← Chapters

ကွန်ချာကို ချိုးဖျက်ခြင်း

Vol. 9 Ch. 124

ကွန်ချာကို ချိုးဖျက်ခြင်း

Vol. 9 Ch. 124

ပတ်ပတ်လည်ရှိ ကမ္ဘာကြီး ပြိုကျပျက်စီးလာစဥ် မန်ဟိုသည် သူနှင့်ခွေးပေါက်လေးအား စိတ်ဝိညာဥ်စွမ်းအင်လှိုင်းလုံးကြီးတစ်လုံး ဝိုင်းပတ်နေကြောင်း ခံစားသိရှိလိုက်ရ၏။ သူက အသက်ပြင်းပြင်းရှူရင်း သူ၏ကျင့်ကြံခြင်းအခြေခံကို ချက်ချင်းလှည့်ပတ်၍ စိတ်ဝိညာဥ်စွမ်းအင်အမြောက်အမြားစုပ်ယူလိုက်သည်။

ဒုတိယကွန်ချာရှိ စိတ်ဝိညာဥ်စွမ်းအင်များမှာ ပထမကွန်ချာထက်ပင် ပို၍ထူထပ်၏။ သူ့မှာ ဤနေရာတွင် အချိန်အနည်းငယ်ကြာသည်ထိ ကျင့်ကြံအားထုတ်နိုင်ပါက သူ၏ဒုတိယမြောက်တာအိုမဏ္ဍိုင်ဖြစ်ပေါ်ရန် မည်သည့်ဆေးလုံးမှ လိုအပ်မည်မဟုတ်ကြောင်း ခံစားနေရလေသည်။

ကံဆိုးစွာပင် စိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယူပြီးနောက် တချို့မှာ တာအိုမဏ္ဍိုင်ရှိ အက်ကြောင်းများမှ စိမ့်ထွက်ကုန်၏။ စိမ့်ထွက်ခြင်းသာမရှိလျှင် မန်ဟိုသည် ထိုအချိန်တိုလေးအတွင်း ဒုတိယတာအိုမဏ္ဍိုင်တည်ဆောက်နိုင်မည်ဖြစ်သည်။

"ပြီးပြည့်စုံသော အခြေတည်ခြင်း...." မျှော်လင့်ချက်ရောင်ခြည်တစ်ခု သူ၏မျက်လုံးအိမ်ထဲတွင် ဖြတ်ပြေးသွား၏။

သူတစ်ယောက်တည်းသာလျှင် စိတ်လှုပ်ရှားနေခြင်းမဟုတ်။ ခွေးပေါက်လေးလည်း စိတ်ဝိညာဥ်စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူလာလေသည်။ ၄င်း၏ခန္ဓာကိုယ်သည် တဖြေးဖြေး စတင်ပြောင်းလဲလာ၏။ ၄င်း၏ချီဓာတ်မှာ မန်ဟိုကဲ့သို့ တချို့တစ်ဝက်စိမ့်ထွက်နေသော်လည်း ပို၍အားကောင်းလာလေသည်။

ကံဆိုးစွာပင် ယင်းကား သိပ်မကြာလိုက်ပေ။ သုံးရက်တည်းနှင့် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များ ကုန်ခမ်းသွား၏။ မန်ဟို မျက်လုံးများဖွင့်လိုက်သည်။ သူသည် ယခု ဧရာမစင်မြင့်ကြီးပေါ်တွင် တင်ပျဥ်ခွေထိုင်နေပြီဖြစ်သည်။ အရပ်မျက်နှာအသီးသီးမှ အရိပ်လေးခုသည်လည်း စင်မြင့်ပေါ်၌ သူနှင့်အတူ တင်ပျဥ်ခွေထိုင်လျက်ရှိသည်။

မန်ဟိုမျက်လုံးဖွင့်လိုက်သည်နှင့် တစ်ချိန်တည်းနီးပါး သူတို့လည်း မျက်လုံးဖွင့်လိုက်ကြသည်။ သူတိို့၏ သွေးဝိညာဥ်အသီးသီးကား တစ်နည်းနည်းဖြင့် ပြောင်းလဲသွားကြ၏။

သို့သော် ပြောင်းလဲမှုအရဆိုလျှင် မန်ဟို၏ခွေးပေါက်လေးက အားလုံးအထဲ အပြောင်းလဲဆုံးဖြစ်သည်။ ၄င်းသည် ယခု လက်မောင်းတစ်ဝက်မျှ ရှိနေလေပြီ။ ၄င်းတွင် သွေးနီရောင်အမွှေးများ၊ ချွန်ထက်သောသွားများနှင့် တလက်လက်တောက်ပနေသော ခြေသည်းများရှိ၏။ ၄င်းအသွင်မှာလည်း အတော်လေးရက်စက်ကြမ်းကြုတ်ပုံပေါ်နေသည်။

၄င်း၏ မျက်လုံးနှစ်ဖက်မှာ ယခင်ကကဲ့သို့ ကြည်လဲ့မနေတော့ပေ။ လက်ရှိ သေရေးရှင်ရေးအခြေအနေများကြုံတွေ့ပြီးနောက် အသွင်ပြောင်းသွားခဲ့အလား ၄င်းတို့အတွင်းတွင် အနီရောင်အလင်းတစ်ခုအား မြင်နိုင်လေသည်။ ယခု ထိုမျက်လုံးနှစ်ဖက်အား ကြည့်လိုက်သည့်မည်သူမဆို ၄င်း၏ရက်စက်ကြမ်းကြုတ်မှုအား အာရုံရနိုင်မည် ဖြစ်သည်။

အထူးသဖြင့် ၄င်း၏ချီမှာ ချီအခြေတည်အဆင့်ခွန်အားကို ဖော်ပြနေ၏။

ကျင့်ကြံသူများအတွက် ချီအခြေတည်အဆင့်ရောက်ရန်မှာ အလွန်ခက်ခဲသော်လည်း သွေးဝိညာဥ်များအတွက်မူ အမွေအနှစ်နယ်မြေသည် အထူးနေရာတစ်ခုဖြစ်သည်။ ဤနေရာတွင် သူတို့က လျင်မြန်စွာကြီးထွားနိုင်ကြလေသည်။ သူတို့သည် ကျင့်ကြံသူများမဟုတ်ဘဲ အမွေအနှစ်သွေးဝိညာဥ်များဖြစ်သည် မဟုတ်ပါလော။

"ဒီသွေးဝိညာဥ်တွေက သူတို့အဆင့်ကို မြန်မြန်တက်စေနိုင်တယ်။ သူတို့မှာ ရှိတဲဲ့ အထူးနည်းလမ်းတွေကြောင့် ဖြစ်ရင်ဖြစ်လောက်တယ်။ ဒါမှမဟုတ် သူတို့ အတိတ်မှာ တည်ရှိခဲ့ပြီး သေဆုံးသွားပြီးတဲ့နောက် ဒါတွေက သူတို့ရဲ့ဝိညာဥ်တွေ ဖြစ်လာတာလဲဖြစ်နိုင်တယ်" မန်ဟို အတွေးထဲ နစ်မြောနေ၏။ အချိန်အနည်းငယ်ကြာပြီးနောက် သူက ဒုတိယကွန်ချာကို ခေါင်းလှည့်ကြည့်လိုက်သည်။ အတွင်းတွင် ဘယ်သူမှမရှိပေ။ အပေါ်ထပ် တတိယကွန်ချာတွင် ဝိုးတိုးဝါးတားပုံရိပ်သုံးခုရှိ၏။ အရှေ့ စတုတ္ထကွန်ချာတွင် တစ်ခုရှိသည်။

ထိုလူသုံးယောက်က သိသာစွာပင် ဒုတိယကွန်ချာမှ ပို၍စောစော ထွက်သွားခဲ့သူများဖြစ်သည်။ ကြည့်ရသရွေ့ သူတို့က စိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယူရန် အချိန်အကုန်ခံမည့်အစား ရှေ့ဆက်သွားရန်သာ သဘောကျပုံရသည်။

မန်ဟို အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ဖြေးညှင်းစွာ ထရပ်လိုက်သည်။ သူက မျက်လုံးများ တလက်လက်တောက်ပနေလျက် တတိယကွန်ချာဆီ လျှောက်လှမ်းသွားသည်။

ထိုအချိန် သွေးအင်မိုတယ်အမွေအနှစ်၏ အပြင်ဘက်ကမ္ဘာတွင် သွေးမျက်နှာပြင်ပေါ်ရှိ မြင်ကွင်းများကို စောင့်ကြည့်နေသူတစ်သောင်းနီးပါး စုဝေးနေကြလေပြီ။ စကားသံများလည်း ဆူညံပွက်လောရိုက်နေ၏။

"သတင်းက ပြန့်နေပြီ။ အတွင်းက လူတော်တော်များများရဲ့ သရုပ်မှန်တချို့ ပေါ်တာကပေါ်နေပြီသိလား။ ပထမနေရာက လီမျိုးနွယ်စုရဲ့ တာအိုကလေး လီတောက်ရီဆိုတာ ဘယ်သူတွေးမိမှာတုန်း။ အဆုံးသတ်မှာ သူ အမွေအနှစ် ရမရဆိုတာ ပြောရခက်ပေမယ့် သေချာပေါက် သူအဖြစ်နိုင်ဆုံးပဲ"

"ဘယ်လောက်မုန်းစရာကောင်းလိုက်သလဲ။ မဟာမျိုးနွယ်စုတွေ၊ ထိပ်သီးဂိုဏ်းတွေက အမြဲတမ်း အမွေအနှစ်တွေကို လက်ဝါးအုပ်နေကြတာ။ တခြားလူတွေကို အခွင့်အရေးနည်းနည်းလေးတောင် မပေးဘူး။ ကျုပ်သာ သွေးအင်မိုတယ်ရဲ့ အဋ္ဌမယဇ်ပလ္လင်ကို ရှာတွေခဲ့တဲ့သူဆိုလို့ကတော့ဗျာ။ အနည်းဆုံး အဲ့မှာ လုမယ့်သူမရှိတော့ဘူးပေါ့"

"တွေးနေတာက ဘာအသုံးဝင်မှာတုံး။ ကွန်ချာတွေထဲဝင်ရောက်လာတဲ့သူတိုင်းက ဂိုဏ်းအသီးသီး၊ မျိုးနွယ်စုအမျိူးမျိုးက ရွေးချယ်ခံတွေလေ။ ခင်ဗျားလုစရာမလိုရင်တောင်မှ အဲ့ဒီ့ရွေးချယ်ခံတွေနဲ့ယှဥ်ရင် ခင်ဗျားက သိပ်အားနည်းလွန်းမှာပဲ။ ကြည့် ဟိုလူက သေချာပေါက် သွေးအင်မိုတယ်ရဲ့ အဋ္ဌမယဇ်ပလ္လင်ကို ဖွင့်ခဲ့တဲ့သူပဲ။ ဒါပေမယ့် သူ ဒုတိယကွန်ချာမှာ အချိန်ဘယ်လောက်ကြာခဲ့လဲမြင်လား။ အဲ့တာကိုကြည့်ရင် သူ ဘယ်နည်းနဲ့မှ တတိယမြောက်ကို မကျော်ဖြတ်နိုင်ဘူး"

တောင်ပိုင်းဒေသ၏ သွေးအင်မိုတယ်အမွေအနှစ်နယ်မြေပတ်ဝန်းကျင်ရှိ ဆွေးနွေးငြင်းခုံမှုများကား ဤကဲ့သို့သာ ဖြစ်သည်။

စတုတ္ထကွန်ချာအတွင်းတွင် လီတောက်ရီသည် အဝါရောင်ဝတ်ရုံရှည်နှင့် ခန့်ညားတင့်တယ်နေ၏။ သူက အဝေးသို့ တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ သဲကန္တာရတစ်ခုက မျက်စိတစ်ဆုံး ဆန့်တန်းနေလျက်ရှိသည်။

"ဟိုးအရင်တုံးက ဂိုဏ်းချုပ်က အမိန့်တစ်ခုနဲ့ ဟောကိန်းတစ်ခု ထုတ်ခဲ့တယ်။ သွေးအင်မိုတယ်က လီမျိုးနွယ်စုမှ ထွက်ပေါ်လာလိမ့်မယ်တဲ့။ ဒီအမွေအနှစ်က ငါ့အပိုင်ပဲ။ တခြားသူတွေကတော့...... အင်း သူတို့အသက်က ဆဋ္ဌမကွန်ချာရောက်ရင် ငါ့လက်ထဲရောက်လာလိမ့်မယ်" သူက အေးဆေးတည်ငြိမ်သောအမူအရာဖြင့် ရှေ့ဆက်လျှောက်သွားသည်။

တတိယကွန်ချာတွင် မန်ဟိုမှာ မျက်မှောက်ကြုတ်လျက်ရှိသည်။ သူ့ဘေးတွင် ခွေးလေးသည် အရှေ့တွင်ပေါ်လာခဲ့သည့် ဧရာမသစ်ပင်ကြီးတစ်ပင်ကို စိုက်ကြည့်ရင်း ဟောင်နေ၏။

သစ်ပင်အောက်တွင် မိုးကောင်းကင်က ကြယ်တာရာများသဖွယ် ပြန့်ကြဲလျက်ရှိသော ကျားရုပ်အမြောက်အမြားနှင့် ကျားခုံတစ်ခုံရှိသည်။ အနက်မှာ သိသာစွာပင် အရေးနိမ့်နေ၏။ ခုံဘေးတွင် တစ်စုံတယောက် ကောက်ယူ၍ ကစားမည်ကို စောင့်စားနေသည့်အလား အဖြူရောင်ကျားရုပ်တစ်ရုပ် ရပ်နေချေသည်။

ကျားခုံကို လူတစ်ရပ်မျှရှိသော သစ်ပင်ရာပေါင်းများစွာ ဝန်းရံထားသည်။ တစ်နေရာလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ဧရာမသစ်ပင်ကြီး၏တည်ရှိမှုက ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေစေတော့သည်။

ရှေးဆန်သော အသံတစ်သံ လေထဲပျံ့လွင့်လာသည်။ "သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲမှာ 'သွေး'ဆိုတဲ့ စကားလုံးက သတ်ဖြတ်ခြင်းကို အလေးပေးတာဖြစ်တယ်။ သင် အမွေအနှစ်ကို ရယူချင်ပေမယ့် သတ်ဖြတ်လိုစိတ်မရှိရင်တော့ သင့်အတွက် ခက်ခဲလိမ့်မယ်။ ဒီကွန်ချာက သတ်ဖြတ်ခြင်းကို အသားပေးတာပဲ။ ဒါပေမယ့် သတ်ဖြတ်တဲ့သူတစ်ယောက်မှာ သွေးအေးတဲ့နှလုံးသားနဲ့ တည်ငြိမ်တဲ့စိတ်ရှိရမယ်။ အဖြူရောင်ကျားရုပ်ကို ကျားခုံပေါ်တင်လိုက်ပါ။ သင် ဒီသေခြင်းကစားပွဲကို အနိုင်ရလိမ့်မယ်

"သင့်မှာ အခွင့်အရေးတစ်ခုရှိတယ်။ သင်ရှုံးရင် သက်တမ်းထဲက နှစ်တစ်ရာအနုတ်ခံရပြီး အမွေအနှစ်ရဖို့ အခွင့်အရေးဆုံးရှုံးရလိမ့်မယ်" အသံကြီး စကားပြောပြီးသည်နှင့် အရှေ့ရှိ သစ်ပင် ရုတ်တရက် အစိတ်စိတ်အမြွှာမြွာ ပေါက်ကွဲထွက်သွားသည်။ အတွင်းမှ မန်ဟို၏ကျင့်ကြံခြင်းအခြေခံနှင့်တူညီသော ချီအခြေတည်အဆင့်၏ ချီဓာတ်များ ထုတ်လွှတ်နေသည့် တစ္ဆေတစ်ကောင်ထွက်လာသည်။

တစ္ဆေမှာ ရက်စက်ကြမ်းကြုတ်သော အသတ်အဖြတ်အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည့် သွေးရောင်မျက်လုံးတစ်စုံမှအပ မှုန်ဝါးနေ၏။ ၄င်းက ချက်ချင်း မန်ဟို့ထံပြေးဝင်လာသည်။

ဝုန်းခနဲပေါက်ကွဲသံတစ်သံ မြည်ဟည်းသွား၏။ အချိန်အနည်းငယ်ကြာသော် မန်ဟို စောင့်ကြည့်နေစဥ် ချီအခြေတည်အဆင့် တစ္ဆေသည် စိိတ်ဝိညာဥ်စွမ်းအင်အမျှင်တန်းများဖြင့် ခွဲထွက်သွားပြီးနောက် မန်ဟိုထံ တဟုန်ထိုး ဦးတည်လာလေသည်။ ဤသို့ဖြစ်ပျက်နေစဥ် နောက်ထပ်သစ်ပင်သုံးပင် တဖောက်ဖောက် အက်ကွဲလာသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာလောင်ကျွမ်းပြီးနောက် မန်ဟို၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ ခွေးပေါက်လေးမှာ ဒဏ်ရာရပြီး သွေးများထွက်နေသော်လည်း ဘေးပတ်လည်ကို ရန်လိုစွာ စိုက်ကြည့်နေဆဲပင်။ ချီအခြေတည်အဆင့် တစ္ဆေငါးကောင် ပေါ်လာခဲ့ပြီဖြစ်သည်။

အချိန်များစွာ ကုန်ဆုံးသွား၏။ မည်မျှကုန်သွားပြီလဲ အတိအကျပြောရန် ခက်သည်။ မန်ဟို သွေးအနည်းငယ်ထပ်အန်လိုက်ရပြန်သည်။ သူသည် ကျားခုံနှင့် ဧရာမသစ်ပင်ကြီးထံမှ မီတာခြောက်ထောင်ပင် မဝေးတော့သည့် နေရာအထိ တိုက်ခိုက်လာခဲ့၏။ သူက မျက်လုံးများ နီရဲတောက်လျက် တတိယကွန်ချာကမ္ဘာတွင် တဟုန်ထိုးပြေးနေချေသည်။ လောလောဆယ်တွင် သူ့ကို ကောင်းကင်ယံအထိ ထိုးတက်သွားသော အသတ်အဖြတ်အရှိန်အဝါထုတ်လွှတ်နေသည့် ချီအခြေတည်အဆင့် တစ္ဆေဆယ့်နှစ်ကောင် ဝိုင်းအုံနေသည်။

ခွေးပေါက်လေးက သူ့ဘေးတွင် တဝုတ်ဝုတ်ဟောင်နေပြီးနောက် သွေးရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။ ၄င်း၏ချွန်ထက်သောသွားများက ချီအခြေတည်အဆင့်တစ္ဆေတစ်ကောင်၏ လည်ဂုတ်ကို ခဲထားလေသည်။ သူတို့နှစ်ယောက် အတူတူပူးပေါင်းပြီး လမ်းပိတ်ထားသည့်တစ္ဆေများကို သုတ်သင်ဖယ်ရှားကာ တစ်ချိန်တည်းမှာပင် ဤနေရာမှ စိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယူရန် ကြိုးစားရင်း ရှေ့တိုးသွားကြသည်။ ယခုတွင် ခွေးပေါက်လေးသည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဆက်လက်ကြီးထွားလာနေ၏။ ၄င်း၏ ရက်စက်ကြမ်းကြုတ်မှုကား ပို၍သိသာထင်ရှားလာသည်။

ခုနစ်နာရီကြာသော် မန်ဟိုမှာ သွေးများအန်ရင်း ဒယိမ်းဒယိုင်လျှောက်နေ၏။ အရှေ့ရှိ ချီအခြေတည်အဆင့်တစ္ဆေမှာ အသက်ဖုတ်လိုက်ဖုတ်လိုက်ရှူရင်း ခပ်ယဲ့ယဲ့သာကျန်တော့သည်။ ၄င်းက ထုတ်နိုင်သမျှ အားကုန်ထုတ်ပြီး ရှေ့သို့ပြေးဝင်လာပုံပေါ်၏။ ထိုစဥ် မန်ဟို၏ သတ်ဖြတ်လိိုစိတ်များ တဟုန်းဟုန်းတောက်လောင်လာသည်။ သူ၏ညာလက်သည် လက်သီးဆုပ်အသွင်ပြောင်းသွားပြီး လာနေသော ဓားအရှိန်အဝါကိုလျစ်လျူရှုရင်း တစ္ဆေ၏ရင်ဘတ်အပေါ်တည့်တည့် ထိုးချလိုက်သည်။ သူက ရုတ်တရက် လက်ကို ပြန်ဖြန့်လိုက်ရာ လေဓားသွားတစ်ခုသည် ဝုန်းခနဲ ထွက်ပေါ်လာ၏။ မန်ဟို သွေးများအန်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ချီအခြေတည်အဆင့်တစ္ဆေမှာ တဆတ်ဆတ်တုန်ပြီး ပေါက်ကွဲသွားတော့သည်။

မလှမ်းကမ်းတွင် ခွေးပေါက်လေးသည် ရပ်တန့်၍မရသော သွေးရောင်အလင်းတစ်ခုအလားပင်။ ၄င်းက ချွန်ထက်သော လက်သည်းများနှင့်သွေးများကို သုံးကာ ချီအခြေတည်အဆင့်တစ္ဆေများအား တစစီစုတ်ဖြဲနေ၏။ ထိို့နောက် ၄င်းသည် သူတို့၏ စိတ်ဝိညာဥ်စွမ်းအင်များကို အလျင်အမြန်စုပ်ယူပြီး မန်ဟို့ဘေးပြန်ရောက်လာသည်။

၄င်း၏ခန္ဓာကိုယ်မှာ သွေးများစီးကျနေသော ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေ၏။ ၄င်း၏ချီဓာတ်မှာ အားနည်းနေသော်လည်း ၄င်း၏ရက်စက်ကြမ်းကြုတ်မှုမှာတော့ အားကောင်းနေဆဲပင်။ ၄င်းကြည့်ရသည်မှာ သွေးများဖြင့် ကောင်းချီးပေးခံခဲ့ရပုံပင်ပေါက်နေတော့သည်။

မန်ဟို ဆေးလုံးအနည်းငယ် မြိုချလိုက်ပြီး တချို့ကို ခွေးပေါက်လေးဆီ ပစ်ပေးလိုက်သည်။ သူ၏အဝတ်အစားများမှ စုတ်ပြဲနေသော်လည်း သူ၏မျက်လုံးများက လင်းလက်နေလျက်ရှိသည်။ သူက ခေါင်းမော့ကြည့်လိုက်ရာ သူနှင့် သစ်ပင်ကြီးအကြား အကွာအဝေးမှာ ယခုတွင် မီတာခြောက်ထောင်ထက် နည်းသွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ ဤအချိန် ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ချီအခြေတည်အဆင့် တစ္ဆေဆယ့်နှစ်ကောင် ထွက်ပေါ်လာပြီး မန်ဟို့ထံသို့ အမြန်ဆုံးအရှိန်ဖြင့် ပြေးဝင်လာကြလေသည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ပင်ပန်းနွမ်းနယ်မှုများက သူ့မျက်နှာကို ဖုံးလွှမ်းနေသော်လည်း သူ၏မျက်လုံးများက တဖျပ်ဖျပ်လက်နေဆဲဖြစ်သည်။ သူက လက်မြှောက်လိုက်ရာ လျှပ်စီးတိမ်တိုက် ပေါ်ပေါက်လာသည်။ သူက လျှပ်စီးများဝန်းရံလျက် တစ္ဆေများနှင့်တိုက်ခိုက်ရန် ရှေ့တက်သွားတော့သည်။

ဒဏ်ရာပေါ် ဒဏ်ရာထပ်၍ တိုက်ပွဲပေါ် တိုက်ပွဲဆင့်နေတော့သည်။ လေးနာရီကုန်ဆုံးသွား၏။ မန်ဟို့မျက်နှာမှာ ဖြူဖျော့နေလေပြီ။ သူသည် ယခုတွင် သစ်ပင်ကြီးထံမှ မီတာနှစ်ထောင့်ငါးရာမျှသာ ကွာဝေးတော့၏။ သူက ခွေးပေါက်လေးနှင့်အတူ ချီအခြေတည်အဆင့်တစ္ဆေများမှ ဝေးရာသို့ ပြန်ဆုတ်လိုက်သည်။ တစ်ကောင်ပြီးတစ်ကောင် ရပ်တန့်သွားပြီး သစ်ပင်များအဖြစ် ပြန်ပြောင်းသွား၏။

၄င်းတို့ထံမှ ခပ်ဝေးဝေးတွင် မန်ဟိုသည် တင်ပျဥ်ခွေထိုင်ပြီး ဒဏ်ရာသက်သာရန် ဆေးလုံးတစ်ချို့စားလိုက်သည်။ သူ့ဘေးတွင် ခွေးပေါက်လေးသည်လည်း အနည်းငယ်စားပြီးနောက် လျင်မြန်စွာ ပြန်လည်သက်သာလာ၏။ လေးရက်ကြာသော် မန်ဟို ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ သူတို့နှစ်ယောက် နောက်တစ်ဖန် တိုက်ပွဲဆင်နွှဲရန် ချီတက်သွားကြစဥ် ခွေးပေါက်လေးမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်သည့်အသွင်ပေါက်နေပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် သူတို့ သစ်ပင်ကြီး၏ မီတာ ၁၅၀၀ အတွင်းထိ တိုက်ခိုက်ပြီးနောက် ဆက်မသွားနိုင်တော့၍ နောက်ပြန်ဆုတ်လာကြသည်။

ကျန်ရက်များတွင် မန်ဟိုနှင့်ခွေးပေါက်လေးသည် တိုက်ခိုက်လိုက်၊ နားလိုက်လုပ်နေကြ၏။ မန်ဟို၏မျက်လုံးများမှာ ပို၍သွေးအေးလာပြီး သူ၏တိုက်ကွက်များကား ပိုပို၍တိကျမြန်ဆန်လာသည်။ ဤအချိန်တွင် သူသည် သူ၏ကျင့်ကြံခြင်းအခြေခံအပေါ် ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုမျှသာမက သူမည်သည့်နည်းလမ်းသုံးသုံး၊ ထိုနည်းလမ်းအား စိတ်ဝိညာဥ်အာရုံများဖြင့် ပြည့်ဝနေစေ၏။

ခွေးပေါက်လေးမှာမူ ၄င်း၏ခန္ဓာကိုယ်မှာ လက်မောင်းတစ်ဖက်အရှည်ရှိလာ၏။ ၄င်း၏ပုံပန်းသွင်ပြင်မှာ ပို၍ပင် ရန်လိုခက်ထန်လာပြီး ၄င်း၏လက်သည်းခြေသည်းနှင့် သွားချွန်ချွန်များသည်လည်း ရှည်လျားကြီးမားလာပြီဖြစ်သည်။ ၄င်းမှာ မည်သည့်အရာကိုမဆို အပိုင်းပိုင်းစုတ်ဖြဲပစ်နိုင်ပုံရသည်။ ၄င်း၏မျက်လုံးများက နီရဲတောက်နေရာ ပို၍ပင် ရက်စက်ကြမ်းကြုတ်သည့်အသွင်ပေါက်နေတော့သည်။

မီတာ ၁၅၀၀၊ မီတာ ၉၀၀၊ မီတာ ၃၀၀ ....... မန်ဟိုမှာ ဤကွန်ချာတွင် တစ်လကျော်ကျော်ပိတ်မိနေခဲ့ပြီဖြစ်သည်။ မကြာခင် သူသည် ဧရာမသစ်ပင်ကြီးမှ မီတာခြောက်ဆယ်အကွာ ရောက်သွားတော့သည်။ ခွေးပေါက်လေးက တစ်ချက်ဟောင်ပြီး မန်ဟို၏ဝတ်ရုံကို သွားလေးများဖြင့် ကိုက်ကာ ရှေ့သို့ဆွဲခေါ်လေသည်။ မန်ဟိုက ခွေးပေါက်လေးကို ဆွဲခေါ်ခွင့်ပေးလိုြက်ပြီး သူတို့နှစ်ယောက်သား ချီအခြေတည်အဆင့်တစ္ဆေများကို ခုခံထိုးဖောက်ရင်း မီတာ ၆၀ အမှတ်အသားကို ကျော်လာကြ၏။

သူတို့ သစ်ပင်အနားရောက်လာသည်နှင့် ခွေးပေါက်လေးက အဝတ်စကိုလွှတ်ပေးပြီး ချာခနဲလှည့်၍ ချီအခြေတည်အဆင့်တစ္ဆေများဆီ ပြေးဝင်သွားသည်။ မန်ဟို တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ အဖြူရောင်ကျားရုပ်ကို ကောက်လိုက်သည်။ သူ၏မျက်လုံးများသည် ကျားခုံအပေါ်ပြေးလွှားသွားပြီးနောက် အရုပ်ကို ချလိုက်သည်။

၄င်းးကျားခုံကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ဤတစ်ကမ္ဘာလုံး တိတ်ဆိတ်သွား၏။ မန်ဟိုအရှေ့ရှိ အရာအားလုံးမှာ မှန်တစ်ချပ် အစိတ်စိတ်အမြွှာမြွာကွဲကျလာသကဲ့သို့ ဖြစ်သွားသည်။ အကန့်အသတ်မဲ့သော စိတ်ဝိညာဥ်စွမ်းအင်များသည် သူထံတဟုန်ထိုးစီးဝင်လာ၏။

သူကား တတိယကွန်ချာကို ကျော်ဖြတ်နိုင်ခဲ့လေပြီ။

ဤအချိန် တောင်ပိုင်းဒေသတစ်လွှား သွေးအင််မိုတယ်အမွေအနှစ်နယ်မြေခုနစ်ခု၏အပြင်ရှိ ကျင့်ကြံသူများအားလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြသည်။

"လီမျိုးနွယ်တာအိုကလေး၊ လီတောက်ရီ စတုတ္ထကွန်ချာကို ကျော်ဖြတ်နိုင်သွားပြီ။ တစ်လပဲကြာလိုက်တာပါလား....."

"အဲ့တာ သွေးနတ်ဆိုးဂိုဏ်းရဲ့ ဝမ်ဝူဒဲ့။ သူက လိီတောက်ရီနောက်မှာပဲ။ သူက စတုတ္ထကွန်ချာကိုဝင်ရောက်နိုင်တဲ့ ဒုတိယမြောက်လူဟ။ အကုန်လုံး တတိယကွန်ချာမှာ တစ်နေကြပါလား။တတိယမြောက်လူ ဘယ်သူဖြစ်မလဲ ကျုပ်တော့သိချင်နေပြီ......."

"ဝမ်လီဟိုင်ဖြစ်လောက်တယ်။ သူက တာအိုကလေးတစ်ယောက်ပဲ မဟုတ်လား။ ဝမ်မျိုးနွယ်စုကတော့ ဘာမှထောက်မနေဘူး၊ တာအိုကလေးတစ်ယောက်ကို လွှတ်လိုက်တာပဲ.....အာ"

"သုံးယောက် တစ်ချိန်လည်းထွက်လာတယ်။ ဟိုဟာ ဝမ်လီဟိုင်နဲ့စုန့်ကျား ပြီးတော့ နောက်တစ်ယောက်က.....ဝိုး သူပါလား"

***

All Chapters