အာရုံကို အသွင်သဏ္ဍာန်အဖြစ် စုစည်းခြင်း
Vol. 9 Ch. 123
အသတ်အဖြတ်အရှိန်အဝါမှာ အလွန်စွမ်းအားပြင်းလှသဖြင့် သမုဒ္ဒရာတစ်စင်းလုံးပင် လှိုင်းဂယက်များ ရိုက်ခတ်သွားသည်။ တံတားသည် သွေးများ တစက််စက်ကျနေလျက်ရှိပြီး ဧရာမရေလှိုင်းလုံးကြီးများက သမုဒ္ဒရေပြင်တစ်လျှောက် တလိပ်လိပ်ထလာတော့သည်။
ကောင်လေးက စကားပြောပြီးသည်နှင့် လက်ကို မြှောက်ပြီး လက်သီးဆုပ်လိုက်သည်။ ထိုလက်သီးကြီးက မန်ဟိုအပေါ်တည့်တည့် ကျရောက်လာ၏။ ကောင်လေးထံမှ လှိုင်းလုံးများ ရိုက်ခတ်လာသဖြင့် သွေးသမုဒ္ဒရာကား တဝေါဝေါအော်မြည်နေတော့သည်။
မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ကောင်လေး၏ကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်ခြင်း နှောင်းပိုင်အဆင့်တွင် ဖြစ်၏။ သို့သော် ဤနေရာသို့ဝင်ရောက်လျှင် တိုက်ခိုက်ရမည်သာဖြစ်ကြောင်း မန်ဟိုသိသည်။ သူက ရှေ့ဆက်လိုက်ရာ ခွေးပေါက်လေးကလည်း ဟောင်လျက် လိုက်လာသည်။ သွေးအမျှင်တန်းများက ၄င်း၏လက်ဝါးအရွယ် ခန္ဓာကိုယ်လေးတစ်ဝိုက်တွင် မျောလွင့်နေ၏။ ထို့နောက် ခွေးပေါက်လေးနှင့်မန်ဟိုသည် ကောင်လေးထံ တဟုန်ထိုးပြေးဝင်သွားသော ရောင်စုံအလင်းတန်းနှစ်တန်းအသွင် ပြောင်းသွားတော့သည်။
မန်ဟိုက သူ၏စကြဝဠာအိတ်ကို ပုတ်လိုက်ရာ သစ်သားဓားနှစ်ချောင်း ချက်ချင်း ပျံထွက်လာသည်။ ထို့နောက် သူက လျှပ်စီးအလံကို ထွေးထုတ်လိုက်သဖြင့် မြူတိမ်တိုက်များက သူ့ကို ဝန်းရံသွားသည်။ လေးကိုင်းမှ လွှတ်လိုက်သော မြားများသဖွယ် သူနှင့်ခွေးပေါက်လေးသည် ကောင်လေးအား ဝင်ဆောင့်လိုက်တော့သည်။
ပေါက်ကွဲသံတစ်သံ မြည်ဟည်းသွား၏။ မန်ဟို သွေးများအန်လိုက်ရပြီး သစ်သားဓားနှစ်ချောင်းမှာ ပရမ်းပတာလည်ထွက်သွားသည်။ လျှပ်စီးအလံ၏တိမ်တိုက်မှာ တဖြေးဖြေး လွင့်စင်ပျောက်ကွယ်လာသည်။ မန်ဟိုနှင့် ခွေးပေါက်လေးတို့နှစ်ယောက်လုံး ပါးစပ်မှသွေးများပန်းထွက်ရင်း အံသြတုန်လှုပ်စွာဖြင့် နောက်ပြန်ဆုတ်လိုက်ကြသည်။
ကောင်လေးက မန်ဟို့ကို တည်ငြိမ်စွာ ကြည့်ပြီးနောက် သူ၏ညာလက်ကို မြှောက်သည်။ သူ့အနောက်ရှိ ပင်လယ်မှာ စတင်ဆူပွက်လာပြီး ဒုတိယ တံတားခုံးတစ်စင်း ထွက်ပေါ်လာသည်။ ထို့နောက် ကောင်လေး ပျောက်ကွယ်သွား၏။ ဒုတိယတံတားပေါ်တွင််ကား လူငယ်တစ်ယောက်ကို မြင်နိုင်လေသည်။
ဤလူငယ်၏ပုံပန်းသွင်ပြင်မှာ ပထမတံတားက ကောင်လေးနှင့် တစ်ထေရာတည်းပင်။ သို့သော် သူက ဆယ်နှစ်ပိုကြီး၏။
"မင်း တိုက်ချင်တဲ့ အချိန်မရွေး လာတိုက်လို့ရတယ်" သူက တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောသည်။ "ငါ့လက်သီးကြောင့် မင်းမသေရင် တတိယတံတားဆီ ဆက်သွားနိုင်တယ်" ထို့နောက် သူက မျက်လုံးများပိတ်ပြီး ထိုနေရာတွင် မလှုပ်မယှက်သာ ရပ်နေသည်။
မန်ဟိုက ပါးစပ်မှ သွေးများကို သုတ်ပြီး ပထမတံတားပေါ်တွင် တင်ပျဥ်ခွေထိုင်လိုက်သည်။ စောစောက တိုက်ကွက်မှာ အနာအဆာမဲ့ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်၏ စွမ်းအားများဖြင့် ပြည့်နှက်နေပုံရသည်။ လျှပ်စီးအလံ၏အကာအကွယ်မပါလျှင် သူ သေချာပေါက် အသက်ထွက်သွားခဲ့မည်ဖြစ်သည်။
"တခြား ခုနစ်ယောက် အရင်ရက်တွေက ဒုတိယကွန်ချာကို မချိုးဖျက်နိုင်သေးတာ အံသြစရာမရှိဘူး။ ဒီသွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲက တကယ်ဟာသမဟုတ်ဘူးပဲ။ ပြီးတော့ ဒါက ဒုတိယကွန်ချာပဲ ရှိသေးတယ်....." တခဏတာ စဥ်းစားနေပြီးနောက် မန်ဟို၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်ထားသောအရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။
သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းရင်း ဆေးတစ်လုံးစားပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို ထိန်းညှိလိုက်သည်။ သူက ခွေးပေါက်လေးအရှေ့တွင်လည်း ဆေးတစ်လုံး ချေပေးလိုက်ရာ ၄င်းက ချက်ချင်းလျက်ပြီးနောက် ပြန်လည်အားဖြည့်ရန် မန်ဟို၏ပေါင်ပေါ်တွင် နေရာယူလိုက်လေသည်။
နှစ်ရက်ကြာသော် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။ ခွေးပေါက်လေးက သူ့ပေါင်ပေါ်တွင် လှဲနေဆဲဖြစ်သော်လည်း ၄င်း၏ဒဏ်ရာတစ်ဝက်ကျော်ကျော် သက်သာလာသည့်ပုံရလေသည်။ ၄င်းသည် ဆက်လက်ကြီးထွားလာခြင်းမရှိသေးသော်လည်း ၄င်း၏ချီဓာတ်မှာ ယခင်နှင့် ကွဲပြားနေ၏။
ကြည့်ရသရွေ့ ၄င်းသည် မန်ဟို့ကို ပို၍ခင်တွယ်လာပြီး ကျန်ကမ္ဘာတစ်ခုလုံးကို ရန်လိိုသည့်ပုံပေါက်နေ၏။ မန်ဟို သူ့ကိုပေးခဲ့သည့် ချီစုစည်းမှုအဆင့် အဆင့်မြင့်ဆေးလုံးများကြောင့်သာ မဟုတ်လျှင် သူ့မှာ ဒဏ်ရာဒဏ်ချက်များကြောင့် သေဆုံးခဲ့လောက်ပြီဖြစ်သည်။
"မင်းက ငါ့အတိုင်းပါပဲလား" မန်ဟိုက ခွေးပေါက်လေးကိုကြည့်ရင်း နူးညံ့ညင်သာစွာ ဆိုသည်။ "ရိုးရိုးရှင်းရှင်းလေး။ ဒါပေမယ့် ကျင့်ကြံခြင်းကမ္ဘာအထဲ သွင်းခံခဲ့ရတယ်။ မင်းမှာ ပြောင်းလဲဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး။ သန်မာပြီး သွေးအေးတတ်လာဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး။ မင်း သတ်ဖြတ်တတ်ဖို့ သင်ယူရမယ်"
ခွေးပေါက်လေးက မန်ဟို့စကားများကို နားလည်သည့်အလား မျက်လုံးဝိုင်းလေးများဖြင့် မော့ကြည့်သည်။ ၄င်းက မန်ဟို့ဝတ်ရုံကို လျက်ပြီး သူ့ပတ်လည်တွင် ခုန်ပေါက်ပြေးလွှားပြီးနောက် သူ့ခြေထောက်နား၌ လှဲချလိုက်သည်။
မန်ဟို၏မျက်လုံးများသည် ပြတ်သားသောအကြည့်တစ်ခုဖြင့် ပြည့်နှက်နေသည်။ သူက ဖြေးညှင်းစွာ ထရပ်ပြီးနောက် ဒုတိယတံတားကိို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏စကြဝဠာအိတ်ကို ပုတ်လိုက်ရာ ဓားများ တရစပ်ပျံထွက်လာသည်။
တစ်ရာ၊ နှစ်ရာ၊ သုံးရာ...... ဓားပျံငါးရာ သူ့ကို ဝိုင်းပတ်နေ၏။၄င်းတို့က မိုးနဂါးပျံကြီးတစ်ကောင်အသွင် ဖြစ်ပေါ်လာသည်။ မန်ဟို့ကိုယ်အတွင်း၌ တုန်ခါနေသော မိစ္ဆာအမြုတေ၏စွမ်းအားသည် သူ့ခန္ဓာကိုယ်တစ်လျှောက်လုံး စီးဆင်းလာသည်။ သူက အရှေ့တွင် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သားဓားများပျံထွက်လာပြီး မိုးနဂါးပျံကြီး၏ အစွယ်ရှည်ကြီးနှစ်ချောင်း ဖြစ်သွားသည်။ ၄င်းတို့အားလုံးက ဒုတိယတံတားပေါ်ရှိ လူငယ်ထံ အမြင်ဆုံးအရှိန်ဖြင့် တဟုန်ထိုးပြေးဝင်သွားလေသည်။
လူငယ်၏အမူအရာကား တစ်ချက်လေးပင် ပြောင်းမသွား။ သူက ပုံမှန် လက်သီးချက်အသွင် ညာလက်ကို ဖြေးညှင်းဝှေ့ယမ်းလိုက်သည်။ သွေးသမုဒ္ဒရာတွင် မည်သည့်လှိုင်းလုံးမှ ရိုက်သွားခြင်းမရှိသလို၊ မည်သည့် ဟိန်းဟောက်သံမှလည်း မရှိ။ ယင်းမှာ အလွန်ရိုးရှင်းလွန်းသည့်ပုံပေါက်လေသည်။ သို့သော် ၄င်းက ပထမလူငယ်၏လက်သီးကဲ့သို့ မန်ဟိုရောက်လာသည်ကိုပင် မစောင့်ပေ။ မန်ဟို၏ မိုးနဂါးပျံကြီးအသွင်ဓားပျံများ၏ထိပ်ပိုင်းမှာ ထိုးဖောက်၍မရသော ကျောက်နံရံကြီးကို ဝင်တိုက်နေရသည့်အလား အစိတ်စိတ်အမြွှာမြွာပဲ့ကြွေလာ၏။
၄င်းတို့အားလုံး ကြွေမွသွားခြင်းမဟုတ်၊ ထိပ်ပိုင်း၏ အလယ်ဗဟိုက ဓားပျံများသာ တစစီကြွေမွကုန်ခြင်းဖြစ်သည်။ မမြင်နိုင်သောမျဥ်းကြောင်းတစ်ကြောင်းက ဓားပျံများကိို ထိုးဖောက်ရင်း မန်ဟိုထံ ဦးတည်လာသည်။ သေစေနိုင်သော အန္တရာယ်
ကြီးကို အာရုံရလိုက်သဖြင့် မန်ဟိုက လျှပ်စီးတိမ်တိုက်အတွင်းသို့ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန် တွန်းပို့ပြီး သစ်သားဓားနှစ်ချောင်းဖြင့် သူ့အရှေ့ကို ကာလိုက်သည်။ ထိုစဥ် ခွေးပေါက်လေးက သူ့သဘောနှင့်သူ မန်ဟို၏ရင်ဘတ်ထံ ပျံတက်ကာ သူ့ကျောကို ဒိုင်းအဖြစ်အသုံးပြုလိုက်သည်။ မန်ဟိုက ချက်ချင်း သူ့ကိုဖမ်းဆွဲပြီး ဘေးသို့တွန်းထုတ်လိုက်လေသည်။
ထာဝရကြာမြင့်တော့မည့်ပုံရသော ပေါက်ကွဲသံကြီးတစ်သံ ဟိန်းထွက်လာ၏။ မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မှာ ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ အရုပ်ကျိုးပြတ်လည်ထွက်သွားတော့သည်။ သူသည် ဖြူဖပ်ဖြူရော်မျက်နှာနှင့် သွေးများအန်ရင်း ပထမတံတားအပေါ်ဆင်းသက်လိုက်သည်။ သူ၏တာအိုမဏ္ဍိုင်မှာ အချိန်မရွေး တစတစပြိုကျတော့မည့်ပုံပေါက်နေတော့သည်။
"ဒီတိုက်ကွက်က ပထမတိုက်ကွက်ထက် အဆပေါင်းများစွာ ပိုကြောက်ဖို့ကောင်းတယ်။ ဒါပေမယ့် ငါအာရုံရတာအရတော့ အနာအဆာမဲ့ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်စွမ်းအားပဲ ပါဝင်တာပါ......ဒါနဲ့ စောနက ဒိီခွေး ငါ့ကို ကာကွယ်ဖို့ ခုန်လိုက်တာလား....." သူက သွေးများကို သုတ်ရင်း ဘေးသို့တွန်းထုတ်ပစ်ခဲ့သော ခွေးပေါက်လေးကို ငုံ့ကြည့်လိုက်သည်။ ၄င်းက သူ့ကို စိုးရိမ်တကြီး မော့ကြည့်နေချေသည်။ သူက ၄င်း၏အခွေးထူထူခေါင်းလေးကို ပွတ်သပ်ပေးပြီးနောက် လူငယ်ကို ပြန်ကြည့်လိုက်သည်။
"မင်း တစ်နည်းနည်းနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်" လူငယ်က တည်ငြိမ်စွာ ပြောသည်။ "ဒါပေမယ့် မင်းရဲ့ ကျင့်ကြံခြင်းအခြေစွမ်းအားအဆင့်အရ ကံကောင်းထောက်မမှ တတိယတံတားကို ကျော်ဖြတ်နိုင်လိမ့်မယ်" သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ တတိယတံတားသည် ချက်ချင်း သူ့အနောက်၌ ပေါ်လာ၏။
တံတားပေါ်လာသည်နှင့် ဒုတိယလူငယ်ပျောက်ကွယ်သွားပြီး သက်လတ်ပိုင်းလူကြီးတစ်ယောက် တတိယတံတားပေါ်တွင် ပေါ်လာသည်။ သူက ဆယ်နှစ်ပိုကြီးသည်မှအပ ဒုတိယတံတားကလူငယ်နှင့် တစ်ထေရာတည်းပင်။ သူ၏ကျင့်ကြံခြင်းအခြေခံမှ ထုတ်လွှတ်နေသာအငွေ့အသက်များအရ ဤလူမှာ သူနှင့်အဆင့်တူကြောင်း မန်ဟိုသိလိုက်သည်။ တာအိုမဏ္ဍိုင်တစ်တိုင်နှင့် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်။ မည်မျှအံသြစရာကောင်းလှသနည်း။
"ထူးဆန်းတယ်" မန်ဟို မျက်လုံးများကျဥ်းမြောင်းရင်း ပြောသည်။ "ဘာလို့ တတိယတံတားမှာ ဒီလိုကျင့်ကြံခြင်းအခြေခံနဲ့လူ ရှိလိမ့်မှာလဲ.....ကြည့်ရတာ အဆင့်က ပြောင်းပြန်ဖြစ်သင့်သလိုပဲ......"
"ဒီတံတားကို ဖြတ်ကျော်ဖို့" သက်လတ်ပိုင်းလူက အေးစက်စွာ ပြောသည်။ "မင်း ဘာသွေးမှမအန်ဘဲ ငါ့တိုက်ကွက်တစ်ကွက်ကို ခုခံရမယ်။ မင်းမှာ အခွင့်အရေးသုံးခုရမယ်။ တိုက်ကွက်တစ်ကွက်ချင်းစီမှာ လက်သီးချက်တစ်ချက် ပါဝင်မယ်။ မင်း သုံးကြိမ်မအောင်မြင်ရင် အမွေအနှစ်ကိုဆက်ခံဖို့ အရည်အချင်းမပြည့်မှီတာကြောင့် သွေးသမုဒ္ဒရာထဲ မြှုပ်နှံခံရပြီး မင်းရဲ့ဝိညာဥ်က ပလ္လင်ရဲ့တစ်စိတ်တပိုင်းဖြစ်လာလိမ့်မယ်"
မန်ဟို ဘာမှမပြောပေ။ သူက ဒုတိယတံတားပေါ်တွင် တင်ပျဥ်ခွေထိုင်ပြီး ဆေးလုံးတချို့ထုတ်လိုက်သည်။ ခွေးပေါက်လေးကိုလည်း အနည်းငယ်ခွဲပေးလိုက်သည်။ ခွေးပေါက်လေး ဆေးလုံးများစားနေသည်ကိုကြည့်ရင်း မန်ဟိုမှာ ၄င်း သူ့ကို ကာကွယ်ရန် မည်သို့ခုန်တက်ခဲ့ပုံကို ပြန်တွေးမိပြီး သူ့နှလုံးသားထဲတွင် နွေးထွေးသောခံစားချက်တစ်ခု ပြည့်နှက်သွားတော့သည်။
သုံးရက်ကြာသော် မန်ဟို အတော်လေးသက်သာလာခဲ့၏။ ခွေးပေါက်လေးက မျက်လုံးများ ပြန်ပွင့်လာပြီး အတော်လေးတက်ကြွနေဟန်တူလေသည်။
မန်ဟိို၏မျက်လုံးများသည် တတိယတံတားပေါ်ကလူကိုကြည့်ရင်း အတွေးများဖြင့် ပြည့်နှက်နေသည်။ သူက ပထမတံတားမှလူငယ်နှင့် ဒုတိယတံတားမှလူငယ်တို့ဖြင့် တိုက်ခိုက်ခဲ့သောတိုက်ပွဲများကို ပြန်သုံးသပ်ရင်း ဖြစ်ပျက်နေသောအရာများနှင့်ပတ်သက်သည့်သဲလွန်စများအား အတူတကွပေါင်းစပ်ရန် ကြိုးစားလိုက်သည်။
အချိန်များ တဖြေးဖြေးရွေလျားသွားပြီး နောက်ထပ်တစ်ရက် ကုန်ဆုံးသွားပြန်သည်။ မန်ဟိုနှလုံးသားမှာ တဒိတ်ဒိတ်လှုပ်ရှားနေပြီး သူက ခေါင်းကို ဖြေးညင်းစွာ မော့လိုက်သည်။ ဖြစ်နိုင်သော အဖြေတစ်ခုကို သူတွေးခဲ့ပြီးလေပြီ။
"ကောင်လေးတိုက်ခိုက်တုံးက ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်စွမ်းအားနဲ့။ သွေးသမုဒ္ဒရာလဲ တပွက်ပွက်ဆူလာခဲ့တယ်။ ဒါက ဘာကြောင့်လဲဆိုတော့ တိုက်ကွက်ရဲ့စွမ်းအားက အပြင်ကိုသက်ရောက်တာကြောင့်။ လူငယ်ကတော့ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်မှာဖြစ်ပေမယ့် တိုက်ကွက်ရဲ့စွမ်းအားက အပြင်ကိုမထွက်ဘူး။ ငါ့ရဲ့ ဓားပျံငါးရာမှာ နှစ်ဆယ်ပဲ ဖျက်စီးခံလိုက်ရတယ်။ ဒါက ငါ့ကို တိုက်ကွက်နဲ့ ထိပ်တိုက်ရင်ဆိုင်အောင် ဖိအားပေးခဲ့တာပဲ
"ဒီတိုက်ပွဲနှစ်ပွဲမှာ ကျင့်ကြံခြင်းအခြေခံတွေက မတူဘူး။ သိသိသာသာပဲ အရေးအကြီးဆုံးအရာက ကျင့်ကြံခြင်းအခြေခံကို အသုံးပြုတဲ့နည်းလမ်းပဲ" မန်ဟို၏မျက်လုံးများသည် သိမြင်နားလည်မှုများဖြင့် တောက်ပနေ၏။ သူက အရူးတစ်ယောက်မဟုတ်ပေ။ ယခုတွင် ပြဿနာ၏အဖြေကို ကွက်ကွက်ကွင်းကွင်း နားလည်လိုက်လေပြီ။
"ဆိုတော့ ဒီလူ့ရဲ့ကျင့်ကြံခြင်းအခြေခံက ငါနဲ့အတူတူပဲ။ ဒါပေမယ့် ဘယ်စွမ်းအားကို သူအသုံးချမှာလဲ...." မန်ဟိုက ဖြေးညင်းစွာ ထရပ်ပြီး သူ့ကို ကြည့်သည်။ သူ၏မျက်လုံများက ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် လင်းလက်နေ၏။ ဤအခိုက်အတန့်တွင် သူသည် သွေးအင်မိုတယ်အမွေအနှစ်ကို အမှန်တကယ် ဂရုမစိုက်တော့ပေ။ မန္တန်ကွန်ချာကိုးခုအတွင်း၌......မမြင်နိုင်သောအမွေအနှစ်များ နေရာတိုင်းတွင်ရှိနေကြောင်း သူသဘောပေါက်လိုက်လေပြီ။
သူက ချက်ချင်း မတိုက်ခိုက်။ ဒုတိယတံတားအပေါ်တွင် ရပ်ပြီး အတန်ငယ် စစ်ဆေးကြည့်ရှုလိုက်သည်။ သူက သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားကို ထုတ်လွှတ်ပြီးနောက် စွမ်းအားပျောက်ကွယ်သွားပုံနှင့်ပတ်သက်၍ ထိန်းချုပ်ရန် ကြိုးစားကြည့်သည်။ ၄င်းမှာ အလွန်တရာခက်ခဲသော်လည်း မန်ဟိုမှာ ခေါင်းမာသူဖြစ်၏။ ထိုသည်က သူ့ပင်ကိုယ်စရိုက်၏ အခြေခံလက္ခဏာတစ်ရပ်သာ ဖြစ်သည်။ သူသည် အချိန်စီးဆင်းမှုကို လျစ်လျူရှုထားပြီး မကြာခင် ခုနစ်ရက်ကြာသွားသည်။ သူက ခေါင်းကိုမော့လိုက်၏။ သူ့မှာ ယခုထက်ထိ သုံးဆယ်ရာခိုင်နှုန်းစွန်းစွန်းသာ ထိန်းချုပ်နိုင်သေးသည်။
"ငါ ဆက်အချိန်ဆွဲနေလို့ မဖြစ်ဘူး။ ငါ့အတွေးမှန်လား၊ မမှန်လား ကြည့်ရမယ်" သူက လင်းလက်စွာ တောက်ပနေသောမျက်လုံးများဖြင့် အဘိုးအိုကို ကြည့်သည်။
ဝုန်း
အသက်ရှူချိန်ဆယ်ကြိမ်ကြာပြီးနောက် မန်ဟို ပါးစပ်မှ သွေးများပန်းထွက်ရင်း နောက်ပြန်လွင့်ထွက်လာသည်။ သူက ဒုတိယတံတားပေါ် ပြန်ဆင်းလိုက်ပြီး လက်တစ်ဖက်ဖြင့် အစိမ်းရောင်သစ်သားချောင်းကို အားပြုရင်း တဆတ်ဆတ်တုန်နေချေသည်။ သူက နောက်ထပ် သွေးတစ်လုပ်အန်လိုက်ရပြန်သည်။ သူ့ဘေးရှိ ခွေးပေါက်လေးလည်း တုန်ရီနေသည်။ ၄င်း၏ ခြေထောက်တစ်ဖက်ကျိုးသွားပြီး ၄င်း၏ချီဓာတ်မှာ အလွန်အားနည်းနေ၏။ မန်ဟိုက တတိယတံတားပေါ်ရှိ အဘိုးအိုကို ဖြေးညှင်းစွာ မော့ကြည့်လိုက်သည်။
"ပထမအကြိမ်။ မအောင်မြင်"
သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး တင်ပျဥ်ခွေထိုင်လိုက်သည်။ ခွေးပေါက်လေးကိုလည်း ဒဏ်ရာသက်သာအောင် ဆေးလုံးတချို့ကျွေးလိုက်သည်။ ၄င်းလည်း သူ့နည်းတူ နာကျင်ရသည်မဟုတ်ပါလော။ ခွေးပေါက်လေး၏အသွင်ကား ပြောင်းလဲခဲ့လေပြီ။ ၄င်း၏အမွှေးများစုတ်ဖွာနေပြီး ၄င်း၏မျက်လုံးများ မှေးမှိန်နေသော်လည်း ၄င်း၏အသက်စွမ်းအားကတော့ အားကောင်းနေသေးသည်။ ၄င်း ပြန်လည်သက်သာလာသည့်အချိန်တိုင်း သတ်ဖြတ်လိုစိတ်များ ပိုမို ထုတ်လွှတ်လာ၏။
"ဒီလူက ချီအခြေတည်ခြင်း စပိုင်းအဆင့်မှာပဲရှိတာ။ ဒါပေမယ့် သူ့တိုက်ကွက်မှာ ဘာစွမ်းအားမှ ယိုစိမ့်မနေရုံတင်မကဘူး။ ထူးဆန်းတဲ့ခံစားချက်တစ်မျိုးနဲ့လဲ ပြည့်နှက်နေတယ်......လက်သီးက တကယ့်လက်သီးမဟုတ်တဲ့အတိုင်းပဲ....ဒါပေမယ့် ငါ့ရဲ့ခုနစ်ရက်တာကလဲ အလကားမဖြစ်ဘူးဆိုတာပြောနိုင်တယ်။ ငါအခု လမ်းမှန်ပေါ်မှာပဲ" သူက လက်ကိုမြှောက်ပြီး သူ့မျက်ခုံးနှစ်ဖက်အကြားဖိကာ သူ့ခန္ဓာကိုယ်ကိုလွှမ်းခြုံထားသောနာကျင်မှုအနည်းငယ် ပျောက်ကွယ်သွားစေလိုက်သည်။
သူက ထိုင်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအား ယိုစိမ့်မှုကို ထိန်းချုပ်ရန် ဆက်လက်ကြိုးစားလေသည်။ နောက်ထပ်ခုနစ်ရက် ကုန်ဆုံးသွားပြီး မန်ဟိုသည် ငါးဆယ်ရာခိုင်နှုန်းထိန်းချုပ်စွမ်းရှိပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ မတိုးတက်လာခဲ့သော်လည်းး အတိုက်အခိိုက်စွမ်းရည်အရ တဟုန်ထိုး တိုးတက်ခဲ့လေပြီ။
မန်ဟိုက လင်းလက်တောက်ပနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ သူနှင့်ခွေးပေါက်လေး၊ လူတစ်ယောက်နှင့်ခွေးတစ်ကောင်သည် တံတားပေါ်ရှိပုံရိပ်ထံ တဟုန်ထိုးပြေးဝင်သွားတော့သည်။
ဝုန်း
နောက်ထပ် အသက်ရှူချိန်ဆယ်ကြိမ်ကုန်ဆုံးသွား၏။ မန်ဟိုမှာ နောက်သို့ ချာလပတ်လည်ထွက်သွားပြီး သူ့ပါးစပ်မှ စီးကျနေသောသွေးများက သူ၏အဝတ်အစားများကိုပင် စွန်းထင်းနေတော့သည်။ သို့သော် သူ၏မျက်လုံးကား တောက်ပနေ၏။
ခွေးပေါက်လေးမှာမူ မန်ဟို ဉာဏ်အလင်းပွင့်သည်နှင့်အမျှ ပြောင်းလဲလာနေပုံရသည်။ ၄င်း၏ထိခိုက်ဒဏ်ရာများမှာ ဤတစ်ကြိမ်တွင် မပြင်းထန်တော့ပေ။ ၄င်းက ဒေါသတကြိီး ဟောင်လိုက်သည်။
"စိတ်ဝိညာဥ်အာရုံ။ သူက ကျင့်ကြံခြင်းအခြေခံကို တပေါင်းတစည်းထဲ ဖြစ်စေလိုက်ရုံမဟုတ်ဘူး။ လက်သီးချက်ထဲမှာ စိတ်ဝိညာဥ်အာရုံကိုလဲ ထည့်ထားတာ။ ဒါက လက်သီးချက်ကို......ကျင့်ကြံခြင်းအခြေခံဆီ တည့်တည့် ထိုးနှက်စေနိုင်တာပဲ"
မန်ဟိုသည် ဉာဏ်အလင်းပွင့်ခြင်းအလင်းရောင်များ မျက်လုံးများထဲတွင် ပြည့်နှက်နေလျက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ ကျင့်ကြံခြင်းအခြေခံဟူသည် ကျင့်ကြံသူတစ်ယောက်အတွက် အရေးကြီးဆုံးဖြစ်သော်လည်း စိတ်ဝိညာဥ်စွမ်းအားးနှင့် ၄င်းကိုအသုံးပြုနိုင်သည့် နည်းလမ်းများနှင့် ပတ်သက်လျှင် ထိန်းချုပ်ခြင်းက တိုက်ပွဲတွင် စစ်မှန်သောအင်အား၏သော့ချက်ဖြစ်ကြောင်း ရုတ်တရက် သူ နားလည်သဘောပေါက်လိုက်သည်။
သူက တင်ပျဥ်ခွေထိုင်ပြီး မျက်လုံးများပိတ်လိုက်သည်။ ဤတစ်ကြိမ် သူ၏မျက်လုံးများ ပြန်မဖွင့်ခင် နှစ်ပတ်ခန့်ကြာမြင့်သွား၏။ ဤမန္တန်ကွန်ချာတွင် သူတစ်လနီးပါးပိတ်မိနေခဲ့ပြီဖြစ်သည်။ အခြားခုနစ်ယောက် အခြေအနေမည်သို့ရှိသည်လဲ မသိသည့်တိုင် မန်ဟိုစဥ်းစားကြည့်ရသရွေ့ နောက်ဆုံးနေရာဖြစ်လျှင်တောင်မှ မယုံကြည်နိုင်ဖွယ်အရာတစ်ခုကို သူရရှိခဲ့ပြီဖြစ်သည်။
သူက ဖြေးညင်းစွာ ထရပ်ပြီး ရှေ့သို့ပျံတက်လိုက်သည်။ ခွေးပေါက်လေးမှာ မန်ဟို၏ဉာဏ်အလင်းပွင့်ခြင်းနှင့်အတူ ပြန်လည်မွေးဖွားလာပုံရ၏။ ၄င်းက မန်ဟိုနောက်ကလိုက်ပါလာရင်း တံတားပေါ်က အဘိုးအိုထံ တန်းတန်းမတ်ပြေးဝင်သွားတော့သည်။
ဝုန်း
မန်ဟို နောက်သို့ ခြေလှမ်းရှစ်လှမ်းဆုတ်လိုက်ရသည်။ သူက ခေါင်းကို တဖြေးဖြေးမော့သည်။ သူ၏ချီနှင့်သွေးများ တပွက်ပွက်ဆူလာသော်လည်း သူ့လည်ချောင်းတွင် သွေးစီးဆင်းမှုမရှိပေ။ အဘိုးအိုက လက်သီးကိုပြန်ရုတ်လိုက်သည်။ မန်ဟိုက လက်နှစ်ဖက်ယှက်၍ သူ့ကို ဦးညွတ်အရိုအသေပေးလိုက်၏။
"အာရုံကို အသွင်သဏ္ဍာန်အဖြစ် စုစည်းခြင်းသဘောတရားနဲ့ပတ်သက်ပြီး မင်းဉာဏ်အလင်းပွင့်သွားပြီ။ မင်း ဒုတိယကွန်ချာကို ကျော်ဖြတ်နိုင်ခဲ့ပြီ" အဘိုးအိုက ခေါင်းညိတ်ပြီးနောက် သူ၏အင်္ကျီလက်စကို ခါလိုက်သည်။ ပတ်ပတ်လည်ရှိ ကမ္ဘာကြီးသည် တစနှင့်တစ ပြိုကျပျက်စီးလာ၏။
***