← Chapters

သဘောတူညီခြင်း

Vol. 9 Ch. 122

သဘောတူညီခြင်း

Vol. 9 Ch. 122

အချိန်များ လျှပ်တပြက်ကုန်ဆုံးသွားပြီး မကြာခင် သုံးရက်ကြာခဲ့လေပြီ။ မန်ဟိုတစ်ယောက် သုန်မှုန်နေ၏။ သူမည်မျှဝေးဝေးသွားသွား၊ မည်သည့်နေရာကိုပျံပျံ ဤနေရာမှာ အဆုံးရှိဟန်မတူပေ။ ၄င်းက ကြည့်ရသရွေ့ ကန့်သတ်ချက်တစ်စုံတရာရှိလည်း ရှိပုံမရ။ ထို့အပြင် အချိန်များကုန်လွန်သွားသည်နှင့်အမျှ စိတ်ဝိညာဥ်စွမ်းအင်များ နည်းသထက် နည်းလာပုံပေါ်သည်။

"ငါ ပထမဆုံးမန္တန်ကွန်ချာကို ဘယ်လိုကျော်ဖြတ်ရမလဲ...." မန်ဟိုမှာ မျက်မှောင်ကြုတ်လျက် တောင်တစ်လုံး၏ထိပ်တွင် တင်ပျဥ်ခွေထိုင်နေ၏။ သူက တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် ဘေးဘိီဝဲယာကို ဝေ့ဝိုက်ကြည့်လိုက်သည်။

ထိုအချိန် အမွေအနှစ်နယ်မြေ၏အပြင်ဘက်တွင် တောင်ပိုင်းဒေသတစ်ဝှမ်းလုံးရှိ ပလ္လင်ခုနစ်ဆူပတ်ပတ်လည်ရှိ ကျင့်ကြံသူအားလုံး သွေးမျက်နှာပြင်များကို စောင့်ကြည့်နေကြသည်။ ဝိုးတိုးဝါးတားပုံရိပ်ခုနစ်ခုမှာ ပထမဆုံးကွန်ချာထဲ ဝင်ရောက်လျှင်ချင်း တင်ပျဥ်ခွေပြီး တရားစတင်ထိုင်နေကြသည်ကို သူတို့ ပြတ်ပြတ်သားသား မြင်ရ၏။ သို့သော် နောက်ဆုံးမှဝင်သော ရှစ်ယောက်မြောက် ပုဂ္ဂိုလ်မှာ ခြေဦးတည့်ရာပျံသန်းနေလေသည်။ အချိန်အတော်ကြာပြီးမှသာ သူက တင်ပျဥ်ခွေပြီး တရားထိုင်သည်။

"နောက်ဆုံးတစ်ယောက်က ဘယ်ဂိုဏ်းကလဲ။ ပထမဆုံးကွန်ချာဘယ်လို အလုပ်လုပ်လဲ သူနားမလည်ဘူးလား။အာ ကျုပ် သိပြီ။ သူက သင်းကွဲကျင့်ကြံသူတစ်ယောက်ဖြစ်ရမယ်။ တစ်နည်းနည်းနဲ့ အဋ္ဌမသွေးအင်မ်ိုတယ်ပလ္လင်ကို မတော်တဆဖွင့်ပြီး ပြိုင်ပွဲစတာပဲ ဖြစ်မယ်"

"ပထမဆုံးကွန်ချာက ရိုးရိုးရှင်းရှင်းလေးရယ်။ အဲ့တာက ပင်ကိုယ်ပါရမီိစမ်းသပ်ချက်တစ်ခုပဲ။ အခြေခံအားဖြင့် ပထမဆုံးကွန်ချာက သွေးဝိညာဥ်ကို ကြီးထွားလာစေလိမ့်မယ်။ ကျင့်ကြံသူတွေက စိတ်ဝိညာဥ်စွမ်းအင်တွေကို တတ်နိုင်သမျှ များများစုပ်ယူရမှာ။ ဒါက ကျန်ကွန်ချာတွေဆီ ရောက်ရှိဖို့ သော့ချက်တစ်ခုပဲ" ဤကဲ့သို့ စကားသံများသည် တီးတိုးတီးတိုးပြောနေသော ကျင့်ကြံသူများအကြားထဲ ထွက်ပေါ်လာ၏။ အမွေအနှစ်နယ်မြေအတွင်းတွင် မန်ဟို ခေါင်းထောင်လိုက်သည်။

"ထူးဆန်းတယ်။ ဒီနေရာက စိိတ်ဝိညာဥ်စွမ်းအင်တွေကြည့်ရတာ ရှစ်ခုကွဲနေပုံပဲ.....ငါအပါအဝင် ရှစ်ဦးဝင်ရောက်လာခဲ့တာဆိုတော့" မန်ဟို၏မျက်လုံးများ ဝင်းလက်သွားသည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် စိတ်ဝိညာဥ်စွမ်းအင်များအား တတ်နိုင်သမျှများများ စတင်စုပ်ယူတော့သည်။

သူ့မှာ ပထမဆုံးကွန်ချာကို မည်သို့ဖောက်ထွက်ရမည်လဲ အတိအကျမသိသော်လည်း ခန့်မှန်းကြည့်နေလေသည်။ စိတ်ဝိညာဥ်စွမ်းအင်များသည် လျင်မြန်စွာ ပျောက်ကွယ်လာ၏။ မန်ဟို မျက်လုံးများပိတ်လိုက်ပြီး ငါးရက်ကုန်လွန်သွားလေပြီ။

ငါးရက်မြောက်နေ့တွင် သူက စိတ်ဝိညာဥ်စွမ်းအင်များအား တတ်နိုင်သမျှ ဆက်လက်စုပ်ယူနေဆဲပင်။ သူ၏ရွှေရောင်တာအိုမဏ္ဍိုင်မှာ တလက်လက်တောက်ပနေ၏။ အမှန်တကယ်ဆိုရလျှင် ဒုတိယမြောက်တာအိုမဏ္ဍိုင်၏အစပိုင်းများ ဖြစ်ပေါ်နေသည်လားပင် ထင်ရသည်။

ခွေးပေါက်လေးသည်လည်း ဤငါးရက်အတွင်း မန်ဟို့နည်းတူ စွမ်းအင်များစုပ်ယူနေခဲ့သည်။ ယခုတွင် ၄င်း၏ခန္ဓာကိုယ်မှာ မန်ဟို့လက်အရွယ်ခန့် ရှိနေလေပြီ။ မကြာခင် စိတ်ဝိညာဥ်စွမ်းအင်များအားလုံး ကုန်ခမ်းသွားသည်။ ဟိန်းဟောက်သံကြီးတစ်သံ လေထဲပြည့်နှက်သွားပြီး ပတ်ဝန်းကျင်ရှိ အင်မိုတယ်တောင်တန်းများ၊ အဆောက်အဦးများ စင်မြင့်ကြီးတစ်ခုအသွင် ပဲ့ကျရင်း တဖြေးဖြေးပြိုကျလာသည်။ မန်ဟို မျက်လုံးများ ဖွင့်လိုက်သောအခါ စင်မြင့်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ့ပတ်လည်ရှိ အခြားလူခုနစ်ဦးလည်း မျက်လုံးများ ဖွင့်လိုက်ကြသည်။ သူတို့၏သွေးဝိညာဥ်အသီးသီးကား ပြောင်းလဲသွားပြိီဖြစ်သည်။ သူတို့သည် ပို၍ထွားးလာပြီး အသိဉာဏ်ပိုရှိလာပုံရသည်။

သွေးမှင်စာမှာမူ အရွယ်အစား မပြောင်းသွားသော်လည်း တွန့်လိမ့်လူးလွန့်နေသောလက်များ ပေါက်လာခဲ့ရာ အလွန်ထူးခြားဆန်းကြယ်နေတော့သည်။

မန်ဟို့ခွေးပေါက်လေးမှာ ပြောင်းလဲမှုအနည်းဆုံးဖြစ်သည်။ ၄င်းက လက်တစ်ဖက်အရွယ်သာရှိပြီး အမွေးပွပွများဖြင့် ဖုံးလွှမ်းနေ၏။ ၄င်းမှာ အခြားသွေးဝိညာဥ်များကို အလွန်ကြောက်လန့်နေဟန်တူသည်။ ၄င်းက မန်ဟို့အနားကပ်ပြီး တဆတ်ဆတ်တုန်နေရင်း သူ့ခြေထောက်ကို ခေါင်းကလေးဖြင့်ပွတ်သပ်ကာ သူ့ဝတ်ရုံကို လျက်နေချေသည်။ ၄င်း၏ တလက်လက်တောက်ပနေသော မျက်လုံးဝိုင်းဝိုင်းလေးများမှာ အတိုင်းထက်အလွန် ချစ်စရာကောင်းနေတော့သည်။

ဤစင်မြင့်ပေါ်တွင် ဆွဲအားအနည်းငယ် ထုတ်လွှတ်နေသည့် တံခါးတစ်ချပ်ရှိသည်။ သိသာစွာပင် ၄င်းက အမွေအနှစ်နယ်မြေ၏ထွက်ပေါက်ပင်။ မန်ဟို့ပတ်လည်ရှိလူခုနစ်ယောက် တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြသည်။ သူတို့တွင် ထွက်ခွာလိုစိတ်မရှိသည်ဖြစ်၍ သူတို့၏သွေးဝိညာဥ်များနှင့်အတူ ဒုတိယကွန်ချာဆီ ဦးတည်သွားသော ရောင်စုံအလင်းတန်းများအသွင်ပြောင်းသွားကြသည်။

မန်ဟို တိတ်ဆိတ်နေ၏။ အခြားသူခုနစ်ဦး၏ သွေးဝိညာဥ်အများစုမှာ စဦးချီဖွဲ့စည်းမှုအဆင့် ၇ သို့မဟုတ် ၈ ၏ ချီဓာတ်များကို ထုတ်လွှတ်နေကြောင်း သူအာရုံရလိုက်လေသည်။ သွေးနဂါး၊ သွေးဖိီးနစ်ငှက်နှင့် လူပုံသဏ္ဍာန် သွေးမှင်စာတို့အားလုံးက အဆင့်၉တွင် ဖြစ်ကြသည်။ သူ၏ခွေးပေါက်လေးသာလျှင် အဆင့်၃ သို့မဟုတ် ၄ ဖြစ်၏။

"ဒီနေရာနဲ့ပတ်သက်ပြိီး ကောင်းကောင်းမသိတာ အခြေအနေမဟန်ဘူး...." မန်ဟို၏မျက်ခုံးများ တွန့်ချိုးသွားပြီး သူ၏မျက်လုံးများ လင်းလက်သွားသည်။ "ဒါပေမယ့် ငါတစ်ပန်းသာတာက ဒီအမွေအနှစ်နယ်မြေမှာ ငါတစ်ယောက်တည်းပဲ ထွက်နိုင်ဝင်နိုင်တယ်။ သူတို့သာထွက်သွားရင် တခြားသူတွေအများကြီးဝင်ဖို့ ကြိုးစားကြမှာ။ ဒါကြောင့် သူတို့ ထွက်သွားလို့မရဘူး" မန်ဟိုသည် အသက်ရှူချိန်အနည်းငယ်ကြာသည်အထိ တိတ်ဆိတ်နေ၏။ ထို့နောက် သူက ထရပ်ပြီး ဒုတိယကွန်ချာဆီ ပျံမသွားဘဲ တံခါးပေါက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

သူပြန်ပေါ်လာသောအခါ သွေးကန်ထဲက ဧရာကျောက်မျက်နှာကြီး၏ ပါးစပ်ဝ တွင်ဖြစ်သည်။ သူပျံထွက်လာသည်နှင့်တစ်ပ်ြိုင်နက် သူထင်ထားသည့်အတိုင်း သူ၏ကျင့်ကြံခြင်းအခြေခံမှာ အမှန်တကယ် နဂိုအတိုင်းပြန်ဖြစ်သွားလေသည်။ ယခင်က ဖိအားမှာ ယခု သူ့အပေါ် သက်ရောက်မှုမရှိတော့ပေ။

"သွေးဝိညာဥ်က ငါနဲ့အတူ ထွက်မလာပါလား...... အမွေအနှစ်နယ်မြေအတွင်းမှာပဲ ပေါ်လာနိုင်တာထင်တယ်" မန်ဟို သွေးကန်အတွင်းရှိ ပလ္လင်ကို ပြန်ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ သွေးရောင်မျက်နှာပြင်တစ်ခုနှင့်အတူ အမွေအနှစ်အတွင်း ဖြစ်ပျက်နေသော အရာအားလုံးကို သူမြင်လိုက်ရလေသည်။

"အပြင်လူတွေလဲ ဖြစ်ပျက်နေတာတွေကို မြင်နိုင်တယ်လား....." သူ၏တည်ငြိမ်သော အကြည့်သည် မျက်နှာပြင်တစ်လျှောက်ပြေးလွှားသွားပြီး ဒုတိယကွန်ချာအတွင်းရှိ ဝိုးတိုးဝါးပုံရိပ်ခုနစ််ခုကို မြင်လိုက်ရသည်။ အနီးကပ်သေသေချာချာကြည့်ပြိီးနောက်တွင်တော့ သူ့မှာ အတန်ငယ်စိတ်အေးသွားတော့သည်။

မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များက သူမည်သည့်နေရာရောက်နေသည်လဲ မဖော်ပြသည့်အပြင် သူ့ကိုမီးတောင်ဆီပြန်ပို့ပေးခဲ့သော တံခါးသည်လည်း ထိုနေရာတွင် ရှိနေဆဲပင်။

သူက မျက်လုံးများ စူးရှလင်းလက်နေရင်း လေထဲပျံတက်လိုက်သည်။ အသက်ရှုချိန်အနည်းငယ်အတွင်း သူသည် ချူယွီယန်ဆေးဖော်စပ်နေသော နေရာဆီပြန်ရောက်လာခဲ့၏။

သူမက ထိုနေရာတွင် ဖြူဖပ်ဖြူလျော်မျက်နှာလေးနှင့် တင်ပျဥ်ခွေထိုင်နေသည်။ မန်ဟို ချဥ်းကပ်လာစဥ် သူမက ခေါင်းမော့လိုက်ရာ လေကိုခွင်း၍ သူမထံ ပျံသန်းလာနေသော သူ့ကို မြင်လိုက်လေသည်။ ဇဝေဇဝါဖြစ်သွားသောအမူအရာတစ်ခုက သူမမျက်နှာလေးကို ဖုံးလွှမ်းသွားသည်။

"မင်း ပဥ္စမဆေးလုံးကို ဖော်စပ်မပြီးခင် ရက်ဘယ်လောက်ထပ်လိုသေးလဲ" မန်ဟိုက မြေပြင်ပေါ်သို့ အသာအယာဆင်းသက်ရင်း သူမကို တည်ငြိမ်စွာ မေးပြီး အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူမမှာ အချိန်အတော်ကြာကြာ ဆွံ့အနေ၏။ နောက်ဆုံး၌ သူမ အသံတိုးတိုးလေးထွက်လာသည်။ " ငါ လဝက်အတွင်း အောင်မြင်လိမ့်မယ်"

"ငါတို့ အခြေအနေကို ထည့်တွက်ရင်" မန်ဟိုက ပြောသည်။ " တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေဖို့ မလိုဘူး" သူက မြူများကို ဝေ့ဝိုက်ကြည်လိုက်သည်။ ယခုအချိန်တွင် ၄င်းတို့အား သူအလွယ်တကူ ထိုးဖောက်မြင်ရလေပြိီ။

ချူယွီယန် ခဏတိတ်ဆိတ်သွားသည်။ ထို့နောက် သူမခေါင်းလေးငုံသွား၏။ " ငါ ဒီကထွက်ချင်ပေမယ့် နင့်ကို မယုံဘူး"

"မင်း ငါ့ဆေးကို ဖော်ပေးပြီး သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲအကြောင်း နားလည်အောင် ကူညီပေးရင် မင်းဒီကနေ အန္တရာယ်ကင်းကင်းထွက်သွားစေရမယ်လို့ ငါကျမ်းကျိန်တယ်"

"ကျင့်ကြံသူတွေရဲ့ ကျမ်းသစ္စာက မယုံရဘူး" သူမက သူ့ကို ပြန်ကြည့်ရင်း ဆိုသည်။

"မင်း ဒီကထွက်ချင်ရင် ငါ့ကိုယုံဖို့ကလွှဲပြိီး ရွေးချယ်စရာမရှိဘူး" မန်ဟိုက အေးစက်သောလေသံဖြင့် ပြောသည်။ "ငါ့စေတနာကလဲ အကန့်အသတ်ရှိတယ်။ ပထမဆုံး မင်း ငါ့ကျင့်ကြံခြင်းအခြေခံကို စုပ်ယူဖို့ကြိုးစားတယ်။ ဒုတိယ သွေးအင်မိုတယ်အမွေအနှစ်နဲ့ပတ်သက်ပြီး ငါ့ကို တစ်ပတ်ရိုက်ဖို့ လုပ်တယ်။ တတိယအကြိမ်သာဆိုရင်တော့ ငါ ဆေးလုံးကို လက်လျှော့ပြီး မင်းကိုသတ်ပစ်လိုက်တော့မယ်"

ချူယွီယန်မှာ ပြောစရာစကားမရှိသကဲ့သို့ တိတ်ဆိတ်စွာ ထိုင်နေသည်။ မန်ဟိုက သူမဘေးတွင် တင်ပျဥ်ခွေထိုင်ပြီး သူမကိုနားချရန် ဘာတစ်ခွန်းမှ ဆက်မပြောတော့ပေ။ တစ်နေကုန်သွားပြီးနောက်တွင် သူမက စိတ်ထဲတွင် သက်ပြင်းချလိုက်တော့သည်။ သူမမှာ ဉာဏ်နီဉာဏ်နက်များလည်း စဥ်းစားမရတော့။ သူမ၏ မန်ဟို့ကို အကောက်ကြံရန်အကြံအစည်များကလည်း တစ်ခုမှ အထမမြောက်ခဲ့။ သူပြောခဲ့သည့်အတိုင်း..... သူမဤနေရာမှ ထွက်သွားချင်လျှင် သူ့ကိုယုံရန်မှတစ်ပါး အခြားမရှိပေ။ ထိုမျှသာမက ချူယွီယန်သည် မန်ဟို၏သနားညှာတာမှုကင်းမဲ့ခြင်းကို ကြုံတွေ့ခဲ့ပြီး၍ သူ့စကားလုံးများအတွင်းရှိ သတ်ဖြတ်လိုစိတ်များကို သူမအာရုံရလိုက်လေသည်။

"သွေးအင်မိုတယ်အမွေအနှစ်ရဲ့ ကွန်ချာကိုးခုလုံး တစ်ခုနဲ့တစ်ခု မတူဘူး" သူမက တိုးတိုးလေးစပြောသည်။ "ဒါပေမယ့် ဂိုဏ်းအသီးသီးက အရင်အမွေအနှစ်ပြိိုင်ပွဲခုနစ်ပွဲကို နှံ့နှံ့စပ်စပ်လေ့လာခဲ့ကြတယ်။ နင်လျှောက်လှမ်းရမယ့်လမ်းကြောင်းက ဖမ်းယူခြင်းတစ်မျိုးပဲ

"ဘာကို ဖမ်းယူရမှာလဲဆိုတော့ ကောင်းကင်နဲ့မြေကြီးရဲ့စိတ်ဝိညာဥ်စွမ်းအင်တွေကိုပဲ။ အဲ့တာက နင့်ရဲ့ကျင့်ကြံခြင်းအခြေခံ တိုးတက်ဖို့အထောက်အကူဖြစ်ရုံတင်မကဘူး နင်ရဲ့ပင်ကိုယ်ပါရမီအရ သွေးဝိညာဥ် ကြီးထွားအောင်လဲ ဆောင်ရွက်ပေးလိမ့်မယ်

"သွေးဝိညာဥ်ကြီးထွားမှုက ကွန်ချာကိုးခုမှာ အရမ်းအရေးကြီးတယ်။ နှစ်ပေါင်းများစွာတစ်လျှောက် ဇီယွင်ဂိုဏ်း လေ့လာခဲ့တာတွေအရ နင် နဝမကွန်ချာကို ချိုးဖျက်နိုင်ရင် သွေးဝိညာဥ်က စိတ်ဝိညာဥ်ခွဲထွက်ခြင်း တစ်ပိုင်းအဆင့် ရောက်နေတဲ့ ပညာရှင်နဲ့ညီမျှတဲ့ စွမ်းအားအဆင့်ရရှိလိမ့်မယ်လို့ သုံးသပ်ခဲ့ကြတယ်။ အဲ့သွေးဝိညာဥ်က သွေးအင်မိုတယ်အမွေအနှစ်ရတနာထဲကို ပိုင်ရှင်အဖြစ် ဝင်ရောက်ပြီး ရတနာရဲ့ လက်နက်ဝိညာဥ် ဖြစ်လာနိုင်တယ်

"လက်နက်ဝိညာဥ်ရဲ့သခင် ဘယ်သူပဲဖြစ်ဖြစ် သွေးအင်မိုတယ်အမွေအနှစ်ကိုရရှိသွားတာနဲ့ ရတနာကို ပိုင်စိုးနိုင်မယ့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာမယ်။ ပြီးရင် စိတ်ဝိညာဥ်ခွဲထွက်ခြင်း တစ်ပိုင်းအဆင့် သွေးဝိညာဥ်ရဲ့ မယုံကြည်နိုင်ဖွယ်စွမ်းအားတွေကို ထုတ်လွှတ်နိုင်သွားလိမ့်မယ်။ ဒီ စိတ်ဝိညာဥ်ခွဲထွက်ခြင်း တစ်ပိုင်းအဆင့် သွေးဝိညာဥ်က တကယ်တော့ ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းရဲ့ သွေးအင်မိုတယ် ချန်ထားခဲ့တဲ့ တာအိုစောင့်ရှောက်သူတစ်ယောက်ပဲ

"ပထမအဆင့်ကလွဲရင် သွေးအင်မိုတယ်ရဲ့ ကွန်ချာကိုးခုလုံးမှာ မတူညီတဲ့ အနှစ်သာရတွေရှိတယ်။ ဂိုဏ်းအမျိုးမျိုးက ဒီအကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်အမျိုးမျိုး စုဆောင်းခဲ့ကြတယ်

"အချင်းချင်းပူးပေါင်းပြီးတဲ့နောက်ဆုံး မန္တန်ကွန်ချာတစ်ခုချင်းစီ ပြောင်းလဲနေတတ်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ခဲ့ကြတယ်။ ပြိုင််ပွဲတစ်လျှောက် တစ်ခုချင်းစီရဲ့နှလုံးသားက ဆင့်ကဲဆင့်ကဲပြောင်းလဲသွားတာကြောင့်မလို့ ကွန်ချာတစ်ခုစီမှာ ဘာအနှစ်သာရတွေရှိနေလဲ ဆုံးဖြတ်ဖို့ ခက်ခဲတယ်

"ရောက်ရှိတဲ့ကွန်ချာရဲ့ အနှစ်သာရကို အရင်ဆုံးနားလည်တဲ့ သူက စိတ်ဝိညာဥ်စွမ်းအင်တွေကို အရင်ဆုံးနိုင်မယ်။ အဲ့ဒိီလူရဲ့ စိတ်ဝိညာဥ်လဲ အရင်ဆုံးကြီးထွားမှုစတင်လိမ့်မယ်။ ကွန်ချာတစ်ခုစီတိုင်းရဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေက အကန့်အသတ်ရှိတယ်။ နင် များများစုပ်ယူလေလေ၊ အခြားသူတွေ နည်းနည်းပဲ စုပ်ယူနိုင်လေလေပဲ" ချူယွီယန်က မန်ဟို့ကို မော့ကြည့်သည်။ " သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲရဲ့ ကွန်ချာအမျိုးမျိုးမှာရှိတဲ့ အနှစ်သာရတွေရဲ့အသေးစိတ်နဲ့ပတ်သက်ပြီး ဂိုဏ်းမှာတုံးက ငါဖတ်ခဲ့ဖူးတယ်။ ဒါပေမယ့် သိပ်မမှတ်မိတော့ဘူး။ ငါအဓိကမှတ်မိတာကတော့ တချို့ကွန်ချာတွေက ပုံရိပ်ယောင်တွေဆိုတာပဲ"

ချူယွီယန်၏စကားလုံးများ သူ၏နားထဲ ပဲ့တင်ထပ်နေစဥ် မန်ဟိုမှာ အတွေးထဲနစ်မြောဟန်တူသည်။ အချိန်အနည်းငယ်ကြာသည်အထိ သုံးသပ်ဆင်ခြင်ပြီးနောက် သူက လှည့်၍ သွေးအင်မိုတယ်၏ ယဇ်ပလ္လင်ဆီ ပျံထွက်သွားသည်။ သွေးမျက်နှာပြင်ကို မော့ကြည့်သောအခါ အခြားခုနစ်ဦးမှာ ဒုတိယကွန်ချာတွင်သာ ရှိနေဆဲဖြစ်ကြောင်း သူတွေ့လိုက်ရ၏။ သူက ရှေ့သို့လျှောက်ပြီး ပါးစပ်ကြီးထဲ ဝင်လိုက်သည်။ သူ၏အမြင်အာရုံဝေဝါးသွားပြီးနောက် ပြန်လည်ကြည်လင်လာစဥ်တွင် သူသည် ပထမဆုံးကွန်ချာကိုဖြတ်ပြီးနောက် ရောက်ရှိခဲ့သည့် စင်မြင်ပေါ်၌ ရပ်နေလေပြီ။

သူပေါ်လာသည်နှင့်တစ်ပြိုင်နက် လက်ဝါးအရွယ် ခွေးပေါက်လေးက သူ့အရှေ့တွင် ဖြစ်တည်လာ၏။ ၄င်းက အမြီးလေးနှံ့ရင်း သူ့ပတ်လည်တွင် ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်နေချေသည်။ ၄င်းမှာ မန်ဟိုကို တွေ့ရသဖြင့် အတော်လေးစိတ်လှုပ်ရှားနေပုံပေါက်သည်။ နောက်ဆုံးတွင် ၄င်းသည် မန်ဟိုခြေထောက်ပေါ်တွင် လှဲပြီး ချစ်စရာမျက်လုံးဝိုင်းဝိုင်းများဖြင့် သူ့ကို မော့ကြည့်ရင်း သူဘောင်းဘီကို လျက်နေလေသည်။

မန်ဟိုပြန်ပေါ်လာခြင်းက အပြင်ဘက်ကမ္ဘါတွင် သိပ်ပွက်လောရိုက်မသွားစေပေ။ ပထမဆုံးကွန်ချာမှာတုံးက နှောင့်နှေးခဲ့မှုကြောင့် သူသည် ယခုတွင် အခြားသူများထက် နောက်ကျကျန်ခဲ့လေပြီ။ သိသာစွာပင် သူကား နောက်ပိတ်ဆုံး အဆင့်၈ တွင်ဖြစ်၏။

သူက အသက်ပြင်းပြင်းရှူပြီးနောက် ဒုတိယကွန်ချာဆီ ဦးတည်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားတော့သည်။ အပြင်မှကြည့်လျှင် ဤမန္တန်ကွန်ချာသည် ဖြေးညှင်းစွာ လည်နေသော ကြယ်လေပွေတစ်ခုအသွင်ရှိသည်။ သို့သော် သူဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ကြယ်များ၏တည်နေရာအားလုံး ပြောင်းလဲသွားပုံပေါ်သည်။ ကမ္ဘာကြီးသည် ပုံပျက်ရှုံ့တွလာပြီး ကောင်းကင်နှင့်မြေကြီးမှာ ထူးခြားဆန်းကြယ်စွာ တွန့်ခေါက်လိမ်ဖယ်သွား၏။ ထို့နောက် အရာအားလုံး ကြည်လင်လာသည်။ မန်ဟို့အရှေ့တွင်ကား သွေးသမုဒ္ဒရာတစ်စင်းပင်။

သမုဒ္ဒရာသည် အကန့်အသတ်မရှိသည့်ပုံပေါ်ပြီး ၄င်း၏အရောင်မှာ ကြက်သွေးရောင်ရင့်ရင့်ဖြစ်သည်။ ကောင်းကင်ထက်က နေမင်းသည် အနောက်ဘက်သို့ ဝင်စပြုနေ၏။ ညနေခင်း၏လေပြေညင်းသည် ညှီဟောက်ဟောက်အနံ့တစ်ခုကို သယ်ဆောင်လာပြီး သမုဒ္ဒရာ၏ လင်းလက်နေသောရေပြင်တွင် လှိုင်းလုံးများ ရိုက်ခတ်သွားစေသည်။

ဤနေရာရှိ စိတ်ဝိညာဥ်စွမ်းအင်မှာ စုပ်ယူရန် မလုံလောက်သည်အထိ နည်းပါးလှသည်။ ၄င်းမှာ မန္တန်ကွန်ချာကို မချိုးဖျက်မချင်း ထိုသို့ပြုလုပ်ရန် ထူထဲသိပ်သည်းလာမည် မဟုတ်ပေ။

ရုတ်တရက် သွေးရောင်ခွေးပေါက်လေးက ရှေသို့ ခြေလှမ်းအနည်းငယ် ပြေးချသွားပြီး သမုဒ္ဒရာကို ဟောင်လိုက်လေသည်။ ဟောင်သံက စိုးရိမ်ကြောင့်ကြံမှုနှင့် အန္တရာယ်အငွေ့အသက်တစ်ခုကို ၄င်းနှင့်အတူ သယ်ဆောင်သွား၏။ ခွေးပေါက်လေး၏အမွှေးများမှာ ထောင်မတ်နေပြီး တုန်ရီလျက်ရှိသည်။

ဂျိန်းခနဲ ထစ်ခြန်းသံတစ်သံ မြည်ဟည်းသွားပြီး သမုဒ္ဒရာမှာ လှိုင်းတံပိုးတို့ရိုက်ခတ်လာသည်။ ပေါင်းမိုးသဏ္ဍာန်ခုံးကြွလျက်ရှိသော စိမ်းပုပ်ရောင်သစ်သားတံတားတစ်စင်း သွေးသမုဒ္ဒရာထဲမှ မြောက်တက်လာသဖြင့် ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်ထားသွားတော့သည်။ ၄င်း မြောက်တက်လာစဥ်တွင် သွေးစက်များ တစ်စက်စက် ကျနေပြီး ကောင်းကင်မှ လျှပ်စီးမိုးကြိုးများ ကျရောက်လာသည်။

သစ်သားတံတားထိပ်တွင် ရှည်လျားသောဆံနွယ်များဖြင့် ကောင်ကလေးတစ်ယောက်ရပ်နေ၏။ သူက မန်ဟို့ကို ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် စိုက်ကြည့်နေစဥ်တွင် သူ၏မျက်လုံးများသည် သွေးအေးစွာတဖျပ်ဖျပ်လက်လျက်ရှိသည်။

"တိုက်ကွက်တစ်ကွက်" ကောင်လေးက အေးတိအေးစက်ဆို၏။ သူ၏မျက်လုံးများသည် သတ်ဖြတ်လိုသောအရိပ်အယောင်များဖြင့် တောက်ပနေသည်။ သူ၏အသံက အသွင်အပြင်နှင့်ခြားနားစွာ အသက်ကြီးပြီး ရှေးဆန်သံပေါက်နေသည်။ "မင်းအသက်ရှင်ရင် ဒုတိယတံတားပေါ်လာမယ်။ တံတားသုံးစင်းဖြတ်နိုင်ရင် ဒီကွန်ချာကို မင်း ကျော်ဖြတ်နိုင်ပြီ"

***

All Chapters