နဝမဂိုဏ်းကို ရန်စခြင်း
Vol. 106 Ch. 1477
အာကာပြင်ကျယ်စကြဝဠာမှ အတန်ငယ်လှမ်းဝေးသော ကြယ်တာရာကောင်းကင်ထဲတွင် လည်နေသောဝဲသုံးဝဲ ရှိသည်။ ၎င်းတို့သည် လျှို့ဝှက်ဆန်းပြားသည့် ရောင်ခြည်လှိုင်းများကို ထုတ်လွှတ်လျက် နေရာမှမရွေ့ပေ။
ရောင်ခြည်လှိုင်းများသည် သေခြင်းအရှိန်အဝါကို ကိုယ်စားပြုသည့်အလား မီးခိုးရောင်ခပ်မှိန်းမှန်း ဖြစ်၏။ သို့သော် တစ်ခါတရံ ဝဲသုံးဝဲအကြား၌ အရောင်အဝါများ ကူးပြေးနေသည်ကို မြင်ရနိုင်သည်။
မန်ဟိုသည် ဆံပင်များပျံ့လွင့်နေလျက် ဝဲသုံးဝဲ၏အပြင်၌ ပျံဝဲနေ၏။ ၎င်းတို့နှင့်ယှဉ်လျှင် သူ၏အရွယ်အစားမှာ ဖုန်မှုန့်လေးသာသာ ရှိသည့်တိုင် သူ၏စွမ်းအားက ၎င်းတို့နှင့်တန်းတူ ရပ်နိုင်သည့်တိုင်အောင် ကြီးမားလေသည်။ အမှန်တွင် ဝဲများသည် ရန်လိုမှုတို့ဖြင့်ပင် တုန်ခါလာ၏။
မန်ဟို ခံစားနေရသည်အရ ဤနေရာသည် မှန်ကွဲစတစ်စ ရှိနေသော နေရာများအနက်မှ တစ်နေရာဖြစ်သည်။ သူက တတိယမျက်လုံးကို ဖွင့်လိုက်ရာ ချက်ချင်းဆိုသလို ဝဲများကို ဖွဲ့စည်းထားသောမြူများ မြောက်တက်သွားကာ အောက်ရှိအမှန်တရားအား ဖော်ပြလိုက်သည်။
ဝဲသုံးဝဲအတွင်း၌ ကမ္ဘာသုံးကမ္ဘာရှိနေသည်။ ကျင့်ကြံသူများမရှိ၊ သူ တစ်ခါမှ မမြင်ခဲ့ဖူးသော ဆန်းဆန်းပြားပြားတောင်တန်းများနှင့် သားရဲများသာ ကျက်စားနေသည်။ အနှစ်သာရ ၉ ခုအဆင့်နှင့် ယှဉ်နိုင်သည့် အတိုင်းထက်အလွန် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတချို့လည်း ရှိနေ၏။
ချောက်ချားဖွယ်အကောင်းဆုံးအခိုးငွေ့များသည် ဒုတိယဝဲမှ လာလေသည်။ အတွင်း၌ ထိုနေရာ၏ အုပ်စိုးသူ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ရှေးဟောင်းဖြစ်တည်မှုကြီးတစ်ခု နေထိုင်နေသည်။
အနီးကပ်အကဲခတ်လိုက်ရာတွင် ထိုအငွေ့အသက်များ၏အရင်းအမြစ်ကား ... ဂြိုဟ်တစ်လုံးအရွယ်တမျှ ကြီးမားလှသော .... ပုတ်သင်ဘုရင်တစ်ကောင်ဖြစ်သည်။
ထိုကမ္ဘာ၏မြေပြင်အားလုံးက ထိုပုတ်သင်ဘုရင်၏ကျောပေါ်တွင် တည်ရှိနေဟန်တူပြီး မန်ဟိုခံစားနေရသည်အရ ကြေးမုံကတော့ ၎င်း၏ကိုယ်ထဲ၌ပင်။
သူ၏မျက်လုံးများက လင်းလက်လာပြီး သူသည် ဒုတိယဝဲအတွင်းရှိ ဧရာမပုတ်သင်ဘုရင်ကြီးထံ တန်းတန်းမတ်မတ် ပျံသန်းသွားတော့၏။
အချိန်အနည်းငယ်ကြာသော် ကြောက်မက်ဖွယ်ပေါက်ကွဲသံများ ကြယ်တာရာကောင်းကင်တွင် ပဲ့တင်ထပ်လာသည်။
ထိုစဉ် အာကာပြင်ကျယ်ဂြိုဟ်ပေါ်၌ ဖန်မုသည် နောက်တစ်ကြိမ် တံခါးပိတ်ကျင့်ကြံနေ၏။ ယန်အာလည်း ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် ငိုင်တွေငေးကြောင်ခြင်းမရှိတော့ဘဲ နဂိုအတိုင်းပြန်ဖြစ်သွားသည်။ သူမသည် ထုံးစံအတိုင်း ဖျတ်လတ်တက်ကြွမြဲဖြစ်ကာ သူမဆရာကို တွေ့ဖို့ လာသည့် အမျိုးသမီးကျင့်ကြံသူများအား ဒိုင်ခံငြင်းနေလေ၏။
ယန်အာသည် ညရောက်လျှင် လအား မော့ကြည့်ရင်း သူမဆရာပြောပြခဲ့သော ချူယွီယန်နှင့်ပတ်သက်သည့် ဇာတ်လမ်းအား တွေးနေတတ်၏။ ဇာတ်လမ်းက သူမ၏နှလုံးသားကို လှုပ်ခတ်စေခဲ့ပြီး အတိတ်ဘဝမှ ပဲ့တင်ရိုက်ခတ်မှုကိုလည်း တဖြည်းဖြည်း ဖြစ်ပေါ်လာစေသည်။
အချိန်တွေကုန်လွန်သွားသည်။ ဖန်မုဆီ လာရောက်သောဧည့်သည်များ တစတစ နည်းပါးလာသည်နှင့်အမျှ ယန်အာအတွက် ကျင့်ကြံအားထုတ်ဖို့ အချိန်ထွက်လာသည်။ သို့သော် ဖန်မုက အာကာပြင်ကျယ်မော်ကွန်းတိုက်တွင် ဒသမကောင်းကင်ဘုံကို ပထမဆုံးဆင့်ခေါ်နိုင်ခဲ့သည့်အချက်သည် ကျန်ဂိုဏ်းများ၏ရွေးချယ်ခံများထံမှ စိန်ခေါ်သံများ ထွက်လာစေ၏။
သူတို့ စိန်ခေါ်နေသောနည်းလမ်းက ရှင်းသည်။ သူတို့ဂိုဏ်း၏ အာကာပြင်ကျယ်မော်ကွန်းတိုက်သို့ သွားမည့်အစား နဝမဂိုဏ်းသို့ လာသည်။
အာကာပြင်ကျယ်ကျောင်းတော်တွင် ထိုသို့မလုပ်ရဟု ဂိုဏ်းသားများအား တားမြစ်ထားသော စည်းမျဉ်းမရှိပေ။ အမှန်တွင် အတိတ်တုန်းကလည်း ဖြစ်ခဲ့ဖူးသည်။ သို့သော် ဖြစ်လေ့ဖြစ်ထတော့ မရှိ။ များသောအားဖြင့် ထူးခြားသောအခြေအနေမျိုးတွင်သာ ဖြစ်တတ်သည်။
အာကာပြင်ကျယ်မော်ကွန်းတိုက်ကို ပြိုင်ဘက်ဂိုဏ်းတစ်ဂိုဏ်းတွင် စိန်ခေါ်ခြင်းက လူတစ်ယောက်၏တံခါးကို ခေါက်ပြီး ထိုလူ့ ညှို့သကျည်းကို ဖြတ်ကန်လိုက်သကဲ့သို့ပင်။ ၎င်းက အမှန်တကယ် ပေါ်ပေါ်ထင်ထင် ရန်စမှုလည်း ဖြစ်လေသည်။
သို့သော် ဖန်မု ဒသမကောင်းကင်ဘုံအား ဆင့်ခေါ်ခဲ့သည့်ဖြစ်ရပ်က အတော်လေးအုတ်အော်သောင်းနင်း ဖြစ်စေခဲ့၏။ ကျန်ဂိုဏ်းများမှ ထိပ်ဆုံး (၁၀) ဝင် ရွေးချယ်ခံများသည် တခဏသာ ဆိတ်ဆိတ်နေကြပြီးနောက် လှုပ်ရှားကြတော့သည်။ သူတို့အားလုံး နဝမဂိုဏ်း၏ အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်ရန် ... နဝမမြေထုဆီ ချီတက်သွားကြလေပြီ။
ပထမနေ့မှစ၍ ခေါင်းလောင်းသံများ မြည်သည်။ ထို့နောက်ပိုင်း နေ့တိုင်းလိုလို အာကာပြင်ကျယ်မော်ကွန်းတိုက်၏ ခေါင်းလောင်းသံက လေထဲတွင် တဒေါင်ဒေါင် ပျံ့လွင့်နေတော့သည်။
ကျန်ဂိုဏ်းရှစ်ဂိုဏ်းမှ ရွေးချယ်ခံများသည် အလှည့်ကျရောက်လာ၏။ တတိယဂိုဏ်းမှစပြီး လူရှစ်ယောက် ခေါ်လာသည်။ ထိုရှစ်ယောက်အနက် တစ်ယောက်စီက ထိပ်ဆုံး (၁၀၀) ထဲအထိ ဝင်ရောက်ခဲ့ပြီး နှစ်ယောက်က ထိပ်ဆုံး (၁၀) ယောက်ထဲ ဝင်ခဲ့သည်။ အမြင့်ဆုံးအဆင့်က အဆင့် (၄) သာ ဖြစ်သော်လည်း ထိပ်ဆုံး (၁၀) ယောက်ထဲ ဝင်သေးလေသည်။
ထို့နောက် စတုတ္ထဂိုဏ်းမှ လူများ။ ထို့နောက် ဒုတိယဂိုဏ်းနှင့် ပဉ္စမဂိုဏ်း။
ထိုဂိုဏ်းအားလုံးမှ ရွေးချယ်ခံများ နဝမဂိုဏ်း၏ အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်ကြသည့် ရလဒ်အနေဖြင့် ထိပ်ဆုံးအယောက်သုံးဆယ်တွင် နဝမဂိုဏ်းသား ခြောက်ယောက်သာ ကျန်တော့လေသည်။
သို့သော် ဆဋ္ဌမဂိုဏ်း ရောက်လာ၏။ ထို့နောက် သတ္တမနှင့် အဋ္ဌမဂိုဏ်းများ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။ နောက်ဆုံးတော့ ထိုခြောက်နေရာမှာ ငါးနေရာသာ ဖြစ်လာတော့၏။
အခြေအနေမှာ အတော်လေးသည်းမခံနိုင်စရာကောင်းသော်လည်း ပထမဂိုဏ်းက ရောက်လာပြန်သည်။ သူတို့စိန်ခေါ်ပြီးနောက် ထိပ်ဆုံး (၃၀)ထဲတွင် နဝမဂိုဏ်းနှင့်ဆိုင်သော နေရာလေးနေရာသာ ကျန်တော့လေသည်။
မည်သူမှ ဒသမကောင်းကင်ဘုံကို ဆင့်မခေါ်နိုင်ဘဲ ဆဋ္ဌမကောင်းကင်ဘုံကိုသာ ဆင့်ခေါ်နိုင်ခဲ့သော်လည်း ကြောက်ခမန်းလိလိဖြစ်ရပ်တစ်ခု ဖြစ်နေသေး၏။
မှန်သည်၊ ဖန်မုထံမှ ပထမနေရာကို လုနိုင်သူမရှိသော်လည်း သူ့အောက် ထိပ်ဆုံးအယောက်သုံးဆယ်မှာ တခြားဂိုဏ်းများမှ ရွေးချယ်ခံများဖြစ်နေသည်။ နဝမဂိုဏ်းသားများအတွက် ၎င်းသည် မျက်နှာတည့်တည့် တံတွေးနှင့်ထွေးခံလိုက်သလို အရှက်ကွဲမှုကြီးဖြစ်၏။ သူတို့ဂိုဏ်းမှာ အခြားသူများ၏ခြေထောက်အောက်တွင် နင်းခြေခံနေရသကဲ့သို့ပင်။
အဖြစ်အပျက်အားလုံးက ဆူညံပွက်လောရိုက်လာစေတော့သည်။ ငြင်းခုံမှုများ ဆူညံလာပြီး မကြာမီ ပဋိပက္ခအသေးစားများ ဖြစ်လာသည်အထိ ဒေါသထွက်ကုန်ကြသည်။ နဝမဂိုဏ်းမှာ နေရာ (၁၀၀) မျှနှင့်သာ ကျန်ခဲ့တော့သည်။
ဂိုဏ်းအနေဖြင့်လည်း ထိုကဲ့သို့အခြေအနေတစ်ရပ်ကို ဟန့်တားနိုင်သည့် အစွမ်းအစမရှိပေ။ တခြားရွေးချယ်ခံများ မလာအောင် ကိုယ်တိုင်ကိုယ်ကျသွားတားလျှင်လည်း ထိုရွေးချယ်ခံများ၏ စိန်ခေါ်မှုများကို ကြောက်နေသည်၊ တုန်လှုပ်နေသည်ဟု ပြောစမှတ်တွင်ဦးမည်။
လောလောဆယ် နဝမဂိုဏ်း မည်မျှအင်အားကြီးမားသည်ကို ထည့်တွက်လျှင် သူတို့သည် ဘယ်တော့မှ ထိုသို့လုပ်မည်မဟုတ်ပေ။ နဝမဂိုဏ်း၏ရွေးချယ်ခံများလည်း သဘောတူမည်မဟုတ်၊ သူတို့တွင်လည်း သူတို့မာန ရှိသည်မဟုတ်ပါလော။
တခြားရွေးချယ်ခံများထံမှ စိန်ခေါ်မှုများနှင့် အာကာပြင်ကျယ်မော်ကွန်းတိုက်တွင် နေရာများ လျော့နည်းလာသည့်အချက်ကြောင့် နဝမဂိုဏ်းမှာ ထိန်းမနိုင်သိမ်းမရတော့ပေ။
ရွေးချယ်ခံအားလုံးနီးပါးသာကမ သာမန်ဂိုဏ်းသားများပင် အစွမ်းကုန်ကျင့်ကြံအားထုတ်ကုန်ကြသည်။ သူတို့သည် ပြင်ပစစ်ဆေးရေးများကို ထမ်းဆောင်ကာ နတ်မီးလျှံစမ်းသပ်ပွဲများတွင်လည်း ပါဝင်ဆင်နွှဲကြ၏။ သူတို့၏ကျင့်ကြံခြင်းအဆင့်များကို မြှင့်တင်မှသာလျှင် ပို၍မြင့်မားသောအဆင့်များ ရယူနိုင်မည်မဟုတ်ပါလော။ အစွမ်းထက်လာလျှင် သူတို့၏အာကာပြင်ကျယ်မော်ကွန်းတိုက်တွင် တုံ့ဆိုင်းခြင်းမရှိ ပြန်လည်စိန်ခေါ်မည်။
အာကာပြင်ကျယ်ကျောင်းတော်၏ ရွေးချယ်အားလုံး သူတို့၏နတ်မီးလျှံစမ်းသပ်ပွဲအဖြစ် နဝမဂိုဏ်းရှိ အာကာပြင်ကျယ်မော်ကွန်းတိုက်အား ရွေးချယ်ကြသည်။ ထိုစာရင်းထဲ ဝင်မှသာ သူတို့ အမှန်တကယ် ထင်ပေါ်လာနိုင်လေသည်။
ထိုရေပန်းစားမှုက မရပ်တန့်ပေ။ တစ်နှစ်ကြာသော် ရွေးချယ်ခံများ၏ ပြိုင်ဆိုင်မှုသည် ထိပ်ဆုံး ၂၀၀၀ နေရာများအထိ ရောက်လာ၏။
နောက်တစ်နှစ်ကြာသော် ထိပ်ဆုံး ၃၀၀၀။
နဝမဂိုဏ်းသားများမှာ ကြိတ်မနိုင်ခဲမရဖြစ်နေကြပြီး ရန်ပွဲများ တစေဖြစ်ပွားနေသည်။ ကုန်ဆုံးသွားခဲ့သည့် သုံးနှစ်အတောအတွင်း ဖန်မုဆီ လာရောက်ဂါဝရပြု၍ တစ်ခုခုလုပ်ရန် တောင်းဆိုသူများ မကြာခဏ ပေါ်လာကြသည်။
သို့သော် ဖန်မုသည် တံခါးပိတ်ကျင့်ကြံနေသဖြင့် ဧည့်သည့်လက်မခံပေ။ နဝမဂိုဏ်းသားများအနေဖြင့် ထိုကိစ္စကို လက်ခံနိုင်သော်လည်း တခြားဂိုဏ်းများမှ ရွေးချယ်ခံအား မာန်တက်မသွားအောင် မတားနိုင်ကြပေ။ အထူးသဖြင့် နဝမဂိုဏ်း၏ထိပ်ဆုံး (၃၀၀၀) နေရာများကို သိမ်းပိုက်ထားသောလူများပင်။ ထိုအဖွဲ့၌ ကျန်ရှိသော နဝမဂိုဏ်းသားတစ်ရာဝန်းကျင်မှာလည်း ရူးချင်လာကြသည်။
ဖန်မုက နာမည်ကြီးရုံသာ ကြိုးစားနေသည်ဟူသော ကောလဟာလများပင် စပြန့်လာသည်။ လွန်ခဲ့သည့်သုံးနှစ်က အဖြစ်အပျက်သည် အလိမ်အညာမျှသာဖြစ်၍ သူ မျက်နှာမပြရဲခြင်းဖြစ်သည်ဟု လူများ သွားပုပ်လေလွင့် ပြောနေကြ၏။
စစချင်း ထိုကောလဟာလများအား ဟိုနေရာတစ်ကွက်၊ သည်နေရာတစ်ကွက် တိုးတိုးသာ ပြောခဲ့ကြသည်။ သို့သော် နှစ်နှစ်ကြာပြီး နဝမဂိုဏ်းအာကာပြင်ကျယ်မော်ကွန်းတိုက်၏ ထိပ်ဆုံးအယောင်တစ်ထောင်၏ ကိုးဆယ်ရာခိုင်နှုန်းအား တခြားဂိုဏ်းများ သိမ်းပိုက်သွားပြီးနောက် ကောလဟာလများသည် တောမီးလို အုံကြွလာတော့၏။
အာကာပြင်ကျယ်ကျောင်းတော်တစ်ကျောင်းလုံး ပြောနေသော အတိုင်းအတာသို့ပင် ရောက်ရှိလာခဲ့သည်။
“အဲဒီနှစ်က ဖန်မုရဲ့အပြုအမူက အလိမ်အညာသက်သက်ပဲ။ သူက ငါးနှစ်တိုင် တံခါးပိတ်ကျင့်ကြံနေပြီး တစ်ခါလေးတောင် ထွက်မလာဘူး။ ငါတို့စိန်ခေါ်မှုကို သူ ကြောက်လို့ ပုန်းနေတာပဲ ဖြစ်မယ်”
“အလိမ်အညာမဟုတ်ရင်တောင်မှ ဒသမကောင်းကင်ဘုံကို ဆင့်ခေါ်ပြီးတော့ သူ ပြစ်ဒဏ်တစ်ခုကို ရင်ဆိုင်ခဲ့ရတယ်မဟုတ်လား။ သေချာပေါက် ဒဏ်ရာအပြင်းအထန် ရထားမှာပဲ....”
“ဖန်မုတစ်ယောက် နှစ်တစ်ရာအတွင်း ကျင့်ကြံအဆင့်မတက်နိုင်လောက်အောင် ဒဏ်ရာရထားတယ်လို့ ငါ ကြားထားတယ်”
ကောလဟာလများစွာ ပျံ့နှံ့လာသည်။ နဝမဂိုဏ်းသားများသည် ဖန်မု၏နာမည်ကို လွန်စွာအထိမခံ၍ တစ်ခါတရံ ရန်ပွဲများပင် ဖြစ်တတ်လေ၏။ သို့သော် နဝမဂိုဏ်းမှာ ဂိုဏ်းကိုးဂိုဏ်းအနက်မှ တစ်ဂိုဏ်းသာဖြစ်ရာ သူတို့မည်သို့လုပ်လုပ် အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံး၏ ရွေးချယ်ခံများ၏အမြင်များအား ပြောင်းလဲနိုင်စွမ်းမရှိပေ။
နောက်ဆုံးတော့ ကောလဟလများကို ယုံကြည်သူအများစု ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် တခြားဂိုဏ်းမှ ကျင့်ကြံသူများအတွက် နာမည်ကြီးဖို့ နဝမဂိုဏ်းရှိ အာကာပြင်ကျယ်မော်ကွန်းတိုက်ဆီ လာရောက်ယှဉ်ပြိုင်ခြင်းက ပုံမှန်ဖြစ်လာတော့သည်။
နောက်ထပ်ငါးနှစ်ကြာသွားသည်။ ဖန်မုသည် ဆယ်နှစ်တိုင် တံခါးပိတ်ကျင့်ကြံနေခဲ့၏။ နောက်ဆုံးတော့ နဝမဂိုဏ်းအာကာပြင်ကျယ်မော်ကွန်းတိုက်အပေါ် ယှဉ်ပြိုင်မှုများသည် စိုးရိမ်ရေမှတ်အထိ ရောက်ရှိလာတော့သည်။ ထိပ်ဆုံးနေရာသုံးသောင်းအနက် လေးထောင်သာ နဝမဂိုဏ်းနှင့် သက်ဆိုင်တော့လေပြီ။
သူတို့၏အာကာပြင်ကျယ်မော်ကွန်းတိုက်အား အခြားသူများမှ သိမ်းပိုက်ထားခြင်းက နဝမဂိုဏ်းသားများအား အလွန်အရှက်ရစေသလို၊ ရူးတော့မည့်အလား ခံပြင်းစေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ထိပ်ဆုံးဆယ်ယောက်၌ နဝမဂိုဏ်းမှ ရွေးချယ်ခံနှစ်ယောက်သာ ကျန်တော့သည်အထိ လွန်ကျူးလာ၏။
ပထမနေရာရှိ ဖန်မုအပြင် အဆင့် ၅ နေရာရှိ ရွေးချယ်ခံတစ်ယောက်မှအပ ကျန်နေရာအားလုံးကို တခြားဂိုဏ်းများမှ ရွေးချယ်ခံများ သိမ်းပိုက်ထားသည်။
အရှက်ကွဲမှု၊ အချင်းများမှုများသည် ပိုမိုဆိုးရွားလာ၏။
သို့ထိတိုင် နဝမဂိုဏ်း၏ ပါရာဂွန်များနှင့် ကျန်ဂိုဏ်းအားလုံးသည် ဖြစ်ပျက်နေသောအရာကို မဟန့်တားပေ။ ရန်ပွဲများ ထိန်းမနိုင်သိမ်းမရ ဖြစ်မလာသရွေ့ ၎င်းသည် အာကာပြင်ကျယ်ကျောင်းတော်၏ အင်အားတစ်ခုလုံးကို တိုးမြှင့်ရာရောက်ပေသည်။ အထူးသဖြင့် ထိုဖိအားကြောင့် ဆယ်နှစ်အတွင်း နဝမဂိုဏ်းမှ ရွေးချယ်ခံများစွာ မွေးထုတ်ပေးနိုင်ခဲ့လေသည်။
ဖန်မု၏တောင်သို့ လာရောက်၍ သူ့အား တစ်ခုခုလုပ်ရန် နားချသူများ တစတစတိုးပွားလာသည်။ တစ်ချိန်တွင် ဂိုဏ်းသားတစ်ထောင်ကျော်လုံး တစ်ပြိုင်တည်း ရောက်လာကြ၏။
ယန်အာမှာ ဖြစ်ပျက်နေသမျှအရာအားလုံးနှင့် ပတ်သက်၍ လွန်စွာစိတ်ရှုပ်နေသည်။ ပြီးခဲ့သည့်ဆယ်နှစ်အတွင်း သူမ၏ကျင့်ကြံခြင်းအခြေခံသည် ခုန်ပျံကျော်လွှားတက်သွားခဲ့ပြီး ဖန်မုကို မယှဉ်နိုင်သေးသော်လည်း တာအိုရှာဖွေခြင်းအဆင့်သို့ ရောက်နေပြီဖြစ်၍ အင်မော်တယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရဖို့ လွန်စွာနီးကပ်နေချေပြီ။
တစ်ရက် တရားထိုင်နေစဉ် သူမမှာ တောင်အပြင်ရှိ အုတ်အုတ်ကျက်ကျက်အသံများကြောင့် မျက်လုံးဖွင့်လိုက်ရသည်။
“အစ်ကိုကြီး ကျေးဇူးပြုပြီး တောင်အောက် ဆင်းလာခဲ့ပါခင်ဗျာ”
“အစ်ကိုကြီး နဝမဂိုဏ်းက အာကာပြင်ကျယ်မော်ကွန်းတိုက်ရဲ့ ထိပ်ဆုံးအယောက်သုံးသောင်းမှာ တစ်ထောင်လောက်ပဲ စာရင်းဝင်ပါတော့တယ်။ ကျေးဇူးပြုပြီး ဆင်းလာခဲ့ပါဦး”
“အစ်ကိုကြီး ကောလဟာလတွေက ပြန့်နေပြီ။ အကုန်လုံး အစ်ကိုကြီးကို စွပ်စွဲနေကြတယ်ရှင့်... အစ်ကိုကြီး ကျေးဇူးပြုပြီး တောင်အောက်ဆင်းလာခဲ့ပါနော်။ ကျွန်မ ခံပြင်းခဲ့ရတာ ဆယ်နှစ်ရှိပါပြီ။ ခံပြင်းမှုတွေကို ဖွင့်ထုတ်ဖို့ အစ်ကိုကြီးရဲ့အကူအညီကို လိုပါတယ်ရှင်”
ယန်အာ မျက်မှောင်ကြုတ်သွား၏။ ဆယ်နှစ်အတောအတွင်း သူမသည် တခြားဂိုဏ်းများ နဝမဂိုဏ်းအား အဆက်မပြတ် စိန်ခေါ်၍ ရန်စနေသည်ကို မချင့်မရဲကြည့်နေခဲ့ရလေသည်။ သူမဆရာကို ထိုကိစ္စနှင့်ပတ်သက်၍ မေးခဲ့သော်လည်း သူက သိပ်ဂရုစိုက်ပုံမပေါ်ခဲ့ပေ။ ထိုမျှသာမက ယခုနှစ်များအတွင်း သူ၏ကျင့်ကြံခြင်းသည် အရေးပါသောအခိုက်အတန့်သို့ ရောက်လာခဲ့သည့်အတွက် ယန်အာ့အား သူ့ကို ထိုကိစ္စအကြောင်း ထပ်မပြောတော့ရန် တားမြစ်ခဲ့သည်။
“စိတ်ရှုပ်လိုက်တာနော်” သူမက တွေးသည်။ “ဒီလူတွေ ဘာဖြစ်နေတာလဲ။ စိန်ခေါ်စရာ ကိုယ်ပိုင်အာကာပြင်ကျယ်မော်ကွန်းတိုက်မရှိဘူးလား တကယ်ပါပဲ။ ဘာလို့ နဝမဂိုဏ်းမှာ လာကြွားနေတာတုန်း” သူမသည် အေးစက်စက်နှာမှုတ်လျက် သူမဆရာကို တွေ့ဆုံဖို့ လာခဲ့သည့် တစ်ဂိုဏ်းတည်းသားများကို နှင်လွှတ်ရန် အခန်းအပြင်ထွက်လာ၏။
သို့သော် အပြင်ရောက်သည်နှင့် သူမ မျက်မှောင်ကြုတ်သွားသည်။ လာရောက်ခဲ့သူများအနက် အတော်များများက မျက်နှာစိမ်းများဖြစ်ကြ၏။ နဝမဂိုဏ်းကို သူတို့၏ဂိုဏ်းသဖွယ် မောင်ပိုင်စီး၍ သူမကို အေးစက်စွာ ပြုံးကြည့်နေသော တခြားဂိုဏ်းမှ ရွေးချယ်ခံများပင် ရှိလေသည်။