီးဝင်ကာ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ရွှေရောင်တာအိုမဏ္ဍိုင်ထံ တစ်ဟုန်ထိုးဦးတည်သွားသည်။ တချို့တဝက်က တာအိုမဏ္ဍိုင်ရှိ အက်ရာများမှ ပြန်စိမ့်ထွက်လာလေသည်။
"ဘယ်လောက် ထူထဲလှတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေတုံး။ ငါ့တာအိုမဏ္ဍိုင်သာ စိတ်ဝိညာဥ်စွမ်းအင်မစိမ့်ထွက်ရင် ဒီမှာတစ်ရက် ကျင့်ကြံတာက အပြင်ကမ္ဘာမှာ တစ်လကျင့်ကြံတာနဲ့ ညီမျှလိမ့်မယ်" သူ၏စိတ်ဓာတ်အားမာန်များကား ဤအတွက်ကြောင့် တက်ကြွလာတော့သည်။ ထိုစဥ် ရုတ်တရုက် သူ့လက်ဝါးပေါ်ရှိ ခွေးပေါက်လေးမှာ အလွန်ပျော်ရွှင်နေပုံရကြောင်း သူသတိထားမိလိုက်သည်။ ၄င်းလည်း စိတ်ဝိညာဥ်စွမ်းအင်များအား စုပ်ယူနေဟန်တူလေသည်။ ထိုသို့စုပ်ယူနေစဥ် ၄င်း၏ခန္ဓာကိုယ်မှာ တစတစကြီးထွားလာ၏။ ခပ်ပွပွအမွေးထူထူများ ၄င်း၏အရေပြားပေါ်တွင် စတင်ထွက်ပေါ်လာရာ ခွေးပေါက်လေးမှာ အလွန်ချစ်စရာကောင်းနေတော့သည်။
"ဒီခွေးက ငါ့နဲ့အတူ ကြီးပြင်းလာမှာ။ ဒါပေမယ့် သူရဲ့အသက်ရှုတဲ့နည်းလမ်းအရဆိုရင် ငါ့နဲ့အမြန်နှုန်းတူတူလောက် သွားလိမ့်မယ်။ ဖြစ်နိုင်တာက......ငါ့နှလုံးသွေးကို စုပ်ယူထားတာမလို့ ငါ့လို ပင်ကိုယ်ပါရမီရှိနေတာများလား" သူ၏မျက်လုံးများ ဖျတ်ခနဲလက်သွားပြီး သူက ရှေ့ဆက်လျှောက်သွားလေသည်။ သူ့ဘေးတွင် လက်နှစ်ချောင်းအရွယ်ခန့်ရှိလာပြီဖြစ်သော ခွေးပေါက်လေးက ပြေးလိုက်လာသည်။ ၄င်းမှာ ခြေထောက်သေးသေးလေးများဖြင့် အစွမ်းကုန်ကြိုးစားပါသော်လည်း လိုက်မှီရုံသာရှိလေသည်။
***